သုံးနိုင်ငံခေတ်(၂၅)

အခန်း(၂၅) ထူစန်းတောင်တွင် ဝန်းရံခံရသောအခါ ကွမ်းယွီ(Guan Yu) သည် တောင်းဆိုချက်သုံးခုပြုခြင်း။ ပိုင်မာတွင် ကွမ်းယွီ(Guan Yu) ၏အစွမ်းကိုမျက်ဝါးထင်ထင်မြင်ရခြင်း။

"ကွမ်းယွီ"(Guan Yu) ကို "ချောင်ချောင်း"(Cao Cao) လက်အောက်ဝင်စေရန် "ချန်ယွီ"(Cheng Yu) ၏ အကြံမှာအောက်ပါအတိုင်းဖြစ်သည်။
"ကွမ်းယွီ(Guan Yu) က သာမန်သူရဲကောင်းတွေထက် အလွန့်အလွန်သာလွန်သူဖြစ်တဲ့အတွက် သူ့ကို ကောင်းကောင်းကြီးလှည့်စားနိုင်မှရပါမယ်။ ပထမဆုံးဖမ်းမိတဲ့စစ်သားတွေကို ကွမ်းယွီ(Guan Yu) ဆီပြန်ပို့ပြီးတော့ သူတို့တွေပြန်လာတာပါလို့ ပြောစေပါ။ သူတို့ဟာ အတွင်းဘက်မှာ ကျွန်တော်တို့ရဲ့မဟာမိတ်အနေနဲ့ရှိပါလိမ့်မယ်။ နောက်ပြီး မြို့ကိုတိုက်ပြီး ကွမ်းယွီ(Guan Yu) ကို မြို့ပြင်ထွက်အောင်လုပ်နိုင်ရင် သူ့အတွက်ပြန်စရာနေရာမရှိတော့ပါဘူး။"
"ချောင်ချောင်း"(Cao Cao) က ထိုအကြံအတိုင်းပင် ဖမ်းမိသောစစ်သားတို့အား ပြန်လွှတ်လိုက်သည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ထိုစစ်သားတို့ကိုယုံကြည်ပြီး သူ့လက်အောက်တွင် နေစေသည်။
ပြီးနောက် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်သားငါးထောင်ဦးဆောင်ကာ မြို့ကိုလာတိုက်ကာ "ကွမ်းယွီ"(Guan Yu) နှင့် စီးချင်းထိုးရန်စိန်ခေါ်သည်။ ပထမသော် "ကွမ်းယွီ"(Guan Yu) က လက်မခံသော်လည်း "ချောင်ချောင်း"(Cao Cao) လွှတ်လိုက်သော စစ်သားတို့က စိတ်ကိုဆွပေးသဖြင့် စစ်တပ်သုံးထောင်နှင့်မြို့ပြင်သို့ထွက်လာသည်။ ခေါင်းဆောင်နှစ်ဦးတို့ ဆယ်ကွက်ခန့်တိုက်ပြီးသော် "ရှဟိုတွန်း"(Xiahou Dun) တပ်ဆုတ်သွားလေသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း နောက်မှလိုက်သည်။ "ရှဟိုတွန်း"(Xiahou Dun) သည် "ကွမ်းယွီ"(Guan Yu) နှင့်အတန်ငယ်ဝေးသွားလျှင် နားလိုက်၊ ပြန်နီးကပ်လာလျှင် ပြေးပြန်လိုက်ဖြင့် ကြိမ်ဖန်များစွာပြုလေရာ နောက်ဆုံးတွင် "ကွမ်းယွီ"(Guan Yu) သည် မြို့ပြင် ခုနှစ်မိုင်အကွာသို့ရောက်သွားသည်။ "ကွမ်းယွီ"(Guan Yu) သည် မြို့ကိုခေါင်းဆောင်မရှိပဲ ထားခဲ့သည်မှာ အန္တရာယ်များသည်ဟု သတိရပြီး ပြန်လှည့်ရန်ပြင်သည်။

ထိုအချိန်တွင်ပင် ရန်သူတို့ဘက်မှ အချက်ပေးသံကြားလိုက်ပြီးနောက် "ရွှီဟွမ်"(Xu Huang) နှင့် "ရွှီချူ"(Xu Chu) တို့ဦးဆောင်သောတပ်နှစ်တပ်က ဘယ်၊ညာမှ ဝိုင်းထားလေသည်။ "ကွမ်းယွီ"(Guan Yu) သည် ထိုးဖောက်ရန်ကြံသော်လည်း နှစ်ဖက်လုံးမှ မြားတို့ဖြင့်ပစ်လေရာ နောက်ကိုပြန်ဆုတ်ရန် ပြုရသည်။ ထိုအခါ အနောက်ဘက်မှ "ရှဟိုတွန်း"(Xiahou Dun) ၏စစ်တပ်ပါရောက်လာပြီး "ကွမ်းယွီ"(Guan Yu) ကိုတိုက်သည်။ ရန်သူတို့အဝိုင်းခံရသဖြင့် "ကွမ်းယွီ"(Guan Yu) မှာ ထူစန်းတောင်ကုန်းပေါ်ရှိ တောင်ကုန်းတစ်ခုသို့တက်ပြီး အနားယူလေသည်။

"ကွမ်းယွီ"(Guan Yu) သည် သူ့မြို့ဘက်ကိုကြည့်မိရာ ထိုအရပ်မှ မီးတောက်မီးလျှံတို့ကို လှမ်းမြင်ရသည်။ မြို့ထဲမှ သစ္စာဖောက်တို့ကား လက်နက်ချလိုက်ပြီး ရန်သူတို့ကို ပေးဝင်စေခဲ့လေပြီ။ ညဘက်တွင် "ကွမ်းယွီ"(Guan Yu) က ရန်သူတို့ကိုဖောက်ကာ ပြေးရန်ကြံသည်။ သို့သော်လည်း ရန်သူတို့က မြားဖြင့် ပစ်လေရာ မပြေးနိုင်ပေ။ မနက်သို့ရောက်သော် နောက်တစ်ကြိမ်ထိုးဖောက်ရန်ကြံပြန်သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လူတစ်ဦးမြင်းစီးလာသည်ကို မြင်ရသည်။ ထိုသူမှာ "ကျန်းလျောင်"(Zhang Liao) ပင် ဖြစ်သည်။
အဝေးမှပင် နေ၍ "ကွမ်းယွီ"(Guan Yu) သည်
"ကျန်းလျောင်(Zhang Liao) ၊ ခင်ဗျား ကျုပ်ကို တိုက်ဖို့လာတာလား" ဟုမေးလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်တော်တို့ အရင်က ခင်မင်ခဲ့တာကြောင့် ခင်ဗျားကို လာကြည့်တာပါ"
ထို့နောက် "ကျန်းလျောင်"(Zhang Liao) သည် သူ၏ ဓားကိုပစ်လိုက်ပြီး မြင်းပေါ်မှ ဆင်းကာ ထိုင်ချလိုက်သည်။ "ကွမ်းယွီ"(Guan Yu) က
"ဒါဆို ခင်ဗျားက ကျုပ်ကို လက်နက်ချဖို့ လာသိမ်းသွင်းတာပေါ့?" ဟု မေးလိုက်သည်။
"မဟုတ်ပါဘူးဗျာ၊ အရင်က ခင်ဗျားက ကျွန်တော့်ကိုကယ်ခဲ့ဖူးတော့ ဒီတစ်ခါ ကျွန်တော်က ခင်ဗျားကိုပြန်ကယ်မလို့ပါ"
"ဒါဆို ကျုပ်ကို ကူညီဖို့ဆန္ဒရှိတယ်ပေါ့?"
"အဲ့လိုလည်း မဟုတ်ပါဘူး"
"ကူမှာမဟုတ်ရင် ဒီလာပြီး ဘာလာလုပ်တာတုန်း"
"ခင်ဗျားရဲ့အစ်ကိုကြီးအကြောင်းကို ဘာမှလည်း မသိရသေးဘူး။ ခင်ဗျားညီလည်း သေလားရှင်လားမသိဘူး။ မနေ့ညက ခင်ဗျားရဲ့မြို့က ချောင်ချောင်း(Cao Cao) လက်ထဲရောက်သွားပြီ။ ဒါပေမယ့် လူတွေရော၊ စစ်သားတွေကိုရော မထိခိုက်စေခဲ့ဘူး။ ဒါ့အပြင် လျူဘေ့(Liu Bei) ရဲ့မိသားစုကိုလည်း အစောင့်တွေနဲ့ ကောင်းကောင်းစောင့်ရှောက်ထားစေတယ်။ ဝန်ကြီးချုပ်က သူတို့အပေါ် အဲ့လိုကောင်းကောင်းဆက်ဆံတဲ့အကြောင်းလာပြောတာပါ"
"ဒါဆို ကျုပ်ကို လက်နက်ချအောင် လာဆွယ်တဲ့သဘောပဲပေါ့။ အကယ်၍လွတ်မြောက်ဖို့လမ်းမမြင်ရင်တောင်မှ ကျုပ်မကြောက်ဘူး။ သေဆုံးမှုဆိုတာ အိမ်ပြန်ရသလိုပဲ။ ခင်ဗျားလည်း ပြန်ပေရော့၊ ကျုပ်လည်း တောင်အောက်ဆင်းပြီး ရန်သူတွေနဲ့တိုက်ဦးမယ်"
"ဒီအကြောင်းကိုသာ လူတွေကြားရင် ခင်ဗျားတို့ လှောင်ကြမှာပေါ့"
"ကျုပ်က ဖြောင့်မတ်မှုနဲ့ သစ္စာအတွက် သေဆုံးတာ၊ ဘယ်သူကများ ကျုပ်ကို လှောင်မှာတဲ့တုန်း"
"ခင်ဗျားသာ သေဆုံးသွားရင် အပြစ်သုံးခုကျူးလွန်မိပါမယ်"
"ပြောပါဦး"

