Tokugawa Ieyasu (1543 - 1616)

Tokugawa Ieyasu (Matsudaira Takechiyo) ၏ ငယ်ဘဝ (1543 - 1555)


Matsudaira Takechiyo ဟာ Mikawa ပြည်နယ်လေးရဲ့ မထင်မရှား Daimyo ဖြစ်တဲ့ Matsudaira Hirotada (1526-1549) ရဲ့ သား ဖြစ်ပါတယ်။ Mikawa ပြည်နယ်ရဲ့ အရှေ့ဘက်မှာ အင်အားကြီး Imagawa ရှိပြီး အနောက်ဘက်မှာ နယ်ပယ်ချဲ့ထွင်ချင်တဲ့ Oda ရှိတဲ့အတွက် Hirotada ဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်လုံး Mikawa ပြည်နယ်ကို ကာကွယ်ပြီး အချိန်ကုန်ဆုံးခဲ့ရပါတယ်။ 1548 မှာ Oda တပ်ဖွဲ့တွေ Mikawa ပြည်နယ်ကို လာတိုက်တဲ့အတွက် Hirotada ဟာ Imagawa Yoshimoto ကို စစ်ကူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Imagawa Yoshimoto ဟာလဲ Hirotada ရဲ့သားကို သုံ့ပန်းအနေနဲ့ ပို့ပေးရင် စစ်ကူပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါကို Hirotada ဟာ လက်ခံခဲ့ပြီး သူ့သား Takechiyo ကို Imagawa clan ဆီကို ပို့ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ လမ်းတစ်ဝက်မှာ Oda ရဲ့ တပ်တွေဟာ Takechiyo ကို ဖမ်းသွားပါတယ်။ ပြီးတော့ Oda ဟာ Takechiyo ရဲ့ အသက်ကို မဆုံးရှုံးချင်ရင် Hirotada ကို လက်နက်ချဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါကို Hirotada က ငြင်းခဲ့ပါတယ်။ ဒါပေမယ့်လဲ Oda Nobuhide ဟာ Takechiyo ကို မသတ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်လို့ဆိုပါတယ်။ 1549 ခုနှစ်မှာတော့ Nobuhide ရော Hirotada ရောဟာ မရှေးမနှောင်းပဲ သေဆုံးသွားခဲ့ပြီး Oda ရော Matsudaira ရောဟာ ခဏတာ ခေါင်းဆောင်မရှိပဲ အင်အားယုတ်လျော့ခဲ့ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး Imagawa Yoshimoto ဟာ Nobunaga ရဲ့ အစ်ကို Nobuhiro ရှိတဲ့ Anjo Castle ကို ဝန်းရံခဲ့ပြီး Nobuhiro seppuku လုပ်တာ မမြင်ချင်ရင် Takechiyo ကို Imagawa clan ဆီကို ပြန်ပို့ပါ ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲ့ အတွက်ကြောင့် Nobunaga က Takechiyo ကို Imagawa တွေဆီ ပြန်ပို့ ခဲ့ပါတယ်။

Imagawa အရိပ်အောက်မှ လွတ်ထွက်လာခြင်း (1556 - 1565)


