သုံးနိုင်ငံခေတ်(၁၃)

အခန်း(၁၃) "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့ စီးချင်းထိုးကြခြင်း။ ဧကရာဇ်သည် အန်းရီတွင် မြို့တော်သစ် တည်ဆောက်ခြင်း

ရှေ့တစ်ခန်းတွင် "လွီပု"(Lu Bu) ၏ ရှုံးနိမ့်မှုအကြောင်း၊ တင်းထောင်တွင် စစ်တပ်စုဆောင်းခြင်းအကြောင်းတို့ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ "လွီပု"(Lu Bu) သည် သူ၏ လက်အောက်ငယ်သားတို့ကို စုစည်းပြီးသောအခါ "ချောင်ချောင်း"(Cao Cao) နှင့် နောက်တစ်ကြိမ်စစ်ပွဲနွှဲရန် လုံလောက်ပြီဟု ယူဆလေသည်။ အကြံပေး "ချန်ကုန်း"(Chen Gong) မှ "လွီပု"(Lu Bu) အား ဤသို့ပြောသည်။
"ချောင်ချောင်း(Cao Cao) က လက်ရှိမှာ အင်အားတအားကြီးနေတယ်၊ ဒါကြောင့် သူနဲ့မတိုက်ခင် စစ်တပ်ကို တစ်နေရာရာမှာ နားစေဖို့ နေရာရှာရမယ်"
"ယွမ်ရှောက်(Yuan Shao) ဆီ သွားရင်ကော?"
"အရင် အခြေအနေကို စုံစမ်းကြည့်ပါဦး"
"လွီပု"(Lu Bu) ကလည်း သဘောတူလိုက်သည်။


"ချောင်ချောင်း"(Cao Cao) နှင့် "လွီပု"(Lu Bu) တို့၏ စစ်ပွဲသတင်းသည် ကျိကျိုးအထိရောက်သွားသည်။ "ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးဖြစ်သူ "ရှန်ဖေ"(Shen Pei) မှ
"လွီပု(Lu Bu) က သားရဲတိရစ္ဆာန်လိုပဲ။ သူသာ ရန်ကျိုးကို ရသွားရင် အဲ့ပြည်နယ်ကို သူပဲ အပိုင်စီးလိုက်တော့မှာ။ ဒါကြောင့် သူ့ကို ချေမှုန်းထားသင့်တယ်" ဟု ပြောသည်။
ထို့ကြောင့် "ယွမ်ရှောက်"(Yuan Shao) သည် "လွီပု"(Lu Bu) ကို တိုက်ရန် "ရန်လျန်"(Yan Liang) ကို စစ်သည် ငါးသောင်းပေးကာ စေလွှတ်လိုက်သည်။ သူလျှိုတို့မှတစ်ဆင့် "လွီပု"(Lu Bu) သည် ထိုအကြောင်းကိုကြားလျှင် "ချန်ကုန်း"(Chen Gong) ကို ခေါ်ပြီး တိုင်ပင်သည်။ ထိုအခါ "ချန်ကုန်း"(Chen Gong) မှ
"ဟိုတစ်လောကမှ ရွှီကျိုးကို စအုပ်ချုပ်တဲ့ လျူဘေ့(Liu Bei) ဆီမှာ အကူအညီ တောင်းကြည့်ပါ" ဟု ပြောသည်။ သို့နှင့် "လွီပု"(Lu Bu) လည်း "လျူဘေ့"(Liu Bei) ထံအကူအညီသွားတောင်းသည်။

"လျူဘေ့"(Liu Bei) : "လွီပု(Lu Bu) က ပြိုင်စံရှားတဲ့ သူရဲကောင်းပဲ။ သူ့ကို ကြိုဆိုကြရအောင်"
သို့သော် "မီကျူ"(Mi Zhu) က ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
"မီကျူ"(Mi Zhu) : "သူက ရက်စက်ပြီး သွေးဆာနေတဲ့ တောရိုင်းတိရစ္ဆာန်သာသာပဲ ရှိတယ်"
"လျူဘေ့"(Liu Bei) : "ဒါပေမယ့် သူ ရန်ကျိုးကို ဝင်တိုက်လို့ ဒီရွှီကျိုးပြည်နယ် ဘေးကင်းသွားခဲ့တာလေ။ ဒီလို အကူအညီလာတောင်းတာ သူက ငါတို့ရန်သူ ဖြစ်မလာနိုင်ပါဘူး"
"ကျန်းဖေး"(Zhang Fei) : "အကိုကြီး က သဘောထားကောင်းလွန်းတယ်။ အဲ့လိုဆိုရင်တောင်မှ သတိတော့ ထားသင့်တယ်"

"လျူဘေ့"(Liu Bei) သည် အခြားခေါင်းဆောင်နှစ်ဦးနှင့်အတူ မြို့ပြင်ဆယ်မိုင်သို့ထွက်ကာ "လွီပု"(Lu Bu) အား ကြိုဆိုသည်။ ထို့နောက် အိမ်တော်ထဲသို့ဝင်ကာ စကားစမြည်ပြောကြသည်။
"လွီပု"(Lu Bu) : "ကျွန်တော်နဲ့ ဝမ်ယွင်(Wang Yun) တို့က တုန်ကျိုး(Dong Zhuo) ကို သတ်ခဲ့ပြီးနောက် လီကျွယ်(Li Jue) နဲ့ ကော်စီ(Guo Si) တို့ကြောင့် ကျွန်တော် ဒုက္ခရောက်ခဲ့တယ်။ ဟိုမှာသောင်တင်လိုက်၊ ဒီမှာသောင်တင်လိုက် ဖြစ်နေခဲ့ပြီး ဟွာစန်းတောင်အရှေ့ဘက်က မြို့စား၊ နယ်စားတွေက ကျွန်တော့်ကို လက်မခံခဲ့ဘူး။ ချောင်ချောင်း(Cao Cao) က ဒီရွှီကျိုးပြည်နယ်ကို လာတိုက်တော့ ခင်ဗျားက ကူညီခဲ့တယ်၊ ကျွန်တော်ကလည်း ချောင်ချောင်း(Cao Cao) ရဲ့ ရန်ကျိုးပြည်နယ်ကို ဝင်တိုက်ပြီး တစ်ဖက်တစ်လမ်းက ကူခဲ့တယ်လို့ ဆိုနိုင်တာပဲလေ။ ဒါပေမယ့် ကျွန်တော့်လက်အောက်က စစ်သူကြီးတွေ၊ စစ်သားတွေ အများကြီး ဆုံးရှုံးခဲ့မယ်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် အခု ကျွန်တော်တို့ နှစ်ယောက်ပူးပေါင်းပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ရအောင်"
"လျူဘေ့"(Liu Bei) : "နယ်စား ထောင်ချန်(Tao Qian) သေဆုံးသွားတော့ သူ့ရာထူးကို ဆက်ခံမယ့်သူ မရှိတာနဲ့ ကျွန်တော်က ယာယီဆက်ခံခဲ့တာ၊ အခုတော့ စစ်သူကြီးက ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော့်ရာထူးကို စစ်သူကြီးကို လွှဲပေးပါရစေ"

ထိုအခါ "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) ကမ်းပေးလာသော နယ်စားတံဆိပ်တုံးကို ယူမည်ပြုသော်လည်း "လျူဘေ့"(Liu Bei) အနောက်မှ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့၏ ဒေါသထွက်နေသော မျက်လုံးတို့ကို မြင်လိုက်ရာ ဣနြေ္ဒဆည်ကာ ပြုံးလိုက်ပြီး
"ကျွန်တော်က တိုက်ရေးခိုက်ရေးမှာပဲ ကျွမ်းကျင်တာပါ၊ ဒီလိုနယ်မျိုးကို မအုပ်ချုပ်နိုင်ပါဘူး" ဟု ပြောလေသည်။
"လျူဘေ့"(Liu Bei) မှ အကြိမ်ကြိမ်တိုက်တွန်းလေရာ "ချန်ကုန်း"(Chen Gong) မှ ဝင်၍
"ကျွန်တော်တို့က အရိပ်နေနေ၊ အခက်ချိုးချိုးမလုပ်ပါဘူး၊ မစိုးရိမ်ပါနဲ့၊ နယ်စားမင်း" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) လည်း ဘာမှ ဆက်မပြောတော့ချေ။ ထို့နောက် "လွီပု"(Lu Bu) အတွက် စားသောက်ပွဲတို့ကို တည်ခင်းကာ ကျွေးမွေးသည်။

