သုံးနိုင်ငံခေတ်(၂၆)

အခန်း (၂၆)
“ယွမ်ရှောက်”(Yuan Shao) သည် နောက်ထပ်ခေါင်းဆောင်တစ်ဦး ဆုံးရှုံးရခြင်း ၊
“ကွမ်းယွီ”(Guan Yu) က ရာထူးနှင့် စည်းစိမ်များကို စွန့်လွှတ်ခြင်း။

ရှေ့အခန်းတွင် “လျူဘေ့”(Liu Bei) ကို သတ်မိန့်ပေးသည်အထိ ဖော်ပြခဲ့ပြီးဖြစ်သည်။
သို့သော် “လျူဘေ့”(Liu Bei) က ထကာ “မသတ်ခင် တစ်ခွန်းလောက် ပြောခွင့်ပြုပါ အရှင် ၊ ရွှီကျိုးမှာကံဆိုးမိုးမှောင်ကျပြီးကတည်းက ငါ့ညီကို မတွေ့ရတော့ပါဘူး။ “ကွမ်းယွီ”(Guan Yu) သေလား ရှင်လားလည်း မသိရပါဘူး။ လောကမှာ သူနဲ့ရုပ်ဆင်တဲ့သူတွေ အများကြီးပါ။ မုတ်ဆိတ်မွေးနဲ့ မျက်နှာနီသူတိုင်း “ကွမ်းယွီ”(Guan Yu) ဖြစ်နိုင်ပါ့မလား။ သက်သေပြဖို့ မလုပ်သင့်ဘူးလား။” ဟုဆိုသည်။
“ယွမ်ရှောက်”(Yuan Shao) မှာ နဂိုကပင် စိတ်မြန်ပြီး အတွေးတိမ်သူဖြစ်ရာ “လျူဘေ့”(Liu Bei) က ထိုသို့ပြောလိုက်သည်နှင့် “ကျွီရှို့”(Ju Shou) ဖက် ရုတ်တရက်လှည့်ကာ “မင်းစွပ်စွဲလို့ အပြစ်မဲ့တဲ့သူတစ်ယောက်ကို သတ်မိတော့မလို့။” ဟုပြောသည်။
ထို့နောက် “လျူဘေ့”(Liu Bei) ကို တဖန်ပြန်ထိုင်ရန် တောင်းပန်ကာ “ရန်လျန်”(Yan Liang) အတွက် လက်စားချေရန် အကြံဉာဏ်တောင်းသည်။

ထိုစဉ် အသံတစ်ခုက ““ရန်လျန်”(Yan Liang) နဲ့ ငါဟာ ညီအစ်ကိုတွေလိုပဲ ၊ ဒီတော့ သူ့အတွက်လက်စားချေဖို့ တခြားသူကို ခွင့်မပေးနိုင်ဘူး။” ဟုဆိုလေသည်။ ထိုသူမှာ အရပ် ၈ ပေရှိပြီး Jilin မျက်နှာပေါက်ရှိသည့် မြစ်ဝါမြစ်မြောက်ပိုင်းမှ ထင်ရှားသော ခေါင်းဆောင် “ဝင်ချို”(Wen Chou) ဖြစ်လေသည်။
“ယွမ်ရှောက်”(Yuan Shao) လည်း ကျေနပ်စွာ “မင်းတစ်ယောက်ပဲ လုပ်နိုင်စွမ်းတယ်။ မင်းကို စစ်သည် ၁ သိန်းပေးမယ်။ မြစ်ဝါမြစ်ကိုဖြတ်ပြီး “ချောင်ချောင်း”(Cao Cao) ကိုချေမှုန်းပါ။” ဟု အမိန့်ပေးသည်။
“ကျွီရှို့”(Ju Shou): “ဒီလိုလုပ်လို့မရဘူး။ “ဝင်ချို”(Wen Chou) ရှုံးနိမ့်လိမ့်မယ်။ လုပ်သင့်တာက ရန်ကျင်း ကိုထိန်းထားပြီး ကွမ်းတု ကို တပ်စေလွှတ်ပါ။ မြစ်ကိုအလောတကြီးဖြတ်လို့ တစ်ခုခုအမှားရှိခဲ့ရင် တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး။”
“ယွမ်ရှောက်”(Yuan Shao): “မင်းတို့တွေက အမြဲပဲ နှောင့်နှေးအောင်လုပ်တယ်။ အချိန်မဆွဲခြင်းက စစ်သားတိုင်း အလေးထားရတဲ့အရာမဟုတ်ဘူးလား။”
“ကျွီရှို့”(Ju Shou): ဝမ်းနည်းစွာ “မြင့်မြတ်သူတွေဟာ ရည်မှန်းချက်အဆုံးမရှိကြဘူး။ နိမ့်ကျသူတွေက အောင်မြင်မှုကို ဆာလောင်ကြတယ်။ လုပ်ငန်းမအောင်မြင်တော့ဘူး။ မြစ်ဝါမြစ်ကတော့ အစဉ်သဖြင့်တည်တံ့လိမ့်မယ်။ ဒါကို ငါမပြောင်းနိုင်ဘူး။”

