သုံးနိုင်ငံခေတ်(၃၁)

အခန်း(၃၁) "ချောင်ချောင်း"(Cao Cao) သည် ချန်းထင်တွင် "ယွမ်ရှောက်"(Yuan Shao) ကို အောင်နိုင်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးရှိ "လျူပြောင်း"(Liu Biao) ထံ ခိုလှုံရခြင်း။

"ချောင်ချောင်း"(Cao Cao) သည် ထွက်ပြေးသွားသော "ယွမ်ရှောက်"(Yuan Shao) ကို အခွင့်ကောင်းယူကာ လိုက်တိုက်လေသည်။ "ယွမ်ရှောက်"(Yuan Shao) သည် ခမောက်မရှိ၊ အဝတ်အစားမသပ်မရပ်ဖြင့် နောက်လိုက်အနည်းငယ်နှင့်အတူ ထွက်ပြေးရာ လီရန်၏မြောက်ဘက်နားသို့ရောက်လေသည်။ ထိုနေရာတွင် သူ့၏စစ်သူကြီးတစ်ဦးဖြစ်သော "ကျန်းရီချွီ"(Jiang Yiqu) နှင့်တွေ့ရာ အဖြစ်အပျက်တို့ကိုကြားပြီးနောက် ထိုစစ်သူကြီးသည် တစ်ကွဲတစ်ပြားဖြစ်နေသော စစ်သားတို့ကိုစုစည်းစေသည်။ ခေါင်းဆောင်မသေသေးဟူသော သတင်းကိုကြားသည့်စစ်သားတို့သည် ပုရွက်ဆိတ်တို့ပမာ တဖွဲဖွဲရောက်လာကြသည်။ မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) တွင် ကျိကျိုးသို့ချီတက်နိုင်လောက်သည့်တပ်အင်အားရှိလာသည်။ ထိုစစ်တပ်ကြီးသည် စစ်ချီတက်ပြီး ဟွမ်တောင်ကုန်းတွင် စခန်းချထားလေသည်။
ထိုညတွင် "ယွမ်ရှောက်"(Yuan Shao) သည် နောင်တရသည့်လေသံဖြင့် စကားပြောနေသည့်အသံကိုကြားရာ သူ၏ရွက်ဖျင်တဲမှ တိတ်တဆိတ်ထွက်ကာ စုံစမ်းသည်။ ထိုအသံတို့မှာ စစ်သားတို့က သူတို့ကြုံတွေ့ခဲ့ကြသောအဖြစ်အပျက်တို့ကိုပြောနေကြခြင်းဖြစ်သည်။ တစ်ဦးက သူ့အစ်ကိုသေဆုံးသွားသည့်အကြောင်း၊ ကျန်တစ်ဦးက သူ့ညီကိုစစ်ပွဲတွင် ထားခဲ့ရသည့်အကြောင်း၊ တတိယလူက သူ၏မိတ်ဆွေ စစ်ပွဲအတွင်းပျောက်ဆုံးသွားသည့်အကြောင်းပြောနေကြသည်။ အကုန်လုံးက "သူသာ တျန်းဖုန်း(Tian Feng)  ရဲ့အကြံကိုနားထောင်ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောကြလေသည်။

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) မှာ နောင်တရသွားပြီး
"ငါ တျန်းဖုန်း(Tian Feng) ပြောတာကို နားမထောင်ခဲ့မိဘူး။ အခုတော့ ငါ့စစ်သားတွေအများကြီးဆုံးရှုံးလိုက်ရပြီး ငါ စစ်ရှုံးမလိုဖြစ်ရတယ်၊ သူ့ကိုဘယ်လိုမျက်နှာပြရမလည်း" ဟု ရေရွတ်လေသည်။ နောက်ရက်တွင် စစ်တပ်ကိုဆက်လက်ချီတက်စေပြီး "ဖုန်းကျီ"(Peng Ji) ၏စစ်ကူနှင့်တွေ့သောအခါ "ယွမ်ရှောက်"(Yuan Shao) မှ
"ငါ တျန်းဖုန်း(Tian Feng) ရဲ့စကားကိုမနာယူခဲ့တဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီ။ အခုတော့ သူ့မျက်နှာတောင် ကြည့်ဖို့ရှက်နေပြီ" ဟု ပြောသည်။ "တျန်းဖုန်း"(Tian Feng) အပေါ် ချီးမွမ်းသည်ကိုကြားသောအခါ "ဖုန်းကျီ"(Peng Ji) သည် မနာလိုမရှုဆိတ်ဖြစ်ပြီး
"ဟုတ်ပါတယ်၊ သူက သခင်ကြီးစစ်ရှုံးတဲ့သတင်းကိုကြားတော့ လက်ခုပ်လက်ဝါးတီးပြီးတော့ 'တွေ့လား၊ ငါပြောသလိုဖြစ်လာတာပဲ' လို့ ပြောပါတယ်" ဟု ချောက်တွန်းလေသည်။
"ယွမ်ရှောက်"(Yuan Shao) : "ဒီဉာဏ်မရှိတဲ့ကောင်က ငါ့ကိုလှောင်ရဲတယ်၊ သူ့ကို သေဒဏ်ပေးမှရမယ်"
ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် စာတစ်စောင်ရေးကာ ဓားတစ်ချောင်းနှင့်အတူ ထောင်သားကိုသတ်စေရန် လူတစ်ယောက်အား လွှတ်လိုက်သည်။

ထိုစဉ်ဝယ် "တျန်းဖုန်း"(Tian Feng) ကို စောင့်ကြပ်နေသော ထောင်စောင့်က "တျန်းဖုန်း"(Tian Feng) ထံရောက်လာပြီး
"အကြံပေး၊ ဂုဏ်ပြုပါတယ်ခင်ဗျား" ဟု ပြောသည်။
"ဘာများပျော်ရွှင်စရာရှိလို့ ဂုဏ်ပြုရတာလည်း"
"နယ်စားကြီးယွမ်ရှောက်(Yuan Shao) က စစ်ရှုံးသွားပြီးပြန်လာနေပြီ၊ အခုဆို အကြံပေးကို လေးလေးစားစားနဲ့ဆက်ဆံတော့မယ်"
"အခုတော့ ငါသေရတော့မှာပဲ"
"လူတွေက ပျော်ရွှင်နေတာ အကြံပေးက ဘာလို့ဒီလိုပြောရတာလည်း"
"နယ်စားက သဘောကောင်းတဲ့ပုံစံရှိပေမယ့် တကယ်တော့သူဟာ မနာလိုဖြစ်ပြီး အကြံကောင်းတွေကိုလျစ်လျူရှုတတ်တဲ့လူတစ်ယောက်ပဲ၊ သူစစ်နိုင်ခဲ့ရင် ငါ့ကိုလွှတ်ပေးကောင်းလွှတ်ပေးမယ်၊ အခုစစ်ရှုံးသွားတော့ ငါ့မှာအသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး"

