သုံးနိုင်ငံခေတ်(၂၃)

အခန်း(၂၃) "မီဟန်"(Mi Heng) သည် သစ္စာဖောက်တို့၏အပြစ်ကိုပြောခြင်း ။ "ကျီဖင်"(Ji Ping) သည် ဝန်ကြီးချုပ်ကို သတ်ရန် ကြံစည်ခြင်း

ရှေ့တစ်ခန်းတွင် "လျူတိုက်"(Liu Dai) နှင့် "ဝမ်ကျုံး"(Wang Zhong) တို့နှစ်ဦး သေဒဏ်ပေးခံရမည့်အကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် "ခုံးရုံ"(Kong Rong) မှဝင်၍
"ဒီလူနှစ်ယောက်က လျူဘေ့(Liu Bei) ကိုယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ ဝန်ကြီးချုပ်သိပြီးမဟုတ်လား။ ဒီလိုသာသေဒဏ်ပေးလိုက်မယ်ဆိုရင် လူအများရဲ့ထောက်ခံမှုဆုံးရှုံးလိမ့်မယ်" ဟုပြောသဖြင့် သေဒဏ်မပေးတော့ပေ။ သို့သော် ထိုသူနှစ်ဦးကို ရာထူးချစေလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် သူကိုယ်တိုင်ဦးဆောင်ပြီး "လျူဘေ့"(Liu Bei) ကိုတိုက်ရန်ပြင်သည်။ သို့သော် "ခုံးရုံ"(Kong Rong) မှ
"ရာသီဥတုကဆိုးရွားနေပါတယ်၊ နွေဦးကိုစောင့်ပြီးမှသာ တိုက်ဖို့သင့်တော်မှာပါ။ ဒီအချိန်အတွင်းမှာ ရွှီကျိုးကိုမတိုက်ခင် ကျန်းရှို့(Zhang Xiu) နဲ့ လျူပြောင်း(Liu Biao) တို့နဲ့အရင် ငြိမ်းချမ်းမှုရယူထားရပါမယ်" ဟု ပြောကာကန့်ကွက်သည်။
သို့နှင့် "လျူရဲ့"(Liu Ye) ကို ရှန်းရန်မှ "ကျန်းရှို့"(Zhang Xiu) ထံလွှတ်ကာ ငြိမ်းချမ်းရေးယူစေသည်။ ပထမဆုံး "လျူရဲ့"(Liu Ye) သည် "ကျန်းရှို့"(Zhang Xiu) ၏ အကြံပေး "ကျာရွှီ"(Jia Xu) နှင့်တွေ့ပြီး "ချောင်ချောင်း"(Cao Cao) ၏ကောင်းကြောင်းတို့ကိုပြောရာ "ကျာရွှီ"(Jia Xu) နှစ်ခြိုက်သွားလေသည်။ ထို့နောက် "လျူရဲ့"(Liu Ye) ဧည့်သည်တော်အဖြစ် လက်ခံထားလိုက်သည်။

များမကြာမီပင် "လျူရဲ့"(Liu Ye) သည် "ကျန်းရှို့"(Zhang Xiu) နှင့်တွေ့ပြီး "ချောင်ချောင်း"(Cao Cao) နှင့်ပူးပေါင်းပါက အကျိုးရှိနိုင်ကြောင်းပြောလေသည်။ ထိုကိစ္စကိုဆွေးနွေးနေကြစဉ်မှာပင် "ယွမ်ရှောက်"(Yuan Shao) ထံမှ သံတမန်ရောက်လာသည်။ သူသည်လည်း "ယွမ်ရှောက်"(Yuan Shao) ထံမှစာကိုပြကာ ငြိမ်းချမ်းရေးကမ်းလှမ်းလေသည်။ ထိုအခါ "ကျာရွှီ"(Jia Xu) မှဝင်ပြီး "ချောင်ချောင်း"(Cao Cao) နှင့်တိုက်ပွဲအခြေအနေကိုမေးလေသည်။
"လက်ရှိမှာတော့ဆောင်းရာသီဖြစ်တာကြောင့် စစ်ပွဲကို ခဏရပ်နားထားပါတယ်။ စစ်သူကြီးရော၊ လျူပြောင်း(Liu Biao) ရောဟာ တိုင်းပြည်ရဲ့နာမည်ကျော်အရာရှိတွေမို့ အကူအညီတောင်းဖို့စေလွှတ်လိုက်တာပါ"
"ကျာရွှီ"(Jia Xu) မှ ရယ်ပြီး
"မင်းသခင်ကို ပြန်ပြီးပြောလိုက်။ သူက ကိုယ့်ညီရဲ့ယှဉ်ပြိုင်မှုကိုတောင် သည်းမခံနိုင်တာ၊ နောက်ပိုင်းမှတစ်နိုင်ငံလုံးက အရာရှိတွေဝိုင်းတိုက်တာခံရလိမ့်မယ်လို့" ဟုပြောပြီး စာကိုဆွဲဖြဲကာ သံတမန်၏မျက်နှာကိုပစ်ပေါက်လိုက်သည်။ သံတမန်လည်းဒေါသထွက်ကာ ပြန်ထွက်သွားလေသည်။

"ကျန်းရှို့"(Zhang Xiu) : "သူ့သခင် ယွမ်ရှောက်(Yuan Shao) က ချောင်ချောင်း(Cao Cao) ထက်ပိုပြီးအင်အားကြီးတယ်မဟုတ်လား။ ဒီလိုမျိုးစာကိုဆုတ်ဖြဲလိုက်ပြီး သံတမန်ကိုအဲ့လိုဆက်ဆံတာ၊ ယွမ်ရှောက်(Yuan Shao) က သူ့ကိုစော်ကားတယ်လို့ထင်မှာပဲမဟုတ်လား"
"ကျာရွှီ"(Jia Xu) : "ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းတာ ပိုသင့်လျော်ပါတယ်"
"ဒါပေမယ့် ငါတို့ကြားမှာ ရန်ငြှိုးရန်စရှိခဲ့ဖူးတယ်လေ"
"ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းတာက ကောင်းကျိုးသုံးချက်ရှိတယ်၊ ပထမအချက်က သူ့မှာ ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ဆိုပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်က အမိန့်ချထားတာရှိတယ်၊ ဒုတိယက ယွမ်ရှောက်(Yuan Shao) က တအားအင်အားကြီးတဲ့အတွက် ကျွန်တော်တို့အကူအညီပမွှားလောက်ကို အထင်တောင်သေးဦးမှာ၊ ဒါပေမယ့် ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းရင်တော့ ကောင်းကောင်းဆက်ဆံတာခံရမယ်။ တတိယကတော့ ချောင်ချောင်း(Cao Cao) ဟာ တခြားနယ်စားတွေရဲ့ခေါင်းဆောင်ဖြစ်လာပြီး သူ့ကိုမနာခံတဲ့လူတွေကို အင်အားပြလိမ့်မယ်။ ဒါကြောင့် တွေဝေမနေပဲ ပူးပေါင်းမှသင့်တော်ပါမယ်"

"ကျန်းရှို့"(Zhang Xiu) သည် ထိုအချင်းအရာကိုလက်သင့်ခံသွားပြီး "လျူရဲ့"(Liu Ye) ကိုခေါ်ကာ တွေ့ဆုံသည်။ "လျူရဲ့"(Liu Ye) လည်း သူ့သခင်ကောင်းကြောင်းတို့ကိုပြောလေသည်။
"သခင်ကြီးက ရန်ငြိုးဟောင်းတွေကို စိတ်ထဲထည့်ထားရင် ဒီလိုကျွန်တော့်ကိုလွှတ်ပြီး ငြိမ်းချမ်းမှုဘယ်ကမ်းလှမ်းပါ့မလည်း"
သို့နှင့် နောက်ဆုံးတွင် "ကျန်းရှို့"(Zhang Xiu) နှင့် သူ၏အကြံပေးတို့သည်မြို့တော်သွားပြီး"ချောင်ချောင်း"(Cao Cao) လက်အောက်တွင် ခိုလှုံသည်။ "ကျန်းရှို့"(Zhang Xiu) မှ အရိုအသေပြုရန်ပြင်ကာ "ချောင်ချောင်း"(Cao Cao) မှထပြီး "ကျန်းရှို့"(Zhang Xiu) ကိုဆွဲလိုက်ကာ
"ကျွန်တော့်အပြစ်ကိုခွင့်လွတ်ပါ၊ စစ်သူကြီး" ဟု ပြောလေသည်။
(မှတ်ချက် - "ချောင်ချောင်း"(Cao Cao) သည် "ကျန်းရှို့"(Zhang Xiu) အဒေါ်နှင့်အိပ်ဖူးသည်ဆို၏။)

"ကျန်းရှို့"(Zhang Xiu) ကို "အစွမ်းအစရှိသောစစ်သူကြီး" ဟူသော ရာထူးပေးလိုက်ပြီး "ကျာရွှီ"(Jia Xu) ကိုမူ နန်းတွင်းအမတ်အဖြစ်ခန့်အပ်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူပြောင်း"(Liu Biao) ထံသို့လည်း ငြိမ်းချမ်းမှုကမ်းလှမ်းရန်ပြင်သည်။ ထိုအခါ "ကျာရွှီ"(Jia Xu) မှ
"လျူပြောင်း(Liu Biao) က နာမည်ကြီးတဲ့လူတွေကို နှစ်သက်တယ်။ နာမည်ကြီးပညာရှိတစ်ဦးကို သူ့ဆီပို့စေရင် သူအညံ့ခံမှာပဲ" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) လည်း မည်သူက သံတမန်အဖြစ်သွားသင့်သည်ကို "ရွှင်ယို"(Xun You) နှင့် တိုင်ပင်ရာ "ခုံးရုံ"(Kong Rong) ကိုလွှတ်ရန်သင့်တော်ကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း သဘောတူပြီး "ခုံးရုံ"(Kong Rong) အားမေးစေသည်။ "ရွှင်ယို"(Xun You) သည် "ခုံးရုံ"(Kong Rong) ထံသွားပြီး
"တိုင်းပြည်အတွက် နာမည်ကြီးလူတစ်ယောက်က သံတမန်အနေနဲ့လုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ ခင်ဗျား ဒီတာဝန်ကိုလက်ခံနိုင်မလား" ဟု မေးသည်။
"ကျွန်တော်နဲ့သိတဲ့ မီဟန်(Mi Heng) ဆိုတဲ့လူတစ်ယောက်ရှိပါတယ်၊ သူ့ရဲ့အစွမ်းအစက ကျွန်တော့်ထက် ဆယ်စသာပြီး ဘုရင့်ရဲ့အပါးတော်မှာ နေသင့်တဲ့သူပါ၊ သာမန်သံတမန်ဖြစ်သင့်တဲ့သူမဟုတ်ဘူး။ ကျွန်တော် သူ့အကြောင်းကို ဘုရင်မင်းမြတ်နားတော် လျှောက်တင်လိုက်ပါ့မယ်"

