သုံးနိုင်ငံခေတ် (၂၉)

အခန်း(၂၉) တောင်ပိုင်းရှိခေါင်းဆောင်ငယ်သည် "ယွီကျီ"(Yu Ji) ကို သတ်လိုက်ခြင်း။ မျက်လုံးအစိမ်းရောင်ရှိသောလူငယ်လေးသည် တောင်ပိုင်းပြည်နယ်တို့ကို အုပ်ချုပ်ခြင်း။

"စွန်းချဲ့"(Sun Ce) သည် တဖြည်းဖြည်းချင်း ရန်စီမြစ်အရှေ့တောင်ဘက်၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ကျန်းအန်းနှစ် စတုတ္ထနှစ်တွင် မြို့စား "လျူရွှီ"(Liu Xu) ကိုတိုက်ပြီး လုကျန်းကိုသိမ်းနိုင်ခဲ့သည်။ ထို့အပြင် မြို့စား "ဟွာရှင်း"(Hua Xin) ထံ "ယွီဖန်"(Yu Fan) ကို စေလွှတ်ရာ "ဟွာရှင်း"(Hua Xin) က လက်နက်ချခဲ့လေသည်။ သို့နှင့် "စွန်းချဲ့"(Sun Ce) ၏ ဂုဏ်သတင်းမှာ ပိုကြီးလာပြီး သူ၏လုပ်ဆောင်မှုတို့ကို "ကျန်းဟုန်"(Zhang Hong) အား မြို့တော်လွှတ်ပြီး ဘုရင်မင်းမြတ်ကို တင်ပြလေသည်။
"ချောင်ချောင်း"(Cao Cao) က "စွန်းချဲ့"(Sun Ce) သည် သူ့ကိုယှဉ်နိုင်မည့်ပြိုင်ဘက်ဟု ယူဆပြီး
"သူက ထိန်းရခက်မယ့်ခြသေ့င်္ပဲ" ဟု ပြောသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏တူမ၊ "ချောင်ရန်"(Cao Cao) ၏ သမီးကို "စွန်းချဲ့"(Sun Ce) ၏ညီအငယ်ဆုံး "စွန်းခွမ်"(Sun Kuang) နှင့် လက်ဆက်စေသည်။ ထို့အပြင် "ချောင်ဟုန်"(Cao Hong) ကို မြို့တော်တွင်ခေါ်ထားသည်။ "စွန်းချဲ့"(Sun Ce) သည် တိုင်းပြည်တွင် အမြင့်ဆုံးရာထူးဖြစ်သော စစ်သူကြီးချုပ်ရာထူးကိုလိုချင်သော်လည်း "ချောင်ချောင်း"(Cao Cao) က မရအောင်လုပ်ထားလေသည်။ ထို့ကြောင့်ပင် "စွန်းချဲ့"(Sun Ce) က "ချောင်ချောင်း"(Cao Cao) ကိုမုန်းတီးပြီး သူ့ကိုတိုက်ရန် စိတ်ကူးရှိနေခဲ့သည်။

ထိုအချိန်လောက်တွင် ဝူကျွင်းမြို့စား "ရွှီကုန်း"(Xu Gong) သည် မြို့တော်ရှိ"ချောင်ချောင်း"(Cao Cao) အား လျှို့ဝှက်စာတစ်စောင်ပို့လိုက်သည်။ ထိုစာအတွင်းဝယ်
"စွန်းချဲ့(Sun Ce) က ရှန့်ယွီ(Xiang Yu) လို ပြဿနာရှာတဲ့လူမျိုးပဲ။ မြို့တော်က သူ့ကိုရာထူးပေးမယ်ဆိုပြီး မြို့တော်မှာပဲ ထားသင့်ပါတယ်။ သူသာတောင်ပိုင်းမှာရှိရင် အန္တရာယ်ရှိနိုင်ပါတယ်" ဟုပါရှိသည်။
သို့သော်လည်း ထိုစာသည် "စွန်းချဲ့"(Sun Ce) လက်ထဲရောက်သွားပြီး ထိုဆက်သားကိုသေဒဏ်ပေးလိုက်သည်။ ထို့နောက် "ရွှီကုန်း"(Xu Gong) ကို ဖိတ်ခေါ်စေသည်၊ "ရွှီကုန်း"(Xu Gong) မှာလည်း "စွန်းချဲ့"(Sun Ce) သိသွားမှန်းမရိပ်မိပဲ ရောက်လာသည်။ "ရွှီကုန်း"(Xu Gong) ရောက်သော် "စွန်းချဲ့"(Sun Ce) မှ
"ခင်ဗျားက ကျုပ်ကို မရဏတိုင်းပြည်ကိုပို့ချင်တယ်ပေါ့" ဟု ပြောပြီး အစောင့်တို့ကိုခေါ်ကာ "ရွှီကုန်း"(Xu Gong) အား လည်မြိုညှစ်သတ်စေလိုက်သည်။ "ရွှီကုန်း"(Xu Gong) ၏မိသားစုတို့လည်း ထွက်ပြေးသွားကြသည်။ ထိုအထဲမှ လူသုံးဦးတို့သည် "စွန်းချဲ့"(Sun Ce)  အပေါ်လက်စားချေရန် အခွင့်အရေးကိုစောင့်နေသည်။

တစ်နေ့သော် "စွန်းချဲ့"(Sun Ce) သည် တန်ထူတောင်ကုန်း၏အနောက်ဘက်သို့သွားကာ အမဲလိုက်ထွက်သည်။ သမင်တစ်ကောင်ကိုတွေ့သည်နှင့်ထိုသမင်နောက်ကိုလိုက်ရင်း တောအုပ်အတွင်းရောက်သွားသည်။ ထိုတောအုပ်အတွင်းဝယ် လက်နက်ကိုင်ထားသောလူသုံးဦးကိုတွေ့ရာ မည်သူနည်းဟု မေးရာ ထိုသူတို့က
"ကျွန်တော်တို့က ဟန်တန်(Han Dang) တပ်ကပါ။ သမင်လိုက်ထွက်လာတာပါ" ဟု ပြောလေသည်။
ထိုအခါ "စွန်းချဲ့"(Sun Ce) ကလည်း မြင်းကြိုးကိုဆွဲပြီး ထွက်ရန်ပြင်သည်။ ထိုအချိန်တွင်ပင် ထိုလူသုံးဦးမှ တစ်ယောက်က လှံဖြင့်ထိုးရာ "စွန်းချဲ့"(Sun Ce) ၏ပေါင်ကိုထိသွားသည်။ "စွန်းချဲ့"(Sun Ce) ကလည်း ဓားကိုဆွဲပြီးထိုသူကိုတိုက်ရန်လုပ်သည်။ သို့သော် သူ၏ဓားကမြေကြီးပေါ်ရုတ်တရတ်ကျသွားပြီး ဓားရိုးသာကျန်သည်။ နောက်တစ်ဦးက မြားဖြင့်ပစ်ရာ "စွန်းချဲ့"(Sun Ce)  ၏ပါးကိုထိသွားသည်။ "စွန်းချဲ့"(Sun Ce) ကလည်း ထိုမြားကိုဆွဲနှုတ်ပြီး ထိုသူကိုပင် ပြန်ပစ်လိုက်သည်။ ကျန်သောသူနှစ်ယောက်တို့က လှံဖြင့်တိုက်ကာ ပါးစပ်မှလည်း
"ကျုပ်တို့က ရွှီကုန်း(Xu Gong) အတွက် လက်စားချေမယ့်လူတွေ" ဟု ပြောလေသည်။
"စွန်းချဲ့"(Sun Ce) သည်လည်း အခြေအနေကိုသဘောပေါက်သွားပြီး ပြန်ဆုတ်ရန်ပြုသည်။ သို့သော်လည်း အခွင့်မသာသဖြင့် လူရောမြင်းပါဒဏ်ရာရလေသည်၊ ထိုအချိန်တွင်ပင် "ချန်ဖူ"(Cheng Pu) နှင့် လူအချို့ရောက်လာပြီး ထိုလူသတ်သမားတို့ကိုသတ်လိုက်သည်။

