သုံးနိုင်ငံခေတ်(၂၇)
အခန်း(၂၇) လှပသော မုတ်ဆိတ်နှင့်လူ၏ခရီး။
"ကွမ်းယွီ"(Guan Yu) သည် ခံတပ်ငါးခုကိုဖြတ်သန်းရာ စစ်သူကြီးခြောက်ဦးကိုသတ်လိုက်ခြင်း
"ချောင်ချောင်း"(Cao
Cao) ၏စစ်တပ်အတွင်းဝယ် "ကွမ်းယွီ"(Guan Yu) နှင့် ရင်းနှီးသူမှာ "ကျန်းလျောင်"(Zhang
Liao) နှင့် "ရွှီဟွမ်"(Xu Huang) တို့ဖြစ်ကြပြီး ကျန်သောသူတို့မှာ
"ကွမ်းယွီ"(Guan Yu) အပေါ် လေးစားသမှုနှင့်ဆက်ဆံကြလေသည်။ သို့သော် "ချိုင်ရန်"(Cai
Yang) မှာ "ကွမ်းယွီ"(Guan Yu) ကို မနှစ်မြို့ချေ၊ ထို့ကြောင့် "ကွမ်းယွီ"(Guan
Yu) ထွက်သွားသောသတင်းကြားသည်နှင့် နောက်မှလိုက်ပြီးဖမ်းရန်ပြင်သည်။ သို့သော်လည်း
"ချောင်ချောင်း"(Cao Cao) မှ "ကွမ်းယွီ"(Guan Yu) ထွက်သွားသည်ကို
သဘာဝကျသည်ဟု ယူဆပြီး
"သူက
သူ့အရင်ကခေါင်းဆောင်ကို မမေ့တဲ့သဘောပဲလေ၊ သူက အဘက်ဘက်မှာပွင့်လင်းတဲ့သူ၊ မင်းတို့လည်း
သူ့ကိုဥပမာယူကြပါ" ဟု ဆိုသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) က
"ကွမ်းယွီ"(Guan Yu) ကို လိုက်မဖမ်းကြရန် တားမြစ်လိုက်သည်။
"ချန်ယွီ"(Cheng
Yu) : "သခင်ကြီးက ကွမ်းယွီ(Guan Yu) အပေါ် တအားကောင်းနေတယ်။ သူက အကြောင်းအရင်းရှိတယ်ဆိုပေမယ့်
ဒီလိုမျိုးရိုင်းရိုင်းစိုင်းစိုင်းထွက်သွားတာ ဒါ သခင်ကြီးကိုဆော်ကားလိုက်တာပဲ။ ဒီကိစ္စကိုပေါ့တန်တန်
သဘောမထားသင့်ဘူး၊ သူသာ ယွမ်ရှောက်(Yuan Shao) ဆီရောက်သွားရင် ကျားကိုအတောင်တပ်ပေးသလိုဖြစ်သွားမှာ။
ဒါကြောင့် အနာဂတ်မှာ ရန်မများစေဖို့သူ့ကို ရှင်းထားသင့်တယ်"
"ချောင်ချောင်း"(Cao
Cao) : "ကျုပ်က သူ့ကိုထွက်သွားခွင့်ပေးပါမယ်လို့ ပြောထားပြီးသားလေ၊ ကိုယ့်ကတိကိုယ်
ချိုးဖောက်ရမှာလား? လူတိုင်းမှာ သူ့သခင်နဲ့သူရှိတယ်။ သူ့နောက်ကိုမလိုက်ကြနဲ့တော့"
သို့သော်လည်း
"ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) ကို
"ငါပေးတဲ့အရာမှန်သမျှကို
သူငြင်းဆန်ခဲ့တယ်၊ လာဘ်တွေ၊ တံစိုးတွေဆိုတာ သူ့အတွက်တော့ ဘာမှမဟုတ်ဘူး၊ ဒီလိုလူမျိုးကိုငါအလေးစားဆုံးပဲ။
သူအဝေးကြီးကိုမရောက်လောက်သေးဘူး၊ သူ့နောက်ကိုလိုက်ပြီးတော့ ငါမရောက်လာခင်အထိ ခဏစောင့်ဖို့ပြောပါ။
ခွဲခွာဖို့နှုတ်ဆက်ပြီး လမ်းခရီးမှာ သုံးဖို့ငွေကြေးနည်းနည်းရယ်၊ ချပ်ဝတ်တန်ဆာရယ်ပေးမလို့။
ဒါမှ နောင်အခါမှာ သူက ငါ့ရဲ့ရက်ရောမှုကို အမှတ်ရနေမှာ" ဟု ပြောသည်။
ထို့ကြောင့်
"ကျန်းလျောင်"(Zhang Liao) ကလည်း တစ်ဦးတည်းအရင်ထွက်သွားလေသည်။ "ချောင်ချောင်း"(Cao
Cao) ကလည်း နောက်မှ ကိုယ်ရံတော်အနည်းငယ်နှင့် ထွက်လာသည်။
"ကွမ်းယွီ"(Guan
Yu) စီးသောမြင်းမှာ ယုန်နီဖြစ်လေရကား အင်မတန်မြန်သဖြင့်မည်သူမှ မလိုက်နိုင်ချေ။ သို့သော်လည်း
"ကွမ်းယွီ"(Guan Yu) မှာ မရီးနှစ်ဦးတို့ပါလာသည့်လှည်းယာဉ်ကိုငဲ့ရသေးသဖြင့်
ဖြည်းဖြည်းသာသွားလေသည်။ ထိုအချိန်တွင် နောက်မှ
"ကွမ်းယွီ(Guan
Yu) ၊ ခဏရပ်ပါဦး" ဟူသော အော်သံကိုကြားလိုက်သည်။
"ကွမ်းယွီ"(Guan
Yu) က လှည့်ကြည့်လိုက်ရာ ထိုလူမှာ "ကျန်းလျောင်"(Zhang Liao) ဖြစ်နေသည်ကိုတွေ့လိုက်သည်၊
လှည်းယာဉ်ကို အလျင်သွားစေလိုက်ပြီး "ကွမ်းယွီ"(Guan Yu) မှာ သူ၏အစိမ်းရောင်နဂါးဓားကိုကိုင်ပြီး
တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) မှ
"ခင်ဗျားက
ကျုပ်ကိုပြန်ခေါ်ဖို့ ရောက်လာတာလား?" ဟု မေးလေသည်။
"မဟုတ်ဘူး၊
ခင်ဗျားကခရီးရှည်ကြီးသွားရမှာဆိုတော့ ဝန်ကြီးချုပ်က နှုတ်ဆက်မလို့ ခင်ဗျားကို ခဏစောင့်ခိုင်းဖို့ပြောဖို့အတွက်
ကျုပ်ကိုလွှတ်လိုက်တာပါ"
"သူသာ
လက်နက်ကိုင်လူတွေခေါ်လာရင် အဆုံးအထိ အသေအကျေတိုက်ရမှာပဲ"
ထို့နောက်
"ကွမ်းယွီ"(Guan Yu) သည် တံတားအနီးတွင် နေရာယူပြီး စောင့်နေသည်။ မကြာမီပင်
"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးလေးဦးဖြစ်သည့် "ရွှီချူ"(Xu
Chu) ၊ "ရွှီဟွမ်"(Xu Huang) ၊ "ယွီကျင့်"(Yu Jin) နှင့်
"လီတျန်"(Li Dian) တို့ အနားရောက်လာကြသည်။ "ကွမ်းယွီ"(Guan
Yu) ကတိုက်ခိုက်ရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ "ချောင်ချောင်း"(Cao
Cao) မှ သူ့ကိုယ်ရံတော်တို့ကို လိုင်းနှစ်ကြောင်းခွဲကာ တန်းစီခိုင်းလိုက်သည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) ၏ ကိုယ်ရံတော်တို့တွင် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည်ကို
မြင်ရသော "ကွမ်းယွီ"(Guan Yu) သည် စိတ်အေးသွားသည်။
"ချောင်ချောင်း"(Cao
Cao) : "ကွမ်းယွီ(Guan Yu) ၊ ခင်ဗျား ဘာကြောင့် အလျင်လိုနေရတာလည်း?"