ထို့နောက် "ခုန်းရုံ"(Kong Rong) သည် အောက်ပါစာကိုရေးလေသည်။
ß-----
'ဟိုးရှေးအခါ ရေပြင်တို့ကျယ်ခဲ့စဉ်က ဘုရင်မင်းမြတ်သည် အစွမ်းအစရှိသောသူတို့ကို ခေါ်စေခဲ့သည်။ ရှေးခေတ်ဝယ် ဝူဧကရာဇ်နယ်မြေချဲ့ထွင်ရန်ကြံစည်ရာတွင် များစွာသောပညာရှိတို့သည် ဘုရင့်အမိန့်တော်ကိုနာခံကာကူညီခဲ့လေသည်။
အရှင်မင်းကြီးနန်းတက်သည့်အချိန်ကား မကောင်းသည့်ခေတ်အခါဖြစ်နေသည်။ သို့သော်လည်း အရှင်မင်းမြတ်မှာ တိုင်းရေးပြည်ရာအတွက် မမောမပန်းနိုင်ပဲ မရပ်မနားဖြင့် အားသွန်ခွန်စိုက်ဖြင့်ကြိုးပမ်းခဲ့သည်။ အခုဆိုလျှင် ကောင်းကင်ဘုံမှလွှတ်ပေးလိုက်သော ပါရမီရှင်တို့အလျှိုလျှိုပေါ်လာကြပြီ။
ကျွန်တော်မျိုးမှာ ဖင်ယွမ်တွင်နေသော မီဟန်(Mi Heng) ဟု အမည်ရှိသည့် အသက်၂၄ နှစ်အရွယ်လူငယ်တစ်ဦးကို သိကျွမ်းပါသည်။ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ကာ အရည်အချင်းရှိသူဖြစ်သည်။ စာပေလေ့လာဆည်းပူးရာတွင်လည်း နက်နဲသောအပိုင်းကိုရောက်နေသည့်သူဖြစ်သည်။ သူသည် စာလုံးတို့ကိုတစ်ချက်မျှမြင်ရုံဖြင့် ပြန်ရွတ်အံနိုင်ပြီး ကြားဖူးသည့်အရာတို့ကို ဘယ်သောအခါတွင်မှ မမေ့သူဖြစ်သည်။ သိက္ခာ၊ ကျင့်ဝတ်တို့ကိုစောင့်ထိန်းသူဖြစ်ပြီး အတွေးအခေါ်တို့မြင့်မားသူဖြစ်လေသည်။ "စန်းဟုန်ရန်"(Sang Hongyang) ၏အတွက်အချက်ပညာနှင့် "ကျန်းအန်းရှီ"(Zhang Anshi) ၏ စွမ်းဆောင်မှုတို့ပေါင်းလျှင်ပင် အနှီ မီဟန်(Mi Heng) ကို မမှီနိုင်ပေ။ သစ္စာရှိသူ၊ ဖြောင့်မတ်သူ၊ တည်ကြည်သူ၊ အမှန်တရား၏ဘက်တော်သားဖြစ်ပြီး ဖော်ပြ၍ပင်မကုန်ခမ်းနိုင်အောင် ရည်မှန်းချက် ကြီးမားသူဖြစ်၏။ တရားမျှတမှုကိုမြတ်နိုးပြီး မကောင်းမှုကို စက်ဆုတ်သူဖြစ်သည်။ "ရန်ကျိုး"(Ren Zuo) ၏ တည်ကြည်ဖြောင့်မတ်မှုနှင့် "ရှီယွီ"(Shi Yu) ၏တရားမျှတမှုတို့ပေါင်းလျှင်သော်မှ ထိုသူ့ကို မကျော်လွန်နိုင်ချေ။

စွန်အကောင်တစ်ရာသည် သိမ်းငှက်တစ်ကောင်ကိုမယှဉ်နိုင်သကဲ့သို့ မီဟန်(Mi Heng) သည်လည်း အမတ်ဖြစ်လာပါက သူ့ကိုယှဉ်နိုင်မည့်သူရှိမည်မဟုတ်ချေ။
ဟန်ခေတ်အစောပိုင်းကာလတွင် "ကျာရီ"(Jia Yi) သည် ရှုံးနုလူမျိုးတို့ကိုသိမ်းသွင်းရန် လက်အောက်ခံနိုင်ငံသို့သွားရန်တောင်းဆိုခဲ့ဖူးသည်။ ထို့အတူ "ကျုံးကျွင်း"(Zhong Jun) သည် ဧကရာဇ်အားအရိုအသေပေးစေရန်အတွက် နန်ယွဲ့မင်းသားထံသွားရန်တောင်းဆိုခဲ့ဖူးလေသည်။ ထိုခေတ်အခါကလူတို့သည် ထိုသို့လေးစားဖွယ်ရာပြုမူခဲ့လေသည်။
ယခုခေတ်တွင်လည်း "လွီချွေ့"(Lu Cui) နှင့် "ရန်ရှန်"(Yan Xiang) တို့သည် သူတို့၏အရည်အချင်းကြောင့် မြှောက်စားမှုကိုခံခဲ့ရလေသည်။

"မီဟန်"(Mi Heng) သည်လည်း ထိုသူတို့ထက်မနှိမ့်ကျသောသူဖြစ်သည်။ သူသာလျှင် မြှောက်စားခံရပါက အရာရာတို့ဖြစ်မြောက်လာနိုင်သည်။ နဂါးသည် ကောင်းကင်ရှိလမ်းတို့ကိုကျော်လွန်ကာ နဂါးငွေ့တန်းအထိပျံသန်းနိုင်မည်ဖြစ်ပြီး သက်တံ့ကဲ့သို့တောက်ပသော ကျော်ကြားမှုတို့ ရရှိပေလိမ့်မည်။ သူလိုလူမျိုးသည်ကား ဝန်ကြီးတို့အတွက် ကောင်းကျိုးပေးမည့်သူဖြစ်ပြီး အရှင်မင်းမြတ်အတွက်လည်း အထောက်အပံ့ဖြစ်စေပေမည်။ ဂီတတွင် အနုပညာတစ်ရပ်တိုးပွားသကဲ့သို့ နန်းတော်တွင်လည်း ရတနာတစ်ပါးတိုးပွားမည်ဖြစ်သည်။ 'ကျီချူသီချင်း'(Ji Chu Songs) နှင့် 'ရန်အဲ့ကဗျာ' (Yang E Poems) တို့ကို ကျွမ်းကျင်ဂီတပညာရှင်တိုင်းက လိုချင်သကဲ့သို့၊ 'Fei Tu' နှင့် 'Yao Niao' ဟူသော မြင်းကောင်းမြင်းသန့်တို့ကို မြင်းအကြောင်းနားလည်သူတို့က တပ်မက်ကြသကဲ့သို့ ကျွန်တော်မျိုးသည်လည်း ထိုသို့သော ပညာရှိကို အရှင်မင်းကြီးမှ ချီးမြှောက်စေခြင်းငှာ နားတော်သို့တင်လျှောက်ရခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ကျွန်တော်မျိုးတင်လျှောက်သကဲ့သို့ အရည်အချင်းရှိသူမဟုတ်ပါက လိမ်လည်မှုဖြင့် အပြစ်ဒဏ်ကိုရဲဝံ့စွာခံယူပါ့မည်။' ---à
ဘုရင်သည် ထိုစာကိုဖတ်ပြီးသော် ဝန်ကြီးချုပ်ကိုပေးလိုက်သည်၊ ထိုမှတဆင့် "မီဟန်"(Mi Heng) ကို ဆင့်ခေါ်လိုက်သည်။ သို့နှင့် "မီဟန်"(Mi Heng) ရောက်လာကာ အရိုအသေပြုကြပြီးသော်လည်း "မီဟန်"(Mi Heng) ကို ထိုင်ရန်မပြောပေ။
ထိုအခါ "မီဟန်"(Mi Heng) သည် ကောင်းကင်ကြီးကိုမော့ကြည့်ကာ သက်ပြင်းချပြီး
"ကောင်းကင်ကြီးက ကျယ်ပြန့်ပေမယ့်လည်း လူစွမ်းကောင်းတစ်ယောက်လောက်တောင် မွေးမထုတ်နိုင်ဘူး" ဟု ဆိုလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ်လက်အောက်မှ သူရဲကောင်းလို့ခေါ်နိုင်လောက်တဲ့လူတွေအများကြီးရှိတာ ခင်ဗျားကဘာလို့ လူစွမ်းကောင်းမရှိဘူးလို့ဆိုနိုင်ရတာတုန်း" ဟုမေးသည်။
"အဲ့လူစွမ်းကောင်းတွေက ဘယ်သူတွေလည်းဆိုတာ ပြောကြည့်ပါဦး"
"ရွှင်ယွိ(Xun Yu) ၊ ရွှင်ယို(Xun You) ၊ ကောကျား(Guo Jia) နဲ့ ချန်ယွီ(Cheng Yu) တို့ဟာ အစွမ်းအစရှိသူဖြစ်ပြီး ရေရှည်အကျိုးကိုသိကြသူတွေဖြစ်တယ်၊ သူတို့ဟာ ရှေးခေတ်က "ရှောက်ဟဲ"(Xiao He) နဲ့ "ချန်ဖင်"(Chen Ping) တို့ထက်တောင်သာပါသေးတယ်။ ကျန်းလျောင်(Zhang Liao) ၊ ရွှီချူ(Xu Chu) ၊ လီတျန်(Li Dian) နဲ့ ယွဲကျင့်(Yue Jing) တို့ကတော့ အရဲရင့်ဆုံးလူတွေဖြစ်ပြီး "ချန်ဖန်"(Cen Peng) နဲ့ "မာဝူ"(Ma Wu) တို့ထက်သာလွန်သူဖြစ်တယ်။ "လူချန်"(Lu Qian) နဲ့ "မန်ချုံး"(Man Chong) တို့ဟာ ကျုပ်ရဲ့အတွင်းရေးမှူးတွေဖြစ်ပြီး ယွီကျင့်(Yu Jin) နဲ့ ရွှီဟွမ်(Xu Huang) ဟာ ကျုပ်ရဲ့ရှေ့ပြေးတပ်မှူးတွေဖြစ်တယ်။ ချောင်ရန်(Cao Ren) ကတော့ ဒီခေတ်ဒီအခါရဲ့အအောင်မြင်ဆုံးစစ်သူကြီးတစ်ယောက်ပဲလေ။ ဒီလူတွေက လူစွမ်းကောင်းတွေလို့ မဆိုနိုင်ပေဘူးလား"