ထို့နောက် “ကျွီရှို့”(Ju Shou) သည် ဖျားနာဟန်ဆောင်ကာ ထိုနေ့မှစ၍ လွှတ်တော်မတက်တော့ပေ။
“လျူဘေ့”(Liu Bei): “မင်းက ငါ့အပေါ် ကြင်နာပေမဲ့ ငါ့ဖက်က ကျေးဇူးတင်ကြောင်း မပြနိုင်ခဲ့ဘူး။ အခု စစ်သူကြီး “ဝင်ချို”(Wen Chou) နဲ့လိုက်ပြီး မင်းကျေးဇူးကို ဆပ်ပါရစေ။ ငါ့ညီသတင်းလည်း ကြားလိုကြားငြားပေါ့။”
“ယွမ်ရှောက်”(Yuan Shao) က လက်ခံကာ “ဝင်ချို”(Wen Chou) ကို “လျူဘေ့”(Liu Bei) အား စီမံခွင့်ခွဲပေးစေသည်။
သို့သော် “ဝင်ချို”(Wen Chou) က ““လျူဘေ့”(Liu Bei) က ခဏခဏရှုံးနေတာ ၊ အောင်မြင်မှုအတွက် ထိခိုက်လိမ့်မယ်။ အရှင်ဆန္ဒရှိရင်တော့ “လျူဘေ့”(Liu Bei) ကို စစ်သား ၃ သောင်းနဲ့နောက်ချန်တပ်ကို ဦးစီးစေမယ်။” ဟုဆိုသည်။
သို့နှင့် အတည်ပြုပြီးသော် “လျူဘေ့”(Liu Bei) လက်အောက်သို့ စစ်သူကြီး ၃ ယောက်ပေးကာ ဦးစီးစေသည်။ 
“ရန်လျန်”(Yan Liang) ကို နှိမ်နင်းလိုက်သော “ကွမ်းယွီ”(Guan Yu) ၏အစွမ်းသည် “ချောင်ချောင်း”(Cao Cao) ၏လေးစားမှုကို နှစ်ဆတိုးစေသည်။ “ကွမ်းယွီ”(Guan Yu) ကို ဟန်ရှို အရှင်အဖြစ် ခန့်အပ်ရန် နန်းတော်ကို တင်ပြကာ တံဆိပ်တုံးကို အပ်နှင်းသည်။
ထိုစဉ်ပင် “ယွမ်ရှောက်”(Yuan Shao) တပ်များက မြစ်ဝါမြစ်ကို ဖြတ်လာကာ ရန်ကျင်း တွင် တပ်စွဲထားကြောင်း သတင်းဝင်လာသည်။ “ချောင်ချောင်း”(Cao Cao) က ဦးစွာ ဒေသခံများကို အနောက်ကမ်းခြေသို့ ပြောင်းရွေ့စေကာ “ယွမ်ရှောက်”(Yuan Shao) ကိုရင်ဆိုင်ရန် စစ်ချီလာသည်။ နောက်ချန်တပ်များကို ရှေ့ပို့သည်။ ရိက္ခာလှည်းများသည်လည်း တပ်ဦးတွင် နေရာချထားလေသည်။

“လူချန်”(Lu Qian): “ဘာလို့ပြောင်းပြန်လှည့်တာလဲ။”
“ချောင်ချောင်း”(Cao Cao): “ရိက္ခာတွေက နောက်မှာရှိနေရင် အခိုးခံရနိုင်တယ်။ ဒါကြောင့်ရှေ့မှာထားတာ။”
“လူချန်”(Lu Qian): “ဒါဆိုရန်သူနဲ့ ထိပ်တိုက်တွေ့ရင်ရော။”
“ချောင်ချောင်း”(Cao Cao): “ရန်သူတွေလာပါစေ။ ဘာလုပ်ရမလဲ ငါသိပါတယ်။”
“လူချန်”(Lu Qian) မှာ နန်းရင်းဝန်၏ရွှေ့ကွက်အတွက် များစွာပူပန်နေလေသည်။ ထိုအချိန်တွင် ရိက္ခာလှည်းမှာ မြစ်တလျှောက် ရန်ကျင်း သို့သွားနေသည်။ ရှေ့ဆုံးတပ်မှ အော်ဟစ်သံများကြားရ၍ “ချောင်ချောင်း”(Cao Cao) က မေးမြန်းသည်။
ဆက်သား: ““ဝင်ချို”(Wen Chou) ရဲ့တပ်တွေလာနေပါပြီ။ ရိက္ခာလှည်းကို စွန့်ခဲ့ရပြီး ရန်သူ့လက်ရောက်သွားပါပြီ။ တပ်မကနောက်မှာ ပြတ်ကျန်နေခဲ့တယ်။ ဘာဆက်လုပ်ကြမလဲ။”
“ချောင်ချောင်း”(Cao Cao): ကုန်းမြင့် ၂ ခုကိုညွှန်ပြကာ “ဒီမှာခဏ ခိုကြတာပေါ့။”
အနားရှိစစ်သည်အားလုံးပြေးတက်သွားသည်။ “ချောင်ချောင်း”(Cao Cao) က အားလုံးကို ချပ်ဝတ်များချွတ်ပြီး နားနေစေသည်။ မြင်းစီးသမားများကလည်း မြင်းများကို လွှတ်ထားသည်။
“ဝင်ချို”(Wen Chou) ၏စစ်သားများ ရောက်လာသည်။ ရန်သူများနီးလာသော် “ချောင်ချောင်း”(Cao Cao) က “ရန်သူတွေနီးလာပြီ။ မြင်းတွေသိမ်းပြီး ပိုင်မာကိုပြန်ကြမယ်။” ဟုဆိုသည်။
“ရွှင်ယို”(Xun You): “ဒါက စစ်မြှူတဲ့တပ်လောက်ပါပဲ။ ဘာလို့တပ်ဆုတ်တာလဲ။”
“ချောင်ချောင်း”(Cao Cao): “ငါနားလည်တယ်။ ဘာမှဝင်မပြောပါနဲ့။”

ရိက္ခာလှည်းများကို သိမ်းလိုက်နိုင်သော ရန်သူများက မြင်းများကိုပါ ဖမ်းရန် ကြံလာသည်။ အားလုံးမှာ ဖရိုဖရဲနှင့် ပြန့်ကျဲသွားသည်။ ရုတ်တရက် “ချောင်ချောင်း”(Cao Cao) က တိုက်မိန့်ပေးလိုက်လေသည်။
ရန်သူများ အံ့အားသင့်သွားသည်။ “ဝင်ချို”(Wen Chou) တပ်မှာ ရှုပ်ထွေးနေပြီး “ချောင်ချောင်း”(Cao Cao) တပ်များက ဝန်းရံလိုက်သည်။ “ဝင်ချို”(Wen Chou) ကမားမားမတ်မတ်ရပ်ကာ ပြန်တိုက်ရန်ပြင်သော်လည်း ဘေးမှစစ်သည်များမှာ တစ်ဦးနှင့်တစ်ဦး ဝင်တိုက်ကာ လဲပြိုနေကြသဖြင့် ဘာမျှမတတ်နိုင်ဘဲ ထွက်ပြေးရလေသည်။
ထိုစဉ် ကုန်းမြင့်ပေါ်တွင် ရပ်နေသော “ချောင်ချောင်း”(Cao Cao) က ထွက်ပြေးသွားသောခေါင်းဆောင်ကို ညွှန်ပြကာ “ဒါဟာ မြောက်ပိုင်းက အကျော်ကြားဆုံးစစ်သူကြီးထဲကတစ်ယောက်ပဲ။ သူ့ကိုဘယ်သူဖမ်းနိုင်မလဲ။” ဟုမေးသည်။
“ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီဟွမ်”(Xu Huang) တို့က မြင်းပေါ်တက်ကာ ရန်သူနောက်လိုက်လေသည်။
“ဝင်ချို”(Wen Chou) က လိုက်လာသောသူ ၂ ယောက်ကို တွေ့သော် လှံကို ချကာ လေးတင်၍ “ကျန်းလျောင်”(Zhang Liao) ကို ပစ်လေသည်။ “ရွှီဟွမ်”(Xu Huang) ကဒေါသကြီးစွာတားလေသည်။ 