"ပထမဆုံးအနေနဲ့ကတော့ ခင်ဗျားနဲ့ ခင်ဗျားအစ်ကိုကြီးဟာ မက်မွန်ပန်းခြံမှာ သေအတူရှင်မကွာဆိုပြီး သစ္စာဆိုခဲ့တာမဟုတ်လား။ အခု ခင်ဗျားအစ်ကိုစစ်ရှုံးသွားတော့ ခင်ဗျားက အသေခံတိုက်ဖို့လုပ်နေတယ်၊ အကယ်၍ သူသာ မသေပဲပြန်ပေါ်လာခဲ့ရင် ခင်ဗျားအကူအညီလိုချင်ရင် ဘယ်လိုလုပ်မလည်း? ဒီလိုသာဆို မက်မွန်ပန်းခြံက သစ္စာစကားကို ဖောက်ဖျက်ရာ မကျဘူးလား? ဒုတိယအနေနဲ့ကတော့ ခင်ဗျားက ခင်ဗျားအစ်ကိုရဲ့ မိသားစုကိုစောင့်ရှောက်ဖို့တာဝန်ပေးတာခဲ့တာ၊ ခင်ဗျားသာသေသွားရင် သူ့ဇနီးနှစ်ယောက်က ဘယ်သူစောင့်ရှောက်တော့မှာလည်း? ဒါက ယုံကြည်မှုကိုချိုးဖောက်တာ မဟုတ်လား? တတိယအနေနဲ့ကတော့ ခင်ဗျားရဲ့အရည်အချင်းက ထူးကဲသာလွန်တဲ့အတွက် သမိုင်းမှာစာတင်ခံရမှာပဲလေ။ ခင်ဗျားအစ်ကိုက တိုင်းပြည်ကို ပြန်ကောင်းအောင်လုပ်ဖို့မှာ ခင်ဗျားမပါဝင်နိုင်ခဲ့ဘူးဆို ခင်ဗျားကို အချည်းနှီးသေသွားခဲ့တဲ့အရူးဆိုပြီး သမုတ်ကြမှာပေါ့။ ကျုပ်ပြောချင်တဲ့အပြစ်သုံးခုဆိုတာ ဒါပါပဲ"

"ကွမ်းယွီ"(Guan Yu) သည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက်တွင်မှ
"ခင်ဗျားက ကျုပ်အပြစ်သုံးမျိုးကို ပြောခဲ့ပြီးပြီ။ ခင်ဗျား ဖြစ်စေချင်တာက ဘာလည်း" ဟု မေးလေသည်။
"ခင်ဗျားသာ လက်နက်မချရင် သေဆုံးမှာ မြေကြီးလက်ခတ်မလွဲပဲ။ ဒီလိုဆို အကျိုးမရှိဘူး။ ဒါကြောင့် လျူဘေ့(Liu Bei) သတင်းကို မကြားခင်အထိ ချောင်ချောင်း(Cao Cao) လက်အောက်မှာ နေပြီးတော့ ကြားတဲ့အခါမှ သူ့ဆီပြန်သွားပေါ့။ ဒီလိုသာဆို ခင်ဗျားရဲ့မရီးနှစ်ဦးလည်း လုံခြုံမှာ ဖြစ်တဲ့အပြင် မက်မွန်ပန်းခြံက ကတိကိုလည်း ချိုးဖောက်စရာမလိုတော့ဘူး၊ ဒီလိုသာဆို ကောင်းကောင်းအသက်ရှင်သန်သွားနိုင်တယ်၊ ဒါကြောင့် ဒီအချက်ကိုစဉ်းစားဖို့လာပြောတာ၊ နောင်ကြီးရေ"
"ခင်ဗျားကလည်း အချက်သုံးချက်ကိုထောက်ပြခဲ့တဲ့ဆိုတော့ ကျွန်တော့်မှာလည်း တောင်းဆိုမှုသုံးခုရှိပါတယ်။ အဲ့တောင်းဆိုမှုသုံးခုကို မလိုက်လျောနိုင်ရင်တော့ အပြစ်သုံးခုနဲ့ သေလည်း သေပါစေတော့"
"ဝန်ကြီးချုပ်က သဘောထားကြီးသူဖြစ်ပါတယ်။ ခင်ဗျား တောင်းဆိုတာတွေကို သူလိုက်လျောမှာပါ" 
"ပထမဆုံးအနေနဲ့ကတော့ ကျုပ်နဲ့ဦးရီးတော်ဟာ ဟန်တိုင်းပြည်ကို ကောင်းကျိုးပြုမယ်လို့ သစ္စာဆိုထားတဲ့အတွက် ကျုပ်လက်နက်ချတာဟာ ဘုရင်မင်းမြတ်ထံလက်နက်ချတာဖြစ်ပြီး ချောင်ချောင်း(Cao Cao) ဆီမှာ လက်နက်ချတာမဟုတ်ပါဘူး။ ဒုတိယအနေနဲ့ကတော့ မရီးတော်နှစ်ဦးကို ကျွန်တော်ကိုယ်တိုင်ကပဲ စောင့်ရှောက်ချင်ပါတယ်။ တတိယအနေနဲ့ကတော့ ဦးရီးတော် လျူဘေ့(Liu Bei) ရဲ့သတင်းကိုကြားတာနဲ့ စစ်တပ်က ချက်ချင်းထွက်ခွင့်ပြုပေးရပါမယ်။ ဒီအချက်သုံးချက်ထဲက တစ်ချက်ကိုလက်မခံဘူးဆိုတာနဲ့ ကျုပ် လက်နက်ချဖို့အစီအစဉ်မရှိပါဘူး။ ဒါကြောင့် ပြန်ပြီး ချောင်ချောင်း(Cao Cao) ကို မေးကြည့်ပါဦး"
"ကျန်းလျောင်"(Zhang Liao) လည်း အချိန်မလင့်စေပဲ "ချောင်ချောင်း"(Cao Cao) ဆီပြန်သွားလေသည်။