1556 ခုနှစ် - Takechiyo ၁၃ နှစ်ပြည့်တဲ့ အချိန်မှာ Yoshimoto ဟာ Takechiyo ရဲ့ နာမည်ကို Matsudaira Motoyasu လို့ ပြောင်းစေခဲ့ပါတယ်။ Motoyasu မှာ Moto ဆိုတဲ့ စာလုံးဟာ Yoshimoto နာမည်က ယူထားတာ ဖြစ်ပါတယ်။ အဲ့နှစ်မှာပဲ Yoshimoto ဟာ Motoyasu ကို Mikawa ပြည်နယ်ပြန်စေခဲ့ပြီး Daimyo ရာထူးကို ဆက်ခံစေခဲ့ပါတယ်။ Mikawa ပြည်နယ်ဟာ Imagawa ရဲ့ လက်အောက်ခံ ပြည်နယ်သဘောမျိုး ဖြစ်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ Yoshimoto ရဲ့ စေခိုင်းမှု အရ Matsudaira clan ဟာ Oda clan နဲ့ မကြာခဏ စစ်ပွဲဖြစ်ခဲ့ပြီး Motoyasu ဟာ စစ်ရေးပရိယာယ် ကြွယ်ဝတယ်ဆိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ 1560 မှာ Imagawa Yoshimoto ဟာ စစ်တပ်အင်အား နှစ်သောင်းကို စုစည်းပြီး Oda clan ကို ရှင်းပြီးတာနဲ့ Kyoto ကို ချီတက်ဖို့ လုပ်ပါတော့တယ်။ ဒီလိုချီတက်ရာမှာ Yoshimoto ဟာ စစ်ကြောင်း နှစ်ကြောင်းခွဲစေခဲ့ပြီး Motoyasu ကို Marune ကို တိုက်စေခဲ့ပါတယ်။ ဒီလို စစ်ကြောင်းခွဲလိုက်လို့လဲ Motoyasu ဟာ Okehazama စစ်ပွဲမှာ မပါခဲ့ပါဘူး။ Okehazama စစ်ပွဲမှာ Yoshimoto သေဆုံးသွားတယ်ဆိုတော့ သတင်းကို ကြားပြီးတဲ့နောက်မှာတော့ Ieyasu က သူ့ရဲ့ တပ်တွေကို ပြန်ဆုတ်စေခဲ့ပါတယ်။ အဲ့နောက်မှာတော့ Imagawa ရဲ့ အရှိန်အဝါအောက်က ရုန်းထွက်နိုင်ခဲ့ပြီး Oda နဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။

ဒီလို Imagawa အရိပ်အောက်က လွတ်ထွက်ခဲ့ပေမယ့်လဲ Matsudaira Motoyasu ရဲ့ မိသားစုဝင်တချို့ဟာ Imagawa တွေဆီမှာ သုံ့ပန်းအနေနဲ့ ရှိနေခဲ့ပါတယ်။ ဒါကြောင့် 1561 မှာ Motoyasu ဟာ သူ့မိသားစုတွေကို ချုပ်ထားတဲ့ Kaminojo ကို ဝင်တိုက်ခဲ့ပါတယ်။ ဒီလို ဝင်တိုက်တာဟာ အကြောင်းရင်းနှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ Imagawa ကို တိုက်ခြင်းအားဖြင့် Oda အပေါ် သစ္စာရှိတယ်ဆိုတာကို ပြချင်တဲ့သဘောဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ သူ့မိသားစုတွေကို ကယ်ဖို့ဖြစ်ပါတယ်။ အဲစစ်ပွဲမှာ Imagawa ဘက်က စစ်သူကြီးဖြစ်တဲ့ Kaminojo ရဲ့ သားနှစ်ယောက်ကို ဖမ်းမိပြီး Motoyasu ဟာ သုံ့ပန်းချင်း ဖလှယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကို Imagawa ဘက်က သဘောတူခဲ့ပြီး Motoyasu ရဲ့ ဇနီးနဲ့ သားကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲ့နောက်မှာတော့ Motoyasu အတွက် နောက်ဆံတင်းစရာမရှိပဲ လွတ်လွတ်လပ်လပ် အကွက်ရွေှ့နိုင်ခဲ့ပါတယ်။ အဲ့နောက်ပိုင်း နှစ်တွေမှာတော့ Motoyasu ဟာ စစ်ပွဲတွေနဲ့ အလုပ် ရှုပ်နေခဲ့ပါတယ်။

Matsudaira Motoyasu မှ Tokugawa Ieyasu သို့ (1566 - 1583 )


