သုံးနိုင်ငံခေတ် (၂၁)

အခန်း(၂၁) ဆီးသီးဥယျာဉ်ခြံဝယ် ချောင်ချောင်း(Cao Cao) နှင့် လျူဘေ့(Liu Bei) တို့ သူရဲကောင်းတို့အကြောင်း ဆွေးနွေးခြင်း

"အဲ့လူက ဘယ်သူတုန်း" ဟု ဝိုင်းမေးကြရာ "မာထန်"(Ma Teng) မှ
"ယွီကျိုးနယ်စား လျူဘေ့(Liu Bei) ပါ။ သူက ဒီမှာဆိုတော့ သူ့အကူအညီတောင်းကြည့်ရမယ်" ဟု ပြောသည်။
"တုန်းချန်"(Dong Cheng) : "သူက ဘုရင့်ဦးရီးတော်ဆိုပေမယ့် လက်ရှိမှာ သူက ငါတို့ရန်သူလက်အောက်မှာလေ။ ငါတို့ဘက်ပါနိုင်ပါ့မလား"
"မာထန်"(Ma Teng) : "အမဲလိုက်တဲ့အချိန်တုန်းက ထူးခြားတာတစ်ခုကို သတိထားမိတယ်၊ ချောင်ချောင်း(Cao Cao) က ဘုရင်ကို မထီမဲ့မြင်ပြုတဲ့အချိန်မှာ ကွမ်းယွီ(Guan Yu) က အဲ့နောက်မှာရှိနေခဲ့ပြီး ဒေါသထွက်နေပုံပေါ်တယ်၊ သူ့လက်ကဓားနဲ့ ချောင်ချောင်း(Cao Cao) ကိုတောင် ခုတ်မလို့ရွယ်လိုက်တယ်၊ လျူဘေ့(Liu Bei) က တားလိုက်လို့သာလျှင်မသတ်တော့တာ။ လျူဘေ့(Liu Bei) က ချောင်ချောင်း(Cao Cao) အင်အားတောင့်နေလွန်းလို့သာငြိမ်နေပုံရတယ်၊ ချောင်ချောင်း(Cao Cao) ကို ဆန့်ကျင်ဖို့ခေါ်ရင် သူ သဘောတူမှာ ဧကန်ပဲ"
"ဝူရှီ"(Wu Shi) : "အဲ့လောက်အလျင်စလိုမလုပ်ပါနဲ့ဦး၊ သေချာစဉ်းစားကြပါဦး"
သို့နှင့် သူတို့၏ ဆွေးနွေးမှုပြီးသွားခဲ့သည်။

နောက်ရက်တွင် "တုန်းချန်"(Dong Cheng) သည် ဘုရင့်အမိန့်ကိုယူကာ "လျူဘေ့"(Liu Bei) ထံသွားသည်။ "လျူဘေ့"(Liu Bei) မှလည်း ဧည့်သည်ကိုကြိုဆိုကာ ခန်းမဆောင်တွင်းသို့ခေါ်သွားပြီး စကားစမြည်ပြောကြသည်။
"ဒီအချိန်ကြီး ဦးရီးတော်တုန်းချန်(Dong Cheng) ကိုယ်တိုင်ရောက်လာတယ်ဆိုတော့ တစ်ခုခုအရေးထူးလို့များလား"
"မနက်ဘက်ကြီးလာခဲ့ရင် ချောင်ချောင်း(Cao Cao) က သံသယဝင်နေမှာပေါ့"
ထို့နောက် အရက်ယမကာတို့သောက်ကြရင်း "တုန်းချန်"(Dong Cheng) မှ
"ဟိုရက်က ခင်ဗျားညီက ချောင်ချောင်း(Cao Cao) ကို သတ်မလို့လုပ်တာ ခင်ဗျားဘာလို့ တားလိုက်တာလည်း" ဟုမေးသည်။ "လျူဘေ့"(Liu Bei) လည်း လန့်သွားကာ
"ခင်ဗျားက ဘယ်လို သိတာလည်း" ဟု ပြန်မေးလေသည်။
"ကျုပ်သိတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး"
"အဲ့နေ့က ချောင်ချောင်း(Cao Cao) ရဲ့အပြုအမူတွေကြောင့် ကျွန်တော့်ညီဒေါသထွက်သွားခဲ့တာပါ"


ထိုအခါ "တုန်းချန်"(Dong Cheng) သည် မျက်နှာကိုကာ၍ငိုပြီး
"ဪ...အကယ်၍ နန်းတွင်းအမတ်တွေသာ ကွမ်းယွီ(Guan Yu) လောက် ရဲရင့်မယ်ဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း(Cao Cao) မှ သူ့ကိုလူလွှတ်ပြီး စမ်းသပ်ခိုင်းသည်ဟု အထင်ဖြင့်
"ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) က အမတ်တွေကို ဦးဆောင်နေတာ ဘာများဆိုးရွားနေလို့လည်းဗျ" ဟု ပြန်ပြောသည်။
"တုန်းချန်"(Dong Cheng) မှ မတ်တပ်ရပ်ကာ
"ခင်ဗျားက ဘုရင့်ဆွေတော်မျိုးတော်ဖြစ်လို့ ကျုပ်ကကျုပ်ရဲ့စိတ်ရင်းအမှန်ကိုထုတ်ဖော်ပြောတာ ခင်ဗျားက ဘာကြောင့် ဒီစကားပြောရတာလည်း" ဟု ဆိုလေသည်။
"ကျွန်တော်က ခင်ဗျားလာရတဲ့အကြောင်းအရင်းကို သိချင်လို့ ပြောတာပါ"

ထိုအခါ "တုန်းချန်"(Dong Cheng) သည် သူယူလာသော ဘုရင့်အမိန့်ကိုထုတ်ပြလိုက်ရာ "လျူဘေ့"(Liu Bei) စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် သစ္စာပြုထားကြသော လူတို့၏စာရင်းကိုပါပြလေသည်။ ထိုသူတို့မှာ "တုန်းချန်"(Dong Cheng) ၊ "ဝမ်ကျီဖူ"(Wang Zifu) ၊ "ချုံးကျီ"(Chong) ၊ "ဝူရှီ"(Wu Shi) ၊ "ဝူကျိလန်"(Wu Zilan) နှင့် "မာထန်"(Ma Teng) တို့ဖြစ်သည်။
"လျူဘေ့"(Liu Bei) မှ
"ခင်ဗျားက ဒီလိုအမိန့်ပါလာမှာတော့ ကျွန်တော် မနာခံပဲဘယ်နေပါ့မလည်း" ဟုဆိုကာ ထိုစာပေါ်တွင် သူ၏နာမည်နှင့် လက်မှတ်တို့ကို ရေးထိုးကာ စာရွက်ကို "တုန်းချန်"(Dong Cheng) ထံ ပြန်အပ်လိုက်သည်။

"ဒါဆို နောက်ထပ်လူသုံးယောက်လောက် ထပ်ရှာပြီးရင်တော့ လုပ်ငန်းကြီးစလို့ရပြီ"
"ဒါပေမယ့် ဒါကို သတိထားပြီး လုပ်ဆောင်ရမယ်"
ထိုသူနှစ်ဦးတို့သည် မနက်အရုဏ်တက်ခါနီးအထိ ဆွေးနွေးကြပြီးနောက် "တုန်းချန်"(Dong Cheng) ပြန်သွားသည်။