"ကွမ်းယွီ"(Guan Yu) ၏တောင်းဆိုမှုမှ ပထမအချက်ကို ပြောလိုက်ရာ "ချောင်ချောင်း"(Cao Cao) မှ ရယ်ပြီး
"ကျုပ်က ဟန်တိုင်းပြည်ရဲ့ ဝန်ကြီးဖြစ်တဲ့အတွက် ကျုပ်လည်း ဟန်လို့ပဲဆိုနိုင်တယ်။ ဒါကြောင့် ဒီအချက်ကို ခွင့်ပြုတယ်" ဟု ဆိုသည်။ ဒုတိယအချက်ကို ပြန်ပြောသောအခါ
"သူတို့နှစ်ဦးကို ဦးရီးတော်ရတဲ့အဆောင်အယောင်တွေထက် နှစ်ဆပိုပေးမယ်၊ လုံခြုံမှုရှိစေဖို့ကလွယ်ပါတယ်၊ သာမန်အမိန့်လေးထုတ်လိုက်ရင် ပြီးတာပဲ၊ မလိုက်လျောစရာ အကြောင်းမရှိပါဘူး" ဟု ပြောသည်။ တတိယအချက်ကို ပြောသောအခါတွင်မူ "ချောင်ချောင်း"(Cao Cao) က ခေါင်းကို ခါယမ်းကာ
"ဒီလိုသာဆို ကွမ်းယွီ(Guan Yu) ကို အလကားသက်သက် ကျွေးထားသလိုပဲပေါ့။ ဘာအကျိုးများရှိမှာမို့လည်း? ဒါကိုတော့ သဘောမတူဘူး" ဟု ဆိုလေသည်။
"ဆက်ဆံခံရတာချင်းမတူရင် ပြန်တုန့်ပြန်တာလည်း မတူဘူးလို့ Yu Rang ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့ဖူးတယ်လေ၊ လျူဘေ့(Liu Bei) က ကွမ်းယွီ(Guan Yu) အပေါ်ကို ကောင်းကောင်းနဲ့ လွတ်လွတ်လပ်လပ်ဆက်ဆံတယ်၊ သခင်ကြီးက သူဆက်ဆံတာထက် ပိုကောင်းအောင် ဆက်ဆံလိုက်ရင် ကွမ်းယွီ(Guan Yu) က သခင်ကြီးအပေါ် သစ္စာရှိမှာပါ"
"မင်းပြောတာ နည်းလမ်းကျတယ်။ ငါ သူတောင်းဆိုတဲ့အချက်တွေအကုန်လုံးကို လိုက်လျောလိုက်မယ်"
"ကျန်းလျောင်"(Zhang Liao) သည် ထိုအကြောင်းကိုပြောရန် ထူစန်းတောင်တွင်ရှိသော "ကွမ်းယွီ"(Guan Yu) ထံသွားလေသည်။
"ကွမ်းယွီ"(Guan Yu) : "ပထမဆုံး ကျုပ်ကိုဝိုင်းထားတဲ့စစ်သားတွေကို နောက်ဆုတ်ခိုင်းလိုက်ပါ။ ဒါဆို ကျုပ်ဒီအကြောင်းကို မရီးတော်နှစ်ဦးကို သွားပြောပြီး အဲ့နောက်မှာတော့ လက်နက်ချပါမယ်"
"ကျန်းလျောင်"(Zhang Liao) ကလည်း ထိုအကြောင်းကို ပြန်သွားပြောလေရာ ဝန်းရံထားသောတပ်ကို နောက်သုံးမိုင်ဆုတ်စေရန် အမိန့်ထုတ်လိုက်သည်။
"ရွှင်ယွိ"(Xun Yu) : "အဲ့အချက်ကို လက်မခံနဲ့။ သူ သစ္စာဖောက်ရင် ဘယ်လိုလုပ်မတုန်း"
"ချောင်ချောင်း"(Cao Cao) : "သူ သစ္စာဖောက်မှာမဟုတ်ဘူး၊ သူက သစ္စာကို တန်ဖိုးထားတဲ့လူပဲ"
သို့နှင့် "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ် တပ်ဆုတ်သွားလေသည်။
ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် မရီးတော်နှစ်ဦးထံသွားကာ အရိုအသေပြုပြီးနောက်
"ကျွန်တော် မရီးတို့နှစ်ဦးကို စိတ်ပူပန်စေမိတာ တောင်းပန်ပါတယ်" ဟု ပြောလေသည်။