သို့သော်လည်း ထောင်စောင့်က "တျန်းဖုန်း"(Tian Feng) ၏ စကားကိုမယုံပေ၊ မကြာမီပင် "တျန်းဖုန်း"(Tian Feng) အားသတ်ရန် "ယွမ်ရှောက်"(Yuan Shao) ၏အမိန့်နှင့်အတူ ဓားတစ်ချောင်းရောက်လာသည်။ ထိုအခါ ထောင်စောင့်က ထိတ်လန့်သွားလေသည်၊ သို့သော်လည်း "တျန်းဖုန်း"(Tian Feng) က
"ငါ သေရမယ်ဆိုတာ ငါ ကောင်းကောင်းကြီးသိတာပေါ့" ဟု ဆိုလေသည်။ ထောင်စောင့်က ငိုကြွေးလေသည်။ "တျန်းဖုန်း"(Tian Feng) က
"အရည်အချင်းရှိတဲ့လူက လောကကြီးထဲရောက်လာပြီး သင့်တော်တဲ့သခင်လက်အောက်မှာ တာဝန်မထမ်းဆောင်တာက အဲ့လူရဲ့မသိမနားလည်မှုပဲ။ ငါဒီနေ့သေရပေမယ့် သနားဖို့တောင် မထိုက်တန်ဘူး" ဟု ဆိုလေသည်။ ထို့နောက် ဓားကိုကိုင်ကာ ကိုယ့်လည်မြိုကိုယ် လှီးလိုက်လေသည်။ "တျန်းဖုန်း"(Tian Feng) ၏သတင်းကိုကြားရသော လူအပေါင်းတို့သည် စိတ်မကောင်းဖြစ်ကြသည်။

"ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးတွင်ရှိနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ နောက်ပိုင်းတွင် အုပ်ချုပ်မှုကိုပင် မလုပ်ဆောင်နိုင်ပဲ အပြင်းအထန်ဖျားနာလေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏ ပထမဇနီးသေဆုံးပြီးနောက် ဩဇာရှိလာခဲ့သော လျူမိသားစုမှ ဆင်းသက်လာသည့် ဒုတိယဇနီးသည် ပြင်ဆင်မှုတစ်ခုပြုလုပ်ရန်ကြံလေသည်။
"ယွမ်ရှောက်"(Yuan Shao) တွင် သားသုံးဦးရှိသည်၊ အကြီးဆုံးမှာ ချင်ကျိုးအုပ်ချုပ်ရေးမှူး "ယွမ်ထန်"(Yuan Tan) ဖြစ်ပြီး ဒုတိယမှာ ယိုကျိုးကိုအုပ်ချုပ်သော "ယွမ်ရှီး"(Yuan Xi) ဖြစ်ကာ အငယ်ဆုံးမှာ လျူအမျိုးသမီးမှမွေးသော "ယွမ်ရှန်"(Yuan Shang) ဖြစ်သည်။ အငယ်ဆုံးဖြစ်သူမှာ ရုပ်ရည်ချောမောသဖြင့် အဖေဖြစ်သူနှစ်သက်မှုကိုခံရပြီး အိမ်တွင်သာ နေစေသည်။
ကွမ်းတုတွင် စစ်ရှုံးခဲ့ပြီးနောက် လျူအမျိုးသမီးသည် သူ့သားဖြစ်သူကို ရာထူးဆက်ခံသူအဖြစ်သတ်မှတ်ရန်ကြိုးစားလေသည်။ "ယွမ်ရှောက်"(Yuan Shao) လည်း သူ၏အကြံပေးလေးဦးတို့အားခေါ်ပြီး ထိုကိစ္စအပေါ် တိုင်ပင်သည်။ ထိုလေးဦးတို့ထဲတွင် "ရှန်ဖေ"(Shen Pei) နှင့် "ဖုန်းကျီ"(Peng Ji) တို့က အငယ်ဆုံးသားကိုထောက်ခံကြပြီး "ကော်ထူ"(Guo Tu) နှင့် "ရှင်းဖင်"(Xin Ping) တို့က အကြီးဆုံးသားကို ထောက်ခံလေသည်။

ထိုသို့ဆွေးနွေးကြရာတွင်မှ "ယွမ်ရှောက်"(Yuan Shao) မှ
"ငါတို့ နယ်မြေအပြင်ဘက်မှာလည်း စစ်ပွဲတွေဖြစ်နေတယ်၊ ဒါကြောင့်အတွင်းရေးကိစ္စတွေကို ကြိုပြင်ဆင်ထားမှသင့်တော်မယ်။ ဒါကြောင့် ကျုပ်ရာထူးကိုဆက်ခံမယ့်လူကိုရွေးချင်တယ်။ အကြီးဆုံးသားကတော့ သန်မာပြီးရက်စက်တယ်၊ အလတ်ကတော့ ပျော့ညံ့ပြီးဒီတာဝန်နဲ့ မသင့်တော်ဘူး။ အငယ်ဆုံးကတော့ သူရဲကောင်းရဲ့အသွင်အပြင်ရှိပြီး ဉာဏ်ပညာရှိတဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း ကောင်းကောင်းဆက်ဆံသူဖြစ်တယ်၊ ဒါကြောင့် သူ့ကိုဒီရာထူးကို လျာထားမလားလို့။ ဒါပေမယ့် ခင်ဗျားတို့အကြံတွေကိုလည်း နားထောင်ချင်သေးတယ်" ဟု ဆိုလေသည်။
"ကော်ထူ"(Guo Tu) : "ယွမ်ထန်(Yuan Tan) က မွေးချင်းတွေထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာ သခင်ကြီးတောင် ထိန်းချုပ်ဖို့မလွယ်တဲ့အာဏာရှိတယ်။ အကြီးဆုံးကိုကျော်ပြီးအငယ်ကို ဦးစားပေးလိုက်ရင် ပြဿနာတွေဖြစ်လာမှာအမှန်ပဲ။ အခုလက်ရှိအချိန်မှာ ရန်သူတွေက ကျွန်တော်တို့နယ်တွေကို ကျူးကျော်လာပြီ။ ဒီကိစ္စကိုဆွေးနွေးမယ့်အစား ရန်သူကို အရင်တိုက်ထုတ်တာ သင့်တော်ပါတယ်"
"ယွမ်ရှောက်"(Yuan Shao) ၏ပင်ကိုစရိုက်က တုံ့ဆိုင်းတတ်သူဖြစ်ရကား စိတ်ကိုမဆုံးဖြတ်နိုင်ပဲရှိနေသည်။ ထိုအချိန်တွင်ပင် "ယွမ်ထန်"(Yuan Tan) သည် ချင်ကျိုးမှ စစ်တပ်ခြောက်သောင်းနှင့်လည်းကောင်း၊ "ယွမ်ရှီး"(Yuan Xi) သည် ယိုကျိုးမှ စစ်သားငါးသောင်းနှင့်လည်းကောင်း၊ တူဖြစ်သူ "ကောက်ကန်း"(Gao Gan) သည် ပင်းကျိုးမှ စစ်သားငါးသောင်းနှင့်လည်းကောင်း အသီးသီးဦးဆောင်ကာ ချီတက်လာသည်ဟူသော သတင်းကိုကြားလိုက်သည်။ ထိုအခါ  "ချောင်ချောင်း"(Cao Cao) အားတိုက်ရန် သူ၏အာရုံတို့ကိုနှစ်မြှုပ်ထားလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် မြစ်ဝါမြစ်၏ကမ်းခြေတွင် စစ်တပ်စခန်းချထားရာဝယ် ဒေသခံတို့က အစားအစာတို့ကိုယူလာပြီး "ချောင်ချောင်း"(Cao Cao) ကို ကြိုဆိုလေသည်။ ထိုသူတို့က "ချောင်ချောင်း"(Cao Cao) ကလည်း တလေးတစားဖြင့် ဆက်ဆံလေသည်။
"ချောင်ချောင်း"(Cao Cao) : "လေးစားရသော ပုဂ္ဂိုလ်တို့က အသက်ဘယ်လောက်ရှိပြီလည်း"
"ကျွန်တော်တို့က အသက်တစ်ရာနီးနီးရှိပါပြီ"
"ကျွန်တော့်စစ်တပ်က ခင်ဗျားတို့ရွာကိုအနှောင့်အယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်"
ထိုလူတို့ထဲမှ တစ်ဦးက
"ဟွမ်ဧကရာဇ်လက်ထက်တုန်းက အနောက်တောင်ဘက်က အဝါရောင်ကြယ်ကြီးကိုမြင်ခဲ့တယ်၊ လျောင်တုန်းက ရင်ခွေ(Yin Kui) ဆိုတဲ့လူက နက္ခတ်တာရာတွေကိုလေ့လာသူဖြစ်ပြီး ဒါကိုမြင်တော့ မှန်ကန်ပြီးတရားမျှတတဲ့လူရောက်လာလိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့တယ်၊ အခုတော့ အနှစ်ငါးဆယ်တင်းတင်းပြည့်ခဲ့ပြီ။ ယွမ်ရှောက်(Yuan Shao) က ပြည်သူတွေကိုဖိနှိပ်တဲ့သူဖြစ်တယ်။ သခင်ကြီးကတော့ ပြည်သူတွေအတွက် ဒီလူကိုဖယ်ရှားဖို့ရောက်လာခဲ့တာ၊ ကွမ်းတုမှာ စစ်နိုင်လိုက်တာက ရင်ခွေ(Yin Kui) ရဲ့နိမိတ်ထဲကအတိုင်း ဖြစ်လာတယ်လို့ဆိုနိုင်တယ်" ဟု ပြောလေသည်။
"ချောင်ချောင်း"(Cao Cao) : "ကျွန်တော်က အဲ့နိမိတ်ထဲကလူလို့ဘယ်ခံယူဝံ့ပါ့မလည်း"
ထို့နောက် ထိုဧည့်သည်တို့အား အရက်၊အစားအစာတို့နှင့်ကျွေးမွေးကာ ပိုးထည်တို့ကိုလက်ဆောင်ပေးပြီး ပြန်လွှတ်လိုက်လေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့စစ်သားတို့အား ထိုရွာသားတို့ပိုင်ဆိုင်သော ကြက်၊ ခွေးတို့ကိုသတ်မိလျှင်ပင် ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဟု အမိန့်ချလိုက်သည်။

