သုံးနိုင်ငံခေတ်(၂၄)

အခန်း(၂၄) "ချောင်ချောင်း"(Cao Cao) မှ တုန်းမိဖုရားကိုသတ်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်"(Yuan Shao) ထံ ပြေးရခြင်း။

ရှေ့တစ်ခန်းတွင် "ချောင်ချောင်း"(Cao Cao) မှ ဘုရင်ကို နန်းချရန် ကြံစည်ကြောင်းဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် "ချန်ယွီ"(Cheng Yu) မှ အောက်ပါအတိုင်းပြောပြီး ဝင်ကာကန့်ကွက်သည်။
"သခင်ကြီး၊ အခုလက်ရှိမှာ သခင်ကြီးကို ပြည်သူလူထုတွေ ထောက်ခံမှုရအောင် လုပ်ရမှာဖြစ်တယ်၊ အခုအချိန်မှာ တိုင်းပြည်က ဟန်ဘုရင်တွေရဲ့ အုပ်စိုးမှုအောက်မှာရှိတဲ့အတွက် ဘုရင်ကိုသာ နန်းချလိုက်ရင် ပြည်တွင်းစစ်တွေဖြစ်လာနိုင်တဲ့အတွက် ဒါကို ကန့်ကွက်ရတာပါ"
"ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုပြန်ဆင်ခြင်ပြီးနောက် သူ့အကြံကိုပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) အားလုပ်ကြံရန် ကြံစည်သူငါးဦးနှင့်တကွ ထိုသူတို့၏အိမ်သူအိမ်သားများ၊ အိမ်စေများပါမကျန် သေဒဏ်ပေးစေလေသည်။ မြို့ပြင်တံခါးပေါက်အသီးသီးသို့ဖမ်းခေါ်ခံရပြီး သေဒဏ်ပေးခံရသည့်သူဦးရေမှာ အနည်းဆုံး ခုနှစ်ရာခန့်ရှိသည်ဟူ၏။ ထိုရက်စက်မှုကိုမြင်ကြသောလူအပေါင်းတို့ ငိုကြွေးကြကုန်သည်။

ထိုသို့ သတ်ခဲ့သော်ငြားလည်း ဝန်ကြီးချုပ်၏စိတ်ကား မပြေသေးပေ။ ဘုရင်၏မိဖုရားမှာ "တုန်းချန်"(Dong Cheng) ၏ ညီမဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် လက်တွင်ဓားကိုကိုင်ကာ  ထိုမိဖုရားကိုပါသတ်ရန် နန်းတော်အတွင်းဝင်သွားသည်။ ထိုအချိန်တွင် ၎င်းမိဖုရား၌ကိုယ်ဝန်ငါးလရှိနေပြီဖြစ်၍ ဘုရင်မှ မိဖုရားကို အင်မတန်ဂရုစိုက်လေသည်။
ထိုအချိန်ဝယ် ဘုရင်မင်းမြတ်၊ တုန်းမိဖုရားနှင့် ဖူမိဖုရားခေါင်ကြီးတို့သည် အဆောင်တစ်ခုအတွင်းဝယ် ရှိနေခဲ့ပြီး ဦးရီးတော်"တုန်းချန်"(Dong Cheng) ကို အမိန့်ပေးလိုက်သော်ငြားလည်း အကြောင်းမထူးသေးသည့်အကြောင်းကိုပြောကာ တိုင်ပင်နေကြသည်။ ထိုအခိုက်မှာပင်"ချောင်ချောင်း"(Cao Cao) က ရုတ်တရတ်ရောက်လာလေရာ ထိုသူသုံးဦးတို့လန့်သွားသည်။