သို့သော်လည်း သူတို့၏သခင်မှာ မျက်နှာတွင်သွေးချင်းချင်းနီနေပြီး ဒဏ်ရာတို့လည်း ပြင်းထန်သည်။ "စွန်းချဲ့"(Sun Ce)၏ဒဏ်ရာတို့ကို စည်းနှောင်ပေးပြီး မြင်းပေါ်တင်ကာခေါ်သွားသည်။ "စွန်းချဲ့"(Sun Ce) ၏ဒဏ်ရာမှာ အင်မတန်ပြင်းထန်သဖြင့် ကုသရန် နာမည်ကြီးသမားတော် "ဟွားထော်"(Hua Tuo) ကိုရှာသော်လည်း မတွေ့ချေ။ "ဟွားထော်"(Hua Tuo) ၏တပည့်တစ်ဦးမှလာပြီးကုသပေးသည်။ သမားတော်မှ
"မြားထိပ်မှာအဆိပ်တွေတပ်ထားတယ်။ နောက်ပြီးအဆိပ်တွေက တအားပျံ့နေပြီ။ ပြန်ကောင်းဖို့ရက်တစ်ရာလိုလိမ့်မယ်။ ဒါပေမယ့် အဲ့အတောအတွင်းမှာ ခံစားမှုပြင်းပြင်းထန်ထန်ဖြစ်တာ၊ ဒေါသတွေထွက်တာတွေရှိခဲ့ရင် ဒဏ်ရာကဘယ်လိုမှ ပြန်ကောင်းတော့မှာမဟုတ်ဘူး" ဟုပြောသည်။
"စွန်းချဲ့"(Sun Ce) မှာ ဆုံးဖြတ်ချက်မြန်ပြီး စိတ်မရှည်သူဖြစ်လေရာ ထိုကုထုံးကိုသဘောမကျချေ။ သို့သော်လည်း သူသည် ထိုရက်တစ်ရာ၏ပထမဆုံးရက်နှစ်ဆယ်ကို တိတ်ဆိတ်တည်ငြိမ်စွာဖြတ်သန်းခဲ့သည်။ ထို့နောက် မြို့တော်သို့သွားသော "ချောင်ဟုန်"(Cao Hong) ရောက်လာသည်။ "ချောင်ဟုန်"(Cao Hong) မှ
"ချောင်ချောင်း(Cao Cao) က သခင်ရဲ့အစွမ်းကိုကြောက်ပါတယ်၊ သူ့လက်အောက်ခံတွေကလည်း သခင့်ကိုလေးလေးစားစားဆက်ဆံတယ်။ ကောကျား(Guo Jia) ကလွဲလို့ပေါ့" ဟု ပြောသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce)  မှ
"ကောကျား(Guo Jia) က ဘာပြောလို့လည်း" ဟု မေးသည်။
"ကျန်းဟုန်"(Zhang Hong) ကလည်း မည်သို့မှပြန်မဖြေပဲ ဆိတ်ဆိတ်သာနေသည်။

ထိုအခါ "စွန်းချဲ့"(Sun Ce) မှာ ပို၍ဒေါသထွက်ပြီး ထပ်မေးပြန်ရာ "ကျန်းဟုန်"(Zhang Hong) မှ
"ကောကျား"(Guo Jia) က ချောင်ချောင်း(Cao Cao) ကို ဒီလိုပြောပါတယ်။ စွန်းချဲ့(Sun Ce) ကိုကြောက်စရာမလိုဘူး၊ သူက မဆင်ခြင်တတ်တဲ့အပြင် အသင့်မပြင်တတ်ဘူး။ အလျင်စလိုဆုံးဖြတ်တတ်သူဖြစ်ပြီး သေးသိမ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တခြားလူတစ်ယောက်ယောက်အသတ်ခံပြီး သေမှာပဲ" ဟု ဆိုလေသည်။
"စွန်းချဲ့"(Sun Ce) : "အဲ့အရူးက ငါ့ကိုဒီလိုပြောရဲတယ်။ ချောင်ချောင်း(Cao Cao) လက်ထဲက ရွှီချန်ကိုသိမ်းပြမယ်"
ကျန်သောအမှုထမ်းတို့က မည်သို့မှမပြောချေ။
ထို့နောက် "စွန်းချဲ့"(Sun Ce) သည်ချက်ချင်း စစ်ချီတက်ရန်ပြင်ဆင်လေသည်။ သူ၏လက်အောက်ခံတို့ကလည်း သမားတော်ကအနားယူရန်ပြောထားကြောင်းဆိုပြီး စစ်မချီသေးရန် ပြောဆိုကြသည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"ဒါရုတ်တရတ်ထွက်လာတဲ့ဒေါသကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်အောင်လုပ်တာပဲ" ဟု ပြောသည်။

