သုံးနိုင်ငံခေတ်(၂၈)

အခန်း(၂၈) ချိုင်ရန်(Cai Yang) ကိုသတ်လိုက်ရာ ညီအစ်ကိုတို့၏ သံသယကင်းသွားခြင်း။ ကူချန်တွင် သခင်နှင့် နောက်လိုက်တို့တွေ့ကြခြင်း

စွန်းချန်(Sun Qian) သည် ကွမ်းယွီ(Guan Yu) နှင့်အတူ ရုနန်သို့သွားရန် လိုက်ပါလာရာ နောက်မှ ရှဟိုတွန်း(Xiahou Dun) လိုက်လာသည်။ ထိုအခါ စွန်းချန်(Sun Qian) အား လှည်းယာဉ်ကိုစောင့်ကြပ်ကာ အလျင်သွားစေလိုက်သည်။ ရန်သူတို့အနီးကပ်လာရာ ကွမ်းယွီ(Guan Yu) မှ
“ခင်ဗျားက ဝန်ကြီးချုပ်ရဲ့အမိန့်ကို မလိုက်နာပဲဘာကြောင့်ရောက်လာရတာတုန်း” ဟု ပြောလိုက်သည်။
ရှဟိုတွန်း(Xiahou Dun): “ဝန်ကြီးချုပ်က ဘာမှသေချာတဲ့အမိန့်မပေးထားဘူး။ ခင်ဗျားက လမ်းမှာ လူတချို့ကိုသတ်ခဲ့တယ်။ အဲ့ထဲကတစ်ယောက်က ကျုပ်လက်အောက်က ခေါင်းဆောင်တစ်ဦးပဲ။ ဒါကြောင့် ခင်ဗျားကိုဖမ်းရမယ်။ ပြီးမှ ဝန်ကြီးချုပ် ဆုံးဖြတ်ပါစေ”
ထို့နောက် ရှဟိုတွန်း(Xiahou Dun) သည် သူ၏လှံကိုကိုင်ပြီး ကွမ်းယွီ(Guan Yu) ကိုတိုက်ရန်ပြင်သည်။
ထိုအချိန်တွင်ပင် အနောက်ဘက်မှ မြင်းသည်တော်တစ်ဦးရောက်လာကာ
“ကွမ်းယွီ(Guan Yu) နဲ့ တိုက်လို့မဖြစ်ဘူး” ဟု လှမ်းအော်ပြောသည်။

ထိုဆတ်သားသည် ဝန်ကြီးချုပ်ထံမှစာကို ရှဟိုတွန်း(Xiahou Dun) ထံပေးလိုက်ပြီးနောက်
“ဝန်ကြီးချုပ်က ကွမ်းယွီ(Guan Yu) နဲ့ သစ္စာရှိမှုနဲ့ ဂုဏ်သိက္ခာာတွေကြောင့် သူ့ကို တအားလေးစားတယ်။ လမ်းမှာ တခြားလူတွေက ဖြတ်သန်းခွင့်မပြုမှာစိုးလို့ ကျွန်တော့်ကို ဒီအမိန့်စာနဲ့အတူလွှတ်လိုက်တာပါ” ဟု ပြောလေသည်။
ရှဟိုတွန်း(Xiahou Dun) : “ဒါပေမယ့် ဒီကွမ်းယွီ(Guan Yu) က လမ်းမှာ မင်းမှုထမ်းတွေကို သတ်ခဲ့တာကိုရော ဝန်ကြီးချုပ်က သိပါသလား”
ထိုအခါ ဆတ်သားက မသိဟု ဖြေလျင် ရှဟိုတွန်း(Xiahou Dun) မှ
“ဒါဆို သူ့ကိုဖမ်းပြီး ဝန်ကြီးချုပ်ဆီအရင်ပို့ရမယ်။ အဲ့နောက်မှ ဝန်ကြီးချုပ်သဘောကျ စီမံပါစေ” ဟု ပြောသည်။

ကွမ်းယွီ(Guan Yu) မှ
“ခင်ဗျားဘာလုပ်တယ်ဆိုတာကို ကျုပ်ကကြောက်မယ်ထင်လား” ဟု ပြောပြီး ထွက်သွားသည်။ ထိုအခါ ရှဟိုတွန်း(Xiahou Dun) ကလည်း ကွမ်းယွီ(Guan Yu) ကိုတိုက်ရန်ပြင်ပြန်သည်။ ထိုအခိုက်မှာပင် နောက်ဆတ်သားတစ်ဦးမှ ခဏစောင့်ပါဦးဟု ဆိုကာရောက်လာပြန်သည်။ ရှဟိုတွန်း(Xiahou Dun) မှ
“ကွမ်းယွီ(Guan Yu) ကို ဖမ်းမိန့်ထုတ်လိုက်တာလား” ဟု မေးရာ ဆတ်သားမှ
“မဟုတ်ပါဘူး။ ကွမ်းယွီ(Guan Yu) က လမ်းမှာအခက်အခဲကြုံမှာစိုးလို့ သူ့ကိုလွှတ်ဖို့စာပါးလိုက်တာပါ “ဟုပြောသည်။
ထိုအခါ ရှဟိုတွန်း(Xiahou Dun) ကလည်း ပထမလူအားမေးသည့်အတိုင်းမေးပြန်လျှင် ဆတ်သားကလည်း မသိပါဟု ပြန်ဖြေသည်။ ထိုအခါ ရှဟိုတွန်း(Xiahou Dun) ကလည်း သူ့လူတို့အား ကွမ်းယွီ(Guan Yu) ကို ဝန်းရံရန် အချက်ပြလိုက်သည်။ ကွမ်းယွီ(Guan Yu) ကလည်း တိုက်ရန်ပြင်လေသည်။ ထိုအချိန်မှာပင်
“ကွမ်းယွီ(Guan Yu) ကို မတိုက်နဲ့၊ လမ်းဖယ်ပေးလိုက်” ဟုသော အသံပေါ်လာသည်။

ထိုအသံရှင်မှာ ကျန်းလျောင်(Zhang Liao) ပင်ဖြစ်သည်။
ကျန်းလျောင်(Zhang Liao) : “ကွမ်းယွီ(Guan Yu) လမ်းမှာ အမှုထမ်းတချို့ကိုသတ်လိုက်တယ်လို့ကြားတဲ့အခါ ဝန်ကြီးချုပ်က ကွမ်းယွီ(Guan Yu) ကို တခြားလူတွေလမ်းပိတ်မှာစိုးရိမ်ပြီး ကျုပ်ကိုဒီစာပို့စေလိုက်တာပါ”
ရှဟိုတွန်း(Xiahou Dun)  : “သေသွားတဲ့ ချင်းချိ(Qin Qi) ဆိုတာ ချိုင်ရန်(Cai Yang) အစ်မရဲ့သားလေ၊ နောက်ပြီး သူ့ကိုကျုပ်လက်အောက်မှာ ဂရုစိုက်ဖို့ပြောခဲ့တာ။ ကွမ်းယွီ(Guan Yu) က သူ့ကိုသတ်လိုက်တာ ကျုပ်က ဘာလို့လွှတ်ပေးရမှာလည်း”
ကျန်းလျောင်(Zhang Liao) : “ဦးလေးဖြစ်တဲ့ ချိုင်ရန်(Cai Yang) ကိုတွေ့ရင် ကျုပ်ရှင်းပြပေးပါ့မယ်။ အခုအဓိကက ဝန်ကြီးချုပ်ရဲ့အမိန့်ကိုနာခံပြီး ကွမ်းယွီ(Guan Yu) ကို ဖြတ်သန်းခွင့်ပေးဖို့ပါပဲ”
ထိုအခါ ရှဟိုတွန်း(Xiahou Dun) လည်း အမိန့်ကိုမဖီဆန်နိုင်ရကား တပ်ဆုတ်သွားလေသည်။

ကျန်းလျောင်(Zhang Liao) မှ ကွမ်းယွီ(Guan Yu) အား
“ဘယ်ကိုသွားမလည်း” ဟုမေးရာ ကွမ်းယွီ(Guan Yu) မှ
“ကျုပ်အစ်ကိုက အခု ယွမ်ရှောက်(Yuan Shao) နဲ့အတူမရှိတော့ဘူးဆိုတော့ သူရှိတဲ့နေရာသွားရမှာပေါ့ “ ဟု ဖြေသည်။
“ခင်ဗျား ဘယ်သွားရမယ်မသိရင် ဝန်ကြီးချုပ်ဆီပြန်လာခဲ့ပါလား”
ကွမ်းယွီ(Guan Yu) မှ ပြုံးလိုက်ပြီး