မကြာမီပင် ယွမ်မိသားစု၏ပြည်နယ်လေးနယ်မှ စစ်သားနှစ်သိန်းသုံးသောင်းသည် ချီတက်လာပြီး ချန်းထင်တွင်စခန်းချထားသည်ဟူသော သတင်းကိုကြားလိုက်သည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ထိုရန်သူတို့အား တိုက်ရန်ချီတက်ပြီး စခန်းချလေသည်။
နောက်ရက်တွင် နှစ်ဖက်သောစစ်တပ်တို့ရင်ဆိုင်တွေ့ကြသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့နှင့်အတူ ရှေ့သို့ထွက်လာသည်။ "ယွမ်ရှောက်"(Yuan Shao) ကလည်း သူ၏သားသုံးဦး၊ တူတစ်ဦးနှင့်ခေါင်းဆောင်တို့နှင့်အတူ ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ယွမ်ရှောက်(Yuan Shao) ၊ ခင်ဗျားရဲ့အကြံတွေက သေးသိမ်တယ်၊ ခင်ဗျားမှာအစွမ်းလည်း သိပ်မရှိတော့ဘူး။ ဒါကိုဘာကြောင့်တောင် လက်နက်မချပဲနေ,နေရတာလည်း? ခင်ဗျားလည်ပင်းနား ဓားရောက်တဲ့အထိစောင့်နေမှာလား? အဲ့လိုဆို တအားနောက်ကျသွားမယ်" ဟုပြောသည်။ "ယွမ်ရှောက်"(Yuan Shao) သည် နောက်သို့လှည့်လိုက်ပြီး
"ဘယ်သူ ထွက်သွားတိုက်ရဲလည်း" ဟု ပြောလေသည်။ သားဖြစ်သူ "ယွမ်ရှန်"(Yuan Shang) က သူ့အဖေရှေ့တွင် သူ့အစွမ်းကိုပြလိုသဖြင့် ဓားနှစ်လက်ကိုကိုင်ပြီး ရှေ့သို့ထွက်လေသည်။
"ချောင်ချောင်း"(Cao Cao) က သူ့ကိုလက်ညှိုးညွှန်ပြီး "သူ့ကိုဘယ်သူသိလဲ" ဟုမေးလေရာ "ယွမ်ရှောက်(Yuan Shao) ရဲ့သားအငယ်ဆုံးပါ" ဟုပြန်ဖြေကြသည်။ သူတို့စကားမဆုံးမှီပင် သူတို့ဘက်မှ "ရှီဟွမ်"(Shi Huan) ထွက်ကာတိုက်လေသည်။ ခဏကြာတိုက်ပြီးသော် "ယွမ်ရှန်"(Yuan Shang) သည် ထွက်ပြေးမည်ကဲ့သို့ပြုမူသည်။ ထိုအခါ "ရှီဟွမ်"(Shi Huan) ကနောက်မှလိုက်ရာ "ယွမ်ရှန်"(Yuan Shang) သည် မြားဖြင့်ပစ်လိုက်ရာ "ရှီဟွမ်"(Shi Huan) ၏ဘယ်မျက်လုံးကိုထိမှန်ပြီး သေဆုံးလေသည်။
"ယွမ်ရှောက်"(Yuan Shao) လည်း သူ၏စစ်တပ်တို့ကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။ နှစ်ဦးနှစ်ဖက်တိုက်ကြပြီးသော် မကြာမီပင် နှစ်ဖက်လုံးတပ်ပြန်ဆုတ်သွားကြသည်။
တပ်စခန်းသို့ပြန်ရောက်သော် "ချောင်ချောင်း"(Cao Cao) သည် သူ၏လက်အောက်ခံများနှင့် "ယွမ်ရှောက်"(Yuan Shao) ကိုချေမှုန်းရန်တိုင်ပင်သည်။ ထိုအခါ "ချန်ယွီ"(Cheng Yu) မှ "ကင်းပုန်းတိုက်ခိုက်မှုဆယ်ခု" ဟူသော ဗျူဟာကိုတင်ပြသည်။ "ချောင်ချောင်း"(Cao Cao) ကို တပ်ဆုတ်စေပြီး လမ်းတစ်လျှောက်တွင် နောက်မှလိုက်လာသော "ယွမ်ရှောက်"(Yuan Shao) အား ခြုံခိုတိုက်ရန် ကင်းပုန်းတပ်ဆယ်တပ်ထားစေခြင်းဖြစ်သည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအကြံကိုလက်ခံပြီး လမ်းတစ်လျှောက်၏ဘေးဘီယာတွင် တစ်တပ်လျှင်အင်အားငါးထောင်ရှိသော ကင်းပုန်းတပ်ဆယ်တပ်ကိုထားကာ တပ်ဆုတ်သည်။ ကင်းပုန်းတပ်တို့၏စီစဉ်မှုမှာ ဘယ်ဘက်တွင် "ရှဟိုတွန်း"(Xiahou Dun) ၊ "ကျန်းလျောင်"(Zhang Liao) ၊ "လီတျန်"(Li Dian) ၊ "ယွဲကျင့်"(Yue Jing) နှင့် "ရှဟိုယွမ်"(Xiahou Yuan) ၏တပ်အသီးသီးတို့နေရာယူထားစေပြီး ညာဘက်တွင် "ချောင်ဟုန်"(Cao Hong) ၊ "ကျန်းဟဲ"(Zhang He) ၊ "ရွှီဟွမ်"(Xu Huang) ၊ "ယွီကျင့်"(Yu Jin) နှင့် "ကောက်လန်"(Gao Lan) တို့ပါဝင်သည်။ "ရွှီချူ"(Xu Chu) မှာမူ ရှေ့ပြေးတပ်ကိုဦးဆောင်ရသည်။ နောက်ရက်တွင် တပ်ဖွဲ့တို့သည် သတ်မှတ်ထားသောနေရာတွင် အသီးသီးယူထားကြသည်။ ညဘက်တွင် "ချောင်ချောင်း"(Cao Cao) သည် ရှေ့ပြေးတပ်ကို ရန်သူ့စခန်းအား အယောင်ပြတိုက်ခိုင်းသည်။ ထိုအခါ ရန်သူတို့နိုးထလာသည်။