1566 မှာ Motoyasu ဟာ သူ့နာမည်ပြောင်းဖို့အတွက် ခုံရုံးမှာ အသနားခံစာတင်ခဲ့ပြီး နာမည်ပြောင်းဖို့ ခွင့်ပြုခံရပြီးနောက်မှာတော့ Tokugawa Ieyasu ဆိုပြီး ပြောင်းခဲ့ပါတယ်။ Ieyasu ဟာ Mikawa ပြည်နယ်ကို လွတ်လွတ်လပ်လပ် အုပ်ချုပ်ပိုင်ခွင့် ရခဲ့ပေမယ့်လဲ Oda ရဲ့ စစ်ကူတောင်းဆိုမှုတွေကို တော်တော်များများ လိုက်လျောခဲ့ပါတယ်။ 1568 မှာ Oda တပ်ဖွဲ့တွေ Kyoto ကို ချီတက်တဲ့ အချိန်မှာ Tokugawa တပ်တွေလဲ ပါဝင်ခဲ့ပါတယ်။ Oda ဟာ အနောက်ဘက်ကို နယ်ချဲ့နေတဲ့ အချိန်မှာ Ieyasu ဟာ အရှေ့ကို သိမ်းဖို့ စိတ်ကူးရှိခဲ့ပါတယ်။ Ieyasu ဟာ အဲ့လို နယ်ပယ်ချဲ့ထွင်ဖို့ ဆန္ဒရှိနေသလို Kai ပြည်နယ်မှာ ရှိတဲ့ Takeda Shingen ဟာလဲ Mikawa ပြည်နယ်ကို သိမ်းဖို့ လုပ်နေခဲ့ပါတယ်။ ဒါ့အပြင် Ieyasu ဟာ Shingenရဲ့ မဟာရန်သူတော်ဖြစ်တဲ့ Uesugi clan နဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ အတွက် Takeda Shingen နဲ့ မသင့်မမြတ်ဖြစ်ပြီး စစ်မီးတောက်လေး အစပျိုးခဲ့ပါတယ်။

1570 မှာတော့ Ieyasu ဟာ Mikawa စစ်သား ငါးထောင်ကို ဦးဆောင်ပြီး Oda ကို စစ်ကူအနေနဲ့သွားခဲ့ပြီး Anegawa စစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့စစ်ပွဲမှာ Oda တပ်တွေအနိုင်ရခဲ့တာဟာ Ieyasu ရဲ့ စစ်ကူအစွမ်း အများကြီးပါတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ Ieyasu ဟာ Takeda တပ်တွေရဲ့ ထိုးစစ်ကို အလူးအလိမ့်ခံခဲ့ရပါတယ်။ 1572 မှာ Ieyasu ရဲ့ Futamata Castle ကျသွားပြီး Mikatagahara စစ်ပွဲမှာလဲ စစ်ရှုံးသွားတဲ့အတွက် Ieyasu ဟာ အသက်ဘေးကလွတ်အောင် မနည်းပြေးခဲ့ရပါတယ်။ 1573 မှာတော့ Takeda Shingen သေဆုံးသွားခဲ့ပြီး Ieyasu အတွက် အနည်းငယ် ခံသာသွားတယ်လို့ ဆိုရမှာပါ။ 1574 မှာတော့ Takeda  Katsuyori ဟာ Mikawa ပြည်နယ်ကို ကျူးကျော်လာတဲ့အတွက် Ieyasu က Oda ဆီကနေ စစ်ကူတောင်းခဲ့ပါတယ်။ အဲ့နောက်မှာ စစ်တပ် ၃၈, ၀၀၀ အင်အားရှိတဲ့ Oda-Tokugawa တပ်ပေါင်းစုဟာ Takeda တပ်တွေကို အနိုင်ယူခဲ့ပါတယ်။ Takeda ဟာ အင်အားချိနဲ့သွားခဲ့ပေမယ့်လဲ မပြိုကွဲခဲ့သေးပဲ Ieyasu နဲ့ ဘိုတစ်ပြန် ကျားတစ်ပြန် စစ်ဖြစ်နေခဲ့ပါတယ်။