“ကျန်းလျောင်”(Zhang Liao) က မြားကိုငုံ့ရှောင်လိုက်ရာ ဒဏ်ရာမရပေ။ ခေါင်းဆောင်း၏ပန်းပွားသာ ပြတ်ပါသွားသည်။ ထို့နောက် ဆက်လက်လိုက်လံဖမ်းဆီးလေသည်။ သို့သော် နောက်မြားတစ်စင်းမှာ မြင်းခေါင်းသို့စိုက်ဝင်လေရာ မြင်းမှာလဲကျသွားပြီး သခင်ကို မြေပေါ်ပြုတ်ကျစေလေသည်။
ထို့နောက် “ဝင်ချို”(Wen Chou) ကပြန်လှည့်လာရာ “ရွှီဟွမ်”(Xu Huang) က သူ၏ပုဆိန်ရှည်ကို ဝှေ့ကာ တားလေသည်။ သို့သော် “ဝင်ချို”(Wen Chou) ၏နောက်တွင် များစွာသော မြင်းစီးစစ်သည်များကို မြင်လေရာ ထွက်ပြေးရလေသည်။ “ဝင်ချို”(Wen Chou) က မြစ်ကမ်းတလျှောက် လိုက်လံတိုက်ခိုက်လေသည်။ ထိုစဉ် သူ့ထံပြေးလာသော မြင်းစီးသူရဲကောင်းတစ်ဦးကို မြင်လေသည်။ ကြီးမားသောဓားကိုကိုင်လာကာ နဖူးစည်းစာတမ်းက လေတွင် လွင့်နေလေသည်။
ထိုသူမှာ “ကွမ်းယွီ”(Guan Yu) ပင်ဖြစ်ကာ စတင်တိုက်ခိုက်လေသည်။ သုံးချက်မြောက်တွင်ပင် “ဝင်ချို”(Wen Chou) မှာ လက်ပန်းကျသွားသဖြင့် လှည့်ကာ ပြေးလေသည်။ သို့သော် “ကွမ်းယွီ”(Guan Yu) မြင်းကပိုမြန်ကာ မကြာမီမှီလေသည်။ ကံဆိုးသူ “ဝင်ချို”(Wen Chou) မှာ တစ်ချက်နှင့်ပင် သေလေသည်။ 
ထိုအခြင်းအရာကို “ချောင်ချောင်း”(Cao Cao) မြင်သော် တိုက်ရန် အမိန့်ပေးလေသည်။ မြောက်ပိုင်းစစ်သည်တဝက်မှာ ရေနစ်သေဆုံးလေသည်။ ရိက္ခာလှည်းများနှင့် မြင်းများအားလုံးလည်း လျင်မြန်စွာ ပြန်ရလေသည်။
ထိုစဉ် “ကွမ်းယွီ”(Guan Yu) မှာ မြင်းစီးစစ်သည်အနည်းငယ်နှင့်အတူ တိုက်ခိုက်နေစဉ် မြစ်၏တဖက်ကမ်းတွင် အရန်စစ်သည် ၃ သောင်းနှင့်အတူ “လျူဘေ့”(Liu Bei) ကို တွေ့လေသည်။ မုတ်ဆိတ်မွေးရှည်နှင့် မျက်နာနီသူရဲကောင်းက “ဝင်ချို”(Wen Chou) ကို သတ်လိုက်ကြောင်း “လျူဘေ့”(Liu Bei) ကိုလျှောက်တင်ကြရာ “လျူဘေ့”(Liu Bei) ကလျင်မြန်စွာရှေ့သို့နှင်ရင်း ကြည့်လေသည်။ မြစ်၏တဖက်ကမ်းတွင် မြင်းတစ်အုပ်နှင့် နဖူးစည်းတံဆိပ်များက “ကွမ်းယွီ”(Guan Yu) ၊ ဟန်ရှို အရှင် ဟုရေးထားလေသည်။ 

“ဒါဆိုရင်တော့ ဒါ ငါ့ညီပဲ ၊ သူတကယ် “ချောင်ချောင်း”(Cao Cao) နဲ့ရှိနေတာပဲ။” ဟုဆိုသည်။ ရင်ထဲကမူ ညီဖြစ်သူ ဘေးကင်းသည့်အတွက် ဝမ်းသာနေလေသည်။
“လျူဘေ့”(Liu Bei) က “ကွမ်းယွီ”(Guan Yu) ကိုခေါ်ရန် ကြိုးစားသော်လည်း “ချောင်ချောင်း”(Cao Cao) တပ်များရောက်လာ၍ နောက်ဆုတ်ခဲ့ရသည်။
“ယွမ်ရှောက်”(Yuan Shao) က စစ်ကူများဖြင့် ကွမ်းတု ကိုရောက်လာကာ ခံတပ်စခန်းတစ်ခုတည်ဆောက်ထားသည်။
အကြံပေးများဖြစ်သော "ကော်ထူ"(Guo Tu) နှင့် "ရှန်ဖေ"(Shen Pei) တို့က “အဲ့နောက်လိုက် “ကွမ်းယွီ”(Guan Yu) ကစစ်ပွဲထဲပါလာပြန်ပြီ။ “ဝင်ချို”(Wen Chou) ကိုလည်းသတ်လိုက်တယ်။ “လျူဘေ့”(Liu Bei) ကလည်း မသိချင်ယောင်ဆောင်နေတယ်။” ဟု လျှောက်တင်သည်။
“ယွမ်ရှောက်”(Yuan Shao) ကစိတ်ဆိုးစွာ “ဒီလောက်တောင် ကျွေးမွေးထားတာ ၊ ဒီကောင်က ဒီလိုလုပ်ရဲသလား။” ဟုအော်ဟစ်လေသည်။