ထို့နောက် "ရွှီချူ"(Xu Chu) သည် သူ၏တပ်ကိုပြန်ဆုတ်လေ၏။ "ယွမ်ရှောက်"(Yuan Shao) လည်း နောက်ဘက်မှလိုက်တိုက်ရာ တိုက်ခိုက်သံတို့မှာ မစဲနိုင်ပဲရှိသည်။ အရုဏ်တက်ခါနီးအချိန်တွင် "ချောင်ချောင်း"(Cao Cao) ၏တပ်သည် မြစ်ကမ်းနားသို့ရောက်သွားပြီး ထပ်ပြီး တပ်မဆုတ်နိုင်တော့ပေ။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ
"တိုက်ရင်တိုက်၊ မတိုက်ရင်သေ၊ နှစ်လမ်းပဲရှိတယ်" ဟု အော်လိုက်သည်။
တပ်ဆုတ်နေသောတပ်ကြီးကလည်း ပြန်လှည့်ပြီးရန်သူကိုတိုက်လေသည်။ "ရွှီချူ"(Xu Chu) သည် ရန်သူ့တပ်ကိုထိုးဖောက်ပြီး ခေါင်းဆောင်ဆယ်ဦးခန့်ကိုသတ်လိုက်ရာ ရန်သူ၏အခြေအနေအရှုပ်အထွေးဖြစ်သွားသည်။ "ယွမ်ရှောက်"(Yuan Shao) ၏တပ်သည် တပ်ပြန်ဆုတ်ရန်ပြင်သည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏တပ်သည် ဘယ်နှင့်ညာတွင်ရှိနေသည်၊ မကြာမီပင် ဗုံသံတို့ကြားလိုက်ပြီးနောက် ဘယ်နှင့်ညာတို့မှ "ကောက်လန်"(Gao Lan) နှင့် "ရှဟိုယွမ်"(Xiahou Yuan) တို့ရောက်လာသည်။ "ယွမ်ရှောက်"(Yuan Shao) သည်လည်း သူ၏သားသုံးယောက်၊ တူတစ်ယောက်နှင့်အတူ ရန်သူ့တပ်ကိုဖောက်ပြီး ထွက်လာနိုင်ခဲ့သည်။

သုံးမိုင်ခန့်ခရီးဆက်ပြီးသော် နောက်ထပ်ကင်းပုန်းတစ်ခုနှင့်တိုးပြန်သည်။ ထိုကင်းပုန်းတပ်တို့ကို "ယွဲကျင့်"(Yue Jing) နှင့် "ယွီကျင့်"(Yu Jin) တို့က ဦးဆောင်သည်။ "ယွမ်ရှောက်"(Yuan Shao) ၏တပ်မှာအဆုံးအရှုံးများသဖြင့် အလောင်းတို့မှာ တောင်လိုပုံနေပြီး ရေတို့မှာ သွေးတို့ဖြင့်လွှမ်းနေခဲ့သည်။ ဆယ်မိုင်ခန့်ရောက်သော် "လီတျန်"(Li Dian) နှင့် "ရွှီဟွမ်"(Xu Huang) တို့က လမ်းပိတ်ထားသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏တပ်သည် ဆက်မသွားဝံ့တော့ပဲ ထိုအနီးအနားတွင်သာ စခန်းချကာ စားသောက်ရန်ပြင်သည်။ အစားအသောက်တို့အဆင်သင့်ဖြစ်သောအချိန်တွင်ပင် "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းဟဲ"(Zhang He) တို့တပ်ရောက်လာသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည် မြင်းစီးကာ ချန်းထင်သို့ ထွက်ပြေးလေသည်။ ထိုသို့တပြေးတည်းပြေးနေရသဖြင့် "ယွမ်ရှောက်"(Yuan Shao) ၏မြင်းရော၊ သူကိုယ်တိုင်မှာပင်ပန်းနွမ်းနယ်နေပြီ။ သို့သော်လည်း နားရန်အချိန်မရချေ။ အနောက်ဘက်မှ "ချောင်ချောင်း"(Cao Cao) တပ်ကလိုက်လာသည်။ အသက်လုနေရသောအချိန်ပင်တည်း။

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) အား "ရှဟိုတွန်း"(Xiahou Dun) နှင့် "ချောင်ဟုန်"(Cao Hong) တို့က ဝန်းရံထားလိုက်သည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည်
"ငါတို့ အပြင်းအထန်တိုက်ဖို့မလုပ်ရင်တော့ ငါတို့တွေအကုန် အဖမ်းခံရတော့မယ်" ဟု ပြောလေသည်။ ထို့နောက်ရှေ့သို့ပင်ဆက်ပြီးတိုက်သည်။ "ယွမ်ရှောက်"(Yuan Shao) ၏ ဒုတိယသား "ယွမ်ရှီး"(Yuan Xi) နှင့် တူဖြစ်သူ "ကောက်ကန်း"(Gao Gan) တို့သည် မြားဒဏ်ရာရသွားကြသည်။ စစ်သားတို့မှာလည်း သေသည့်သူတို့ကသေ၊ ပျောက်သည့်သူတို့ကပျောက်ကုန်သည်။ "ယွမ်ရှောက်"(Yuan Shao) သည် သူ့သားတို့ကိုဖက်ပြီးငိုလေသည်။ ထို့နောက် မေ့လဲသွားသည်။ "ယွမ်ရှောက်"(Yuan Shao) ၏ပါးစပ်မှ သွေးတို့ထွက်လာပြီး သက်ပြင်းချကာ
"ငါ တိုက်ပွဲတွေအများကြီးတိုက်ခိုက်ခဲ့တာ ဒီလိုမျိုးချောင်ပိတ်ခံရမယ်လို့ မထင်မိဘူး။ ကောင်းကင်ကြီးက ငါ့ကို ဒုက္ခရောက်စေခဲ့တယ်။ မင်းတို့တွေကိုယ့်နယ်မြေကိုယ်ပြန်သွားပြီး "ချောင်ချောင်း"(Cao Cao) ကို ချေမှုန်းဖို့ပြင်ပါ" ဟု ပြောလေသည်။
ထို့နောက် "ရှင်းဖင်"(Xin Ping) နှင့် "ကော်ထူ"(Guo Tu) တို့အား "ယွမ်ထန်"(Yuan Tan) နှင့်အတူ ချင်ကျိုးသို့သွားလေသည်။ "ယွမ်ရှီး"(Yuan Xi) ကို ယိုကျိုးသို့သွားစေပြီး "ကောက်ကန်း"(Gao Gan) အား ဘင်ကျိုးသို့ပို့လိုက်သည်။
ထို့ကြောင့် အကုန်လုံးကလည်း "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန် မြင်းတို့၊ တပ်သို့ပြင်ဆင်ကြသည်။ "ယွမ်ရှောက်"(Yuan Shao) မှာ သူ့သားအငယ်ဆုံးနှင့်အတူ ကျိကျိုးသို့ပြန်လေသည်။ ထိုအချိန်တွင် စစ်ဆင်ရေးတို့ကို ခဏရပ်တန့်ထားသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် သူ၏လက်အောက်ခံတို့အား ဆုလာဘ်များပေးနေသည်။ ထို့နောက် သူ၏သူလျှိုတို့မှတစ်ဆင့် "ယွမ်ရှောက်"(Yuan Shao) နေမကောင်းဖြစ်နေကြောင်း၊ မြို့ကို သားအငယ်ဆုံး "ယွမ်ရှန်"(Yuan Shang) နှင့် "ရှန်ဖေ"(Shen Pei) တို့အုပ်ချုပ်နေသည့်အကြောင်း၊ ထို့အပြင် ကျန်သောသူတို့က သူတို့၏နယ်အသီးသီးသို့ပြန်သွားကြောင်း ကြားလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) ၏အကြံပေးတို့က ရန်သူတို့ကိုအလျင်အမြန်တိုက်ရန် တိုက်တွန်းကြသည်။ သို့သော် "ချောင်ချောင်း"(Cao Cao) မှ
"ကျိကျိုးက ကြီးမားပြီးတော့ အထောက်အပံ့တွေပြည့်စုံတယ်။ ရှန်ဖေ(Shen Pei) ကလည်း အရည်အချင်းရှိတဲ့အကြံပေးဖြစ်တယ်။ ဒါကြောင့် သတိထားမှဖြစ်မယ်၊ ဆောင်းဦးရောက်ပြီး အစားအစာတွေပြည့်စုံတဲ့အချိန်အထိစောင့်ရမယ်" ဟု ပြောပြီး ငြင်းလိုက်သည်။ ထိုအကြောင်းတို့အပေါ် ဆွေးနွေးနေစဉ်ပင် "ရွှင်ယွိ"(Xun Yu) ထံမှစာရောက်လာသည် ----
'လျူဘေ့(Liu Bei) က ရုနန်က လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တပ်တွေနဲ့စုနေခဲ့တယ်။ သူက သခင်ကြီး ကျိကျိုးကိုတိုက်တယ်ဆိုတဲ့သတင်းကိုကြားတော့ သူက အခုမြို့တော်ကိုတိုက်ဖို့ပြင်နေပြီ။ ဒါကြောင့် ရွှီချန်ကိုကာကွယ်ဖို့ အမြန်ပြန်လာခဲ့ပါ'