ထိုအချိန်တွင်ပင် "ယွမ်ရှောက်"(Yuan Shao) လွှတ်လိုက်သော သံတမန် "ချန်ကျန်း"(Chen Zhen) ရောက်လာသည်။ ထိုသူမှ
"ကျွန်တော့်သခင်က တောင်ပိုင်းပြည်နယ်နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မလို့ပါ" ဟု ပြောလေသည်။ ၎င်းကမ်းလှမ်းမှုမှာ "စွန်းချဲ့"(Sun Ce)  ၏အကြိုက်ပင်ဖြစ်သည်။ ထို့နောက် ထိုသံတမန်အတွက် စားသောက်ပွဲတို့ပြင်ဆင်စေသည်။ ထိုစားသောက်ပွဲအတွင်းဝယ် "စွန်းချဲ့"(Sun Ce) ၏ လက်အောက်ငယ်သားတို့သည် တစ်ဦးကိုတစ်ဦးတီးတိုးပြောကြပြီး ထိုစားသောက်ပွဲမှအလျှိုလျှိုထွက်သွားကြသည်ကို သတိပြုမိသည်။ "စွန်းချဲ့"(Sun Ce)  ကလည်း ထိုအကြောင်းအရင်းကိုမေးလေရာ ထိုသူတို့က
"သူတော်စင် ယွီကျီ(Yu Ji) က ဒီနားကိုလာလို့အမှုထမ်းတွေက သွားတွေ့ကြတာပါ။ ဟု ပြောကြသဖြင့် "စွန်းချဲ့"(Sun Ce)  ကလည်း ထွက်ကြည့်ရာ လက်ထဲတွင်တုတ်ကိုင်ထားသော အဘိုးအိုတစ်ယောက်နှင့် သူ့ကိုဝန်းရံကာအမွှေးတိုင်တို့ထွန်းနေသော လူတစုကိုတွေ့လိုက်သည်။
"စွန်းချဲ့"(Sun Ce) မှ
"ဒီမှော်ဆရာက ဘယ်သူတုန်း၊ သူ့ကိုဒီခေါ်လာခဲ့" ဟု ပြောလေသည်။
အခြားသောသူတို့မှ
"သူက အရှေ့ဘက်မှာနေပြီး ဟိုဟိုဒီဒီသွားပြီးတော့ လက်ဖွဲ့တွေ၊အင်းတွေပေးပါတယ်။ သူက လူတွေအများကြီးကိုရောဂါပျောက်အောင်ကုခဲ့ပြီးပြီ။ သူက သူတော်စင်ဖြစ်တဲ့အတွက်သာမန်လူလိုဆက်ဆံလို့မရဘူး" ဟု ပြောကြသည်။
ထိုအခါ "စွန်းချဲ့"(Sun Ce) ၏ဒေါသပိုကြီးလာပြီး သူ့လူတို့ကို "ယွီကျီ"(Yu Ji) အား ချက်ချင်းဖမ်းလျှင်ဖမ်း၊ မဖမ်းလျှင်အပြစ်ဒဏ်ပေးမည်ဟုဆိုလိုက်ရာ လက်အောက်ခံကလည်း မတတ်သာပဲ ထိုသူတော်စင်ကိုဖမ်းခေါ်လာကြသည်။
"စွန်းချဲ့"(Sun Ce) : "ဒီအရူး၊ လူတွေကိုဘာလို့မိစ္ဆာလမ်းရောက်အောင်လုပ်တာလည်း"
"ယွီကျီ"(Yu Ji) : "ကျွန်တော်က လန်ရဲ့တောင်က ရသေ့ပါ၊ လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ရန်ချွီရေပူစမ်းအနီးမှာ "ငြိမ်းချမ်းရာသို့လမ်း" ဆိုတဲ့စာအုပ်ကိုတွေ့ခဲ့တယ်။ အဲ့စာအုပ်မှာအခန်းပေါင်းတစ်ရာကျော်ပါပြီး ရောဂါတွေကိုဘယ်လိုကုလည်းဆိုတာ ပါ,ပါတယ်။ ကျွန်တော်လုပ်တာကတော့ အဲ့ထဲကအရာတွေကို လူတွေကိုပြန်ဖြန့်ဝေပြီးတော့ လူတွေကိုကယ်တင်တာပါပဲ။ လူတွေဆီကဘာမှမယူပါဘူး။ ဒါကိုမိစ္ဆာလမ်းလို့ဆိုနိုင်လို့လား?"
"စွန်းချဲ့"(Sun Ce) : "ခင်ဗျားပြောတော့ ဘာမှမယူဘူးဆိုရင် အဝတ်နဲ့စားစရာတွေဘယ်ကရတုန်း? ခင်ဗျားက အဝါရောင်သူပုန်တွေရဲ့အပေါင်းအပါပဲနေမှာ။ အသက်ရှင်ရက်ထားလို့မဖြစ်ဘူး"
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် သူ၏နောက်လိုက်တို့ဘက်လှည့်ပြီး
"ဒီလူကိုခေါ်ပြီး သေဒဏ်ပေးလိုက်" ဟု ပြောလေသည်။

"ကျန်းကျောက်"(Zhang Zhao) မှဝင်ပြီး
"ဒီတာအိုရသေ့ကြီးက အရှေ့ဘက်မှာနေခဲ့တာကြာပါပြီ။ လူတွေကို ဒုက္ခမပေးခဲ့ဖူးဘူး။ ဒါကြောင့် သူ့ကိုသတ်လို့မဖြစ်ဘူး" ဟု ပြောသည်။
"စွန်းချဲ့"(Sun Ce) : "ကျုပ်က ကျွဲ၊နွားတွေကိုသတ်သလို ဒီလိုမှော်ဆရာတွေကိုသတ်မှာပဲ"
အမှုထမ်းတို့ကလည်း ဝင်ကာကန့်ကွက်ကြသည်။ ဧည့်သည်တော်ဖြစ်သော "ချန်ကျန်း"(Chen Zhen) ကလည်း ဝင်တားသော်လည်း အချည်းနှီးပင်။ နောက်ဆုံးတွင် "စွန်းချဲ့"(Sun Ce) က ထိုသူတော်စင်ကို ထောင်သွင်းအကျဉ်းချထားစေလိုက်သည်။ စားသောက်ပွဲပြီးသော် "ချန်ကျန်း"(Chen Zhen) သည် သူ့တည်းခိုရာနေရာသို့ပြန်သွားသည်။ "စွန်းချဲ့"(Sun Ce) သည်လည်း သူ့အိမ်တော်သို့ပြန်သွားလေသည်။
ထိုသူတော်စင်ကို ဤသို့ဆက်ဆံသည့်အကြောင်းကို လူတို့ကပြောနေကြရာ နောက်ဆုံးတွင် "စွန်းချဲ့"(Sun Ce) ၏အမေဖြစ်သော ဝူအမျိုးသမီး၏နားအထိ ပေါက်ကြားသွားသည်။

ဝူအမျိုးသမီးက သူ့သားကိုခေါ်ကာ
"ငါ့သားက သူတော်စင် ယွီကျီ(Yu Ji) ကိုထောင်သွင်းအကျဉ်းချထားတယ်ကြားတယ်။ သူက လူတွေအများကြီးကိုကုခဲ့တဲ့အတွက် လူတွေက သူ့ကိုလေးစားကြတယ်။ ဒါကြောင့် သူ့ကိုအန္တရာယ်မပြုပါနဲ့" ဟု ပြောလေသည်။
"စွန်းချဲ့"(Sun Ce) : "သူက သူ့မှော်ပညာတွေနဲ့ လူတွေကိုဒုက္ခပေးနေတာပါ။ သူ့ကိုသတ်မှဖြစ်မယ်။"
အမေဖြစ်သူကတားမြစ်သော်လည်း "စွန်းချဲ့"(Sun Ce) ကလက်မခံချေ။
"စွန်းချဲ့"(Sun Ce) :"အမေ၊ အပြင်က ကောလာဟလတွေကို မယုံပါနဲ့။ ဒီကိစ္စကို ကျွန်တော်စီမံပါ့မယ်"

"စွန်းချဲ့"(Sun Ce) သည် ထိုသူတော်စင်ကို ထောင်သွင်းအကျဉ်းချကာ စစ်ဆေးမေးမြန်းစေသည်။ သို့သော်လည်း ထောင်အစောင့်တို့က "ယွီကျီ"(Yu Ji) ကိုလေးစားသူများဖြစ်လေရာ သာမန်အကျဉ်းသားတို့ကဲ့သို့ချည်နှောင်ထားခြင်းမပြုပေ။ "စွန်းချဲ့"(Sun Ce) က "ယွီကျီ"(Yu Ji) ကိုခေါ်သောအခါမှသာ ပြန်ပြီးချည်နှောင်စေသည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) က ထိုအကြောင်းကိုသိသွားရာ အစောင့်တို့ကိုအပြစ်ပေးစေသည်။ ပြီးနောက် "ယွီကျီ"(Yu Ji) ကိုလည်း နှိပ်စက်စေသည်။ "ကျန်းကျောက်"(Zhang Zhao) နှင့်အခြားသောလူတို့ကလည်း သနားသဖြင့် ထိုသူတော်စင်အတွက် အာမခံပါ့မည်ဟု ပြောကြသည်။
"စွန်းချဲ့"(Sun Ce) : "ခင်ဗျားတို့က ပညာရှိတွေဖြစ်ကြပြီးတော့ ဘာလို့ သဘောတရားကိုနားမလည်တာလဲ? အရင်က ကျောက်ကျိုးနယ်စား ကျန်းကျင်းဟာ ဒီလိုမျိုးပဲ သီချင်းတွေတီးမှုတ်၊ အမွှေးတိုင်တွေထွန်းပြီး ဗုံတွေတီးစေတာပဲ။ နောက်ပြီး သူက အနီရောင်အင်္ကျီဝတ်ပြီးအောင်မြင်အောင် လုပ်ဆောင်တာပဲ။ ဒါပေမယ့်ဘာမှမဖြစ်ခဲ့ဘူး။ စစ်ပွဲမှာသူများသတ်တာခံရတာပဲ၊ ဒါကြောင့် ကျုပ်လည်း ဒီမှော်ဆရာကိုသတ်မှဖြစ်မယ်"
"လွီဖန်"(Lu Fan) မှဝင်ကာ
"ဒီသူတော်စင်က ရာသီဥတုတွေကိုထိန်းချုပ်နိုင်တယ်လို့သိရပါတယ်။ အခုကပူပြီးခြောက်သွေ့နေတဲ့အချိန်ဆိုတော့ သူ့ကိုမိုးရွာအောင်လုပ်ခိုင်းစေလိုက်ပါလား" ဟု ပြောသည်။
"စွန်းချဲ့"(Sun Ce) : "သူ ဘယ်လိုမှော်အစွမ်းတွေသုံးမလည်း ကြည့်သေးတာပေါ့"