မကြာမီ “လျူဘေ့”(Liu Bei) ရောက်လာသည်။ “ယွမ်ရှောက်”(Yuan Shao) က နောက်တစ်ကြိမ် သတ်မိန့်ပေးပြန်သည်။
“လျူဘေ့”(Liu Bei): “ငါ ဘာအမှုကျူးလွန်မိလို့လဲ။”
“ယွမ်ရှောက်”(Yuan Shao): “မင်းညီကို ငါ့စစ်သူကြီးနောက်တစ်ယောက်ကို သတ်ဖို့ ခိုင်းတာလေ။ ဒါ ပြစ်မှုပဲ။”
“လျူဘေ့”(Liu Bei): “ငါ့ကို မသတ်ခင် ရှင်းပြခွင့်ပေးပါ။ “ချောင်ချောင်း”(Cao Cao) က ငါ့ကို အမြဲမုန်းတီးခဲ့တာ။ အခု သူက ငါမင်းနဲ့ရှိနေတာကို သိပြီး မင်းကိုကူညီမှာစိုးနေတယ်။ ဒီတော့ ငါ့ညီကိုလွှတ်ပြီး မင်းရဲ့စစ်သူကြီးတွေကို သတ်ခိုင်းတယ်။ ဒါမှ မင်းစိတ်ဆိုးပြီး ငါ့ကို သတ်အောင်လို့ပါ။ ဒါကိုမြင်အောင်ကြည့်ပါဦး။”
“ယွမ်ရှောက်”(Yuan Shao): “သူပြောတာ အဓိပ္ပာယ်ရှိတယ်။”
ထို့နောက် အကြံပေးများဖက်လှည့်ကာ “မင်းတို့ကြောင့် လူကောင်းကို ဒုက္ခပေးမိတော့မလို့။” ဟုဆိုကာ “လျူဘေ့”(Liu Bei) ကို သူ့အနားတွင်ထိုင်စေပြန်သည်။
“လျူဘေ့”(Liu Bei): “မင်းကို အလွန်ကျေးဇူးတင်ပါတယ်။ ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး။ အခု ငါ့ညီဆီကို လျှို့ဝှက်စာတစ်စောင် ပို့ပြီး ငါရှိတဲ့နေရာကို ပြောလိုက်မယ်။ သူချက်ချင်းပြေးလာမယ်လို့ ငါယုံတယ်။ သူက “ချောင်ချောင်း”(Cao Cao) ကိုနှိမ်နင်းဖို့ မင်းကိုကူညီပါလိမ့်မယ်။ မင်းရဲ့စစ်သူကြီး ၂ ဦးစာအတွက် အကြွေးဆပ်ပါလိမ့်မယ်။ မင်းသဘောတူသလား။”
“ယွမ်ရှောက်”(Yuan Shao): ““ကွမ်းယွီ”(Guan Yu) ကိုသာ ရမယ်ဆို သေသွားတဲ့ “ရန်လျန်”(Yan Liang) နဲ့ “ဝင်ချို”(Wen Chou) တို့ထက် ၁၀ ဆ ပိုကောင်းတာပေါ့။”

သို့နှင့် စာတစ်စောင် ပြင်ဆင်သည်။ သို့သော် စာပို့ပေးမည့်သူကမရှိပေ။ “ယွမ်ရှောက်”(Yuan Shao) က စစ်တပ်ကို ဝူရန်သို့ဆုတ်ခွာသည်။ အခြေအနေမှာ တည်ငြိမ်နေသည်။
“ချောင်ချောင်း”(Cao Cao) က "ရှဟိုတွန်း"(Xiahou Dun)ကို ကွမ်းတု တွင် ခံစစ်ပြင်ခိုင်းကာ မြို့တော်ကို ပြန်သွားသည်။ ထို့နောက် “ကွမ်းယွီ”(Guan Yu) ၏စွမ်းဆောင်ချက်များအတွက် ဂုဏ်ပြုအခမ်းအနားများ ကျင်းပလေသည်။ ရိက္ခာလှည်းများကို တပ်ရှေ့တွင်ထားခြင်းမှာ ရန်သူကို မြှားခေါ်ခြင်းဖြစ်ကြောင်း “လူချန်”(Lu Qian) ကို ရှင်းပြလေသည်။ ““ရွှင်ယို”(Xun You) တစ်ယောက်ပဲ နားလည်လိမ့်မယ်။” ဟုဆိုကာ နိဂုံးချုပ်လေသည်။
အားလုံးက သူ၏ထက်မြက်မှုအတွက် ချီးကျူးကြလေသည်။ ပွဲကျင်းပနေစဉ် ရုနန် တွင် “လျူဖီ”(Liu Pi) နှင့် “ကုန်းတု”(Gong Du) တို့ဦးဆောင်သော အဝါရောင်သူပုန်များထကြွနေသည့် သတင်းရောက်လာသည်။ လွန်စွာအင်အားတောင့်သဖြင့် "ချောင်ဟုန်"(Cao Hong) မှာ အကြိမ်ကြိမ်ရှုံးနိမ့်ပြီး စစ်ကူတောင်းခြင်းဖြစ်သည်။
“ကွမ်းယွီ”(Guan Yu) ကြားသော် “ဒီသူပုန်တွေကို နှိမ်နင်းပြီး စွမ်းဆောင်မှုပြုချင်ပါတယ်။” ဟုဆိုသည်။ 
“ချောင်ချောင်း”(Cao Cao): “မင်းက ကြီးမားတဲ့စွမ်းဆောင်မှုကြီးကို လုပ်ခဲ့ပြီးပါပြီ။ မင်းကို ဒုက္ခထပ်မပေးချင်ဘူး။” 
“ကွမ်းယွီ”(Guan Yu): “ငါအကြာကြီးငြိမ်နေရရင် ငါနေမကောင်းဖြစ်လိမ့်မယ်။”
သို့နှင့် စစ်သည် ၅ သောင်း ၊ “ယွီကျင့်”(Yu Jin) နှင့် "ယွဲကျင့်"(Yue Jing) တို့ကို “ကွမ်းယွီ”(Guan Yu) လက်အောက်ထားကာ စေလွှတ်လိုက်ရသည်။ မကြာမီထွက်ခွာရန်ဖြစ်သည်။