Ieyasu ဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Takeda Shingen လိုပဲ clan ရဲ့ ရှေ့ရေးနဲ့ ပတ်သတ်လာရင်တော့ သွေးအေးအေးနဲ့ ရက်စက်တတ်တယ်လို့ ဆိုကြပါတယ်။ 1579 မှာ Ieyasu ရဲ့ အကြီးဆုံးသားနဲ့ ဇနီးဟာ Takeda Katsuyori နဲ့ ပေါင်းပြီး သစ္စာဖောက်မယ်ဆိုတဲ့ ကောလဟာလတွေ လွင့်လာခဲ့ပါတယ်။ ဒါကို ကြားတဲ့ Nobunaga ဟာ Ieyasu ကို ဖိအားပေးတဲ့အတွက် Ieyasu ဟာ သူ့သားကို seppuku လုပ်စေခဲ့ပြီး သူ့ဇနီးကိုတော့သတ်စေခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယသားကိုတော့ Toyotomi Hideyoshi က မွေးစားထားတဲ့အတွက် သူ့ရဲ့ တတိယသားကို ရာထူးဆက်ခံဖို့ လျာထားခဲ့ပါတယ်။

1582 မှာတော့ Ieyasu ဟာ Nobunaga တပ်တွေနဲ့ ပေါင်းပြီး Takeda တပ်တွေကို အမြစ်ပြတ်ချေမှုန်းခဲ့ပါတယ်။ Ieyasu ရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ Ieyasu ဟာ Suruga ပြည်နယ်ကို အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လဲ ဒါဟာ ရည်မှန်းချက်ကြီးတဲ့ Ieyasu အတွက် ကျေနပ်စရာတော့ မဟုတ်ခဲ့ပါဘူး။

1582 June လ- Nobunaga လုပ်ကြံခံရတဲ့ အချိန်မှာ Ieyasu ဟာ Sakai (Settsu ပြည်နယ်) မှာ ရှိနေခဲ့ပြီး Akechi Mitushide နဲ့ ယှဉ်နိုင်တဲ့ အစွမ်းမရှိသေးတဲ့အတွက် Mikawa ပြည်နယ်ကို ပြန်ပြေးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Takeda ပိုင်ဆိုင်ခဲ့တဲ့ ပြည်နယ်တွေဖြစ်တဲ့ Kai နဲ့ Shinano ကို Hojo clan နဲ့ ခွဲယူလိုက်ပါတယ်။ 1583 မှာ Shibata Katsuie နဲ့ Toyotomi Hideyoshi တို့ အားပြိုင်ခဲ့တဲ့ စစ်ပွဲဖြစ်တဲ့ Shizugatake စစ်ပွဲမှာ ဘယ်ဘက်ကမှ ဝင်မပါခဲ့ပဲ ခေါင်းရှောင်နေခဲ့ပါတယ်။ ဒါပေမယ့်လဲ သူဟာ တစ်ချိန်မှာ Hideyoshi နဲ့ ရင်ဆိုင်ရမယ်ဆိုတာတော့ သိနေခဲ့ပါတယ်။

Ieyasu အင်အားကြီးလာခြင်း (1584 - 1598)