နောက်ပိုင်း အဆင်ပြေသောတစ်ရက်ဝယ် "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) အား ပြန်ဖိတ်ကာ ကျွေးမွေးသည်။ ထို့နောက် "လျူဘေ့"(Liu Bei) အားအတွင်းဆောင်ထဲသို့ခေါ်ရာ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့လည်း အတူလိုက်ပါကြသည်။ အထဲတွင် "လွီပု"(Lu Bu) မှ သူ့ဇနီးနှင့် သမီးတို့ကို "လျူဘေ့"(Liu Bei) အား အရိုအသေပေးစေသည်။ "လျူဘေ့"(Liu Bei) မှလည်း ယဉ်ကျေးစွာဆက်ဆံလေသည်။ "လွီပု"(Lu Bu) မှ
"ညီငယ်၊ အဲ့လောက်ရိုရိုသေသေ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုဘူး" ဟု ဆိုသည်။
ထိုစကားကို "ကျန်းဖေး"(Zhang Fei) ကြားလျှင် "လွီပု"(Lu Bu) အား မျက်ထောင့်နီဖြင့် စိုက်ကြည့်ကာ
"ခင်ဗျားက ဘာမို့လို့ ကျုပ်တို့အကိုကြီးကို ညီငယ်လို့ ခေါ်ရတာတုန်း? သူက ရွှေသစ်ကိုင်းက ကျောက်စိမ်းသစ်ရွက်၊ မင်းဆွေမင်းမျိုးတစ်ယောက်ပဲ။ လာစမ်း။ ခင်ဗျားနဲ့ ကျုပ် အကွက်သုံးရာလောက် တိုက်ရအောင်" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) သည် ဒေါသထွက်နေသော "ကျန်းဖေး"(Zhang Fei) ကို ကြည့်လိုက်သည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ညီဖြစ်သူအား အပြင်ထွက်စေသည်။ ထို့နောက် "လျူဘေ့"(Liu Bei) မှ
"ကျွန်တော့်ညီက အရက်နည်းနည်းမူးနေလို့ အပြောအဆိုမတတ်တာ သူ့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်" ဟု ဆိုသည်။
"လွီပု"(Lu Bu) သည် ဘာမျှ ပြန်မဖြေပဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei) တို့ ပြန်ရန် ပြင်သည်။

"လွီပု"(Lu Bu) မှ ဧည့်သည်တို့ကို အပြင်သို့ လိုက်ပို့သည့်အချိန်တွင် "ကျန်းဖေး"(Zhang Fei) သည် လက်နက်ကို ကိုင်လျက်
"လွီပု(Lu Bu)၊ ခင်ဗျားနဲ့ ကျုပ် စီးချင်းတိုက်ကြရအောင်" ဟု အော်ပြောသည်။
"လျူဘေ့"(Liu Bei) လည်း "ကွမ်းယွီ"(Guan Yu) အား "ကျန်းဖေး"(Zhang Fei) ကို ထိန်းစေသည်။ နောက်ရက်တွင် "လွီပု"(Lu Bu) သည် ထိုနယ်မှ ထွက်ခွာမည်ဖြစ်ကြောင်း လာပြောသည်။

"လွီပု"(Lu Bu) : "နယ်စားမင်းက ကျွန်တော့်ကို သဘောထားကြီးကြီးနဲ့ လက်ခံခဲ့ပေမယ့် နယ်စားရဲ့ ညီတော်တွေက ကျွန်တော့်အပေါ် အမြင်ကြည်ပုံမရဘူး။ ဒါကြောင့် ကျွန်တော် တခြားနေရာကို ထွက်ခွာပါတော့မယ်"
"လျူဘေ့"(Liu Bei) : "စစ်သူကြီး ဒီလိုသာ ထွက်သွားရင် ကျွန်တော့်အပြစ်ဖြစ်သွားမှာပေါ့။ ကျွန်တော့်ညီ ရိုင်းပျသွားတာ တောင်းပန်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်အရင်က နေခဲ့တဲ့ ရှောင်ဖေမှာ သွားနေပါလား? အဲ့နေရာလေးက ကျဉ်းပေမယ့် မြို့နဲ့နီးတယ်၊ စစ်သူကြီးလိုအပ်တာတွေကို ကျွန်တော် ထောက်ပံ့ပေးပါ့မယ်"
"လွီပု"(Lu Bu) လည်း ကျေးဇူးတင်ကာ လက်ခံလိုက်သည်။ သူသည် သူ့စစ်သားတို့ကို ဦးဆောင်ကာ ထိုနေရာတွင် စခန်းချသည်။ ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကျန်းဖေး"(Zhang Fei) ကို ခေါ်ကာ ဖြောင်းဖျပြောဆိုသည်။ "ကျန်းဖေး"(Zhang Fei) လည်း ထိုကိစ္စနှင့် ပတ်သတ်ပြီး မည်သို့မျှမပြောတော့ချေ။


"ချောင်ချောင်း"(Cao Cao) သည် ဟွာစန်းတောင်၏ အရှေ့ဘက်တစ်လွှားကိုသိမ်းခဲ့သည်။ နန်းတော်မှလည်း သူ့ကို သစ္စာရှိစစ်သူကြီးဘွဲ့နှင့် ဖေးထင်နယ်စားဘွဲ့တို့ ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် "လီကျွယ်"(Li Jue) သည် နန်းတော်တွင် ခြယ်လှယ်နေသည်။ သူသည် သူ့ကိုယ်သူ စစ်တပ်ရေးရာတွင် အမြင့်ဆုံးရာထူးဖြစ်သည့် သေနာပတိရာထူးကို ယူထားပြီး "ကော်စီ"(Guo Si) မှာမူ ဒုတိယအမြင့်ဆုံး စစ်သူကြီးချုပ်ဖြစ်လေသည်။ သူတို့သည် ထိုကဲ့သို့ ထင်တိုင်းကြဲနေသော်လည်း မည်သူမှ အာမခံရဲပေ။
နန်းတွင်းတပ်မှူး "ရန်ပြောင်း"(Yang Biao) နှင့် ဝန်ကြီး "ကျူကျွင်း"(Zhu Jun) တို့သည် ဘုရင်နှင့် တိတ်တဆိတ်တွေ့ဆုံကာ အောက်ပါအတိုင်း ပြောကြသည်။
"လက်ရှိမှာ ချောင်ချောင်း(Cao Cao) က စစ်သားနှစ်သိန်းအပြင် သူ့လက်အောက်မှာ တော်တဲ့စစ်သူကြီးတွေ၊ အကြံပေးတွေ ရှိနေပြီ။ သူ့အကူအညီသာရရင် အခုလက်ရှိ နန်းတွင်းကို ချုပ်ကိုင်နေတဲ့အဖွဲ့ကို ရှင်းနိုင်မယ်"
ဘုရင် : "ငါကိုယ်တော်လည်း သူတို့ ထင်တိုင်းကြဲနေတဲ့အပေါ် စိတ်မကြည်ဖြစ်နေတာ၊ သူတို့ကို ရှင်းထုတ်နိုင်ရင် အကောင်းဆုံးပဲ"
"ရန်ပြောင်း"(Yang Biao) : "ကျွန်တော်မျိုးမှာ လီကျွယ်(Li Jue) နဲ့ ကော်စီ(Guo Si) တို့ကို ရန်တိုက်ပေးမယ့် အကြံရှိတယ်။ သူတို့နှစ်ယောက်အချင်းချင်းတိုက်ပြီး အင်အားနည်းသွားမှ ချောင်ချောင်း(Cao Cao) ကို လာတိုက်ခိုင်းရမယ်"
ဘုရင် : "ဘယ်လို အကြံတုန်း"
"ရန်ပြောင်း"(Yang Biao) : "ကော်စီ(Guo Si) ရဲ့ဇနီး ချုံအမျိုးသမီး ဟာအင်မတန် သဝန်တိုတတ်တယ်။ ဒါကို အသုံးချပြီး သူတို့ကို ရန်တိုက်စေမယ်"

ထို့နောက် ထိုအကြံကို လုပ်ဆောင်ရန် ဘုရင့်ထံမှ လျှို့ဝှက်အမိန့်တော်ကို ရလေသည်။ "ရန်ပြောင်း"(Yang Biao) ၏ ဇနီးသည် အကြောင်းပြချက်တစ်ခုဖြင့် ချုံအမျိုးသမီးထံသွားကာ
'ရှင်သိလား။ ရှင့်ယောက်ျားနဲ့ လီကျွယ်(Li Jue) ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ "လီကျွယ်"(Li Jue) ကလည်း အဲ့ဟာကို သိလျက်နဲ့ ရှင့်ယောက်ျားကို ဒုက္ခပေးဖို့ ဘာမှမပြောပဲ နေနေပုံပဲ။ ရှင် တစ်ခုခု လုပ်သင့်တယ်လို့ ထင်တယ်" ဟု ပြောသည်။
ချုံအမျိုးသမီးလည်း အံ့ဩသွားကာ
"ဪ.....ဒါကြောင့် သူ ခုတလော အိမ်ပြန်လာတာ နောက်ကျတာကိုး။ အဲ့လိုမျိုးအရှက်ရစရာကိစ္စတွေလုပ်နေမယ်လို့ မထင်ခဲ့ဘူး။ ရှင်မပြောရင် ကျွန်မ ဘာမှသိမှာ မဟုတ်ဘူး။ ဒါကို တားမြစ်ရမယ်" ဟု ဆိုသည်။
သို့နှင့် "ရန်ပြောင်း"(Yang Biao) ၏ အမျိုးသမီးလည်း ထွက်ခွာသွားသည်။ ချုံအမျိုးသမီးမှ သူ့ကို ကျေးဇူးတင်စကားပြောလေသည်။