“ရွှင်ယို”(Xun You): လျှို့ဝှက်စွာ “သူကအမြဲတမ်း “လျူဘေ့”(Liu Bei) ဆီပြန်ချင်နေတာ။ သတင်းကြားတာနဲ့ သွားမှာပဲ။ သူ့ကို မလွှတ်ပါနဲ့။”
“ချောင်ချောင်း”(Cao Cao): “ဒီတစ်ခေါက်အောင်မြင်ပြီးရင် သူ့ကို တိုက်ပွဲကို ထပ်မလွှတ်တော့ပါဘူး။”
“ကွမ်းယွီ”(Guan Yu) ဦးဆောင်သော တပ်များက ရန်သူတပ်အနီး ရုနန် တွင် စခန်းချသည်။ တစ်ညတွင် သူ၏တဲအပြင်တွင် သူလျှို ၂ ယောက်ဖမ်းမိ၍ “ကွမ်းယွီ”(Guan Yu) ဆီခေါ်ဆောင်လာသည်။ တစ်ဦးမှာ “စွန်းချန်”(Sun Qian) ဖြစ်နေသည်။ အပါးတော်မြဲများကို ထွက်စေကာ “စွန်းချန်”(Sun Qian) ကိုမေးသည်။
“ကွမ်းယွီ”(Guan Yu): “ငါတို့ကွဲသွားပြီးကတည်းက မင်းဆီက သတင်းမကြားတော့ဘူး။ မင်းဒီမှာဘာလုပ်နေတာလဲ။”
“စွန်းချန်”(Sun Qian): “ငါလွတ်သွားတော့ ဟိုဟိုဒီဒီသွားရင်းနဲ့ ရုနန် ကို ရောက်လာတော့ အဝါရောင်သူပုန်ခေါင်းဆောင် “လျူဖီ”(Liu Pi) နှင့် “ကုန်းတု”(Gong Du) တို့က ခေါ်ထားတာ။ မင်းကရော ဘာလို့ “ချောင်ချောင်း”(Cao Cao) နဲ့ရှိနေရတာလဲ။ မင်းရဲ့ မရီးတော်တွေရော ၊ သူတို့ရော ကောင်းကောင်းမွန်မွန်ရှိရဲ့လား။”
“ကွမ်းယွီ”(Guan Yu) က အကြောင်းစုံရှင်းပြသည်။

“စွန်းချန်”(Sun Qian): “ငါကြားတာ “လျူဘေ့”(Liu Bei) က “ယွမ်ရှောက်”(Yuan Shao) နဲ့ရှိနေတယ်။ သူ့ဆီသွားပေါင်းချင်ပေမဲ့ အခွင့်မသာဘူးဖြစ်နေတယ်။ အခု ငါနဲ့ပါတဲ့ ၂ ယောက်က “ယွမ်ရှောက်”(Yuan Shao) ဖက်ခိုလှုံမလို့။ ကံကောင်းချင်တော့ မင်းဒီကိုလာနေတယ်လို့ ကြားတယ်။ ဒါနဲ့ ကင်းထောက်တချို့နဲ့ မင်းဆီလာခဲ့တာ။ သူပုန်ခေါင်းဆောင် ၂ ယောက်က ရှုံးချင်ယောင်ဆောင်မယ်။ မင်းကပြန်ပြီး မရီးတော် ၂ ယောက်နဲ့ မင်းအစ်ကိုဆီသွားပါ။”
“ကွမ်းယွီ”(Guan Yu): “သူဒီမှာရှိနေမှတော့ သူ့ဆီကို ချက်ချင်းသွားရမယ်။ ကံဆိုးတာက ငါ “ယွမ်ရှောက်”(Yuan Shao) ရဲ့ စစ်သူကြီး ၂ ယောက်ကို သတ်ထားမိတယ်။ ငါ့အတွက် အခြေအနေမပေးမှာစိုးရတယ်။”
“စွန်းချန်”(Sun Qian): “ငါအရင်သွားပြီး အခြေအနေစနည်းနာကြည့်မယ်။ မင်းဆီပြန်လာပြီး ပြောပြပါမယ်။”
“လျူဘေ့”(Liu Bei): “ငါ့အစ်ကိုကို တွေ့ဖို့ အကြိမ်ကြိမ်သေရလည်း ငါသွားမှာပါ။ ဒါပေမဲ့ “ချောင်ချောင်း”(Cao Cao) ကိုတော့ နှုတ်ဆက်ရလိမ့်မယ်။”
ထိုညတွင် “စွန်းချန်”(Sun Qian) ကိုပြန်လွှတ်လိုက်ကာ နောက်နေ့တွင် စစ်တိုက်ရန်ပြင်သည်။ “ကုန်းတု”(Gong Du) ကလည်း ရှေ့ထွက်လာသည်။