[
ရှောက်ဟဲ(Xiao He) [BC ? - 193] - လျူဘန်း(Liu Bang) ၏ အကြံပေးဖြစ်ပြီး ဟန်ခေတ်အစပိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။
ချန်ဖင်(Chen Ping) [BC ? - 178] - သူသည်လည်း လျူဘန်း(Liu Bang) ၏ အကြံပေးဖြစ်ပြီး ပထမတွင် ရှန့်ယွီ(Xiang Yu) လက်အောက်တွင် အမှုထမ်းပြီး နောက်ပိုင်းမှ "လျူဘန်း"(Liu Bang) လက်အောက်သို့ဝင်ခဲ့သည်။
ချန်ဖန်(Cen Peng) - လျူရှို့(Liu Xiu) လက်အောက်မှစစ်သူကြီးတစ်ဦးဖြစ်သည်။
မာဝူ(Ma Wu) - သူသည်လည်း လျူရှို့(Liu Xiu) လက်အောက်ရှိ စစ်သူကြီးပင်ဖြစ်သည်။
]

ထိုစကားကိုကြားသော် "မီဟန်"(Mi Heng) သည် ပြုံးပြီး
"ဒီလိုဆိုရင်တော့ မှားနေပါပြီ။ ဝန်ကြီးချုပ်ပြောတဲ့ဒီလူတွေကို ကျွန်တော်သိတာပေါ့။  ရွှင်ယွိ(Xun Yu) ကတော့ လူမမာကို သတင်းမေးတာတို့၊ အသုဘပို့တာလောက်ပဲ လုပ်နိုင်တာပါ၊ ရွှင်ယို(Xun You) ကတော့ သုဘရာဇာလုပ်သင့်ပါတယ်၊ ချန်ယွီ(Cheng Yu) ကတော့ မင်းတုံးနဲ့တံခါးအဖွင့်အပိတ်လုပ်တဲ့လူ ဖြစ်နိုင်ပါတယ်။ ကောကျား(Guo Jia) ကတော့ ကဗျာတွေရွတ်ပြီး လူတွေရှေ့မှာဖျော်ဖြေတဲ့လူလုပ်သင့်ပါတယ်။ ကျန်းလျောင်(Zhang Liao) ကတော့ ဗုံတွေ၊မောင်းတွေတီးတဲ့အလုပ် လုပ်သင့်ပါတယ်၊ ရွှီချူ(Xu Chu) ကတော့ သိုး၊နွား၊ဆိတ်တွေကျောင်းဖို့ သင့်တော်ပါတယ်၊ ယွဲ့ကျင့်(Yue Jin) ကတော့ အသုဘမှာငိုချင်းဆိုဖို့ကောင်းပါတယ်၊ လီတျန်(Li Dian) ကိုတော့ အကြောင်းကြားစာတွေသယ်ယူတဲ့လူလုပ်ခိုင်းပေါ့၊ လူချန်(Lu Qian) က လက်နက်ထုတ်လုပ်တဲ့လူအဖြစ်လုပ်ဆောင်သင့်တယ်၊ မန်ချုံး(Man Chong) ကိုတော့ အရက်သောက်၊ အစားစားဖို့ဆို ခိုင်းလို့ရပါတယ်၊ ယွီကျင့်(Yu Jin) ကတော့ မြို့ရိုးဆောက်ဖို့အတွက် သစ်တုံးတွေသယ်ဖို့သင့်တော်ပါတယ်၊ ရွှီဟွမ်(Xu Huang) ကတော့ ခွေးတွေ၊ ဝက်တွေသတ်ဖို့ သားသတ်သမားလုပ်ဖို့ကောင်းပါတယ်၊ ရှဟိုတွန်း(Xiahou Dun) ကိုတော့ "ကိုယ်အင်္ဂါအပြည့်အစုံရှိသော စစ်သူကြီး" ဆိုတဲ့ဘွဲ့ပေးသင့်ပါတယ်၊ ချောင်ရန်(Cao Ren) ကိုတော့ 'ပိုက်ဆံယူတဲ့မြို့တော်ဝန်' ဆိုပြီးခေါ်သင့်တယ်၊ ကျန်တဲ့လူတွေကတော့ သာမန်အဝတ်စင်၊ ဆန်အိတ်၊ ဝိုင်အိုး၊ အိတ်အလွတ်တွေလိုပဲ အပြင်ပန်းသာရှိတဲ့လူတွေဖြစ်တယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) သည် ဒေါသဖြင့်
"ခင်ဗျားကကော ဘာအစွမ်းအစရှိလို့လည်း" ဟု ပြောသည်။
"ကျွန်တော်က ကောင်းကင်ဘုံအထက်နဲ့ မြေကြီးအောက်က အရာတွေအကုန်လုံးကိုသိပါတယ်။ ဘာသာရေးသုံးခုနဲ့အတွေးအခေါ်ကိုးရပ်တို့ကိုနားလည်သူဖြစ်တယ်။ ကျွန်တော့်အစွမ်းအစနဲ့သာဆိုရင် မင်းသားကို ရှေးဘုရင် "Yao" နဲ့ "Shun" လိုမျိုးမြင့်မြတ်အောင်လုပ်ဆောင်နိုင်ပါတယ်၊ ကျွန်တော့်ကိုယ်ကျွန်တော် ကွန်ဖြူးရှပ်၊ မင်းစီးယပ်တို့နဲ့နှိုင်းယှဉ်နိုင်ပါတယ်။ ကျွန်တော့်လိုလူက သာမန်လူတွေနဲ့ ဘယ်လိုဆွေးနွေးနိုင်ပါ့မလည်း"
ထိုအချိန်တွင် "ကျန်းလျောင်"(Zhang Liao) သည် အနီးတွင်ရှိရာ ဓားကိုအဆင်သင့်ပြင်လိုက်ပြီး သူ့သခင်ကိုစော်ကားနေသော "မီဟန်"(Mi Heng) ကိုခုတ်ရန်ပြင်သည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) မှ
"ဂုဏ်ပြုစရာကိစ္စတွေရှိရင် နန်းတွင်းမှာ ဗုံတီးတဲ့လူလိုအပ်တဲ့အတွက် သူ့ကိုဒီရာထူးပေးရမယ်" ဟုပြောကာ တားမြစ်လိုက်သည်။ "မီဟန်"(Mi Heng) ကလည်း ထိုရာထူးကိုယူကာ ထွက်သွားလေသည်။

"ကျန်းလျောင်"(Zhang Liao) မှ "ချောင်ချောင်း"(Cao Cao) ကို
"သူက ဒီလိုမကောင်းကြောင်းတွေပြောသွားတာ သူ့ကိုဘာလို့သေဒဏ်မပေးစေတာလည်း" ဟု မေးသည်။
"သူက လူတွေကြားမှာနာမည်ကြီးတဲ့လူဖြစ်တယ်၊ ဒါကြောင့် သူ့ကိုသေဒဏ်ပေးလိုက်ရင် လူတွေက ငါ့ကို သည်းမခံတတ်သူလို့မြင်ကြမယ်။ သူက သူ့ကိုယ်သူအရည်အချင်းရှိတဲ့လူလို့သတ်မှတ်တဲ့အတွက် သူ့ကို ဗုံတီးတဲ့အလုပ် ခိုင်းလိုက်တာဖြစ်တယ်"

မကြာမီပင် "ချောင်ချောင်း"(Cao Cao) သည် မြို့တော်တွင် ပျော်ပွဲရွှင်ပွဲကျင်းပကာ ဧည့်သည်များစွာကိုဖိတ်ကြားလိုက်သည်။ ထို့နောက် ဗုံတီးမည့်လူတို့ကို သစ်လွင်တောက်ပသောအဝတ်တို့ဝတ်ဆင်စေသည်။ သို့သော် ဗုံတီးသမား ရာထူးရသွားသည့် "မီဟန်"(Mi Heng) သည် စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လာပြီး ဂီတပညာရှင်အချို့နှင့်အတူရောက်လာသည်။ ပြီးနောက် "ယွီရန်၏ပျက်စီးမှု"(Tolling of Yuyang) ဟူသော သီချင်းကိုတီးမှုတ်လေရာ လာရောက်ကြတော် ဧည့်သည်များစွာတို့ မျက်ရည်ကျကြသည်ဟူ၏။ "မီဟန်"(Mi Heng) မှာ အဝတ်အစားအစုတ်တို့ကိုဝတ်ဆင်ထားရာ အခြားသူတို့က အဝတ်အသစ်မဝတ်ရသည့်အကြောင်းမေးကြသည်။
"မီဟန်"(Mi Heng) သည် ထိုသူတို့ဘက်သို့လှည့်ကာ အဝတ်ကို ချွတ်လိုက်ရာ မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားသည်။ ထိုအခါ ဧည့်သည်တို့က မျက်လုံးကို လက်ဖြင့်အုပ်ကုန်ကြသည်။ ထို့နောက် "မီဟန်"(Mi Heng) သည် ထိုပစ်ချလိုက်သောအဝတ်စုတ်ပေါ်တွင် ပုံဆွဲလေသည်။