ထို့နောက် ထိုအကျဉ်းသားအား ချုပ်နှောင်ထားသည်တို့ကိုဖြည်ပေးလိုက်ပြီး မိုးခေါ်ခိုင်းသည်။ "ယွီကျီ"(Yu Ji) ကလည်း သူ့ခြေလက်တို့ကို ချည်နှောင်ပြီး လှဲနေလိုက်သည်။ လူအများတို့ကလည်း စိတ်ဝင်တစားလာကြည့်ကြလေသည်။ "ယွီကျီ"(Yu Ji) မှ
"လူတွေရဲ့အကျိုးအတွက် မိုးရွာပေးဖို့တောင်းဆိုပါတယ်။ ဒါပေမယ့်လည်း ဒီသေဒဏ်ကလွတ်မှာမဟုတ်ဘူး" ဟု ပြောသည်။ အခြားသောလူတို့မှ
"မိုးရွာအောင်လုပ်နိုင်ရင် နယ်စားက ပြန်လွှတ်ပေးမှာပေါ့" ဟု ပြောကြသည်။
"ယွီကျီ"(Yu Ji) : "ကျုပ်အတွက် သွားဖို့အချိန်ကျပြီ။ ဘယ်လိုမှပြေးမလွတ်နိုင်ဘူး"
ထို့နောက် "စွန်းချဲ့"(Sun Ce) ရောက်လာပြီး ညနေစောင်းသည်အထိမိုးမရွာလျှင် "ယွီကျီ"(Yu Ji) ကို မီးရှို့မည်ဟု ပြောလေသည်။
ညနေစောင်းသောအခါဝယ် လေပြင်းတိုက်ကာ တိမ်တို့ထူလာသော်လည်း မိုးမရွာချေ။

"စွန်းချဲ့"(Sun Ce) : "ညနေစောင်းတော့မယ်။ တိမ်တွေပဲဖုံးပြီးမိုးမရွာတဲ့အတွက် သူက အတုအယောင်ပဲ"
ထို့နောက် "ယွီကျီ"(Yu Ji) ကိုသစ်သားပုံတို့ပေါ်တင်စေပြီး မီးရှို့စေသည်။ ထိုအချိန်မှာပင် လျပ်စီး၊မိုးကြိုးတို့ပစ်ပြီး မိုးရွာလာကာ လမ်းတို့မှာရေလျှံကုန်သည်။
"ယွီကျီ"(Yu Ji) : "မိုးတိမ်တို့၊ မိုးကိုရပ်စေပြီးနေမင်းကြီးကို ပြန်ပေါ်လာပါစေတော့"
ထို့နောက် အမှုထမ်းတို့ကလည်း "ယွီကျီ"(Yu Ji) ကိုတိုင်မှချကာ မိုးရွာအောင်လုပ်သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် အရိုအသေပေးကြသည်။ သူ့လူတို့က "ယွီကျီ"(Yu Ji) ရှေ့တွင်ဒူးထောက်နေသည်ကို မြင်သောအခါ "စွန်းချဲ့"(Sun Ce) က ပိုမိုဒေါသထွက်သွားသည်။
"စွန်းချဲ့"(Sun Ce) : "မိုးရွာတယ်၊ နေပူတယ်ဆိုတာ သဘာဝတရားကြီးကြောင့်ဖြစ်တာ၊ ဒီမှော်ဆရာက အဲ့အချိန်နဲ့တိုက်ဆိုင်သွားလို့သာပေါ့။ ဒါကိုဘာများ ရေးကြီးခွင်ကျယ်လုပ်နေတာလည်း"

 ပြီးနောက် သူ့ဓားကိုဆွဲထုတ်လိုက်ရာ သူ့အမှုထမ်းတို့အားလည်း ထိုသူတော်စင်ကို သတ်ရန်ပြောသည်။ အမှုထမ်းတို့ကလည်း မသတ်ရန်ဝိုင်းတောင်းပန်ကြသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) မှ
"ခင်ဗျားတို့က သူနဲ့ပေါင်းပြီး ပုန်ကန်မလို့လား" ဟု ပြောလိုက်သည်။ ထိုအခါ မည်သူမှ သူ့ကိုမတားဝံ့တော့ချေ။ နောက်ဆုံးတွင် အာဏာပါးကွက်သားတို့က "ယွီကျီ"(Yu Ji) ကိုသတ်လိုက်လေသည်။ "ယွီကျီ"(Yu Ji) သေသောအချိန်ဝယ် အမည်းရောင်အငွေ့တစ်ခုက လန်ရဲ့တောင်ရှိရာဘက်သို့လွင့်သွားသည်ကိုမြင်လိုက်ရသည်ဟူ၏။
"ယွီကျီ"(Yu Ji) ၏အလောင်းကို ဈေးထဲတွင် ဥပမာအနေဖြင့်ချထားစေသည်။ ထိုညဝယ် မိုးကြိုးတို့ပစ်ကာ နောက်ရက်ဝယ် ထိုသူတော်စင်၏အလောင်းကိုမတွေ့တော့ချေ။ အစောင့်တို့က ထိုအကြောင်းကိုအကြောင်းကြားလေရာ "စွန်းချဲ့"(Sun Ce) ကလည်း ထိုအစောင့်တို့ကို သေဒဏ်ပေးလိုက်သည်။ ထိုအချိန်တွင် "ယွီကျီ"(Yu Ji) က ရုတ်တရတ်ပေါ်လာပြီး သူ့အနီးသို့လျှောက်လာသည်ကိုမြင်လိုက်သည်။ "စွန်းချဲ့"(Sun Ce) က သူ့ဓားကိုဆွဲပြီးခုတ်ရန်ပြင်သော်လည်း လဲကျသွားလေသည်။