“ဒါ အဓိပ္ပာယ်မရှိတာပဲ။ ဒါပေမယ့် ခင်ဗျားပြန်ရင် ကျုပ်အမှားအတွက်တောင်းပန်ပေးပါ” ဟုပြောပြီး ကျန်းလျောင်(Zhang Liao) အားနှုတ်ဆက်ထွက်ခွာသွားသည်။ ကျန်းလျောင်(Zhang Liao) သည် ရှဟိုတွန်း(Xiahou Dun) တပ်နှင့်ပူးပေါင်းလေသည်။ 

ကွမ်းယွီ(Guan Yu) ကလည်း လှည်းယာဉ်နောက်ပြန်လိုက်ပြီး မည်သို့မည်ပုံဖြစ်သည်ကို စွန်းချန်(Sun Qian) အား ပြောပြလေသည်။  ရက်အနည်းငယ်ကြာသော် လမ်းတွင်မိုးအသည်းအထန်ရွာသဖြင့် တည်းခိုရာ နေရာကိုရှာရာ လယ်ကွက်တစ်ခုတွေ့သည်။ ထိုလယ်ကွက်မှ လယ်သမားအဘိုးအိုတစ်ဦးထွက်လာကာ ကြိုဆိုပြီး
“ကျွန်တော့်နာမည်ကတော့ ကောချန်(Guo Chang) ပါ။ ဒီမှာနေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီ။ ဒီလိုနာမည်ကြီးတဲ့လူကိုတွေ့ရတာဝမ်းသာပါတယ်” ဟုပြောသည်။
ထို့နောက် ကောချန်(Guo Chang) သည် သိုးတစ်ကောင်ကိုသတ်ပြီး အရက်တို့နှင့်အတူ ဧည့်သည်တို့အား ဧည့်ခံသည်။ အမျိုးသမီးနှစ်ဦးတို့ကိုလည်း အိမ်အတွင်းဘက်တွင်နားနေစေသည်။ ထို့နောက် အိတ်တို့ကိုအခြောက်ခံပြီး မြင်းတို့အား အစာကျွေးသည်။

နောက်ရက်တွင် ထိုအိမ်ရှင်အဘိုးအိုမှ
“ဒါက ကျွန်တော့်သားပါ” ဟုပြောပြီး ကွမ်းယွီ(Guan Yu) နှင့်မိတ်ဆက်ပေးသည်။ ကွမ်းယွီ(Guan Yu) မှ
သူက ဘာတွေလုပ်တာလည်း ဟု မေးရာ
“ခုဏကမှ အမဲလိုက်ပြီးပြန်လာတာပါ” ဟု အဖေဖြစ်သူကဖြေသည်။ ထို့နောက် သားဖြစ်သူက အပြင်ထွက်သွားသည်။ ထိုအခါ အိမ်ရှင်အဘိုးအိုမှ
“ကျွန်တော်တို့မျိုးရိုးက လယ်သမားနဲ့ စာပေပညာရှင်တွေပဲထွက်ခဲ့တာ။ ကျွန်တော့်ရဲ့ဒီတစ်ဦးတည်းသောသားကတော့ အဖေခြေရာမနင်းပဲ စိတ်ပျက်ပြီး အမဲလိုက်နေလေရဲ့” ဟု ပြောလေသည်။ ကွမ်းယွီ(Guan Yu) မှ
“ဘာလို့စိတ်ညစ်ရတာတုန်း။ ဒီခေတ်မှာ စစ်သားကောင်းဆိုရင် စစ်တပ်ထဲဝင်ပြီး တော်ရင် နာမည်ကောင်းရနိုင်တာပဲလေ” ဟုပြောသည်။
“စစ်ပညာတွေဘာတွေတတ်ရင်တော့ အဲ့ဟာနဲ့အသက်မွေးလို့ရတာပေါ့။ အခုတော့သူက ဘာမှရေရေရာရာမလုပ်ပဲ အလေလိုက်နေတာ စိတ်ပျက်စရာပါပဲ”
ထိုစကားကိုကြားလျှင် ကွမ်းယွီ(Guan Yu) သည်လည်း စိတ်မကောင်းဖြစ်ကာ သက်ပြင်းချသည်။ အဘိုးအိုလည်း ညဥ့်နက်သည်အထိအဖော်ပြုပြီးနောက်ထွက်သွားသည်။ ဧည့်သည်တို့လည်း အနားယူရန်ပြင်သည်။

ထိုအချိန်တွင်ပင် အပြင်ဘက်မှ မြင်းသံတို့ကြားသဖြင့် ကွမ်းယွီ(Guan Yu) မှသူ၏အစောင့်တို့ကိုခေါ်ရာ မည်သို့မျှပြန်မထူးချေ။ ကွမ်းယွီ(Guan Yu) သည် စွန်းချန်(Sun Qian) နှင့်အတူ ဓားကိုယ်စီဖြင့် မြင်းဇောင်းသို့ထွက်ကြည့်ကြသည်။ ထိုအခါ မြင်းဇောင်းအနီးဝယ် အိမ်ရှင်၏သားသည် မြေကြီးပေါ်တွင်ရှိနေပြီး သူ့နောက်လိုက်တို့အား တိုက်ခိုက်ရန်အော်ပြောနေသည်။ ထိုအခါ ကွမ်းယွီ(Guan Yu) က အစောင့်တို့အား အဖြစ်အပျက်တို့ကိုမေးရာ အစောင့်တို့မှ
“ဒီကောင်က ယုန်နီကိုခိုးဖို့လုပ်တာ မြင်းကကန်လိုက်ပြီး နောက်လှန်ကျသွားတယ်။ ကျွန်တော်တို့လည်း အသံကြားလို့လာကြည့်တော့ သူက သူ့လူတွေကို တိုက်ဖို့ပြောနေတယ်” ဟု ပြောလေသည်။ ကွမ်းယွီ(Guan Yu) မှ
“သူခိုးတွေ၊ ငါ့မြင်းကိုခိုးချင်သေးတယ်” ဟု အော်လေသည်။ ကွမ်းယွီ(Guan Yu) ဘာမှမလုပ်ခင်တွင်ပင် အိမ်ရှင်ဖြစ်သူရောက်လာပြီး
“ကျွန်တော့်သားလုပ်တာ ကျွန်တော်ဘာမှမသိပါဘူး။ သူသေသင့်ပါတယ်။ ဒါပေမယ့် သူ့အမေဖြစ်သူက သူ့ကိုတအားချစ်တဲ့အတွက် ငဲ့ညှာပေးဖို့တောင်းပန်ပါတယ်” ဟု ပြောသည်။
“ဒီလိုလူမျိုးက ဒီလိုအဖေမျိုးရှိဖို့မထိုက်တန်ဘူး။ ဒါပေမယ့် ခင်ဗျား မျက်နှာနဲ့သူ့ကိုခွင့်လွှတ်လိုက်မယ်”

ထို့နောက် ကွမ်းယွီ(Guan Yu) သည် သူ့လူတို့အား သတိရှိရန်ပြောပြီး အထဲသို့ဝင်ကာ အနားယူသည်။ နောက်မနက်တွင် အိမ်ရှင်ဖြစ်သူရော သူ့ဇနီးကပါ သူတို့သားကိုခွင့်လွှတ်သဖြင့် ကွမ်းယွီ(Guan Yu) ကို ကျေးဇူးတင်ရန်စောင့်နေသည်။ အဘိုးအိုမှ
“ကျွန်တော့်သားကို ခင်ဗျားအပေါ်ပြစ်မှားမိတာကို ခင်ဗျားက ခွင့်လွှတ်လို့ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
သူ့ကို ကျွန်တော့်ရှေ့ခေါ်လာခဲ့ပါ။ သူ့ကိုပြောစရာရှိတယ်
သူ မနက်ကတည်းက သူ့သူငယ်ချင်းတွေနဲ့ထွက်သွားတာ အခုထက်ထိပြန်မလာသေးဘူး
သို့နှင့် ကွမ်းယွီ(Guan Yu) လည်း ထိုလင်မယားကို နှုတ်ဆက်ပြီး တောင်ကုန်းဘက်သို့သွားရန်ပြင်သည်။