ထိုရက်မှစကာ "ချောင်ချောင်း"(Cao Cao) သံသယမဝင်စေရန် "လျူဘေ့"(Liu Bei) သည် သူ့ပန်းခြံထဲတွင်ပင် အပင်စိုက်ခြင်း၊ ရေလောင်းခြင်း၊ အပင်တို့ကိုပေါင်းသင်ခြင်းတို့ဖြင့် အချိန်တို့ကို ကုန်လွန်စေသည်။
"ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့က ထိုသို့မလုပ်ရန်လာတားလေရာ "လျူဘေ့"(Liu Bei) မှ
"ဒါ ငါလုပ်တာ အကြောင်းရှိတယ်" ဟု ပြောလိုက်သဖြင့် ညီနှစ်ဦးတို့က ဘာမှထပ်မပြောတော့ပေ။

ထိုညီနှစ်ဦးတို့မရှိသောတစ်ရက်တွင် "လျူဘေ့"(Liu Bei) ၏ ပန်းခြံအတွင်းသို့ "ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီချူ"(Xu Chu) တို့ ရောက်လာရာ "လျူဘေ့"(Liu Bei) မှ
"ဘာအကြောင်းထူးရှိလို့လည်း" ဟု မေးလေသည်။
"ဘာအကြောင်းထူးရှိလည်းတော့မသိပေမယ့် ဝန်ကြီးချုပ်က ဖိတ်ခိုင်းလိုက်လို့ပါ"
သို့နှင့် "လျူဘေ့"(Liu Bei) လည်း "ချောင်ချောင်း"(Cao Cao) ထံသွားလေသည်။ "လျူဘေ့"(Liu Bei) ရောက်သော် "ချောင်ချောင်း"(Cao Cao) မှ
"အိမ်မှာ အလုပ်ကြီးအကိုင်ကြီးလုပ်နေတယ်နော်" ဟု ပြောလိုက်သည်။ထိုအခါ "လျူဘေ့"(Liu Bei) မျက်နှာနည်းနည်းပျက်သွားလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) ကို ဥယျာဉ်အတွင်းခေါ်သွားသည်။
"ခင်ဗျား သင်ယူနေတဲ့အပင်စိုက်ပျိုးမှုက ခက်ခဲတယ်"
"ဒါ အလုပ်ကြီးအကိုင်ကြီးလို့ မဆိုနိုင်ပါဘူး၊ အပျင်းပြေလုပ်နေတာပါ"
"ချောင်ချောင်း"(Cao Cao) မှ ဤသို့ပြောလေသည်။
"ဒီနေ့အပင်ပေါ်က ဆီးသီးတွေကိုမြင်မိတော့ ကျုပ်အတွေးတွေက လွန်ခဲ့တဲ့တစ်နှစ် ကျန်းရှို့(Zhang Xiu) နဲ့တိုက်တဲ့အချိန်ကို ပြန်သတိရမိသွားတယ်၊ အဲ့အချိန်တုန်းက ရေငတ်တော့ ရေဆာနေတဲ့အချိန်မှာ တောအုပ်ထဲက ဆီးပင်တွေကို တွေ့လိုက်တယ်၊ ကျုပ်က အဲ့ဆီးပင်တွေကို လက်ညှိုးညွှန်ပြီးပြတော့ စစ်သားတွေက သွားရည်ယိုခဲ့ကြတယ်၊ ပြောရမယ်ဆိုရင် အဲ့ဆီးပင်တွေက ကျုပ်အပေါ် ကျေးဇူးရှိတယ်ဗျ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် သံသယအလျင်းမရှိတော့ပဲ "ချောင်ချောင်း"(Cao Cao) နှင့်အတူ ဆီးပင်များစိုက်ထားသော ဥယျာဉ်သို့ လိုက်သွားသည်။ ထိုဥယျာဉ်အတွင်းရှိ အမိုးအောက်ဝယ် အရက်နှင့် ဆီးသီးတို့ကိုတည်ခင်းကာ "လျူဘေ့"(Liu Bei) အား ဧည့်ခံသည်။ သူတို့သောက်စားနေသည့်အချိန်တွင် မိုးတိမ်တို့သည် ညှို့တက်လာကာ တိမ်တို့မှာ နဂါးပုံပြောင်းသွားသည်ကို အစောင့်တို့က တအံ့တဩဖြင့်လက်ညှိုးညွှန်ကာ ပြောနေကြသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "လျူဘေ့"(Liu Bei) အား
"နဂါးတွေရဲ့ ပြောင်းလဲမှုဆင့်ကဲဖြစ်စဉ်ကို ခင်ဗျားသိလား" ဟုမေးသည်။
"သေချာမသိပါဘူး"

"နဂါးတွေက ပုံစံအမျိုးမျိုးပြောင်းနိုင်တယ်၊ ဟိုးအမြင့်ကြီးမှာ ထည်ထည်ဝါဝါနေနိုင်သလို ပုန်းကွယ်ပြီးလည်း နေနိုင်တယ်၊ မိုးတိမ်တွေကို ဖန်တီးပြီး မြူတွေကို ဖြစ်စေတယ်၊ သစ်တုံးလေးသာမက အရိပ်ကိုလည်း ပျောက်အောင်ဖွက်နိုင်တယ်၊ ဟိုးကောင်းကင်ဘုံအထက်မှာလည်း ရှိနေနိုင်သလို ဟိုးအဏ္ဏဝါအောက်မှာလည်း နေနိုင်ကြတယ်၊ အခုက နွေဦးအလယ်လောက်ဆိုတော့ နဂါးက သူဘာပုံစံပြောင်းရမလည်းဆိုတာတွေးနေပြီ၊  လူက ကိုယ့်အိပ်မက်အတွက် လောကကြီးကိုအောင်နိုင်ဖို့ ကြိုးစားနေသလိုပေါ့၊ တိရစ္ဆာန်မှာဆိုရင်တော့ နဂါး၊ လူအနေနဲ့ပြောရင်တော့ သူရဲကောင်းလို့ ပြောလို့ရတယ်ဗျ၊ စစ်သူကြီးက နေရာအနှံ့ရောက်ဖူးတယ်ဆိုတော့ ဒီခေတ်ဒီအခါရဲ့ သူရဲကောင်းတွေကို ပြောကြည့်ပါလား"
"ကျွန်တော်က ဉာဏ်ထိုင်းတဲ့လူဆိုတော့ ဒါတွေဘယ်သိပါ့မလည်းဗျာ"

"ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့"
"ဝန်ကြီးချုပ်ရဲ့ကျေးဇူးကြောင့်သာလျှင် ကျွန်တော် နန်းတွင်းမှာရာထူးတစ်ခုရခဲ့တာ။ ဒါပေမယ့် ဘယ်သူက သူရဲကောင်းတွေလည်းဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး"
"ခင်ဗျား သူတို့ကိုမြင်ဖူးချင်မှ မြင်ဖူးမှာဖြစ်ပေမယ့် ကြားဖူးနားဝတွေတော့ ရှိမှာပါ"
"စစ်တပ်ကြီးပိုင်ဆိုင်ထားတဲ့ ဟွိုင်မြစ်တောင်ဘက်က ယွမ်စု(Yuan Shu) ဆိုရင်ကော?"
"ချောင်ချောင်း"(Cao Cao) မှ ရယ်မောပြီး
"သင်္ချိုင်းကုန်းထဲဝင်ခါနီး ပုတ်တော့မယ့်အရိုးခြောက်သာသာပါဗျာ၊ မကြာခင် ကျုပ်သူ့ကို ရှင်းပစ်တော့မှာ" ဟု ပြောသည်။