သူ့လက်အောက်ငယ်သားတို့က "စွန်းချဲ့"(Sun Ce) ကို သူ့အိပ်ဆောင်သို့ပြန်ခေါ်သွားသည်။ မကြာမီပင် "စွန်းချဲ့"(Sun Ce) ပြန်သတိရလာသည်။ အမေဖြစ်သူ ဝူအမျိုးသမီးမှ ရောက်လာပြီး
"ငါ့သားက သူတော်ကောင်းကိုသတ်လိုက်တော့ ဒါတန်ပြန်ခံရတာပဲ" ဟု ပြောလေသည်။
"အမေ၊ ကျွန်တော် ငယ်ငယ်တည်းက အဖေနဲ့အတူစစ်ထဲလိုက်ပြီး လူတွေအများကြီးသတ်ခဲ့တာ ဘာမှ တန်ပြန်ခံရတာမရှိဘူး၊ အခုဒီလူကို သတ်လိုက်မှ တန်ပြန်ခံရတယ်ဆိုတာဖြစ်နိုင်လား"
"ဒါ ယုံကြည်မှုနဲ့ဆိုင်တာပဲလေ။ မကောင်းတာတွေဖယ်ရှားဖို့ ကောင်းမှုများများလုပ်ရမယ်"
"ကျွန်တော့်ကံတရားက ကောင်းကင်ကြီးအပေါ်မှာပဲမူတည်တယ်။ မှော်ဆရာတွေက ဘာမှမလုပ်နိုင်ပါဘူး။ ဘာကို ဖယ်ရှားစရာလိုလဲ"
ဝူအမျိုးသမီးကလည်း သူ့သားကို ပြောမဝင်မှန်းသိသဖြင့် သူ့နောက်လိုက်တော့အား ကောင်းမှုတို့ကိုလုပ်ရန်မှာကြားလိုက်သည်။

ထိုည သုံးချက်တီးအချိန်၊ "စွန်းချဲ့"(Sun Ce) လှဲလျောင်းနေသောအချိန်ဝယ် ရုတ်တရတ်အေးစိမ့်သည်ကိုခံစားလိုက်ရပြီး သူ့အနီးတွင် အလင်းရောင်အနည်းငယ်နှင့် "ယွီကျီ"(Yu Ji) ကို မြင်လိုက်ရသည်။
"စွန်းချဲ့"(Sun Ce) : "ကျုပ်က မှော်ပညာရဲ့ရန်သူပဲ။ မှော်တွေ၊ အောက်လမ်းတွေကို ဖြိုခွင်းမှာပဲ။ ခင်ဗျားလို တစ္ဆေက ဘာလို့ပေါ်လာတာလဲ" ဟု ပြောပြီး ဓားကိုဆွဲကာခုတ်ရန်ပြုသော်လည်း "ယွီကျီ"(Yu Ji) က ပြန်ပျောက်သွားသည်။ ထိုအကြောင်းကို သူ့အမေအားပြောပြရာ အမေဖြစ်သူက စိတ်မကောင်းဖြစ်သွားသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) သည် သူနေမကောင်းသော်လည်း သူ့အမေစိတ်အေးစေရန် သူ့အမေကိုသွားတွေ့သည်။ အမေဖြစ်သူမှ
"ဆရာကြီးကွန်ဖြူးရှပ်က 'ဝိညာဉ်ဆိုတာ သူတို့ပိုင်ဆိုင်တဲ့အစွမ်းတွေကို ဖော်ပြကြတယ်'၊ 'ဆုတောင်းမှုက ဝိညာဉ်တွေကို အထက်နဲ့အောက်ဆိုပြီး နှစ်ပိုင်းခွဲလိုက်တာပဲ' ဆိုပြီး ပြောခဲ့တယ်။ ယွီကျီ(Yu Ji) ကိုသတ်လိုက်တဲ့မကောင်းမှုဒဏ်ကို ပြန်ခံရမှာပဲ။ ကျောက်စိမ်းကျောင်းတော်မှာရှိခိုးဖို့ ပြင်ပြီးသွားပြီ၊ လူကိုယ်တိုင်သွားပြီး ဆုတောင်းပါ" ဟု ပြောသည်။
"စွန်းချဲ့"(Sun Ce) ကလည်း သူ့အမေကို မလွန်ဆန်နိုင်သည်နှင့် နောက်ရက်တွင် ထိုကျောင်းတော်သို့သွားလေသည်။ တာအိုရဟန်းတို့ကလည်း သူ့ကိုကြိုဆိုပြီး အမွှေးတိုင်ထွန်းစေသည်။ "စွန်းချဲ့"(Sun Ce) က အမွှေးတိုင်ထွန်းသော်လည်း ကျေးဇူးတင်စကားမဆိုချေ။ ထိုအမွှေးတိုင်မှထွက်လာသောအငွေ့တို့သည် ထီးပုံစံပြောင်းသွားပြီး ထိုအပေါ်တွင် "ယွီကျီ"(Yu Ji) ထိုင်နေသည်ကိုတွေ့လိုက်သည်။

"စွန်းချဲ့"(Sun Ce) ကလည်း ဆဲရေးတိုင်းထွာပြီး ထွက်သွားရာ အပြင်တွင် "ယွီကျီ"(Yu Ji) ထွက်ပေါ်လာပြီး သူ့ကိုဒေါသထွက်နေသောမျက်လုံးတို့ဖြင့်ကြည့်နေသည်ကို မြင်လိုက်သည်။ "စွန်းချဲ့"(Sun Ce) က သူ့လူတို့ကို "ယွီကျီ"(Yu Ji) အား မြင်ရသလားဟုမေးလျှင် မမြင်ပါဟု ပြန်ဖြေကြသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) သည် ပိုမိုဒေါသထွက်ပြီး ဓားကိုဆွဲကာ "ယွီကျီ"(Yu Ji) ကိုခုတ်လေသည်။ သို့သော်လည်း အခြားအစောင့်တစ်ယောက်ကိုသာ ခုတ်မိသွားသည်။  ပြီးနောက် ထိုကျောင်းတော်ကြီးကိုမီးရှို့ရန်အမိန့်ပေးလိုက်သည်။ မီးခိုးတို့က တလူလူတက်သွားပြီး ထိပ်တွင် "ယွီကျီ"(Yu Ji) ကို မြင်လိုက်ရပြန်သည်။
ဂိတ်အပေါက်ဝတွင်လည်း "ယွီကျီ"(Yu Ji) ကိုမြင်ပြန်သည်။ "စွန်းချဲ့"(Sun Ce) ကအထဲသို့မဝင်ပဲ စစ်တပ်တို့နှင့်အတူ မြို့အပြင်ဘက်တွင် စခန်းချသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) အားတိုက်ရန်ပြင်ဆင်လေသည်။ သူ၏လက်အောက်ခံတို့က "စွန်းချဲ့"(Sun Ce) ၏ကျန်းမာရေးအခြေအနေကြောင့် ဝိုင်းတားကြလေသည်။ ညဘက်တပ်စခန်းအတွင်းတွင် အိပ်နေသောအခါတွင်လည်း အိပ်မက်ထဲဝယ် ဆံပင်ဖြည်လျှော့ထားသော "ယွီကျီ"(Yu Ji) ကို မြင်လိုက်ရပြန်၏။