သိပ်ဝေးဝေးမရောက်မီပင် မြင်းစီးလာသောလူနှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ဦးမှာ အဝါရောင်ခေါင်းစည်းကိုစည်းထားပြီး ကျန်တစ်ဦးမှာ ကောချန်(Guo Chang) ၏သားဖြစ်သည်။ အဝါရောင်ခေါင်းစည်းထားသော လူမှ
“ကျုပ်က ကောင်းကင်အရှင်သခင် ကျန်းကျွယ်(Zhang Jue) လက်အောက်က ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ ခင်ဗျားဘယ်သူပဲဖြစ်ဖြစ် ခင်ဗျားအခုစီးနေတဲ့မြင်းကိုထားခဲ့ပါ။ အဲ့လိုသာဆို အသက်ချမ်းသာပေးမယ်” ဟု ပြောသည်။ ကွမ်းယွီ(Guan Yu) မှ ထိုစကားကိုကြားပြီးနောက် ရယ်လိုက်ပြီး
“မင်းသာ ကျန်းကျွယ်(Zhang Jue) နဲ့အတူ သူပုန်ဖြစ်ခဲ့ဖူးတဲ့ဆိုရင် လျူဘေ့(Liu Bei) ၊ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ဆိုတဲ့ညီနောင်သုံးဦးအကြောင်းကိုတော့ ကြားဖူးမှာပေါ့” ဟု ပြောသည်။
“ကျုပ်က မုတ်ဆိတ်ရှည်ကွမ်းယွီ(Guan Yu) အကြောင်းတော့ကြားဖူးပါတယ်။ ခင်ဗျားက ဘယ်သူလည်း” ဟု မေးသည်။ ထိုအခါ ကွမ်းယွီ(Guan Yu) သည် သူ့မုတ်ဆိတ်ကိုဖုံးထားသောအိတ်ကို ဖြုတ်လိုက်သည်။

အဝါရောင်ခေါင်းစည်းဝတ်ထားသောသူသည် တစ်ဖက်လူမှာ ကွမ်းယွီ(Guan Yu) မှန်းသည်လျှင် သူ့အဖော်အား ဒူးထောက်စေပြီး သူပါ ဒူးထောက်လေသည်။
ကွမ်းယွီ(Guan Yu)  ခင်ဗျားက ဘယ်သူတုန်း
“ကျွန်တော်က ဖေယွမ်ရှောက်(Pei Yuanshao) ပါ။ ကျန်းကျွယ်(Zhang Jue) သေဆုံးပြီးနောက်ပိုင်းမှာ ကျွန်တော့်လိုမျိုးလူတွေစုပြီးတော့ ဒီတောအုပ်ထဲမှာနေပါတယ်။ မနက်တုန်းက ကျွန်တော်တို့ဆီ ဒီလူရောက်လာပြီး သူ့အဖေခြံထဲမှာ အဖိုးတန်မြင်းရှိတယ်ဆိုပြီး လာခိုးခိုင်းတာနဲ့ရောက်လာတာပါ။ ကျွန်တော်က စစ်သူကြီးနဲ့တွေ့မယ်မှန်းမသိခဲ့ဘူး”
ကောချန်(Guo Chang) ၏သားဖြစ်သူသည် သူ့အသက်ကိုချမ်းသာပေးရန် တောင်းပန်ရာ ကွမ်းယွီ(Guan Yu) ကလည်း သူ့အဖေ၏မျက်နှာဖြင့် ခွင့်လွှတ်လိုက်ပြန်သည်။

ကွမ်းယွီ(Guan Yu) : “ခင်ဗျားက ကျုပ်မျက်နှာမသိပဲနဲ့ ကျုပ်နာမည်ကိုတော့ ဘယ်လိုသိတာလည်း”
ဖေယွမ်ရှောက်(Pei Yuanshao) : “ ဒီနားက အိပ်ပျော်နေတဲ့ကျွဲလို့အမည်ရှိတဲ့တောင်ကုန်းမှာ အနောက်ပိုင်းကလာတဲ့ ကျိုးချန်း(Zhou Cang) ဆိုတဲ့ အစွမ်းကြီးတဲ့လူရှိပါတယ်။ သူ့မှာ မုတ်ဆိတ်မွှေးကောက်ကောက်ရှိပြီး အင်မတန်ခန့်ညားတဲ့လူဖြစ်တယ်။ ဒါ့အပြင် သူကလည်း သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ သူက စစ်သူကြီးအကြောင်းကိုပြောပြတာပါ။ စစ်သူကြီးကိုတော့ မမြင်ဖူးခဲ့ဘူးပေါ့”
ကွမ်းယွီ(Guan Yu) : “ သူရဲကောင်းဆိုတာ သစ်တောထဲမှာမနေဘူး။ ခင်ဗျားက အဲ့နေရာကိုစွန့်လွှတ်ပြီး ကောင်းမွန်တဲ့အရာလုပ်သင့်တယ်၊ ကိုယ့်ကိုယ်ကို မဖျက်စီးပါနဲ့”

ထိုသို့စကားပြောနေကြစဉ်ပင် အဝေးမှမြင်းစီးသောလူတစ်စုလာနေသည်ကိုလှမ်းမြင်လိုက်ရသည်။ ထိုမြင်းနှင့်လူတို့မှာ ကျိုးချန်း(Zhou Cang) ၏ တပ်ဖွဲ့ဖြစ်သည်ဟု ဖေယွမ်ရှောက်(Pei Yuanshao) ပြောလေလျှင် ကွမ်းယွီ(Guan Yu) ကလည်း စောင့်နေသည်။ ထိုမြင်းတပ်ကိုခေါင်းဆောင်လာသူမှာ အသားအလွန်မည်းပြီး အရပ်ရှည်ကာ လှံကိုင်ထားလေသည်။ ထိုသူသည်အနီးသို့ရောက်လျှင်
“ဒါ စစ်သူကြီး ကွမ်းယွီ(Guan Yu) ပဲ” ဟု ဝမ်းသာစွာပြောသည်။
ထို့နောက် ထိုသူသည် မြင်းပေါ်မှ ဆင်းကာ ဒူးထောက်လိုက်ပြီး
“ကျိုးချန်း(Zhou Cang) က စစ်သူကြီးကို ဂါဝရပြုပါတယ်” ဟု ပြောသည်။
“သူရဲကောင်းက ကျွန်တော့်ကိုဘယ်လိုသိတာလည်း”
“ကျွန်တော် အဝါရောင်သူပုန်ဖြစ်ခဲ့စဉ်က စစ်သူကြီးကိုမြင်ဖူးခဲ့ပြီး စစ်သူကြီးနောက်လိုက်ချင်ခဲ့ပါတယ်။ အခုတော့ ကံကောင်းထောက်မစွာနဲ့ စစ်သူကြီးကိုတွေ့ခဲ့ပြီ။ ကျွန်တော် စစ်သူကြီးနောက်လိုက်ချင်ပါတယ်။ ဒါကြောင့်မငြင်းဆန်ပါနဲ့။ မြင်းကျာပွတ်ကိုပဲကိုင်ရကိုင်ရ၊ မြင်းပေါ်တက်ဖို့ ကူညီတဲ့လူပဲလုပ်ရလုပ်ရ စစ်သူကြီးရဲ့ခြေလျင်စစ်သားဖြစ်ချင်ပါတယ်။ စစ်သူကြီးအတွက်ဆိုရင် အသက်ပါအသေခံဝံ့ပါတယ်”
ထိုသူ၏ခိုင်မာသောစိတ်ဓာတ်ကိုမြင်လျှင် ကွမ်းယွီ(Guan Yu) မှ
“ခင်ဗျားလိုက်ရင် ခင်ဗျားရဲ့နောက်လိုက်တွေကကော” ဟုမေးလိုက်သည်။
“သူတို့က လုပ်ချင်တာလုပ်ပါစေ။ ကျွန်တော့်နောက်လိုက်ချင်လည်းလိုက်၊ မလိုက်ချင်လည်း သူတို့လမ်းသူတို့လျှောက်ပါစေ”
အကုန်လုံးကလည်း "လိုက်ပါပါမည်" ဟု အော်ကြသည်။
"ကွမ်းယွီ"(Guan Yu) သည် မြင်းပေါ်မှ ဆင်းပြီး သူ၏မရီးနှစ်ဦး၏အထင်ကိုသွားမေးရာ ကန်းအမျိုးသမီးမှ
"ငါ့မတ်က လမ်းခရီးမှာ အစောင့်အကြပ်မပါပဲနဲ့ အန္တရာယ်တွေအများကြီးကိုဖြတ်သန်းပြီးပြီပဲ၊ လျောင်ဟွာ(Liao Hua) ရဲ့အကူအညီကိုတောင်မယူခဲ့ဘူး။ ဘာလို့အခုမှလူအများကြီးကိုလက်ခံမှာလည်း? ဒါက ငါ့အမြင်သက်သက်ပါ၊ ဆုံးဖြတ်တာက ငါ့မတ်ပဲဆုံးဖြတ်ပါ" ဟု ပြောသည်။
"မရီးတော်ပြောတာ အဓိပ္ပာယ်ရှိပါတယ်"
ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် "ကျိုးချန်း"(Zhou Cang) အား
"ငါက ကျေးဇူးမသိတာတော့မဟုတ်ပေမယ့် မရီးနှစ်ဦးက လူစုလူဝေးနဲ့သွားတာမတွေ့တဲ့အတွက် ဒီမှာပဲအရင်နေနှင့်ပါဦး။ ငါ့အစ်ကိုကြီးကိုတွေ့ပြီးရင်တော့ ပြန်လာခေါ်ပါ့မယ်" ဟု ပြောလေသည်။
"ကျိုးချန်း"(Zhou Cang) : "ကျွန်တော်က ဘဝတစ်လျှောက်လုံးမှာ သူပုန်အနေနဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။ စစ်သူကြီးကိုမြင်ရတာက ကောင်းကင်က နေမင်းကြီးကိုတွေ့လိုက်ရသလိုပဲ။ ကျွန်တော့်လူတွေကိုတော့ တစ်ယောက်ယောက်ကို ဦးဆောင်ခိုင်းပါ့မယ်၊ ကျွန်တော်ကတော့ စစ်သူကြီးနဲ့ လိုက်ခဲ့ပါရစေ။"