"ယွမ်ရှောက်(Yuan Shao) ဆိုရင်ကော၊ သူတို့မိသားစုက မျိုးရိုးစဉ်ဆက်လေးဆက်လုံး နန်းတွင်းမှာအမှုထမ်းလာခဲ့တာ၊ တစ်တိုင်းပြည်လုံးမှာ သူတို့အဆက်အသွယ်တွေရှိတယ်၊ ဒါအပြင် သူ့လက်အောက်မှာ လူတော်တွေလည်းရှိတယ်၊ သူကော သူရဲကောင်းမဟုတ်ပေဘူးလား"
"သူက သူများတွေကို အနိုင်ကျင့်ပေမယ့် ငကြောက်တစ်ယောက်ပဲ၊ အကြံအကြီးကြီးတွေလည်းလုပ်ချင်တယ်၊ ဆုံးဖြတ်ချက်လည်း မခိုင်မာဘူး၊ စတေးသင့်တာကို မစတေးနိုင်ဘူး၊ မျက်စိတစ်ထောက်စာက အကျိုးလောက်အတွက်နဲ့ ရေရှည်အကျိုးကို စွန့်လွှတ်တတ်တယ်၊ ဒီလိုလူမျိုးက သူရဲကောင်းဖြစ်မလာပါဘူး"

"ဒါဆို ကျင်ကျိုးက လျူပြောင်း(Liu Biao) ဆိုရင်ကော? သူကပြီးပြည့်စုံတဲ့လူဆိုပြီး နာမည်ကြီးတယ်၊ သူ့ဂုဏ်က အရပ်ရပ်မှာကျော်ကြားတယ်၊ သူ့ကိုကော သူရဲကောင်းလို့ မခေါ်ထိုက်ဘူးလား"
"အဲ့လူက သက်သက် အလကားနာမည်ကြီးနေတာပါ၊ သူလည်း သူရဲကောင်း မဟုတ်ပါဘူး"

"တောင်ပိုင်းက စွန်းချဲ့(Sun Ce) ကော ဘယ်နှယ့်တုန်း"
"သူက သူ့အဖေနာမည်ကျော်ခဲ့လို့သာ ဒီလောက်ဖြစ်လာတာပါ၊ သူလည်း သူရဲကောင်းလို့ သတ်မှတ်လို့မရဘူး"
"ရီကျိုးက လျူကျန်း(Liu Zhang) ဆိုရင်ကော?"
"သူက ဘုရင့်ဆွေတော်မျိုးတော်ဖြစ်ပေမယ့် အိမ်စောင့်ခွေးသာသာပဲရှိတယ်၊ ခင်ဗျားက သူ့ကို သူရဲကောင်းလို့ ပြောစရာလား"
"ဒါဆို ကျန်းရှို့(Zhang Xiu) ၊ ကျန်းလူ(Zhang Lu) ၊ ဟန်ဆွေ(Han Sui) နဲ့ တခြားလူတွေရော?"
ထိုအခါ "ချောင်ချောင်း"(Cao Cao) က လက်ခုတ်လက်ဝါးတီးကာ ကျယ်လောင်စွာ ရယ်မောပြီး
"ဒီလိုလူတွေအကြောင်း စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး" ဟု ဆိုသည်။

"အဲ့လူတွေကလွဲရင် ကျွန်တော် မသိတော့ပါဘူး"
"မြင့်မားတဲ့အတွေးနဲ့ အကြံဉာဏ်တွေပြည့်နေတဲ့လူကိုမှ သူရဲကောင်းလို့ခေါ်တာ၊ သူတို့မှာ စီမံကိန်းတွေ အသင့်ရှိနေတယ်၊ လောကကြီးက သူတို့ထိန်းချုပ်မှုအောက်မှာပဲပေါ့ဗျာ"
"ဒီလိုကြီးမြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလိမ့်"


ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ့ရှေ့မှ "လျူဘေ့"(Liu Bei) ကို လက်ညှိုးထိုးပြီးနောက် သူ့ကိုယ်သူ လက်ညှိုးထိုးကာ
"ဒီလောကကြီးမှာ သူရဲကောင်းက ခင်ဗျားနဲ့ကျုပ်ပဲ ရှိတယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) သည် လန့်သွားကာ လက်ထဲမှ ဇွန်းနှင့်တူသည် မြေပေါ်သို့ကျသွားလေသည်။ ထိုအချိန်တွင်ပင် ကျယ်လောင်သော မိုးခြိမ်းသံထွက်ပေါ်လာပြီး မိုးတို့ရွာကျလာသည်။ "လျူဘေ့"(Liu Bei) သည် ပြုတ်ကျသွားသော ပစ္စည်းတို့ကို ကောက်ကာ
"လန့်သွားတာပဲ၊ တော်ပါသေးရဲ့" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားက မိုးခြိမ်းတာကို ကြောက်တယ်လား" ဟု မေးရာ "လျူဘေ့"(Liu Bei) မှ
"ဒီလို မိုးကြီးလေကြီးကို မကြောက်တဲ့လူ ဘယ်ရှိပါ့မလဲ" ဟု ပြန်ပြောလိုက်ပြီး တကယ့်တကယ် တူကျသွားသော အကြောင်းအရာကို ဖုံးကွယ်လိုက်သည်။

မိုးတိတ်သွားချေပြီ၊ ဥယျာဉ်အတွင်းသို့ လူနှစ်ဦးရောက်လာသည်၊ ထိုသူတို့ကား "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ဖြစ်သည်။ "လျူဘေ့"(Liu Bei) အား "ချောင်ချောင်း"(Cao Cao) ဆင့်ခေါ်သည့်အချိန်ဝယ် သူ့ညီနှစ်ဦးတို့က မြားပစ်လေ့ကျင့်နေသည်။ "လျူဘေ့"(Liu Bei) ကို ခေါ်သွားကြောင်းသိပြီးနောက်တွင် ထိုနှစ်ဦးတို့လည်း အလျင်အမြန် ဥယျာဉ်အတွင်းသို့ လိုက်လာကြခြင်းဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) နှင့် "လျူဘေ့"(Liu Bei) တို့ စကားပြောနေသည်ကိုမြင်သောအခါ ထိုညီအစ်ကိုနှစ်ဦးတို့က တစ်နေရာတွင် စောင့်နေကြသည်။

"ချောင်ချောင်း"(Cao Cao) မှ ထိုနှစ်ဦးကို
"ဘာလို့ရောက်လာတာတုန်း" ဟု မေးသည်။
"ဝန်ကြီးချုပ်က ကျွန်တော့်အစ်ကိုကို အရက်သောက်ဖို့ ဖိတ်ခေါ်သွားတော့ ကျွန်တော်တို့က ဓားရေးပြပြီး ဖျော်ဖြေဖို့ ရောက်လာတာပါ"
"ချောင်ချောင်း"(Cao Cao) : "ဒါက ဟုန်မန်စားပွဲမှ မဟုတ်တာ၊ "Xiang Chang" နဲ့ "Xiang Ba" တို့ ဓားရေးပြစရာ မလိုပါဘူး
ထိုစကားကိုကြားသော် "လျူဘေ့"(Liu Bei) ပြုံးလေသည်။ ထို့နောက် အရက်တို့သောက်ပြီးကြသော် အသီးသီး အိမ်သို့ ပြန်ကြလေသည်။