"ဦးရီးတော် တုန်းချန်(Dong Cheng) က ကျွန်တော်မျိုးကိုလုပ်ကြံတာ အရှင်မင်းကြီးသိတော်မူပါသလား?"
"တုန်ကျိုး(Dong Zhuo) က သေတာကြာပြီလေ"
"တုန်ကျိုး"(Dong Zhuo) မဟုတ်ဘူး၊ တုန်းချန်(Dong Cheng) ပါ" ဟု "ချောင်ချောင်း"(Cao Cao) က အော်ပြောလိုက်သည်။ ဘုရင်မှာလန့်သွားပြီး
"ဟုတ်လား။ ငါကိုယ်တော် မသိဘူး" ဟု ပြန်ပြောလေသည်။
"လက်ချောင်းကသွေးဖောက်ပြီး အဲ့သွေးနဲ့ရေးလိုက်တဲ့အမိန့်ကို မေ့သွားခဲ့ပြီပေါ့"
ဘုရင်သည် မည်သို့မှပြန်မပြောပဲ ဆိတ်ဆိတ်နေလိုက်သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် တုန်းမိဖုရားအားဖမ်းဆီးရန် သူ့လူတို့ကို အမိန့်ပေးလိုက်သည်။ ဘုရင်မှဝင်ကာ ကိုယ်ဝန်ရှိသဖြင့် ငဲ့ညာပေးရန် တောင်းဆိုသည်။ သို့သော် "ချောင်ချောင်း"(Cao Cao) မှ
"ကောင်းကင်ကြီးကသာ ဒီလျှို့ဝှက်ကြံစည်မှုကို မဖော်ထုတ်ခဲ့ရင် ကျုပ်သေနေလောက်ပြီ။ ဘာလို့ဒီမိန်းမကိုထားထားပြီး ကျုပ်အပေါ်ဒုက္ခပေးစေမှာလည်း" ဟု ပြန်ပြောသည်။
ဘုရင် : "သူ့ကို လောလောဆယ်တော့ နန်းတော်အတွင်းမှာပဲနေပါစေ။ ဘာမှဒုက္ခမပေးပါနဲ့ဦး"
"ချောင်ချောင်း"(Cao Cao) : "သူ့သားသမီးထွက်လာမှ သူ့နောက်မျိုးဆက်က ကျွန်တော်မျိုးကို လက်စားချေရအောင်လို့လား"
"တုန်းမိဖုရား" : "ကျွန်မခန္ဓာကိုယ်ကို မထိခိုက်စေဖို့နဲ့ အရှက်မရစေဖို့ ဆုတောင်းပါတယ်"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့လူတို့အား အဖြူရောင်ပိုးထည်ကိုထုတ်ပြစေရာ ဘုရင်သည် ငိုယိုလေသည်။ ထို့နောက် ဘုရင်မှ မိဖုရားကို
"ရွှေရောင်စိမ့်စမ်းရေကိုးခုရဲ့အောက်ဘုံကို ရောက်သွားခဲ့ရင်တောင် ကျုပ်ကိုမမုန်းပါနဲ့" ဟုဆိုကာ မျက်ရည်တို့ မိုးပေါက်ပမာ ကျလာလေသည်။ ဖူမိဖုရားခေါင်ကြီးလည်း ဝမ်းနည်းနေချေ၏။ သို့သော် "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားတို့တွေ ကလေးတွေလိုပြုမူနေကြတယ်" ဟု ပြောကာ အစောင့်တို့အားခေါ်လိုက်သည်၊ အစောင့်တို့က တုန်းမိဖုရားကိုဆွဲခေါ်ကာ လည်မြိုညစ်ကာ သတ်လိုက်လေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ နန်းတော်အစောင့်တို့ကို
"ဘုရင့်မိဖုရားတွေရဲ့ဆွေမျိုးတွေ နန်းတွင်းထဲရောက်လာရင် သေဒဏ်ပေးမယ်။ မင်းတို့လည်း ပေါ့လျော့မှုလည်း သေဒဏ်ပေးခံရမယ်" ဟု ပြောလိုက်လေသည်။ ထို့အပြင် နန်းတော်ကို စောင့်ကြပ်ရန်အတွက် သူ၏စစ်သားသုံးထောင်နှင့်အတူ "ချောင်ဟုန်"(Cao Hong) ကို တာဝန်ပေးလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ "ချန်ယွီ"(Cheng Yu) ကို
"မြို့တော်က သစ္စာဖောက်တွေကိုတော့ ရှင်းလိုက်ပြီ။ ဒါပေမယ့် မာထန်(Ma Teng) နဲ့ လျူဘေ့(Liu Bei) နှစ်ယောက်ကျန်သေးတယ်။ သူတို့ကိုလည်း ဒီအတိုင်းထားလို့မဖြစ်ဘူး" ဟု ပြောသည်။
"ချန်ယွီ"(Cheng Yu) : "မာထန်(Ma Teng) က အနောက်ဘက်မှာ အင်အားကြီးနေပြီး သူ့ကိုအလွယ်တကူတိုက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မြို့တော်ကနေ သူ့ကိုကောင်းကောင်းချီးမွမ်းပြီး ကောင်းကောင်းဆက်ဆံရင် ကျွန်တော်တို့ဘက်ပါလာနိုင်တယ်။ လျူဘေ့(Liu Bei) ကတော့ ရွှီကျိုးမှာ ကျွဲချိုပုံဗျူဟာခင်းထားတယ်။ သူ့ကိုစွတ်တိုက်လို့တော့မဖြစ်ဘူး။ ဒါ့အပြင် ကွမ်းတုမှာ ယွမ်ရှောက်(Yuan Shao) က သခင်ကြီးကိုတိုက်ဖို့လုပ်နေတယ်။ အရှေ့ဘက်ကို တိုက်တာနဲ့ လျူဘေ့(Liu Bei) က ယွမ်ရှောက်(Yuan Shao) ဆီသွားပြီး အကူအညီတောင်းမှာပဲ။ ဒီလိုသာဆို ယွမ်ရှောက်(Yuan Shao) က ချက်ချင်းလာတိုက်မှာ။ဒါဆို ဘယ်လိုလုပ်မလည်း"
"ချောင်ချောင်း"(Cao Cao) : "မင်းပြောတာမှားနေပြီ။ လျူဘေ့(Liu Bei) က ရဲရင့်တဲ့လူစွမ်းကောင်းတစ်ယောက်ပဲ။ အစောကြီးထဲကမရှင်းနိုင်ရင် အရွယ်ရောက်ပြီးအတောင်ပေါက်သွားတဲ့အခါကျရင် ပိုရှင်းဖို့ခက်လိမ့်မယ်။ ယွမ်ရှောက်(Yuan Shao) က အင်အားတောင့်တင်းတယ်ဆိုပေမယ့် သူ့ကိုကြောက်စရာမလိုပါဘူး၊ သူကဆုံးဖြတ်ချက်ခိုင်မာတဲ့လူမဟုတ်ဘူး။