ထိုအခါ "ကွမ်းယွီ"(Guan Yu) က မရီးနှစ်ဦးမည်သို့သဘောရသည်ကိုသွားမေးရာ ကန်းအမျိုးသမီးက တစ်ယောက်၊ နှစ်ယောက်လောက်က ကိစ္စမရှိကြောင်းပြောသဖြင့် "ကွမ်းယွီ"(Guan Yu) က လက်ခံလိုက်သည်။ "ဖေယွမ်ရှောက်"(Pei Yuanshao) ကလည်း မကျေနပ်ပဲ သူပါလိုက်ပါလိုကြောင်းပြောလေသည်။

"ကျိုးချန်း"(Zhou Cang) မှ
"ခင်ဗျားသာ ဒီလူစုနဲ့အတူမရှိရင် သူတို့က တခြားနေရာကိုထွက်သွားမှာ။ ဒါကြောင့် ခဏလောက်တော့ ဒီလူတွေကိုဦးဆောင်ပါ။ နောက်မှ ကျုပ်ပြန်လာပြီး ခင်ဗျားကိုခေါ်ပါ့မယ်" ဟုပြောသည်။ "ဖေယွမ်ရှောက်"(Pei Yuanshao) က သိပ်မကျေနပ်သော်ငြားလည်း လက်ခံလိုက်လေသည်။
သို့နှင့် "ကွမ်းယွီ"(Guan Yu) တို့လည်း ခရီးဆက်လေရာ ရက်အနည်းငယ်ကြာသော် တောင်ကုန်းတစ်ခုတွင်ဆောက်ထားသော မြို့တစ်မြို့ကိုတွေ့သည်။ ထိုမြို့ခံတို့က
"ဒီမြို့ကတော့ ကူချန်ပါ။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက သူရဲကောင်းတစ်ဦးရောက်လာပြီး မြို့စားကိုမောင်းထုတ်ပြီးတော့ မြို့ကိုထိန်းချုပ်ထားပါတယ်။ သူအခု စစ်သားတွေစုပြီး မြင်းတွေဝယ်၊ စားနပ်ရိက္ခာတွေလည်း စုနေတယ်။ အဲ့သူရဲကောင်းနာမည်က ကျန်းဖေး(Zhang Fei) ပါ။ အခုသူ့မှာ စစ်တပ်ကြီးရှိတော့ အနီးအနားက ဘယ်သူမှ သူ့ကိုမတော်လှန်ဝံ့ဘူး" ဟု ဆိုကြသည်။ "ကွမ်းယွီ"(Guan Yu) သည် ဝမ်းသာစွာ
"ငါ့ညီကို ဒီလိုတွေ့မယ်လို့ မထင်မိဘူး။ ရွှီကျိုးမြို့ကျသွားကတည်းက သတင်းအစအန ပျောက်သွားတယ်" ဟု ပြောသည်။

ထို့နောက် "စွန်းချန်"(Sun Qian) အား မြို့ထဲလွှတ်ပြီး မရီးနှစ်ဦးကို လာကြိုဆိုရန် ပြောစေသည်။
အစ်ကိုဖြစ်သူတို့နှင့်ကွဲကွာပြီးနောက် "ကျန်းဖေး"(Zhang Fei) သည် မန်တန်တောင်ကုန်းပေါ်တွင် တစ်လခန့်နေခဲ့သည်။ ထို့နောက် ကူချန်မြို့သို့ဖြတ်ရာ အစားအစာချေးငှားရာ မပေးသဖြင့် လက်စားချေသည့်အနေဖြင့် မြို့စားကိုမောင်းထုတ်လိုက်ပြီးမြို့ကို သိမ်းလိုက်လေသည်။ ထိုနေရာသည် လက်ရှိအခြေအနေအတွက် သင့်လျောသောနေရာဖြစ်နေသည်။ "စွန်းချန်"(Sun Qian) သည်လည်း "ကျန်းဖေး"(Zhang Fei) နှင့်သွားတွေ့ပြီး
"လျူဘေ့(Liu Bei) က ယွမ်ရှောက်(Yuan Shao) ဆီကထွက်ပြီး ရုနန်ကိုရောက်နေပြီ။ ကွမ်းယွီ(Guan Yu) ကတော့ မရီးနှစ်ဦးနဲ့အတူ မြို့တံခါးအဝမှာ။ သူက ခင်ဗျားကို လာကြိုခိုင်းတာ" ဟု ပြောသည်။
"ကျန်းဖေး"(Zhang Fei) သည် ဘာမှပြန်မပြောပဲနားထောင်နေပြီး သူ့အစ်ကိုက သူ့ကိုလာကြိုခိုင်းသည်ဟူသော နေရာအရောက်ဝယ်  သူ့သံချပ်ကာကိုယူစေပြီး မြွေလှံကိုကိုင်ကာ စစ်သားတို့နှင့် အပြင်သို့ထွက်သည်။ "စွန်းချန်"(Sun Qian) မှာလည်း ရုတ်တရတ်အံ့ဩသွားပြီး နောက်မှလိုက်ပါလာသည်။

"ကွမ်းယွီ"(Guan Yu) မှာ "ကျန်းဖေး"(Zhang Fei) ကို မြင်လျှင် ဝမ်းသာစွာဖြင့်လက်နက်ကိုချပြီး "ကျန်ဖေး"(Zhang Fei) ဆီသို့ မြင်းစီးသွားသည်။ အနီးသို့ရောက်သော် "ကျန်းဖေး"(Zhang Fei) မျက်နှာတွင် ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်။ "ကျန်းဖေး"(Zhang Fei) သည် သူ့လှံကိုဝှေ့ရမ်းပြီး "ကွမ်းယွီ"(Guan Yu) အား ခြိမ်းခြောက်နေသည်။ "ကွမ်းယွီ"(Guan Yu) က အံ့ဩသွားပြီး
"ငါ့ညီ၊ ဒါဘာသဘောလည်း? မက်မွန်ပန်းခြံက သစ္စာကိုမေ့သွားပြီလား" ဟု ပြောသည်။ "ကျန်းဖေး"(Zhang Fei) မှ
"ခင်ဗျားက မကောင်းတာကိုလုပ်ပြီးမှ ကျုပ်ကိုပြန်လာတွေ့တာဘာသဘောလည်း" ဟု အော်ပြောသည်။
"ဘာကို မကောင်းတာလည်း"
"ခင်ဗျားက အစ်ကိုကြီးကိုသစ္စာဖောက်ပြီး ချောင်ချောင်း(Cao Cao) လက်အောက်မှာ အညံ့ခံပြီး ရာထူးဂုဏ်သိန်တွေ ရခဲ့တယ်မဟုတ်လား။ အခု ကျုပ်ကိုဖမ်းဖို့ရောက်လာတာမလား? ခင်ဗျားနဲ့ကျုပ်နှစ်ယောက်ထဲက တစ်ယောက်သေမှ ဖြစ်မယ်"
"ဒါမင်း နားမလည်တာပဲ၊ ငါရှင်းပြဖို့ခက်ခဲတယ်၊ မယုံရင် ပါလာတဲ့မရီးနှစ်ဦးကိုမေးကြည့်ပါ။ သူတို့က ရှင်းပြပါလိမ့်မယ်"