ရက်အနည်းငယ်ကြာသော် "ကော်စီ"(Guo Si) သည် "လီကျွယ်"(Li Jue) အိမ်တော်တွင် ထမင်းစားရန် ပြင်သည်။ ထိုအခါ ချုံအမျိုးသမီးက မသွားစေလိုသည်နှင့်
"အဲ့လီကျွယ်(Li Jue) က သူ့စိတ်ထဲ ဘာတွေရှိလည်း ဘာမှမပြောနိုင်ဘူး။ ရှင်တို့နှစ်ယောက်က ရာထူးအဆင့်ချင်း တူတာမဟုတ်ဘူး။ သူက ရှင့်ကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ" ဟု ဆိုသည်။
ထိုစကားကို " ကော်စီ"(Guo Si) က အလေးမထားပဲ ထွက်သွားလေသည်။ ထိုညနေတွင် "လီကျွယ်"(Li Jue) ၏ အိမ်တော်မှ လက်ဆောင်များပို့လာသည်။ ချုံအမျိုးသမီးသည် ထိုလက်ဆောင်ထဲမှ စားစရာတွင် အဆိပ်ခပ်ကာ သူ့ယောက်ျားထံပို့သည်။ "ကော်စီ"(Guo Si) မှ စားမည်အပြုတွင် ချုံအမျိုးသမီးမှ
"အပြင်က လာတဲ့အစားအသောက်တွေကို ပရမ်းပတာ မစားသင့်ဘူး၊ ခွေးတစ်ကောင်ကို အရင်ကျွေးကြည့်ပါလား" ဟု ဆိုသည်။
"ကော်စီ"(Guo Si) ကလည်း ထိုအတိုင်းစမ်းလေရာ ခွေးသေသွားသည်။ ထိုအချိန်မှစ၍ "ကော်စီ"(Guo Si) သည် သူ့လုပ်ဖော်ကိုင်ဘက်ကို သံသယဝင်တော့သည်။

တစ်နေ့သော် "လီကျွယ်"(Li Jue) သည် နန်းတော်မှအပြန် "ကော်စီ"(Guo Si) အား ခေါ်ကာ ကျွေးမွေးပြန်သည်။ "ကော်စီ"(Guo Si) အိမ်သို့ ပြန်ရောက်သောအခါ ဗိုက်နာလေသည်။ ထိုအခါ သူ့ဇနီးက "ဒါ အဆိပ်ပဲနေမှာ" ဟုပြောပြီး ဆေးတို့တိုက်ကျွေးရာ သက်သာသွားသည်။ "ကော်စီ"(Guo Si) သည် ဒေါသထွက်ကာ
"ငါတို့ ဒီလောက် အတူတူတိုက်ခဲ့၊ အတူတူ ကူခဲ့တာ၊ အခုတော့ သူက ငါ့ကို ထိခိုက်စေချင်တယ်။ ငါသာ လက်ဦးမှုမရယူရင် ဒုက္ခရောက်တော့မှာ" ဟု ပြောသည်။
ထို့နောက် "ကော်စီ"(Guo Si) သည် အစောင့်တို့အား အရေးပေါ်စုဆောင်းမှု ပြုလုပ်သည်။
ထိုအကြောင်းကို "လီကျွယ်"(Li Jue) ကြားလျှင်
"ကော်စီ(Guo Si) က မဟုတ်တာ ကြံနေတယ်" ဟု ဆိုတာ အစောင့်တို့ကို စုဆောင်းပြီး "ကော်စီ"(Guo Si) ကို တိုက်ရန်ပြင်သည်။ နှစ်အိမ်ထောင်လုံးသည် အစောင့်တပ်ဖွဲ့တစ်သောင်းဆီနှင့် ခိုက်ရန်ဖြစ်ပွားကြသည်။ ထိုရန်ပွဲသည် ကြီးသထက်ကြီးလာရာ လူတို့ကိုပါ ထိခိုက်ကုန်သည်။

ထို့နောက် "လီကျွယ်"(Li Jue) ၏ တူ "လီရှန်"(Li Xian) သည် နန်းတော်ကို ဝန်းရံကာ ဘုရင်နှင့် မိဖုရားတို့ကို လှည်းဖြင့် ဆောင်ကြဉ်းပြီး "ကျာရွှီ"(Jia Xu) နှင့် "ကျောလင်း"(Zuo Lin) တို့ကို စောင့်ကြပ်စေသည်။ နန်းတွင်းသူနန်းတွင်းသားတို့ကိုမူ ခြေကျင်သာ လျှောက်စေသည်။ အနောက်တံခါးအရောက်ဝယ် "ကော်စီ"(Guo Si) ၏ စစ်သားတို့ ထွက်လာကာ မြားတို့ဖြင့် ပစ်သည်။ လူများစွာ သေဆုံးလေသည်။ နောက်ပိုင်းတွင် "လီကျွယ်"(Li Jue) ၏ စစ်တပ်ရောက်လာသောအခါမှ တစ်ဖက်တပ် နောက်ဆုတ်သွားသည်။
ထိုဘုရင်ပါသော လှည်းသည် နန်းတွင်းမှ ထွက်လာပြီး နောက်ဆုံး "လီကျွယ်"(Li Jue) ၏ စခန်းသို့ရောက်သည်။ "ကော်စီ"(Guo Si) ၏ စစ်တပ်တို့သည် နန်းတော်ကို ဖျက်စီးခြင်း၊ ကျန်ရစ်သော အမျိုးသမီးတို့ကို တပ်စခန်းထံ ဖမ်းဆီးခြင်းတို့ ပြုသည်။ ထို့နောက် နန်းတော်ကို မီးရှို့လေသည်။
"ကော်စီ"(Guo Si) သည် ဘုရင်၏ နေရာကို သည်လျှင် "လီကျွယ်"(Li Jue) အား တိုက်သည်။ ထိုမိသားစုနှစ်ခု၏ ပဋ္ဋိပက္ခကြားဝယ် ဘုရင် ဒုက္ခရောက်လေသည်။

"ကော်စီ"(Guo Si) ရောက်လာသော် "လီကျွယ်"(Li Jue) ၏ စစ်တပ်နှင့် တိုက်သည်။ အခြေအနေမဟန်သည်နှင့် "ကော်စီ"(Guo Si) တပ်ဆုတ်သည်။ "လီကျွယ်"(Li Jue) သည် သူ့တူကို နန်းတွင်းမှဘုရင်၊ မိဖုရားနှင့် အခြံအရံတို့အား မေဝေါ်သို့ ပို့စေသည်။ စားနပ်ရိက္ခာတို့ပြတ်လပ်လေရာ ဘုရင်မှ "လီကျွယ်"(Li Jue) ထံ ဆန်ငါးစီးတိုက်၊ ကျွဲသားငါးသေတ္တာပို့ရန်မှာသည်။ ထိုအခါ "လီကျွယ်"(Li Jue) မှ ဒေါသတကြီးဖြင့်
"နန်းတော်က မနက်ရောညပါ အစာရနေပြီ မဟုတ်လား။ ဘာလို့ ထပ်တောင်းရတာလဲ?" ဟု ဆိုပြီး ညံ့ဖျင်းသောဆန်နှင့် မကောင်းသောအသားတို့ကို ပို့သည်။ ဘုရင့်အပေါ် စော်ကားမှုပင်တည်း။
သို့သော် နန်းတွင်းဝန်ကြီး "ရန်ချီ"(Yang Qi) မှ
"လီကျွယ်က မကောင်းပေမယ့် လက်ရှိအခြေအနေအရ သည်းခံလိုက်ပါ" ဟု ပြောသဖြင့် ဘုရင်လည်း  မည်သို့မျှ မဆိုသော်လည်း မျက်ရည်တို့ကျလာလေသည်။
ထိုအချိန်ဝယ် မြင်းသံ၊ ဗုံသံတို့ကြားရာ ဘုရင်မှ မည်သူနည်းဟု မေးလျှင် "ကော်စီ"(Guo Si) ဖြစ်ကြောင်းပြောကြသဖြင့် စိတ်ညစ်ရပြန်သည်။

"လီကျွယ်"(Li Jue) သည် "ကော်စီ"(Guo Si) နှင့် ရင်ဆိုင်ရန် ထွက်သွားသည်။ "လီကျွယ်"(Li Jue) မှ ဤသို့ပြောသည်။
"ခင်ဗျားကို ကျုပ် ကောင်းကောင်းဆက်ဆံခဲ့တာ ကျုပ်ကို ဘာလို့ သတ်ဖို့လုပ်ရတာတုန်း"
"ခင်ဗျားက သူပုန်လေ....ဘာလို့ မသတ်ရမှာတုန်း"
"ငါက ဘုရင်ကို စောင့်ရှောက်နေတဲ့လူ....ဘာလို့ သူပုန်လို့ပြောရတာတုန်း"
"ခင်ဗျားက ဘုရင်ကို အဓမ္မခေါ်သွားခဲ့တာ၊ ဒါကို စောင့်ရှောက်တယ်လို့ ခေါ်လား?"
"ဘာလို့ စကားတွေ များနေတာလဲ။ စီးချင်းထိုးပြီး နိုင်တဲ့လူက ဘုရင်ကို စောင့်ရှောက်ကြေးလုပ်ရအောင်"
ထိုနှစ်ဦးတို့သည် တိုက်ကြသော်လည်း အနိုင်အရှုံးမပေါ်ချေ။ ထို့နောက် "ရန်ပြောင်း"(Yang Biao) ရောက်လာကာ
"ရပ်လိုက်ကြ။ ကျွန်တော် ငြိမ်းချမ်းရေးဆွေးနွေးဖို့လာတာ" ဟု ပြောရာ နှစ်ဖက်စလုံးရပ်တန့်သွားသည်။