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။ ထို့နောက် မြစ်ကမ်းကိုစောင့်ရှောက်ရန် "ချောင်ဟုန်"(Cao Hong) ကိုထားခဲ့ပြီး ပင်မစစ်တပ်နှင့်အတူ ရုနန်သို့ချီတက်သည်။
ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် သူ့ညီနှစ်ဦးနှင့်အတူ သူ၏ခေါင်းဆောင်တို့သည် မြို့တော်ကိုတိုက်ရန် ပြင်သည်။ သူတို့၏စစ်တပ်သည် ရန်စန်းတောင်အနီးရောက်သော် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးရောက်လာသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် သူ၏တပ်ကိုသုံးဖွဲ့ခွဲလိုက်သည်။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့အား စစ်သားတစ်သောင်းစီဖြင့် အရှေ့တောင်နှင့်အနောက်တောင်ဘက်သို့သွားစေပြီး ပင်မတပ်ကိုမူ "လျူဘေ့"(Liu Bei) ကိုယ်တိုင်နှင့် "ကျောက်ယွင်"(Zhao Yun) တို့ဦးဆောင်သည်။ "ချောင်ချောင်း"(Cao Cao) ရောက်လာသောအခါ "လျူဘေ့"(Liu Bei) က ဗုံတို့ကိုတီးစေပြီး "ချောင်ချောင်း"(Cao Cao) နှင့် ရင်ဆိုင်လေသည်။

"ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) အား
"ကျုပ်က ခင်ဗျားကို ကောင်းကောင်းဆက်ဆံခဲ့တာ ဘာလို့အဲ့စေတနာကို မေ့လျော့ခဲ့တာလဲ" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) : "ခင်ဗျားက အပြင်ပန်းမှာသာ ဝန်ကြီးချုပ်ဆိုပေမယ့် တကယ်တော့ သူပုန်တစ်ယောက်ပဲ။ ကျုပ်က ဘုရင့်မိသားစုရဲ့ဆွေမျိုးတော်ပဲလေ၊ နောက်ပြီး ကျုပ်ဆီမှာ ခင်ဗျားလိုလူမျိုးကိုနှိမ်နှင်းစေတဲ့အမိန့်စာရှိတယ်"
ထို့နောက် "လျူဘေ့"(Liu Bei) သည် ထိုအမိန့်တော်ကိုဖတ်ပြလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး "ရွှီချူ"(Xu Chu) အားတိုက်ခိုင်းလိုက်သည်။ "လျူဘေ့"(Liu Bei) ဘက်မှ "ကျောက်ယွင်"(Zhao Yun) ထွက်လာပြီး တိုက်လေသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးသော်လည်း မည်သူမှ အသာမရချေ။ ထို့နောက် "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ရောက်လာလေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်မှာ ခရီးအရှည်ကြီးမှရောက်လာသဖြင့် ပင်ပန်းနွမ်းနယ်နေပြီး ရန်သူကို မတိုက်နိုင်ပဲ ထွက်ပြေးလေသည်။ "လျူဘေ့"(Liu Bei) သည် ထိုတိုက်ပွဲတွင် အနိုင်ရခဲ့သည်။

နောက်ရက်တွင် "ကျောက်ယွင်"(Zhao Yun) ကိုလွှတ်ပြီး စိန်ခေါ်စေရာ ရန်သူ့ဘက်မှ လက်မခံချေ၊ "ကျန်းဖေး"(Zhang Fei) ကိုလွှတ်သော်လည်း လက်မခံပေ။ "ချောင်ချောင်း"(Cao Cao) ၏တပ်သည် ဆယ်ရက်ခန့် မည်သို့မှမပြုမူပဲနေနေသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် စိုးရိမ်လာသည်။
ထို့နောက် ရန်သူတို့သည် "ကုန်းတု"(Gong Du) ၏စားနပ်ရိက္ခာသယ်လာသောတပ်ကိုတိုက်သည်ဟူသောသတင်းကို ကြားလိုက်သည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် ကူညီရန် ချက်ချင်းထွက်သွားသည်။ ထို့အပြင် "ရှဟိုတွန်း"(Xiahou Dun) ၏တပ်က ရုနန်ကိုဝိုင်းထားသည်ဟူသော သတင်းကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) သည် စိတ်ပျက်ကာ
"ဒီအတိုင်းသာအမှန်ဆိုရင် အရှေ့ရောအနောက်မှာပါ ရန်သူတွေဝန်းရံနေပြီး ပြေးပေါက်မရှိတော့ဘူး" ဟု ပြောသည်။ ထို့နောက်  မြို့ကိုကူရန် "ကွမ်းယွီ"(Guan Yu) ကိုလွှတ်လိုက်ရာ "လျူဘေ့"(Liu Bei) နံဘေးတွင် သူ့ညီနှစ်ယောက်လုံးမရှိတော့ချေ။