"ကွမ်းယွီ"(Guan
Yu) က မြင်းပေါ်မှ မဆင်းပဲ ခေါင်းကိုညွှတ်လိုက်ပြီးနောက်
"ကျွန်တော့်သခင်က
မြစ်ဝါမြစ်ရဲ့ မြောက်ဘက်မှာရှိတယ်ဆိုတဲ့အကြောင်းကို ဝန်ကြီးချုပ်ထံ စာရေးပြီး အကြောင်းကြားခဲ့ပြီးပါပြီ။
ကျွန်တော်ထွက်ခွာရမှာမို့ ဝန်ကြီးချုပ်နဲ့တွေ့ဖို့အကြိမ်ကြိမ်အခါခါကြိုးစားခဲ့ပါသေးတယ်။
ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး။ ဒါကြောင့် နှုတ်ဆက်တဲ့စာတစ်စောင်ရယ်၊ ရတနာရယ်၊ ကျွန်တော့်ကိုပေးအပ်ခဲ့တဲ့မြို့စားမင်းတံဆိပ်ရယ်ကို
ထားခဲ့ပြီး ထွက်ခွာလာရတာပါ။ ဝန်ကြီးချုပ် အရင်ကပေးခဲ့တဲ့ကတိကို အမှတ်ရဦးမယ် ထင်ပါတယ်"
ဟုပြောသည်။
"ချောင်ချောင်း"(Cao
Cao) : "ကျုပ်က သစ္စာတည်ကြည်တဲ့လူအဖြစ်နေဖို့ဆန္ဒရှိတာကြောင့် ကိုယ့်ကတိကိုယ် မချိုးဖောက်ပါဘူး။
ဒါပေမယ့် စစ်သူကြီး ခရီးမှာ အသုံးပြုဖို့ ငွေအကူလေးပေးလိုက်ပါရစေ"
ထို့နောက်
"ချောင်ချောင်း"(Cao Cao) မှ မြင်းပေါ်တွင်တင်ထားသော ရွှေထုတ်ကိုထုတ်လိုက်သည်။
"ကွမ်းယွီ"(Guan
Yu) : "ဝန်ကြီးချုပ် အရင်က ပေးထားတာတွေနဲ့ပဲလုံလောက်ပါတယ်၊ အဲ့ပိုက်ဆံကိုတော့
စစ်သားတွေကိုပဲ လက်ဆောင်ပေးလိုက်ပါ"
"ချောင်ချောင်း"(Cao
Cao) : "ဘာလို့ငြင်းဆိုရတာလည်း? ဒါက စစ်သူကြီး စွမ်းဆောင်ခဲ့တာတွေအတွက် ပေးအပ်တာပါ"
"ကွမ်းယွီ"(Guan
Yu) : "ကျွန်တော်လုပ်ဆောင်ခဲ့တာတွေက ဘာမှ စကားထဲ ထည့်ပြောလောက်စရာ မရှိပါဘူး"
"ချောင်ချောင်း"(Cao
Cao) : "ခင်ဗျားကတော့ လူတွေထဲမှာ သစ္စာအကြီးဆုံးလူပဲ။ ခင်ဗျားလိုလူက ကျုပ်ဆီမှာ
အမှုမထမ်းတာ ကျုပ်ရဲ့ကံဆိုးမှုပဲ။ အနည်းဆုံးတော့ ကျုပ်ဆီက လက်ဆောင်အနေနဲ့ ဒီချပ်ဝတ်တန်ဆာလေးတော့
လက်ခံပါ"
ထို့နောက်
"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးတစ်ဦးက မြင်းပေါ်မှဆင်းကာ ထိုအင်္ကျီကို
ကိုင်ပြီး "ကွမ်းယွီ"(Guan Yu) ကိုပေးလေသည်။ "ကွမ်းယွီ"(Guan
Yu) မှာ တစ်ခုခုအကြံအစည်ရှိမည်ကို စိုးရိမ်သဖြင့် မြင်းပေါ်မှမဆင်းပဲ သူ၏ဓားရှည်ဖြင့်ပင်
အင်္ကျီကိုလှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားပြောသည်။
"ဒီလိုလက်ဆောင်ပေးတဲ့ဝန်ကြီးချုပ်ကို
ကျေးဇူးတင်ပါတယ်"
ထို့နောက်
"ကွမ်းယွီ"(Guan Yu) သည် တံတားကိုဖြတ်ပြီး မြောက်ဘက်သို့ထွက်သွားသည်။ ကိုယ်ရံတော်ထဲမှ
တစ်ဦးဖြစ်သော "ရွှီချူ"(Xu Chu) မှ
"သူက
အရမ်းရိုင်းတာပဲ။ ဘာလို့သူ့ကို မဖမ်းလိုက်တာလည်း" ဟု ပြောသည်။ "ချောင်ချောင်း"(Cao
Cao) မှ
"တိုက်မယ်ခိုက်မယ်ဆိုရင်
ငါတို့လူစုအများကြီးကို သူတစ်ယောက်ပဲ ရင်ဆိုင်ရမှာလေ။ သူ သံသယဝင်ရင်လည်း ဝင်စရာပါပဲ။
ဒါပေမယ့် သူ့နောက်ကနေ လိုက်ပြီး မဖမ်းကြပါနဲ့တော့" ဟုပြောလေသည်။
ထို့နောက်
အရည်အချင်းရှိသော စစ်သူကြီးတစ်ဦးထွက်သွားသဖြင့် "ချောင်ချောင်း"(Cao
Cao) မှာဝမ်းနည်းစွာဖြင့် ပြန်လှည့်သွားသည်။
"လျူဘေ့"(Liu
Bei) ၏ဇနီးနှစ်ဦးပါသော လှည်းယာဉ်မှာ "ကွမ်းယွီ"(Guan Yu) စကားပြောနေသည့်အချိန်ဝယ်
ဆယ်မိုင်ခန့်ရောက်နေရမည်ဖြစ်သော်လည်း အရပ်အယောင်မျှပင် ရှာမတွေ့ပေ။ "ကွမ်းယွီ"(Guan
Yu) မှာ နေရာအနှံ့လိုက်ရှာသောလည်း မတွေ့ချေ။
ထို့နောက်
တောင်ကုန်းပေါ်မှ အော်သံကိုကြားလိုက်ရပြီး အဝါရောင်ခေါင်းဆောင်းနှင့်ပိုးထည်ဝတ်ထားသော
လူငယ်တစ်ဦးကိုတွေ့လိုက်သည်။ ထိုလူငယ်မှာ လှံကိုင်ထားပြီး သူ၏မြင်းပေါ်တွင်လည်း လူခေါင်းတစ်ခု
ချိတ်ထားသည်။ သူ့နောက်တွင်မူ နောက်လိုက်တစ်ရာခန့်ရှိလေသည်။
"ကွမ်းယွီ"(Guan
Yu) : "မင်းက ဘယ်သူလည်း"
ထိုလူငယ်သည်
မြင်းပေါ်မှဆင်းပြီး အရိုအသေပြုလေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှာ လှည့်စားမှုတစ်ခုခုဖြစ်မည်စိုးရိမ်သဖြင့်
ဓားကိုအဆင်သင့်ကိုင်ထားလိုက်ပြီး
"မင်းနာမည်ကိုပြောပါ"
ဟု ဆိုသည်။
"ကျွန်တော့်နာမည်က
လျောင်ဟွာ(Liao Hua) လို့ခေါ်ပါတယ်။ ရှန်းရန်က မိသားစုတစ်ခုကပါ။ တိုင်းပြည် အခြေအနေတွေဆိုးရွားလာတော့
ဒီမြစ်ချောင်းတွေနားမှာ ဓားပြဖြစ်လာခဲ့ပြီး ခိုးဆိုးလုယက်ပါတယ်။ ကျွန်တော်တို့ လူအင်အားက
စုစုပေါင်းငါးရာလောက်ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်း တုယွမ်(Du Yuan) ဟာ ဒီအမျိုးသမီးနှစ်ဦးကို
အမှတ်မထင်မြင်လိုက်တော့ တောင်ကုန်းတွေဆီကို ဖမ်းခေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီအစေခံတွေကို
မေးလိုက်တော့ ဒီအမျိုးသမီးနှစ်ဦးရဲ့ဇစ်မြစ်ကို သိခဲ့ပြီး လွှတ်ပေးမလို့လုပ်ပါတယ်။ ဒါကို
တုယွမ်(Du Yuan) က ကန့်ကွက်တော့ သူ့ကို သတ်လိုက်ရတာပါ။ ဒါ သူ့ရဲ့ခေါင်းပါ၊ ကျွန်တော့်ကို
ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်"
"အမျိုးသမီးနှစ်ဦးကရော?"