“ကွမ်းယွီ”(Guan Yu): “မင်းတို့တွေ ဘာလို့ အစိုးရကို ပုန်ကန်ရတာလဲ။”
“ကုန်းတု”(Gong Du): “မင်းတောင် မင်းအရှင်ကို သစ္စာဖောက်သေးတာ ၊ ဘာလို့ငါတို့ကို အပြစ်တင်နေရတာလဲ။”
“ကွမ်းယွီ”(Guan Yu): “ငါ ဘယ်လိုသစ္စာဖောက်လို့လဲ။”
“ကုန်းတု”(Gong Du): ““လျူဘေ့”(Liu Bei) က “ယွမ်ရှောက်”(Yuan Shao) ဆီမှာ ၊ မင်းက “ချောင်ချောင်း”(Cao Cao) ဆီမှာ ၊ ဒါက ဘာသလောလဲ။”
“ကွမ်းယွီ”(Guan Yu) မှာ ပြန်မဖြေနိုင်ဘဲ ဓားကိုဝှေ့ကာ ရှေ့တက်သွားသည်။ “ကုန်းတု”(Gong Du) ပြေးကာ “ကွမ်းယွီ”(Guan Yu) ကလိုက်သည်။ “ကုန်းတု”(Gong Du) ကပြန်လှည့်ကာ “မင်းအရှင်ရဲ့ ကြင်နာမှုကို မမေ့ပါနဲ့။ အခု အစွမ်းကုန်တိုက်ပါ။ ငါတို့ အရှုံးပေးမယ်။” ဟုဆိုသည်။
“ကွမ်းယွီ”(Guan Yu) လည်း သဘောပေါက်ကာ ဖိတိုက်ရန် အမိန့်ပေးသည်။ သူပုန်များက ရှုံးချင်ယောင်ဆောင်ကာ ဆုတ်ခွာသွားသည်။ သို့နှင့် ရုနန် ကိုပြန်ရသည်။ အခြေအနေအရပ်ရပ်တည်ငြိမ်သော် မြို့တော်သို့ပြန်ခဲ့သည်။ “ချောင်ချောင်း”(Cao Cao) ကချီးကျူးရင်း ကြိုဆိုလေသည်။
အောင်ပွဲခံပြီးသော် “ကွမ်းယွီ”(Guan Yu) က မရီးတော်များဆီသွားကာ ဂါရဝပြုသည်။
ကန်း ကတော်: “မင်း ဒီစစ်ချီရတဲ့ ၂ ခါမှာ မင်းအစ်ကိုကို မတွေ့မိဘူးလား။”
“ကွမ်းယွီ”(Guan Yu): “မတွေ့ဘူး။”
“ကွမ်းယွီ”(Guan Yu) ထွက်သွားသော် အတွင်းမှ ငိုကြွေးသံကြားရလေသည်။
မရီးတော်များ: “သူသေရှာပြီ။ ငါတို့မတ်တော်က ငါတို့ဝမ်းနည်းမှာစိုးလို့ ဖုံးကွယ်ထားတာနေမှာ။”
ထိုစဉ် အစောင့်တာဝန်ထမ်းနေသော စစ်သားဟောင်းတစ်ယောက်က ငိုသံများကြားသော် သနားကာ “မငိုကြပါနဲ့။ မင်းတို့ရဲ့အရှင်က “ယွမ်ရှောက်”(Yuan Shao) နဲ့အတူ မြစ်ဝါမြစ်မြောက်ဖက်ကမ်းမှာရှိပါတယ်။” ဟုပြောသည်။
မရီးတော်များ: “မင်းကဘယ်လိုသိတာလဲ။”
အစောင့်: “စစ်သူကြီး “ကွမ်းယွီ”(Guan Yu) နဲ့လိုက်သွားတုန်းက စစ်သား တစ်ယောက်ပြောတာပါ။”
ကတော် ၂ ပါးက “ကွမ်းယွီ”(Guan Yu) ကိုပြန်ခေါ်ကာ “အရှင်ဟာ မင်းကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး။ မင်းကကျတော့ အတိတ်ကို မေ့ပစ်ပြီး “ချောင်ချောင်း”(Cao Cao) ပေးတဲ့ စည်းစိမ်တွေကို မက်နေတယ်။ ငါတို့ကိုလည်း လိမ်ပြောတယ်။” ဟုဆူပူလေသည်။ “ကွမ်းယွီ”(Guan Yu) ကဦးညွတ်ကာ “အစ်ကိုကြီးက တကယ်ပဲ မြစ်ဝါမြစ်မြောက်ဖက်ကမ်းမှာရှိပါတယ်။ သတင်းပေါက်ကြားမှာစိုးလို့ မင်းတို့ကို မပြောရဲတာပါ။ သေသေချာချာနဲ့ အချိန်ယူလုပ်ရမှာပါ။” ဟု ပြန်ဖြေသည်။ ကန်း ကတော်က “မတ်တော် ၊ မင်းမြန်မြန်လုပ်သင့်တယ်။” ဟုဆိုသည်။
“ကွမ်းယွီ”(Guan Yu) လည်း ထွက်ခွာရန် အချိန်မဆိုင်းဘဲ ပြင်ဆင်ရတော့မည်ဟု တွေးကာ များစွာစိတ်မသက်မသာဖြစ်နေသည်။