"ဦးရီးတော်ရော ဘယ်ရောက်နေလည်း"
"အစ်ကိုကြီးရဲ့ သတင်းကို မကြားသိရသေးပါဘူး"
"ငါ့မတ်က ဘာလုပ်ဖို့အစီအစဉ်ရှိလည်း?"
"ကျွန်တော် ပထမကတော့ ရန်သူတွေနဲ့ နောက်ဆုံးတိုက်ပွဲတိုက်မလို့ပါ၊ ဒါပေမယ့် ကျန်းလျောင်(Zhang Liao) က ကျွန်တော့်ကို လက်နက်ချဖို့ လာပြောခဲ့တယ်။ ဒါနဲ့ ကျွန်တော်က တောင်းဆိုမှုသုံးခုပြုတော့ အကုန်လုံးကို လက်ခံခဲ့တယ်။ ရန်သူတွေက တပ်ဆုတ်သွားပြီး ကျွန်တော် ဒီမြို့ထဲပြန်ဝင်လာနိုင်ခဲ့တယ်။ ဒါပေမယ့် မရီးတော်တို့ရဲ့ ခွင့်ပြုချက်မရပဲနဲ့တော့ ကျွန်တော်တစ်ယောက်ထဲ မဆုံးဖြတ်ရဲပါဘူး"
မရီးနှစ်ဦးတို့က ထိုတောင်းဆိုချက်သုံးခုက အဘယ်နည်းဟုမေးသဖြင့် "ကွမ်းယွီ"(Guan Yu) ကလည်း ပြန်ဖြေလိုက်သည်။
ထို့နောက် ကန်း(Gan) အမျိုးသမီးမှ
"ချောင်ချောင်း(Cao Cao) ရဲ့ စစ်တပ်တွေမြို့ထဲဝင်လာတော့ ငါတို့ကိုယ့်ကိုယ်ကို သေလူလို့ပဲ သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် ရန်သူတွေက ငါတို့ဆံပင်တစ်မျှင်တောင်မှ မထိခဲ့ဘူး။ စစ်သားတွေကလည်း ငါတို့အခန်းထဲ လုံးဝဝင်မလာခဲ့ဘူး။ ငါ့မတ်က တောင်းဆိုချက်သုံးခုကိုပြောခဲ့ပြီးပြီပဲ။ ငါတို့နှစ်ယောက်ရဲ့ ခွင့်ပြုချက်တောင်းစရာမလိုပါဘူး။ ငါတို့စိုးရိမ်တာတစ်ခုကတော့ သူ ဦးရီးတော်ဆီပြန်သွားဖို့ ခွင့်မပြုမှာကိုပဲ" ဟု ပြောသည်။
"မရီးတော်တို့၊ ဒါကိုစိတ်မပူပါနဲ့၊ ကျွန်တော် ပြန်သွားနိုင်အောင်လုပ်ပါ့မယ်"
"ဆုံးဖြတ်စရာရှိရင် ကိုယ့်ဟာကိုယ်ပဲဆုံးဖြတ်ပါ။ ငါတို့ကိုမေးစရာမလိုပါဘူး"
ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် "ချောင်ချောင်း"(Cao Cao) ကို သွားတွေ့သည်။ "ချောင်ချောင်း"(Cao Cao) အားအရိုအသေပြုရာ "ချောင်ချောင်း"(Cao Cao) ကလည်း လေးလေးစားစားဖြင့် ပြန်တုန့်ပြန်လေသည်။ "ကွမ်းယွီ"(Guan Yu) မှ
"စစ်ရှုံးသွားတဲ့စစ်သူကြီးကို ဒီလိုအသက်ချမ်းသာခွင့်ပေးတာ ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။
"ကျုပ်က ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုတို့ကို လေးစားခဲ့တာကြာပါပြီ၊ ဒီလိုတွေ့တာဟာ ကျုပ်ဘဝရဲ့ဆန္ဒတစ်ခု ပြီးပြည့်သွားသလိုပဲ"
"ဝန်ကြီးချုပ်က ကျွန်တော်တောင်းဆိုတဲ့အချက်သုံးချက်ကို လိုက်လျောခဲ့တယ်ဆိုတော့ အခု ဆွေးနွေးစရာ ဘာမှမရှိပါဘူး"
"ကျုပ် ပေးတဲ့ကတိကို မချိုးဖောက်ပါဘူး"
"ဦးရီးတော် လျူဘေ့(Liu Bei) သတင်းကြားတာနဲ့ မီးကိုပဲဖြတ်ရဖြတ်ရ၊ ရေကိုပဲကျော်ရကျော်ရ အရောက်သွားပါမယ်။ ဒါကြောင့် နှုတ်ဆက်ဖို့အချိန်မရခဲ့ရင် ဝန်ကြီးချုပ်က နားလည်ပေးစေချင်ပါတယ်"
"လျူဘေ့(Liu Bei) သာ အသက်ရှင်လျက်ရှိသေးရင် ခင်ဗျားကိုပေးသွားမှာပါ၊ ဒါပေမယ့် စစ်ပွဲတွေကြားမှာ သူသေဆုံးသွားပြီလားမသိဘူး၊ မစိုးရိမ်ပါနဲ့။ ကျုပ်စုံစမ်းပေးပါ့မယ်"
"ကွမ်းယွီ"(Guan Yu) ကလည်း ကျေးဇူးတင်လိုက်သည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) အတွက် စားသောက်ပွဲတည်ခင်းဧည့်ခံလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် မြို့တော်သို့ပြန်ရန်ပြင်သည်။ "လျူဘေ့"(Liu Bei) ၏ ဇနီးနှစ်ဦးအတွက် လှည်းယာဉ်ပြင်ဆင်စေပြီး ထိုလှည်းယာဉ်ကို "ကွမ်းယွီ"(Guan Yu) က စောင့်ကြပ်သည်။ မြို့တော်သို့သွားရာလမ်းတစ်နေရာအရောက်တွင် ခရီးတစ်ထောက်နားလေသည်။ ထိုနေရာတွင် "ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) က သူ၏မရီးနှစ်ဦးတို့နှင့်တစ်ခန်းတည်းတွင် နေစေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် ဖယောင်းတိုင်ကိုင်ကာ ထိုအခန်းအပြင်ဘက်ဝယ်တစ်ညလုံးမတ်တပ်ရပ်နေခဲ့သည်။ ထိုအကြောင်းကို သိသော "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွီ"(Guan Yu) အား အရင်ထက်ပို၍ လေးစားလေသည်။
မြို့တော်သို့ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) အား အိမ်တော်တစ်ဆောင်ချီးမြှင့်သည်။ "ကွမ်းယွီ"(Guan Yu) က အိမ်ကိုနှစ်ပိုင်းခွဲလိုက်ပြီး အတွင်းဘက်တွင် အမျိုးသမီးနှစ်ဦးကိုနေစေကာ အပြင်ဘက်တွင် သူနေလေသည်။ ထို့အပြင် သူ့မရီးတော်တို့နေသောနေရာတွင် လက်ရွေးစင်အစောင့်ဆယ့်ရှစ်ဦးဖြင့် စောင့်ကြပ်ထားစေသည်။
"ကွမ်းယွီ"(Guan Yu) ကို ဘုရင့်ရှေ့မှောက်ထံ သွားစေရာ ဘုရင်မှ "ဟန်တိုင်းပြည်၏စစ်သူကြီး" ဟူသောဘွဲ့ကိုပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ဘုရင်ကို ကျေးဇူးတင်လိုက်လေသည်။ နောက်တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) မှ ရှိသမျှမင်းမှုထမ်းတို့ကိုဖိတ်ပြီး "ကွမ်းယွီ"(Guan Yu) အတွက် စားသောက်ပွဲကျင်းပပေးသည်။ ထို့အပြင် "ကွမ်းယွီ"(Guan Yu) အား ရွှေ၊ ငွေတို့ကိုလက်ဆောင်ပေးရာ ထိုအရာတို့ကို သူ့မရီးတော်တို့အား ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) မင်းနေပြည်တော်သို့ရောက်လာသည်မှစ၍ သူ့အား ရိုသေလေးစားသမှုဖြင့် ဆက်ဆံခံရလေသည်။ သုံးရက်တစ်ခါ စားသောက်ပွဲငယ်ကျင်းပပြီး ငါးရက်တစ်ခါ စားသောက်ပွဲကြီးကျင်းပလေသည်။
"ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) ကို ချောမောလှပသော အမျိုးသမီးဆယ်ဦးပေးရာ ထိုအမျိုးသမီးတို့ကိုလည်း သူ၏မရီးနှစ်ဦးထံတွင် ခစားစေသည်။ သုံးရက်တစ်ခါဆိုသလို "ကွမ်းယွီ"(Guan Yu) သည် သူမရီးနှစ်ဦးထံသွားပြီး သာကြောင်းမာကြောင်းမေးသည်။ ထိုအမျိုးသမီးနှစ်ဦးကလည်း "လျူဘေ့"(Liu Bei) ၏ သတင်းကိုမေးလေသည်။ ထိုသို့သွားသည့်အခါတိုင်းတွင် "ငါ့မတ်၊ ပြန်လိုက ပြန်နိုင်ပြီ" ဟူသော စကားဖြင့် အဆုံးသတ်သည်ဟူ၏။
ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) ကြားလျှင် ရှေးယခင်ကထက် "ကွမ်းယွီ"(Guan Yu) အပေါ်လေးစားမှုတိုးလာခဲ့သည်။

