သုံးနိုင်ငံခေတ်(၃၀)
အခန်း (၃၀)
“ယွမ်ရှောက်”(Yuan Shao) သည် အကြံဉာဏ်များကို
လျစ်လျူရှုသဖြင့် ခေါင်းဆောင်များနှင့် ရိက္ခာများကို ဆုံးရှုံးရခြင်း ၊
“ချောင်ချောင်း”(Cao Cao) သည် ဗျူဟာသုံး၍
ကျိကျိုး တွင် အောင်မြင်ခြင်း။
“ယွမ်ရှောက်”(Yuan
Shao) က ကျိကျိုး ကိုတိုက်ရန် အဆောတလျင်ပြင်ဆင်နေသည်ကို ကြားသော် “ရှဟိုတွန်း”(Xiahou
Dun) သည် မြို့တော်သို့ စာရေးပြီး စစ်ကူတောင်းသည်။ “ချောင်ချောင်း”(Cao Cao) က စစ်သည်
၇ သောင်းကို ဦးဆောင်ကာ ချီတက်သည်။ မြို့တော်ကို ကာကွယ်ရန် “ရွှင်ယွီ”(Xun Yu) ကို ထားခဲ့သည်။
“ယွမ်ရှောက်”(Yuan
Shao) စစ်တပ်စတင်ချီတက်စဉ်မှာပင် “တျန်းဖုန်း”(Tian Feng) သည် အကျဉ်းကျနေရာမှ “အရှင်
၊ တပ်လုံးကျွတ် လျင်လျင်မြန်မြန်တိုက်တာက ငါတို့တပ်တွေကို ကပ်ဆိုက်စေလိမ့်မယ်။ အခုချိန်က
ကောင်းကင်က သတ်မှတ်ပေးတာကို စောင့်ဆိုင်းဖို့ အသင့်ဆုံးပါပဲ။” ဟုဆိုကာ စစ်ချီခြင်းကို ပြင်းထန်စွာ
ကန့်ကွက်လေသည်။
"ဖုန်းကျီ"(Peng
Ji)က “ဘာလို့ ဒီ “တျန်းဖုန်း”(Tian Feng) က နိမိတ်မကောင်းတဲ့စကားတွေပြောနေရတာလဲ။ အရှင်က
လူသားဆန်မှုနဲ့ တရားမျှတမှုအတွက် စစ်တိုက်နေတာ။” ဟု ဆိုလေသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် ဒေါသထွက်ကာ “တျန်းဖုန်း”(Tian Feng) ကို သတ်ရန်ပြင်သည်။ မှူးမတ်များစွာ၏
တောင်းပန်မှုကြောင့် တုံ့ဆိုင်းသွားသည်။ သို့သော် မကျေနပ်နိုင်ဘဲ “ငါ “ချောင်ချောင်း”(Cao
Cao) ကိုနိုင်ပြီး ပြန်လာမှ “တျန်းဖုန်း”(Tian Feng) ကို အပြစ်ပေးမယ်။” ဟုကြုံးဝါးလေသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် စစ်ကို လျင်မြန်စွာစတင်သည်။ “ယွမ်ရှောက်”(Yuan Shao) တပ်၏နဖူးစည်းများက မိုးကုတ်စက်ဝိုင်းအပြည့်
တလူလူလွင့်နေပြီး ဓားများမှာမူ သစ်တောအုပ်ရှိ သစ်ပင်များသဖွယ်ဖြစ်နေသည်။ Yangwu သို့ချီတက်ပြီး
စခန်းချလေသည်။
“ကျွီရှို့”(Ju
Shou) ကတဖန် ဆန့်ကျင်ပြန်သည်။ “ငါတို့စစ်သားတွေက များပေမဲ့ ရန်သူတွေလို တိုက်ရည်ခိုက်ရည်မကောင်းဘူး။
ရန်သူတွေမှာ ဝါရင့်စစ်သားတွေရှိပေမဲ့ ရိက္ခာလုံလုံလောက်လောက်တော့ မရှိဘူး။ ဒီတော့ သူတို့က
မြန်မြန်တိုက်ဖို့ ကြိုးစားမှာပဲ။ ငါတို့က အချိန်ဆွဲရမယ်။ အဆုံးအဖြတ်တိုက်ပွဲမတိုက်ဘဲ
အချိန်ကြာကြာဆွဲနိုင်ရင် ငါတို့မတိုက်ဘဲ နိုင်လိမ့်မယ်။”
ထိုအကြံကလည်း
“ယွမ်ရှောက်”(Yuan Shao) ကို သဘောမတွေ့ချေ။ ““တျန်းဖုန်း”(Tian Feng) က သွေးကြောင်တဲ့စကားတွေပြောလို့
သူ့ကိုသတ်မိန့်ပေးထားတယ်။ မင်းက သူ့နောက်လိုက်ချင်လို့လား။” ဟု ခြိမ်းခြောက်လေသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် ပါးကွက်သားများကို ခေါ်ကာ အကြံပေးကို ကြိုးတုတ်စေပြီး “ငါ “ချောင်ချောင်း”(Cao
Cao) ကို အောင်နိုင်ပြီးမှ မင်းတို့ ၂ ယောက်နဲ့ စာရင်းရှင်းမယ်။” ဟု ကြုံးဝါးသွားလေသည်။
“ယွမ်ရှောက်”(Yuan
Shao) စစ်တပ်ကြီးသည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၄ ပိုင်းခွဲကာ စခန်းချထားသည်။
စခန်းတစ်ခုနှင့် တစ်ခု မိုင် ၃၀ ကွာဝေးသည်။ ရန်သူ၏ အားနည်းချက် ၊ အားသာချက်များကို
သိရှိရန် ကင်းထောက်များ ၊ သူလျှိုများလည်း လွှတ်ထားသည်။
“ချောင်ချောင်း”(Cao
Cao) တပ်များရောက်ရှိလာပြီး ရန်သူ၏ အင်အားကို သိသော် လွန်စွာကြောက်ရွံ့သွားကြသည်။ “ချောင်ချောင်း”(Cao
Cao) က အစည်းအဝေးခေါ်ရသည်။
“ရွှင်ယို”(Xun
You): “ရန်သူက အင်အားများပေမဲ့ ကြောက်စရာမရှိပါဘူး။ ငါတို့စစ်သားတွေက ဝါရင့်တယ်။ စစ်သားတစ်ယောက်က
သူတို့ စစ်သား ၁၀ ယောက်နဲ့ညီတယ်။ ဒါပေမဲ့ ငါတို့က ရိက္ခာမလုံလောက်တော့ မြန်မြန်တိုက်မှ
အသာရမယ်။”
“ချောင်ချောင်း”(Cao
Cao): “လိုရင်းကို ပြောသွားတာပဲ။ ငါအတွေးနဲ့ အတူတူပဲ။”
ထို့နောက်
“ချောင်ချောင်း”(Cao Cao) က ဆူညံစွာ အော်ဟစ်စေကာ စစ်မြှူသည်။ “ယွမ်ရှောက်”(Yuan
Shao) တပ်များထွက်လာကာ တပ် ၂ တပ် ရင်ဆိုင်ကြသည်။ “ယွမ်ရှောက်”(Yuan Shao) ဖက်တွင် “ရှန်ဖေ”(Shen
Pei) က ဒူးလေးစစ်သည် ၁ သောင်းကို တောင်ပံ ၂ ဖက်တွင် ကင်းပုန်းချကာ လေးစစ်သည် ၅ ထောင်ကို
အလယ်တွင် ထားသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် ငွေရောင်ခေါင်းဆောင်းနှင့် ချပ်ဝတ် ၊ ပန်းထိုးဝတ်ရုံနှင့် ကျောက်မျက်ရတနာများစီခြယ်ထားသော
ခါးပတ်ကို ဝတ်ဆင်ထားသည်။ အလယ်တွင် “ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han
Meng) နှင့် “ချွန်းယွီချုံ”(Chunyu Qiong) တို့ကို ဦးဆောင်ကာ ကိုယ်တိုင်တပ်စွဲထားသည်။
ကျန်သူများက ဘယ် ညာ တောင်ပံတွင် နေရာယူထားသည်။