"သူတို့
တောင်ကုန်းပေါ်မှာရှိပါတယ်"
"သူတို့ကိုတောင်အောက်ကိုပြန်ခေါ်လာခဲ့ချည်"
သို့နှင့်
ထိုအမျိုးသမီးနှစ်ဦးပါသော လှည်းယာဉ်ကိုတောင်အောက်သို့ ပြန်ခေါ်လာသည်။ "ကွမ်းယွီ"(Guan
Yu) သည် သူ၏ဓားကိုရုတ်သိမ်းပြီး မြင်းပေါ်မှဆင်းကာ လှည်းယာဉ်အနီးသို့သွားပြီး
"မရီးတော်တို့
လန့်သွားပါသေးလား" ဟုမေးလေသည်။
"ငါတို့တွေကို
လျောင်ဟွာ(Liao Hua) သာမကယ်ခဲ့ရင် တုယွမ်(Du Yuan) လက်ချက်နဲ့ရေတိမ်နစ်တော့မလို့"
ထို့နောက်
"ကွမ်းယွီ"(Guan Yu) သည် အစောင့်တို့အား
"ဒီအမျိုးသမီးနှစ်ဦးကို
လျောင်ဟွာ(Liao Hua) က ဘယ်လိုကယ်လိုက်တာလည်း" ဟု မေးသည်။
"တုယွမ်(Du
Yuan) က အမျိုးသမီးနှစ်ယောက်ကိုခေါ်ပြီး သူနဲ့ လျောင်ဟွာ(Liao Hua) နဲ့က တစ်ယောက်စီခွဲယူဖို့ဆိုပါတယ်။
ဒီအမျိုးသမီးနှစ်ဦးဟာ မင်းမှုထမ်းအသိုင်းအဝိုင်းနဲ့ဆက်နွယ်နေတယ်ဆိုတာသိတဲ့အခါ လျောင်ဟွာ(Liao
Hua) က လေးစားသမှုနဲ့ ဆက်ဆံပါတယ်။ ဒါကို တုယွမ်(Du Yuan) က ကန့်ကွက်တော့ လျောင်ဟွာ(Liao
Hua) က သူ့ကိုသတ်လိုက်တာပါ"
၎င်းကိုကြားသော်
"ကွမ်းယွီ"(Guan Yu) သည် "လျောင်ဟွာ"(Liao Hua) အား ကျေးဇူးတင်စကားပြောသည်။
"လျောင်ဟွာ"(Liao Hua) မှာ သူ၏တပ်နှင့်အတူ "ကွမ်းယွီ"(Guan
Yu) နှင့် လိုက်ပါလိုသော်လည်း သူပုန်ဖြစ်နေ၍
"ကွမ်းယွီ"(Guan Yu) က လက်မခံချေ။ "လျောင်ဟွာ"(Liao Hua) က လက်ဆောင်အချို့ပေးရန်ပြုသော်လည်း
"ကွမ်းယွီ"(Guan Yu) က ငြင်းလိုက်သည်။
သို့နှင့်
"လျောင်ဟွာ"(Liao Hua) သည်လည်း ထွက်ခွာသွားသည်။ "ကွမ်းယွီ"(Guan
Yu) က သူ့မရီးတော်တို့အား "ချောင်ချောင်း"(Cao Cao) နှင့် စကားပြောသည့်အကြောင်းကို
ပြန်ပြောပြလေသည်။ ညဘက်အနားယူရန် လယ်တစ်ခုထဲသို့သွားလေသည်။ ထိုလယ်ရှိ လယ်သမားမှာ မုတ်ဆိတ်အဖြူရောင်ရှိပြီး
မည်သူနည်းဟု မေးရာ "ကွမ်းယွီ"(Guan Yu) က သူသည် "လျူဘေ့"(Liu
Bei) ၏ညီဖြစ်ကြောင်းနှင့် သူ့နာမည်ကိုပြောလိုက်သည်။
ထိုအခါ လယ်သမားမှ
"ခင်ဗျားက
ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်လိုက်တဲ့သူပေါ့" ဟု မေးသည်။
"ကွမ်းယွီ"(Guan Yu) ကလည်း ဟုတ်မှန်ကြောင်းပြန်ဖြေသည်။
"ဝင်ခဲ့ပါ"
"ကျွန်တော့်
မရီးနှစ်ဦးက လှည်းပေါ်မှာရှိသေးတယ်။ သူတို့နှစ်ဦးကို သွားခေါ်ပါစေဦး"
"ကွမ်းယွီ"(Guan
Yu) က မတ်တပ်ရပ်နေသဖြင့် ထိုင်ရန်ပြောလေသည်။ "ကွမ်းယွီ"(Guan Yu) က သူ၏မရီးနှစ်ဦးတို့ရှိနေသဖြင့်
မထိုင်ပဲရပ်လျက်သာနေသည်။ လယ်သမား၏ဇနီးက ထိုအမျိုးသမီးနှစ်ဦးကို အတွင်းဆောင်ထဲသို့ခေါ်သွားလေသည်။
"ကွမ်းယွီ"(Guan Yu) က လယ်သမား၏အမည်ကိုမေးလေရာ
"ကျုပ်နာမည်က
ဟူဟွာ(Hu Hua) လို့ခေါ်ပါတယ်။ ဟွမ်ဧကရာဇ်သက်တော်ထင်ရှားရှိစဉ်တုန်းက နန်းတွင်းမှာ အမှုထမ်းခဲ့ဖူးပါတယ်။
အခုတော့ ရာထူးကအနားယူပြီး အေးအေးဆေးဆေးပဲ နေပါတော့တယ်။ ကျုပ်ဆီမှာ ဟူပန်း(Hu Ban) ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။
သူက အခု ရင်းရန်မြို့စား ဝမ်ကျီ(Wang Zhi) လက်အောက်မှာ အမှုထမ်းနေပါတယ်။ ခင်ဗျားက အဲ့လမ်းကိုဖြတ်သွားရမှာဆိုတော့
သူ့အတွက် စာတစ်စောင်ပါးလိုက်ပါရစေ" ဟု ပြောသည်။
"ကွမ်းယွီ"(Guan
Yu) ကလည်း စာကိုယူသွားပါမည်ဟု ကတိပြုလိုက်သည်။ နောက်ရက်တွင် လော့ရန်သို့ ခရီးဆက်လေသည်။
လမ်းခရီးတွင်
စစ်သူကြီး "ခုံးရှို့"(Kong Xiu) နှင့် စစ်သားငါးရာတို့စောင့်ကြပ်သော တုန်းလင်ခံတပ်ကို
ဖြတ်ရလေသည်။ စစ်သားတို့က လှည်းယာဉ်ကိုမြင်လိုက်ရာ စစ်သူကြီးကို သတင်းသွားပို့သည်။ စစ်သူကြီးရောက်လာသဖြင့်
"ကွမ်းယွီ"(Guan Yu) ကလည်း မြင်းပေါ်မှဆင်းကာ အရိုအသေပြုသည်။
"ခုံးရှို့"(Kong
Xiu) မှ
"ဘယ်သွားမလို့လည်း"
ဟု မေးသည်။
"မြစ်ဝါမြစ်ရဲ့မြောက်ဘက်ကို
သွားပြီး ကျွန်တော့်အစ်ကိုကိုသွားရှာမလို့ပါ"
"ဒါပေမယ့်
ယွမ်ရှောက်(Yuan Shao) က ကျုပ်တို့သခင်ကြီးရဲ့ ရန်သူလေ။ ခင်ဗျားဆီမှာခွင့်ပြုစာကော
ပါရဲ့လား?"