တစ်နေ့သော် "ကွမ်းယွီ"(Guan Yu) ၏အဝတ်တို့ဟောင်းနွမ်းနေသည်ကို သတိပြုမိသော "ချောင်ချောင်း"(Cao Cao) က အတိုင်းအတာတို့ကိုယူစေပြီး ကောင်းမွန်သောပိတ်သားတို့ဖြင့် အဝတ်တစ်စုံချုပ်ကာ "ကွမ်းယွီ"(Guan Yu) ကို လက်ဆောင်ပေးသည်။ "ကွမ်းယွီ"(Guan Yu) က ထိုဝတ်စုံသစ်ကို အဝတ်ဟောင်း၏အတွင်း၌ခံဝတ်ရာ "ချောင်ချောင်း"(Cao Cao) မှ
"ဘာကြောင့် စုတ်စုတ်ပြတ်ပြတ်နေရတာလည်း" ဟု ပြောသည်။
"ဒါ စုတ်ပြတ်တာမဟုတ်ပါဘူး။ ဒီအင်္ကျီဟောင်းက ကျွန်တော့်အစ်ကိုကြီးထံက လက်ဆောင်ရတာပါ။ ဒါကိုဝတ်တာက သူ့ကို သတိရတဲ့အနေနဲ့ပါ။ အဝတ်အသစ်ကို ဒီအဝတ်ဟောင်းနဲ့မလဲနိုင်ပါဘူး"
"ချောင်ချောင်း"(Cao Cao) က သက်ပြင်းချကာ
"တော်တော်သစ္စာတရားကြီးမားတဲ့လူပဲ" ဟု ဆိုလေသည်။
တစ်ရက် "ကွမ်းယွီ"(Guan Yu) အိမ်တွင်ရှိနေစဉ် အစောင့်တစ်ဦးမှရောက်လာကာ အမျိုးသမီးနှစ်ဦးတို့က မြေကြီးပေါ်တွင် ငိုယိုနေသည်ဟု သတင်းလာပို့သည်။ အကြောင်းအရင်းကိုမေးသော်လည်း ပြန်မဖြေဟုဆို၏။ "ကွမ်းယွီ"(Guan Yu) က အဝတ်တို့ကို တင့်တယ်အောင်ဝတ်ပြီးနောက် တံခါးရှေ့တွင် ဒူးထောက်ကာ
"မရီးတို့က ဘာလို့ စိတ်မချမ်းမသာဖြစ်နေရပါလည်း" ဟုမေးသည်။
"မနေ့က အိပ်မက်ထဲမှာ ဦးရီးတော် ချောက်ကမ်းပါးထဲကျသွားတယ်လို့ မက်မြင်လို့ပါ။ ငါနိုးလာပြီး မီအမျိုးသမီးကိုပြောတော့ သူသေများသွားပြီလားလို့အထင်နဲ့ငိုတာပါ"
"အိပ်မက်ဆိုတာ အတည်ယူလို့မရပါဘူး။ အစ်ကိုကြီးကိုမက်မြင်တာကို သတိရနေလို့စွဲလမ်းပြီးမက်တာပါ။ စိတ်မပူပါနဲ့"
ထိုအချိန်တွင်ပင် "ကွမ်းယွီ"(Guan Yu) ကို စားသောက်ပွဲတက်ရောက်ရန်ခေါ်လေရာ "ကွမ်းယွီ"(Guan Yu) ကလည်း သူ့မရီးတို့ကိုနှုတ်ဆက်ပြီး ပြန်ထွက်သွားသည်။
စားသောက်ပွဲတွင် "ကွမ်းယွီ"(Guan Yu) က စိတ်မကောင်းသည့်ပုံပေါက်နေရာ "ချောင်ချောင်း"(Cao Cao) မှ အကြောင်းအရင်းကိုမေးလေလျှင်
"ကျွန်တော့်မရီးနှစ်ဦးက အစ်ကိုကြီးကို သတိရပြီးငိုတော့ စိတ်မကောင်းဖြစ်မိလို့ပါ" ဟု ပြောသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှပြုံးပြီး "ကွမ်းယွီ"(Guan Yu) စိတ်ပျော်ရွှင်အောင်ပြုလေသည်။ "ကွမ်းယွီ"(Guan Yu) သည် အရက်သောက်ပြီး မူးသောအချိန်ဝယ် မုတ်ဆိတ်မွေးကိုကိုင်ကာ
"ကျွန်တော်က အသုံးမကျတဲ့လူပဲ။ တိုင်းပြည်အတွက်ဘာမှမလုပ်နိုင်သလို အစ်ကိုကြီးနဲ့လည်း ခွဲခွာခဲ့ရတယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ ရုတ်တရတ်
"ခင်ဗျား မုတ်ဆိတ် ဘယ်နှစ်ပင်လောက် ရှိလည်း" ဟုမေးလေသည်။
"ရာဂဏန်းလောက်ရှိမှာပေါ့။ ဆောင်းဦးမှာတော့ နည်းနည်းပါးပါးကျွတ်ပြီး ဆောင်းရာသီကတော့ အသန်ဆုံးပဲ။ မုတ်ဆိတ်မွေးသိပ်မကျွတ်ကျအောင် အမည်းရောင်အိတ်ကို ဆောင်ပါတယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အိတ်တစ်လုံးလုပ်စေကာ "ကွမ်းယွီ"(Guan Yu) ကို လက်ဆောင်ပေးလိုက်သည်။ နန်းတွင်းညီလာခံဝယ် ဘုရင်မှ "ကွမ်းယွီ"(Guan Yu) ၏ရင်ဘတ်ရှိအိတ်ကိုမြင်၍မေးလျှင် "ကွမ်းယွီ"(Guan Yu) မှ
"ကျွန်တော်မျိုးရဲ့မုတ်ဆိတ်ကရှည်တဲ့အတွက် သိပ်မကျွတ်အောင်လို့ ဝန်ကြီးချုပ်က အိတ်တစ်လုံးပေးထားတာပါ" ဟု ပြန်လျှောက်တင်သည်။ ဘုရင်မှ အိတ်ကိုခဏဖယ်ခိုင်းပြီးနောက် "ကွမ်းယွီ"(Guan Yu) ၏ မုတ်ဆိတ်ကိုမြင်လျှင်
"အင်မတန်လှပတဲ့မုတ်ဆိတ်ပဲ" ဟု မှတ်ချက်ချသည်။
ထို့ကြောင့် လူတို့က "ကွမ်းယွီ"(Guan Yu) ကို "လှပသော မုတ်ဆိတ်ရှိသောသူ" ဟု ခေါ်ကြခြင်းဖြစ်သည်။
တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွီ"(Guan Yu) စီးသောမြင်း ပိန်လှီနေသည်ကို မြင်သောအခါ
"မြင်းက ဘာကြောင့် ဒီလောက်ပိန်ရတာလည်း" ဟု မေးသည်။
"ကျွန်တော့်ကိုယ်က လေးလွန်းတော့ ဒဏ်ကိုမခံနိုင်ပဲ အဲ့လိုဖြစ်တာပါ"
ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ သူ့လက်အောက်ငယ်သားတို့ကို မြင်းတစ်ကောင်ယူလာရန် အမိန့်ပေးလိုက်သည်။ ထိုမြင်းမှာ အနီရောင်ရှိပြီး တောက်ပကာ တင့်တယ်သောမြင်းဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျား ဒီမြင်းကိုမှတ်မိလား"
"ဘာလို့မမှတ်မိရမှာလည်း။ ဒါ ယုန်နီပဲ"
"အင်း၊ ဒါ ယုန်နီပဲ"
ထို့နောက် ထို နာမည်ကြီးမြင်း ယုန်နီကို "ကွမ်းယွီ"(Guan Yu) အား လက်ဆောင်ပေးလိုက်သည်။
၎င်းကို "ကွမ်းယွီ"(Guan Yu) မှ ကြိမ်ဖန်များစွာကျေးဇူးတင်လေရာ "ချောင်ချောင်း"(Cao Cao) မှာ စိတ်အလိုမကျဖြစ်ပြီး
"ခင်ဗျားကို ရွှေတွေ၊ ငွေတွေ၊ မိန်းမပျိုလေးတွေပေးတုန်းကတော့ ဒီလောက်ကျေးဇူးမတင်ဘူး။ အခု ဒီမြင်းပေးတော့ အရင်ကဟာတွေထက် ပိုကျေးဇူးတင်နေပါလား။ အဲ့အရာတွေထက်မြင်းကို ပိုတန်ဖိုးထားလို့လား" ဟုမေးသည်။
"ဒီမြင်းအကြောင်း ကျွန်တော်သိတယ်၊ ဒီမြင်းက တစ်ရက်ကိုမိုင်ငါးရာသွားနိုင်တယ်။ ဒီမြင်းကိုရတာ ကျွန်တော့်ရဲ့ကံကောင်းမှုပဲ။ ကျွန်တော့်အစ်ကိုရဲ့သတင်းကြားတာနဲ့ သူ့ဆီတစ်ရက်အတွင်းရောက်သွားနိုင်တယ်လေ"
ထိုအဖြေကိုကြားသောအခါ "ချောင်ချောင်း"(Cao Cao) မှာ ထိုမြင်းပေးမိသည်ကို နောင်တရသည်ဟူ၏။
"ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) အား
"ကျုပ် ကွမ်းယွီ(Guan Yu) အပေါ်ကောင်းကောင်းဆက်ဆံတာတောင် သူက ကျုပ်ဆီကထွက်သွားဖို့ဆန္ဒရှိနေတုန်းပဲ" ဟု ပြောသည်။