1584 မှာ Ieyasu ဟာ Nobunaga ရဲ့သားတစ်ယောက်ဖြစ်တဲ့ Oda Nobukatsu ကို အရိုက်အရာ ဆက်ခံဖို့ ထောက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Hideyoshi ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့ပါတယ်။ အဲ့နောက်မှာ Ieyasu ဟာ Owari ပြည်နယ်ကို ဝင်ပြီး Komaki အရပ်မှာ တပ်စွဲထားခဲ့ပါတယ်။ Hideyoshi ဟာလဲ သူ့တပ်တွေကို အဲ့နေရာကို စေလွှတ်ခဲ့ပြီး Komaki စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့စစ်ပွဲမှာ Ieyasu ဟာ အတော်အတန် အောင်မြင်မှူရခဲ့ပါတယ်။ ဒါပေမယ့်လဲ Hideyoshi ဟာ Ieyasu နဲ့ ထိပ်တိုက်မရင်ဆိုင်ခဲ့ပဲ အင်အားနည်းတဲ့ Nobukatsu ကို ဝင်တိုက်ပြီး လက်နက်ချစေခဲ့ပါတယ်။ Nobukatsu လက်နက်ချသွားတဲ့နောက်မှာတော့ Ieyasu ဟာ Hideyoshi ကို ဆန့်ကျင်ဖို့ အကြောင်းပြချက် မရှိတော့တဲ့အတွက် Hideyoshi ရှိတဲ့ Osaka ကိုသွားပြီး စစ်ပြေငြိမ်းခဲ့ပါတယ်။ Hideyoshi က Ieyasu ရဲ့ စစ်ပြေငြိမ်းတာကို လက်ခံခဲ့ပေမယ့်လဲ Komaki စစ်ပွဲကြောင့် Ieyasu ကို အယုံအကြည် မရှိတော့ပါဘူး။

Hideyoshi ဟာ Shikoku နဲ့ Kyushu ဒေသတွေကို သိမ်းတဲ့အချိန်မှာ Ieyasu မပါဝင်ခဲ့ပါဘူး။ 1580 နှောင်းပိုင်းမှာတော့ Toyotomi Hideyoshi နဲ့ Hojo clan တို့ရဲ့ ဆက်ဆံရေးဟာ ဆိုးရွားသည်ထက် ဆိုးရွားလာပါတယ်။ အဲ့ဆက်ဆံရေးကို အဆင်ပြေအောင် Ieyasu ဟာ Hojo Ujimasa အတွက် နိုင်ငံရေးအရ အတတ်နိုင်ဆုံး လုပ်ခဲ့ပေမယ့်လဲ Ujimasa ဟာ လက်နက်မချပဲ ခေါင်းမာခဲ့တဲ့အတွက် 1589 မှာ Hideyoshi ဟာ Hojo ကို တိုက်ဖို့ စီစဉ်ခဲ့ပါတယ်။ Hojo နဲ့ တိုက်တဲ့ စစ်ပွဲမှာ Hideyoshi ဟာ Tokugawa တပ်တွေနဲ့ ရှေ့ပြေးတပ်အနေနဲ့ ထားပြီး တိုက်စေခဲ့ပါတယ်။ 1590 Odawara ကို ဝန်းရံနေတဲ့အချိန်မှာ Hideyoshi ဟာ Ieyasu ကို Ieyasu လက်ရှိပိုင်တဲ့ ပြည်နယ် ငါးခုဖြစ်တဲ့ Mikawa ၊ Tôtômi ၊ Suruga ၊ Shinano နဲ့ Kai ပြည်နယ်တွေကို စွန့်စေပြီး Kanto ဒေသရဲ့ ပြည်နယ် ရှစ်ခုကို အပိုင်စားယူစေခဲ့ပါတယ်။ Hojo နဲ့ စစ်ပွဲပြီးတဲ့နောက်မှာ Ieyasu ဟာ Kanto ပြည်နယ်ကို ချက်ချင်းသွားပြီး Edo မှာ အခြေစိုက်ခဲ့ပါတယ်။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ Ieyasu ဟာ ပြည်နယ်ငါးခုကို ပိုများတဲ့ ပြည်နယ် ရှစ်ခုနဲ့လဲတာဖြစ်ပြီး တန်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လဲ Kanto ဒေသဟာ မြို့တော်ရှိရာ Kyoto နဲ့ ဝေးကွာတဲ့အပြင် Ieyasu သစ္စာဖောက်ခဲ့ရင်လဲ အလွယ်တကူတိုက်နိုင်တဲ့အတွက် ဒီလိုမျိုးအကြံနဲ့ Hideyoshi ဟာ Ieyasu ကို Kanto ဒေသကိုပေးခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား-ဂျပန်စစ်ပွဲကာလ(1592-93, 1597-98) မှာ Ieyasu ဟာ Hideyoshi ရှိတဲ့ Kyushu ဒေသမှာ နေခဲ့ရပေမယ့်လဲ စစ်ပွဲအတွင်းမှာ မပါဝင်ခဲ့ပါဘူး။ Ieyasu ကို Kyushu ကို ခေါ်ထားတာဟာ Hideyoshi ကိုရီးယားစစ်ပွဲအပေါ် အာရုံစိုက်နေတဲ့ အချိန်မှာ Ieyasu က နောက်ကျောကို ဓားနဲ့ ထိုးမှာစိုးလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လဲ Ieyasu ရဲ့ လူယုံတွေရဲ့ အစွမ်းကြောင့် Tokugawa clan ဟာ အင်အားကြီးသည်ထက် ကြီးလာခဲ့ပါတယ်။