"အလောတကြီးနဲ့လာတော့
ခွင့်ပြုမိန့်မယူလာမိဘူး"
"ခွင့်ပြုမိန့်မရှိရင်တော့
ကျွန်တော် အကြောင်းကြားစာပို့ပြီး အကြောင်းပြန်တာစောင့်ပါဦး"
"အဲ့လိုဆို
အချိန်အများကြီးနှောင့်နှေးသွားမယ်"
"ကျွန်တော်
လုပ်နိုင်တာ ဒါပဲရှိတယ်"
"ဒါဆို
ခင်ဗျားက ကျုပ်ကို ပေးမသွားဘူးပေါ့"
"သွားချင်ရင်တော့
ခင်ဗျားပါလာတဲ့မိသားစုတွေကို ဒီမှာ ထားရစ်ခဲ့ရမယ်"
ထိုအခါ
"ကွမ်းယွီ"(Guan Yu) သည် ဒေါသထွက်ပြီး တိုက်ရန်ပြင်သည်။ ထိုအခါ "ခုံးရှို့"(Kong
Xiu) ကလည်း အနောက်သို့ပြန်လှည့်ပြီး သူ့စစ်သားတို့ကိုတိုက်ရန် အမိန့်ပေးလိုက်သည်။
"ကွမ်းယွီ"(Guan Yu) က တစ်ဖက်စစ်သူကြီးထံသာ ဦးတည်သွားပြီး သူ့ဓားနှင့်တိုက်ရာ
"ခုံးရှို့"(Kong Xiu) သေလေသည်။ သူ၏စစ်သားတို့လည်း ထွက်ပြေးကုန်သည်။
"ကွမ်းယွီ"(Guan
Yu) : "စစ်သားတွေ မပြေးကြနဲ့။ သူ့ကိုသတ်လိုက်တာဟာ ရွေးချယ်စရာမရှိလို့ပါ။ မင်းတို့ကိုတော့
သတ်စရာအကြောင်းမရှိပါဘူး။ "ခုံးရှို့"(Kong Xiu) က ငါ့ကိုသတ်ဖို့လုပ်တော့
ကိုယ့်ကိုယ်ကို ကာကွယ်နဲ့အနေနဲ့ သတ်လိုက်တာပါလို့ ဝန်ကြီးချုပ်ကိုပြောပေးပါ"
စစ်သားတို့ကလည်း
"ကွမ်းယွီ"(Guan Yu) ကို ဒူးထောက်ကာ အရိုအသေပြုကြသည်။
"ကွမ်းယွီ"(Guan
Yu) သည် လော့ရန်နားသို့ရောက်လာလေသည်။ ထိုအခါအစောင့်တို့က မြို့စား "ဟန်ချွီ"(Han
Qu) ကို သတင်းသွားပို့သည်။ "ဟန်ချွီ"(Han Qu) ကလည်း သူ့လက်အောက်ငယ်သားတို့ကိုခေါ်ပြီး
တိုင်ပင်သည်။ သူ၏စစ်သူကြီးတစ်ဦးဖြစ်သူ "မန်ထန်"(Meng Tan) မှ
" သူက
ဝန်ကြီးချုပ်ထံကထွက်ပြေးလာတာပဲနေမှာ။ သူ့ကိုမတားရင် ကျွန်တော်တို့ အပြစ်ဒဏ်ခံရနိုင်တယ်"
ဟု ပြောသည်။
"ဟန်ချွီ"(Han
Qu) : "ဒီလူက သတ္တိရှိပြီး ရဲရင့်သူဖြစ်တယ်။ ရန်လျန်(Yan Liang) နဲ့ ဝင်ချို(Wen
Chou) တို့ကိုတောင်သတ်နိုင်ခဲ့တာ သူ့ကို အင်အားသုံးပြီးတော့ အနိုင်ယူဖို့မလွယ်ဘူး။
ဉာဏ်ဆင်မှပဲ တော်ကာကျမယ်"
"မန်ထန်"(Meng
Tan) : "ကျွန်တော် ထောင်ချောက်အဆင်သင့်ပြင်ထားပါပြီ။ မြို့တံခါးကို အကာအကွယ်တွေနဲ့ပိတ်ထားမယ်၊
ပြီးရင် ကျွန်တော်က သူ့ကိုသွားတိုက်မယ်၊ အဲ့နောက် ထွက်ပြေးပြီးတော့ ကျန်တဲ့လူတွေက သူ့ကို
အလစ်ဝင်တိုက်ကြရမယ်။ဒါ့အပြင် မြားတွေနဲ့လည်း ပစ်ရမယ်။ သူ့ကိုသာဖမ်းမိရင် ကျွန်တော်တို့
ဆုလာဘ်တွေရမှာ"
ထို့ကြောင့်
ထိုအကြံအတိုင်းလုပ်ဆောင်ရန် ပြင်ဆင်ကြသည်။ "ဟန်ချွီ"(Han Qu) ကလည်း လေးနှင့်မြားကိုအသင့်ပြင်ကာ
စစ်သားတစ်ထောင်နှင့်စောင့်နေသည်။ "ကွမ်းယွီ"(Guan Yu) ရောက်လာသောအခါ
"ဟန်ချွီ"(Han Qu) မှ
"ဘယ်သူလည်း"
ဟု မေးသည်။
"ကျွန်တော်က
ဟန်ရှိုမြို့စား ကွမ်းယွီ(Guan Yu) ပါ။ ဒီခံတပ်ကို ဖြတ်သွားချင်လို့ပါ"
"ဝန်ကြီးချုပ်ထံက
အမိန့်စာပါရဲ့လား"
"အလျင်စလိုနဲ့
လာတော့ မယူလာမိပါဘူး"
"ကျုပ်က
ဒီခံတပ်ကိုစောင့်ကြပ်ဖို့ ဝန်ကြီးချုပ်ဆီက အမိန့်ရထားတာ။ ဒါကြောင့် သူလျှိုတွေဘာတွေ
ဝင်သွား၊ ထွက်လာဖြစ်မှာ စိုးရိမ်ရတယ်။ ခွင့်ပြုမိန့်မပါတဲ့လူကို ဖြတ်သန်းခွင့်မပြူနိုင်ဘူး။"
ထိုအခါ
"ကွမ်းယွီ"(Guan Yu) သည် ဒေါသထွက်ကာ
"ကျုပ်က
တုန်းလင်ခံတပ်က ခုံးရှို့(Kong Xiu) ကိုသတ်ပြီးပြီ။ ခင်ဗျားလည်း သေချင်လို့လား"
ဟု ပြောလေသည်။
"ဟန်ချွီ"(Han
Qu) မှ
"ဘယ်သူ
သူ့ကို ဖမ်းမလည်း" ဟု ပြောရာ "မန်ထန်"(Meng Tan) သည် ဓားနှစ်လက်ကိုကိုင်ပြီး
ထွက်တိုက်သည်။
"ကွမ်းယွီ"(Guan
Yu) လည်း လှည်းယာဉ်ကို အနောက်ဘက်သို့ဆုတ်စေပြီး ရန်သူတို့နှင့် တိုက်လေသည်။ "မန်ထန်"(Meng
Tan) မှာ "ကွမ်းယွီ"(Guan Yu) နှင့် ခဏသာတိုက်ပြီး ထွက်ပြေးသည်။ သို့သော်လည်း
"ကွမ်းယွီ"(Guan Yu) ၏မြင်းမှာ ယုန်နီဖြစ်သဖြင့် တခဏအတွင်းပင် "မန်ထန်"(Meng
Tan) ကိုမြင်သွားပြီး ခုတ်လိုက်ရာ နှစ်ပိုင်းပြတ်သွားသည်။ မြို့ရိုးပေါ်မှ လေးသည်တော်တို့က
လှမ်းပစ်ကြလေရာ မြားတစ်ချောင်းမှာ "ကွမ်းယွီ"(Guan Yu) ၏ ဘယ်လက်သို့စိုက်သွားသည်။
ထိုအခါ "ကွမ်းယွီ"(Guan Yu) က မြားကို ပါးစပ်ဖြင့်ကိုက်ကာ ဆွဲထုတ်ပြီး မြို့စား
"ဟန်ချွီ"(Han Qu) ကို သတ်လိုက်သည်။
"ကွမ်းယွီ"(Guan