"ချောင်ချောင်း"(Cao Cao) မှ
"နန်းတော်ထဲမှာ ဘာလို့ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြုမူရလည်း" ဟု မေးသည်။
"ကိုယ့်ရာထူးအထက်မှာရှိတဲ့ မင်းသားကို ဆော်ကားတာကမှ တကယ်ရိုင်းစိုင်းတဲ့အပြုအမူပါ၊ ကျွန်တော်ဘာမှမဝတ်တာက သန့်ရှင်းစင်ကြယ်ကြောင်းပြတာပါ"
"ခင်ဗျားက သန့်ရှင်းစင်ကြယ်တယ်ဆို ဘယ်သူက အပြစ်ရှိတုန်း"
"ခင်ဗျားက ဉာဏ်ပညာမရှိတာနဲ့ အသိဉာဏ်မဲ့တာကို မခွဲခြားနိုင်ဘူး၊ ဒါဟာ အမြင်မှာ အပြစ်ရှိတယ်၊ ဒါ့အပြင် ခင်ဗျားက ဂီတကိုလည်း မလိုက်စားသလို သမိုင်းကိုလည်း မလေ့လာဘူး၊ ဒါကြောင့် စကားပြောဆိုမှုမှာ အပြစ်ရှိတယ်။ ဒါတင်မက မှန်ကန်တဲ့စကားတွေကို မကြားချင်ယောင်ဆောင်တယ်၊ ဒါကြောင့် နားမှာလည်း အပြစ်ရှိတယ်၊ အရင်ခေတ်နဲ့ဒီနေ့ခေတ်ကို မဆက်စပ်နိုင်ဘူး၊ ဒါဟာလည်း အပြစ်ပဲ။ ဒါ့အပြင် မြို့စား၊နယ်စားတွေကိုလည်း ခွင့်မလွှတ်တတ်ဘူး၊ ဒါဟာ အတွင်းမှာ အပြစ်ရှိတာပဲ။ ဒါ့အပြင် ခင်ဗျားစိတ်ထဲမှာလည်း ပုန်ကန်ဖို့ စဉ်းစားနေတယ်၊ ဒါစိတ်နှလုံးမှာ အပြစ်ရှိတာပဲလေ။ ကျုပ်က ဒီတိုင်းပြည်ရဲ့ နာမည်ကြီးပညာရှိတွေထဲကတစ်ယောက်ပဲလေ၊ ဒါတောင် ကျုပ်ကို ဗုံတီးစေတယ်၊ ဒါက ရန်ဟို(Yang Huo) က ကွန်ဖြူးရှပ်ကို အထင်သေးသလို၊ ကျန်းချန်(Zang Cang) က မင်းစီးယပ်ကို အပြစ်တင်သလိုပဲလေ"

ထိုအခါ "ခုန်းရုံ"(Kong Rong) သည် သူ့သူငယ်ချင်း၏အသက်ဘေးကိုစိုးရိမ်သဖြင့် ဝင်ကာ
"မီဟန်(Mi Heng) က အပြစ်သေးလည်းပဲ ကျူးလွန်မိတာပါ။ ဝန်ကြီးချုပ်ကို အနှောင့်အယှက်ပေးမယ့်သူမဟုတ်ပါဘူး" ဟု ပြောလေသည်။
"ချောင်ချောင်း"(Cao Cao) သည် "မီဟန်"(Mi Heng) ကို လက်ညှိုးညွှန်ကာ
"ခင်ဗျားကို ကျုပ်ရဲ့သံတမန်အနေနဲ့ ကျင်ကျိုးကိုလွှတ်လိုက်မယ်၊ အကယ်၍ လျူပြောင်း(Liu Biao) သာ ကျုပ်လက်အောက်မှာအညံ့ခံရင် ခင်ဗျားကို နန်းတွင်းမှာ ရာထူးပေးမယ်" ဟု ဆိုလေသည်။
"မီဟန်"(Mi Heng) မှာ မသွားချင်ပေ။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် မြင်းသုံးကောင်ပြင်စေကာ အလယ်တွင် "မီဟန်"(Mi Heng) ကိုတင်ပြီး ဆွဲခေါ်သွားစေသည်။

အမတ်အချို့ကလည်း ထိုသံတမန်သွားမည်ကိုကြည့်ရန် အရှေ့တံခါးတွင် စောင့်နေလေသည်။ ထိုအထဲတွင် "ရွှင်ယွိ"(Xun Yu) မှ အခြားသူတို့ကို
"မီဟန်(Mi Heng) လာရင် ကျွန်တော်တို့ထပြီး အရိုအသေမပေးဘူး" ဟု ပြောသည်။
"မီဟန်"(Mi Heng) သည် မြင်းပေါ်မှဆင်းပြီး အခန်းအတွင်းသို့ဝင်သော် အကုန်လုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် "မီဟန်"(Mi Heng) သည် ကျယ်လောင်စွာငိုလေသည်။ ထိုအခါ "ရွှင်ယွိ"(Xun Yu) မှ
"ဘာကြောင့်ငိုတာလည်း" ဟု မေးသည်။
"အခေါင်းထဲကိုဝင်ရင် ဘယ်သူ မငိုပဲရှိပါ့မလည်း"
"ကျုပ်တို့က အလောင်းတွေဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားကတော့ လျှောက်သွားနေတဲ့ခေါင်းမပါတဲ့သရဲပဲ"
"ကျုပ်က ဟန်တိုင်းပြည်ရဲ့အမတ်ဖြစ်ပြီး ချောင်ချောင်း(Cao Cao) ရဲ့လက်အောက်ငယ်သားမဟုတ်ဘူး။ ဒါကြောင့် ကျုပ် ခေါင်းမပါဘူးလို့ မဆိုနိုင်ဘူး"

ထိုအခါ လူအများတို့က ဒေါသထွက်ကာ "မီဟန်"(Mi Heng) ကို သတ်မည်ပြုသည်။ "ရွှင်ယွိ"(Xun Yu) မှ
"သူက တန်ဖိုးမရှိတဲ့လူပါပဲ။ သူ့လိုလူအတွက်နဲ့ ခင်ဗျားတို့ရဲ့ဓားကိုသွေးစွန်းမခံပါနဲ့" ဟု ပြောကာတားလိုက်သည်။
"ကျုပ်က တန်ဖိုးမရှိပေမယ့် လူတစ်ယောက်ရဲ့အသည်းနှလုံးတော့ရှိသေးတယ်။ ခင်ဗျားတို့ကတော့ တီကောင်သာသာပဲ"
သို့နှင့် အခြားသောလူတို့သည် ဒေါသထွက်ကာ အလျှိုလျှိုထွက်သွားကြသည်။ "မီဟန်"(Mi Heng) လည်း သူ့ခရီးကိုဆက်ကာ ကျင်ကျိုးသို့ရောက်သွားသည်။ ထို့နောက် "လျူပြောင်း"(Liu Biao) အား ချီမွမ်းချင်ယောင်ဆောင်ကာ ပြက်ရယ်ပြုလိုက်သည်။ ထိုအခါ "လျူပြောင်း"(Liu Biao) မှ ဒေါသထွက်ပြီး သူ့ကို ကျန်းရှမှ "ဟွမ်ကျူ"(Huang Zu) ထံလွှတ်လိုက်သည်။

လူတစ်ယောက်မှ "လျူပြောင်း"(Liu Biao) ကို
"ခင်ဗျားကို ဒီလိုပြောတာ ဘာလို့သူ့ကိုမသတ်တာလည်း" ဟု မေးသည်။
"သူ ချောင်ချောင်း(Cao Cao) အကြောင်းမကောင်းပြောတာတောင် ချောင်ချောင်း(Cao Cao) က လူအများရဲ့ထောက်ခံမှုလျော့မှာကြောက်ပြီးမသတ်ပဲ ငါ့လက်ငှားပြီး သတ်စေချင်လို့ငါ့ဆီလွှတ်လိုက်တာ။ ဒါကြောင့် ငါဒီဟာကိုနားလည်တယ်ဆိုတာပြဖို့ ဟွမ်ကျူ(Huang Zu) ဆီလွှတ်လိုက်တာ"
"လျူပြောင်း"(Liu Biao) ၏ ဆုံးဖြတ်ချက်သည် ပညာရှိပါပေသည်ဟု ဝိုင်းချီးမွမ်းကြလေသည်။ ထိုအချိန်တွင် "ယွမ်ရှောက်"(Yuan Shao) ၏ သံတမန်ရောက်လာကာ ငြိမ်းချမ်းရေးကမ်းလှမ်းသည်။ သို့နှင့် "လျူပြောင်း"(Liu Biao) သည် လက်အောက်ငယ်သားတို့ကို စုစည်းပြီး အစည်းအဝေးလုပ်လေသည်။