[ဟုန်မန်စားပွဲ(Hongmen Banquet) - ထိုအချိန်သည် ဟန်ခေတ်တည်ထောင်သူဘုရင်ဖြစ်လာမည့် Liu Bang မှာ မြို့စားအဆင့်သာရှိသေးပြီး သူနှင့်အတူ အနောက်ဘက်ချူနိုင်ငံဘုရင် Xiang Yu တို့သည် ချင်အစိုးရကို တော်လှန်သည့်အချိန်ဖြစ်သည်။ Liu Bang က ချင်မြို့တော် လော့ရန်ကို အလျင် သိမ်းနိုင်လိုက်သည်က Xiang Yu အတွက် အရှက်ရစေခဲ့သည်။ သို့နှင့် Xiang Yu က Liu Bang ကို တိုက်မည်ပြုရာ သူ့ဦးလေးဖြစ်သူ Xiang Ba က ကြားဝင်စေ့စပ်ကာ Liu Bang ကို Xiang Yu တပ်စခန်းချထားရာ ဟုန်မန်သို့ အရက်သောက်ရန် ဖိတ်ခေါ်လိုက်သည်။ Xiang Yu ၏ အကြံပေး Fan Zeng မှ Xiang Chang ဆိုသူအား စားသောက်ပွဲအတွင်းဝယ် ဓားရေးပြချင်ယောင်ဆောင်ကာ Liu Bang ကို သတ်ရန် အမိန့်ပေးလိုက်သည်။ ထိုစားသောက်ပွဲဝယ် Xiang Chang က ဓားရေးပြပြီး Liu Bang ကို သတ်မည်အလုပ်ဝယ် Xiang Ba ကဝင်ပြီး သူပါ ဓားရေးပြသည့်ဟန်ဖြင့် Xiang Chang တိုက်သည်ကို ခုခံလိုက်သည်၊ မကြာမီပင် Liu Bang ၏ စစ်သူကြီး Fan Kuai ရောက်လာကာ ထိုလူသတ်ရန်ကြံစည်သည့်အကြောင်းကို ပြောလေရာ အရှုပ်အထွေးဖြစ်ပြီး ထိုအရှုပ်အထွေးကြားဝယ် Liu Bang ထွက်ပြေးလွတ်မြောက်သွားသည်။"]

"ကွမ်းယွီ"(Guan Yu) : "ကျွန်တော်တို့က ဘာဖြစ်တာလည်းလို့ သေမတတ်လန့်သွားတယ်"
ထို့နောက် "လျူဘေ့"(Liu Bei) က အဖြစ်အပျက်တို့ကို ပြောလေရာ ညီနှစ်ဦးတို့က အကြောင်းအရင်းကို မေးလေသည်။ 
"ငါ စိုက်ပျိုးရေးတွေ လုပ်နေတာက ချောင်ချောင်း(Cao Cao) က ငါ့အကြံတွေကို သံသယမဝင်အောင်လို့၊ ဒါပေမယ့် သူက ငါ့ကို သူရဲကောင်းအနေနဲ့ပြောလိုက်တဲ့အချိန်မှာ သူ ငါ့အပေါ်သံသယဝင်နေသလားဆိုပြီး လန့်သွားခဲ့တယ်၊  ကံကောင်းထောက်မစွာနဲ့ပဲ အဲ့အချိန်မှာ  လျပ်စီးလက်တော့ အကြောင်းပြစရာ ရသွားခဲ့တယ်"
"အစ်ကိုကြီးက ဉာဏ်ကြီးပါပေတယ်"

နောက်ရက်တွင်လည်း "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) ကို ခေါ်ကာ အရက်သောက်ကြပြန်သည်။ ထိုအချိန်တွင် "မန်ချုံး"(Man Chong) ရောက်လာကာ
"ကုန်းစွန်းကျန့်(Gongsun Zan) က ယွမ်ရှောက်(Yuan Shao) ရဲ့ ချေမှုန်းမှုခံလိုက်ရပြီ" ဟု သတင်းလာပို့လေသည်။
ထိုအခါ "လျူဘေ့"(Liu Bei) မှ ဝင်၍
"အသေးစိတ်ပြောပြပါလား၊ သိချင်လို့" ဟု ဝင်ပြောသည်။
"သူတို့နှစ်ယောက် စစ်ဖြစ်တော့ နောက်ပိုင်း ကုန်းစွန်းကျန့်(Gongsun Zan) က အခြေအနေမကောင်းတဲ့အတွက် ခံစစ်အနေနဲ့ပဲ ခုခံခဲ့တယ်၊ စစ်တပ်တွေကို မျှော်စင်အကြီးကြီးတစ်ခုဆောက်စေပြီး ရီကျင်းမျှော်စင်လို့ ခေါ်စေခဲ့တယ်၊ အဲ့နောက်မှာတော့ သူ့အိမ်တော်ထဲကိုဆန်စပါးတွေ၊ ရိက္ခာတွေအများကြီး သိုလှောင်ထားခဲ့တယ်၊ သူ့စစ်သားတွေကတော့ တိုက်တဲ့အဖွဲ့ကတိုက်၊ နားတဲ့အဖွဲ့က နားနဲ့ တရစပ်ခုခံနေခဲ့တယ်၊ ဒါပေမယ့် တစ်ရက်မှာ စစ်တပ်တစ်ခုက အဝန်းရံခံခဲ့ရတာ စစ်ကူတောင်းတော့ သူက 'သူ့ကိုသာသွားကယ်လိုက်ရင် တခြားလူတွေလည်း အကယ်ခံချင်မှာပေါ့၊ ဘယ်သူမှ အလုပ်ကောင်းကောင်းလုပ်တော့မှာမဟုတ်ဘူး' ဟု ပြောခဲ့တယ်လို့ဆိုတယ်၊ အဲ့ဒါကြောင့် သူ့စစ်သားတွေက သူ့ဘက်မှာ မတိုက်ချင်တော့ပဲ ရန်သူတပ်တွေဘက်ကူးပြောင်းသွားခဲ့တယ်၊ မြို့တော်ကိုစာပို့ပြီး စစ်ကူတောင်းဖို့ကြိုးစားပေမယ့်လည်း လမ်းမှာအဖမ်းခံလိုက်ရတယ်၊ ကျန်းရန်(Zhang Yang) ဆီ စစ်ကူတောင်းဖို့ လူလွှတ်တော့လည်း အဲ့ဆတ်သားကို ယွမ်ရှောက်(Yuan Shao) ဘက်က ဖမ်းမိသွားတယ်၊ အဲ့နောက်မှာတော့ ယွမ်ရှောက်(Yuan Shao) က အလစ်တိုက်တာ ကုန်းစွန်းကျန့်(Gongsun Zan) အကြီးအကျယ်ဆုံးရှုံးသွားခဲ့တယ်၊ နောက်ဆုံး အဝန်းရံခံခဲ့ရပြီး သူ့မျှော်စင်ကိုလည်း မီးရှို့ခံရတဲ့အချိန်မှာ မလွတ်တော့မှန်းသိတဲ့ ကုန်းစွန်းကျန့်(Gongsun Zan) ဟာ သူ့ဇနီးနဲ့သားသမီးတွေကို သတ်ပြီးနောက် သူ့ကိုယ်သူ ဆွဲကြိုးချပြီး သတ်သေခဲ့တယ်၊ နောက်တော့ မီးက သူ့ကိုရော သူ့မိသားစုတွေကိုပါ ဝါးမြိုသွားခဲ့တယ်"

"ယွမ်ရှောက်"(Yuan Shao) ဟာ စစ်ရှုံးသွားတဲ့စစ်တပ်တွေကို သူ့တပ်ထဲထည့်ပြီးနောက်မှာတော့ အင်အားပိုကြီးလာခဲ့တယ်။ သူ့ညီဖြစ်တဲ့ ယွမ်စု(Yuan Shu) က အခု ဟွိုင်မြစ်မှာ သူ့ကိုယ်သူအထင်ကြီးပြီး ပြည်သူတွေကို ဖိနှိပ်တဲ့အတွက် လူတွေက သူ့ကို ဆန့်ကျင်ကုန်ပြီ၊ အခုတော့ ဘုရင်ရာထူးကို သူ့အစ်ကိုကို လွှဲပေးမယ်ဆိုပြီး ကမ်းလှမ်းတဲ့အခါ ယွမ်ရှောက်(Yuan Shao) က သူ့ညီဆီက ဘုရင့်တံဆိပ်တုံးကိုပါတောင်းတာကို သူ့ညီက လက်ခံခဲ့တယ်။ အခုတော့ ယွမ်စု(Yuan Shu) ဟာ ဟွိုင်မြစ်ကို စွန့်ခွာပြီး ယွမ်ရှောက်(Yuan Shao) နဲ့ သွားတွေ့ဖို့လုပ်နေပြီ၊ သူတို့နှစ်ဦးသာပေါင်းသွားရင် ပိုပြီး အန္ထရာယ်ရှိလာလိမ့်မယ်"