Yu) သည် စစ်သားတို့ကို အဝေးသို့ဖယ်သွားစေပြီး ခရီးဆက်သည်။ ရန်သူတို့က သူဒဏ်ရာရသည်ကို
အခွင့်ကောင်းယူမည်စိုးသဖြင့် လမ်းခရီးတွင်မနားတော့ပဲ စီမြစ်ခံတပ်သို့ တရကြမ်းနှင်လေသည်။
ထိုခံတပ်ကို
စောင့်နေသူမှာ ဘင်ကျိုးနယ်မှ "ပျန့်ရှီ"(Bian Xi) ဆိုသူဖြစ်ပြီး တူကို လက်နက်အဖြစ်ကိုင်ဆောင်သည်။
အဝါရောင်သူပုန်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် "ချောင်ချောင်း"(Cao Cao)
လက်အောက်၌ ခိုလှုံခဲ့သည်။ "ကွမ်းယွီ"(Guan Yu) လာသောသတင်းကိုကြားလျှင် ဘုံကျောင်းအတွင်းတွင်
ဓားသမား၊ ပုဆိန်လက်နက်ကိုင် အယောက်နှစ်ရာတို့ကိုထားစေပြီး ရုတ်တရတ်တိုက်ရန် ပြင်ဆင်ထားသည်။
"ကွမ်းယွီ"(Guan
Yu) လာသောအခါ "ပျန့်ရှီ"(Bian Xi) က ဟန်ဆောင်ကြိုဆိုပြီး
"စစ်သူကြီးရဲ့နာမည်က
ကျော်ကြားလွန်းတော့ ကမ္ဘာမြေကြီးကိုတောင် တုန်လှုပ်စေပါတယ်၊ လူတွေကလည်း စစ်သူကြီးကိုလေးစားကြတယ်။
ဒီလိုဦးရီးတော်ထံ ပြန်သွားတာက သစ္စာရှိတဲ့လူဆိုပြီး ပြလိုက်သလိုပဲ" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) ကလည်း ထိုသူ့ကို ခံတပ်နှစ်ခုတွင် လူသတ်ခဲ့သည့်အကြောင်းပြောပြသည်။
"ပျန့်ရှီ"(Bian
Xi) : "အဲ့လူတွေကို သတ်လိုက်တဲ့အကြောင်းအရင်းကို ကျွန်တော် ဝန်ကြီးချုပ်ထံ တင်ပြပေးပါ့မယ်"
"ကွမ်းယွီ"(Guan
Yu) သည် မိတ်ဆွေတွေ့ပြီအထင်နှင့် မြင်းပေါ်မှဆင်းပြီး "ပျန့်ရှီ"(Bian
Xi) နှင့်အတူလိုက်သွားသည်။ ဘုံကျောင်းသို့ရောက်သော် ဘုန်းကြီးအချို့တို့ထွက်လာပြီး
ကြိုဆိုသည်။
ထိုဘုံကျောင်းသည်
"နိုင်ငံကာကွယ်သည့်ဘုံကျောင်း" ဟုခေါ်ပြီး မင်ဧကရာဇ်က ထိုဘုံကျောင်းတွင် အမွှေးတိုင်ထွန်းခဲ့ဖူးသည်
ဆို၏။ ထိုကျောင်းတွင် ဘုန်းတော်ကြီးအပါးသုံးဆယ်ရှိပြီး ထိုထဲတွင် "ဖူကျင့်"(Pu
Jing) ဟူသောဘွဲ့တော်နှင့် ဘုန်းကြီးတစ်ပါးပါဝင်သည်။ ဘွဲ့တော်အဓိပ္ပာယ်မှာ ထာဝရငြိမ်းချမ်းမှုဟု
အဓိပ္ပာယ်ရသည်။ ထိုဘုန်းတော်ကြီးသည် "ကွမ်းယွီ"(Guan Yu) နှင့် တစ်ရွာတည်းသားဖြစ်ပြီး
"ကွမ်းယွီ"(Guan Yu) မှန်းသိလျှင် စကားလာပြောသည်။
"စစ်သူကြီး
ဖူတုန်းကထွက်သွားတာ တော်တော်ကြာခဲ့ပြီနော်"
"ဟုတ်ပါတယ်၊
နှစ်နှစ်ဆယ်လောက်ရှိပြီထင်တယ်"
"ဒီဘုန်းကြီးကို
မှတ်မိသေးရဲ့လား"
"အချိန်ကြာခဲ့ပြီဆိုတော့
မမှတ်မိတော့ပါဘူး"
"စစ်သူကြီးအိမ်နဲ့
ဘုန်းကြီးရဲ့အရင်အိမ်က စမ်းချောင်းလေးပဲ ခြားပါတယ်"
ထိုအခါ
"ပျန့်ရှီ"(Bian Xi) သည် ဘုန်းကြီးမှ သူ့အကြံတို့ကို ပြောပြမည်စိုးရိမ်သဖြင့်
စကားစဖြတ်စေပြီး
"ကျွန်တော်က
စစ်သူကြီးကို ထမင်းစားဖို့ဖိတ်ချင်ပါသေးတယ်။ ဘုန်းကြီးတွေက ပြောစရာစကားတွေ အများကြီးဖြစ်နေတယ်ထင်တယ်"
ဟု ပြောသည်။ "ကွမ်းယွီ"(Guan Yu) မှ
"အများကြီးလို့လည်း
မဆိုနိုင်ပါဘူး။ တစ်ရွာတည်းသားတွေတွေ့ရင် ဒီလိုပဲပေါ့" ဟုဆိုသည်။
"ပျန့်ရှီ"(Bian
Xi) မှ "ကွမ်းယွီ"(Guan Yu) ကို ရေနွေးသောက်ရန် ဧည့်ခန်းသို့ခေါ်သည်။ သို့သော်
"ကွမ်းယွီ"(Guan Yu) မှ
"ကျွန်တော့်
မရီးနှစ်ဦးက အပြင်ကလှည်းမှာရှိသေးတယ်။ သူတို့အရင်ဝင်လာပြီး သုံးဆောင်ပါစေ" ဟု
ပြောသည်။
ထိုအခါ ဘုန်းတော်ကြီးမှ
အမျိုးသမီးနှစ်ဦးကို ရေနွေးကြမ်းသွားပေးလေသည်။
ထိုအခိုက်တွင်
"ဖူကျင့်"(Pu Jing) မှ သူ့လက်ထဲမှ ဓားကိုထုတ်ပြပြီး အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
"ကွမ်းယွီ"(Guan Yu) က သဘောပေါက်ပြီး သူ၏အစောင့်တို့ကို လက်နက်ကိုင်ကာ ဝင်လာစေသည်။
"ပျန့်ရှီ"(Bian Xi) က "ကွမ်းယွီ"(Guan Yu) ကို ရေနွေးသောက်ရန်
ထပ်ခေါ်လေရာ "ကွမ်းယွီ"(Guan Yu) မှ
"ဒီလိုခေါ်တာက
ကောင်းသောခေါ်ခြင်းလား၊ ဆိုးသောခေါ်ခြင်းလား" ဟု မေးလိုက်သည်။
"ပျန့်ရှီ"(Bian
Xi) မှာ ရုတ်တရတ်လန့်သွားပြီး ဘာမှပြန်မပြောနိုင်ချေ။ "ကွမ်းယွီ"(Guan
Yu) သည် နောက်ဘက်တွင် လက်နက်ကိုင်လူတစ်စုကိုလှမ်းတွေ့လိုက်ရာ
"ဒါက
ဘာသဘောလည်း? ခင်ဗျားကို ကျုပ်က လေးစားလောက်တဲ့လူလို့ထင်ခဲ့တာ။ ဘာလို့ဒီလိုလုပ်ရတာလည်း"
ဟု အော်ပြောလေသည်။ "ပျန့်ရှီ"(Bian Xi) လည်း လူသတ်သမားတို့ကိုထွက်လာခိုင်းလိုက်သည်။