Hideyoshi ကွယ်လွန်ခြင်း နှင့် Sekigahara စစ်ပွဲ (1600) (1598 - 1602)


1598 မှာ Hideyoshi ဟာ သူ့ရဲ့သားဖြစ်တဲ့ Hideyori အရွယ်မရောက်ခင်ထိ အုပ်ချုပ်ဖို့ Daimyo ငါးဦးပါတဲ့ ရင်ခွင်ပိုက်အစိုးရ ဖွဲ့စေခဲ့ပြီး အဲ့ Daimyo ငါးဦးမှာ Ieyasu လဲ အပါအဝင်ဖြစ်ပါတယ်။ 1598 September မှာ Hideyoshi သေဆုံးသွားပြီးနောက် Ieyasu ဟာ Date clan အပြင် အခြား Clan တွေနဲ့ မဟာမိတ် ဖွဲ့ပါတော့တယ်။ 1599 မှာ Hideyoshi ရဲ့ သစ္စာခံ Daimyo ဖြစ်တဲ့ Ishida Mitsunari ဟာ Ieyasu ကို လူသတ်သမား လွှတ်ပြီး သတ်စေခဲ့ပေမယ့်လဲ မအောင်မြင်ခဲ့ပါဘူး။ အဲ့နောက်မှာတော့ နှစ်ဖက်စလုံးဟာ စစ်ပွဲကြီး တစ်ခုအတွက် ပြင်ဆင်နေခဲ့ပါတယ်။ သက္ကရာဇ် 1600 မှာတော့ ဂျပန်ဟာ အရှေ့နဲ့အနောက် ကွဲထွက်သွားပြီး အင်အားဟာလဲ မတိမ်းမယိမ်း ဖြစ်ပါတယ်။

သက္ကရာဇ် 1600 October လ 21 ရက် - မြူတွေအုံ့ဆိုင်းနေတဲ့ ရက်တစ်ရက်ဖြစ်ပြီး ဒီနေ့ဟာ ဂျပန်သမိုင်းကို အဆုံးအဖြတ်ပေးမယ့်ရက်လဲ ဖြစ်ပါတယ်။ "Sekigahara  သိမ်းနိုင်တဲ့သူဟာ ဂျပန်ကို သိမ်းနိုင်မယ့် လူပဲ" လို့ Saito Dosan က တစ်ခါက ပြောဖူးတယ်လို့ ဆိုပါသတဲ့။ Sekigahara မှာ စစ်မျက်နှာပြင် အနေအထားအရ Ishida ဘက်က တစ်ပန်းသာနေခဲ့ပါတယ်။ Ieyasu ရဲ့ ဝှက်ဖဲကတော့ Matsuo တောင်မှာ တပ်စွဲထားတဲ့ Kobayakawa Hideaki ရဲ့ စစ်တပ် တစ်သောင်းခြောက်ထောင် ဖြစ်ပါတယ်။ Hideaki ဟာ စစ်ပွဲမှာ Tokugawa ဘက်ပါမယ်လို့ ကတိ ကြိုပေးထားတဲ့အတွက် ဖြစ်ပါတယ်။