ထိုသတင်းကား သတင်းဆိုးကြီးပင်တည်း။ "လျူဘေ့"(Liu Bei) သည် အောင်မြင်ပျော်ရွှင်ခဲ့သော နေ့ရက်များကို တွေးမိကာ စိတ်မကောင်းဖြစ်မိသည်။ သေဆုံးသွားခဲ့သော "ကုန်းစွန်းကျန့်"(Gongsun Zan) သည် သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးလေသည်။ ထို့အပြင် "ကျောက်ယွင်"(Zhao Yun) လည်း မည်သို့မည်ပုံဖြစ်သွားသည်ကို သိချင်မိလေသည်။ ထို့နောက် စိတ်အတွင်းမှ
'ဒါက ချောင်ချောင်း(Cao Cao) လက်ကနေ လွှတ်ဖို့ အခွင့်အရေးပဲ' ဟု တွေးမိသည်။

"လျူဘေ့"(Liu Bei) သည် မတ်တပ်ရပ်ကာ "ချောင်ချောင်း"(Cao Cao) အား
"ယွမ်စု(Yuan Shu) သာ သူ့အစ်ကိုနဲ့တွေ့မယ်ဆို သူ သေချာပေါက် ရွှီကျိုးကို ဖြတ်သွားရမှာပဲ၊ ကျွန်တော့်ကို စစ်တပ်ပေးလိုက်ပါ၊ အဲ့တပ်နဲ့ လမ်းမှာ ယွမ်စု(Yuan Shu) ကို တားပြီး သူ့ကို ချေမှုန်းလိုက်ပါ့မယ်" ဟု ပြောသည်။
"မနက်ဖြန် အရှင်မင်းမြတ်ကို လျှောက်တင်ပြီးရင် စစ်တပ်ပေးပါ့မယ်"
နောက်ရက်တွင် "လျူဘေ့"(Liu Bei) ကို စစ်တပ် ငါးသောင်းနှင့်အတူ စစ်သူကြီး "ကျူလင်"(Zhu Ling) နှင့် "လုကျောက်"(Lu Zhao) တို့ကိုပါ လွှတ်လိုက်သည်။

"လျူဘေ့"(Liu Bei) နှင့် ခွဲခွာခါနီးတွင် ဘုရင်က ဝမ်းနည်းသဖြင့် မျက်ရည်တို့ကျလာသည်။ ထို့နောက် "လျူဘေ့"(Liu Bei) သည် အိမ်သို့ပြန်ကာ အထုတ်အပိုးတို့ ပိုးရန် ပြင်သည်။ "တုန်းချန်"(Dong Cheng) သည် မြို့မှ သုံးမိုင်အကွာထိလိုက်ကာ နှုတ်ဆက်လေသည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ဒီခရီးဟာ ကျွန်တော်တို့အကြံအစည်အတွက် အထောက်အပံ့ဖြစ်စေမှာပါ"
"အဲ့အကြံအစည်အောင်မြင်ဖို့အတွက်ပဲ စိတ်ထဲနှစ်ထားပါ၊ အရှင်မင်းမြတ်က ကျုပ်တို့ကိုလိုအပ်တယ်ဆိုတာ မမေ့ပါနဲ့"
သို့နှင့် သူတို့သည် ထွက်ခွာသွားကြသည်။ သူ့ညီနှစ်ဦးတို့က "လျူဘေ့"(Liu Bei) အလျင်လိုနေရခြင်း အကြောင်းကိုမေးရာ "လျူဘေ့"(Liu Bei) မှ
"ငါက လှောင်အိမ်ထဲကငှက်လို၊ ပိုက်ကွန်ထဲကငါးလိုဖြစ်နေခဲ့တယ်။ အခုတော့ ငါးကပင်လယ်ထဲပြန်ရောက်သွားသလို၊ ငှက်က အပြာရောင်ကောင်းကင်ကြီးဆီ ပြန်ရောက်သွားလိုပဲ လွတ်လပ်သွားခဲ့ပြီ၊ ငါ ထိန်းချုပ်မှုအောက်မှာ သေးသိမ်ခဲ့ရတယ်" ဟု ပြောလေသည်။ ထို့နောက် "ကျူလင်"(Zhu Ling) နှင့် "လုကျောက်"(Lu Zhao) တို့ကို မြန်မြန်ခရီးနှင်ရန် ပြောလိုက်သည်။

ကွမ်းယွီ(Guan Yu) မှ ရွှီကျိုးကို သိမ်းခြင်း
"လျူဘေ့"(Liu Bei) ထွက်သွားသည့်အချိန်ဝယ် "ကောကျား"(Guo Jia) နှင့် "ချန်ယွီ"(Cheng Yu) တို့သည် ဂိုထောင်ရိက္ခာတို့ကို သွားစစ်ဆေးသည့်အချိန်ဖြစ်သဖြင့် "ချောင်ချောင်း"(Cao Cao) အနားတွင် မရှိပေ။ သို့သော်လည်း ထိုအကြောင်းကိုကြားသည်နှင့် ထိုသူနှစ်ဦးတို့သည် သူ့သခင်ထံသွားကာ "လျူဘေ့"(Liu Bei) ကို လွှတ်လိုက်သည့်အကြောင်းမေးကြသည်။
"ချောင်ချောင်း"(Cao Cao) : "သူ ယွမ်စု(Yuan Shu) ကို တိုက်ဖို့လွှတ်လိုက်တာ"
"ချန်ယွီ"(Cheng Yu) : "အရင်သူ ယွီကျိုးနယ်စားဖြစ်ခဲ့စဉ်က သူ့ကို သေဒဏ်ပေးသင့်တယ်လို့အကြံပေးတာကို သခင်ကြီးက လက်မခံခဲ့ဘူး၊ အခုတော့ သူ့ကိုဒီလိုစစ်တပ်ပေးလိုက်တာဟာ နဂါးကို ပင်လယ်ထဲလွှတ်လိုက်သလို၊ ကျားကိုတောထဲလွှတ်ပေးလိုက်သလိုပဲ။ အနာဂတ်မှာ ဘယ်လိုများ ထိန်းချုပ်နိုင်မလဲ"
"ကောကျား"(Guo Jia) : "သူ့ကို  သေဒဏ်မပေးချင်ဘူးဆိုရင်တောင် သူ့ကို မလွှတ်လိုက်သင့်ဘူး။ ရန်သူကိုတစ်ရက်လောက်လွှတ်ပေးလိုက်ရင် အကြာကြီးဒုက္ခပေးတာခံရလိမ့်မယ်။ ဒါကို လက်ခံသင့်တယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုစကားတို့ကို အကြောင်းအကျိုးသင့်သည်ဟု ယူဆပြီး "ရွှီချူ"(Xu Chu) အား မြင်းသည်တော်ငါးရာဖြင့် "လျူဘေ့"(Liu Bei) အားပြန်ခေါ်ရန် အမိန့်ပေးလိုက်သည်။ "လျူဘေ့"(Liu Bei) သည် နောက်ဘက်မှ ဖုန်မှုန့်တို့တထောင်းထောင်းထမိသည်ကို သတိပြုလေရာ "လျူဘေ့"(Liu Bei) က သူ့နောက်မှ "ချောင်ချောင်း"(Cao Cao) တပ်လိုက်လာသည်သိလေသဖြင့် သူ့ညီတို့အား "နောက်ကတော့ လိုက်လာပြီ" ဟု ပြောလေသည်။
ထို့နောက် သူ့ညီတို့အား ဘယ်၊ညာ အဆင်သင့်နေစေပြီး အသင့်ပြင်ထားစေသည်။ "ရွှီချူ"(Xu Chu) ရောက်လာသော် "လျူဘေ့"(Liu Bei) တပ်က စစ်တိုက်ရန်အသင့်အနေအထားပြင်ထားသည်ကို သတိပြုမိသည်။ "ရွှီချူ"(Xu Chu) က မြင်းပေါ်မှဆင်းကာ "လျူဘေ့"(Liu Bei) နှင့် တွေ့လေသည်။
"စစ်သူကြီးက ဘာကြောင့်များ ရောက်လာပါလဲ?"
"ဝန်ကြီးချုပ်က ဦးရီးတော်နဲ့ဆွေးနွေးစရာရှိလို့ ခေါ်ခိုင်းလိုက်လို့ပါ"
"စစ်သူကြီးတစ်ဦးက စစ်ချီတက်ပြီဆိုရင် နန်းတွင်းအမိန့်ဆိုရင်တောင် နာခံဖို့မလိုတော့ဘူး၊ ကျွန်တော်က ဘုရင့်ကိုလည်း နှုတ်ဆက်ခဲ့ပြီးသလို ဒီအမိန့်က ဝန်ကြီးချုပ်ကိုယ်တိုင်ပေးခဲ့တာပါ။ ဝန်ကြီးချုပ်နဲ့ တခြားဆွေးနွေးစရာမရှိဘူးလို့ ပြန်ပြောလိုက်ပါ"