"ကွမ်းယွီ"(Guan Yu) သည် လက်ထဲမှာဓားတိုဖြင့် ရန်သူတို့ကိုခုခံသည်။ ရန်သူတို့လည်း
တစ်နေရာစီဖြစ်သွားသည်။ "ပျန့်ရှီ"(Bian Xi) သည် အရှုပ်အထွေးကြားပြေးရန်ပြင်သည်။
"ကွမ်းယွီ"(Guan Yu) က ဓားတိုလေးကိုချလိုက်ပြီး သူ၏အစိမ်းရောင်ဓားကိုကိုင်ကာ
"ပျန့်ရှီ"(Bian Xi) နောက်လိုက်လေသည်။ "ပျန့်ရှီ"(Bian Xi) မှာ
သူ၏တူဖြင့်ပစ်ရန်ပြုသည်။ သို့သော်လည်း အသုံးမဝင်ပေ၊ နောက်ဆုံးတွင် "ကွမ်းယွီ"(Guan
Yu) က မှီသွားပြီး "ပျန့်ရှီ"(Bian Xi) ကိုသတ်လိုက်လေသည်။
ထို့နောက်
"ကွမ်းယွီ"(Guan Yu) သည် သူ့မရီးနှစ်ဦးကိုသွားခေါ်သည်။ အမျိုးသမီးနှစ်ဦးကိုဝန်းရံထားသော
ရန်သူတို့သည် "ကွမ်းယွီ"(Guan Yu) လာသည်နှင့် ထွက်ပြေးကြသည်။ ပြီးနောက်တွင်မူ
သူ့ကို သတိပေးခဲ့သော ဘုန်းကြီးကို ကျေးဇူးတင်စကားပြောသည်။ ဘုန်းကြီးမှ
"ကျုပ်တော့
ဒီမှာဆက်နေလို့မရတော့ဘူး။ အထုတ်အပိုးပြင်ဆင်ပြီး လျှောက်သွားတော့မယ်။ တစ်နေ့နေ့တစ်ချိန်ချိန်တော့
ပြန်တွေ့ဦးမှာပေါ့။ အဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ" ဟု ပြောသည်။
"ကွမ်းယွီ"(Guan
Yu) သည် ရင်းရန်မြို့သို့ ခရီးဆက်သည်။ ထိုမြို့စား "ဝမ်ကျီ"(Wang Zhi) သည်
သေဆုံးသွားသော "ဟန်ချွီ"(Han Qu) နှင့် ခမည်းခမက်တော်လေသည်။ "ဝမ်ကျီ"(Wang
Zhi) သည် သူ့ဆွေမျိုးသေဆုံးသောသတင်းကိုကြားလျှင် "ကွမ်းယွီ"(Guan Yu) ကိုလုပ်ကြံရန်
ပြင်ဆင်သည်။ မြို့ဂိတ်တို့ကိုစောင့်ကြပ်ရန် စစ်သားတို့ကိုလွှတ်ထားပြီး "ကွမ်းယွီ"(Guan
Yu) လာသောအခါ သွားကြိုဆိုလေသည်။
"စစ်သူကြီးကတော့
လမ်းခရီးမှာ လေ့ကျင့်ခန်းတွေဘာတွေလုပ်ခဲ့ပေမယ့် အမျိုးသမီးနှစ်ဦးကတော့ လှည်းထဲမှာဆိုတော့
ညောင်းညာနေပြီး ပင်ပန်းနေလောက်ပြီ။ ဒါကြောင့် မြို့ထဲဝင်ပြီး တစ်ညတာအနားယူပါ။ မနက်ဖြန်တော့
ပြန်ခရီးဆက်ပေါ့"
ထိုကမ်းလှမ်းမှုမှာ
လက်ခံချင်စရာကောင်းနေပြီး မြို့စားကလည်း ပျူငှာသည့်ပုံပေါ်ရကား အမျိုးသမီးနှစ်ဦးတို့သည်
မြို့အတွင်းသို့ဝင်သွားသည်။ သူတို့အတွက် အကုန်လုံးအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ မြို့စားက
"ကွမ်းယွီ"(Guan Yu) ကို စားပွဲဖိတ်သော်လည်း "ကွမ်းယွီ"(Guan
Yu) ကငြင်းလိုက်သည်။ ညစာစားပြီးနောက် "ကွမ်းယွီ"(Guan Yu) သည် အမျိုးသမီးနှစ်ဦးတို့ကို
အနားယူစေပြီး သူမှာမူ အပြင်ဘက် အခန်းတွင်ထိုင်နေသည်။ မြင်းကိုလည်း ကောင်းကောင်းအစာကျွေးထားစေသည်။
"ကွမ်းယွီ"(Guan Yu) သည်လည်း သူ့သံချပ်ကာအင်္ကျီကို အတန်ငယ်ဖြေလျှော့ထားလိုက်သည်။
ထိုအချိန်တွင်
မြို့စား "ဝမ်ကျီ"(Wang Zhi) သည် သူ့စစ်သူကြီး "ဟူပန်း"(Hu
Ban) အား
"ဒီ
ကွမ်းယွီ(Guan Yu) က ဝန်ကြီးချုပ်ကို သစ္စာဖောက်ပြီး ပြေးလာခဲ့တာ။ လမ်းခရီးမှာ သူ မင်းမှုထမ်းတွေကိုသတ်ခဲ့ပြီးပြီ။
ဒါကြောင့် သူ့မှာ ပြစ်မှုတွေရှိတယ်။ သူ့ကိုသာမန်ဖမ်းရင်မလွယ်တဲ့အတွက် မင်းက စစ်သားတစ်ထောင်ကိုဦးဆောင်ပြီး
တစ်ယောက်မီးတုတ်တစ်ခုစီနဲ့ သူတို့နေတဲ့နေရာကို မီးရှို့ရမယ်၊ ညလယ်လောက်မှာ ဒီအစီအစဉ်ကိုစလုပ်၊
လိုအပ်ရင် ငါက စစ်တပ်ကိုဦးဆောင်ပြီး လာခဲ့မယ်" ဟုပြောသည်။
"ဟူပန်း"(Hu
Ban) သည်လည်း စစ်သားတို့ကိုဦးဆောင်ပြီး ခြောက်သွေ့သောသစ်နှင့် လောင်စာတို့ကို အိမ်အနီးတွင်
ပုံကြသည်။ "ဟူပန်း"(Hu Ban) သည် အင်မတန်နာမည်ကြီးသော "ကွမ်းယွီ"(Guan
Yu) ကိုလူကိုယ်တိုင်မြင်ချင်သဖြင့် အစောင့်တို့ကိုမေးရာ အခန်းတွင်းဝယ် စာဖတ်နေသည်ဟု
ပြောသဖြင့် အတွင်းသို့ဝင်သွားသည်။
"ဟူပန်း"(Hu
Ban) သည် တိတ်တဆိတ်ဝင်လာပြီး ချောင်းကြည့်ရာ ဘယ်လက်ဖြင့်မုတ်ဆိတ်ကိုပွတ်ပြီး မီးအိမ်အလင်းရောင်ဖြင့်
စာဖတ်နေသော "ကွမ်းယွီ"(Guan Yu) ကို တွေ့ရာ
"ဒါ
နတ်ဘုရားပဲ" ဟု ပြောပြီး သက်ပြင်းချသည်။ စာဖတ်နေသော "ကွမ်းယွီ"(Guan
Yu) မှ
"အပြင်မှာ
ဘယ်သူလည်း" ဟု မေးရာ "ဟူပန်း"(Hu Ban) သည် ဝင်လာပြီး
"ကျွန်တော်က
မြို့စားလက်အောက်မှာအမှုထမ်းတဲ့ ဟူပန်း(Hu Ban) ပါ" ဟုပြောသည်။
"ရွှီချန်မြို့အပြင်ဘက်မှာနေတဲ့
ဟူဟွာ(Hu Hua) ရဲ့သားလား?"