"ဟန်စုန့်"(Han Song) မှဤသို့ပြောသည်။
"အခု အဖွဲ့နှစ်ဖွဲ့က တစ်ပြိုင်တည်း ငြိမ်းချမ်းရေးကမ်းလှမ်းတာဆိုတော့ တစ်ဖွဲ့ကငြင်းရင်နောက်တစ်ဖွဲ့နဲ့ပေါင်းဖို့အခွင့်အလမ်းရှိပါတယ်။ အခု ချောင်ချောင်း(Cao Cao) လက်အောက်မှာ အရည်အချင်းရှိတဲ့သူတွေအများကြီးရှိပြီး သူဟာ ယွမ်ရှောက်(Yuan Shao) ကို ချေမှုန်းနိုင်မယ့်ပုံပါပဲ။ သခင်ကြီးကတော့ သူ့ကိုခုခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ချောင်ချောင်း(Cao Cao) ကို ထောက်ခံရင် သူကကောင်းကောင်းပြန်ဆက်ဆံလိမ့်မယ်"
"ဒါဆို ခင်ဗျား မြို့တော်သွားပြီး အခြေအနေကြည့်ပါ။ အဲ့အပေါ်မူတည်ပြီး ကျုပ်ဆုံးဖြတ်မယ်"
"သခင်နဲ့ ကျွန်ဆိုတာဟာ သတ်သတ်မှတ်မှတ်ရှိပြီးသားပါ။ သခင်ကြီးအတွက်သာဆိုရင် ဘုရင့်ဆီမှာအမှုထမ်းတာပဲဖြစ်ဖြစ်၊ ချောင်ချောင်း(Cao Cao) အောက်မှာ အမှုထမ်းတာပဲဖြစ်ဖြစ် လုပ်ဆောင်မှာပါ။ ဒါပေမယ့် ဘုရင်က ကျွန်တော့်ကို ရာထူးပေးခဲ့ရင်တော့ ကျွန်တော်က သူ့ရဲ့အမှုထမ်းဖြစ်သွားပြီး သခင်ကြီးအတွက် အသက်စွန့်နိုင်မှာမဟုတ်ဘူး"
"ခင်ဗျားသွားပြီး စုံစမ်းပါ။ ကျုပ်မှာ အကြံရှိပါတယ်"

သို့နှင့် "ဟန်စုန့်"(Han Song) လည်း မြို့တော်သို့သွားပြီး "ချောင်ချောင်း"(Cao Cao) နှင့် တွေ့ရာ သူ့အား လင်းလင်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။ အကြံပေး "ရွှင်ယွိ"(Xun Yu) မှ ဝင်ကာ
"ဒီလူက ဒီမှာအခြေအနေကိုလာထောက်လှမ်းတဲ့လူပဲ။ သူ့ကိုဆုချလောက်အောင် ဘာမှမလုပ်ထားဘူး။ ဒါကိုသခင်ကြီးကသူ့ကိုဒီလိုမျိုးရာထူးပေးလိုက်တယ်။ မီဟန်(Mi Heng) ကျတော့ သူ့အစွမ်းအစတောင် မသိသေးပဲနဲ့အဝေးကိုစေလွှတ်လိုက်တယ်" ဟု ပြောသည်။
"မီဟန်(Mi Heng) က လူအများရှေ့မှာကျုပ်ကိုစော်ကားခဲ့တာ။ ဒါကြောင့် လျူပြောင်း(Liu Biao) လက်ငှားပြီး သူ့ကိုသတ်မလို့။ မင်းဘာမှဝင်မပြောပါနဲ့တော့။"
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ဟန်စုန့်"(Han Song) ကို "လျူပြောင်း"(Liu Biao) ထံပြန်လွှတ်ကာ အဖြစ်အပျက်ကိုပြောစေသည်။ "ဟန်စုန့်"(Han Song) သည် "လျူပြောင်း"(Liu Biao) ရှေ့တွင် "ချောင်ချောင်း"(Cao Cao) ၏ကောင်းကြောင်းတို့သာပြောလေသည်။ "လျူပြောင်း"(Liu Biao) သည်ဒေါသထွက်ပြီး "ဟန်စုန့်"(Han Song) ကို သစ္စာဖောက်မှုဖြင့်သတ်ရန်ပြုသည်။

"ဟန်စုန့်"(Han Song) : "ခင်ဗျားက ကျုပ်ကိုစွန့်လွှတ်ခဲ့တာပဲလေ။ ကျွန်တော်က သစ္စာဖောက်တာမှမဟုတ်တာ"
"ခွိုင်လျန်"(Kuai Liang) : "ဟန်စုန့်(Han Song) က မသွားခင်တည်းက သူဒီလိုဖြစ်နိုင်ကြောင်းပြောခဲ့တာပဲ။ ဒါသူမျှော်လင့်ထားသလိုဖြစ်လာတာပဲလေ"
ထိုစကားသည် အကျိုးအကြောင်းညီညွတ်သဖြင့် "လျူပြောင်း"(Liu Biao) လည်း အရေးမယူတော့ပေ။

ထို့နောက် "မီဟန်"(Mi Heng) သည် "ဟွမ်ကျူ"(Huang Zu) နှင့် အရက်သောက်စဉ် ရန်ဖြစ်ပြီး အသတ်ခံလိုက်ရသည်ဟူသော သတင်းရောက်လာသည်။ ဖြစ်ပုံကား ဤသို့တည်း။
"ဟွမ်ကျူ"(Huang Zu) : "ခင်ဗျားက ရွှီချန်မှာရှိခဲ့တယ်ဆိုတော့ အဲ့မှာအစွမ်းအစရှိတဲ့လူတွေကဘယ်သူတွေလည်း"
"မီဟန်"(Mi Heng) : "တစ်ယောက်ကတော့ ခုံးရုံ(Kong Rong) ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ရန်ရှို့(Yang Xiu) ဖြစ်တယ်။ ကျန်တဲ့လူတွေကတော့ ထည့်တွက်စရာမလိုပါဘူး"
"ဟွမ်ကျူ"(Huang Zu) : "ဒါဆို ကျုပ်ကရော?"
"မီဟန်"(Mi Heng) : "ခင်ဗျားက ဘုရားကျောင်းထဲကနတ်ရုပ်ကြီးလိုပါပဲ။ ထိုင်နေပြီး လူတွေပူဇော်ပသတာပဲ ခံတယ်။ အသိဉာဏ်မရှိတာ နှမြောစရာပါပဲ"
"ဟွမ်ကျူ"(Huang Zu) သည် ဒေါသဖြင့်
"ခင်ဗျားက ကျုပ်ကို သာမန်ရုပ်တုအနေနဲ့ နှိုင်းတယ်" ဟုဆိုကာ "မီဟန်"(Mi Heng) ကို သေဒဏ်ပေးရန် အမိန့်ချလိုက်သည်။ သေအံ့ဆဲဆဲတွင်ပင် "မီဟန်"(Mi Heng) မှာ ဆဲရေးတိုင်းထွာခြင်းကိုမရပ် ဟုဆို၏။

"လျူပြောင်း"(Liu Biao) သည် "မီဟန်"(Mi Heng) ၏ သတင်းကိုကြားသော် သက်ပြင်းချလေသည်။  ထို့နောက် ကြက်တူရွေးကျွန်း(Parrot Island) ရှိ ရင်းဝူဆိုသောနေရာတွင် ကောင်းကောင်းမြှုပ်နှံခဲ့လေသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော်
"နှုတ်ကောင်းလျာကောင်း စာကြမ်းပိုးတစ်ယောက်ကတော့ ကိုယ့်သေတွင်းကိုယ်တူးသွားပြီ" ဟု ဆိုလေသည်။
"လျူပြောင်း"(Liu Biao) မှ ပူးပေါင်းရန်မပြုသော်အခါ "ချောင်ချောင်း"(Cao Cao) သည် ခြိမ်းခြောက်ပြီးတိုက်ရန်ကြံသည်။ ထိုအခါ "ရွှင်ယွိ"(Xun Yu) မှ
"ယွမ်ရှောက်(Yuan Shao) ကို မအောင်နိုင်သေးဘူး၊ လျူဘေ့(Liu Bei) လည်း ရှိနေသေးတယ်။ ဒီအချိန်မှာ လျူပြောင်း(Liu Biao) ကိုတိုက်တာဟာ အချက်အချာကျတာကို နားမလည်ရာကျတယ်။ ပထမဆုံး ရန်သူတော်နှစ်ယောက်ကိုရှင်းပြီးမှ ဟန်မြစ်ကြီးဘက် ခြေလှည့်သင့်တယ်" ဟု ပြောလေသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအကြံကိုလက်ခံလိုက်သည်။

"လျူဘေ့"(Liu Bei) ထွက်သွားသည့်အချိန်မှစပြီး "တုန်းချန်"(Dong Cheng) နှင့်အပေါင်းအပါတို့ကို "ချောင်ချောင်း"(Cao Cao) ကို ဖြိုခွဲမည့်အကြံတို့သာ ကြံစည်နေကြသည်။ သို့သော်လည်း အခွင့်မသာချေ။ နှစ်သစ်ကူးပွဲတော်တွင် "ချောင်ချောင်း"(Cao Cao) သည် မောက်မာစွာပြုမူလေရာ "တုန်းချန်"(Dong Cheng) မှာ၎င်းကိုအင်မတန်စက်ဆုတ်ပြီး ဖျားနာလေသည်။
ဦးရီးတော် ဖျားနာသည်ကိုကြားသောအခါ ဘုရင်မှ နန်းတွင်းသမားတော်ကြီးကိုလွှတ်ပြီး ကုသစေသည်။ ထိုအချိန်ရှိ ထိပ်တန်းနန်းတွင်းသမားတော်မှာ လော့ရန်မြို့သား "ကျီဖင်"(Ji Ping) ဖြစ်လေသည်။ "ကျီဖင်"(Ji Ping) သည် "တုန်းချန်"(Dong Cheng) ၏အိမ်တော်တွင်ပင်နေကာ သူ့ကိုကုသလေသည်။ "တုန်းချန်"(Dong Cheng) တွင် စိတ်ညစ်စရာတစ်ခုခုရှိနေသည်ကို သတိထားမိသော်လည်း မမေးဝံ့ချေ။

လပြည့်ညပွဲတော်၏ ညနေခင်းဝယ် သမားတော်ကြီးသည်လူနာကိုကြည့်ပြီးပြန်ရန်ပြုရာ လူနာမှ ညစာစားရန်ဖိတ်ခေါ်လိုက်သည်။ စားသောက်ပြီးနောက် စကားအတန်ကြာပြောပြီး "တုန်းချန်"(Dong Cheng) အိပ်ပျော်သွားလေသည်။