ထို့နောက် ထို့နောက် "ရန်ပြောင်း"(Yang Biao) ၊ "ကျူကျွင်း"(Zhu Jun) နှင့် အခြားအမှုထမ်းခြောက်ဆယ်တို့သည် "ကော်စီ"(Guo Si) ၏စခန်းသို့သွားရာ အကုန်လုံးအကျဉ်းချခြင်းခံလိုက်ရသည်။
"ကျွန်တော်တို့က သဘောရိုးနဲ့လာတာ၊ ဒီလိုဆက်ဆံခံရတယ်"
"ကော်စီ"(Guo Si) : "လီကျွယ်(Li Jue) က ဘုရင်ကို ချုပ်ထားတယ်ဆိုတော့ ငါက မင်းမှုထမ်းတွေကို ချုပ်ထားမှဖြစ်မယ်"
"ရန်ပြောင်း"(Yang Biao) : "ဒါက ဘာသဘောတုန်း၊ တစ်ယောက်က ဘုရင်ကို ဖမ်းရင် နောက်တစ်ယောက်က အမှုထမ်းတွေကို ဖမ်းထားမယ်။ ခင်ဗျားက ဘာလိုချင်တာတုန်း"
ထိုအခါ "ကော်စီ"(Guo Si) သည် ဒေါသထွက်ကာ ဓားကိုဆွဲရန်လုပ်ရာ စစ်သူကြီး "ရန်မီ"(Yang Mi) မှဝင်၍ မသတ်ရန်ပြောသည်။ ထိုအခါ "ကော်စီ"(Guo Si) သည် "ရန်ပြောင်း"(Yang Biao) နှင့် "ကျူကျွင်း"(Zhu Jun) တို့ကို လွှတ်ပေးလိုက်သော်လည်း ကျန်သော်သူတို့ကို ဆက်လက်ချုပ်နှောင်ထားသည်။

"ရန်ပြောင်း"(Yang Biao) မှ "ကျူကျွင်း"(Zhu Jun) အား
"ကျုပ်တို့က နန်းတော်ရဲ့ အမှုထမ်းတွေဖြစ်လျက်နဲ့ ဘုရင့်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ကျုပ်တို့ အသက်ရှင်လည်း အလကားပဲ" ဟု ပြောပြီး နှစ်ဦးလုံး ငိုယိုကြသည်။ "ကျူကျွင်း"(Zhu Jun) သည် အိမ်ပြန်ရောက်ပြီးနောက် မကြာမီပင် နေမကောင်းဖြစ်ကာ သေဆုံးသွားသည်။
ထိုအိမ်ထောင်နှစ်ခုတို့၏ ရန်ပွဲကား မပြီးဆုံးသေးချေ၊ နေ့တိုင်းလိုလို တိုက်ပြီး သုံးလတိုင်ကြာခဲ့သည်၊ လူတို့လည်း သေကျေကုန်သည်။
"လီကျွယ်"(Li Jue) သည် မှော်ပညာတို့ကို အားကိုးလာသည်၊ မှော်ဆရာတို့ကို ခေါ်စေကာ ဗုံတို့ကို တီးပြီး တစ္ဆေ၊ သရဲတို့ကို ခေါ်သည်။ "ကျာရွှီ"(Jia Xu) သည် "လီကျွယ်"(Li Jue) အား ထိုသို့မလုပ်ရန်ပြောသော်လည်း နားမဝင်တော့ချေ။

"ရန်ချီ"(Yang Qi) သည် ဘုရင်အား ဤသို့လျှောက်တင်သည်။
"ကျာရွှီ(Jia Xu) ဟာ လီကျွယ်(Li Jue) ရဲ့ မိတ်ဆွေပေမယ့် အရှင်မင်းကြီးအပေါ်တော့ သစ္စာရှိပုံပေါ်တယ်"
များမကြာမီ "ကျာရွှီ"(Jia Xu) ရောက်လာသည်။ ဘုရင်မှ အောက်ပါအတိုင်းမိန့်သည်။
"တိုင်းပြည်ကို သနားသောအားဖြင့် ငါကိုယ်တော်ကို မကူနိုင်ဘူးလား"
"ဒါက ကျွန်တော်မျိုးလုပ်ချင်တဲ့ ဆန္ဒပါ၊ ကျွန်တော်မျိုး တစ်ခုခုကြံစည်ပေးပါ့မယ်"

ထိုအချိန်တွင် "လီကျွယ်"(Li Jue) ရောက်လာကာ
"ကော်စီ(Guo Si) က သူ့တာဝန်ကို မလုပ်ဆောင်တာတဲ့အပြင် မှူးမတ်တွေကို ဖမ်းထားတယ်၊ နောက်ပြီး အရှင်မင်းကြီးကိုပါ လုပ်ကြံချင်ပုံပဲ။ ကျွန်တော်မျိုးကြောင့်သာ မဟုတ်ရင် အရှင်မင်းမြတ်လည်း အဖမ်းခံရမှာ" ဟု ပြောရာ ဘုရင်မှ "လီကျွယ်"(Li Jue) အား ကျေးဇူးတင်စကားပြောသည်။
နောက် "ဟွမ်ဖူလီ"(Huangfu Li) အခစားဝင်သောအခါ ဘုရင်သည် "ဟွမ်ဖူလီ"(Huangfu Li) သည် "လီကျွယ်"(Li Jue) နှင့် တစ်နယ်တည်းသားဖြစ်သည့်အပြင် စကားပြောကောင်းသူဖြစ်သည့်အတွက် ငြိမ်းချမ်းရေးညှိနှိုင်းစေရန် တာဝန်ပေးလိုက်သည်။ "ဟွမ်ဖူလီ"(Huangfu Li) လည်း သဘောတူလိုက်ပြီး "ကော်စီ"(Guo Si) ထံသွားသည်။ "ကော်စီ"(Guo Si) မှ
"လီကျွယ်(Li Jue) ဘက်ကသာ ဘုရင်ကို ပြန်လွှတ်ရင် ကျုပ်ကလည်း မင်းမှုထမ်းတွေကို လွှတ်ပေးမယ်" ဟု ပြောသည်။

ထို့နောက် "ဟွမ်ဖူလီ"(Huangfu Li) သည် "လီကျွယ်"(Li Jue) ထံသွားကာ အောက်ပါအတိုင်းပြောသည်၊
"ကျွန်တော်ကလည်း ရှီလျန်ကပဲ၊ ဘုရင်မင်းမြတ်ရဲ့အမိန့်နဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့လာခဲ့တာ၊ ကော်စီ(Guo Si) ကတော့ ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်ခံတယ်။ ခင်ဗျားဘက်ကကာ?"
"ကျုပ် လွီပု(Lu Bu) ကို တိုက်ထုတ်ပြီး တိုင်းပြည်တာဝန်ကို ထမ်းလာတာ လေးနှစ်ရှိပြီ။ နိုင်ငံငြိမ်းချမ်းနေတာက ကျုပ်ကြောင့်ဆိုတာ တစ်လောကလုံးသိတယ်။ ဟို သူခိုးက အမှုထမ်းတွေကို ဖမ်းပြီး ကျုပ်ကို ဆန့်ကျင်ရဲတယ်။ အဲ့ကောင်ကို ကျုပ်လက်နဲ့ကိုယ်တိုင်သတ်မယ်လို့ သစ္စာဆိုထားတယ်။ ကျုပ်စစ်တပ်ကို ကြည့်ကြည့်။ အဲ့သူပုန်ရဲ့ စစ်တပ်ကို မနိုင်စရာအကြောင်းမရှိဘူး"
"ဟိုးအရင်က ဟိုရီ(Hou Yi) ဆိုတဲ့လူဟာ သူ့မြားအစွမ်းနဲ့ မာနတက်ပြီး တခြားလူတွေကို ဂရုမစိုက်ပဲ သူတစ်ဦးတည်းအုပ်ချုပ်ခဲ့တယ်။ သူလည်း နောက်ပိုင်းတော့ ကျရှုံးသွားခဲ့တာပဲ။ နောက်ပြီး အင်မတန်တန်ခိုးဩဇာကြီးခဲ့တဲ့ တုန်ကျိုး(Dong Zhuo) ကို လွီပု(Lu Bu) က သတ်နိုင်ခဲ့တာ ခင်ဗျားကိုယ်တွေ့ပဲလေ။ ဒါကြောင့် စစ်တပ်ရှိရုံနဲ့ လုံခြုံမှုရှိတယ်လို့ မဆိုနိုင်ဘူး။ အခုခင်ဗျားက နန်းတော်ရဲ့ဘွဲ့တွေ၊တံဆိပ်တွေ ရထားတဲ့စစ်သူကြီးတစ်ဦး၊ နောက်ပြီး ခင်ဗျား ဆွေမျိုးတွေကလည်း ရာထူးတွေအသီးသီးရှိကြတယ်။ ကော်စီ(Guo Si) က မှူးမတ်တွေကို ဖမ်းထားတယ်ဆိုတာ မှန်တယ်။ ပြောရရင်တော့ ခင်ဗျားလည်း ဘုရင်မင်းမြတ်ကို ဖမ်းချုပ်ထားတာ မဟုတ်လား၊ သူ့ထက်တောင် ခင်ဗျားလုပ်ရပ်က ဆိုးရွားတယ်လို့ မထင်ဘူးလား"