"ဟုတ်ပါတယ်"
ထိုအခါ
"ကွမ်းယွီ"(Guan Yu) သည် သူ့နောက်လိုက်တို့အား စာကိုယူလာစေသည်။ "ဟူပန်း"(Hu
Ban) သည် ထိုစာကိုဖတ်ပြီးနောက်
"ကျွန်တော်
လူကောင်းကို မှားသတ်မိတော့မလို့" ဟုပြောလေသည်။ ထို့နောက်
"ဝမ်ကျီ(Wang
Zhi ဟာ ကောက်ကျစ်တဲ့လူပါ။ အခု စစ်သူကြီးကိုဝန်းရံထားပြီးပါပြီ။ မနက်သုံးချက်တီးကျရင်
ဒီနေရာကို မီးရှို့လိမ့်မယ်။ ကျွန်တော် မြို့တံခါးကိုသွားဖွင့်ပေးပါ့မယ်။ စစ်သူကြီးက
ထွက်ပြေးဖို့ပြင်ပါ" ဟု ပြောလိုက်သည်။
"ကွမ်းယွီ"(Guan
Yu) သည်လည်း အံ့ဩသွားပြီး သူ့ချပ်ဝတ်တန်ဆာကိုပြန်ဝတ်ကာ အမျိုးသမီးနှစ်ဦးတို့ကိုခေါ်ပြီး
ထွက်ခွာလေသည်။ မြို့တံခါးနားအရောက်တွင် တံခါးတို့မှာ ဖွင့်ထားပြီးဖြစ်သည်။ "ကွမ်းယွီ"(Guan
Yu) သည်လည်း မြို့အပြင်သို့ထွက်ရန်ပြင်သည်။ "ဟူပန်း"(Hu Ban) သည်လည်း ပြန်လှည့်ပြီး
အိမ်ကိုမီးရှို့ရန်အမိန့်ပေးလေသည်။
"ကွမ်းယွီ"(Guan
Yu) နောက်သို့ "ဝမ်ကျီ"(Wang Zhi) လိုက်လာလေရာ "ကွမ်းယွီ"(Guan
Yu) မှ
"ခင်ဗျားနဲ့ကျုပ်
ဘာရန်ငြိုးရှိလို့ ကျုပ်ကို မီးရှို့သတ်ချင်တာတုန်း" ဟု ပြောသည်။ "ဝမ်ကျီ"(Wang
Zhi) ကလည်း "ကွမ်းယွီ"(Guan Yu) ကိုတိုက်ရန်ပြင်သည်။ "ကွမ်းယွီ"(Guan
Yu) သည် သူ၏ ဓားတိုလေးဖြင့် ထိုမြို့စားကိုသတ်လိုက်သည်။ "ကွမ်းယွီ"(Guan
Yu) သည် "ဟူပန်း"(Hu Ban) အပေါ် အလွန်ကျေးဇူးတင်သွားသည်။
ဟွာကျိုးအနီးသို့ရောက်သော်
"လျူယွဲ့"(Liu Yue) ဆိုသောလူက လာကြိုဆိုသည်။ "ကွမ်းယွီ"(Guan
Yu) သည် "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့ရန်မှ
"လျူယွဲ့"(Liu Yue) ကိုကယ်ခဲ့ဖူးလေသည်။ "ကွမ်းယွီ"(Guan Yu) သည်
မြင်းပေါ်မှမဆင်းပဲ
"ကျန်းမာလို့သာပါရဲ့လား"
ဟု မေးလိုက်သည်။
"စစ်သူကြီးက
ဘယ်သွားမလို့လည်း"
"ကျွန်တော့်အစ်ကိုကို
ရှာဖို့ ဝန်ကြီးချုပ်ဆီကထွက်လာတာပါ"
"လျူဘေ့(Liu
Bei) က လက်ရှိမှာ ဝန်ကြီးချုပ်ရဲ့ရန်သူဖြစ်တဲ့ ယွမ်ရှောက်(Yuan Shao) နဲ့ ရှိနေတာလေ။
သူ့ဆီသွားဖို့ ခွင့်ပြုပါ့မလား"
"အဲ့ကိစ္စက
ဖြေရှင်းပြီးပြီ"
"မြစ်ဝါမြစ်ဆိပ်ကမ်းက
ဗျူဟာအရ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက် ရှဟိုတွန်း(Xiahou Dun) က စောင့်ကြပ်နေပါတယ်။
သူက စစ်သူကြီးကို သွားခွင့်ပြုမှာမဟုတ်ဘူး"
"ဒါဆို
ခင်ဗျားက ကျုပ်အတွက် လှေပြင်ဆင်ပေးရင်ကော?"