ထိုသို့သူတို့နှစ်ဦး ဆွေးနွေးနေကြစဉ် "ကောကျား"(Guo Jia) ရောက်လာသည်။
"ချောင်ချောင်း"(Cao Cao) : "ငါ လျူဘေ့(Liu Bei) ကိုတိုက်ရင် ယွမ်ရှောက်(Yuan Shao) လည်း ဝင်ပါလာမှာပဲ။ ဒါကိုဘယ်လိုသဘောရလည်း"
"ကောကျား"(Guo Jia) : "ယွမ်ရှောက်(Yuan Shao) က နဂိုတည်းကတစ်ခုခုဆို တုံ့နှေးတဲ့လူဖြစ်တယ်။ ဒါ့အပြင် သူ့အကြံပေးတွေကလည်း တစ်ဦးကိုတစ်ဦး မနာလိုဖြစ်နေကြတယ်။ ဒါကြောင့် သူ့ကိုကြောက်စရာမလိုဘူး။ လျူဘေ့(Liu Bei) ကလည်း သူ့စစ်တပ်တွေက လူသစ်တွေဆိုတော့ သူ့အပေါ်သစ္စာရှိဦးမှာမဟုတ်သေးဘူး။ စစ်ပွဲတစ်ခုနွှဲရုံနဲ့ အရှေ့ဘက်ကိုအောင်နိုင် နိုင်ပါတယ်။"
"ချောင်ချောင်း"(Cao Cao) : "ဒီအကြံက ငါ့အတွေးနဲ့ တစ်ထပ်ထဲပဲ"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်တပ်နှစ်သိန်းပြင်ကာ အဖွဲ့ငါးဖွဲ့ခွဲပြီး ရွှီကျိုးသို့ချီတက်လေသည်။