"ရွှီချူ"(Xu Chu) မှာ ဘာလုပ်ရမည် မသိပဲ ဤသို့တွေးမိသည်။
'ဝန်ကြီးချုပ်က လျူဘေ့(Liu Bei) နဲ့ ရင်းနှီးမှုကို တန်ဖိုးထားပုံရတယ်၊ ဒါ့အပြင် လျူဘေ့(Liu Bei) ကို သတ်ဖို့အမိန့်လည်း မရခဲ့ဘူး။ ဒီတော့ပြန်သွားပြီး ဘာအမိန့်ပေးမလည်း မေးရမယ်'
သို့နှင့် "ရွှီချူ"(Xu Chu) ပြန်လှည့်သွားသည်။ "ချောင်ချောင်း"(Cao Cao) မှာ ဆုံးဖြတ်ချက်ချရန် နှောင့်နှေးနေမိသည်။ "ချန်ယွီ"(Cheng Yu) နှင့် "ကောကျား"(Guo Jia) တို့က
"ဒီလိုမပြန်ဘူးလို့ ငြင်းဆန်တာဟာ သခင်ကြီးကို ဆန့်ကျင်ချင်လို့ပဲ" ဟု ပြောသည်။
"ဒါပေမယ့် ငါ့လူနှစ်ယောက် ထည့်ပေးလိုက်သေးတယ်လေ၊ အဲ့တော့ ဘာမှ ထင်ပေါ်တဲ့ဆန့်ကျင်မှုတော့ လုပ်ရဲမှာမဟုတ်ဘူး။ ဒါ့အပြင် ငါကိုယ်တိုင်ပေးထားတဲ့အမိန့်ကို ပြန်ပြောင်းရင် မကောင်းဘူး"
သို့နှင့် "လျူဘေ့"(Liu Bei) နောက်သို့ ဆက်မလိုက်တော့ပေ။
"လျူဘေ့"(Liu Bei) သည် စစ်တပ်ကိုဦးဆောင်ကာ ထွက်သွားပြီဟူသောသတင်းကြားသည့်အခါ "မာထန်"(Ma Teng) သည်လည်း အရေးကြီးကိစ္စရှိသည်ဟုအကြောင်းပြကာ သူ့နယ်ရှီလျန်သို့ပြန်သွားသည်။
"လျူဘေ့"(Liu Bei) ရွှီကျိုးသို့ရောက်သော "ချဲ့ကျိုး"(Che Zhou) မှ ထွက်လာကာ ကြိုဆိုသည်။ ပြီးနောက် "မီကျူ"(Mi Zhu) နှင့် "စွန်းချန်"(Sun Qian) တို့က "ချဲ့ကျိုး"(Che Zhou) နှင့်သွားတွေ့လေသည်။ "လျူဘေ့"(Liu Bei) လည်း သူ့အိမ်တော်သို့ပြန်ကာ သူ့မိသားစုတို့ကို သွားတွေ့သည်။

"ယွမ်စု"(Yuan Shu) ၏ အခြေအနေကို လူလွှတ်ပြီး ထောက်လှမ်းစေရာ
'ယွမ်စု(Yuan Shu) ရဲ့ မာန်တက်မှုကြောင့် သူ့လက်အောက်က စစ်သူကြီးတွေကာ နှုတ်ထွက်သွားကြပြီ၊ လေ့ပို(Lei Bo) နဲ့ ချန်လန်(Chen Lan) တို့ကလည်း ထွက်သွားပြီဖြစ်တဲ့အတွက် သူ့တပ်ဖွဲ့တွေ အင်အားနည်းနေပြီ။ အခုတော့ သူ့စစ်တပ်နဲ့အတူ အနောက်ဘက်ကို ချီတက်နေသည်' ဟူသောသတင်းကိုကြားသည်။
"ယွမ်စု"(Yuan Shu) သည် ရွှီကျိုးအနီးသို့ရောက်သော် "လျူဘေ့"(Liu Bei) က စစ်တပ်ငါးသောင်းအပြင် စစ်သူကြီးလေဦး{ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ လုကျောက်(Lu Zhao) ၊ ကျူလင်(Zhu Lin) တို့ကိုဦးဆောင်ပြီး "ယွမ်စု"(Yuan Shu) ကို ထွက်တိုက်သည်။ "ယွမ်စု"(Yuan Shu) မှ တစ်ဖက်ရန်သူကို ထိုးဖောက်ရန် "ကျီလင်"(Ji Ling) ကို လွှတ်လိုက်သည်။ "ကျီလင်"(Ji Ling) နှင့် "ကျန်းဖေး"(Zhang Fei) တို့တိုက်ကြကာ ဆယ်ကွက်ခန့်တိုက်အပြီးတွင် "ကျီလင်"(Ji Lin) အသတ်ခံလိုက်ရသည်။ စစ်သားတို့သည်လည်း ဦးတည်ရာမဲ့ပြေးကုန်ကြသည်။

ထို့နောက် "ယွမ်စု"(Yuan Shu) သည် သူ့တပ်နှင့်ထွက်လာသည်။ "လျူဘေ့"(Liu Bei) သည် "ကျူလင်"(Zhu Ling) နှင့် "လုကျောက်"(Lu Zhao) ကို ဘယ်တောင်ပံတွင်နေစေပြီး "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) ကို ညာတောင်ပံတွင် ဝန်းရံစေကာ "ယွမ်စု"(Yuan Shu) နှင့် ရင်ဆိုင်လေသည်။ ရန်သူအနီးသို့ရောက်လာသောအခါ "လျူဘေ့"(Liu Bei) က
"သစ္စာဖောက်တွေ၊ လက်နက်ချပြီး အညံ့ခံပါ၊ လက်နက်ချရင် အပြစ်ကို လျှော့ပေါ့ပေးမယ်" ဟု ပြောလေသည်။ "ယွမ်စု"(Yuan Shu) မှ
"ဦးထုပ်နဲ့ ဖိနပ်တွေလုပ်တဲ့ကောင်ကများ၊ ငါ့ကို အထင်သေးတယ်ပေါ့" ဟု ပြောပြီး တိုက်ရန်အချက်ပြလိုက်သည်။