"လှေတွေရှိပေမယ့်
ကျွန်တော် မပေးရဲပါဘူး"
"အရင်က
ခင်ဗျားကိုကယ်ခဲ့ဖူးတာ၊ အခုတော့ ခင်ဗျားက ကျုပ်ကို လှေတစ်စီးတောင် မပေးဘူး"
"ကျွန်တော်
ပေးလိုက်ရင် စစ်သူကြီး ရှဟိုတွန်း(Xiahou Dun) က အပြစ်တင်မှာစိုးလို့ပါ"
"ကွမ်းယွီ"(Guan
Yu) သည်လည်း ထိုသူ့ထံမှ အကူအညီရမည်မဟုတ်မှန်းသည်သည်နှင့် မြစ်ဆိပ်သို့သာသွားလေသည်။
ထိုခံတပ်ရှိ စစ်သူကြီး "ချင်းချိ"(Qin Qi) သည် "ကွမ်းယွီ"(Guan
Yu) ကို စစ်ဆေးလေသည်။
"ကျုပ်က
ဟန်ရှိုမြို့စား ကွမ်းယွီ(Guan Yu) ပဲ"
"ဘယ်သွားမလို့လည်း"
"မြစ်ဝါမြစ်ရဲ့မြောက်ဘက်သွားပြီး
ကျုပ်အစ်ကို လျူဘေ့(Liu Bei) နဲ့တွေ့မလို့။ ဒါကြောင့် မြစ်ကိုဖြတ်ခွင့်ပြုပါ"
"ဝန်ကြီးချုပ်ဆီက
ခွင့်ပြုမိန့်ပါရဲ့လား"
"ဝန်ကြီးချုပ်အမိန့်နဲ့လာတာမဟုတ်တော့
သူ့ဆီက အမိန့်ဘယ်ပါပါ့မလည်း"
"ကျုပ်သခင်က
ကျုပ်ကို ဒီဆိပ်ကမ်းကိုကာကွယ်ဖို့ တာဝန်ပေးထားတာ။ ခင်ဗျား အတောင်ပံပါရင်တောင် ပေးမဖြတ်ဘူး"
ထိုအခါ
"ကွမ်းယွီ"(Guan Yu) သည် ဒေါသထွက်လာပြီး
"ကျုပ်ခရီးကို
နှောင့်နှေးအောင်လုပ်တဲ့လူတွေကို ကျုပ်သတ်ခဲ့တယ်ဆိုတာ ခင်ဗျားသိလား" ဟု ပြောလေသည်။
"ခင်ဗျားသတ်တဲ့လူတွေက
နာမည်မရှိတဲ့လူတွေပဲ၊ ကျုပ်ကိုတော့ သတ်နိုင်မလားကြည့်လိုက်"
"ခင်ဗျားက
ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) လောက်တောင် အဆင့်မရှိပါဘူး"
ထိုအခါ
"ချင်းချိ"(Qin Qi) သည် ဒေါသထွက်ပြီး ဓားကိုကိုင်ကာ "ကွမ်းယွီ"(Guan
Yu) နှင့် တိုက်ရန်ပြင်သည်။ နှစ်ဦးရင်ဆိုင်လိုက်မိသည်နှင့်ပင် "ကွမ်းယွီ"(Guan
Yu) ၏ဓားက "ချင်းချိ"(Qin Qi) ၏ ခေါင်းကိုဖြတ်သွားလေသည်။ "ကွမ်းယွီ"(Guan
Yu) မှ
"ကျုပ်ကို
ဆန့်ကျင်တဲ့လူကတော့ သေသွားပြီ။ ကျန်တဲ့လူတွေ ကြောက်စရာမလိုဘူး။ ကျုပ်အတွက် လှေတစ်စီးသာပြင်ပေး"
ဟု ပြောသည်။
ထို့နောက်
အမျိုးသမီးနှစ်ဦးတို့ကို လှေပေါ်တက်စေပြီးနောက် "ကွမ်းယွီ"(Guan Yu) လည်း
တက်ကာ ထွက်သွားလေသည်။ ဤနေရာသို့ရောက်သည်အထိ "ကွမ်းယွီ"(Guan Yu) သည် လမ်းတစ်လျှောက်ဝယ်
ခံတပ်ငါးခုကို အတင်းကျော်ဖြတ်ခဲ့ပြီး စစ်သူကြီးခြောက်ယောက်တို့ကို သတ်ခဲ့ပြီ ဖြစ်သည်။
လှေပေါ်တွင်
"ကွမ်းယွီ"(Guan Yu) သည်
"အဲ့လူတွေကို
တစ်ယောက်မှ မသတ်ချင်ခဲ့ဘူး။ မတတ်နိုင်လို့သာ သတ်ခဲ့တာ။ ဒီအကြောင်းကို ချောင်ချောင်း(Cao
Cao) ကြားရင်တော့ ငါ့ကို ကျေးဇူးမသိတဲ့လူလို့ ထင်တော့မှာပဲ" ဟု ရေရွတ်လေသည်။
ထို့နောက်
လမ်းခရီးဝယ် မြင်းစီးလာသော "စွန်းချန်"(Sun Qian) ကို မြင်လိုက်သည်။
"ကွမ်းယွီ"(Guan
Yu) : "ရုနန်မှာကတည်းက ခင်ဗျားအကြောင်း မကြားခဲ့ဘူး။ ဘယ်တွေရောက်နေတာလည်း"
"စွန်းချန်"(Sun
Qian) : "ခင်ဗျားထွက်သွားပြီးနောက် လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တို့က
မြို့ကိုပြန်သိမ်းလိုက်တာ။ နောက်တော့ ယွမ်ရှောက်(Yuan Shao) နဲ့ မဟာမိတ်ဖွဲ့ဖို့ ကျုပ်ကိုလွှတ်လိုက်တယ်။
ယွမ်ရှောက်(Yuan Shao) က ကျွန်တော်တို့နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကို
တိုက်ဖို့အတွက်ပေါ့။ ဒါပေမယ့်လည်း ယွမ်ရှောက်(Yuan Shao) လက်အောက်ကလူတွေက တစ်ယောက်နဲ့တစ်ယောက်
မသင့်မြတ်ကြဘူး၊ "ထျန်းဖုန်း"(Tian Feng) က အကျဉ်းချခံထားရတယ်။ "ကျွီရှို့"(Ju
Shou) ကတော့ ရာထူးချခံရတယ်။ ကျန်တဲ့လူတွေကလည်း အငြင်းပွားနေတော့ ယွမ်ရှောက်(Yuan
Shao) က တုန့်နှေးပြီးဆုံးဖြတ်ချက်မချနိုင်ဘူး။ ဒါကြောင့် ကျွန်တော်နဲ့ ခင်ဗျားအစ်ကိုဟာ
သူတို့ဆီကနေထွက်ခွာခဲ့တယ်။ သူအခု လျူဖီ(Liu Pi) နဲ့အတူ ရုနန်မှာရှိတယ်။ ဒါကြောင့် မြောက်ပိုင်းကိုဆက်မသွားပဲ
ရုနန်ကိုပဲ သွားပါတော့"
ထို့နောက်
"ကွမ်းယွီ"(Guan Yu) သည် "စွန်းချန်"(Sun Qian) ကို ခေါ်ပြီး အမျိုးသမီးနှစ်ဦးကို
အရိုအသေပြုစေသည်။
"စွန်းချန်"(Sun
Qian) : "ရန်လျန်(Yang Liang) နဲ့ ဝင်ချို(Wen Chou) သေတော့ ယွမ်ရှောက်(Yuan
Shao) က ဒေါသထွက်ပြီး ဦးရီးတော်ကိုသတ်မလို့။ အခုတော့ ဘေးကင်းကင်းနဲ့ ရုနန်မှာ ရှိနေပါပြီ၊
မကြာခင် သူ့ကိုတွေ့ပါလိမ့်မယ်"
ထိုအခါ အမျိုးသမီးနှစ်ဦးတို့သည်
စိတ်မကောင်းဖြစ်ကာ မျက်နှာကိုအုပ်ပြီး ငိုကြသည်။ ပြီးနောက် သူတို့သည် မြောက်ဘက်သို့
ဆက်မသွားတော့ပဲ ရုနန်သို့ဦးတည်လေသည်။
မကြာမီပင်
အနောက်ဘက်မှ အသံကြားလိုက်ရပြီး "ရှဟိုတွန်း"(Xiahou Dun) သည် မြင်းသည်တော်တစ်ရာကို
ဦးဆောင်ပြီး ရောက်လာသည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) အား ရပ်ရန် လှမ်းအော်လေသည်။
*S~L*
Comments