"ဝမ်ကျီဖူ"(Wang Zifu) နှင့် အခြားသူတို့ရောက်လာကာ
"ကျုပ်တို့စီမံကိန်းကြီးပြီးဆုံးတော့မယ်" ဟုဆိုသည်။
"တုန်းချန်"(Dong Cheng) : "အခြေအနေကိုနားထောင်ချင်ပါတယ်"
"လျူပြောင်း(Liu Biao) က ယွမ်ရှောက်(Yuan Shao) နဲ့ပူးပေါင်းလိုက်ပြီး ပြည်နယ်ငါးဆယ်က အင်အား ငါးသိန်းရှိတဲ့တပ်တွေဒီကိုချီတက်လာပြီ။ ဒါ့အပြင် မာထန်(Ma Teng) နဲ့ ဟန်ဆွေ(Han Sui) တို့ကလည်း အနောက်မြောက်ပိုင်းကနေ အင်အားခုနှစ်သိန်းရှိတဲ့တပ်ကြီးနဲ့ ချီတက်လာပြီ။ ချောင်ချောင်း(Cao Cao) က အဲ့တပ်ဖွဲ့ကိုခုခံဖို့ သူ့တပ်ကို မြို့ပြင်မှာနေရာ ယူထားစေတယ်။ ဒီညမှာ ချောင်ချောင်း(Cao Cao) က စားသောက်ပွဲကျင်းပလိမ့်မယ်။ ကျုပ်တို့တွေ လူအယောက်တစ်ထောင်လိုက်စုပြီး စားသောက်ပွဲမှာ ချောင်ချောင်း(Cao Cao) ကို ရှင်းလိုက်ရအောင်"
"တုန်းချန်"(Dong Cheng) သည် ဝမ်းသာအားရဖြင့် သူ၏လက်အောက်ငယ်သားတို့ကို လက်နက်တို့ပေးကာ လူစုသည်။ သူကိုယ်တိုင်သည်လည်း သံချပ်ကာဝတ်ကာ မြင်းစီးပြီး ဝန်ကြီးချုပ်အိမ်တော်သို့ထွက်သွားသည်။ "တုန်းချန်"(Dong Cheng) သည် သူ၏ရတနာဓားကိုဆွဲကာ အခန်းတွင်းရှိ စားပွဲတွင်ရှိနေသော ချောင်ချောင်း(Cao Cao) ကိုမြင်လျှင် "သစ္စာဖောက်၊ သေစမ်း" ဟု ဆိုကာ ဓားဖြင့် ခုတ်လိုက်လေသည်။

ထိုအချိန်တွင်ပင် အိပ်ယာမှပြန်နိုးလာကာ အိပ်မက်ဖြစ်နေကြောင်းသိသွားသည်။ သို့သော် ပါးစပ်ကမူ ကယောင်ကတမ်းရေရွတ်နေသေးသည်။
"ကျီဖင်"(Ji Ping) : "ဦးရီးတော်က ချောင်ချောင်း(Cao Cao) ကိုတကယ် ချေမှုန်းချင်ပါသလား"
ထိုစကားသည် "တုန်းချန်"(Dong Cheng) ကို သတိဝင်သွားစေပြီး ဘာမျှပြန်မပြောပေ။ သမားတော်မှပင်ဆက်ပြီး
"ဦးရီးတော် မစိုးရိမ်ပါနဲ့။ ကျွန်တော်က သမားတော်ဆိုပေမယ့် လူသားတစ်ယောက်ပါပဲ၊ ကိုယ့်ဘုရင်ကိုဘယ်တော့မှမမေ့ပါဘူး။ ဦးရီးတော်က ရက်အတန်ကြာဝမ်းနည်းတဲ့ပုံပေါ်နေပေမယ့် ကျွန်တော်အကြောင်းအရင်းကို မမေးခဲ့ဘူး။ အခုတော့ အိပ်မက်ကနေတစ်ဆင့်ထုတ်ဖော်ပြောလိုက်ပြီဆိုတော့ ဦးရီးတော်ရဲ့ ခံစားချက်ကိုသိပြီ။ ကျွန်တော်သာ အထောက်အပံ့ဖြစ်မယ်ဆို ကူညီပါ့မယ်၊ ဘယ်သူမှ ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး" ဟုပြောသည်။

ထိုအခါ "တုန်းချန်"(Dong Cheng) မှ ငိုပြီး
"ခင်ဗျား ပြောတာတွေက ရင်ထဲကစကားတွေဟုတ်ရဲ့လားလို့ တွေးမိတယ်" ဟု ပြောလေသည်။ "ကျီဖင်"(Ji Ping) သည် သစ္စာပြသည့်အနေဖြင့် ချက်ချင်းပင် လက်တစ်ချောင်းကိုကိုက်ကာ ဖြတ်လိုက်လေသည်။
"တုန်းချန်"(Dong Cheng) : "ကျုပ်တို့အကြံအစည်တွေအချည်းနှီးဖြစ်သွားမှာ စိုးရိမ်တယ်။ အခုအချိန်မှာ လျူဘေ့(Liu Bei) ရော၊ မာထန်(Ma Teng) ပါ အဝေးကိုရောက်နေတယ်။ ကျုပ်တို့လုပ်နိုင်တာဘာမှမရှိဘူး။ ဒါကြောင့် စိတ်မကောင်းဖြစ်ပြီး နေမကောင်းဖြစ်ရတာ"
"ကျီဖင်"(Ji Ping) : "စိုးရိမ်စရာမလိုပါဘူး။ ချောင်ချောင်း(Cao Cao) အသက်က ကျွန်တော့်လက်ထဲမှာရှိပါတယ်"
"တုန်းချန်"(Dong Cheng) : "ဘာကြောင့်များလည်း"
"ကျီဖင်"(Ji Ping) : "ချောင်ချောင်း(Cao Cao) က မကြာခဏခေါင်းကိုက်တဲ့ဝေဒနာခံစားရတဲ့အတွက် သူက ကျွန်တော့်ကို အခေါ်လွှတ်ရပါတယ်၊ နောက်တစ်ခါခေါ်ရင် သူ့ကို အဆိပ်တိုက်လိုက်တာနဲ့သေမှာပဲ။ ဘာလက်နက်မှမလိုဘူး"
"တုန်းချန်"(Dong Cheng) : "ဒါ ခင်ဗျားပဲ လုပ်နိုင်တာပါ။ ခင်ဗျားက ဒီတိုင်းပြည်ကြီးရဲ့ကျေးဇူးရှင်ပါပဲ။ အကုန်လုံး ခင်ဗျားအပေါ်မူတည်ပါတယ်"

ထို့နောက် "ကျီဖင်"(Ji Ping) သည်လည်း အိမ်တော်မှ ထွက်သွားသည်။ "တုန်းချန်"(Dong Cheng) သည် ဥယျာဉ်ထဲတွင်လမ်းလျှောက်ရာ "Quin Quington" ဟူသော အစေခံတစ်ဦးက မောင်းမတစ်ဦးနှင့် တီးတိုးပြောနေကြသည်ကိုတွေ့လိုက်ရာ အစောင့်တို့ကိုခေါ်ပြီး ဆွဲခေါ်လာစေသည်။ ထိုသူနှစ်ဦးတို့ကို သေဒဏ်ပေးရန်ကြံသော်လည်း သူ့ဇနီးမှတားမြစ်သဖြင့် သေဒဏ်မပေးတော့ပဲ ကြိမ်ဒဏ်အချက်လေးဆယ်စီပေးလိုက်သည်။ ယောက်ျားလေးကို ထောင်ထဲသို့ထည့်လိုက်သည်။ ညအခါဝယ်  "Quin Quington" သည် ထောင်မှဖောက်ထွက်ပြီး နံရံကိုတွယ်တက်ကာ "ချောင်ချောင်း"(Cao Cao) ထံသွားပြီး "တုန်းချန်"(Dong Cheng) ၏ အကြံအစည်တို့ကိုပြောလိုက်သည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုသူ့ကို မေးခွန်းတို့မေးရန်ခေါ်ထားလိုက်သည်။
 "Quin Quington" : "ဝမ်ကျီဖူ(Wang Zifu) ၊ ဝူကျီလန်(Wu Zilan) ၊ ချုံးကျီ(Chong Ji) ၊ ဝူရှီ(Wu Shi) နဲ့ မာထန်(Ma Teng) တို့ဟာ ကျွန်တော့်သခင်ကြီးနဲ့လျှို့ဝှက်တွေ့ဆုံပြီး ကျွန်တော့်သခင်ကြီးဆီမှာရှိတဲ့ ပိုးထည်စအဖြူပေါ်မှာစာရေးကြတယ်၊ ဘာအဓိပ္ပာယ်လည်းတော့မသိဘူး။ မနေ့ကလည်း ကျီဖင်(Ji Ping) ဟာ သူ့သစ္စာကိုပြဖို့ လက်ချောင်းကိုကိုက်ဖြတ်လိုက်တာမြင်တယ်"

"Quin Quington" ကို နန်းတော်ထဲတွင် ထိန်းသိမ်းထားလိုက်သည်။ "တုန်းချန်"(Dong Cheng) သည် သူ့အစေခံပျောက်သွားသည်ကိုသိလျှင် သဘောရိုးဖြင့်ထွက်ပြေးသွားသည်ဟုပင်ထင်ကာ လိုက်မရှာစေတော့ပေ။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ခေါင်းကိုက်ချင်ယောင်ဆောင်ကာ "ကျီဖင်"(Ji Ping) ကိုခေါ်လေသည်။
"ကျီဖင်"(Ji Ping) မှ
"ဒီသူပုန်တော့ သွားပြီပဲ" ဟု တွေးလေသည်။ ထို့နောက် သူနှင့်အတူ အဆိပ်ထုပ်ကိုယူသွားကာ "ချောင်ချောင်း"(Cao Cao) ထံသွားသည်။ "ချောင်ချောင်း"(Cao Cao) မှ သူ့အတွက် ဆေးပေးရန်ပြောသည်။ "ကျီဖင်"(Ji Ping) မှ
"တစ်စက်သောက်လိုက်ရုံနဲ့ ရောဂါပျောက်သွားလိမ့်မယ်" ဟု ပြောလေသည်။