"လျူဘေ့"(Liu Bei) သည် အနောက်ဘက်သို့ဝင်သွားကာ သူ့စစ်သူကြီးတို့က "ယွမ်စု"(Yuan Shu) ကို ဝိုင်းတိုက်လေသည်။ အလောင်းတို့မှာ တောင်လိုပုံနေခဲ့ချေ၏။ ထိုအချိန်တွင် "ယွမ်စု"(Yuan Shu) ၏ စစ်သူကြီးဟောင်းဖြစ်ကြသည့် "လေ့ပို"(Lei Bo) နှင့် "ချန်လန်"(Chen Lan) တို့ပါ ဝင်ပြီး "ယွမ်စု"(Yuan Shu) တပ်နောက်ပိုင်းကိုတိုက်လေသည်။ "ယွမ်စု"(Yuan Shu) သည် ရှိုချွန်းသို့တပ်ဆုတ်ရန်ကြိုးပမ်းသော်လည်း "လေ့ပို"(Lei Bo) နှင့် "ချန်လန်"(Chen Lan) တို့က လမ်းကိုပိတ်ဆို့ထားခဲ့သည်။

"ယွမ်စု"(Yuan Shu) သည် ကျန်းလင်သို့ပြေးလေသည်။ သူ့တွင် စစ်သားတစ်ထောင်သာကျန်တော့သည်။ ထိုစစ်သားတို့မှာလည်း အားမရှိတော့ပေရာ တိုက်လည်းမတိုက်နိုင်သလို ပြေးလည်းမပြေးနိုင်တော့ချေ။ ထိုအချိန်ကား နွေရာသီဖြစ်ပြီး သူတို့၏ စားနပ်ရိက္ခာတို့လည်း ပြတ်လပ်သွားခဲ့သည်။ ဂျုံလှည်းအစီးသုံးဆယ်စာသာ ကျန်တော့သည်။ အစာရေစာပြတ်လပ်ကြပြီးနောက် သေသည့်သူတို့လည်း သေကုန်ကြသည်။ "ယွမ်စု"(Yuan Shu) မှာ စစ်သားတို့စားသည့်အစာရေစာကြမ်းကို မှီတင်းပြီး မနေနိုင်တော့ချေ။
တစ်ရက်သော် ရေဆာသဖြင့် "ယွမ်စု"(Yuan Shu) သည် သူ၏စားဖိုမှူးကို ပျားရည်ယူဆောင်ရန် အမိန့်ပေးရာ စားဖိုမှူးမှ
"ရေတောင် မရှိတာ ဘယ်ကပျားရည်ရှိမှာလည်း" ဟု ပြန်ပြောလေသည်။
"ယွမ်စု"(Yuan Shu) သည် သူ့ခုံရှည်ပေါ်တွင် အော်ဟစ်ကာ လူးလိမ့်ပြီးနောက် ပါးစပ်မှသွေးတို့ထွက်လာကာ သေဆုံးလေသည်။ ထိုနှစ်သည်ကား "ကျန်းအန်းနှစ် - စတုတ္ထနှစ်" (အေဒီ ၁၉၉) ပင်တည်း။

"ယွမ်စု"(Yuan Shu) သေသော် တူဖြစ်သူ "ယွမ်ရင်း"(Yuan Yin) သည် "ယွမ်စု"(Yuan Shu) ၏အလောင်းနှင့်အတူ မိန်းမနှင့် ကလေးတို့ကိုခေါ်ကာ လုကျန်းတွင်သွားခိုလှုံသည်။ သို့သော် ထိုမြို့မှ မြို့စား "ရွှီလျူ"(Xu Liu) မှ ကျန်ရစ်သောမိသားစုအကုန်လုံးကိုသတ်လိုက်လေသည်။ ထို့နောက် ဘုရင့်တံဆိပ်တုံးကိုတွေ့လေရာ ၎င်းကို မြို့တော်မှ "ချောင်ချောင်း"(Cao Cao) ထံ ဆက်သလိုက်သည်။ သို့နှင့် သူ့ကို ကောင်းလင်မြို့စားအဖြစ်ရာထူးတိုးပေးခြင်းခံရသည်။ ထိုအချိန်မှစကာ ဘုရင့်တံဆိပ်တော်သည် "ချောင်ချောင်း"(Cao Cao) လက်ထဲတွင် ရှိခဲ့လေသည်။

"လျူဘေ့"(Liu Bei) သည် "ယွမ်စု"(Yuan Shu) သေဆုံးသည့်သတင်းကိုကြားသည့်အခါ နန်းတွင်းသို့ အကြောင်းကြားစာပို့ရန်ပြင်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ထည့်ပေးလိုက်သော စစ်သူကြီးနှစ်ဦးကို ပြန်စေပြီး ထိုစာပို့စေလိုက်သည်။ စစ်တပ်ကိုမူ ရွှီကျိုးကိုကာကွယ်ရန်အတွက်ဟုဆိုပြီး ရွှီကျိုးတွင်သာ ထားခဲ့စေသည်။
"ချောင်ချောင်း"(Cao Cao) သည် သူ့စစ်သူကြီးနှစ်ဦးပြန်လာသောအခါ အမျက်ချောင်းချောင်းထွက်ကာ ထိုသူနှစ်ဦးကို သေဒဏ်ပေးရန်ပြု၏။ ထိုအခါ "ရွှင်ယွိ"(Xun Yu) မှ ဝင်ပြီး
"ဩဇာအာဏာက လျူဘေ့(Liu Bei) ဆီမှာပဲ ရှိခဲ့တာလေ၊ သူတို့နှစ်ယောက်က ဘယ်တတ်နိုင်မလဲ" ဟု ပြောသဖြင့် ပြစ်ဒဏ်မှ ခွင့်လွှတ်ပေးလိုက်သည်။ ပြီးနောက် "ရွှင်ယွိ"(Xun Yu) မှ
"ဒုနယ်စား ချဲ့ကျိုး(Che Zhou) ကို အမိန့်ပေးပြီး လျူဘေ့(Liu Bei) ကို တိုက်စေပါ" ဟု ပြောသည်။ ထို့ကြောင့် "ချဲ့ကျိုး"(Che Zhou) ကို တိုက်ရန်အမိန့်ပေးလိုက်သည်။ "ချဲ့ကျိုး"(Che Zhou) မှ "ချန်တန်"(Chen Deng) ကိုခေါ်ကာ တိုင်ပင်သည်။