“ချောင်ချောင်း”(Cao
Cao) ဖက်တွင် “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ၊ “ကျန်းလျောင်”(Zhang
Liao) ၊ “ရွှီဟွမ်”(Xu Huang) ၊ “လီတျန်”(Li Dian) နှင့် အခြားစစ်သူကြီးများက လက်နက်အပြည့်အစုံနှင့်
နေရာယူထားသည်။
“ချောင်ချောင်း”(Cao
Cao): ကြာပွတ်ကို “ယွမ်ရှောက်”(Yuan Shao) ထံညွှန်ကာ “ဘုရင်ရဲ့အမိန့်တော်နဲ့ မင်းကို
ဘုရင့်စစ်သူကြီး ဘွဲ့ပေးခဲ့တယ်။ ဒါကိုတောင် ဘာလို့ ပုန်ကန်ရတာလဲ။”
“ယွမ်ရှောက်”(Yuan
Shao): “မင်းက ဟန်တိုင်းပြည်ရဲ့ နန်းရင်းဝန် ရာထူးယူထားပြီး ဟန်အိမ်တော်ကို ဆန့်ကျင်တယ်။
မင်းရဲ့ လောဘတွေ မတရားမှုတွေကို ကောင်းကင်က သိတယ်။ မင်းဟာ ပုန်ကန်သူ "ဝမ်မန်"(Wang
Mang)နဲ့ သူပုန် "တုန်ကျိုး"(Dong Zhuo)တို့ထက်တောင် ဆိုးသေးတယ်။ ဒါနဲ့များ
မင်းက ငါ့ကို ပုန်ကန်တယ်လို့ ပြောရဲသလား။”
“ချောင်ချောင်း”(Cao
Cao): “ငါ့မှာ မင်းကို ဖမ်းဖို့ ဘုရင့်အမိန့်တော်ရှိတယ်။”
“ယွမ်ရှောက်”(Yuan
Shao): “ငါ့မှာ သူပုန်တွေကို ဖမ်းဖို့ ခါးပတ်ထဲက အမိန့်တော်ရှိတယ်။”
(ဘုရင်သည်
“ချောင်ချောင်း”(Cao Cao) လက်မှကယ်တင်ရန် ဦးရီးတော် "တုန်းချန်"(Dong
Cheng)ကို အကူအညီတောင်းစဉ်က ခါးပတ်ထဲတွင် စာထည့်ကာ ပေးခဲ့ဖူးသည်။ ဤအချက်ကို ညွှန်းဆိုဟန်ရှိသည်။)
“ချောင်ချောင်း”(Cao
Cao) သည်လွန်စွာစိတ်တိုကာ “ကျန်းလျောင်”(Zhang Liao) ကို တိုက်ခိုက်ရန် စေလွှတ်သည်။
တစ်ဖက်က “ကျန်းဟဲ”(Zhang He) ထွက်လာသည်။ အချက် ၄၀ ၊ ၅၀ မျှတိုက်သော်လည်း မည်သူမျှ အသာမရပေ။
“ချောင်ချောင်း”(Cao Cao) က သဘောကျလေသည်။ ထို့နောက် “ရွှီချူ”(Xu Chu) က ဓားကို ဝှေ့ယမ်းကာ
ကူညီရန်သွားသည်။ တစ်ဖက်ကလည်း “ကောက်လန်”(Gao Lan) က လှံကိုင်ကာ ထွက်လာသည်။ တိုက်ခိုက်သူများမှာ
၎ ယောက်ဖြစ်သွားပြီး ၂ ယောက်စီ တိုက်ခိုက်ကြသည်။ “ချောင်ချောင်း”(Cao Cao) က “ရှဟိုတွန်း”(Xiahou
Dun) နှင့် “ချောင်ဟုန်”(Cao Hong) လက်အောက်မှ စစ်သည် ၃ ထောင်ကို ရန်သူတပ်ကို တိုက်ရန်
အမိန့်ပေးသည်။ ထိုအခါ “ရှန်ဖေ”(Shen Pei) က တိုက်ရန်အချက်ပြသော် ဒူးလေး နှင့် လေးစစ်သည်တို့က
ပူးပေါင်းပစ်ခတ်ကြလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များ ရှေ့မတက်နိုင်တော့ဘဲ မြောက်ဖက်သို့
ပြေးရလေသည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များက လိုက်လံတိုက်ခိုက်သော် ကျိကျိုး ကို
ပြေးရလေသည်။ “ယွမ်ရှောက်”(Yuan Shao) က ရှေ့တိုးပြီး အနီးတွင် စခန်းချသည်။
“ရှန်ဖေ”(Shen
Pei) က “ကျိကျိုး ကို ကာကွယ်ဖို့ စစ်သည် ၁ သိန်းလွှတ်လိုက်ပါ။ နောက် “ချောင်ချောင်း”(Cao
Cao) စခန်းနားမှာ မြေတွေအမြင့်ကြီးဖို့ပါ။ ဒါဆို ရန်သူ့စခန်းကို ရှင်းရှင်းလင်းလင်းမြင်ရပြီး
ရန်သူတပ်ထဲကို မြားပစ်လို့ရပါမယ်။ “ချောင်ချောင်း”(Cao Cao) ကို ဒီနေရာက ဆုတ်ခွာရင်
မြို့တော် ရွှီချန် ကိုတိုက်ခိုက်ဖို့ ဗျူဟာမြောက်နေရာတစ်ခု ရပါမယ်။” ဟု လျှောက်တင်သည်။
“ယွမ်ရှောက်”(Yuan
Shao) က သဘောကျကာ ခွင့်ပြုသည်။ စခန်းအသီးသီးမှ အသန်မာဆုံးစစ်သည်များကို ခေါ်ကာ သံဂေါ်ပြားများဖြင့်
မြေတူးစေပြီး “ချောင်ချောင်း”(Cao Cao) စခန်းအနီးတွင် ပုံစေသည်။
“ချောင်ချောင်း”(Cao
Cao) စစ်သားများက မြင်သော် စိတ်ပူပန်ကြပြီး ရန်သူကို မောင်းထုတ်လိုကြသည်။ သို့သော်
ဒူးလေးနှင့် လေးစစ်သည်များပေါ်လာသဖြင့် မတိုက်ဝံ့ကြတော့ပေ။ ၁၀ ရက်ကြာသော် တောင်ပို့
၅၀ ကျော်မျှ ပြုလုပ်ပြီးစီးပြီး တောင်ပို့ထက်တွင် မျှော်စင်များဆောက်ထားသည်။ ထိုပေါ်မှ
ရန်သူများကို မြားပစ်သည်။ “ချောင်ချောင်း”(Cao Cao) တပ်များမှာ လွန်စွာခြောက်ခြားပြီး
ဒိုင်းများဖြင့် ကာကွယ်ကြရသည်။ တောင်ပို့ပေါ်က လေးစစ်သည်များက ဗုံတစ်ချက်တီးတိုင်း မြားမိုးများရွာချနေသည်။
ရန်သူတပ်များ အကာအကွယ်အောက်တွင် ပုန်းနေရပြီး မြေပေါ်တွားသွားနေရသည်ကို တွေ့သော် “ယွမ်ရှောက်”(Yuan
Shao) တပ်များက ရယ်မော လှောင်ပြောင်ကြသည်။
ထိုအခြင်းအရာကို
“ချောင်ချောင်း”(Cao Cao) မြင်သော် အစည်းအဝေးခေါ်သည်။ “လျူရဲ့”(Liu Ye) က “လောက်လွှဲတွေဆောက်ပြီး
သူတို့ကို ချေမှုန်းပါမယ်။”
ဟုဆိုသည်။ “ချောင်ချောင်း”(Cao
Cao) က ချက်ချင်း ပုံစံငယ်များပြစေကာ ကျွမ်းကျင်သောလုပ်သားများဖြင့် ဆောက်လုပ်စေသည်။
မကြာမီ ရာပေါင်းများစွာ ပြီးစီးပြီး ရန်သူမျှော်စင်များကိုချိန်ကာ တံတိုင်းတလျှောက်ထားသည်။
ထို့နောက်
“ယွမ်ရှောက်”(Yuan Shao) လေးစစ်သည်များ တက်သည်နှင့် လောက်လွှဲများကို စတင်ပစ်ခတ်စေသည်။
ကျောက်တုံးများကို ကာကွယ်၍ မရသဖြင့် များစွာထိခိုက်ပျက်စီးသည်။ လေးစစ်သည်များစွာ သေဆုံးသွားလေသည်။