ထိုသတင်းသည် ရွှီကျိုးသို့ ရောက်လေလျှင် ထိုအကြောင်းကို "စွန်းချန်"(Sun Qian) မှ ရှဖီမှ "ကွမ်းယွီ"(Guan Yu) ကို ပြောသည်၊ ထို့နောက် ရှောင်ဖေသို့သွားကာ "လျူဘေ့"(Liu Bei) အား ပြောပြလေသည်။ နှစ်ဦးသားဆွေးနွေးပြီးနောက် စစ်ကူတောင်းရန်အတည်ပြုပြီး "ယွမ်ရှောက်"(Yuan Shao) ထံ စာပို့ကာ စစ်ကူတောင်းစေသည်။ ထိုစာကို "စွန်းချန်"(Sun Qian) ကိုယ်တိုင်ယူပြီးသွားသည်။ "စွန်းချန်"(Sun Qian) သည် အကြံပေး "ထျန်းဖုံး"(Tian Feng) နှင့် တွေ့ကာ "ယွမ်ရှောက်"(Yuan Shao) နှင့်တွေ့ရန်စီစဉ်စေသည်။ "ထျန်းဖုံး"(Tian Feng) သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားရာ "ယွမ်ရှောက်"(Yuan Shao) မှာ ပျာယာခတ်နေပြီး အင်္ကျီတို့မှာ မသပ်မရပ်ဖြစ်နေသည်။
"သခင်ကြီး၊ ဘာတွေ အလျင်လိုနေတာလည်း"
"ကျုပ် သေတော့မယ်"
"ဘာလို့ ဒီစကားတွေ ပြောရတာလည်း"
"ငါ့မှာ သားသုံးယောက်ရှိတယ်။ ဒါပေမယ့် အငယ်ဆုံးကပဲ အတော်ဆုံးဖြစ်ပြီး ကျုပ်အတွေးတွေကိုနားလည်တယ်။ အခုသူ အရေပြားမှာအနာပေါက်နေပြီး အသက်ဘေးစိုးရိမ်ရတယ်။ ဒါကြောင့် တခြားကိစ္စတွေ ဆွေးနွေးဖို့အချိန်မရှိဘူး"
"ဒါပေမယ့် အခုအခြေအနေက အသင့်တော်ဆုံးအချိန်ပဲ။ ချောင်ချောင်း(Cao Cao) က အခုအရှေ့ဘက်ကို တိုက်ဖို့ပြင်နေပြီ၊ အဲ့အချိန်မှာ ရွှီချန်မှာ စစ်တပ်သိပ်ရှိမှာမဟုတ်ဘူး။ ဒါကိုအခွင့်ကောင်းယူပြီး သခင်ကြီးက စစ်သားတွေနဲ့မြို့တော်ကိုတိုက်ပြီး ဘုရင်ကိုကယ်လိုက်ရင် အကျိုးဆောင်နိုင်လိမ့်မယ်။ အခု စိတ်ပြောင်းပြီးတိုက်ဖို့ပြင်သင့်ပါတယ်"
"အခုက အခွင့်ကောင်းဆိုတာ ငါသိတယ်၊ ဒါပေမယ့် အခု ငါ စိတ်ပူတာတွေ၊ စိတ်ဖိစီးတာတွေ၊ ရှုံးမှာကိုကြောက်တာတွေ ဖြစ်နေတယ်"
"ဘာတွေများ စိတ်ဖိစီးနေရတာတုန်း"
"ငါ့သားသုံးယောက်ထဲမှာ ဒီတစ်ယောက်ပဲ အရည်အချင်းရှိတယ်။ သူ့ကိုသာဆုံးရှုံးလိုက်ရင် ကျုပ်တော့သွားပြီပဲ"
သို့နှင့် "ယွမ်ရှောက်"(Yuan Shao) စစ်ကူမပို့ရန်မှာသေချာသွားလေပြီ။