တစ်ရက်ကြာပြီးနောက် ရုနန်မြို့ ရန်သူ့လက်ထဲရောက်သွားပြီဟူသောသတင်းကြားလိုက်ရသည်။ "လျူဖီ"(Liu Pi) မှာ ထွက်ပြေးသွားပြီး "ကွမ်းယွီ"(Guan Yu) ကို ရန်သူတို့က ဝန်းရံထားသည်ဆို၏။ ထို့အပြင် "ကုန်းတု"(Gong Du) ကိုသွားကယ်သော "ကျန်းဖေး"(Zhang Fei) သည်လည်း ရန်သူဝန်းရံမှုခံနေရပုံပေါ်သည်။
"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း"(Cao Cao) ၏တပ်လာတိုက်မည်စိုးရိမ်သဖြင့် ဆုတ်ခွာရန် ပြင်ဆင်သည်။ ရုတ်တရတ် "ရွှီချူ(Xu Chu) ရောက်လာပြီး စိန်ခေါ်နေတယ်" ဆိုသော အကြောင်းကိုကြားလိုက်ရသည်။ "လျူဘေ့"(Liu Bei) သည် သူ၏တပ်တို့ကိုထွက်မတိုက်စေပဲ အရုဏ်တက်ချိန်အထိစောင့်စေသည်။ ထို့နောက် တပ်ကိုဦးဆောင်ပြီးချီတက်သည်။ မိုင်အနည်းငယ်ခန့်ချီတက်ပြီးနောက်တွင်
"လျူဘေ့(Liu Bei) မလွတ်စေနဲ့၊ငါ - ဝန်ကြီးချုပ်ကိုယ်တိုင်ရောက်လာပြီ" ဟူသောအသံကြားလိုက်ရသည်။
"လျူဘေ့"(Liu Bei) သည်လည်း လမ်းအတိုင်းထွက်ပြေးရန်ပြုသည်။ "ကျောက်ယွင်"(Zhao Yun) မှ
"သခင်ကြီး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ" ဟု ပြောလေသည်။

"ကျောက်ယွင်"(Zhao Yun) သည် လှံကိုကိုင်ပြီးရှေ့မှသွားသည်။ "လျူဘေ့"(Liu Bei) ကလည်း ဓားနှစ်လက်ကိုကိုင်ကာ နောက်မှလိုက်လေသည်။ "ရွှီချူ"(Xu Chu) ကလည်း သူတို့နောက်မှလိုက်လာသည်။ ထို့အပြင် "ယွီကျင့်"(Yu Jin) နှင့် "လီတျန်"(Li Dian) တို့ပါရောက်လာလေရာ "လျူဘေ့"(Liu Bei) သည် တောနက်ကြီးထဲထွက်ပြေးလေသည်။ မိုးစင်စင်လင်းသော် လူအချို့ကိုမြင်လိုက်ရသဖြင့် "လျူဘေ့"(Liu Bei) မှာ ထိတ်လန့်သွားသည်။ သို့သော်လည်း ထိုသူတို့မှာ "လျူဖီ"(Liu Pi) တို့ဖြစ်သဖြင့် စိတ်သက်သာရာရသွားလေသည်။ သူနှင့်အတူ "လျူဘေ့"(Liu Bei) ၏မိသားစုအပြင် "စွန်းချန်"(Sun Qian) ၊ "ကျန်းယုံ"(Jian Yong) နှင့် "မီဖန်"(Mi Fang) တို့ရောက်လာသည်။ ထိုသူတို့မှ
"ရုနန်ကိုတိုက်တဲ့တပ်ဖွဲ့ကြီးက ကြီးမားလွန်းတော့ ကျွန်တော်တို့မခုခံနိုင်ခဲ့ဘူး။ ကွမ်းယွီ(Guan Yu) အချိန်မှီရောက်လာလို့သာ ကျွန်တော်တို့လွတ်လာတာ" ဟုပြောကြသည်။
"လျူဘေ့"(Liu Bei) : "ငါ့ညီ ဘယ်ရောက်သွားလည်း မသိဘူး"
"လျူဖီ"(Liu Pi) : "ရှေ့ကိုဆက်သွားရင် အဆင်ပြေသွားမှာပါ"

သို့နှင့် ရှေ့သို့ဆက်သွားကြသည်။ မကြာမီပင် "ကျန်းဟဲ"(Zhang He) သည် စစ်သားတစ်ထောင်နှင့်ရောက်လာသည်။
"ကျန်းဟဲ"(Zhang He) : "လျူဘေ့(Liu Bei) ၊ မြင်းပေါ်ကဆင်းပြီး လက်နက်ချပါ"
မကြာမီပင် အနီရောင်အလံတို့နှင့်အတူ "ကောက်လန်"(Gao Lan) ၏တပ်ဖွဲ့ရောက်လာပြန်သည်။ "လျူဘေ့"(Liu Bei) တွင် ပြေးပေါက်မရှိတော့ပေ၊ ထိုအခါ "လျူဘေ့"(Liu Bei) သည် ကောင်းကင်ကြီးကိုကြည့်ကာ
"ဪ၊ ကောင်းကင်ကြီးရယ်၊ ဘာကြောင့်များ ဒီလိုဆိုးရွားတဲ့အခြေအနေကိုရောက်ရတာလည်း၊ အခုတော့ သေဖို့ကလွဲပြီး တခြားလမ်းမရှိတော့ဘူး" ဟု ပြောလေသည်။ ထို့နောက် ဓားကိုကိုင်လိုက်ပြီး သူ့ကိုယ်သူသတ်သေရန်ပြုသည်။ ထိုအခါ "လျူဖီ"(Liu Pi) မှ လှမ်းတားလိုက်ပြီး
"ကျွန်တော် ကြိုးစားပြီးခင်ဗျားကိုကယ်ဖို့လုပ်ကြည့်မယ်၊ ကျုပ်အတွက်တော့ သေဆုံးတာက မပြောပလောက်ဘူး" ဟု ပြောသည်။ ထို့နောက် "လျူဖီ"(Liu Pi) သည် "ကောက်လန်"(Gao Lan) ၏ တပ်ကိုရင်ဆိုင်ကာ သေဆုံးသွားသည်။ မကြာမီပင် ရုတ်တရတ်ရောက်လာသောလူတစဦးကြောင့် "ကောက်လန်"(Gao Lan) ၏ တပ်အနောက်ပိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုသူမှာ "ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။ "ကျောက်ယွင်"(Zhao Yun) သည် "ကောက်လန်"(Gao Lan) အားတိုက်လိုက်ရာ "ကောက်လန်"(Gao Lan) သည် မြင်းပေါ်မှကျသွားသည်။