နောက်ရက်တွင် ဝူအမျိုးသမီးက "စွန်းချဲ့"(Sun Ce) ကိုခေါ်လေရာ "စွန်းချဲ့"(Sun Ce) ကလည်း မြို့ထဲသို့ဝင်ပြီး သူ့အမေကိုသွားတွေ့သည်။ အမေဖြစ်သူက သူ့သားပုံစံကိုမြင်လျှင် မျက်ရည်ကျကာ
"ငါ့သား၊ ဆိုးရွားလှချည်လား" ဟု ပြောသည်။ "စွန်းချဲ့"(Sun Ce) ကလည်း မှန်ကိုယူလာစေပြီး ကြည့်လေရာ ပိန်ချုံးသွားသောရုပ်ကိုမြင်လိုက်ရပြီး
"ဘယ်လိုဖြစ်လို့ ဒီလိုပုံစံဖြစ်သွားတာလည်း" ဟု ဆိုသည်။ ထိုအချိန်တွင်ပင် မှန်ထဲတွင် "ယွီကျီ"(Yu Ji) မျက်နှာပေါ်လာသည်။ "စွန်းချဲ့"(Sun Ce) ၏ ဒဏ်ရာတို့ပြန်ပေါ်လာပြီး မေ့မြောသွားသည်။
"စွန်းချဲ့"(Sun Ce) ပြန်သတိရလာသော်
"ဒါနောက်ဆုံးပဲ၊ ငါသေတော့မယ်" ဟု ပြောသည်။
ထို့နောက် ညီဖြစ်သူ "စွန်းချွမ်"(Sun Quan) ၊ "ကျန်းကျောက်"(Zhang Zhao) နှင့်အခြားသော အမှုထမ်းတို့ကိုခေါ်လေသည်။
"စွန်းချဲ့"(Sun Ce) : "ဒီလို တိုင်းပြည်ကြီးဆိုးရွားနေတဲ့အချိန်အနေမှာ မြစ်သုံးတန်ရဲ့အကာအကွယ်နဲ့အတူ မြေဩဇာကောင်းမွန်တဲ့မြေတွေကြောင့် ဝူနဲ့ယွဲ့ပြည်နယ်ဟာ ကောင်းမွန်တဲ့အနာဂတ်တွေရှိတယ်။ ကျန်းကျောက်(Zhang Zhao) က ကျွန်တော့်ညီကို ကူညီပေးပါ"

"စွန်းချဲ့"(Sun Ce) ကလည်း သူ၏တံဆိပ်တုံးကို "စွန်းချွမ်"(Sun Quan)အားပေးပြီး
"ဝူရဲ့စစ်အင်အားကို တစ်နိုင်ငံလုံးမှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ မင်းက ငါ့လောက်မသင့်တော်ဘူး။ ဒါပေမယ့် လူတော်တွေကိုစုရုံးပြီး ဒီနယ်မြေကို ကောင်းမွန်အောင်လုပ်တဲ့နေရာမှာတော့ မင်းက ငါ့ထက်သာတယ်။ ငါ့အဖေနဲ့ငါ လုပ်ဆောင်ခဲ့တာတွေကို လက်ဆင့်ကမ်းပြီးလုပ်ပါ" ဟု ပြောလေသည်။
"စွန်းချွမ်"(Sun Quan) ကလည်း ငိုနေရင်း ဒူးထောက်ကာ တံဆိပ်တုံးကိုယူလေသည်။ ထို့နောက် "စွန်းချဲ့"(Sun Ce) က အမေဖြစ်သူဘက်လှည့်ကာ
"အမေ၊ ကျွန်တော့်မှာ ရက်တွေသိပ်မကျန်တော့တဲ့အတွက် အမေ့ကို မစောင့်ရှောက်နိုင်တော့ဘူး။ ကျွန်တော့်ညီကို တံဆိပ်တုံးပေးထားခဲ့ပြီးပြီ။ ရှေ့လျှောက်မှာ အမေက သူ့ကို အကြံဉာဏ်တွေပေးပါ။ သူ့ရှေ့ကလူတွေကို မှီနိုင်စေဖို့ပေါ့" ဟု ပြောသည်။ အမေဖြစ်သူကလည်း ငိုရင်း
"သူက ဒီတာဝန်ကိုလုပ်ဆောင်ဖို့ စောသေးတယ်။ ဘာဖြစ်မလည်းဆိုတာ မသိနိုင်ဘူး" ဟု ပြောသည်။
"သူက အုပ်ချုပ်မှုအပိုင်းမှာတော့ ကျွန်တော့်ထက်တောင် သာလွန်ပါသေးတယ်။ ပြည်ထဲရေးရာကိစ္စမှာတော့ ကျန်းကျောက်(Zhang Zhao) ကို အားကိုးပြီး ပြင်ပကိစ္စရပ်တွေမှာတော့ ကျိုးယွီ(Zhou Yu) ရဲ့အကူအညီကိုရယူပါ။ အခု ကျိုးယွီ(Zhou Yu) က ဒီမှာမရှိတဲ့အတွက် သူ့ကိုကိုယ်တိုင် မမှာနိုင်တာ စိတ်မကောင်းစရာပါပဲ"

"စွန်းချဲ့"(Sun Ce) မှ သူ၏ညီတို့ကို
"ငါမရှိတော့ရင် မင်းတို့ရဲ့အစ်ကိုကို ကူညီပေးပါ။ မိသားစုအတွင်းမှာ ပြဿနာပေါ်ခဲ့ရင် မကောင်းတာလုပ်တဲ့လူကိုအပြစ်ပေးပြီး သူ့ရဲ့ပြာက ရှေးဘိုးဘေးတွေရဲ့ပြာနဲ့ မရောစေနဲ့" ဟု ပြောသည်။ ထိုလူငယ်လေးတို့ကလည်း ငိုနေကြသည်။ ထို့နောက် ဇနီးဖြစ်သူ ချောင်အမျိုးသမီးဘက်လှည့်ကာ
"ဘဝမှာခွန်အားတွေရှိနေပေမယ့်လည်း ခွဲခွာရတော့မယ်။ ငါ့အမေကို ဂရုစိုက်လိုက်ပါ။ နောက်ပြီး မင်းညီမရဲ့ယောက်ျား ကျိုးယွီ(Zhou Yu) ကို ငါ့ညီအပေါ် အကူအညီတွေပေးပါ လို့ ပြောပေးပါ" ဟု ပြောလေသည်။ ထို့နောက် "စွန်းချဲ့"(Sun Ce)သည် မျက်လုံးအစုံမှိတ်ကာ ကွယ်လွန်သွားသည်။ ထိုအချိန်ဝယ် သူ၏အသက်မှာ နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ "စွန်းချွမ်"(Sun Quan) က သူ့အစ်ကိုအနီးတွင် ငိုနေသဖြင့် "ကျန်းကျောက်"(Zhang Zhao) မှ
"ဒါ ငိုနေဖို့အချိန်မဟုတ်ဘူး။ ပထမဆုံးဈာပနအတွက် ပြင်ဆင်ရမယ်။ ပြီးရင် ပြည်ထဲရေးရာကိစ္စတွေလုပ်ရမယ်" ဟု ပြောလေသည်။