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) မှ "စွန်းချန်"(Sun Qian) အား
"ပြန်သွားပြီး လျူဘေ့(Liu Bei) ကို အကြောင်းအရင်းအမှန်ပြောလိုက်ပါ။ နောက်ပြီး တစ်ခုခုမကောင်းတာဖြစ်ခဲ့ရင် ကျုပ်ဆီလာနိုင်ပါတယ်၊ သူ့ကိုအတတ်နိုင်ဆုံးကူညီပါ့မယ်" ဟု ပြောလွှတ်လိုက်သည်။
"ထျန်းဖုံး"(Tian Feng) မှာ မြေကြီးကို တုတ်နှင့်ရိုက်ပြီး
"နမြောစရာပဲ။ အခွင့်ကောင်းက သူ့ဟာသူရောက်လာတာကို ကလေးတစ်ယောက်နေမကောင်းဖြစ်တာနဲ့ လက်လွှတ်လိုက်ရပြီ" ဟု ဆိုပြီး အပြင်ထွက်သွားသည်။

"စွန်းချန်"(Sun Qian) သည်လည်း စစ်ကူရရန် မဖြစ်နိုင်မှန်းသိသည်နှင့် ပြန်လေသည်။ "လျူဘေ့"(Liu Bei) သည် ထိုအကြောင်းကိုကြားသော် စိတ်ပူပန်ပြီး မည်သို့လုပ်ရမည်ကိုတိုင်ပင်သည်။
"ကျန်းဖေး"(Zhang Fei) : "အစ်ကိုကြီး၊ ဘာမှမပူပါနဲ့။ ချောင်ချောင်း(Cao Cao) စစ်တပ်တွေ တပ်မစွဲခင်မှာ ရုတ်တရတ်တိုက်ရင် အနိုင်ရနိုင်တယ်"
"လျူဘေ့"(Liu Bei) : "ဒါက ဗျူဟာကောင်းပဲ။ မင်းကအမြဲတမ်းရဲရင့်တဲ့သူရဲကောင်းဖြစ်ခဲ့တာ၊ အခုတော့ အကြံပေးဖြစ်တော့မယ်ထင်တယ်"
သို့နှင့် "လျူဘေ့"(Liu Bei) သည် ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် "ကျန်းဖေး"(Zhang Fei) အား လုံလောက်သော စစ်တပ်ပေးလိုက်သည်။

ထိုအချိန်ဝယ် "ချောင်ချောင်း"(Cao Cao) ၏စခန်း၌ လေပြင်းတစ်ချက်တိုက်ရာမှ တိုင်ကျိုးသွားပြီး အလံလဲကျသွားသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏အကြံပေးတို့ကိုခေါ်ကာ ၎င်းသည်မည်သည့်နိမိတ်ဖြစ်ကြောင်းမေးသည်။
"ရွှင်ယွိ"(Xun Yu) : "အဲ့အချိန်က လေဘယ်အရပ်ကတိုက်တာလည်း။ အလံရဲ့အရောင်ကဘာလည်း"
"လေက အရှေ့တောင်ဘက်ကတိုက်ပြီးတော့ အလံအရောင်က အနီနဲ့အပြာပါ"
"အဓိပ္ပာယ်ကတော့ တစ်မျိုးတည်းပဲ။ ဒီညရန်သူတွေ စခန်းကိုလာတိုက်လိမ့်မယ်"
"ချောင်ချောင်း"(Cao Cao) က ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်မှာပင် "မောင်ကျဲ"(Mao Jie) ရောက်လာကာ ၎င်းဖြစ်ရပ်နှင့်ဆင်တူသောအဖြစ်အပျက်ဖြစ်ကြောင်းလာပြောသည်။ "ချောင်ချောင်း"(Cao Cao) က ထိုနိမိတ်သည် မည်သည်ကိုဆိုလိုကြောင်းမေးရာ "မောင်ကျဲ"(Mao Jie) မှ
"ကျွန်တော့်အထင်ရန်သူတွေ ညဘက်လာတိုက်လိမ့်မယ်" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) : "ဒါနတ်တွေက သတိပေးတာပဲ"