ထို့နောက် "ကျောက်ယွင်"(Zhao Yun) သည် ရန်သူတို့အားတိုက်ခိုက်သည်။ ရန်သူ့ခေါင်းဆောင်ဖြစ်သော "ကျန်းဟဲ"(Zhang He) ရောက်လာပြီး "ကျောက်ယွင်"(Zhao Yun) နှင့်တိုက်သည်။ အကွက်သုံးဆယ်ကျော်တိုက်ပြီးသော် "ကျန်းဟဲ"(Zhang He) သည် အခြေအနေမဟန်သဖြင့် နောက်ပြန်ဆုတ်သွားသည်။ "ကျောက်ယွင်"(Zhao Yun) သည် ရွပ်ရွပ်ချွံချွံတိုက်သော်လည်း မကြာမီပင် ကျဉ်းမြောင်းသောတောင်ကုန်းတို့ကြားဝယ် ရန်သူတို့၏ဝန်းရံမှုခံလိုက်ရသည်။ ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) ၊ "ကွမ်းဖင်"(Guan Ping) နှင့် "ကျိုးချန်း"(Zhou Cang) တို့သည် စစ်သားသုံးရာနှင့်အတူရောက်လာလေရာ "ကျန်းဟဲ"(Zhang He) မှာ တပ်ပြန်ဆုတ်သွားရသည်။ "လျူဘေ့"(Liu Bei) သည် ထိုတောင်ကုန်းနားဝယ် စခန်းချလေသည်။
ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွီ"(Guan Yu) ကိုလွှတ်ပြီး "ကျန်းဖေး"(Zhang Fei) အကြောင်းစုံစမ်းစေသည်။ "ကျန်းဖေး"(Zhang Fei) သည် "ကုန်းတု"(Gong Du) ကိုသတ်လိုက်သော "ရှဟိုယွမ်"(Xiahou Yuan) ၏တိုက်ခိုက်မှုကိုခံရသည်။ "ကျန်းဖေး"(Zhang Fei) သည် "ရှဟိုယွမ်"(Xiahou Yuan) ကိုတိုက်ထုတ်ပြီး နောက်မှလိုက်လေသည်။ ထိုအချိန်ဝယ် "ယွဲကျင့်"(Yue Jing) ရောက်လာပြီး "ကျန်းဖေး"(Zhang Fei) ကိုဝန်းရံထားခဲ့သည်။ ကွဲသွားသောစစ်သားတို့ထံမှ "ကျန်းဖေး"(Zhang Fei) ၏သတင်းကို ကြားသောအခါ "ကွမ်းယွီ"(Guan Yu) သည် ထိုနေရာသို့ရောက်လာသည်။ ညီအစ်ကိုနှစ်ဦးတို့သည် ရန်သူတို့ကို ထိုးဖောက်ပြီးထွက်လာလေသည်။
"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် အနောက်မှလိုက်လာလေသည်။ "လျူဘေ့"(Liu Bei) သည် သူ့မိသားစုကို "စွန်းချန်"(Sun Qian) နှင့်အတူ အလျင်သွားစေသည်။ "လျူဘေ့"(Liu Bei) ကမူ အခြားသောခေါင်းဆောင်တို့နှင့်ရန်သူကို ခုခံရန်ပြင်သည်။ "လျူဘေ့"(Liu Bei) အတော်အလှမ်းဝေးသောနေရာကိုရောက်သွားသဖြင့် "ချောင်ချောင်း"(Cao Cao) က ဆက်မလိုက်တော့ပေ။ "လျူဘေ့"(Liu Bei) သည် သူ့စစ်တပ်တို့ကိုပြန်စုရာ တစ်ထောင်ခန့်သာရှိလေသည်။ ဟန်မြစ်နားတွင်စခန်းချသောအခါ ဒေသခံတို့က အရက်နှင့်အသားတို့လက်ဆောင်ပေးလေသည်။ စားသောက်ပြီးနောက် "လျူဘေ့"(Liu Bei) သည်
"ခင်ဗျားတို့တွေက ဘုရင့်ရဲ့အကြံပေးဖြစ်ဖို့တောင်အရည်အချင်းရှိတယ်။ အခုတော့ ခင်ဗျားတို့က ကျုပ်လိုလူမျိုးနောက်လိုက်နေရတယ်။ ကျွန်တော့်ကံက ခက်ခဲပြီး အနှောင့်အယှက်များတယ်၊ ကျွန်တော်က ခင်ဗျားတို့ကိုပါ ဒုက္ခပေးစေမိတာပဲ။ ဒါကြောင့် ကျွန်တော့်ဆီက စွန့်ခွာပြီး တခြားသခင်တွေထံမှာ အမှုထမ်းရင် ခင်ဗျားတို့နာမည်ကြီးနိုင်တယ်" ဟု ပြောလေသည်။ ထိုစကားကိုကြားသော် လက်အောက်ခံတို့က မျက်နှာကိုအုပ်ကာ ငိုကြသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှ
"အစ်ကိုကြီး အဲ့လိုပြောတာမဟုတ်ဘူး။ ဟန်တိုင်းပြည်ရဲ့ဖခင်ကြီးက ရှန့်ယွီ(Xiang Yu) နဲ့ရင်ဆိုင်ခဲ့စဉ်တုန်းက အရှုံးတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့်လည်း ကိုးမိုင်တောင်မှာ သူ့ရဲ့အောင်နိုင်မှုက နှစ်လေးရာကျော်ကြာတဲ့တိုင်းပြည်ကြီးဖြစ်လာစေဖို့ အုတ်မြစ်ချထားနိုင်ခဲ့တယ်။ စစ်သားရဲ့ဘဝမှာ အနိုင်အရှုံးဆိုတာက သာမန်ပါပဲ။ ဘာလို့လက်လျှော့ရမှာလဲ" ဟု ပြောသည်။

"စွန်းချန်"(Sun Qian) : "အောင်မြင်မှုနဲ့ဆုံးရှုံးမှုဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့က စိတ်ပျက်လို့မဖြစ်ဘူး၊ ကျင်ကျိုးက သခင်ကြီးရဲ့ဆွေမျိုးတော် လျူပြောင်း(Liu Biao) ဟာ ကြီးကျယ်တဲ့နယ်မြေကြီးကိုချုပ်ကိုင်ထားတယ်၊ သူ့ဆီကိုသွားပါလား"
"လျူဘေ့"(Liu Bei) : "သူက ငါ့ကို လက်ခံချင်မှ လက်ခံမှာ"
"စွန်းချန်"(Sun Qian) : "ဒါဆို ကျွန်တော် အရင်သွားပြီး လျူပြောင်း(Liu Biao) က သခင်ကြီးကိုကြိုဆိုအောင် ပြောပါ့မယ်"
သို့နှင့် "လျူဘေ့"(Liu Bei) က လက်ခံလိုက်ရာ "စွန်းချန်"(Sun Qian) ကလည်း ကျင်ကျိုးသို့သွားပြီး "လျူပြောင်း"(Liu Biao) နှင့်တွေ့သည်။ "လျူပြောင်း"(Liu Biao) မှ လာရသည့်အကြောင်းကိုမေးရာ "စွန်းချန်"(Sun Qian) မှ
"သခင်ကြီး လျူဘေ့(Liu Bei) က ဒီခေတ်ဒီအခါရဲ့ သူရဲကောင်းတွေထဲကတစ်ယောက်ပါပဲ။ သူ့မှာစစ်သားတွေ၊ ခေါင်းဆောင်ကောင်းတွေသိပ်မရှိပေမယ့်လည်းပဲပေါ့။ ဒါပေမယ့် သူက တိုင်းပြည်ကြီးကိုပြန်ကောင်းအောင် ပြုပြင်ဖို့ပဲ ဆန္ဒရှိခဲ့သူပါ။ ရုနန်က သူနဲ့သွေးသားမတော်စပ်တဲ့ လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တောင်မှ ဒီလိုလူအစားအသက်စွန့်ခဲ့တယ်။ အခုတော့ ကျွန်တော့်သခင်က အရှုံးနဲ့ရင်ဆိုင်ရပြီး စွန်းချွမ်(Sun Quan) ဆီသွားဖို့လုပ်နေတယ်။ ဒီတော့ကျွန်တော်က သူ့ကို အသိအကျွမ်းကိုအားကိုးမယ့်အစား ဆွေမျိုးကိုအားကိုးဖို့ပြောခဲ့တယ်။  နယ်စားကြီးက အရည်အချင်းရှိတဲ့လူတွေကိုမြှောက်စားတတ်တဲ့လူလို့နာမည်ကြီးတယ်လေ၊ ဒါကြောင့် နယ်စားကြီးနဲ့ဆွေမျိုးတော်စပ်တဲ့ကျွန်တော့်သခင်ကိုတော့ စေတနာထားမှာမဟုတ်လား။ ဒါကြောင့် သခင်ကြီးက ကျွန်တော့်ကိုလွှတ်ပြီးတော့ ဒါတွေကို ရှင်းပြစေတာပါ" ဟု ပြောလေသည်။