ထို့နောက် ဆေးထဲတွင် အဆိပ်ထည့်ကာ "ချောင်ချောင်း"(Cao Cao) ကိုတိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ဆေးတွင်အဆိပ်ပါမှန်းသိနှင့်သဖြင့် အကြောင်းပြချက်အမျိုးမျိုးပေးကာ မသောက်ချေ။
"ပူတုန်းသောက်ပါ။ ဒါမှချွေးတွေထွက်ပြီး ကောင်းသွားပါလိမ့်မယ်"
"ခင်ဗျားက ပညာရှိပဲ၊ ဒါကြောင့် ဘာတွေလုပ်ရမယ်ဆိုတာသိတယ်။ သခင်ကနေမကောင်းဖြစ်ပြီး ဆေးသောက်ရရင် အဲ့ဆေးကိုအစမ်းသောက်ဖို့က လက်အောက်ငယ်သားရဲ့တာဝန်မဟုတ်လား။ လူတစ်ဦးနေမကောင်းရင်လည်း သူ့သားကအရင် ဆေးကိုစမ်းသောက်ကြည့်ရတယ်။ ခင်ဗျားက ကျုပ်ရဲ့လက်အောက်ငယ်သားဆိုတော့ ခင်ဗျားအရင်သောက်ပါ။ ပြီးရင်ကျန်တာကို ကျုပ်သောက်မယ်"
"ဆေးဆိုတာ ရောဂါကိုကုသဖို့လေ။ တခြားလူက စမ်းသောက်ပြီးဘာလုပ်မှာတုန်း"

သို့သော် "ကျီဖင်"(Ji Ping) သည် သူ့အကြံကိုသိနေမှန်း သိသွားကာ အရှေ့သို့လှမ်းပြီး "ချောင်ချောင်း"(Cao Cao) ကိုဆွဲကိုင်ကာ လည်မြိုမှ အဆိပ်ကိုသွန်ချရန်ပြူသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ရုန်းလေရာ ဆေးပန်းကန်မှာ အောက်သို့ကျသွားသည်။ "ချောင်ချောင်း"(Cao Cao) ဘာမျှမပြောနိုင်သေးမီတွင်ပင် အစောင့်တို့က သမားတော်ကိုဖမ်းလိုက်သည်။
"ချောင်ချောင်း"(Cao Cao) : "တကယ်တော့ ကျုပ်က မဖျားဘူး။ ခင်ဗျားကိုစမ်းသပ်ချင်လို့လုပ်တာ၊ ခင်ဗျားတကယ်ကို အဆိပ်ခတ်ဖို့ကြံတာပဲ"
ထို့နောက် ဖမ်းထားသောသူကို စစ်ဆေးမေးမြန်းရန်အတွက် အတွင်းသို့ခေါ်သွားစေသည်။ ထိုသမားတော်သည် ကြိုးနှင့်အတုပ်ခံထားရပြီး မြေကြီးပေါ်တွင်ရှိနေသော်လည်း သတ္တိမလျော့သွားပေ။

"ခင်ဗျားက သမားတော်မဟုတ်ဘူးလား။ ဘာကြောင့်ကျုပ်ကို အဆိပ်ခတ်ဖို့ပြင်ရတာလည်း? ဘယ်သူခင်ဗျားကိုခိုင်းတာလည်း? ခင်ဗျားပြောရင် ခင်ဗျားကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်"
"ခင်ဗျားက သစ္စာဖောက်ပဲလေ။ မင်းသားကို ထီမထင်သလိုပြုမူပြီး ကိုယ့်ထက်သာသူတွေကို ဖြုတ်ချတယ်။ တစ်နိုင်ငံလုံးက ခင်ဗျားကိုသတ်ချင်ကြတာ။ ကျုပ်တစ်ယောက်တည်း ခင်ဗျားကိုသတ်ချင်တယ်လို့ထင်လား"
"ချောင်ချောင်း"(Cao Cao) မှ အကြိမ်ကြိမ်ပင် မည်သူက သူ့ကိုခိုင်းကြောင်းမေးသော်လည်း အကျဉ်းသားကမူ မည်သူမှခိုင်းခြင်းမဟုတ်ပဲ ဆန္ဒအရပြုမူခြင်းဖြစ်ကြောင်းပြောလေသည်။
"ကျီဖင်"(Ji Ping) : "ကျုပ်က အကြံမအောင်ခဲ့တော့ သေဖို့ကလွဲပြီး အခြားမရှိဘူး"

"ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ ထိုသူ့ကို ကြိမ်ဒဏ်ပေးစေလေသည်။ နှစ်နာရီကြာသည်အထိနှိပ်စက်လေရာ အရည်ခွံတို့စုတ်ပြဲနေကာ အသားတို့လည်းချင်းချင်းနီနေလေပြီ။ ဒဏ်ရာမှသွေးတို့လည်း အောက်မြေကြီးအထိယိုစီးကျလာသည်။ "ချောင်ချောင်း"(Cao Cao) က ထိုသူသေသွားလျှင် သက်သေမရှိတော့မည်ကိုစိုးရိမ်သဖြင့် ရိုက်နှက်ခြင်းကို ရပ်စေပြီး တစ်နေရာသို့ခေါ်သွားစေသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် စားသောက်ပွဲကျင်းပကာ အမတ်တို့ကိုဖိတ်လေသည်။ နေမကောင်းသော "တုန်းချန်"(Dong Cheng) မှလွဲလျှင် အခြားသောသူတို့အကုန်တက်ရောက်ကြသည်။  ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ
"ဒီနေ့ပျော်စရာတော့ သိပ်မရှိပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့မြင်ရင် အမူးပြေသွားနိုင်မယ့်အရာရှိတယ်" ဟု ပြောပြီး အစောင့်တို့ကို "သူ့ကိုခေါ်လာခဲ့စမ်း" ဟု အမိန့်ပေးလိုက်သည်။ သို့နှင့် "ကျီဖင်"(Ji Ping) ကို ဆွဲခေါ်လာသည်။
"ဒီလူက မကောင်းတဲ့လူတွေနဲ့ ပူးပေါင်းတဲ့အကြောင်းကို ခင်ဗျားတို့ မသိသေးဘူး၊ သူက အစိုးရကိုပျက်အောင်လုပ်ပြီး ကျုပ်ကိုသတ်ဖို့ကြံခဲ့တယ်။ သူ့ဆီကအထောက်အထားကို ခင်ဗျားတို့လည်း နားထောင်စေဖို့ခေါ်လိုက်တာ"
ထိုသို့ပြောပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် အကျဉ်းသားကိုရိုက်နှက်စေသည်။ မေ့မြောသည်အထိရိုက်နှက်ပြီးနောက် ရေနှင့်လောင်းကာ ပြန်နိုးစေလေသည်။ သတိရသည်နှင့် "ချောင်ချောင်း"(Cao Cao) ကို စိုက်ကြည့်ပြီး အံကိုကြိတ်လေသည်။
"ချောင်ချောင်း(Cao Cao) ၊ သစ္စာဖောက်၊ ဘာလုပ်နေတာလည်း? ကျုပ်ကိုသတ်လိုက်ပါတော့လား"
"ပူးပေါင်းကြံစည်တဲ့လူတွေက စစချင်းခြောက်ယောက်မလား။ ခင်ဗျားနဲ့ဆို ခုနှစ်ယောက်ပေါ့? ဟုတ်တယ်မလား"

ထိုအခါ "ကျီဖင်"(Ji Ping) သည် ပို၍ဆဲရေးတိုင်းထွာလေသည်။ ခန်းမအတွင်းတွင်ရှိသော "ဝမ်ကျီဖူ"(Wang Zifu) နှင့် အခြားပူးပေါင်းကြံစည်သူသုံးဦးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အပ်ဖျာပေါ်တွင် ထိုင်နေသည့်အလား ခံစားရလေသည်။ ထိုသို့အဆက်မပြတ်ရိုက်လိုက်၊ မေ့မြောသွားသော် ရေဖြင့်ပက်ကာနိုးလိုက်လုပ်နေသော်လည်း "ကျီဖင်"(Ji Ping) မှာ သူနှင့်ပူးပေါင်းကြံစည်သူတို့နာမည်ကို ထုတ်ဖော်မပြောချေ။ နောက်ဆုံးတွင် "ချောင်ချောင်း"(Cao Cao) မှ ဆက်မရိုက်တော့ရန် အမိန့်ပေးလိုက်သည်။
စားပွဲအပြီးတွင် ထိုပူးပေါင်းကြံစည်သူလေးဦးတို့ကို "ချောင်ချောင်း"(Cao Cao) မှ ညစာစားသောက်ရန်အတွက် နေရစ်ခဲ့ရန်ခေါ်လိုက်သည်။ ထိုသူလေးဦးတို့မှာ ကိုယ်တွင်းမှလိပ်ပြာအပြင်သို့ထွက်သွားသကဲ့သို့ အလွန်အမင်းကြောက်ရွံ့သွားသည်။ သို့သော်လည်း မနေခဲ့ဟု မငြင်းဝံ့ကြချေ။
"ချောင်ချောင်း"(Cao Cao) : "အခု ခင်ဗျားတို့နဲ့ ပြောစရာလေးရှိလို့ ခဏခေါ်လိုက်တာ။ ခင်ဗျားတို့ တုန်းချန်(Dong Cheng) နဲ့ ဘာတွေကြိတ်ကြံနေကြတုန်း"
"ဝမ်ကျီဖူ"(Wang Zifu) : "ဘာမှမကြံပါဘူး"
"ချောင်ချောင်း"(Cao Cao) : "ဒါဆိုအဖြူရောင်ပိုးထည်ပေါ်မှာဘာတွေရေးထားတာလည်း"
အကုန်လုံးကလည်း "မသိပါ" ဟု ဘူးခံငြင်းကြလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "တုန်းချန်"(Dong Cheng) အိမ်မှထွက်ပြေးသွားသောအစေခံကို ရှေ့သို့ခေါ်လာစေသည်။ "Quin Quington" ရောက်သော် "ဝမ်ကျီဖူ"(Wang Zifu) မှ
"မင်းကဘယ်မှာ ဘာတွေမြင်ခဲ့တာတုန်း" ဟုမေးလေသည်။
"Quin Quington" : "ခင်ဗျားတို့ငါးယောက်ဟာ လူသူကင်းတဲ့နေရာမှာ တိတ်တဆိတ်ဆွေးနွေးကြတယ်၊ နောက်ပြီး အဖြူရောင်ပိတ်စပေါ်မှာ လက်မှတ်ထိုးကြတယ်၊ ဒါကိုတော့ မငြင်းနိုင်ပါဘူး"
"ဝမ်ကျီဖူ"(Wang Zifu) : "ဒီကောင်က ဦးရီးတော်ရဲ့မောင်းမနဲ့ ဖောက်ပြားလို့အပြစ်ပေးခံရတာပါ။ ဒါကြောင့် သူ့သခင်အကြောင်းကို မကောင်းပြောတာ။ သူပြောတာမယုံပါနဲ့"
"ချောင်ချောင်း"(Cao Cao) : "ကျီဖင်(Ji Ping) က ငါ့လည်မြိုထဲကိုတောင် အဆိပ်ထည့်ဖို့ကြံခဲ့တာ၊ တုန်းချန်(Dong Cheng) ကလွဲရင် သူ့ကိုဘယ်သူက ဒီလိုပြုမူအောင် လုပ်နိုင်မှာလည်း"
အကုန်လုံးကလည်း မသိကြောင်းငြင်းကြသည်။
"ချောင်ချောင်း"(Cao Cao) : "အခုမှ အစပဲရှိသေးတော့ သည်းခံခွင့်လွှတ်ဖို့ အခွင့်အရေးရှိသေးတယ်။ နောက်ပိုင်း ပြဿနာကြီးလာရင်တော့ အဲ့လောက်လွယ်မှာမဟုတ်ဘူး"