ထို့နောက် စစ်တပ်တို့ကို အဆင်သင့်ပြင်လေသည်။ တပ်ဖွဲ့ကိုးဖွဲ့ခွဲကာ တစ်ဖွဲ့ကို နဂိုနေရာတွင်ပင် စခန်းချစေပြီး ကျန်ရှစ်ဖွဲ့ကို နေရာရှစ်နေရာတွင် တိတ်တဆိတ်စောင့်ထားစေသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျန်းဖေး"(Zhang Fei) တို့စစ်ချီလာသောအချိန်တွင် လရောင်မှာဖျဖျသာရှိနေလေသည်။ ရှောင်ဖေကိုကာကွယ်ရန် "စွန်းချန်"(Sun Qian) ကို လွှဲထားလေသည်။ "ကျန်းဖေး"(Zhang Fei) မှာ ထိုဗျူဟာကို အကြံပြုသူဖြစ်သဖြင့် မြင်းသည်တော်အချို့နှင့် ဦးဆောင်ကာသွားလေသည်။ အနီးသို့ရောက်သော်အခါ ရန်သူတို့မှာ တိတ်ဆိတ်နေပြီး မည်သူမှ မလှုပ်ကြချေ။ သို့သော် ရုတ်တရတ် မီးတို့လင်းသွားသဖြင့် "ကျန်းဖေး"(Zhang Fei) မှာ ရန်သူ့ထောင်ချောက်အတွင်းဝင်မိကြောင်း သိလိုက်သည်။ အရှေ့၊ အနောက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့မှ "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) ၊ "လီတျန်"(Li Dian) နှင့် "ယွီကျင့်"(Yu Jin) တို့ထွက်လာသည်။ အရှေ့မြောက်၊ အနောက်မြောက်၊ အရှေ့တောင်၊ အနောက်တောင်ဘက်မှ "ရှဟိုတွန်း"(Xiahou Dun) ၊ "ရှဟိုယွမ်"(Xiahou Yuan) ၊ "ရွှီဟွမ်"(Xu Huang) နှင့် "ယွဲကျင့်"(Yue Jin) တို့ထွက်လာလေသည်။
"ကျန်းဖေး"(Zhang Fei) သည် ရန်သူ့တပ်မှထိုးဖောက်ရန်ပြင်လေသည်။ သို့သော်လည်း သူ၏စစ်တပ်တို့မှာ မူလက "ချောင်ချောင်း"(Cao Cao) ၏ စစ်သားတို့ဖြစ်လေရာ အချို့တို့က လက်နက်ချကုန်သည်။ အခြေအနေမှာလည်း ဆိုးရွားလာသည်။ "ကျန်းဖေး"(Zhang Fei) သည် "ရွှီဟွမ်"(Xu Huang) နှင့် တွေ့ပြီး တိုက်ရန်ပြင်ရာ အနောက်ဘက်မှ "ယွဲကျင့်"(Yue Jing) ၏တိုက်ခိုက်မှုကိုခံရသည်။ နောက်ဆုံးတွင်မူ ရန်သူ့တပ်မှာ ထိုးဖောက်လာနိုင်ခဲ့သော်လည်း ရှောင်ဖေသို့ရောက်သောအခါ စစ်သားတစ်ဝက်သာကျန်တော့သည်။ တပ်ဆုတ်ရန်လမ်းကြောင်းကိုလည်း တားမြစ်ခံရသည်။ ရွှီကျိုးကိုသွားရန်ပြင်သော်လည်း လမ်းပိတ်ခံထားရသဖြင့် မန်တန်တောင်ကုန်းဘက်သို့ ဆုတ်ခွာရလေသည်။