“ယွမ်ရှောက်”(Yuan Shao) တပ်များက ထိုအရာများကို “အသံအကျယ်ကြီးမြည်သောအရာ”များဟုခေါ်လေသည်။
ထိုအရာများကို မြင်သည်နှင့် လေးစစ်သည်များ တောင်ပို့ပေါ်သို့မတက်ဝံ့တော့ပေ။
ထို့နောက်
ဗျူဟာမှူး “ရှန်ဖေ”(Shen Pei) က တံတိုင်းအောက်မှ လိုဏ်ခေါင်းများတူးစေသည်။ ထိုသူများကို
“လှိုဏ်ခေါင်းတူးသူ”ဟု ခေါ်ကြသည်။ “ချောင်ချောင်း”(Cao Cao) စစ်သားများမြင်သော် ခေါင်းဆောင်ကိုတင်ပြကြသည်။
“လျူရဲ့”(Liu
Ye): ““ယွမ်ရှောက်”(Yuan Shao) က မျက်နှာချင်းဆိုင်မတိုက်ရဲလို့ ချောင်းမြောင်းတိုက်နေတာ။
အခုလည်း လိုဏ်တူးပြီး ငါတို့တပ်ထဲဝင်လာမှာ။”
“ချောင်ချောင်း”(Cao
Cao): “ဘယ်လိုရင်ဆိုင်ရမလဲ။”
“လျူရဲ့”(Liu
Ye): “စခန်းတဝိုက်မှာ ကျုံးနက်နက်တူးထားရင် သူတို့လိုဏ်ခေါင်းတွေ အလကားဖြစ်သွားမှာပါ။”
သို့နှင့်
ကျုံးနက်နက်ကို မြန်နိုင်သမျှမြန်မြန်တူးကြသည်။ ရန်သူများ၏လုပ်အားမှာ အချည်းနှီးဖြစ်သွားလေသည်။
“ချောင်ချောင်း”(Cao
Cao) သည် ကျိကျိုး ကို ၂ လကြာ ထိန်းထားနိုင်သော်လည်း ရိက္ခာမှာရှားလာပြီး စစ်တပ်မှာ
ချည့်နဲ့လာသည်။ လက်လျှော့ကာ မြို့တော်ပြန်ရန် စဉ်းစားသော်လည်း စိတ်မဆုံးဖြတ်နိုင်သဖြင့်
“ရွှင်ယွီ”(Xun Yu) ထံစာရေးအကြံဉာဏ်တောင်းသည်။ “ရွှင်ယွီ”(Xun Yu) က “အရှင်ရဲ့စာကို ရပါတယ်။
ငါ့သဘောကတော့ “ယွမ်ရှောက်”(Yuan Shao) ကအနိုင်တိုက်ဖို့ ရည်ရွယ်ပြီး စစ်တပ်ကြီးကို
ကျိကျိုး မှာ ချထားတယ်။ သူ့တပ်က အင်အားကြီးပေမဲ့ အရှင်ကအားနည်းတယ်။ သူ့ထက်သာအောင်မကြံစည်နိုင်ရင်
သူစီစဉ်ထားသလိုဖြစ်ပြီး တိုင်းပြည်အတွက် ကပ်ဆိုက်ပါမယ်။ မင်းရန်သူတွေက များတာမှန်ပေမဲ့
သူတို့ခေါင်းဆောင်က ကောင်းကောင်းအသုံးမချတတ်ဘူး။ မင်းရဲ့စစ်ရေးအမြင်နဲ့ သုံးသပ်နိုင်စွမ်းနဲ့ဆိုရင်
မအောင်မြင်ဘဲဘယ်နေမလဲ။ မင်းတပ်အင်အားကနည်းပေမဲ့ “လျူဘန်း”(Liu Bang) က “ရှန့်ယွီ”(Xiang
Yu) ကို ကျွမ်းရန်နဲ့ ချန်ကောင်းမှာ ရင်ဆိုင်ခဲ့ရတာနဲ့စာရင် အများကြီးသာပါသေးတယ်။ “ယွမ်ရှောက်”(Yuan
Shao) ရဲ့လည်ပင်းကို သေသေချာချာဆုပ်ကိုင်ရပါမယ်။ မင်းအခုရှေ့မတိုးနိုင်ဘူးဆိုရင်တောင်မှ
လက်ရှိအခြေအနေက အမြဲဖြစ်တည်နေမှာမဟုတ်ပါဘူး။ ပြောင်းလဲပစ်ရပါမယ်။ အခုအချိန်က မထင်မှတ်တဲ့ရွှေ့ကွက်လုပ်ပြရမှာပါ။
လွဲချော်လို့မရပါဘူး။”
ဟုစာပြန်လေသည်။
“ချောင်ချောင်း”(Cao
Cao) သည် လွန်စွာစိတ်ကျေနပ်ပြီး သူ၏တပ်ကို ကြံ့ကြံ့ခံရန် အားပေးလေသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် နောက်သို့ ၁၀ မိုင်မျှဆုတ်ရသည်။ “ချောင်ချောင်း”(Cao Cao) ကကင်းထောက်များလွှတ်သည်။
“ရွှီဟွမ်”(Xu Huang) လက်အောက်ရှိ “ရှီဟွမ်”(Shi Huan) က ရန်သူသူလျှိုတစ်ယောက်ကိုဖမ်းမိသည်။
“ရွှီဟွမ်”(Xu Huang) က စစ်ကြောရာ ရိက္ခာလှည်းများလာမည်ဖြစ်၍ လမ်းကြောင်းကို စစ်ဆေးခိုင်းကြောင်းသိရသော်
“ချောင်ချောင်း”(Cao Cao) ထံချက်ချင်းတင်ပြသည်။
ရိက္ခာလှည်းကို
တာဝန်ယူရသူမှာ “ဟန်မန်”(Han Meng) ဖြစ်ကြောင်းသိသော် “ရွှင်ယို”(Xun You) က “သူက အရူးသာသာပဲ။
မြင်းစီးစစ်သည် ၁ ထောင်စေလွှတ်လိုက်ရင် လှည်းအကုန်သိမ်းနိုင်ပြီး ရန်သူကို ဒုက္ခပေးနိုင်မယ်။” ဟုဆိုသည်။
“ချောင်ချောင်း”(Cao
Cao): “ဘယ်သူ့ကိုလွှတ်သင့်သလဲ။”
“ရွှင်ယို”(Xun
You): ““ရွှီဟွမ်”(Xu Huang) ပါ။ သူက ဒီကိစ္စကိုအောင်မြင်နိုင်စွမ်းရှိပါတယ်။”
သို့နှင့်
“ရွှီဟွမ်”(Xu Huang) ကို စေလွှတ်သည်။ “ရွှီဟွမ်”(Xu Huang) က “ရှီဟွမ်”(Shi Huan) ကိုပါခေါ်သွားသည်။
၎င်းတို့ကို ထောက်ကူရန် “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu) တို့ကို ရံထားသည်။
ထိုညတွင်
ထောင်ပေါင်းများစွာသော ရိက္ခာလှည်းများသည် “ယွမ်ရှောက်”(Yuan Shao) စခန်းနားရောက်လာသည်။
တောင်ကြားလမ်းကိုဖြတ်မိသော် “ရွှီဟွမ်”(Xu Huang) နှင့် “ရှီဟွမ်”(Shi Huan) တို့ထွက်လာကာ
လှည်းကိုတားသည်။ “ဟန်မန်”(Han Meng) ထွက်တိုက်သော်လည်း ရှုံးနိမ့်သွားသည်။ အစောင့်များထွက်ပြေးသွားပြီး
လှည်းများမှာ မီးရှို့ခံရလေသည်။
မီးတောက်များကို
“ယွမ်ရှောက်”(Yuan Shao) စခန်းမှမြင်သော် များစွာစိတ်ညစ်ညူးကြလေသည်။ ထွက်ပြေးလာသော
စစ်သားများက အကြောင်းစုံပြောသော် ကြောက်ရွံ့သွားကြသည်။
“ယွမ်ရှောက်”(Yuan
Shao) က “ကျန်းဟဲ”(Zhang He) နှင့် “ကောက်လန်”(Gao Lan) တို့အား စီးနင်းသူများကို လိုက်လံတိုက်ခိုက်စေသည်။
“ရွှီဟွမ်”(Xu Huang) နှင့်တွေ့၍ တိုက်ခိုက်နေစဉ် “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu
Chu) တို့၏စစ်ကူတပ်များရောက်လာသည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များချေမှုန်းခံရပြီး
အောင်မြင်မှုရသွားသော “ချောင်ချောင်း”(Cao Cao) ၏စစ်သူကြီးများက ကျိကျိုး ကိုပြန်သွားပြီး
ရက်ရောစွာချီးမြှင့်ခံရလေသည်။ လုံခြုံစေရန် “ချောင်ချောင်း”(Cao Cao) ကပင်မစခန်းရှေ့တွင်
တပ်စခန်းတစ်ခုထားကာ ကာကွယ်ထားသည်။
“ဟန်မန်”(Han
Meng) ပြန်ရောက်သော် “ယွမ်ရှောက်”(Yuan Shao) က စိတ်ဆိုးစွာ သေဒဏ်ပေးသည်။ ကျန်သူများက
မသတ်ရန်တောင်းပန်ကြသည်။
“ရှန်ဖေ”(Shen
Pei): “တိုက်ပွဲမှာ အစားအစာက စစ်တပ်အတွက် သိပ်အရေးကြီးလို့ သတိကြီးကြီးထားပြီး ကာကွယ်ရပါမယ်။
ဝူချောင်း ကငါတို့ရဲ့ ရိက္ခာဂိုထောင်ဖြစ်လို့ ဂရုစိုက်ပြီး ကာကွယ်ရပါမယ်။”
“ယွမ်ရှောက်”(Yuan
Shao): “မင်း မြို့တော်ကိုပြန်ချင်ပြန်ပြီး ရိက္ခာကို စောင့်ရှောက်ပါ။ ပြတ်လပ်မှုမရှိစေနဲ့။”
သို့နှင့်
“ရှန်ဖေ”(Shen Pei) လည်းထွက်ခွာလာသည်။ စစ်သည် ၂ သောင်းကို ဝူချောင်း ရှိ ရိက္ခာဂိုထောင်ကို
စောင့်ကြပ်ခိုင်းသည်။ ခေါင်းဆောင်များမှာ “ချွန်းယွီချုံ”(Chunyu Qiong) ၊ “ကွေ့ယွမ်ကျင်း”(Gui
Yuanjin) ၊ "ဟန်ကျွီကျီ"(Han Juzi)၊ "လူဝေဟွမ်"(Lu Weihuang) နှင့်
“ကျောက်ရေ”(Zhao Rui) တို့ဖြစ်သည်။
ထိုသူများအနက်
“ချွန်းယွီချုံ”(Chunyu Qiong) မှာ ကြမ်းတမ်းပြီး အရက်သမားဖြစ်သည်။ မူးနေလျှင် ကြောက်မက်ဖွယ်ကောင်းသူုဖြစ်သည်။
ရိက္ခာဂိုထောင်ကိုစောင့်ရသော ပျင်းရိဖွယ်အလုပ်မျိုးတွင် ၎င်းတို့သည် သေရည်ကိုသာ သောက်ကြလေသည်။
“ချောင်ချောင်း”(Cao
Cao) ၏တပ်တွင် ရိက္ခာပြတ်လတ်လာပြီး မြို့တော်ကို ရိက္ခာတောင်းရတော့သည်။ သို့သော် ဆက်သားမှာ
“ယွမ်ရှောက်”(Yuan Shao) တပ်များ လက်သို့ ကျရောက်ရပြီး “ရွှီယို”(Xu You) ထံခေါ်ဆောင်သွားသည်။
ထိုစာကိုမြင်သော်
“ယွမ်ရှောက်”(Yuan Shao) ထံသွားကာ ““ချောင်ချောင်း”(Cao Cao) နဲ့ငါတို့ စစ်တိုက်လာတာကြာပြီ။
မြို့တော် ရွှီချန် ဟာ အကာအကွယ်မဲ့နေပြီ။ တပ်အနည်းငယ်စေလွှတ်ပြီး တိုက်ရင်တောင် နိုင်နိုင်ပါတယ်။
တချိန်တည်း ဒီမှာလည်း သူ့ကိုတိုက်ရင် နိုင်ပြီ။ တိုက်ဖို့အချိန်တန်ပြီ။” ဟု လျှောက်တင်သည်။
“ယွမ်ရှောက်”(Yuan
Shao): ““ချောင်ချောင်း”(Cao Cao) က ဉာဏ်များတယ်။ ဒီစာက ငါတို့စစ်တိုက်အောင် မြှူတဲ့စာဖြစ်နိုင်တယ်။”
“ရွှီယို”(Xu
You): “ဒီအခွင့်အရေးကို မယူရင် ငါတို့ကို တစတစထိခိုက်လာစေလိမ့်မယ်။”
ထိုအချိန်တွင်
Yejun မှ ရိက္ခာနှင့်အတူ သတင်းရောက်လာသည်။ “ရှန်ဖေ”(Shen Pei) က “ရွှီယို”(Xu You) သည်
Jizhou တွင်ရှိစဉ်က သတို့သမီးဆက်သလာလျှင် လက်ခံတတ်သောအကျင့်ရှိကြောင်း ၊ အမျိုးများက
အခွန်များပိုကောက်လျှင်လည်း မသိယောင်ဆောင်လေ့ရှိကြောင်း ၊ သားတစ်ယောက်နှင့် တူမှာ ထောင်ထဲတွင်ဖြစ်ကြောင်း
တင်ပြသည်။
ထိုအခါ “ယွမ်ရှောက်”(Yuan
Shao) က စိတ်ဆိုးစွာ “ရွှီယို”(Xu You) ဖက်လှည့်ကာ “မင်းဘယ်လိုမျက်နှာနဲ့ ငါ့ရှေ့ရပ်ပြီး
အကြံပေးနေနိုင်တာလဲ။ မင်းနဲ့ “ချောင်ချောင်း”(Cao Cao) က အရင်ကတည်းက ခင်ကြတယ်။ အခုလည်း
သူကမင်းကို လာဘ်ထိုးပြီး သူ့အကြံအောင်မြင်အောင် မကောင်းကြံခိုင်းတာမလား။ မင်းက ငါ့ကိုသစ္စာဖောက်ချင်နေတာပဲ။
မင်းခေါင်းကို ဖြတ်သင့်ပေမဲ့ လတ်တလောတော့ လွှတ်ပေးထားမယ်။ ထွက်သွား ၊ ဘယ်တော့မှပြန်ပေါ်မလာနဲ့။” ဟုဆိုလေသည်။
စော်ကားပြောဆိုခြင်းခံရသော
အကြံပေးမှာ သက်ပြင်းချကာ “လူယုံရဲ့စကားကို မယုံကြည်ဘူး။ ငါ့အကြံနဲ့မတန်ဘူး။ “ရှန်ဖေ”(Shen
Pei) ကလည်း ငါ့သားနဲ့ တူကို ထိပါးတယ်။ ငါ့လူတွေရဲ့မျက်နှာကို ငါဘယ်လိုကြည့်ရမလဲ။” ဟုညည်းညူလေသည်။ ထို့နောက် ဓားကိုဆွဲထုတ်ကာ
မိမိကိုယ်ကို သေကြောင်းကြံသည်။ နောက်လိုက်များက တားကာ ““ယွမ်ရှောက်”(Yuan Shao) က မင်းအကြံကိုမလိုက်နာရင်
“ချောင်ချောင်း”(Cao Cao) ကအနိုင်ယူသွားမှာပဲ။ မင်းက “ချောင်ချောင်း”(Cao Cao) ရဲ့မိတ်ဆွေဟောင်းပဲ။
အမှောင်ထဲကထွက်ခွာပြီး အလင်းရောင်ရှိရာကို သွားပါလား။” ဟုဆိုသည်။
ထိုစကားများက
“ရွှီယို”(Xu You) ကို လက်ရှိအခြေအနေအပေါ် အမှန်အတိုင်းမြင်စေပြီး “ယွမ်ရှောက်”(Yuan
Shao) ကိုစွန့်ခွာကာ “ချောင်ချောင်း”(Cao Cao) ဖက်ခိုလှုံရန် ဆုံးဖြတ်လေသည်။
“ရွှီယို”(Xu
You) သည် စခန်းမှခိုးထွက်ကာ “ချောင်ချောင်း”(Cao Cao) ဆီသွားသည်။ လမ်းတွင်အဖမ်းခံရသော်
“နန်းရင်းဝန်ရဲ့ မိတ်ဆွေဟောင်းပါ။ နန်ရန်က “ရွှီယို”(Xu You) လို့ပြောပေးပါ။” ဟုဆိုလေသည်။
ထိုအချိန်တွင်
“ချောင်ချောင်း”(Cao Cao) မှာ တစ်နေ့တာပင်ပန်းမှုကြောင့် ပေါ့ပါးစွာ နားနေလေသည်။ ထိုသတင်းကိုကြားသော်