လေးယောက်လုံးကလည်း ဘာမှမသိပါဟုပင် အပြင်းအထန်ငြင်းကြ၏။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ထိုသူလေးဦးတို့ကို ထိန်းသိမ်းထားစေလိုက်သည်။
နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် ဦးရီးတော်၏အိမ်သို့သွားပြီး ကျန်းမာရေးအခြေအနေကိုမေးလေသည်။ "တုန်းချန်"(Dong Cheng) က ကိုယ်တိုင်ထွက်ကြိုသောအခါ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျား မနေ့ညက ဘာကြောင့် မလာတာလည်း" ဟု မေးသည်။
"ကျွန်တော် ကျန်းမာရေးမကောင်းလို့ အပြင်မထွက်ဖြစ်တာပါ"
"ခင်ဗျားက တိုင်းပြည်အတွက် ယူကြုံးမရဖြစ်ပြီး နေမကောင်းဖြစ်တာမလား"

"တုန်းချန်"(Dong Cheng) က လန့်သွားသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) မှပင်ဆက်၍
"ခင်ဗျား ကျီဖင်(Ji Ping) ကိစ္စသိပြီးပြီလား" ဟု မေးသည်။
"မသိဘူး၊ ဘာများပါလိမ့်"
"ချောင်ချောင်း"(Cao Cao) သည် အေးစက်စွာပြုံးလိုက်ကာ
"ခင်ဗျား မသိဘူးဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလည်း" ဟု ဆိုသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့ဘက်လှည့်ကာ အကျဉ်းသားကိုခေါ်လာစေသည်။ ထိုအချိန်တွင် "တုန်းချန်"(Dong Cheng) နှင့်အတူ တိုင်းပြည်အတွက်ဝမ်းနည်းကာ နေမကောင်းဖြစ်ရသည့်အကြောင်းကိုပင် ဆက်ပြောလေသည်။ "တုန်းချန်"(Dong Cheng) မှာ မည်သို့မည်ပုံပြုရမည်ကို မသိပေ။ မကြာမီပင် အစောင့်တို့က "ကျီဖင်"(Ji Ping) ကိုဆွဲခေါ်လာသည်။ "ကျင်ဖင်"(Ji Ping) သည် ဝင်လာသည်နှင့် "ချောင်ချောင်း"(Cao Cao) ကို ဆဲရေးတိုင်းထွာလေသည်။
"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) ကို လက်ညှိုးထိုးကာ
"ဒီလူက ဝမ်ကျီဖူ(Wang Zifu) နဲ့တခြားသုံးယောက်ရဲ့အပြစ်ကိုဝန်ခံလိုက်တဲ့အတွက် သူတို့ကို ဖမ်းထားလိုက်ပြီ။ ဒါပေမယ့်တစ်ယောက်တော့ ကျန်သေးတယ်" ဟုပြောသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) က သမားတော်ဘက်လှည့်ကာ
"ဘယ်သူက ကျုပ်ကိုအဆိတ်ခပ်ဖို့ တိုက်တွန်းတာလည်း" ဟု မေးလေသည်။
"ကောင်းကင်ကြီးက သစ္စာဖောက်ကိုသတ်ဖို့ လွှတ်လိုက်တာပါ"

"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) ကို ရိုက်ရန် အမိန့်ပေးလိုက်ပြန်သည်။ သို့သော် "ကျီဖင်"(Ji Ping) ၏ ခန္ဓာတွင် ရိုက်နိုင်သည့်နေရာပင် မရှိတော့ပေ။ "တုန်းချန်"(Dong Cheng) မှာ ၎င်းကိုကြည့်ကာ ရင်ကိုဓားနှင့်ထိုးဘိသကဲ့သို့ ဝမ်းနည်းလေသည်။
"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားက မွေးတုန်းက လက်ဆယ်ချောင်းပါလာတာ၊ အခုဘာလို့ကိုးချောင်းပဲ ရှိတာတုန်း"
"ကျီဖင်"(Ji Ping) : "ကျုပ် သစ္စာဖောက်ကိုသတ်ဖို့ သစ္စာဆိုတုန်းက တစ်ချောင်းကိုဖြတ်လိုက်တာ"
"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) တွင် ကျန်သောလက်ကိုးချောင်းလုံးကိုဖြတ်ရန် အမိန့်ပေးလိုက်သည်။ အစောင့်တို့ကလည်း ဖြတ်လိုက်လေသည်။
"ချောင်ချောင်း"(Cao Cao) : "အခုလက်ချောင်းတွေမရှိတော့ဘူးဆိုတော့ တောင်းပန်စကားပြောတတ်လာမှာပေါ့"
"ကျီဖင်"(Ji Ping) : "ဒါပေမယ့် ကျုပ်မှာ သစ္စာဖောက်ကို ဝါးမြိုနိုင်တဲ့ပါးစပ်နဲ့ သူ့ကိုဆဲဆိုဖို့ လျာရှိပါသေးတယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) က လျာကိုပါ ဖြတ်ပစ်ရန်အမိန့်ပေးလိုက်ပြန်သည်။

"ကျီဖင်"(Ji Ping) : "ရပ်လိုက်။ ကျုပ်ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ပြောစရာရှိတယ်၊ ကျုပ်ကို ကြိုးဖြည်ပေး"
"ချောင်ချောင်း"(Cao Cao) : "ကြိုးဖြည်လိုက်ပါ။ မဖြည်စရာအကြောင်း မရှိပါဘူး"
"ကျီဖင်"(Ji Ping) သည် လွတ်သွားသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းကို ဧကရာဇ်နန်းတော်ရှိရာသို့လှည့်ကာ အရိုအသေပြုပြီး
"ကျွန်တော်မျိုးဟာ မကောင်းဆိုးရွားကို မရှင်းပစ်နိုင်တာလည်း ကောင်းကင်ကြီးရဲ့ဆန္ဒပါပဲလား" ဟုဆိုပြီး လှေကားခုံကို ခေါင်းနှင့်တိုက်ကာ ကိုယ့်ကိုယ်ကို သတ်သေလိုက်သည်။
ထို့နောက် ထိုအလောင်းကို လေးပိုင်းပိုင်းစေကာ မြို့ထဲတွင် ပြသထားစေသည်။ ထိုနှစ်သည်ကား ကျန့်အန်းနှစ်ငါးနှစ်မြောက် (အေဒီ ၂၀၀) ဖြစ်သည်။

သမားတော်ကြီးသေဆုံးသွားပြီးနောက်တွင် "ချောင်ချောင်း"(Cao Cao) သည် "Quin Quington" ကို ခေါ်စေလိုက်သည်။
"ဦးရီးတော် ဒီလူကို သိပါသလား"
"အင်း။ ပြေးသွားတဲ့ကျွန်က ပြန်ရောက်လာပြီလား? သူ့ကိုသေဒဏ်ပေးသင့်တယ်"
"သူက ဦးရီးတော်ရဲ့ လျှို့ဝှက်ကြံစည်မှုကိုဖွင့်ပြောလိုက်ပါပြီ။ သူက ကျုပ်ရဲ့သက်သေပါပဲ"
"ခင်ဗျားလို နိုင်ငံရဲ့ဝန်ကြီးချုပ်က ဘာလို့ ဒီလိုပမွှားကျွန် ပြောတာ ယုံရတာလည်း"
"ဒါပေမယ့် ကျုပ် ဝမ်ကျီဖူ(Wang Zifu) နဲ့ တခြားလူတွေကို ထောင်ထဲထည့်ထားတယ်။ သူသာသက်သေအဖြစ်ထွက်ဆိုရင် ခင်ဗျားဘယ်လိုငြင်းနိုင်မလည်း"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့ကိုခေါ်ကာ "တုန်းချန်"(Dong Cheng) ၏ အိပ်ခန်းကိုရှာစေသည်။ ထိုသို့ရှာလိုက်ရာ ဘုရင့်အမိန့်တော်နှင့်တကွ ပူးပေါင်းသူတို့၏ လက်မှတ်ရေးထိုးထားသည့်စာ ထွက်လာသည်။
"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားပြောတော့ မဟုတ်ဘူးဆို။ ခင်ဗျားဒီလိုလုပ်ရဲတယ်!"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ဦးရီးတော်အပါအဝင် အိမ်သူအိမ်သားအားလုံးကိုဖမ်းရန် အမိန့်ပေးလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့အိမ်တော်သို့ပြန်ကာ လက်အောက်ငယ်သားတို့ကိုခေါ်ပြီး ဘုရင်ကိုဖြုတ်ချကာ ဘုရင်အသစ်တင်ရန် တိုင်ပင်လေသည်။

Comments

Popular posts from this blog

Lookism