"ကျွန်တော် ဒီအကြောင်းကို စုံစမ်းပါ့မယ်" 
ထို့နောက် "ကျန်းလျောင်"(Zhang Liao) သည် "ကွမ်းယွီ"(Guan Yu) နှင့်သွားတွေ့ကာ
"ခင်ဗျား ဝန်ကြီးချုပ်ဆီမှာအမှုထမ်းဖို့ ကျွန်တော်ပြောခဲ့တာ။ ဒီဟာကြောင့် ခင်ဗျားမှာ ဘာမှဆုံးရှုံးမှုမရှိပါဘူး" ဟုပြောသည်။
"ကျွန်တော် ဝန်ကြီးချုပ်ရဲ့ စေတနာတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျုပ်ခန္ဓာက ဒီမှာပေမယ့် စိတ်ကတော့ ကျုပ်အစ်ကိုကြီးထံမှာပဲ"
"ဒါပေမယ့် လျူဘေ့(Liu Bei) တောင် ခင်ဗျားအပေါ် ဝန်ကြီးချုပ်လောက်မကောင်းခဲ့ဘူး မဟုတ်လား။ ဘာကြောင့် ထွက်သွားဦးမှာလည်း"
"ဝန်ကြီးချုပ်က ကျွန်တော့်အပေါ်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဦးရီးတော် လျူဘေ့(Liu Bei) က ကျွန်တော့်အပေါ်ထားခဲ့တဲ့စေတနာတွေ ရှိပါသေးတယ်။ နောက်ပြီး ဦးရီးတော်နဲ့ကျွန်တော်နဲ့က သေအတူရှင်မကွာဆိုပြီး သစ္စာဆိုခဲ့တာ။ ဒါကြောင့် ဒီမှာနေလို့မဖြစ်ပါဘူး၊ ဒါပေမယ့် ဒီက မထွက်ခင်မှာတော့ စွမ်းဆောင်မှုတစ်ခုခုလုပ်ခဲ့ပါ့မယ်"
"အကယ်၍များ ဦးရီးတော်က ဒီလောကကြီးမှာ မရှိတော့ရင်ကော?"
"ကျုပ်လည်း သူ့နောက် လိုက်သွားရုံပဲပေါ့"
"ကွမ်းယွီ"(Guan Yu) ၏ မဖောက်မပြန်သောစိတ်ကို သိသွားကာ "ကျန်းလျောင်"(Zhang Liao) မှ "ချောင်ချောင်း"(Cao Cao) ကို ပြန်ပြောပြလေသည်။ "ချောင်ချောင်း"(Cao Cao) မှ သက်ပြင်းချပြီး
"ကိုယ့်သခင်အပေါ်ကို သစ္စာမဖောက်သူက တကယ့်ဖြောင့်မှန်သူပဲ" ဟု ပြောသည်။
"ရွှင်ယွိ"(Xun Yu) : "ဒါပေမယ့် သူမထွက်သွားခင်မှာ စွမ်းဆောင်မှုတစ်ခုခုလုပ်မယ်လို့ပြောတယ်လေ။ သူမလုပ်နိုင်သေးရင် ထွက်မှာမဟုတ်ပါဘူး"
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုစကားကိုလက်ခံလိုက်သည်။
"လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားကာ ခိုလှုံနေသော်လည်း စိတ်မချမ်းသာသည့်ပုံဖြစ်နေသဖြင့် "ယွမ်ရှောက်"(Yuan Shao) မှမေးရာ
"တိုင်းပြည်အတွက်မလုပ်နိုင်ခဲ့သလိုမိသားစုအတွက်လည်း မလုပ်နိုင်ခဲ့တော့ စိတ်မကောင်းမဖြစ်ပဲ ဘယ်နေပါ့မလည်း" ဟု ပြောသည်။
"ကျုပ် ရွှီချန်ကို တိုက်ချင်တာကြာပြီ။ အခုက ဆောင်းဦးဆိုတော့ စစ်တိုက်ဖို့သင့်တော်တယ် ချောင်ချောင်း(Cao Cao) ကို ဖျက်စီးဖို့ တိုင်ပင်ကြရအောင်"
"ထျန်းဖုန်း"(Tian Feng) မှဝင်ကာ အောက်ပါအတိုင်း ကန့်ကွက်သည်။
"ချောင်ချောင်း(Cao Cao) က ရွှီကျိုးကိုတိုက်တဲ့အချိန်တုန်းက ရွှီချန်မှာ အကာအကွယ်မရှိဘူး။ ဒီအခွင့်အရေးကို သခင်ကြီးကလက်လွှတ်ခံခဲ့တယ်၊ အခုက ရွှီကျိုးက ရန်သူလက်ထဲကိုပါသွားခဲ့ပြီ၊ ရန်သူ့စစ်တပ်တွေက အောင်မြင်မှုရတော့ တက်ကြွနေပြီး နောက်စစ်ကိုဆင်နွှဲချင်နေကြတယ်။ ဒါကြောင့် နောက်ထပ်အခွင့်ရအောင် စောင့်ပါဦး"
"ငါ စဉ်းစားပါရစေ"
ထို့နောက် "ယွမ်ရှောက်"(Yuan Shao) က "လျူဘေ့"(Liu Bei) ၏အကြံကိုမေးရာ
"ချောင်ချောင်း(Cao Cao) က သူပုန်ပဲလေ။ ခင်ဗျားသာ အဲ့လိုမတိုက်ရင် တာဝန်မကျေရာကျမှာပေါ့" ဟု ပြောသည်။

"ခင်ဗျားစကားက မှန်တယ်"
ထို့နောက် စစ်တိုက်ရန်စိတ်ပိုင်းဖြတ်လိုက်ရာ "ထျန်းဖုန်း"(Tian Feng) ကဝင်ပြီး ကန့်ကွက်ပြန်သည်။ "ယွမ်ရှောက်"(Yuan Shao) မှ ဒေါသထွက်ပြီး
"ခင်ဗျားတို့လိုစစ်ပွဲတွေမုန်းတဲ့စာကြမ်းပိုးတွေကြောင့် ကျုပ်ဆုံးရှုံးခဲ့တာ မနည်းတော့ဘူး" ဟု ပြောသည်။ "ထျန်းဖုန်း"(Tian Feng) သည် ဒူးထောက်ပြီး
"ကျွန်တော်မျိုးရဲ့စကားကို မနာယူရင် စစ်ပွဲမှာရှုံးပါလိမ့်မယ်" ဟုပြောရာ "ယွမ်ရှောက်"(Yuan Shao) မှ "ထျန်းဖုန်း"(Tian Feng) ကိုသေဒဏ်ပေးစေလိုက်သည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) မှဝင်ပြီးအသနားခံသဖြင့် ထောင်သွင်းအကျဉ်းချထားစေလေသည်။
ထိုအဖြစ်အပျက်ကိုမြင်သောအခါ အခြားသောအကြံပေးဖြစ်သည့် "ကျွီရှို့"(Ju Shou) သည် သူ့မိသားစုတို့ကို သူပိုင်ဆိုင်သမျှတို့အားခွဲဝေကာ
"ငါ စစ်တပ်နဲ့လိုက်သွားရတော့မယ်။ အောင်ရင်တော့ ရွှေထီးဆောင်းရမပေါ့။ ရှုံးရင်တော့လည်း ပေးဆပ်ရမှာမနည်းဘူး" ဟုပြောသည်။ သူ၏သူငယ်ချင်းတို့က စိတ်မကောင်းဖြစ်ကာ ငိုကြသည်။ ထို့နောက် စစ်သူကြီး "ရန်လျန်"(Yan Liang) အားစစ်တပ်ကိုဦးဆောင်စေပြီး ပိုင်မာကို တိုက်စေသည်။
ထိုအခါ "ကျွီရှို့"(Ju Shou) မှ
"သူ တာဝန်ကို ထမ်းဆောင်ဖို့အတွက် စိတ်ဓာတ်ကကျဉ်းမြောင်းလွန်းတယ်။ ဒီလိုယုံကြည်မှုမျိုးရဖို့ မထိုက်တန်ဘူး" ဟု ပြောသည်။ "ယွမ်ရှောက်"(Yuan Shao) မှ
"ကျုပ်ရဲ့အကောင်းဆုံးစစ်သူကြီးတွေကို ဒီလိုဝေဖန်ရအောင် မင်းက ဘာမို့လို့လည်း" ဟု ပြောလေသည်။
ထို့နောက် "ယွမ်ရှောက်"(Yuan Shao) ၏ စစ်တပ်သည် လီရန်အနားရောက်လာရာ တုန်းကျွင်းမြို့စား "လျူယွဲ့"(Liu Yue) မှ ရွှီချန်ထံစာပို့ပြီး စစ်ကူတောင်းရာ "ချောင်ချောင်း"(Cao Cao) က စစ်တပ်ကိုအလျင်အမြန်ချီတက်စေသည်။