ပျော်ရွှင်စွာထကာ ခြေဗလာနှင့် ကြိုလေသည်။ “ချောင်ချောင်း”(Cao Cao) ကပျော်ရွှင်စွာ လက်ခုပ်တီးပြီး
အနားရောက်သော် အရိုအသေပေးလေသည်။
“ရွှီယို”(Xu
You): လျင်မြန်စွာ ဆွဲထူကာ “မင်းလို နန်းရင်းဝန်တစ်ယောက်က ငါ့လိုသာမန်လူတစ်ယောက်ကို
အရိုအသေမပေးသင့်ပါဘူး။”
“ချောင်ချောင်း”(Cao
Cao): “ဒါပေမဲ့ မင်းက ငါ့မိတ်ဆွေလေ။ နာမည်တွေ ရာထူးတွေက ငါတို့ကိုခြားနားအောင် လုပ်လို့မရပါဘူး။”
“ရွှီယို”(Xu
You): “ဘယ်သခင်ကိုရွေးရမှန်းမသိတော့ “ယွမ်ရှောက်”(Yuan Shao) ကို ခစားခဲ့တယ်။ သူက ငါ့အကြံတွေကို
လက်မခံဘူး။ ဒါကြောင့် သူ့ကိုစွန့်ခွာပြီး မင်းဆီမှာ အလုပ်များရမလားလို့ လာခဲ့တာ။”
“ချောင်ချောင်း”(Cao
Cao): “မင်းသာလာမယ်ဆို ငါ့ကိုကူမယ့်သူတစ်ယောက်ရတာပဲ။ “ယွမ်ရှောက်”(Yuan Shao) ကိုချေမှုန်းဖို့
အစီအစဉ်ဆွဲပေးနိုင်မလား။”
“ရွှီယို”(Xu
You): “ငါက “ယွမ်ရှောက်”(Yuan Shao) ကို ရွှီချန် ကို တပ်တချို့လွှတ်ပြီး ဒီနေရာမှာလည်း
တချိန်တည်းမှာ အလုံးအရင်းနဲ့တိုက်ဖို့ အကြံပေးတာ။”
“ချောင်ချောင်း”(Cao
Cao): “ဒီလိုဆို ငါရှုံးမှာပဲ။”
“ရွှီယို”(Xu
You): “မင်းမှာ ရိက္ခာဘယ်လောက်ရှိလဲ။”
“ချောင်ချောင်း”(Cao
Cao): “တစ်နှစ်စာလုံလောက်တယ်။”
“ရွှီယို”(Xu
You): ပြုံးလျက် “ငါတော့မထင်ဘူး။”
“ချောင်ချောင်း”(Cao
Cao): “နှစ်ဝက်ပေါ့။”
“ရွှီယို”(Xu
You): အင်္ကျီလက်ကိုခါကာ တဲပြင်ထွက်ရန်ပြင်လျက် “ငါက အကြံကောင်းပေးမလို့ ၊ သူကကျတော့ လှည့်ဖျားတယ်။”
“ချောင်ချောင်း”(Cao
Cao): “စိတ်မဆိုးပါနဲ့။ အမှန်အတိုင်းပြောပါ့မယ်။ တကယ်တော့ ၃ လစာပဲကျန်တော့တယ်။”
“ရွှီယို”(Xu
You): “မင်းကို လှည့်ဖျားတဲ့နေရာမှာ ပြိုင်ဖက်ကင်းလို့ဆိုကြတာ မှန်နေတာပဲ။”
“ချောင်ချောင်း”(Cao
Cao): “စစ်တွင်းမှာ မလှည့်ဖျားလို့မရဘူးလေ။” ထို့နောက် “ရွှီယို”(Xu You) နား နားကပ်ကာ
“ဒီလအသုံးပဲကျန်တော့တယ်။”
“ရွှီယို”(Xu
You): “ငါ့နားထဲကို အမှိုက်တွေထပ်မထည့်စမ်းပါနဲ့။ မင်းရိက္ခာကုန်ပြီဆိုတာ ငါသိပါတယ်။”
“ချောင်ချောင်း”(Cao
Cao): မှင်သက်သွားကာ “မင်းဘယ်လိုသိတာလဲ။”
“ရွှီယို”(Xu
You): ဖမ်းဆီးရသော စာကိုထုတ်ပြကာ “ဒါကိုဘယ်သူရေးတာလဲ။”
“ချောင်ချောင်း”(Cao
Cao): “မင်းဘယ်ကရသလဲ။”
“ရွှီယို”(Xu
You) ကအစအဆုံးပြောပြလေသည်။ “ချောင်ချောင်း”(Cao Cao) က မိတ်ဆွေ၏လက်ကိုဆွဲကိုင်ကာ “ငါတို့ရဲ့ခင်မင်မှုက
မင်းကိုငါ့ဆီခေါ်လာတော့ မင်းမှာ ငါ့ကို အကြံပေးစရာရှိမယ်ထင်တယ်။” ဟုဆိုလေသည်။
“ရွှီယို”(Xu
You): “အင်အားကြီးတဲ့တပ်ကို အင်အားနည်းနည်းနဲ့ရင်ဆိုင်ရတာ မြန်မြန်အနိုင်မယူနိုင်ဘူးဆို
ကိုယ့်ပျက်စီးရာပျက်စီးကြောင်း ဖန်သလိုပဲ။ “ယွမ်ရှောက်”(Yuan Shao) ရဲ့ မရေမတွက်နိုင်လောက်အောင်
များတဲ့ လူအုပ်ကြီးကို တိုက်ပွဲမဖြစ်ဘဲ အနိုင်ရမယ့်နည်းရှိပါတယ်။ ဒါပေမဲ့ မင်းက လိုက်နာပါ့မလား။”
“ချောင်ချောင်း”(Cao
Cao): “မင်းအကြံကို သိပ်ကိုသိချင်နေပြီ။”
“ရွှီယို”(Xu
You): “ရန်သူရဲ့ ရိက္ခာအကုန်ဟာ ဝူချောင်း မှာရှိတယ်။ စောင့်ကြပ်နေတာက အမြဲမူးနေတဲ့ “ချွန်းယွီချုံ”(Chunyu
Qiong) ပဲ။ ယုံကြည်ရတဲ့ဝါရင့်စစ်သည်တချို့လွှတ်ပြီး “ယွမ်ရှောက်”(Yuan Shao) စစ်သူကြီး
“ကျန်းချီ”(Jiang Qi) က ရိက္ခာတွေကိုကာကွယ်ဖို့လွှတ်လိုက်တာလို့ပြောပါ။ ဒီစစ်သားတွေက
ရိက္ခာတွေကို မီးရှို့နိုင်ရင် “ယွမ်ရှောက်”(Yuan Shao) အစီအစဉ်တွေအားလုံးပျက်သွားမယ်။
၃ ရက်အကြာမှာ “ယွမ်ရှောက်”(Yuan Shao) က ဘာမှမဟုတ်တော့ပါဘူး။
“ချောင်ချောင်း”(Cao
Cao) ကလက်ခံကာ “ရွှီယို”(Xu You) ကို ကောင်းမွန်စွာထားလေသည်။ ထို့နောက် မြင်းစီးနှင့်
ခြေလျင်စစ်သည် ၅၀၀၀ ကို ရွေးချယ်ထားသည်။
“ကျန်းလျောင်”(Zhang
Liao) က “အခြေအနေအရ ရန်သူက ရိက္ခာဂိုထောင်ကို ကောင်းကောင်းစောင့်ကြပ်မှာပဲ။ သတိမထားရင်
ငါတို့ဟာ အကြံပေးအသစ် “ရွှီယို”(Xu You) ရဲ့ သားကောင်တွေဖြစ်ရလိမ့်မယ်။” ဟုကန့်ကွက်သည်။
“ချောင်ချောင်း”(Cao
Cao): “သူက သစ္စာဖောက်မဟုတ်ဘူး။ “ယွမ်ရှောက်”(Yuan Shao) ကိုနှိမ်နင်းဖို့ ကောင်းကင်ကလွှတ်လိုက်တာပဲ။
ငါတို့ရိက္ခာမရှိရင် ဒီနေရာမှာထိန်းထားနိုင်ဖို့ ခက်တယ်။ သူ့အကြံကိုလိုက်နာရင်လိုက်နာ
၊ မဟုတ်ရင် ဒီတိုင်းထိုင်နေပြီး အဝိုင်းခံရမှာပဲ။ နောက်ပြီး ဒီလိုအလစ်ဝင်စီးဖို့က ငါလည်းစဉ်းစားနေတာကြာပြီ။
သံသယမရှိပါနဲ့။ ငါတို့နိုင်ကို နိုင်မှာပါ။”
“ကျန်းလျောင်”(Zhang
Liao): “ဒီနေရာကို ကာကွယ်ဖို့တော့ ပြင်ဆင်ထားရမယ်။”
“ချောင်ချောင်း”(Cao
Cao): “ဒါလည်းပြင်ဆင်ပြီးပါပြီ။”
စီးနင်းတိုက်ခိုက်ရန်
အစီအစဉ်များကို အသေးစိတ်ဂရုတစိုက်ပြင်ဆင်ကြသည်။ “ရွှင်ယို”(Xun You) ၊ "ကျာရွှီ"(Jia