ထိုအခါ အမျိုးသမီးနှစ်ဦးတို့က လှည်းယာဉ်၏လိုက်ကာကို ဖွင့်ကာ
"ငါ့မောင်၊ ဘာဖြစ်တာလည်း" ဟု မေးသည်။
"ကျန်းဖေး"(Zhang Fei) : "အစ်မနှစ်ဦးတို့က ခဏစောင့်ဦး၊ ကျွန်တော်ဒီသစ္စာဖောက်ကိုသတ်ပြီးရင် မြို့ထဲကို ပို့ဆောင်ပါ့မယ်"
"ကန်းအမျိုးသမီး" : "ငါ့မောင်က ဒီမှာရှိမှန်း သူမသိခဲ့တော့ ချောင်ချောင်း(Cao Cao) လက်အောက်မှာအညံ့ခံခဲ့တာ။ ဒါပေမယ့် ဦးရီးတော်က ရုနန်မှာရှိတယ်ဆိုတဲ့သတင်းကြားတာနဲ့ အန္တရာယ်တွေကိုဖြတ်ကျော်ပြီး ငါတို့ကို ခေါ်လာခဲ့တာ။ သူ့လုပ်ဆောင်မှုကို တလွဲမထင်ပါနဲ့"
"မီအမျိုးသမီး" : "မင်းအစ်ကိုက ရွေးချယ်စရာမရှိလို့ ရွှီချန်ကို သွားခဲ့တာပါ"
"ကျန်းဖေး"(Zhang Fei) : "မရီးနှစ်ဦးက သူလှည့်စားတာကို မခံပါနဲ့။ သစ္စာရှိရိုးမှန်ရင် သိက္ခာကျခံတာထက် အသက်ပဲအသေခံမှာပေါ့။ လူတစ်ယောက်က သခင်နှစ်ယောက်မရှိသင့်ဘူး"
"ကွမ်းယွီ"(Guan Yu) : "ငါ့ညီ၊ ငါ့ကို မတိုက်ခိုက်ပါနဲ့တော့"

"စွန်းချန်"(Sun Qian) : "ကွမ်းယွီ(Guan Yu) က ခင်ဗျားကိုလာခေါ်တာပါ"
"ကျန်းဖေး"(Zhang Fei) : "ဘာတွေပေါက်ကရပြောနေတာလည်း? သူက ကျုပ်ကိုဖမ်းဖို့လာတာ"
"ကွမ်းယွီ"(Guan Yu) : "ငါသာမင်းကို ဖမ်းဖို့လာရင် စစ်တပ်တွေပါလာမှာပေါ့"
ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် အနောက်ဘက်သို့လက်ညှိုးညွှန်ပြီး
"အဲ့ဒါ စစ်တပ်တွေမဟုတ်ပြီးလား" ဟုမေးသည်။
"ကွမ်းယွီ"(Guan Yu) သည်လည်း အနောက်လှည့်ကြည့်ရာ မြင်းတပ်အချို့လာသည်ကိုတွေ့ရသည်။ ထိုစစ်တပ်အနီးသို့ရောက်လာသော် အလံမှာ "ချောင်ချောင်း"(Cao Cao) ၏ အလံဖြစ်နေသည်။
"ကျန်းဖေး"(Zhang Fei) : "အခုတော့ ကျုပ်ကို လှည့်စားနိုင်ပါဦးမလား"

ထို့နောက် "ကျန်းဖေး"(Zhang Fei) သည် သူ၏လှံဖြင့် "ကွမ်းယွီ"(Guan Yu) ကိုတိုက်ရန်ပြင်သည်။
"ကွမ်းယွီ"(Guan Yu) : "ငါ့ညီ ခဏနေပါဦး။ ဒီတပ်ဖွဲ့ကိုခေါင်းဆောင်လာတဲ့လူကိုသတ်ပြီး ငါက သစ္စာဖောက်မဟုတ်တာ သက်သေပြပါ့မယ်"
"ကျန်းဖေး"(Zhang Fei) : "ကျုပ် ဗုံသုံးချက်တီးလို့မပြီးခင် အချိန်အတောအတွင်း အဲ့တပ်ဖွဲ့ကိုခေါင်းဆောင်လာတာ ဘယ်သူပဲဖြစ်ဖြစ် သတ်ပြပါ"
"ကွမ်းယွီ"(Guan Yu) ကလည်း လက်ခံလိုက်သည်။ ထိုတပ်ဖွဲ့ကိုဦးဆောင်လာသူမှာ "ချိုင်ရန်"(Cai Yang) ဖြစ်နေသည်။ "ချိုင်ရန်"(Cai Yang) သည် လက်တွင်ဓားကိုင်ကာ ထွက်လာပြီး
"ငါ့တူကိုသတ်တဲ့လူကိုတွေ့ပြီ။ ခင်ဗျားကိုဖမ်းပြီး သတ်ဖို့အမိန့်ရထားတယ်" ဟု ဆိုသည်။
"ကွမ်းယွီ"(Guan Yu) သည်လည်း သူ့ဓားကို အဆင်သင့်ပြင်လိုက်သည်။

ဗုံတစ်ချက်မတီးခင်တွင်ပင် တိုက်ပွဲပြီးဆုံးသွားသည်။ "ချိုင်ရန်"(Cai Yang) ၏ခေါင်းသည် မြေကြီးပေါ်သို့ရောက်နေချေပြီ။ "ကွမ်းယွီ"(Guan Yu) သည် အလံကိုင်လူငယ်တစ်ဦးကိုဖမ်းပြီး အဖြစ်အပျက်ကိုမေးရာ ထိုလူငယ်မှ
"တကယ်တော့ ဝန်ကြီးချုပ်က တိုက်ဖို့အမိန့်မပေးခဲ့ပါဘူး၊ ချိုင်ရန်(Cai Yang) က သူ့တူသေဆုံးသွားတာကို ဒေါသထွက်ပြီး စစ်သူကြီးကိုသတ်ချင်တာ။ ဒါနဲ့ဝန်ကြီးချုပ်က ချိုင်ရန်(Cai Yang) ကို ရုနန်ကိုသိမ်းဖို့အမိန့်ပေးလိုက်တယ်။ စစ်သူကြီးနဲ့ ဒီမှာတွေ့တာက တိုက်ဆိုင်မှုပါ" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) ကလည်း ထိုလူငယ်လေးကိုပင် ၎င်းကို "ကျန်းဖေး"(Zhang Fei) အားပြောစေသည်။ "ကျန်းဖေး"(Zhang Fei) သည်လည်း သူကျေနပ်သည်အထိမေးမြန်းလေသည်။ ထိုအချိန်တွင်ပင် အစောင့်တစ်ဦးမှရောက်လာပြီး
"တောင်တံခါးမှာ မြင်းစီးလာတဲ့လူတချို့ရောက်နေတယ်။ သူတို့ပုံစံက အလျင်လိုပုံရတယ်၊ ဘယ်သူမှန်းတော့မသိဘူး" ဟုပြောသည်။ သံသယအနည်းငယ်ရှိနေသေးသော "ကျန်းဖေး"(Zhang Fei) သည် ထိုလူတို့ကိုသွားကြည့်သည်။ ထိုသူတို့မှာ "မီကျူ"(Mi Zhu) နှင့် "မီဖန်"(Mi Fang) ဖြစ်သည်။