ထိုသတင်းကိုကြားလျှင် "ကွမ်းယွီ"(Guan Yu) မှ "ချောင်ချောင်း"(Cao Cao) ထံသွားတွေ့ပြီး
"အခုစစ်တပ်ပြင်ဆင်ပြီးပြီဆိုတော့ ကျွန်တော်က ရှေ့ပြေးတပ်ခေါင်းဆောင်အနေနဲ့ လုပ်ပေးပါ့မယ်" ဟုပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် ခင်ဗျားကို ဒီလိုအခက်အခဲထဲမပို့ပါဘူး။ ဒါပေမယ့် အကူအညီလိုရင်တော့ ပြောပါ့မယ်" ဟုဆိုလေသည်။
ထို့နောက် စစ်တပ်တစ်သိန်းခွဲကိုဦးဆောင်ပြီး အဖွဲ့သုံးဖွဲ့ခွဲကာ ချီတက်လေသည်။ လမ်းတွင် "လျူယွဲ့"(Liu Yue) ထံမှ စစ်ကူတောင်းသည့်စာများထပ်ရောက်လာပြန်ရာ "ချောင်ချောင်း"(Cao Cao) က စစ်တပ်ငါးသောင်းကိုဦးဆောင်ပြီး အလျင်သွားနှင့်သည်။ ထို့နောက် ပိုင်မာရှိ တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသည်။ ထိုတောင်ကုန်း၏အရှေ့ဘက်တွင် "ရန်လျန်"(Yan Liang) က စစ်သားတစ်သိန်းဖြင့်တပ်စွဲထားလေသည်။
"ချောင်ချောင်း"(Cao Cao) က ရန်သူ့စစ်တပ်ကြီးကိုကြည့်ပြီး လန့်သွားကာ စခန်းသို့ပြန်လာပြီးနောက် "စုန်းရှန်"(Song Xian) နှင့်တိုင်ပင်သည်။ "စုန်းရှန်"(Song Xian) သည် "လွီပု"(Lu Bu) လက်အောက်တွင် အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ "စုန်းရှန်"(Song Xian) ကို 
"ခင်ဗျားက လွီပု(Lu Bu) လက်အောက်မှာအမှုထမ်းခဲ့ဖူးတဲ့နာမည်ကြီးစစ်သူကြီးဆိုတော့ ရန်လျန်(Yan Liang) နဲ့ တစ်ဦးချင်းတိုက်ကြည့်ပါလား" ဟုဆိုသည်။
"စုန်းရှန်"(Song Xian) ကလည်း လက်ခံကာ မြင်းစီးပြီးထွက်သွားသည်။ "ရန်လျန်"(Yan Liang) မှ ရန်သူလာနေသည်ကို မြင်သောအခါ အော်လိုက်ပြီးနောက် တိုက်လေသည်။ သုံးကွက်ခန့်တိုက်ပြီးနောက်ဝယ် "စုန်းရှန်"(Song Xian) မှာ ရန်သူ့ဓားချက်မိပြီးသေလေသည်။ 
"ချောင်ချောင်း"(Cao Cao) : "တော်တော်ဆိုးရွားတဲ့စစ်သူကြီးပဲ"
"ဝေရွှီ"(Wei Xu) : "သူက ကျုပ်သူငယ်ချင်းကိုသတ်လိုက်တယ်။ ကျွန်တော်သွားပြီး လက်တုန့်ပြန်ချင်ပါတယ်"
"ချောင်ချောင်း"(Cao Cao) က လက်ခံလိုက်ရာ "ဝေရွှီ"(Wei Xu) သည် ထွက်ပြီးတိုက်လေသည်။ "ရန်လျန်"(Yan Liang) ဓားချက်က "ဝေရွှီ"(Wei Xu) နဖူးကိုထိသွားပြီး နှဖူးနှစ်ပိုင်းပြတ်ကာ သေဆုံးသွားသည်။
"ချောင်ချောင်း"(Cao Cao) : "သူ့ကိုယှဉ်နိုင်တဲ့လူ ဘယ်သူရှိသေးလည်း"
ထိုအခါ "ရွှီဟွမ်"(Xu Huang) ထွက်သွားပြန်သည်။ အချက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်ဝယ် ပြန်လှည့်ပြေးလာရသည်။ အခြားသောစစ်သူကြီးတို့လည်း ထိုရှုံးနိမ့်မှုကိုမြင်ပြီး စိတ်ဓာတ်ကျနေသည်။ "ချောင်ချောင်း"(Cao Cao) လည်း သူ့စစ်သူကြီးနှစ်ဦးဆုံးရှုံးသွားသဖြင့် စိတ်ညစ်ကာ တပ်ဆုတ်လေသည်။ "ရန်လျန်"(Yan Liang) လည်း ပြန်ဆုတ်ခွာသွားသည်။
ထိုအခါ "ချန်ယွီ"(Cheng Yu) သည် သူ၏ခေါင်းဆောင်ကိုသွားတွေ့ကာ 
"ရန်လျန်(Yan Liang) နဲ့ လက်ရုံးရည်ချင်းယှဉ်နိုင်မယ့်လူကို ကျွန်တော်သိတယ်။" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ဘယ်သူလည်း" ဟု ပြန်မေးသည်။