"လျူဘေ့"(Liu Bei) သည် ရန်သူ့စခန်းနားရောက်သောအခါ ရန်သူကိုတိုက်ရန်ပြင်လေသည်။ သို့သော်လည်း ရန်သူက သူ့နောက်ကျောမှပြန်တိုက်သဖြင့် စစ်သားတစ်ဝက်ဆုံးရှုံးသွားလေသည်။ ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) က ဝင်တိုက်လေသည်။ "လျူဘေ့"(Liu Bei) မှာ ရန်သူတို့၏ဝန်းရံခံရလေသည်။ ထို့အပြင် "ရှဟိုယွမ်"(Xiahou Yuan) ၏ တပ်က နောက်မှလိုက်တိုက်သည်။ "လျူဘေ့"(Liu Bei) သည် သူ့နောက်ကိုကြည့်လိုက်သောအခါ သူ့နောက်တွင် စစ်သားငါးဆယ်ပင်မရှိတော့။ သို့နှင့် ရှောင်ဖေသို့လှည့်ရန်ပြင်သည်။
သို့သော် ထိုနေရာမှ မီးတောက်တို့ကိုမြင်ရသောအခါ အကြံပြောင်းလိုက်ပြီး ရှဖီကိုသွားရန်ပြင်သည်။ သို့သော်လည်း နေရာအနှံ့တွင် ရန်သူတို့ရှိနေလေပြီ။ ထိုးဖောက်ရန်မလွယ်တော့ပြီ။ ထိုအချိန်တွင်ပင် "ယွမ်ရှောက်"(Yuan Shao) ပြောလိုက်သည်ကို အမှတ်ရသဖြင့် တခြားမည်သည့်အကြံမှ မရှိသေးခင် "ယွမ်ရှောက်"(Yuan Shao) ထံသွားရန်ပြင်လေသည်။ ချင်ကျိုးလမ်းကိုသွားရန်ပြင်သော်လည်း ထိုလမ်းကိုလည်း အပိတ်ခံထားရသည်။ နောက်ဆုံးတွင် ရွာတစ်ရွာမှဖြတ်ပြီး မြောက်ဘက်သို့ရောက်သွားသည်။ ထိုအချိန်ဝယ် သူ့၏နောက်လိုက်စစ်သားတို့မကျန်တော့ပြီ။

"လျူဘေ့"(Liu Bei) သည် တစ်နေ့ မိုင်တစ်ရာနှုန်းဖြင့် ချင်ကျိုးမြို့သို့ခရီးဆက်သည်။ မြို့သို့ရောက်သော် မြို့အစောင့်တို့ကိုပြောပြီး မြို့အစောင့်တို့က ထိုမြို့စားကို သတင်းသွားပို့သည်။ ထိုမြို့စားမှာ "ယွမ်ရှောက်"(Yuan Shao) ၏ သားအကြီးဆုံး "ယွမ်ထန်"(Yuan Tan) ဖြစ်လေသည်။ "ယွမ်ထန်"(Yuan Tan) သည် အံ့ဩသွားပြီး မြို့တံခါးဖွင့်ကာ "လျူဘေ့"(Liu Bei) ကိုတွေ့ပြီး ကောင်းကောင်းဆက်ဆံလေသည်။ "လျူဘေ့"(Liu Bei) သည် သူ၏ကျရှုံးမှုအကြောင်းကိုပြောလေရာ နေရာကောင်းကောင်းတည်ခင်းပြီး ပြုစုထားလေသည်။ ထို့နောက် "ယွမ်ထန်"(Yuan Tan) သည် သူ့အဖေထံ စာပို့ပြီး သတင်းပို့လိုက်သည်။ ထို့နောက် "လျူဘေ့"(Liu Bei) ကို ဖင်ယွမ်နယ်စပ်အနီးရောက်သည်အထိစောင့်ရှောက်ရန် အစောင့်တို့နှင့်အတူလွှတ်ပေးလိုက်သည်။
ရဲ့ကျွင်းမြို့ရောက်သောအခါ "ယွမ်ရှောက်"(Yuan Shao) သည် မြို့ပြင်အကွာဆယ်မိုင်မှထွက်ကာ "လျူဘေ့"(Liu Bei) အား ကြိုဆိုပြီး
"ကျွန်တော့်သား နေမကောင်းဖြစ်လို့ ခင်ဗျားကိုလာမကူနိုင်တာပါ။ ဒီလိုတွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ဘဝက ဆန္ဒတစ်ခုပြည့်သွားသလိုပဲ" ဟု ပြောလေသည်။
"ဒီကျွန်တော် လျူဘေ့(Liu Bei) က အရင်တည်းက ခင်ဗျားနဲ့ ပူးပေါင်းခဲ့ချင်တာပါ။ ဒါပေမယ့် အခွင့်မသာခဲ့ပါဘူး။ အခုတော့ ချောင်ချောင်း(Cao Cao) လာတိုက်တော့ စစ်သူကြီးကိုသတိရမိတာနဲ့ ဒီကိုရောက်လာခဲ့တာပါ။ စစ်သူကြီးက လူကောင်းတွေကိုလက်ခံတဲ့လူကိုး။ ကျွန်တော်တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကြွေးပြန်ဆပ်မယ်လို့ ကတိပြုပါတယ်"
"ယွမ်ရှောက်"(Yuan Shao) လည်း "လျူဘေ့"(Liu Bei) ကို ကောင်းကောင်းဆက်ဆံပြီး သူ၏ ဇာတိကျိကျိုးတွင်ပင် အတူနေစေလေသည်။