“ယွီကျင့်”(Yu Jin) က “လျူဘေ့”(Liu Bei) မြောက်ဖက်တွင်ရှိနေသည်ကိုသိသော် “ချောင်ချောင်း”(Cao Cao) ကိုသတင်းပေးသည်။ “ချောင်ချောင်း”(Cao Cao) က ချက်ချင်းပင် “ကျန်းလျောင်”(Zhang Liao) ကိုလွှတ်ကာ “ကွမ်းယွီ”(Guan Yu) စိတ်ကို ထောက်လှမ်းစေသည်။
“ကျန်းလျောင်”(Zhang Liao): “မင်းရဲ့အစ်ကို သတင်းကို ကြားပြီလို့ ပြောကြတယ်။ မင်းအတွက် ဝမ်းသာပါတယ်။”
“ကွမ်းယွီ”(Guan Yu): “ငါ့အရှင်က အဲဒီမှာရှိတာ သေချာတယ်။ ဒါပေမဲ့ မဆုံခဲ့ရဘူး။ ဝမ်းသာစရာမဟုတ်ပါဘူး။”
“ကျန်းလျောင်”(Zhang Liao): “တခြားညီအစ်ကိုတွေနဲ့ မင်းတို့နဲ့ ဘာကွာခြားတာရှိလဲ။”
“ကွမ်းယွီ”(Guan Yu): “မင်းနဲ့ငါဆိုရင် သူငယ်ချင်းပဲ။ “လျူဘေ့”(Liu Bei) နဲ့ ငါက ညီအစ်ကိုလည်းဟုတ်တယ်။ သူငယ်ချင်းလည်းဟုတ်တယ်။ မင်းသားနဲ့ ဝန်ကြီးလည်း ဖြစ်နေပြန်တယ်။ ငါတို့ကြားကဆက်ဆံရေးကို သာမန်စာလုံးနဲ့ ဖော်ပြလို့မရဘူး။”
“ကျန်းလျောင်”(Zhang Liao): “အခုမင်းအစ်ကိုရှိတဲ့နေရာသိပြီဆိုတော့ မင်းသွားမှာလား။”
“ကွမ်းယွီ”(Guan Yu): “ငါပြောခဲ့တာကို ငါမရုပ်သိမ်းဘူး။ ငါ နန်းရင်းဝန်ကို သေချာရှင်းပြပါမယ်။”
“ကျန်းလျောင်”(Zhang Liao) ကပြန်သွားကာ “ချောင်ချောင်း”(Cao Cao) ကို ပြန်ပြောပြသော် “ငါသူ့ကိုတားဖို့ နည်းရှာရမယ်။” ဟုဆိုလေသည်။
“ကွမ်းယွီ”(Guan Yu) သည် သူ၏အခက်အခဲများကိုဖြေရှင်းရန် စဉ်းစားနေစဉ် မိတ်ဆွေတစ်ယောက်ရောက်လာသည်ဟု သတင်းပို့လာသည်။ ဝင်လာသူကို “ကွမ်းယွီ”(Guan Yu) ကမသိချေ။ ထိုသူက “ယွမ်ရှောက်”(Yuan Shao) လက်အောက်က Nanyang က “ချန်ကျန်း”(Chen Zhen) ဖြစ်ကြောင်း မိတ်ဆက်လေသည်။
“ကွမ်းယွီ”(Guan Yu) က စိတ်ပူပန်စွာ အပါးတော်မြဲများကို အပြင်ထွက်ခိုင်းသည်။ “ချန်ကျန်း”(Chen Zhen) က စာတစ်စောင် ထုတ်ပေးသည်။ လက်ရေးမှာ “လျူဘေ့”(Liu Bei) ၏လက်ရေးဖြစ်ကြောင်း အမှတ်ရသည်။ စာမှာ “စာရေးသူ ငါနဲ့ မင်းဟာ အတူတူသေဆုံးဖို့ မက်မွန်ဥယျာဉ်မှာ သစ္စာဆိုခဲ့ကြတယ်။ အခုတော့ ငါတို့တွေ ရှင်လျက်နဲ့ ဝေးကွာနေကြတယ်။ ငါတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ ဖျက်ဆီးခံရပြီလား။ ငါတို့ရဲ့ အမှန်တရားကိုမြတ်နိုးတဲ့စိတ်တွေ ပျောက်ကွယ်သွားပြီလား။ တကယ်လို့ မင်းက ကျော်ကြားမှု ၊ စည်းစိမ်နဲ့ ဂုဏ်ပြုမှုကို လိုချင်ရင် ငါ့ရဲ့ခေါင်းကို မတွန့်ဆုတ်ပဲ ပေးပါမယ်။ ဒါဆို မင်းဂုဏ်ထူးဆောင်နိုင်မယ်။ အများကြီးထပ်ပြောချင်ပေမဲ့ မင်းအမိန့်ကို စောင့်နေပါမယ်။” ဟုဆိုထားသည်။
စာဖတ်ပြီးသော် “ကွမ်းယွီ”(Guan Yu) မှာ သည်းထန်စွာ ငိုကြွေးလေသည်။

“ကွမ်းယွီ”(Guan Yu): “ငါ အမြဲ အစ်ကိုကြီးကို ရှာနေခဲ့တာ ၊ သူဘယ်မှာမှန်းမသိရဘူး။ သူဘာလို့ ငါ့ကိုမကောင်းမြင်ရတာလဲ။”
“ချန်ကျန်း”(Chen Zhen): ““လျူဘေ့”(Liu Bei) ကလည်း မင်းကို သိပ်တွေ့ချင်နေတယ်။ မင်းသစ္စာဆိုခဲ့တာကို မမေ့ရင် သူ့ဆီမြန်မြန်သွားသင့်တယ်။”
“ကွမ်းယွီ”(Guan Yu): “လူရယ်လို့မွေးလာပြီး ရိုးသားမှန်ကန်မှုမရှိရင် လူမဖြစ်ထိုက်ဘူး။ ငါပွင့်ပွင့်လင်းလင်းပြောပြီး “ချောင်ချောင်း”(Cao Cao) ဆီလာတယ်။ အခု အစ်ကိုကြီးကို ခဏသည်းခံဖို့ စာတစ်စောင် ရေးပေးလိုက်မယ်။ “ချောင်ချောင်း”(Cao Cao) ဆီက ထွက်လို့ရတာနဲ့ မရီးတော် ၂ ပါးကို ခေါ်ပြီး ထွက်ခဲ့ပါမယ်။”
“ချန်ကျန်း”(Chen Zhen): ““ချောင်ချောင်း”(Cao Cao) ကသွားခွင့်မပေးရင်ရော။”
“ကွမ်းယွီ”(Guan Yu): “ဒီမှာဆက်နေမယ့်အစား အသေခံပါမယ်။”
“ချန်ကျန်း”(Chen Zhen): “ဒါဆိုရင် မင်းအစ်ကိုမပူပန်ရအောင် စာအမြန်ရေးပေးလိုက်ပါလား။”
“ကွမ်းယွီ”(Guan Yu) က ဤသို့ ရေးလိုက်သည်။ “မှန်ကန်တဲ့လူဟာ သစ္စာမဖောက်သလို သစ္စာရှိတဲ့သူဟာ သေခြင်းတရားကို ရွံရှာတယ် ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ ငယ်ငယ်က စာသင်သားဖြစ်ဖူးတော့ အလေ့အကျင့်ကောင်းတွေသင်ခဲ့ရတယ်။ Yangjue Ai နဲ့ Zuo Botao တို့ရဲ့ ခွဲခွာမယ့်အစား အတူတကွသေဆုံးခဲ့ကြတာကို သတိရတော့ ငိုကြွေးမိတယ်။ ငါ ရှဖီကို ကာကွယ်ရတုန်းက ရိက္ခာကပြတ်လတ်ပြီး အကူအညီမရခဲ့ဘူး။ မရီးတော်တွေကို ကာကွယ်ရမယ့်တာဝန်မရှိရင် သေသည်အထိ ငါတိုက်ခိုက်မှာပါ။ ဒါကြောင့် သုံ့ပန်းအဖြစ်ခံပြီး လွတ်မယ့်နည်းလမ်းကို ရှာနေတာပါ။ ရုနန် မှာ မင်းသတင်းကြားလိုက်တော့ “ချောင်ချောင်း”(Cao Cao) ကိုနှုတ်ဆက် ၊ မရီးတော်တွေကို ခေါ်ပြီး လာမလို့ပါ။ သစ္စာဖောက်လိုတဲ့အတွေး တစိုးတစိမျှရှိခဲ့ရင် ငါပျက်စီးပါစေ။ မှင်နဲ့ စာဟာ ငါဆိုလိုချင်တာတွေကို မဖော်ပြနိုင်ဘူး။ အစ်ကို့ကို မကြာခင် လာတွေ့ပါမယ်။” 