ထို့ကြောင့် ခေါင်းဆောင်အသစ်ဖြစ်လာသော "စွန်းချွမ်"(Sun Quan) သည် မျက်ရည်တို့ကိုသုတ်လိုက်သည်။ "ကျန်းကျောက်"(Zhang Zhao) က ခေါင်းဆောင်အသစ်ကို ခန်းမထဲသို့ခေါ်သွားပြီး အမှုထမ်းတို့အားလာ၍ ခေါင်းဆောင်အသစ်ကို အရိုအသေပြုစေသည်။ "စွန်းချွမ်"(Sun Quan) သည် လေးထောင့်စပ်သောမေးနှင့်ကြီးမားသောပါးစပ်ရှိသည်။ ထို့အပြင် အစိမ်းရောင်မျက်လုံးနှင့်ခရမ်းရောင်မုတ်ဆိတ်ရှိသူဖြစ်သည်။
လွန်လေပြီးသောအခါက ဝန်ကြီး "လျူဝမ်"(Liu Wan) သည် ဝူပြည်နယ်သို့ရောက်ခဲ့စဉ်က စွန်းမိသားစုညီအစ်ကိုတို့ကိုမြင်သောအခါ
"သူတို့တွေအကုန်လုံးက လူတော်တွေပဲ၊ ဒါပေမယ့် ဘယ်သူ့မှာမှ ကံကောင်းတဲ့ပုံစံမရှိဘူး။ ဒုတိယသား စွန်းချွမ်(Sun Quan) သာလျှင် အတွေးအခေါ်ပညာရှင်ပုံစံဖြစ်ပြီး လူအများရဲ့လေးစားမှုကိုခံရမယ်" ဟု မှတ်ချက်ချဖူးသည်။ "စွန်းချွမ်"(Sun Quan) သည် သူ့အစ်ကို၏ရာထူးကို ဆက်ခံလိုက်သော်ငြားလည်း အသိအမှတ်ပြုမခံရသေးချေ။ မကြာမီပင် "ကျိုးယွီ"(Zhou Yu) သည် ဝူကျွင်းသို့ရောက်လာသည်။ "စွန်းချွမ်"(Sun Quan)  သည် "ကျိုးယွီ"(Zhou Yu) ကို ကြိုဆိုပြီး
"ခင်ဗျားရောက်လာတော့ ကျွန်တော်စိတ်ပူစရာမလိုတော့ဘူး" ဟု ပြောလေသည်။

"ကျိုးယွီ"(Zhou Yu) သည် ပိုင်ချိုကိုသိမ်းပိုက်ရန် စေလွှတ်ခံခဲ့ရခြင်းဖြစ်သည်။ "စွန်းချဲ့"(Sun Ce) ဒဏ်ရာရသွားသည်ဟု ကြားသောအခါ "ကျိုးယွီ"(Zhou Yu) သည် ပြန်လာကြည့်ရန် လာခဲ့သော်လည်း "စွန်းချဲ့"(Sun Ce) မှာ ဤလောကတွင် မရှိတော့ပြီ။ "ကျိုးယွီ"(Zhou Yu) သည် သူ၏ခေါင်းဆောင်အခေါင်းရှိရာသို့သွားလေသည်။ ထိုအခါ ဝူအမျိုးသမီးကထွက်လာပြီး သူ့သားမှာခဲ့သည်တို့ကို ပြောပြသည်။ "ကျိုးယွီ"(Zhou Yu) သည် ခေါင်းငိုက်စိုက်ကြပြီး
"ကျွန်တော်အသက်ရှိတဲ့အချိန်ကာလပတ်လုံး ဝူပြည်နယ်အတွက် တာဝန်ထမ်းဆောင်ပါ့မယ်" ဟု ပြောသည်။ မကြာမီပင် "စွန်းချွမ်"(Sun Quan) ရောက်လာပြီး
"ကျွန်တော့်အစ်ကိုမှာကြားခဲ့တာကို မမေ့ဘူးလို့ ယုံကြည်ပါတယ်" ဟု ပြောသည်။ "ကျိုးယွီ"(Zhou Yu) က ဒူးထောက်ပြီး
"အရှင်သခင်အတွက်ဆိုရင် အသက်တောင် အသေခံပါ့မယ်" ဟု ပြောလေသည်။

"ကျွန်တော့်အဖေနဲ့အစ်ကိုဆီကလက်ဆင့်ကမ်းခဲ့တဲ့တာဝန်ကြီးကို ဘယ်လိုထမ်းဆောင်ရမလဲ"
"လူတွေကိုခေါင်းဆောင်နိုင်တဲ့လူက အောင်မြင်ပါပဲ။ မလုပ်ဆောင်တဲ့လူက ကျရှုံးမှာပဲ။ အခုလက်ရှိမှာတော့ လူတော်တွေကိုစုပြီးတော့ အခြေခံကို ခိုင်အောင်လုပ်ဆောင်ဖို့ပဲ"
"ကျွန်တော့်အစ်ကိုက အတွင်းရေးကိစ္စတွေကို ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ခိုင်းပြီး ပြင်ပကိစ္စတွေကို ခင်ဗျားနဲ့တိုင်ပင်ခိုင်းတယ်"
"ကျန်းကျောက်(Zhang Zhao) က ဉာဏ်ပညာကောင်းတဲ့အတွက် ဒီလိုမျိုးကိုထမ်းဆောင်နိုင်တယ်။ ကျွန်တော်ကတော့ ဒီလိုတာဝန်ကိုမလုပ်ဆောင်နိုင်ပါဘူး။ လင်းဟိုင်က လူဆု(Lu Su) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ စစ်ဗျူဟာတွေကိုကျွမ်းကျင်တယ်။ သူက ငယ်စဉ်က သူ့အဖေကိုဆုံးရှုံးခဲ့ပြီး သူ့အမေကို စောင့်ရှောက်နေတဲ့လူပါ၊ သူ့မိသားစုကချမ်းသာပြီး လူတွေကိုအကူအညီပေးတယ်လို့နာမည်ကြီးတယ်။ ကျွန်တော် လင်းဟိုင်မှာတုန်းက စားနပ်ရိက္ခာမလုံလောက်တော့ လူဆု(Lu Su) က သူ့ဂိုထောင်ထဲက ကြိုက်တာယူသွားဆိုပြီး အကူအညီပေးခဲ့ဖူးတယ်။ ဓားရေးကိုရော၊ မြင်းစီးမြားပစ်ကိုပါ နှစ်သက်သူဖြစ်တယ်။ သူ့သူငယ်ချင်းဖြစ်သူ လျူကျီရန်(Liu Ziyang) က ချောင်းဟူက ကျန်းပေါင်(Zeng Bao) ဆီမှာ အမှုထမ်းဖို့ပြောနေတယ်။ ဒါပေမယ့် သူက ဒီကိစ္စအတွက် တုံ့နှေးနေတယ်။ ဒါကြောင့် သူ့ကိုမြန်မြန်ခေါ်သင့်ပါတယ်"
ထိုအခါ "စွန်းချွမ်"(Sun Quan) ကလည်း "လူဆု"(Lu Su) ကိုခေါ်ရန် "ကျိုးယွီ"(Zhou Yu) ကို လွှတ်လိုက်သည်။