"ကွမ်းယွီ(Guan Yu) ကလွဲပြီး ဘယ်သူရှိဦးမှာလည်း"
"ဒါပေမယ့် သူစွမ်းဆောင်မှုလုပ်သွားရင် ကျုပ်စစ်တပ်က ထွက်သွားမှာစိုးရိမ်ရတယ်"
"လျူဘေ့(Liu Bei) သာ အသက်ရှင်လျက်ရှိသေးရင် ယွမ်ရှောက်(Yuan Shao) နဲ့အတူရှိမှာပဲ၊ ကွမ်းယွီ(Guan Yu) ကိုအသုံးချပြီး ယွမ်ရှောက်(Yuan Shao) ရဲ့စစ်တပ်ကိုချေမှုန်းစေတဲ့အကြောင်းကို ယွမ်ရှောက်(Yuan Shao) ဘက်ကသိသွားတဲ့အခါမှာ လျူဘေ့(Liu Bei) ကို သေဒဏ်ပေးလိုက်မှာပဲ။ လျူဘေ့(Liu Bei) မရှိရင် ကွမ်းယွီ(Guan Yu) က ဘယ်ကိုသွားနိုင်ဦးမလည်း"
ထိုစကားက "ချောင်ချောင်း"(Cao Cao) ၏စိတ်ကို ကျေနပ်သွားစေပြီး "ကွမ်းယွီ"(Guan Yu) ကို ခေါ်စေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) က သူ့မရီးနှစ်ဦးကိုသွားတွေ့လေသည်။ မရီးတို့က
"လမ်းမှာ ဦးရီးတော်ရဲ့သတင်းကိုကြားကောင်းကြားမှာပါ" ဟုပြောသည်။ "ကွမ်းယွီ"(Guan Yu) က
"ဟုတ်ကဲ့" ဟုဆိုပြီး ထွက်သွားလေသည်။
အစိမ်းရောင်နဂါးဓားကိုကိုင်ပြီး ယုန်နီကိုစီးရာ မကြာမီတွင်ပင် "ကွမ်းယွီ"(Guan Yu) သည် ပိုင်မာသို့ရောက်သွားသည်။ "ချောင်ချောင်း"(Cao Cao) ကအဖြစ်အပျက်တို့ကိုပြောပြလေသည်။
"ကွမ်းယွီ"(Guan Yu) : "ကျွန်တော် သူ့ကိုသွားကြည့်လိုက်ပါမယ်"
ထို့နောက် "ကွမ်းယွီ"(Guan Yu) အတွက် အရက်ပြင်နေချိန်တွင်ပင် "ရန်လျန်"(Yan Liang) ရောက်လာပြီးစိန်ခေါ်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွီ"(Guan Yu) အပြင် လူအချို့နှင့်အတူ ရန်သူကိုလှမ်းမြင်နိုင်သည့်တောင်ကုန်းပေါ်တက်လေသည်။ အပေါ်မှကြည့်လျှင် အောက်ဘက်ရှိ ဝင့်ထည်နေသောရန်သူ့စစ်တပ်ကိုမြင်ရသည်။
"ချောင်ချောင်း"(Cao Cao) : "မြစ်ဝါမြစ်မြောက်ဘက်က ကြောက်မက်စရာစစ်တပ်တွေကိုကြည့်ပါဦး"
"ကွန်းယွီ"(Guan Yu) : "ကျွန်တော်ကတော့ သူတို့ကို ရွှံ့နဲ့လုပ်ထားတဲ့ငှက်ရုပ်၊ခွေးရုပ်သာသာပဲ သဘောထားပါတယ်"
"ချောင်ချောင်း"(Cao Cao) က "ရန်လျန်"(Yan Liang) ထံလက်ညှိုးညွှန်ပြီး
"ဟို ထီးအမိုးအောက်က ပိုးထည်အကောင်းနဲ့ ငွေရောင်သံချပ်ကာဝတ်ထားပြီး ဓားအကြီးကြီးကိုင်ပြီးတော့ မြင်းစီးနေတဲ့လူက ရန်လျန်(Yan Liang) ပဲ" ဟုပြောသည်။ "ကွမ်းယွီ"(Guan Yu) က တစ်ချက်ကြည့်လိုက်ပြီး
"သူ့ခေါင်းက ရောင်းဖို့ တိုင်ဖျားမှာချိတ်ထားသလိုပဲ" ဟု ပြောသည်။

"သူက ဆိုးရွားလွန်းတယ်"
"ကျွန်တော်က တော်တဲ့လူမဟုတ်ပေမယ့် ဝန်ကြီးချုပ်ဆန္ဒရှိရင် သူ့ခေါင်းကိုယူလာလို့ရပါတယ်"
"ကျန်းလျောင်"(Zhang Liao) မှ ဝင်ကာ
"စစ်တပ်ထဲမှာ ဟာသတွေ မပြောပါနဲ့။ စကားပြောဆင်ခြင်ပါ၊ စစ်သူကြီး" ဟု ဆိုသည်။ "ကွမ်းယွီ"(Guan Yu) သည် ချက်ချင်းပင် မြင်းပေါ်တက်ပြီး ဓားကိုကိုင်ကာ ရန်သူ့တပ်ထဲဝင်သွားပြီး ရန်သူ့ခေါင်းဆောင်ရှိရာဘက်သွားသည်။ "ရန်လျန်"(Yan Liang) မှာ မြင်းစီးလာသူကိုမြင်ပြီး ထိုသူမည်သူနည်းဟု မေးမည်အပြုတွင်ပင် "ကွမ်းယွီ"(Guan Yu) မှာ သူ့ရှေ့ရောက်လာပြီး "ရန်လျန်"(Yan Liang) ကိုခုတ်လိုက်သည်။ ထို့နောက် "ရန်လျန်"(Yan Liang) ခေါင်းကိုဖြတ်ပြီး မြင်းလည်ပင်းတွင်ချိတ်ကာ ရန်သူ့တပ်ကြီးမရှိသည့်အလား ပြန်ထွက်ခွာသွားသည်။ ထိုမြင်ကွင်းကိုမြင်သော မြောက်ပိုင်းတပ်တို့သည် အင်မတန်ကြောက်လန့်ကုန်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏တပ်က တိုက်လေရာ မြောက်ပိုင်းတပ်ဖွဲ့တို့ အမြောက်အများသေဆုံးကုန်ကြသည်။ ရန်သူ့ဘက်မှ မြင်းများ၊ လက်နက်များ၊ ချပ်ဝတ်တန်ဆာများရရှိလေသည်။
"ချောင်ချောင်း"(Cao Cao) : "စစ်သူကြီးက လူမှဟုတ်ပါရဲ့သေးလား"
"ကွမ်းယွီ"(Guan Yu) : "ကျွန်တော် လုပ်တာဘာများရှိသေးလို့လည်း။ ကျုပ်ညီ ကျန်းဖေး(Zhang Fei) ဆိုရင် ပြည်နယ်တစ်ရာကစစ်တပ်ရှေ့မှာတောင် ဒီလိုအလားတူမျိုးကို သူ့အိတ်ကပ်ထဲကတစ်ခုခုထုတ်လိုက်သလို လွယ်လွယ်နဲ့လုပ်ဆောင်နိုင်တာပဲ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ့စစ်သူကြီးတို့ဘက်လှည့်ကာ
"မင်းတို့တွေ ဒီကျန်းဖေး(Zhang Fei) နဲ့တွေ့ရင် သတိထားကြ" ဟု ပြောလေသည်။ ထို့အပြင် ၎င်းကိုမှတ်မိစေရန် အဝတ်ပေါ်တွင် စာရေးထားခိုင်းသည်ဆို၏။
ထိုစစ်ရှုံးသောတပ်ဖွဲ့တို့သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားပြီး
"မုတ်ဆိတ်ရှည်ရှည်ရှိတဲ့ မျက်နှာနီလူတစ်ယောက်ဟာ ဓားအရှည်ကြီးကိုကိုင်ပြီး စစ်တပ်ထဲဝင်လာပြီးတော့ စစ်သူကြီးရဲ့ခေါင်းကိုဖြတ်သွားပါတယ်" ဟု သတင်းပို့သည်။
"ယွမ်ရှောက်"(Yuan Shao) : "အဲ့လူက ဘယ်သူတုန်း"
"ကျွီရှို့"(Ju Shou) : "လျူဘေ့(Liu Bei) ညီကွမ်းယွီ(Guan Yu) ကလွဲပြီး တခြားမဖြစ်နိုင်ပါဘူး"
"ယွမ်ရှောက်"(Yuan Shao) သည် အင်မတန်ဒေါသထွက်ကာ
"ခင်ဗျားညီက ကျုပ်မြတ်နိုးတဲ့စစ်သူကြီးကိုသတ်လိုက်ပြီ၊ ခင်ဗျားလည်း ကြံရာပါပဲနေမှာ၊ ဘာကြောင့် ခင်ဗျားကိုအရှင်ထားရမလည်း" ဟုဆိုကာ အစောင့်တို့ကိုခေါ်ပြီး "လျူဘေ့"(Liu Bei) ကို ခေါင်းဖြတ်ရန်အမိန့်ပေးလိုက်သည်။
*S~L*


Comments

Popular posts from this blog

Lookism