ထိုအခါ "လီကျွယ်"(Li Jue) သည် ဒေါသဖြင့် ဓားကိုဆွဲကာ
"ဘုရင်က ကျုပ်ကိုအရှက်ခွဲဖို့ ခင်ဗျားကို လွှတ်လိုက်တာလား" ဟု ပြောသည်။ စစ်သူကြီး "ရန်ဖုန်း"(Yang Feng) မှဝင်၍
"ကော်စီ(Guo Si) က အသက်ရှင်လျက်ရှိသေးတယ်။ ဘုရင့်အမိန့်ပို့သူကို သတ်လိုက်ရင် သူ ခင်ဗျားကို စစ်ကျေညာဖို့ အကြောင်းပြချက်ရှိသွားမယ်။ ပြီးရင် ကျန်တဲ့မြို့စား၊နယ်စားတွေပါ စစ်ထဲဝင်ပါလာလိမ့်မယ်" ဟု ပြောသည်။
"ကျာရွှီ"(Jia Xu) သည်လည်း "လီကျွယ်"(Li Jue) ကို ဖြောင်းဖျလေရာ စိတ်ပြေသွားသည်။ ထို့နောက် "ဟွမ်ဖူလီ"(Huangfu Li) ကို လွှတ်ပေးလိုက်သည်။

"ဟွမ်ဖူလီ"(Huangfu Li) သည် အပြင်သို့ထွက်ကာ ကျယ်လောင်စွာဖြင့်
"လီကျွယ်(Li Jue) က ဘုရင့်အမိန့်တောင် မနာခံတော့ဘူး။ နောက်ပိုင်း ဘုရင်ကို သတ်ပြီး သူကိုယ်တိုင် မင်းလုပ်တော့မှာ" ဟု အော်လေသည်။ ဝန်ကြီး "ဟူမြောင်"(Hu Miao) သည် "ဟွမ်ဖူလီ"(Huangfu Li) အား
"အဲ့ဒါတွေ မပြောနဲ့၊ ကိုယ့်စကားကြောင့် ကိုယ်ပဲ ဒုက္ခရောက်မယ်" ဟု ပြောသည်။ "ဟွမ်ဖူလီ"(Huangfu Li) မှ
"ခင်ဗျားလည်း နန်းတွင်းအမှုထမ်းမဟုတ်လား။ ဘာလို့ သူပုန်ကို ထောက်ခံတာလဲ? ဘုရင် ဒုက္ခရောက်ရင် အမတ်တွေလည်း သေရမှာပဲ။ လီကျွယ်(Li Jue) လက်ချက်နဲ့ သေရင်လည်း သေပါစေတော့" ဟု ပြန်ပြောသည်။
ထို့နောက် "ဟွမ်ဖူလီ"(Huangfu Li) သည် ဆဲရေးတိုင်းထွာလေသည်။ ထိုအကြောင်းကို ဘုရင်ကြားသော် "ဟွမ်ဖူလီ"(Huangfu Li) ကို ရှီလျန်သို့ ပြန်လွှတ်လိုက်သည်။

"လီကျွယ်"(Li Jue) ၏ စစ်သားတစ်ဝက်ကျော်မှာ ရှီလျန်နယ်သားများဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းမှ လူမျိုးစုအချို့လည်း ပါဝင်သည်။ "ဟွမ်ဖူလီ"(Huangfu Li) သည် "လီကျွယ်"(Li Jue) မှာ သူပုန်ဖြစ်သည်ဟူသောသတင်းကို လွှင့်လေရာ "လီကျွယ်"(Li Jue) ၏ စစ်သားတို့ စိတ်ဓာတ်ကျလေသည်။
ထိုအခါ "လီကျွယ်"(Li Jue) သည် "ဟွမ်ဖူလီ"(Huangfu Li) အား ဖမ်းရန် စစ်သူကြီး "ဝမ်ချန်"(Wang Chan) ကို စေလွှတ်သည်။ ထိုစစ်သူကြီးသည် တရားမျှတသောသူဖြစ်၍ "ဟွမ်ဖူလီ"(Huangfu Li) ကို မဖမ်းပဲ ပြန်လာကာ ရှာမတွေ့ကြောင်း ပြောသည်။
"ကျာရွှီ"(Jia Xu) သည်လည်း မြောက်ပိုင်းသားတို့ကို ချဉ်းကပ်ကာ
"ဘုရင်က ခင်ဗျားတို့ သူ့အပေါ် သစ္စာရှိမှန်းသိတယ်။ ဒါကြောင့် ခင်ဗျားတို့ စစ်မတိုက်ပဲ ကိုယ့်နယ်ကိုယ်ပြန်ရင် ဆုလာဘ်တွေပေးမယ်လို့ မိန့်တော်မူတယ်" ဟု ဆိုလေသည်။
ထိုမြောက်ပိုင်းသားတို့သည်ကား သူတို့ကို "လီကျွယ်"(Li Jue) မှ လခမပေးသဖြင့် မုန်းတီးနေကြပြီးဖြစ်သည်။ "ကျာရွှီ"(Jia Xu) ၏ ထိုစကားကိုကြားသည်နှင့် စစ်တပ်မှ ထွက်ခွာသွားကြသည်။

ထို့နောက် "ကျာရွှီ"(Jia Xu) သည် ဘုရင်အား ဤသို့အကြံပေးသည်။
"လီကျွယ်(Li Jue) က အလိုရမ္မက်ကြီးတဲ့လူ၊ သူ့ကိုသာ ရာထူးကြီးကြီးပေးလိုက်ရင် အောက်ခြေလွတ်သွားလိမ့်မယ်"
ထိုအခါ ဘုရင်သည် "လီကျွယ်"(Li Jue) ကို အစစ်အမှန် သေနာပတိရာထူးကိုပေးလိုက်သည်။ ထိုအခါ "လီကျွယ်"(Li Jue) သည် အင်မတန်ဝမ်းသာသွားပြီး မှော်ဆရာတို့ကျေးဇူးကြောင့် ရာထူးတက်သည်အထင်နှင့် ထိုသူတို့ကို ဆုချီးမြှင့်ပြီး စစ်တပ်ကိုကား မေ့လျော့နေခဲ့သည်။ ထိုအခါ စစ်သူကြီး "ရန်ဖုန်း"(Yang Feng) သည် မကျေမနပ်ဖြစ်ကာ စစ်သူကြီး "စုန်းကော်"(Song Guo) ကို
"ကျုပ်တို့က ရန်သူရဲ့ထောင်ချောက်ကျောက်တုံးတွေ၊ မြားတွေကြားမှာ အသက်နဲ့ရင်းပြီး လုပ်ရတာ၊ ဆုပေးတော့ ဟိုဘာမှမဟုတ်တဲ့ မှော်ဆရာတွေကို ပေးတယ်" ဟု ပြောသည်။
"သူ့ကိုတိုက်ပြီး ဘုရင်ကို ကယ်ကြရအောင်"
"ခင်ဗျားက အထဲက အချက်ပြတာနဲ့ ကျုပ်အပြင်ကတိုက်မယ်"