ရှောင်ဖေကိုသိမ်းပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ရွှီကျိုးမြို့ကိုတိုက်လေသည်။ "မီကျူ"(Mi Zhu) နှင့် "ကျန်းရုံ"(Jian Yong) တို့ထွက်ပြေးပြီးနောက်တွင် "ချန်တန်"(Chen Deng) က လက်နက်ချလိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ့စစ်တပ်နှင့်အတူ မြို့အတွင်းသို့ချီတက်ကာ စစ်ပြီးကြောင်းကြေညာလိုက်သည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) ထိန်းသိမ်းနေသော ရှဖီကိုတိုက်ရန်ပြင်သည်။ ထိုနေရာတွင် "ကွမ်းယွီ"(Guan Yu) မှာ "လျူဘေ့"(Liu Bei) ၏ မိသားစုကိုစောင့်ရှောက်နေသည်။
"ရွှင်ယွိ"(Xun Yu) : "ကွမ်းယွီ(Guan Yu) က ရှဖီမြို့မှာ သူ့အစ်ကိုရဲ့ မိသားစုကိုစောင့်ရှောက်နေတယ်၊ ဝန်ကြီးချုပ်သာ အဲ့မြို့ကိုအမြန်မသိမ်းရင် ယွမ်ရှောက်(Yuan Shao) လက်ထဲပါသွားလိမ့်မယ်"
"ချောင်ချောင်း"(Cao Cao) : "ကွမ်းယွီ(Guan Yu) ရဲ့အရည်အချင်းနဲ့သစ္စာရှိမှုတွေကြောင့် သူ့ကို ကျုပ်က အမြဲလေးစားခဲ့တာ။ ဒါကြောင့် သူ့ကိုကျုပ်လက်အောက်မှာ အမှုထမ်းစေချင်တယ်။ တစ်ယောက်ယောက်ကိုလွှတ်ပြီး လက်နက်ချဖို့ပြောစေမယ်"
"ကောကျား"(Guo Jia) : "သူက လက်နက်ချမှာမဟုတ်ဘူး။ သူက သစ္စာတရားကို တအားတန်ဖိုးထားတဲ့လူဖြစ်တယ်။ သူ့ကိုလက်နက်ချဖို့သွားပြောတဲ့လူက ဒုက္ခရောက်လိမ့်မယ်"

ရုတ်တရတ် လူတစ်ယောက်မှ
"သူနဲ့ ကျွန်တော် နည်းနည်းသိကျွမ်းပါတယ်။ ကျွန်တော်သွားပါရစေ" ဟု ဆိုသည်။ ထိုသူမှာ "ကျန်းလျောင်"(Zhang Liao) ဖြစ်သည်။ "ချန်ယွီ"(Chen Yu) က သူ့ကိုကြည့်ပြီး

"ခင်ဗျားက သူနဲ့သိတာမှန်ပေမယ့် ကွမ်းယွီ(Guan Yu) ကို ကျုပ်တို့ဘက်ပါလို့ရအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူလက်နက်ချတာကလွဲပြီး တခြားရွေးချယ်စရာ မရှိအောင် လုပ်နိုင်တဲ့အကြံ ကျွန်တော့်မှာရှိပါတယ်။ သူဟာ သေချာပေါက် ဝန်ကြီးချုပ်လက်အောက်ရောက်လာစေရမယ်" ဟု ပြောလေသည်။

Comments

Popular posts from this blog

Lookism