မြင်းပေါ်မှ ဆင်းပြီးနောက် "မီကျူ"(Mi Zhu) မှ
"ရွှီကျိုးမြို့ရန်သူတွေလက်ပါသွားကတည်းက ခင်ဗျားသတင်းမကြားခဲ့ရဘူး။ ကျွန်တော်တို့လည်း ရွာကိုပြန်ပြီး ခင်ဗျားသတင်းကိုစုံစမ်းခဲ့တယ်။ ကွမ်းယွီ(Guan Yu) က ချောင်ချောင်း(Cao Cao) လက်အောက်မှာအညံ့ခံလိုက်ပြီး လျူဘေ့(Liu Bei) က ယွမ်ရှောက်(Yuan Shao) နဲ့ရှိနေတယ်ဆိုတာ ကြားရပေမယ့် ခင်ဗျားအကြောင်းကိုမကြားဘူး။ ဒါပေမယ့် မနေ့က လမ်းမှာ ခရီးသွာတစ်ဦးက ကျန်းဖေး(Zhang Fei) ဆိုတဲ့လူက ကူချန် ကိုသိမ်းလိုက်တယ်ဆိုတဲ့သတင်းကြားတာနဲ့ ကျွန်တော်တို့လည်း ဒီကိုလာခဲ့တာ" ဟု ပြောသည်။
"ကျန်းဖေး"(Zhang Fei) : "ကွမ်းယွီ(Guan Yu) နဲ့ စွန်းချန်(Sun Qian) လည်း ဒီကိုရောက်နေတယ်။ မရီးနှစ်ဦးလည်း သူတို့လည်း အတူရှိတယ်။ သူတို့က အစ်ကိုကြီးရဲ့သတင်းကိုကြားပြီးလာကြတာ"
သို့နှင့် ရောက်လာသူနှစ်ဦးတို့ကလည်း "ကွမ်းယွီ"(Guan Yu) နှင့် အမျိုးသမီးနှစ်ဦးတို့ကိုသွားတွေ့ကာ အကုန်လုံးမြို့ထဲသို့ဝင်ကြသည်။

အမျိုးသမီးနှစ်ဦးတို့သည် ခဏနားပြီးနောက် လမ်းတွင်ဖြစ်ခဲ့သောအဖြစ်အပျက်တို့ကို "ကျန်းဖေး"(Zhang Fei) အား ပြောပြလေသည်။ "ကျန်းဖေး"(Zhang Fei) သည် နောင်တရသွားပြီးငိုကာ သူ့အစ်ကိုအားအရိုအသေပြုလေသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း သူ့အဖြစ်အပျက်တို့ကိုပြောပြသည်။ ထိုနေ့တွင် စားသောက်ပွဲတို့တည်ခင်းစားသောက်ကြသည်။ နောက်ရက်တွင် "ကျန်းဖေး"(Zhang Fei) သည် "ကွမ်းယွီ"(Guan Yu) နှင့်အတူ ရုနန်သို့သွားမည်ဟုပြောသည်။ သို့သော် "ကွမ်းယွီ"(Guan Yu) မှ
"မင်းက ဒီမှာပဲနေပြီး မရီးနှစ်ဦးကို စောင့်ရှောက်ပါ။ ငါနဲ့ စွန်းချန်(Sun Qian) ပဲ သွားမယ်" ဟု ပြောသည်။
သို့နှင့် "ကွမ်းယွီ"(Guan Yu) သည် "စွန်းချန်"(Sun Qian) နှင့် အတူသွားသော် ရုနန်သို့ရောက်သောအခါ "လျူဖီ"(Liu Pi) နှင့် တွေ့သည်။
"လျူဖီ"(Liu Pi) : "လျူဘေ့(Liu Bei) က မြို့ထဲမှာမရှိတော့ဘူး။ ဒီမှာရက်အတော်ကြာနေပြီးတော့ စစ်သားတအားနည်းတယ်လို့ကောက်ချက်ချပြီး ယွမ်ရှောက်(Yuan Shao) နဲ့ တိုင်ပင်ဖို့ပြန်သွားတယ်"
"ကွမ်းယွီ"(Guan Yu) မှာ စိတ်ဓာတ်ကျသွားသည်၊ ထိုအခါ "စွန်းချန်"(Sun Qian) မှ
"စိတ်မကောင်းမဖြစ်ပါနဲ့၊ အခုတော့ ဦးရီးတော်ကိုရှာဖို့ နောက်ထပ်ခရီးထပ်ထွက်ရုံပါပဲ။ ကျွန်တော်တို့အားလုံး ကူချန်မှာတွေ့တာပေါ့" ဟု ပြောသည်။
"ကွမ်းယွီ"(Guan Yu) ကလည်း လက်ခံပြီး ကူချန်သို့ပြန်လေသည်။

"ကျန်းဖေး"(Zhang Fei) သည် "ကွမ်းယွီ"(Guan Yu) နှင့်အတူ မြစ်ဝါမြစ်မြောက်ဘက်သို့သွားချင်သော်လည်း "ကွမ်းယွီ"(Guan Yu) မှ
"ဒီမြို့က ငါတို့အတွက် စစ်သားစုဆောင်းဖို့နဲ့ အနားယူဖို့လိုတယ်။ ဒါကြောင့် ဒီမြို့ကိုလက်လွှတ်မခံပါနဲ့။ ငါနဲ့ စွန်းချန်(Sun Qian) ပဲ သွားမယ်။ မင်းကတော့ မြို့ကိုစောင့်နေပါ" ဟု ပြောလိုက်သည်။
"ဒါပေမယ့် အစ်ကိုက ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်ခဲ့တာ၊ ဘယ်လိုသွားမလည်း"
"ဒါပေမယ့်လည်း သွားရမှာပဲ။ ဟိုရောက်မှမီးစဉ်ကြည့်ကရတာပေါ့"
ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် "ကျိုးချန်း"(Zhou Cang) အားခေါ်ပြီး
"အိပ်ပျော်နေတဲ့ကျွဲတောင်မှာ လူဘယ်နှယောက်လောက်ရှိလည်း" ဟု မေးသည်။
"လေး၊ ငါးရာလောက်ရှိမယ်ထင်တယ်"
"အခု ငါအနီးဆုံးလမ်းကနေ ငါ့အစ်ကိုကြီးဆီသွားမယ်။ မင်းက မင်းတပ်ဖွဲ့ကိုသွားခေါ်ပြီး ငါ့ကိုလာကူပေးမလား"

"ကွမ်းယွီ"(Guan Yu) ပြောသည့်အတိုင်းလုပ်ဆောင်ရန် "ကျိုးချန်း"(Zhou Cang) လည်း ထွက်သွားသည်။ "ကွမ်းယွီ"(Guan Yu) နှင့် "စွန်းချန်"(Sun Qian) တို့လည်း လူအနည်းငယ်နှင့်အတူ မြောက်ဘက်သို့ထွက်ကြသည်။ နယ်စပ်အနီးသို့ရောက်သော် "စွန်းချန်"(Sun Qian) မှ
"ခင်ဗျား ပါလိုက်ရင် အန္တရာယ်များတယ်။ ဒီတော့ ခင်ဗျားက ဒီမှာပဲနေခဲ့။ ကျွန်တော်ပဲ ဦးရီးတော်နဲ့သွားတွေ့လိုက်မယ်" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) ကလည်း ထိုစကားအတိုင်းပင် ထိုအနီးအနားရှိ လယ်တောတွင် ခဏတာနေရန်သွားသည်။ ထိုလယ်ရှိအဘိုးအိုတစ်ဦးနှင့်တွေ့ပြီး "ကွမ်းယွီ"(Guan Yu) က သူ့အကြောင်းကိုပြောပြလိုက်သည်။ ထိုအဘိုးအိုမှ
"ကျွန်တော့်မျိုးရိုးကလည်း ကွမ်းဖြစ်ပြီးတော့ နာမည်က တင်(Ding) ဖြစ်ပါတယ်။ ကျွန်တော် ခင်ဗျားရဲ့ ဂုဏ်သတင်းကိုကြားဖူးပြီး အခုလိုတွေ့ရတာဝမ်းသာပါတယ်" ဟု ပြောသည်။  ထို့နောက်အဘိုးအိုသည်လည်း သူ့သားနှစ်ဦးကို "ကွမ်းယွီ"(Guan Yu) နှင့် မိတ်ဆက်ပေးသည်။