ထို့ညနှစ်ချက်တီးအချိန်တွင် "လီကျွယ်"(Li Jue) အားတိုက်ရန်ပြင်သည်။ သို့သော်လည်း ထိုသတင်းကား "လီကျွယ်"(Li Jue) ထံပေါက်ကြားသွားခဲ့ပြီ။ "စုန်းကော်"(Song Guo) ကို ဖမ်းပြီး သတ်လိုက်သည်။ "ရန်ဖုန်း"(Yang Feng) သည် အပြင်ဘက်တွင် စောင့်နေစဉ် "လီကျွယ်"(Li Jue) ကိုယ်တိုင်ရောက်လာရာ နှစ်ဦးနှစ်ဖက်လုံး လေးချက်တီးအချိန်ထိတိုက်ကြသည်။ ထို့နောက် "ရန်ဖုန်း"(Yang Feng) သည် ရှန်ပြည်နယ်သို့ ထွက်ပြေးသွားသည်။
ထိုအချိန်တွင် "လီကျွယ်"(Li Jue) ၏ စစ်တပ်ကား "ကော်စီ"(Guo Si) ၏ ထိုးစစ်ကြောင့် အင်အားချိနဲ့နေပြီ။ ထို့အပြင် "ကျန်းကျိ"(Zhang Ji) သည် စစ်တပ်ကြီးကို ဦးဆောင်ကာ ထိုတပ်ဖွဲ့တို့ကို ငြိမ်းချမ်းရေးယူစေရန် စန်းရှီမှ ချီတက်လာပြီဖြစ်သည်။ "ကျန်းကျိ"(Zhang Ji) သည် ငြိမ်းချမ်းရေးမလိုချင်သော အဖွဲ့ကို တိုက်မည်ဟု ကျေညာလေရာ "လီကျွယ်"(Li Jue) သည် "ကျန်းကျိ"(Zhang Ji) ထံ လူလွှတ်ပြီး စစ်ပြေငြိမ်းမည်ဖြစ်ကြောင်းပြောသည်။ "ကော်စီ"(Guo Si) လည်း ထိုနည်းတူပင် ဖြစ်သည်။
သို့နှင့် ထိုအဖွဲ့နှစ်ခုတို့၏ ပြဿနာ ငြိမ်းချုပ်သွားသည်။

"ကျန်းကျိ"(Zhang Ji) သည် ဘုရင်အား လော့ရန်အနီးရှိ ဟုန်နုန်သို့ ပြောင်းစံရန် အကြံပြုသည်။ ဘုရင်ကလည်း
"ငါကိုယ်တော် အရှေ့ဘက်ကို ပြန်သွားချင်တာ ကြာပြီ" ဟု ဆိုလေသည်။
"ကျန်းကျိ"(Zhang Ji) ကို မြင်းပျံတပ် စစ်သူကြီးရာထူးပေးကာ ချီးမြှောက်လေသည်။ "ကျန်းကျိ"(Zhang Ji) သည် ဘုရင်နှင့် နန်းတွင်းအတွက် လိုအပ်သည်တို့ကို လုပ်ပေးသည်။ "ကော်စီ"(Guo Si) သည် မှူးမတ်တို့ကို လွှတ်ပေးလိုက်ပြီး "လီကျွယ်"(Li Jue) ကလည်း အမတ်တို့ကို အရှေ့ဘက်သို့ ပြောင်းရန်ပြင်သည်။ ထို့နောက် "လီကျွယ်"(Li Jue) လိုက်ပါသောအစောင့်ထဲတွင် သူ၏အစောင့်တို့ကိုထည့်လိုက်သည်။

ရှင်းဖုန်းရှိ တံတားတစ်ခုနားဝယ် စစ်တပ်တို့က လမ်းကို ပိတ်ထားသည်။ ထိုစစ်တပ်မှ လူတို့က
"ဘယ်သူလဲ" ဟု မေးသည်။
ထိုအခါ "ရန်ချီ"(Yang Qi) သည် အရှေ့သို့ ထွက်လာပြီး
"နန်းတွင်းက လှည်းလာတာ။ ဘယ်သူ လမ်းပိတ်ရဲတာလဲ?" ဟု ပြောသည်။
ထိုအခါ လမ်းပိတ်ထားသော စစ်တပ်၏ ခေါင်းဆောင်နှစ်ဦးက
"စစ်သူကြီး ကော်စီ(Guo Si) က ဒီတံတားကို ရန်သူတွေ မလာအောင် စောင့်ကြပ်ခိုင်းထားလို့၊ ဘုရင်က ဒီမှာဆိုရင် သူ့ကို မြင်မှသာလျှင် ဖြတ်သန်းခွင့်ပေးမယ်" ဟု ဆိုသည်။
ထိုအခါ ဘုရင်သည် လှည်းမှ လိုက်ကာကို ဖွင့်ကာ
"ငါ ကိုယ်တော်တိုင် ဒီမှာရှိတာ ဘာလို့ လမ်းမဖယ်ကြတာတုန်း" ဟု ဆိုသည်။

ထိုအခါမှသာ ထိုစစ်သားတို့က "ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ" ဟု ဆိုပြီး လမ်းဖယ်ပေးလိုက်သည်။ ထိုအကြောင်းကို "ကော်စီ"(Guo Si) အား သတင်းပို့လျှင် "ကော်စီ"(Guo Si) သည် စိတ်ဆိုးမာန်ဆိုးဖြင့်
"ငါက ကျန်းကျိ(Zhang Ji) ထက်အရင် ဘုရင်ကို ထိန်းသိမ်းထားပြီး မေဝေါ်ကို ပို့မလို့။ မင်းတို့က ဘာလို့ သွားစေလိုက်တာလည်း?" ဟု ဆိုကာ ထိုခေါင်းဆောင်နှစ်ဦးကို သတ်လိုက်လေသည်။ ထို့နောက် "ကော်စီ"(Guo Si) သည် စစ်တပ်ကို ပြင်ကာ သူကိုယ်တိုင် လိုက်လေသည်။ ဘုရင့်တပ်ကို မှီခါနီးတွင် "လှည်းကို ရပ်လိုက်" ဟု အော်ပြောသည်။
ထိုအခါ ဘုရင်က
"မြေခွေးဂူက ထွက်လာပြန်တော့ အခု ကျားခံတွင်းထဲရောက်တော့မယ်" ဟု ပြောလေသည်။

သူပုန်တို့ရောက်လာသဖြင့် ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင် ဆိုင်းသံ၊ ဗုံသံတို့ဖြင့် အင်အားတစ်ထောင်ခန့်ရှိသော စစ်တပ်တစ်တပ် ထွက်ပေါ်လာသည်။ ထိုစစ်တပ်၏ အလံတွင် ဟန်စစ်သူကြီး ရန်ဖုန်း(Yang Feng) ဟု ရေးထားသည်။ "ရန်ဖုန်း"(Yang Feng) သည် "လီကျွယ်"(Li Jue) ကို ရှုံးသွားပြီးနောက် ထွက်ပြေးသွားခဲ့သည်။ ယခုသော် ဘုရင် ခရီးထွက်သည့်သတင်းကိုကြားသဖြင့် ဘုရင့်ကို ကာကွယ်ရန် ရောက်လာခြင်းဖြစ်သည်။
"ကော်စီ"(Guo Si) ၏ စစ်သူကြီး "ချွေးယုံ"(Cui Yong) သည် ရှေ့သို့ထွက်လာသည်။ ထိုအခါ "ရန်ဖုန်း"(Yang Feng) မှ
"ရွှီဟွမ်(Xu Huang) ဘယ်မှာလဲ" ဟု အော်လိုက်သည်။
အော်လိုက်သည်နှင့် အနောက်ဘက်မှ ပုဆိန်ကိုင်ထားသော လူတစ်ဦးထွက်လာကာ "ချွေးယုံ"(Cui Yong) ကို သတ်လိုက်သည်။ ထို့နောက် "ကော်စီ"(Guo Si) ကိုလည်း အနိုင်တိုက်လိုက်သည်။ ရှုံးသွားသော စစ်တပ်သည် ခုနှစ်မိုင်အကွာခန့်သို့ တပ်ဆုတ်သွားသည်။

ဘုရင်မှ "ရန်ဖုန်း"(Yang Feng) အား
"ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်ပဲ၊ ငါကိုယ်တော်ကို အသင် စစ်သူကြီးကယ်ခဲ့တာပဲ" ဟုဆိုလေသည်။
"ရန်ဖုန်း"(Yang Feng) လည်း အရိုအသေပြုကာ ကျေးဇူးတင်သည်။ ထို့နောက် ဘုရင်သည် ရန်သူကို တိုက်ထုတ်လိုက်သော သူရဲကောင်း၏နာမည်ကို မေးရာ "ရွှီဟွမ်"(Xu Huang) သည် ဘုရင့်ရှေ့မှောက်သို့ ရောက်လာသည်။ ဘုရင်လည်း "ရွှီဟွမ်"(Xu Huang) ၏ စွမ်းဆောင်ချက်ကို အသိအမှတ်ပြုလေသည်။