“ချန်ကျန်း”(Chen Zhen) က စာကိုသယ်ဆောင်သွားပြီး “ကွမ်းယွီ”(Guan Yu) က မရီးတော်များကို သွားပြောသည်။ ထို့နောက် နန်းရင်းဝန်ထံသွားကာ နှုတ်ဆက်သည်။ “ချောင်ချောင်း”(Cao Cao) ကသိသဖြင့် တံခါးတွင် မည်သူမျှမရှိဟန် စာရေးထားသည်။ သို့နှင့် ပြန်ခဲ့ရသည်။ သို့သော် သူ၏တပ်သားများကိုမူ အချိန်မရွေးထွက်ခွာရန် တပ်လှန့်ထားသည်။ “ချောင်ချောင်း”(Cao Cao) ပေးအပ်သောအရာများကိုလည်း ထားခဲ့ရန် ညွှန်ကြားသည်။ မည်သည့်အရာမှ ယူဆောင်မသွားရ။
နောက်နေ့တွင် ထပ်သွားသော်လည်း စာကိုသာတွေ့ရသည်။ အကြိမ်ကြိမ်သွားသော်လည်း ဝင်ခွင့်မရပေ။ သို့နှင့် “ကျန်းလျောင်”(Zhang Liao) ကိုရှာသော် ၎င်းလည်း ပျောက်နေသည်။ ““ချောင်ချောင်း”(Cao Cao) က ငါ့ကို သွားခွင့်မပေးဘူးလို့ ဆိုလိုတာပဲ။ ဒါပေမဲ့ ငါသွားမယ်။ တွန့်ဆုတ်နေလို့မဖြစ်ဘူး။” ဟုတွေးသည်။
ထို့ကြောင့် စာတစ်စောင်ရေးသည်။ “ငယ်ရွယ်စဉ်က ဦးရီးတော် “လျူဘေ့”(Liu Bei) ရဲ့ အမှုတော်ကိုထမ်းပြီး သူနဲ့အတူ ကောင်းတူဆိုးဖက်နေသွားဖို့ သစ္စာဆိုခဲ့တယ်။ ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ခဲ့ပါတယ်။ ငါမြို့ကို လက်လွှတ်ရတော့ မင်းဆီက အချက် ၃ ချက် တောင်းဆိုခဲ့တယ်။ အခု ငါ့အစ်ကိုသတင်းကြားတော့ ငါသွားတော့မယ်။ မင်းပေးတဲ့ဆုလဒ်တွေက များပေမဲ့ အတိတ်ကသံယောဇဉ်ကို မဖြတ်နိုင်ဘူး။ ဒါကြောင့် နှုတ်ဆက်စာတစ်စောင်ရေးခဲ့ပါတယ်။” ဟုပါရှိလေသည်။
စာကိုချိတ်ပိတ်ကာ နန်းတော်သို့ ပို့လိုက်သည်။ ထို့နောက် ရရှိထားသော ရွှေငွေရတနာများကို နေအိမ်တွင် စုပုံထားကာ ဟန်ရှို အရှင် တံဆိပ်တုံးကို ခန်းမအလယ်တွင် ချိတ်ထားခဲ့သည်။ ထို့နောက် မရီးတော်များကိုခေါ်ကာ လှည်းနှင့်ထွက်ခွာခဲ့လေသည်။ ယုန်နီကို စီးကာ အစိမ်းရောင်နဂါးဓားကိုကိုင်သည်။ နောက်လိုက်အနည်းငယ်နှင့်အတူ မြောက်ဖက်တံခါးမှ ထွက်ခွာခဲ့လေသည်။
တံခါးစောင့်များက တားသော်လည်း “ကွမ်းယွီ”(Guan Yu) ကအော်ဟစ်ကာ ခြောက်လှန့်လိုက်သည်။ နောက်လိုက်များကို လှည်းနှင့်အတူ ရှေ့မှသွားရန်ပြောကာ သူကနောက်မှ စောင့်ကြပ်လိုက်ပါလာသည်။
ထိုစဉ် “ကွမ်းယွီ”(Guan Yu) ၏စာမှာ “ချောင်ချောင်း”(Cao Cao) ဆီရောက်သွားသည်။ ဖတ်ပြီးသော် “သူသွားချေပြီ။” ဟု မြည်တမ်းလေသည်။ တံခါးစောင့်များက “ကွမ်းယွီ”(Guan Yu) အတင်းထွက်သွားကြောင်း သတင်းလာပို့သည်။ ထို့နောက် အိမ်စောင့်များက ကျေးကျွန် ၊ ရတနာအားလုံးထားကာထွက်သွားကြောင်း ၊ တံဆိပ်တော်ပင်ထားသွားကြောင်း သတင်းလာပို့ပြန်သည်။ သူ၏မူလစစ်သားများကိုသာ ခေါ်သွားခြင်းဖြစ်သည်။
ထိုစဉ် မှူးမတ်များထဲမှ “ချပ်ဝတ်တပ်မြင်းစီးစစ်သည် ၃ ထောင်နဲ့ သူ့ကို အသက်ရှင်လျက် ပြန်ခေါ်ခဲ့မယ်။” ဟု အသံထွက်လာသည်။ အသံရှင်မှာ စစ်သူကြီး "ချိုင်ရန်"(Cai Yang) ပင်ဖြစ်သည်။

*Silver~K*

Comments

Popular posts from this blog

Lookism