"လျူပြောင်း"(Liu Biao) : "သူက ကျုပ်ရဲ့ညီအစ်ကိုလိုပဲ။ သူ့ကိုတွေ့ချင်တာကြာခဲ့ပေမယ့် အခွင့်မရှိခဲ့ဘူး။ အကယ်၍သူသာရောက်လာရင် ကျုပ်အင်မတန်ဝမ်းသာမိမှာပါ"
ထိုအခါ ထိုင်နေသော "ချိုက်မောက်"(Cai Mao) မှ
"မဖြစ်ဘူး၊ မဖြစ်ဘူး။ လျူဘေ့(Liu Bei) က လွီပု(Lu Bu) နဲ့ပူးပေါင်းခဲ့တယ်၊ နောက်တော့ ချောင်ချောင်း(Cao Cao) လက်အောက်မှာနေပြန်တယ်၊ ပြီးတော့ ယွမ်ရှောက်(Yuan Shao) နဲ့ပူးပေါင်းတယ်။ သူက ဘယ်သူနဲ့မှ အကြာကြီးမနေခဲ့ဘူး။ သူသာ ဒီမှာရှိနေရင် ချောင်ချောင်း(Cao Cao) က ကျွန်တော်တို့ကို လာတိုက်မှာပဲ။ ဒါကြောင့် ဒီလူကိုခေါင်းဖြတ်ပြီး ချောင်ချောင်း(Cao Cao) ဆီပို့လိုက်ရင် ချောင်ချောင်း(Cao Cao) က သခင်ကြီးကို ကောင်းကောင်းဆက်ဆံမှာပဲ" ဟု ပြောသည်။ "စွန်းချန်"(Sun Qian) လည်း မည်သို့မှမပြောပဲ နေ,နေသည်။ ပြီးနောက်တွင်မှ
"ကျွန်တော်က အသက်ဆုံးရှုံးရမှာမကြောက်ပါဘူး။ သခင်ကြီး လျူဘေ့(Liu Bei) ဟာ တိုင်းပြည်ကြီးကို သစ္စာရှိပြီး လွီပု(Lu Bu) ၊ ချောင်ချောင်း(Cao Cao) ၊ ယွမ်ရှောက်(Yuan Shao) နဲ့ပူးပေါင်းခဲ့တာက သူ့ရဲ့စေတနာတွေကြောင့်ပါ၊ သခင်ကြီးက သူနဲ့မျိုးရိုးတူတဲ့နယ်စားကြီးထံမှာလာပူးပေါင်းတာကို ဘာလို့ ဒီလိုမကောင်းပြောရတာလဲ" ဟု ပြောလေသည်။ "လျူပြောင်း"(Liu Biao) မှ "ချိုက်မောက်"(Cai Mao)အား ဘာမှထပ်မပြောရန် ပိတ်ပင်လိုက်ပြီး
"ကျုပ်ဆုံးဖြတ်ပြီးပြီ။ ဘာမှ ဝင်မပြောနဲ့တော့" ဟုပြောလေသည်။ ထိုအခါ "ချိုက်မောက်"(Cai Mao)လည်း အစည်းအဝေးခန်းမထဲမှ ထွက်သွားသည်။

ထို့နောက် "လျူပြောင်း"(Liu Biao) သည် "လျူဘေ့"(Liu Bei) ကို လက်ခံမည့်အကြောင်းကို "စွန်းချန်"(Sun Qian) မှတစ်ဆင့်ပြောခိုင်းလိုက်သည်။ "လျူပြောင်း"(Liu Biao) ကိုယ်တိုင် မြို့ပြင်ဆယ်မိုင်အကွာသို့ထွက်ပြီး ကြိုဆိုလေသည်။ "လျူဘေ့"(Liu Bei) ရောက်လာသောအခါ "လျူဘေ့"(Liu Bei) အပေါ်ကောင်းကောင်းဆက်ဆံပြီး ကောင်းကောင်းနေစေသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုအကြောင်းကိုကြားလျှင် "လျူပြောင်း"(Liu Biao) ကိုပါတိုက်လိုသော ဆန္ဒရှိလေသည်။ သို့သော်လည်း "ချန်ယွီ"(Cheng Yu) မှ "ယွမ်ရှောက်"(Yuan Shao) ကို မချေမှုန်းနိုင်သေးမှီ အခြားရန်သူနှင့်မတိုက်သင့်ကြောင်းပြောသည်။ "ချန်ယွီ"(Cheng Yu) မှ
"သခင်ကြီးက အရင် မြို့တော်ကိုပြန်ပြီးတော့ နွေဦးမှာ မြောက်ပိုင်းကိုစစ်ဆင်ဖို့အတွက် စစ်သားတွေကိုအသင့်ပြင်သင့်ပါတယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုလက်ခံလိုက်ပြီး မြို့တော်သို့ပြန်လေသည်။ ကျန်းအန်းနှစ်ရှစ်နှစ်မြောက်(၂၀၃ အေဒီ) တွင် "ချောင်ချောင်း"(Cao Cao) သည် စစ်တိုက်ရန်ပြင်လေသည်။ ရုနန်သို့စစ်တပ်လွှတ်ထားပြီး "လျူပြောင်း"(Liu Biao) ကိုခုခံရန်ပြင်ထားသည်။ ထို့နောက် စစ်တပ်ကြီးကို ကွမ်းတုသို့ချီတက်စေပြီး ကျိကျိုးကိုတိုက်ရန်ပြုသည်။
သွေးအန်နေခဲ့သော "ယွမ်ရှောက်"(Yuan Shao) သည် အတော်အတန်ပြန်ကျန်းမာလာရာ ရွှီချန်ကိုတိုက်ရန်ကြံလေသည်။ သို့သော်လည်း "ရှန်ဖေ"(Shen Pei) မှ
"သခင်ကြီးက မနှစ်က ပင်ပန်းနွမ်းနယ်တာကနေ အရှင်းကြီးမပျောက်သေးဘူး။ ဒါကြောင့် ကာကွယ်ရေးကိုပဲ ဦးစားပေးပြီး စစ်တပ်ကိုပျိုးထောင်သင့်တယ်" ဟုဆိုသည်။ ထိုအချိန်တွင်ပင် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ချီတက်လာသောသတင်းကိုကြားရာ "ယွမ်ရှောက်"(Yuan Shao) သည်
"ငါတို့မြစ်ကိုမဖြတ်ခင် ရန်သူတွေကမြို့နားရောက်လာရင် ငါတို့အခွင့်အရေးဆုံးရှုံးပြီပဲ။ ဒါကြောင့် အခုစစ်ချီပြီး ရန်သူတွေကိုတိုက်ထုတ်ရမယ်" ဟု ပြောလေသည်။

ထိုအခါ "ယွမ်ရှန်"(Yuan Shang) မှဝင်ကာ
"အဖေက ကျန်းမာရေးမကောင်းဘူးဆိုတော့ အဝေးကြီးကိုမသွားသင့်ဘူး၊ ကျွန်တော်ပဲ စစ်တပ်ကိုဦးဆောင်ပြီး ရန်သူတွေကိုရင်ဆိုင်ပါ့မယ်" ဟု ပြောသည်။  "ယွမ်ရှောက်"(Yuan Shao) ကလည်း သဘောတူလိုက်ပြီးနောက် ချင်ကျိုး၊ ယိုကျိုး၊ ဘင်းကျိုးတို့မှ သူ့သားနှစ်ဦးနှင့်သူ့တူတို့အား သူ၏ပင်မတပ်နှင့်အတူ "ချောင်ချောင်း"(Cao Cao) ကိုပူးပေါင်းတိုက်ရန် စာပို့လိုက်လေသည်။


Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!