ထိုအချိန်တွင် "စွန်းချန်"(Sun Qian) သည် ကျိကျိုးသို့ရောက်ပြီး "လျူဘေ့"(Liu Bei) နှင့်တွေ့သည်။ အဖြစ်အပျက်အလုံးစုံကိုကြားသော် "လျူဘေ့"(Liu Bei) မှ
"ကျန်းယုံ(Jian Yong) လည်း ဒီမှာရှိတယ်။ သူ့ကိုပါခေါ်ပြီး တိတ်တဆိတ်တိုင်ပင်တာပေါ့" ဟု ပြောသည်။  ထို့နောက်သူတို့သုံးဦးသည် "ယွမ်ရှောက်"(Yuan Shao) ထံမှထွက်ရန် တိုင်ပင်ကြသည်။ "ကျန်းယုံ"(Jian Yong) မှ
"သခင်ကြီးက ယွမ်ရှောက်(Yuan Shao) ဆီသွားပြီးတော့ ကျင်ကျိုးက လျူပြောင်း(Liu Biao) ဆီသွားပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့ တိုင်ပင်မယ်လို့ ပြောပါ။ ဒီလိုဆို သူ့ဆီကထွက်ဖို့ အကြောင်းပြချက်ရမှာပါ" ဟု ဆိုသည်။
"ဒါက အကောင်းဆုံးပဲ။ ခင်ဗျားရော ကျုပ်နဲ့လိုက်မှာလား"
"ကျွန်တော့်မှာ တခြားအစီအစဉ်ရှိပါသေးတယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်(Yuan Shao) ထံသွားပြီး
"လျူပြောင်း(Liu Biao) က အင်အားကြီးမားတဲ့အတွက် သူ့အကူအညီနဲ့ ရန်သူကိုတိုက်နိုင်ပါတယ်" ဟု ပြောသည်။
"ကျုပ်က သူ့ဆီ သံတမန်တွေ ခဏခဏလွှတ်ပြီးအကူအညီတောင်းခဲ့ပြီးပြီ။ ဒါပေမယ့် သူကမပူးပေါင်းချင်ဘူး"
"သူနဲ့ ကျွန်တော်နဲ့က မျိုးရိုးတူတယ်ဆိုတော့ ကျွန်တော်သွားရင်တော့ ငြင်းဆန်မယ်မထင်ဘူး"
"သူက လျူဖီ(Liu Pi) ထက်တော့ အားကိုးရလောက်တယ်"
"ဒါနဲ့ ကွမ်းယွီ(Guan Yu) က ချောင်ချောင်း(Cao Cao) လက်အောက်ကထွက်ပြီး ဒီကိုလာနေတယ်လို့ သတင်းကြားတယ်။ သူသာရောက်လာရင် ကျုပ်စစ်သူကြီးတွေအတွက် လက်စားချေတဲ့အနေနဲ့ သူ့ကိုသေဒဏ်ပေးရမယ်"
"ခင်ဗျားက သူ့ကိုရာထူးခန့်အပ်ချင်တယ်ဆိုလို့ ကျွန်တော်က သူ့ကိုလာခိုင်းစေတာပါ။ သူသတ်လိုက်တဲ့နှစ်ဦးက ကျားလိုရဲရင့်တဲ့သူလိုလူနဲ့ယှဉ်ရင် သမင်လောက်ပဲရှိပါတယ်။ သမင်နှစ်ကောင်အတွက်နဲ့ကျားကို အဆုံးရှုံးခံရမလား"
"ကျုပ် သူ့ကိုကြိုက်ပါတယ်။ ကျုပ်က နောက်နေတာပါ။ သူ့ကိုခေါ်ဖို့ နောက်ထပ် လူတစ်ဦးကိုလွှတ်လိုက်ပါ"
"စွန်းချန်(Sun Qian) ကို လွှတ်လို့ရမလား"
"ရတာပေါ့"

သို့နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသည်။ မကြာမီပင် "ကျန်းယုံ"(Jian Yong) ရောက်လာပြီး "ယွမ်ရှောက်"(Yuan Shao) အား
"လျူဘေ့(Liu Bei) ထွက်သွားပြီးရင် ပြန်လာတော့မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ပါလိုက်သွားပြီး သူ့ကိုစောင့်ကြည့်ပါရစေ" ဟု ပြောသည်။
"ယွမ်ရှောက်"(Yuan Shao) ကလည်း သဘောတူပြီး နှစ်ဦးလုံးကိုသွားစေလိုက်သည်။ ထိုအချိန်တွင်ပင် "ကောထူ"(Guo Tu) မှ ဝင်လာပြီး
"လျူဘေ့(Liu Bei) က လျူဖီ(Liu Pi) နဲ့သွားတွေ့တာ ဘာမှမဖြစ်လာခဲ့ဘူး။ အခု ကျန်းယုံ(Jian Yong) ကို လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်လုံးပြန်လာမှာမဟုတ်ဘူး" ဟု ပြောသည်။
"အဲ့လောက် သံသယမရှိပါနဲ့။ ကျန်းယုံ(Jian Yong) က ယုံလို့ရပါတယ်"

"လျူဘေ့"(Liu Bei) ၊ "စွန်းချန်"(Sun Qian) နှင့် "မီကျူ"(Mi Zhu) သုံးဦးစလုံး လမ်းတွင်တွေ့ပြီး "ကွမ်းယွီ"(Guan Yu) ရှိရာလယ်တောထဲသွားကြသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း သူ့အစ်ကိုကြီးကိုမြင်လျှင် အရိုအသေပြုလေသည်။ ထို့နောက် အိမ်ရှင်ဖြစ်သူက သူ့သားနှစ်ဦးကိုခေါ်ပြီး ဧည့်သည်တို့ကို အရိုအသေပေးစေသည်။ "လျူဘေ့"(Liu Bei) က ထိုသူတို့၏နာမည်ကိုမေးလေသည်။ "ကွမ်းယွီ"(Guan Yu) မှ ဝင်ကာ
"မျိုးရိုးနာမည်က ကျွန်တော်နဲ့အတူတူပါပဲ။ တစ်ယောက်ကတော့ စာပေလေ့လာတဲ့ ကွမ်းနန်(Guan Neng) ဖြစ်ပြီး နောက်တစ်ယောက်ကတော့ စစ်မှုထမ်းမယ့် ကွမ်းဖင်(Guan Ping) ဖြစ်ပါတယ်" ဟုပြောသည်။
"ကွမ်းတင်"(Guan Ding) : "ကျွန်တော်က အငယ်ဖြစ်သူကို စစ်သူကြီးလက်အောက်မှာအမှုထမ်းစေမလားလို့။ စစ်သူကြီးဘယ်လိုထင်လည်း"
"လျူဘေ့"(Liu Bei) : "သူ့အသက်ဘယ်လောက်ရှိပြီလည်း"
"ကွမ်းတင်"(Guan Ding) : "၁၈ နှစ်ရှိပါပြီ"

"လျူဘေ့"(Liu Bei) : "ဒါဆိုဒီလိုလုပ်ပါလား၊ ကျွန်တော့်ညီက သားသမီးမရှိဘူးဆိုတော့ ခင်ဗျားသားကို ကွမ်းယွီ(Guan Yu) ရဲ့ မွေးစားသားအဖြစ် မွေးစားစေလိုက်ပေါ့။ ဒါကိုဘယ်လိုသဘောရလည်း"
"ကွမ်းတင်"(Guan Ding) ကလည်း သဘောတူသဖြင့် "ကွမ်းဖင်"(Guan Ping) ကို "ကွမ်းယွီ"(Guan Yu) အား အရိုအသေပြုစေပြီး "လျူဘေ့"(Liu Bei) ကို ဘကြီးဟု ခေါ်စေသည်။ ထို့နောက် ထွက်ခွာရန်ပြင်ဆင်ကြရာ အိမ်ရှင်ဖြစ်သူနဲ့ သားကြီးတို့သည် ထွက်ပြီး နှုတ်ဆက်လေသည်။ ထိုလူစုတို့သည် အိပ်နေသောကျွဲတောင်ကို သွားရာ မကြာမီပင် ဒဏ်ရာရနေသော "ကျိုးချန်း"(Zhou Cang) နှင့်တွေ့သည်။
"ကျိုးချန်း"(Zhou Cang) : "ကျွန်တော်ဒီတောင်ကို မရောက်ခင်မှာ သူရဲကောင်းတစ်ဦးက ကျွန်တော့်သူငယ်ချင်း ဖေယွမ်ရှောက်(Pei Yuanshao) နဲ့တိုက်ပြီးသူ့ကိုသတ်သွားခဲ့တယ်၊ ကျန်တဲ့လူတွေကလည်း အညံ့ခံလိုက်တယ်။ ကျွန်တော်က တပ်ဖွဲ့ကလူတွေကိုပြန်လာဖို့သွားခေါ်တာ တချို့သာပြန်လာပြီး ကျန်တဲ့လူတွေက တအားကြောက်နေတယ်။ အဲ့သူရဲကောင်းနဲ့တိုက်တာ ကျွန်တော်ဒဏ်ရာသုံးကြိမ်ရခဲ့တယ်"
"လျူဘေ့"(Liu Bei) : "အဲ့သူရဲကောင်းက ဘယ်သူလည်း? ဘယ်လိုပုံစံမျိုးလည်း"
"ကျိုးချန်း"(Zhou Cang) : "သူက တိုက်ရည်ခိုက်ရည်တော်တဲ့သူဖြစ်မှန်းပဲသိပါတယ်။ နာမည်ကိုတော့ မသိပါဘူး"