Xu) နှင့် “ချောင်ဟုန်”(Cao Hong) တို့ကို ပင်မစခန်း ၊ “ရွှီယို”(Xu You) ၊ “ရှဟိုတွန်း”(Xiahou
Dun) နှင့် "ရှဟိုယွမ်"(Xiahou Yuan)တို့ကို ဝဲဖက်စခန်း ၊ “ချောင်ရန်”(Cao
Ren) နှင့် “လီတျန်”(Li Dian) တို့ကို ယာဖက်စခန်း စောင့်စေသည်။ ထွက်ခွာရန်အသင့်ဖြစ်သော်
“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်က အလယ် ၊ “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu
Chu) က ရှေ့ပြေးတပ် ၊ “ရွှီဟွမ်”(Xu Huang) နှင့် “ယွီကျင့်”(Yu Jin) တို့က နောက်ချန်တပ်အဖြစ်ချီတက်ကြသည်။
၎င်းတို့သည် မီးရှို့ရန် မြက်ခြောက်များနှင့် ထင်းစည်းများသယ်ဆောင်လာသည်။ စစ်သားများက ပါးစပ်ကိုအဝတ်ဖြင့်ဆို့ထားကြပြီး
မြင်းများကို အသံမထွက်စေရန် အစွပ်များတပ်ဆင်ထားသည်။ နေဝင်ရီတရောအချိန်တွင် ရန်သူ့မြေထဲဝင်ခဲ့ကြသည်။
ညမှာ တိမ်ကင်းစင်ပြီး
ကြယ်များက တောက်ပစွာ လင်းလက်နေသည်။
“ယွမ်ရှောက်”(Yuan
Shao) စခန်းတွင် အကျဉ်းကျနေသော “ကျွီရှို့”(Ju Shou) က ကြယ်များလွန်စွာတောက်ပနေသဖြင့်
အစောင့်များကို အပြင်ခဏထွက်ရန်တောင်းဆိုသည်။ ကြယ်များကို လေ့လာပြီးနောက် လွန်စွာထိတ်လန့်သွားလေသည်။
ညပင်ဖြစ်သော်လည်း “ယွမ်ရှောက်”(Yuan Shao) နှင့်တွေ့ရန်သွားသည်။ “ယွမ်ရှောက်”(Yuan
Shao) မှာ သေရည်မူးပြီး နှစ်ခြိုက်စွာအိပ်ပျော်နေလသည်။ သို့သော် အကျဉ်းသားက လျှို့ဝှက်လျှောက်တင်ရန်ရှိသည်ဆိုသောကြောင့်
ထလာရသည်။
“ကျွီရှို့”(Ju
Shou): “ငါ ကြယ်တွေကိုလေ့လာလိုက်တော့ အလစ်ဝင်တိုက်မယ့်လက္ခဏာတွေတွေ့ရတယ်။ ရိက္ခာဂိုထောင်ကို
အထူးသတိနဲ့စောင့်ကြပ်ရပါမယ်။ အချိန်မဖြုန်းဘဲ စစ်သားကောင်းတွေနဲ့ ရဲရင့်တဲ့ ခေါင်းဆောင်တွေကို
တောင်တန်းတွေပေါ်ကနေစောင့်ကြည့်ခိုင်းပါ။ ဒါမှ “ချောင်ချောင်း”(Cao Cao) အကြံအစည်ကနေ
လွတ်မြောက်နိုင်မယ်။”
“ယွမ်ရှောက်”(Yuan
Shao): “မင်းက အပြစ်သားပဲ။ အဓိပ္ပာယ်မရှိတာတွေနဲ့ ငါ့စစ်တပ်ကို စိတ်ဓာတ်ကျအောင် လုပ်နေတာလား။” ထို့နောက် အစောင့်များဖက်လှည့်ကာ “မင်းတို့ကို
စောင့်ခိုင်းထားတာ ၊ ဘာလို့လွှတ်ပေးတာလဲ။”
ထိုအစောင့်များကိုသတ်ကာ
အခြားအစောင့်များကို သေချာစွာစောင့်ကြပ်ခိုင်းလေသည်။
“ကျွီရှို့”(Ju
Shou) လည်း သက်ပြင်းချကာ သည်းထန်စွာငိုကြွေးလျက် “ငါတို့စစ်သားတွေပျက်စီးတော့မယ်။ သနားစရာအလောင်းတွေက
ကောင်းကောင်းတောင် သဂြိုလ်ခံရပါ့မလားမသိနိုင်ဘူး။” ဟုရေရွတ်လေသည်။
“ချောင်ချောင်း”(Cao
Cao) ၏တပ်သည်တစ်ညလုံးချီတက်ကြသည်။ “ယွမ်ရှောက်”(Yuan Shao) ၏စခန်းတစ်ခုကိုကျော်သော်
စတင်မေးမြန်းခံရသည်။ “ချောင်ချောင်း”(Cao Cao) က လူတစ်ယောက်လွှတ်ကာ ““ကျန်းချီ”(Jiang
Qi) က ဝူချောင်း က ရိက္ခာတွေကာကွယ်ဖို့လွှတ်လိုက်တာ။” ဟုပြောခိုင်းသည်။
“ယွမ်ရှောက်”(Yuan
Shao) ၏တပ်အမှတ်အသားများပါသဖြင့် သံသယမရှိဘဲ သွားခွင့်ပေးလိုက်သည်။ စခန်းတိုင်းလိုလိုပင်
ဤလှည့်ကွက်မှာ အသုံးဝင်ပြီး အန္တရာယ်ကင်းစွာ ရောက်ရှိသွားကြသည်။ နာရီ ၄ ချက်တီးတွင်
ရည်ရွယ်ရာသို့ရောက်ပြီး အချိန်မဖြုန်းဘဲ ကောက်ရိုးနှင့် ထင်းများကို နေရာချပြီး မီးရှို့သည်။
ထို့နောက် စတင်တိုက်ခိုက်တော့သည်။
ထိုအချိန်တွင်
“ချွန်းယွီချုံ”(Chunyu Qiong) နှင့်အခြားခေါင်းဆောင်များမှာ အမူးလွန်ပြီး အိပ်ပျော်နေကြသည်။
အချက်ပေးသံများကြားသော် လန့်နိုးကာ အကျိုးအကြောင်းမေးမြန်းသော်လည်း အဖြေမရပေ။ မကြာမီ
၎င်းတို့လည်း အဖမ်းခံရလေသည်။
စစ်သူကြီး
“ကွေ့ယွမ်ကျင်း”(Gui Yuanjin) နှင့် “ကျောက်ရေ”(Zhao Rui) တို့မှာ ရိက္ခာယူပြီး ပြန်လာစဉ်
မီးတောက်များကိုမြင်သော် ကူညီရန် သွားကြသည်။ “ချောင်ချောင်း”(Cao Cao) စစ်သားများက
သတင်းပို့သော် “ချောင်ချောင်း”(Cao Cao) က “ရှေ့ကို အရင်တိုက်ပါ။ နောက်ကိုပြီးမှရင်ဆိုင်မယ်။” ဟုဖြေသည်။
သို့နှင့်
ရှေ့ကိုသာဖိတိုက်ကြသည်။ မကြာမီ မီးတောက်များအားကောင်းလာသည်။ “ကွေ့ယွမ်ကျင်း”(Gui
Yuanjin) နှင့် “ကျောက်ရေ”(Zhao Rui) တို့ရောက်လာသော် “ချောင်ချောင်း”(Cao Cao) ကလှည့်ကာ
တိုက်ခိုက်သည်။ နှစ်ဦးလုံးမခုခံနိုင်ဘဲ အသတ်ခံရသည်။ နောက်ဆုံးတွင် ရိက္ခာအလုံးစုံဖျက်ဆီးခံရလေသည်။
“ချွန်းယွီချုံ”(Chunyu
Qiong) မှာ အဖမ်းခံရပြီး နား ၊ နှာခေါင်းနှင့် လက်များအဖြတ်ခံရကာ မြင်းတွင်ချည်ပြီး
“ယွမ်ရှောက်”(Yuan Shao) ထံလွှတ်လိုက်လေသည်။
“ယွမ်ရှောက်”(Yuan
Shao) စခန်းတွင် မီးတောက်များကိုမြင်သော် ကူညီရန်တိုင်ပင်ကြသည်။ “ကျန်းဟဲ”(Zhang
He) က “ကောက်လန်”(Gao Lan) နှင့်အတူ သွားမည်ဟုဆိုသော်လည်း “ကော်ထူ”(Guo Tu) က “မင်းမသွားနဲ့။