"ချန်တန်"(Chen Deng) : "ဒါလွယ်ပါတယ်၊ လျူဘေ့(Liu Bei) က အခု မြို့ပြင်မှာဆိုတော့ သူပြန်လာတဲ့အချိန်မှာ အလစ်တိုက်ရမယ်၊ ပြီးရင်မြို့ရိုးပေါ်ကမြားနဲ့ပစ်ပေါ့"
ထိုအကြံကို "ချဲ့ကျိုး"(Che Zhou) က လက်ခံလိုက်သည်။
ထိုအကြောင်းကို "ချန်တန်"(Chen Dang) က သူ့အဖေကိုပြောရာ "ချန်ကွေး"(Chen Gui) မှ သူ့သားအား ထိုအကြောင်းကို "လျူဘေ့"(Liu Bei) ကိုပြောပြစေသည်၊ "ချန်တန်"(Chen Deng) ကလည်း မြင်းစီးပြီးထွက်ရာ မကြာမီပင် "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ကိုတွေ့ပြီး "ချဲ့ကျိုး"(Che Zhou) ၏အကြံကို ပြောလိုက်သည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) သည်သူ့ညီနှစ်ဦးတို့နှင့်အတူမရှိပဲ အနောက်ဘက်တွင်ရှိနေခဲ့သည်။ "ကျန်းဖေး"(Zhang Fei) သည် ရန်သူကို သွားတိုက်မည်ပြုရာ "ကွမ်းယွီ"(Guan Yu) မှ
"ဒီအတိုင်းသွားတိုက်ရင်တော့ အကျိုးရှိမှာမဟုတ်ဘူး၊ ညဘက်မှာ ငါတို့တွေ ချောင်ချောင်း(Cao Cao) ရဲ့စစ်တပ် ယောင်ဆောင်ပြီး သူထွက်လာအောင်မြားခေါ်မယ်၊ ထွက်လာတဲ့အခါမှ တိုက်တာပေါ့" ဟု ဆိုရာ "ကျန်းဖေး"(Zhang Fei) က အကြံကိုလက်ခံလိုက်သည်။
ထို့နောက် စစ်သားတို့ကို "ချောင်ချောင်း"(Cao Cao) တပ်အလှံကိုင်ဆောင်စေပြီး "ချောင်ချောင်း"(Cao Cao) စစ်တပ်နှင့်ဆင်တူသည့်အဝတ်တို့ကို ဝတ်ဆင်စေသည်။ ပြီးနောက်တွင်မူ မြို့ရိုးအနားကပ်သွားသည်။ မြို့ရိုးပေါ်မှစစ်သားတို့က မည်သူနည်းဟု မေးရာ မြို့တော်မှ စစ်ကူလွှတ်လိုက်သော စစ်သူကြီး "ကျန်းလျောင်"(Zhang Liao) ၏တပ်ဖြစ်ကြောင်း ပြောလေသည်။ ထိုအခါ "ချဲ့ကျိုး"(Che Zhou) က "ချန်တန်"(Chen Deng) ကိုခေါ်ပြီး တိုင်ပင်သည်။

"ကျုပ်အပြင်ထွက်ပြီး မကြိုဆိုရင်လည်း ကျုပ်ရဲ့သစ္စာရှိမှုကို သံသယရှိနိုင်တယ်၊ အပြင်ထွက်ပြန်ရင်လည်း ဒါက ရန်သူရဲ့ထောင်ချောက်ဖြစ်နိုင်တယ်"
ထို့နောက် မြို့ရိုးပေါ်တက်ကာ
"ညအမှောင်ကြောင့် ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်ဘူး၊ ဒါကြောင့် မိုးလင်းသည်အထိစောင့်ပေးပါ" ဟု ပြောသည်။ တစ်ဖက်မှစစ်သားတို့က
"လျူဘေ့(Liu Bei) က ကျွန်တော်တို့ဒီရောက်နေတာသိတယ်၊ မနက်မဆို သူတို့တိုက်တာ ခံရလိမ့်မယ်" ဟု ပြန်ပြော၏။
ထို့နောက် မြို့တွင်းသို့ဝင်ခွင့်ပြုရင် တောင်းဆိုလေသည်။ "ချဲ့ကျိုး"(Che Zhou) မှာ မည်သည်ကိုလုပ်ရမည်မသိ၊ ဒွိဟဖြစ်နေရာ တစ်ဖက်မှ စစ်သားတို့က မြို့တံခါးဖွင့်ရန်ပို၍ကျယ်လောင်စွာပြောလေသည်။

ထိုအခါ "ချဲ့ကျိုး"(Che Zhou) သည် ချပ်ဝတ်တန်ဆာဝတ်ကာ မြင်းသည်တော်တစ်ထောင်နှင့်အတူ မြို့ပြင်သို့ ထွက်လာပြီး
"ကျန်းလျောင်(Zhang Liao) က ဘယ်မှာလည်း" ဟု မေးသည်။ ထိုအချိန်တွင်ပင် မီးတို့ကိုထွန်းညှိလိုက်ရာ "ကွမ်းယွီ"(Guan Yu) ကို တွေ့လိုက်သည်။ "ကွမ်းယွီ"(Guan Yu) မှ
"အယုတ်တမာကောင်၊ ငါ့အစ်ကိုကြီးကို သတ်ဖို့ကြံစည်ရဲတယ်ပေါ့" ဟု ပြောလေသည်။

"ချဲ့ကျိုး"(Che Zhou) မှာ ပြန်ခုခံရန်ပင် ကြောက်လန့်သွားပြီး မြို့အတွင်းသို့ ပြန်ပြေးရန်ပြင်သည်။ သို့သော်လည်း မြို့ရိုးပေါ်ရှိ "ချန်တန်"(Chen Deng) က မြားတို့ဖြင့်ပစ်လေရာ နောက်သို့ပြန်လှည့်ပြီး "ကွမ်းယွီ"(Guan Yu) နှင့် ရင်ဆိုင်ရသည်။ "ကွမ်းယွီ"(Guan Yu) သည် "ချဲ့ကျိုး"(Che Zhou) ကိုသတ်လိုက်ကာ ခေါင်းကိုဖြတ်လိုက်ပြီး
"သစ္စာဖောက်ကို ငါသတ်နိုင်လိုက်ပြီ၊ ကျန်တဲ့လူတွေ လက်နက်ချရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်" ဟု ပြောလိုက်သည်။
သို့နှင့် စစ်သားတို့လည်း လက်နက်ချပြီး အညံ့ခံလေသည်။ "လျူဘေ့"(Liu Bei) ပြန်ရောက်သော် အဖြစ်အပျက်အလုံးစုံကို ပြောပြရာ "လျူဘေ့"(Liu Bei) မှ
"ချောင်ချောင်း(Cao Cao) က ဒါကို ဘယ်လိုထင်မလည်း၊ ငါတို့ကို လာတိုက်လောက်တယ်" ဟု ပြောသည်။ "ကွမ်းယွီ"(Guan Yu) မှ
"သူလာတော့လည်း ရင်ဆိုင်ရတာပေါ့" ဟု ပြောလေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှာ အလွန့်အလွန် စိတ်ညစ်သွားလေသည်။ မြို့တွင်းသို့ဝင်သောအခါ လူတို့က ဒူးထောက်ပြီး သူ့ကိုကြိုဆိုကြသည်။ အိမ်သို့ပြန်ရောက်သော် "ကျန်းဖေး"(Zhang Fei) သည်ကား "ချဲ့ကျိုး"(Che Zhou) ၏ မိသားစုတစ်ခုလုံးကို သတ်ပြီးနှင့်နေခဲ့ပြီ။ "လျူဘေ့"(Liu Bei) မှ
"ချောင်ချောင်း(Cao Cao) ရဲ့ အကောင်းဆုံးစစ်သူကြီးထဲကတစ်ယောက်ကို ဒီလိုသတ်လိုက်တာ သူငြိမ်ခံမှာမဟုတ်ဘူး" ဟုပြောသည်။ ထိုအခါ "ချန်တန်"(Chen Deng) မှဝင်ပြီး

"မစိုးရိမ်ပါနဲ့၊ ကျွန်တော့်မှာ အကြံရှိပါတယ်" ဟု ပြောလေသည်။

Comments

Popular posts from this blog

Lookism