"ရန်ဖုန်း"(Yang Feng) သည် ဘုရင်ကို စောင့်ကြပ်ကာ ဟွားရင်သို့ရောက်သော် ခရီးတစ်ထောက်နားသည်။ ထိုအရပ်ရှိ စစ်သူကြီး "တွမ်ဝေ"(Duan Wei) က အဝတ်အစားနှင့် စားစရာတို့ ထောက်ပံ့သည်။ ဘုရင်သည် "ရန်ဖုန်း"(Yang Feng) ၏ ရွက်ဖျင်တဲတွင် အိပ်လေသည်။
နောက်တစ်ရက်တွင် "ကော်စီ"(Guo Si) ရောက်လာကာ ဘုရင်စခန်းချသောနေရာကို ဝန်းရံသည်။ "ရွှီဟွမ်"(Xu Huang) သည် ကူညီရန်ပြင်သော်လည်း "ကော်စီ"(Guo Si) ၏ တပ်သည် ဘုရင့်ကို ဝန်းရံထားပြီးဖြစ်သည်။ ထိုအချိန်တွင် အရှေ့တောင်ဘက်မှ လူတစ်ဦးသည် လာရောက်ကူညီသည်၊ ထိုလူ၏ အကူအညီနှင့်အတူ "ရွှီဟွမ်"(Xu Huang) တိုက်လေရာ ရန်သူတို့ကို အနိုင်ရသည်။
ထိုလာကူသူမှာ ဘုရင်၏ ဦးလေး သို့မဟုတ် ဦးရီးတော် "တုန်းချန်"(Dong Cheng) ဖြစ်သည်။ ဘုရင်သည် သူ၏ဦးလေးကို မြင်လေလျှင် စိတ်မကောင်းဖြစ်မှုတို့ကို တွေးကာ ငိုသည်။ ထိုအခါ "တုန်းချန်"(Dong Cheng) က
"အရှင်မင်းကြီး၊ သတ္တိရှိရှိနေပါ၊ ကျွန်တော်ရော ရန်ဖုန်း(Yang Feng) ရောဟာ လီကျွယ်(Li Jue) နဲ့ ကော်စီ(Guo Si) ကို တိုက်ထုတ်ဖို့ သစ္စာဆိုထားပါတယ်" ဟု ပြောသည်။

ဘုရင်လည်း အရှေ့ဘက်သို့မြန်မြန် ချီတက်စေရာ နောက်ဆုံးတွင် ဟုန်နုံသို့ ရောက်သည်။ "ကော်စီ"(Guo Si) သည် တပ်ပြန်ဆုတ်ရာ လမ်းတွင် "လီကျွယ်"(Li Jue) နှင့် တွေ့သည်။
"ကော်စီ"(Guo Si) : "ဟွာစန်းတောင်ကို ရောက်ပြီး အရှေ့ဘက်ကိုရောက်သွားရင် သူတို့က အနယ်နယ်အရပ်ရပ်ကို စာပို့ပြီး ငါတို့ကို တိုက်စေလိမ့်မယ်။ ငါတို့အတွက် အန္တရာယ်ရှိလာနိုင်တယ်"
"လီကျွယ်"(Li Jue) : "ချန်အန်းကို ကျန်းကျိ(Zhang Ji) က သိမ်းထားတယ်။ ငါတို့ သတိထားရမယ်။ ငါတို့နှစ်ယောက် ဟုန်နုံကို ပေါင်းတိုက်၊ ဘုရင်ကို သတ်ပြီး တိုင်းပြည်ကို တစ်ဝက်စီ ခွဲကြရအောင်"
"ကော်စီ"(Guo Si) လည်း ထိုအကြံကို လက်ခံလိုက်ပြီး သူတို့နှစ်ဦး၏ တပ်ကို ပေါင်းစည်းလိုက်သည်။ ထို့နောက် ဟုန်နုံကို ချီတက်ပြီး လမ်းတစ်လျှောက်ရှိ မြို့ရွာတို့တွင် ခိုးဆိုးလုယက်လေသည်။ ထိုသတင်းကို "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့ကြားသော် နောက်ပြန်လှည့်ပြီး တုန်းကျန့်တွင် စစ်ဆင်ရန်ပြင်သည်။
"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့၏ တပ်ကား ကြီးမားပြီး ဘုရင့်တပ်အား အင်အားနည်းလှသည်။ "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့မှာ ဘုရင်နှင့် မိဖုရားကို ကာကွယ်ရန်သာ အလူးအလဲကြိုးပမ်းရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူပုန်တို့ ဟုန်နုံကို ဖျက်စီးလိုက်သော်လည်း ဘုရင်ကို ဘေးကင်းရာ ရှန်ပေသို့ ပို့ဆောင်နိုင်ခဲ့သည်။

သူပုန်စစ်သူကြီးတို့သည် ဘုရင့်နောက်ထပ်လိုက်ရန် ဟန်ပြင်ကြသောအခါ "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့သည် အားမတန်မာန်လျှော့ပြီး သူပုန်တို့နှင့် ငြိမ်းချမ်းရေးရယူရန် ကမ်းလှမ်းသည်၊ တစ်ချိန်တည်းတွင်ပင် အဖြူရောင်လှိုင်းသူပုန်အဖွဲ့ခေါင်းဆောင်ဖြစ်သည့် "ဟန်ရှန်"(Han Xian) ၊ "လီယွဲ့"(Li Yue) ၊ "ဟူချိုင်"(Hu Cai) တို့ကို ဆက်သွယ်ကာ အကူအညီတောင်းသည်။ ထိုအဖြူရောင်လှိုင်းသူပုန်အဖွဲ့သည် အဝါရောင်သူပုန်တို့၏ အခွဲဖြစ်ခဲ့ပြီး "လီယွဲ့"(Li Yue) သည် တစ်နိုင်ငံလုံးရှိ သူပုန်တို့နှင့် အဆက်အသွယ်ရှိသည်။
ထိုသူသုံးဦးလုံး၏ အပြစ်တို့ကို မယူသည့်အပြင် ရာထူးပေးမည်ဟု မက်လုံးပေးသဖြင့် အဖြူရောင်လှိုင်းသူပုန်တို့က ပူးပေါင်းရန် သဘောတူသည်။ သို့နှင့် ဘုရင့်တပ်အင်အားပြန်ကြီးလာကာ ဟုန်နုံကို သိမ်းနိုင်သည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် မြို့များရွာများကိုတိုက်ကာ အသက်ကြီးသူတို့ကို သတ်ပြီး ငယ်ရွယ် သန်မာသူတို့ကို စစ်ထဲဝင်စေသည်။ ထိုသူတို့ကို စစ်တိုက်သောအခါ ရှေ့တန်းတွင် ထားကာ တိုက်စေသည်။ ထိုစစ်တပ်ဖွဲ့ကို အသေခံစစ်တပ်ဖွဲ့ဟု ခေါ်သည်ဆို၏။
"လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တပ်ကား ကြောက်ခမန်းလိလိ အင်အားကြီးသည်။ အဖြူရောင်လှိုင်းတပ်ဖွဲ့တို့ နောက်မှလိုက်လာသောအခါ အင်္ကျီနှင့် အဖိုးတန်ပစ္စည်းတို့ကို လမ်းတွင်ကြဲထားစေသည်။ သူပုန်ဟောင်းတို့ကား ရတနာတို့ကိုမြင်သော် မကောက်ပဲ မနေနိုင်ကြချေ။ ထိုအချိန်ဝယ် "ကော်စီ"(Guo Si) ၏ တပ်က ဝင်တိုက်လေရာ အဖြူရောင်လှိုင်းတပ် အထိနာလေသည်။ ထို့ကြောင့် "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့သည် ဘုရင်ကို မြောက်ပိုင်းသို့ ခေါ်သွားသည်။ "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့လည်း နောက်မှ လိုက်ကြသည်။

"လီယွဲ့"(Li Yue) : "အန္တရာယ်ကျရောက်နေပါပြီ၊ အရှင်မင်းကြီး မြင်းစီးပြီး အရင်တိမ်းရှောင်နှင့်ပါ"
"ဘုရင်" : ငါ့ နောက်လိုက်တွေကို ထားခဲ့ပြီး မသွားနိုင်ဘူး"
ထို့နောက် သူပုန်တို့ကို အပြင်းအထန်ခုခံကြသည်။ ထိုတိုက်ပွဲတွင် အဖြူရောင်လှိုင်းအဖွဲ့ခေါင်းဆောင် "ဟူချိုင်"(Hu Cai) အသတ်ခံရသည်။
ရန်သူတို့လည်း နီးကပ်လာရာ ဘုရင်သည် လှည်းပေါ်မှ ဆင်းပြီး ခြေလျင်လျှောက်ရသည်။ "ရန်ဖုန်း"(Yang Feng) နှင့်  "တုန်းချန်"(Dong Cheng) တို့သည် ဘုရင်ကို မြစ်ဝါမြစ်၏ ကမ်းစပ်အထိလိုက်ပို့သည်။ "လီယွဲ့"(Li Yue) သည် ကမ်းတစ်ဖက်ကူးရန် လှေတစ်စီး ပြင်ထားသည်။

ရာသီဥတုမှာ အင်မတန်အေးပြီး ဘုရင်နှင့်မိဖုရားကား ခိုက်ခိုက်တုန်အောင် ချမ်းနေသည်။ မြစ်ကမ်းသို့ ရောက်သွားသော် မြစ်ကမ်းမှာ မြင့်လွန်း၍ လှေရှိရာသို့ မဆင်းနိုင်ချေ။ ထိုအခါ "ရန်ဖုန်း"(Yang Feng) မှ မြင်းထိန်းကြိုးဖြင့် ဘုရင်နှင့် မိဖုရားတို့ကို ချည်နှောင်ကာ အောက်သို့ချရန် အကြံပြုသည်။ ထိုအချိန်တွင် မိဖုရား၏ အစ်ကို "ဖူတဲ့"(Fu De) သည် သေနေသော စစ်သားတို့ထံမှ ပိုးထည်စတို့ကို ရလေရာ ထိုပိုးထည်တို့ဖြင့် ချီပြီး ဘုရင်နှင့်မိဖုရားကို အောက်သို့ချသည်။ "လီယွဲ့"(Li Yue) သည် ဓားကိုနံဘေးတွင်ထောင်ကာ လှေတွင် နေရာယူသည်။ "ဖူတဲ့"(Fu De) သည် မိဖုရားကို ကုန်းပိုးပြီး လှေပေါ်သို့ ပို့ဆောင်သည်။