အဲဒီနေရာမှာ “ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်ရှိနေမှာ။ ဒီတော့ သူ့စခန်းက အကာအကွယ်မဲ့နေမယ်။
သူ့တပ်ကိုဝင်တိုက်ရင် “ချောင်ချောင်း”(Cao Cao) ပြန်ဆုတ်လာရမှာပဲ။ ဒါဟာ "စွန်းဘင်း"(Sun
Bin)က ဝေ ဝင်စီးပြီး ကျောက် ကိုကယ်တင်ခဲ့သလိုပဲ။” ဟုဆိုသည်။
“ကျန်းဟဲ”(Zhang
He): ““ချောင်ချောင်း”(Cao Cao) ကခံစစ်အတွက်မပြင်ရလောက်အောင်တော့ မညံ့ဘူး။ အကယ်၍ သူ့စခန်းကိုဝင်တိုက်လို့
ရှုံးရင် ၊ “ချွန်းယွီချုံ”(Chunyu Qiong) ကလည်းအဖမ်းခံရရင် ငါတို့အားလုံးအဖမ်းခံရမှာ။”
“ကော်ထူ”(Guo
Tu): ““ချောင်ချောင်း”(Cao Cao) က ရိက္ခာတွေကိုဖျက်ဆီးဖို့ စိတ်လောနေမှာ။ အစောင့်ချန်ခဲ့မှာမဟုတ်ဘူး။
ငါကတော့ သူ့စခန်းကိုဝင်တိုက်စေချင်တယ်။”
သို့နှင့်
စစ်သည် ၅၀၀၀ ကိုဦးဆောင်ကာ “ချောင်ချောင်း”(Cao Cao) စခန်းကိုဝင်တိုက်ကြသည်။ “ကျန်းချီ”(Jiang
Qi) က စစ်သည် ၁ သောင်းနှင့် ရိက္ခာတပ်များကို ကူညီစေသည်။
“ချွန်းယွီချုံ”(Chunyu
Qiong) ကိုနှိမ်နင်းပြီးသော် “ချောင်ချောင်း”(Cao Cao) တပ်များက “ယွမ်ရှောက်”(Yuan
Shao) စစ်သားများဟန်ဆောင်ကာ ပင်မစခန်းကို သွားကြသည်။ “ကျန်းချီ”(Jiang Qi) ၏စစ်ကူတပ်များနှင့်တွေ့သော်
ဝူချောင်း တွင်ရှုံးနိမ့်သဖြင့် ထွက်ပြေးလာရကြောင်း ပြောသည်။ သို့နှင့် အခက်အခဲမရှိကျော်ဖြတ်လာနိုင်သည်။
မကြာမီ “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu) ကိုတွေ့သည်။ ခဏအတွင်းတွင်
“ကျန်းလျောင်”(Zhang Liao) က သတ်လိုက်နိုင်သည်။ ၎င်း၏တပ်မှာ ထွက်ပြေးသွားလေသည်။ အနို်င်ရသူများက
“ကျန်းချီ”(Jiang Qi) သည် ရန်သူများကိုတိုက်ထုတ်လိုက်နိုင်သည် ဟု သတင်းမှားလွှင့်လေသည်။
သို့နှင့် စစ်ကူများထပ်မလွှတ်တော့ဘဲ ကျိကျိုး ကိုဖိတိုက်ရန် တပ်များထပ်မံစေလွှတ်သည်။
ကျိကျိုး
သို့ “ယွမ်ရှောက်”(Yuan Shao) တပ်များရောက်လာသည်နှင့် “ရှဟိုတွန်း”(Xiahou Dun) ၊ “ချောင်ရန်”(Cao
Ren) နှင့် “ချောင်ဟုန်”(Cao Hong) တို့တပြိုင်နက်ထွက်လာကာ ၃ဖက်၃တန်မှ တိုက်ခိုက်ကြသည်။
စစ်ကူများရောက်လာသော်လည်း “ချောင်ချောင်း”(Cao Cao) တပ်မှာပြန်ရောက်လာပြီဖြစ်သဖြင့်
အနောက်ဖက်မှ အတိုက်ခံရပြန်သည်။ သို့သော် “ကျန်းဟဲ”(Zhang He) နှင့် “ကောက်လန်”(Gao
Lan) တို့သည် ရအောင်ဖောက်ထွက်ခဲ့ကြသည်။
ရိက္ခာဂိုထောင်ကိုစောင့်သော
တပ်အကြွင်းအကျန်များပြန်လာသော် စစ်ဆေးခံရသည်။ “ချွန်းယွီချုံ”(Chunyu Qiong) ၏အခြေအနေကိုကြည့်ပြီး
“ယွမ်ရှောက်”(Yuan Shao) ကဖြစ်ပျက်သမျှကိုမေးမြန်းသည်။ စစ်သားများက “ရန်သူတွေဝင်စီးတုန်းက
စစ်သူကြီးက အရက်မူးနေပါတယ်။”
ဟုဖြေကြသော် “ယွမ်ရှောက်”(Yuan
Shao) သည် “ချွန်းယွီချုံ”(Chunyu Qiong) ကို သေဒဏ်ပေးလေသည်။
“ကော်ထူ”(Guo
Tu) သည် “ကျန်းဟဲ”(Zhang He) နှင့် “ကောက်လန်”(Gao Lan) တို့ပြန်လာလျှင် အဖြစ်မှန်ကိုပြောမည်ကိုစိုးရိမ်၍
လှည့်ဖျားရန် ကြံသည်။ ပထမ “ယွမ်ရှောက်”(Yuan Shao) ကို “အရှင့်ရဲ့တပ်တွေရှုံးနိမ့်တော့
“ကျန်းဟဲ”(Zhang He) နဲ့ “ကောက်လန်”(Gao Lan) တို့က ဝမ်းသာနေမှာပဲ။” ဟုဆိုသည်။
“ယွမ်ရှောက်”(Yuan
Shao): “ဘာလို့ဒီလိုပြောတာလဲ။”
“ကော်ထူ”(Guo
Tu): “သူတို့က အရင်ကတည်းက “ချောင်ချောင်း”(Cao Cao) ဆီသွားချင်နေတာ။ အခုလည်း အကောင်းဆုံးမစွမ်းဆောင်ခဲ့ဘဲ
အရှင့်တပ်ကို ကပ်ဆိုက်စေတယ်။”
“ယွမ်ရှောက်”(Yuan
Shao) က ထိုသူ ၂ ဦးကို စစ်ဆေးရန် ပြန်ခေါ်စေသည်။ “ကော်ထူ”(Guo Tu) က ၎င်းထက်အရင် ထိုအကြောင်းကို
သတင်းပို့စေသည်။
“ကောက်လန်”(Gao
Lan): “ဘာလို့ပြန်ခေါ်တာလဲ။”
ဆက်သား:
“ကျွန်တော်တကယ်မသိပါဘူး။”
“ကောက်လန်”(Gao
Lan) ကဓားကိုထုတ်ကာ သတ်ပစ်လေသည်။ “ကျန်းဟဲ”(Zhang He) သည် ထိုအပြုအမူကြောင့် ထိတ်လန့်သွားသည်။
“ကောက်လန်”(Gao
Lan): “ငါတို့အရှင်က ငါတို့ “ချောင်ချောင်း”(Cao Cao) ဖက်ပါသွားပြီလို့ လိမ်ညာတာကို
ယုံသွားပြီ။ ဘာလို့ ဒီတိုင်းထိုင်နေပြီး ဖျက်ဆီးခံမလဲ။ “ချောင်ချောင်း”(Cao Cao) လက်အောက်ကိုပဲ
ခိုလှုံကြရအောင်လား။”
“ကျန်းဟဲ”(Zhang
He): “ငါလည်း တသဘောတည်းပါပဲ။”
သို့နှင့်
“ချောင်ချောင်း”(Cao Cao) ထံအညံ့ခံကြသည်။ “ရှဟိုတွန်း”(Xiahou Dun) က “သူတို့ ၂ ယောက်က
လာအညံ့ခံတာပါ။ ဒါပေမဲ့ သူတို့ကို မယုံဘူး။” ဟု လျှောက်တင်သည်။ “ချောင်ချောင်း”(Cao
Cao) က “မကောင်းတဲ့အကြံရှိရင်တောင် သူတို့ကို ကောင်းကောင်းမြှောက်စားပြီး ငါ့ဖက်ပါအောင်လုပ်မှာပေါ့။” ဟုပြန်ဖြေသည်။
ဂိတ်တံခါးများကိုဖွင့်ကာ
ထို ၂ ယောက်ကို ကြိုလေသည်။ ၎င်းတို့က လက်နက်ကိုချ ၊ ချပ်ဝတ်ကိုချွတ်ကာ “ချောင်ချောင်း”(Cao