သို့နှင့် "ကွမ်းယွီ"(Guan Yu) သည် ရှေ့ဆုံးမှဦးဆောင်ပြီး တောင်ကုန်းပေါ်သို့တက်ကြလေသည်။ "ကျိုးချန်း"(Zhou Cang) သည် သူ၏ရန်သူကိုဆဲရေးတိုင်းထွာလေရာ မကြာမီပင် ထိုသူထွက်လာသည်။ "လျူဘေ့"(Liu Bei) သည် ရုတ်တရတ် အပြင်ထွက်ပြီး  ကျာပွတ်ကိုဝှေ့ရမ်းကာ
"ကျောက်ယွင်(Zhao Yun) ၊ ငါက မင်းကိုရှာနေတာ" ဟု ပြောလေသည်။
ထိုမြင်းစီးလာသူမှာ အမှန်တကယ်ပင် "ကျောက်ယွင်"(Zhao Yun) ဖြစ်နေသည်။ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းလိုက်ပြီး "လျူဘေ့"(Liu Bei) ကို ဂါဝရပြုသည်။ "လျူဘေ့"(Liu Bei) ကလည်း မြင်းပေါ်မှဆင်းပြီး ဘယ်နည်းဘယ်ပုံဖြင့် ဤသို့ရောက်လာသည်ကိုမေးသည်။
"ကျောက်ယွင်"(Zhao Yun) : "ကုန်းစွန်းကျန့်(Gongsun Zan) ဟာ ဒီလိုမျိုး အကြောင်းအရင်းတွေကိုမနားထောင်တတ်သူမှန်း မသိခဲ့ဘူး။ နောက်ဆုံးမှာတော့ သူဟာ မီးတွေကြားမှာ သေဆုံးခဲ့တယ်။ ယွမ်ရှောက်(Yuan Shao) က သူ့လက်အောက်မှာ အမှုထမ်းဖို့ခေါ်ပေမယ့်လည်း ကျွန်တော်က မသွားခဲ့ဘူး၊ နောက်တော့ သခင်ကြီးက ရွှီကျိုးမှာရှိတယ်ဆိုတာသိတော့ ရွှီကျိုးကိုလာဖို့လုပ်ခဲ့တယ်၊ ဒါပေမယ့် ရွှီကျိုးက အသိမ်းခံလိုက်ရတော့ ကွမ်းယွီ(Guan Yu) က ချောင်ချောင်း(Cao Cao) ဆီရောက်ပြီး သခင်ကြီးက ယွမ်ရှောက်(Yuan Shao) ဆီရောက်သွားတယ်။ ကျွန်တော်က သခင်ကြီးကိုတွေ့ချင်ပေမယ့်လည်း ယွမ်ရှောက်(Yuan Shao) နဲ့မတွေ့ချင်တာနဲ့မလာခဲ့ဘူး၊ နောက်ပိုင်းမှာ တစ်ယောက်တည်းလျှောက်သွားပြီးတော့ ဒီနားရောက်တော့ ဖေယွမ်ရှောက်(Pei Yuanshao) က ကျွန်တော့်မြင်းကိုခိုးဖို့လုပ်တော့ ကျွန်တော်ကသူ့ကို သတ်လိုက်ပြီး သူ့စခန်းကိုသိမ်းလိုက်တာ၊ ကျန်းဖေး(Zhang Fei) က ကူချန်မှာရှိတယ်လို့ကြားပေမယ့်လည်း ကောလာဟလလို့ပဲထင်ခဲ့တယ်။အဖြစ်အပျက်တွေကတော့ ဒီလိုပါပဲ"

"လျူဘေ့"(Liu Bei) ရော၊ "ကွမ်းယွီ"(Guan Yu) တို့ကပါ သူတို့ကြုံခဲ့ရသည်တို့ကိုပြောပြလေသည်။
"လျူဘေ့"(Liu Bei) : "အခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်"
"ကျောက်ယွင်"(Zhao Yun) : "ကျွန်တော်နေရာအနှံ့သွားပြီး အမှုထမ်းဖို့ထိုက်တန်တဲ့လူရှာခဲ့ပေမယ့်လည်း မတွေ့ခဲ့ဘူး။ အခုတော့ သခင်ကြီးရဲ့နံဘေးမှာ အမှုထမ်းရတာက ကျွန်တော့်ဘဝအတွက် ပြည့်စုံသွားသလိုပဲ"
ထို့နောက် သူတို့သည် ကူချန်သို့သွားကြသည်။ ကူချန်သို့ရောက်သော် "လျူဘေ့"(Liu Bei) ၏အမျိုးသမီးနှစ်ဦးက အဖြစ်အပျက်တို့ကိုပြောပြလေသည်။ "လျူဘေ့"(Liu Bei) သည် စကားပင်ပြန်မပြောနိုင်လောက်အောင် စိတ်ခံစားသွားသည်ဟူ၏။ ထို့နောက် ကောင်းကင်နှင့်မြေကြီးအတွက် ကျွဲနှင့်မြင်းတို့ကိုသတ်ပြီး ပသ,လေသည်။
"လျူဘေ့"(Liu Bei) သည် သူ့ညီနှစ်ဦးနှင့်ပြန်တွေ့ခဲ့လေပြီ။ ထို့အပြင် "ကျောက်ယွင်"(Zhao Yun) သည်လည်း သူ့လက်အောက်ရောက်လာသလို "ကွမ်းယွီ"(Guan Yu) သည်လည်း မွေးစားသားတစ်ဦးရခဲ့သည်။ "ကျိုးချန်း"(Zhou Cang) သည်လည်း တပ်ထဲသို့ဝင်ရောက်လာသည်။

ထိုအချိန်ဝယ် "လျူဘေ့"(Liu Bei) လက်အောက်တွင် "ကွမ်းယွီ"(Guan Yu) ၊ "ကျန်းဖေး"(Zhang Fei) ၊ "ကျောက်ယွင်"(Zhao Yun) ၊ "စွန်းချန်"(Sun Qian) ၊ "ကျန်းယုံ"(Jian Yong) ၊ "မီကျူ"(Mi Zhu) ၊ "မီဖန်"(Mi Fang) ၊ "ကွမ်းဖင်"(Guan Ping) နှင့် "ကျိုးချန်း"(Zhou Cang) ဟူသော အမှုထမ်းကိုးဦးနှင့် စစ်သားလေးငါးထောင်ခန့်ရှိပြီဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် ရူနန်ကိုတိုက်ရန်ကြံသည်။ ထိုအခိုက်မှာပင် ထိုရုနန်၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော "လျူဖီ"(Liu Pi) နှင့် "ကုန်းတု"(Gong Du) တို့က ဖိတ်ခေါ်လေရာ "လျူဘေ့"(Liu Bei) ကလည်း ထိုနေရာသို့သွားပြီး တပ်သားများစုဆောင်းလေသည်။
"ယွမ်ရှောက်"(Yuan Shao) မှာ "လျူဘေ့"(Liu Bei) ပြန်မလာသဖြင့် ဒေါသထွက်ပြီး စစ်တပ်လွှတ်ကာ တိုက်ရန်ပြင်သည်။ ထိုအခါ "ကောထူ"(Guo Tu) မှ ဝင်ကာ
"လျူဘေ့(Liu Bei) ကို ဘာမှစိုးရိမ်စရာမလိုဘူး။ လက်ရှိရန်သူက ချောင်ချောင်း(Cao Cao)ပဲ။ ဟန်မြစ်မှာရှိနေတဲ့ လျူပြောင်း(Liu Biao) ကိုတောင် စိုးရိမ်ဖို့မလိုဘူး။ ရန်စီမြစ်ရဲ့အရှေ့တောင်ဘက်မှာအင်အားကြီးမားတဲ့ စွန်းချဲ့(Sun Ce) ရှိတယ်လေ။သူနဲ့မဟာမိတ်ဖွဲ့ပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ရမယ်" ဟု ပြောသည်။

"ယွမ်ရှောက်"(Yuan Shao) ကလည်း လက်ခံလိုက်ပြီး "ချန်ကျန်း"(Chen Zhen) အား "စွန်းချဲ့"(Sun Ce) ထံ မဟာမိတ်ဖွဲ့ရန် သဝဏ်လွှာပို့စေသည်။

Comments

Popular posts from this blog

Lookism