"လူဆု"(Lu Su) : "လျူကျီရန်(Liu Ziyan) က ချောင်းဟူကိုသွားခိုင်းတာကို သွားမလားလို့တွေးနေတာ"
"ကျိုးယွီ"(Zhou Yu) : "ရှေးတုန်းက မာယွမ်(Ma Yuan) က လျူရှို့(Liu Xiu) ကို ပြောခဲ့ဖူးတာရှိတယ်၊ 'ဒီခေတ်ကြီးမှာ မင်းသားတွေက မင်းမှုထမ်းကိုရွေးရမှာမဟုတ်ဘူး၊ မင်းမှုထမ်းတွေက ကိုယ့်သခင်ကို ရွေးရမှာ'။ အခု ခေါင်းဆောင် စွန်းချွမ်(Sun Quan) က အရည်အချင်းရှိတဲ့လူတွေကို ခေါ်နေတယ်၊ ခင်ဗျားမှာ ဘယ်မှသွားဖို့မရှိရင် ကျုပ်နဲ့အတူတူ တောင်ဘက်ကိုလိုက်ခဲ့ပါ"
"လူဆု"(Lu Su) ကလည်း "ကျိုးယွီ"(Zhou Yu) နှင့်အတူတူလိုက်သွားလေရာ "စွန်းချွမ်"(Sun Quan) ကလည်း "လူဆု"(Lu Su) အပေါ်လေးစားစွာဆက်ဆံသည်။ သူတို့နှစ်ဦးသည် တိုင်းရေးပြည်ရာတို့ဆွေးနွေးကြရာ အချိန်ကုန်မှန်းမသိကုန်သွားကြသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) က သူနှင့်အတူထမင်းစားရန်ဖိတ်ခေါ်လေသည်။ ပြီးနောက် ညဥ့်နက်သွားလေရာ "လူဆု"(Lu Su) သည် ထိုနေရာတွင်ပင် အိပ်လေသည်။ ထိုညဝယ် "စွန်းချွမ်"(Sun Quan) မှ "လူဆု"(Lu Su) ကို
"တိုင်းပြည်ကြီးက ပျက်စီးနေပြီ။ အခြေအနေတွေကလည်း ဆိုးရွားနေတယ်။ ကျွန်တော်က ကျွန်တော့်အဖေနဲ့အစ်ကိုတို့လုပ်ဆောင်ခဲ့တာတွေကို ရရှိထားတယ်။ ဒါကြောင့် ဟိုးအရင်က ဝင်(Wen) နဲ့ ဟွမ်(Huan) နယ်စားတွေလို တိုင်းပြည်ကြီးမှာအစွမ်းဆုံးနယ်စားဖြစ်အောင် လုပ်ဆောင်ရင်ကောင်းမလားလို့ တွေးနေတယ်" ဟု ပြောလေသည်။
"ဟန်ခေတ်ကိုတည်ထောင်ခဲ့သူဟာလည်း ချင်ဘုရင်လက်အောက်မှာတာဝန်ထမ်းဆောင်ချင်ပေမယ့် ရှန့်ယွီ(Xiang Yu) ကြောင့် မထမ်းဆောင်ခဲ့ရဘူး။ ချောင်ချောင်း(Cao Cao) ကို ရှန့်ယွီ(Xiang Yu) နဲ့နှိုင်းယှဉ်နိုင်တယ်။ ဘုရင့်ကိုကာကွယ်ဖို့ဘယ်လိုများဖြစ်နိုင်မလဲ? လက်ရှိအခြေအနေမှာ တိုင်းပြည်ကြီးကို ပြန်လည်တည်ထောင်ဖို့မလွယ်တော့ဘူး၊ ချောင်ချောင်း(Cao Cao) ကိုချေမှုန်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်လက်ရှိမှာ အင်အားတောင့်တင်းအောင်လုပ်ပြီး ဟွမ်ကျူ(Huang Zu) နဲ့ ကျင်ကျိုးက လျူပြောင်း(Liu Biao) ကို တိုက်ရမယ်။ ဒီလိုသာဆိုရင် ရန်စီမြစ်တစ်လျှောက်လုံးက နယ်ပယ်တွေကိုထိန်းနိုင်ပြီ။ ပြီးရင်တိုင်းပြည်ကိုသိမ်းယူပြီး ကောင်းကင်ဘုံရဲ့သားတော်ဖြစ်နိုင်တယ်။ ဒါက ဟန်ရဲ့ပထမဆုံးဘုရင်လုပ်ဆောင်ခဲ့သလိုမျိုးပဲ"

ထိုစကားကိုကြားလျှင် "စွန်းချွမ်"(Sun Quan) သည် ကျေနပ်သွားသည်။ ပြီးနောက် သူ၏အကြံပေးအသစ်ကို ကျေးဇူးတင်လေသည်။ နောက်ရက်တွင် "လူဆု"(Lu Su) အား တန်ဖိုးကြီးလက်ဆောင်များ၊ "လူဆု"(Lu Su) ၏အမေကို ပိုးထည်များပေးလေသည်။
ထို့နောက် "လူဆု"(Lu Su) သည် သူ၏သူငယ်ချင်းတစ်ဦးနှင့်မိတ်ဆက်ပေးသည်။ ထိုသူမှာ နန်ရန်မှ "ကျူးကဲကျင့်"(Zhuge Jin) ဖြစ်လေသည်။ ထို "ကျူးကဲကျင့်"(Zhuge Jin) က "ယွမ်ရှောက်"(Yuan Shao) နှင့်မဟာမိတ်မဖွဲ့သင့်ပဲ "ချောင်ချောင်း"(Cao Cao) နှင့် အဆင်ပြေအောင်ဆက်ဆံသင့်ကြောင်း အကြံပေးသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) ကလည်း "ယွမ်ရှောက်"(Yuan Shao) ၏ သံတမန်ကိုပြန်လွှတ်လိုက်ပြီး အဆက်အသွယ်ဖြတ်လိုက်သည်။
"စွန်းချဲ့"(Sun Ce) သေဆုံးသည့်အကြောင်းကြားလျှင် "ချောင်ချောင်း"(Cao Cao) သည် တောင်ပိုင်းကိုတိုက်ရန် တပ်ဖွဲ့ပြင်လေသည်။ သို့သော်လည်း "ကျန်းဟုန်"(Zhang Hong) မှ
"ဒီလိုတိုက်တာထက် သူတို့ကို ကောင်းကောင်းဆက်ဆံတာက ပိုသင့်တော်ပါတယ်" ဟု ပြောလေသည်။

သို့နှင့် "ချောင်ချောင်း"(Cao Cao) က "စွန်းချွမ်"(Sun Quan) အား ခွိုင်ကျိမြို့စားရာထူးပေးလိုက်သည်။ "ကျန်းဟုန်"(Zhang Hong) ကိုလည်း "စွန်းချွမ်"(Sun Quan) လက်အောက်တွင် ခေါင်းဆောင်အနေနှင့်စေလွှတ်လိုက်သည်။ ထိုရာထူးအတွက် တံဆိပ်တော်ကို "ကျန်းဟုန်"(Zhang Hong) နှင့်လွှဲပေးလိုက်သည်။ "စွန်းချွမ်"(Sun Quan) ကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံသည်။ "ကျန်းဟုန်"(Zhang Hong) ကို "ကျန်းကျောက်"(Zhang Zhao) နှင့်အတူ စီမံစေသည်။ "ကျန်းဟုန်"(Zhang Hong) သည် သူ၏ သူငယ်ချင်း "ကုယုံး"(Gu Yong) ကို "စွန်းချွမ်"(Sun Quan) ၏ လက်အောက်တွင် အမှုထမ်းရန်ခေါ်လာသည်။ ထို "ကုယုံး"(Gu Yong) မှာ သမိုင်းပညာရှင် "ချိုင်ယုံ"(Cai Yong) ၏ တပည့်ဖြစ်သည်။ "ကုယုံး"(Gu Yong) သည် စကားနည်းသူဖြစ်ပြီး အရက်ကိုနှစ်သက်သည်။ အရည်အချင်းရှိသူဖြစ်လေရာ သူ့အား ဒု-မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။
"စွန်းချွမ်"(Sun Quan) ၏ ကောင်းမွန်သောအုပ်ချုပ်မှုကြောင့် မကြာမီပင် လူတို့၏ချစ်ခင်မှုကိုရရှိလေသည်။

"ချန်ကျန်း"(Chen Zhen) သည် သူ့သခင်ထံပြန်ရောက်ပြီး "ချောင်ချောင်း"(Cao Cao) နှင့် "စွန်းချွမ်"(Sun Quan) တို့ပူးပေါင်းသည့်အကြောင်းကိုပြောရာ "ယွမ်ရှောက်"(Yuan Shao) မှာ ဒေါသထွက်ပြီး စစ်တပ်ခုနှစ်သိန်းနှင့်အတူ ရွှီချန်ကိုတိုက်ရန် ပြင်ဆင်လေသည်။

Comments

Popular posts from this blog

Lookism