Cao) ရှေ့ဒူးထောက်ကြသည်။ “ချောင်ချောင်း”(Cao Cao) က ““ယွမ်ရှောက်”(Yuan Shao) ကမင်းတို့စကားနားထောင်ခဲ့ရင်
ရှုံးနိမ့်မှာမဟုတ်ဘူး။ မင်းတို့ ၂ ယောက်ဟာ "ဝေကျီ"(Wei Zi) က ပျက်စီးလုလု
ရှန်အိမ်ကို စွန့်ခွာပြီး ကျိုးအိမ်ကို လာသလို ၊ "ဟန်ရှင်း"(Han Xin)က “ရှန့်ယွီ”(Xiang
Yu) ကိုစွန့်ခွာပြီး “လျူဘန်း”(Liu Bang) ဆီခိုလှုံသလိုပါပဲ။” ဟုဆိုလေသည်။
ထို့နောက်
“ကျန်းဟဲ”(Zhang He) ကို စစ်သူကြီးဘွဲ့နှင့် တုထင် အရှင် ၊ “ကောက်လန်”(Gao Lan) ကို
စစ်သူကြီးဘွဲ့နှင့် တုန်းလိုင်အရှင်ဘွဲ့ပေးလေရာ ၎င်းတို့လည်း များစွာကျေနပ်လေသည်။
“ယွမ်ရှောက်”(Yuan
Shao) သည် အကြံပေး “ရွှီယို”(Xu You) ကိုနှင်ထုတ်ပြီး ယခုလည်း စစ်သူကြီး ၂ ဦးနှင့်
ဝူချောင်း ရှိရိက္ခာများကို ဆုံးရှုံးရ၍ သူ၏တပ်မှာ စိတ်ဓာတ်ကျဆင်းနေသည်။
“ရွှီယို”(Xu
You) က “ချောင်ချောင်း”(Cao Cao) ကို မြန်နိုင်သမျှမြန်မြန်တိုက်ရန် အကြံပေးရာ လက်နက်ချစစ်သူကြီး
၂ ဦးက ရှေ့မှဦးဆောင်ခွင့်ပေးရန် တောင်းဆိုသည်။ သို့နှင့် “ကျန်းဟဲ”(Zhang He) နှင့်
“ကောက်လန်”(Gao Lan) ကို စစ်သည် ၃ ထောင်နှင့်အတူ ဦးစွာတိုက်စေသည်။ ညလုံးပေါက်တိုက်ခိုက်ပြီးနောက်
အရုဏ်တက်ချိန်တွင် “ယွမ်ရှောက်”(Yuan Shao) ၏တပ်သည် တဝက်မျှသာ ကျန်လေသည်။
“ရွှင်ယို”(Xun
You) က “အခု စစ်တပ်က စွမ်းကျောက်ကိုသိမ်းပြီး Yejun တို့တိုက်မယ် ၊ တချိန်တည်းမှာ လီရန်ကိုသိမ်းပြီး
ရန်သူဆုတ်လမ်းကိုတားမယ် လို့သတင်းလွှင့်လိုက်ပါ။ ဒါကို “ယွမ်ရှောက်”(Yuan Shao) ကြားရင်
လန့်ပြီး တားဖို့ ကြိုးစားလိမ့်မယ်။ ဒါဆို သူ့ဖက်က အရေးနိမ့်ပါလိမ့်မယ်။” ဟု အကြံပေးသည်။
“ချောင်ချောင်း”(Cao
Cao) ကလည်း ထိုအစီအစဉ်အတိုင်းလုပ်သည်။ ထိုသတင်းကို “ယွမ်ရှောက်”(Yuan Shao) ကြားသော်
သားဖြစ်သူ "ယွမ်ထန်"(Yuan Tan) ကို စစ်သည် ၅ သောင်းနှင့် ရဲ့ကျွင်းကိုကူစေပြီး
စစ်သူကြီး "ရှင်းမင်"(Xin Ming)ကို အခြားစစ်သည် ၅ သောင်းနှင့် လီရန်ကိုသွားစေသည်။
ထိုတပ်များထွက်သွားသော် “ချောင်ချောင်း”(Cao Cao) က စစ်ကြောင်း ၈ ကြောင်းဖြင့် တပြိုင်နက်
တိုက်ခိုက်လေတော့သည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များမှာ လွန်စွာစိတ်ဓာတ်ကျပြီး လမ်းဖွင့်ပေးလိုက်လေတော့သည်။
“ယွမ်ရှောက်”(Yuan
Shao) မှာ ချပ်ဝတ်ပင်မဝတ်နိုင်ဘဲ သာမန်ဝတ်စုံဖြင့် မြင်းပေါ်တက်ကာ ပြေးတော့သည်။ ၎င်းနှင့်အတူ
အငယ်ဆုံးသားဖြစ်သူ "ယွမ်ရှန်"(Yuan Shang) သာပါသည်။ “ကျန်းလျောင်”(Zhang
Liao) ၊ “ရွှီချူ”(Xu Chu) ၊ “ရွှီဟွမ်”(Xu Huang) နှင့် “ယွီကျင့်”(Yu Jin) တို့က နောက်မှဖိတိုက်သော်
“ယွမ်ရှောက်”(Yuan Shao) သည်မြစ်ကို အလျင်အမြန်ဖြတ်ကူးရလေသည်။ စာရွက်စာတမ်းများ ၊ အသုံးအဆောင်များ
၊ ရတနာများနှင့် အခြားအရာအားလုံးထားခဲ့ရလေသည်။ မြင်းစီးစစ်သည် ၈ ရာ သာ ပါလေသည်။ “ချောင်ချောင်း”(Cao
Cao) တပ်များက လိုက်သော်လည်း မမှီတော့ပေ။ သို့သော် မှတ်တမ်းအားလုံးသိမ်းမိပြီး စစ်သည်
၈ သောင်းကို သတ်ဖြတ်လေရာ သွေးများဖြင့် ဖုံးလွှမ်းသွားပြီး အလောင်းများမှာလည်း မရေတွက်နိုင်တော့ပေ။
“ချောင်ချောင်း”(Cao Cao) အတွက် လုံးဝဥဿုံအောင်မြင်မှုဖြစ်လေသည်။
အထက်ပါမှတ်တမ်းများတွင်
နန်းတွင်းရှိ အမှုထမ်းများနှင့် ဆက်သွယ်ထားသည်များကို တွေ့ရသော် နောက်လိုက်များက စာရင်းပြုစုပြီး
ဖမ်းဆီးရန် အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) က ““ယွမ်ရှောက်”(Yuan Shao) က အင်အားကြီးလွန်းတော့
ဒီထဲမှာ ငါတောင်ပါနိုင်တယ်။”
ဟုဆိုကာ မီးရှို့ဖျက်ဆီးစေလေသည်။
“ယွမ်ရှောက်”(Yuan
Shao) ၏စစ်သားများ ထွက်ပြေးသွားချိန်တွင် “ကျွီရှို့”(Ju Shou) မှာ အကျဉ်းသားဖြစ်သဖြင့်
ထွက်ပြေးမရ၍ အဖမ်းခံရသည်။ ၎င်းက “အညံ့မခံဘူး။” ဟုအော်ဟစ်ငိုကြွေးလေသည်။
“ချောင်ချောင်း”(Cao
Cao) က ““ယွမ်ရှောက်”(Yuan Shao) က တုံးအလို့ မင်းအကြံကို လျစ်လျူရှုတယ်။ ဘာလို့ စိတ်စွဲလန်းနေသေးတာလဲ။
မင်းသာ ငါ့ကိုကူညီရင် ငါဟာ တစ်နိုင်ငံလုံးကိုသိမ်းနိုင်မှာပဲ။” ဟု ဆိုကာ ကောင်းမွန်စွာ ပြုစုထားလေသည်။
သို့သော် “ကျွီရှို့”(Ju Shou) က မြင်းတစ်ကောင်ခိုးကာ ထွက်ပြေးလေသည်။ “ချောင်ချောင်း”(Cao
Cao) ကဒေါသထွက်ကာ ဖမ်းဆီးပြီးနောက် သေဒဏ်ပေးလေသည်။
ထို့နောက်
“သစ္စာရှိပြီး မှန်ကန်တဲ့လူတစ်ယောက်ကို သတ်မိပြီ။” ဟု ဝမ်းနည်းစွာဆိုလေသည်။ သေသူကို ကျိကျိုး
တွင် ကောင်းစွာသဂြိုလ်ပေးပြီး အုတ်ဂူပေါ်တွင် သစ္စာရှိပြီး မြင့်မြတ်သော “ကျွီရှို့”(Ju
Shou) ဟု ရေးထိုးပေးလေသည်။
*Silver~K*
Comments