လှေသည် သေးလွန်းသဖြင့် အကုန်လုံးကို တင်ဆောင်ရန် မဆန့်ချေ။ လှေပေါ်သို့မလိုက်ပါနိုင်သောသူတို့သည် ကြိုးကိုဆွဲကြသည်၊ သို့သော်လည်း "လီယွဲ့"(Li Yue) က ထိုသူတို့ကို ဓားဖြင့် ခုတ်လိုက်လေသည်။ လူများစွာတို့ အလုအယက် ထိုလှေပေါ်တက်ရန် ကြိုးပမ်းကြသည်။ အချို့မှာ လှေကို လက်တို့ဖြင့် ဆွဲထားရာ ထိုလက်တို့ကို ဖြတ်ခဲ့ရသည်။
တစ်ဖက်ကမ်းသို့ရောက်သော် ဘုရင့်ဘက်တော်သားတို့မှာ ဆယ့်နှစ်ယောက်ခန့်သာ ကျန်တော့သည်။ "ရန်ဖုန်း"(Yang Feng) သည် နွားလှည်းကို တွေ့ရာ ဘုရင်နှင့် မိဖုရားတို့ကို တရန်သို့ ပို့စေသည်။ ထိုနေရာတွင် စားစရာလည်းမရှိ၊ နေရသည့်နေရာမှာလည်း အိုဟောင်းစုတ်ပဲ့နေသော အိမ်လေးဖြစ်သည်။ ရွာသားတို့က ကောက်ပဲသီးနှံဖြင့် လုပ်ထားသောအစားအစာကို ပေးသော်လည်း ထိုအစာသည် မြိုချရန်ပင် ခက်ခဲလွန်းသည်။
နောက်ရက်တွင် ဘုရင်သည် သူ့ကို စောင့်ရှောက်သောသူတို့ကို ရာထူးများပေးသည်။ "လီယွဲ့"(Li Yue) အား မြောက်ဘက်ကိုအောင်နိုင်သော စစ်သူကြီးဟူ၍လည်းကောင်း၊ "ဟန်ရှန်"(Han Xian) ကိုအရှေ့ဘက်ကိုအောင်နိုင်သော စစ်သူကြီးဟူ၍လည်းကောင်း ဘွဲ့ပေးသည်။

နောက်ရက်တွင် မှူးမတ်နှစ်ဦးရောက်လာသည်။ ထိုသူတို့ကား "ရန်ပြောင်း"(Yang Biao) နှင့် ဝန်ကြီး "ဟန်ရုံ"(Han Rong) တို့ဖြစ်သည်။ "ဟန်ရုံ"(Han Rong) မှ သူ၏လုပ်ဖော်ကိုင်ဘက်အား
"သူပုန်တွေက ငါ့စကားကို ယုံကြမှာပဲ။ ခင်ဗျားက ဘုရင်ကို စောင့်ရှောက်ပါ။ ငါတော့ အသက်ကိုရင်းပြီး ငြိမ်းချမ်းမှုကို လုပ်လို့ရမလား ကြိုးစားကြည့်မယ်" ဟု ဆိုပြီးနောက် ထွက်သွားသည်။
ဘုရင်သည် "ရန်ဖုန်း"(Yang Feng) ၏ ရွက်ဖျင်တဲတွင် အချိန်အတန်ကြာ အနားယူသည်။ "ရန်ပြောင်း"(Yang Biao) မှ ဘုရင်အား အန်းရီကို မြို့တော်အဖြစ် သတ်မှတ်ရန်အကြံပေးသည်။ ထိုနေရာသို့ရောက်သောအခါဝယ် ထိုနေရာတွင် အဆောက်အအုံဟူ၍မရှိ၊ ကွက်လပ်ကြီးဖြစ်နေသည်။ ထိုနေရာကို လုံခြုံမှုအတွက် ဆူးကြိုးပါသော ထရံတို့ဖြင့် ကာရံရသည်။ ထိုအထဲတွင် ဘုရင်နှင့် အမှုထမ်းတို့သည် နေကြပြီး အပြင်ဘက်တွင်မူ စစ်သားတို့က စခန်းချလေသည်။

ထိုအချိန်တွင် "လီယွဲ့"(Li Yue) နှင့် အပေါင်းအပါတို့၏ သရုပ်မှန်ပေါ်လာသည်။ ဘုရင်ကို ခြယ်လှယ်ပြီး သူတို့အား ဆန့်ကျင်သူတို့ကို အပြစ်ပေးသည်။ ထို့အပြင် ဘုရင်အား မကောင်းသောအစားအစာ၊ အရက်တို့ကို ဆက်သလေသည်။ ထိုမျှမက မကောင်းသောသူတို့ကို ရာထူးပေးစေပြီး ထိုသူတို့သည်ပင် နှစ်ရာခန့်ရှိလာသည်။ မှူးမတ်တံဆိပ်တုံးမလုပ်နိုင်သဖြင့် သတ္တုတို့ကို ပုံစံသွင်းကာ တံဆိပ်တုံးအနေနှင့် ထားလေသည်။ နန်းတွင်းကား ဤမျှအထိ နိမ့်ကျခဲ့သည်။

"ဟန်ရုံ"(Han Rong) သည် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) ထံသွားပြီး ငြိမ်းချမ်းမှုယူရန် ဆွဲဆောင်ရာ နောက်ဆုံးတွင် ထိုသူပုန်နှစ်ဦးတို့က နန်းတွင်းသူ၊ နန်းတွင်းသားနှင့် မှူးမတ်တို့ကို လွှတ်ပေးရန် သဘောတူလိုက်သည်။
ထိုနှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်လေရာဒုက္ခအကြီးအကျယ်ရောက်သည်။ သို့သော် ဟဲနေမြို့စား "ကျန်းရန်"(Zhang Yang) နှင့် ဟဲတုန်းမြို့စား "ဝမ်ရီ"(Wang Yi)တို့က နန်းတွင်းသို့ အဝတ်အစား၊ စားစရာတို့ကို ထောက်ပံ့သဖြင့် အနည်းငယ်သက်သာရာရခဲ့သည်။
"တုန်းချန်"(Dong Cheng) နှင့် "ရန်ဖုန်း"(Yang Feng) တို့သည် လော့ရန်ရှိ နန်းတော်တို့ကို ဘုရင် ပြန်ပြောင်းရွေှ့ရန်အတွက် ပြုပြင်သည်။ ၎င်းကို "လီယွဲ့"(Li Yue) က ကန့်ကွက်သည်။
"တုန်းချန်"(Dong Cheng) : "လော့ရန်က ဟိုးအရင်ကတည်းကမြို့တော်ပဲလေ၊ အန်းရီက မြို့သေးလေး။ ဒီလိုပြောင်းတာ ဖြစ်သင့်ပါတယ်"
"လီယွဲ့"(Li Yue) : "ခင်ဗျားတို့ ပြောင်းချင်ပြောင်း၊ ကျုပ်ကတော့ ဒီမှာပဲနေရစ်ခဲ့မယ်"

သို့သော်လည်း မြို့ပြန်ပြောင်းရန် ဘုရင့်ထံမှ ခွင့်ပြုချက်ရလေရာ "လီယွဲ့"(Li Yue) သည် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့ထံ စာပို့ပြီး ပူးပေါင်းကာ ဘုရင်ကို ဖမ်းမည်ကြံသည်။ သို့သော်လည်း ထိုအကြံပေါက်ကြားသွားပြီး ဘုရင့်လူယုံတို့က ဘုရင်ကို တိတ်တဆိတ်ခေါ်ကာ ကျိကွမ်းတောင်ကုန်းသို့ပြေးရန် ပြင်သည်။ "လီယွဲ့"(Li Yue) သည် ထိုသတင်းကြားသော် သူ၏နောက်လိုက်တို့ကို မစောင့်တော့ပဲ တစ်ဦးတည်း နောက်မှလိုက်သည်။
ဘုရင့်လှည်းသည် ထိုတောင်ကုန်းနားအရောက်တွင် အသံတစ်ခုထွက်လာသည်။
"လှည်းကိုရပ်လိုက်၊ လီကျွယ်(Li Jue) နဲ့ ကော်စီ(Guo Si) ရောက်လာပြီ"

ထိုအသံသည် ဘုရင်ကို တုန်လှုပ်သွားစေပြီး တောင်ကုန်းတစ်ခုလုံးတွင် မီးတို့ထိန်ထိန်လင်းသွားအခါ ပို၍ကြောက်လန့်သွားသည်။

*S~L*

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!