မနက် ၈ နာရီအချိန်လောက်မှာ စစ်ပွဲစတင် ဖြစ်ပွားခဲ့ပေမယ့်လဲ Hideaki ဟာ ဘယ်သူ့ဘက်မှာမှ ဝင်မပါပဲ နေ, နေခဲ့ပါတယ်။ ဒါ့အပြင် Ieyasu ရဲ့ သား ဟာ စစ်ကူ ရောက်မလာခဲ့ပဲ နှောင့်နှေးနေခဲ့ပါတယ်။ ဒါကြောင့် Ieyasu ဟာ မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ညနေအချိန်လောက်မှာ Ieyasu ဟာ Hideaki ကို တိုက်မယ် ဟန်ပြင်လိုက်တဲ့ အချိန်မှပဲ Hideaki  ဟာ Ieyasu ဘက်ပါပြီး Ishida တပ်တွေကို တိုက်ခဲ့တဲ့အတွက် စစ်ပွဲဟာ Ieyasu အတွက် အသာစီး ရလာခဲ့ပါပြီ။ နောက်ပြီး Mori တပ်တွေဟာ Ishida နဲ့ မဟာမိတ် ဖြစ်ပေမယ့်လဲ မသင့်မြတ်တဲ့ အတွက် စစ်ပွဲအတွင်းမှာ ဝင်မပါပဲ Nangû တောင်ကုန်းပေါ်မှာသာ တပ်ဆွဲထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Ieyasu အနိုင်ရပြီး နောက် ရက်အနည်းငယ်အကြာမှာ Ishida နဲ့ အပေါင်းအပါတွေကို Kyoto မှာ ကွပ်မျက်ခဲ့ပါတယ်။ Ieyasu ရဲ့ သားဟာ နောက်ကျပြီးမှ စစ်ကူရောက်လာတဲ့အတွက် Ieyasu ဟာ သူ့သားအပေါ် အေးစက်စက် ဆက်ဆံခဲ့ပါတယ်။

အဲ့နောက်မှာတော့ Ieyasu ဟာ ဂျပန်မှာ အင်အားအကြီးဆုံး Daimyo ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ သူ့ကို ထောက်ခံခဲ့တဲ့သူတွေကို နယ်တွေ တိုးပြီးတော့ ချီးမြှောက်ပေးပြီး ဆန့်ကျင်ခဲ့တဲ့သူတွေကိုတော့ နယ်တွေ လျှော့တန်လျှော့၊ ရာထူးချတန် ချခဲ့ပါတယ်။ ဒါပေမယ့်လဲ အနောက်ဘက်က Daimyo တစ်ချို့ (ဥပမာ - Shimazu) ကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူး။

Shogun ဘဝ နှင့် Ieyasu ၏ နောက်ဆုံးနှစ်များ (1603 - 1616)


1603 မှာ ဂျပန် ဧကရာဇ်ဟာ Ieyasu ကို Shogun ရာထူး ပေးသနားခဲ့ပါတယ်။ Ieyasu ဟာ အဲ့ရာထူးကို နှစ်နှစ်သာ ယူခဲ့ပြီး အနားယူခဲ့ပါတယ်။ 1609 မှာ Ieyasu ဟာ Dutch တွေ Spain တွေနဲ့ ကုန်သွယ်ခဲ့ပါတယ်။ 1614 မှာတော့ ခရစ်ယာန်ဘာသာ တားမြစ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Ieyasu အတွက် အန္တရာယ်ဆိုလို့ Osaka မှာ အခိုင်အမာရှိနေတဲ့ Hideyori ပဲ ကျန်ပါတော့တယ်။ အဲ့နောက်မှာတော့ Ieyasu ဟာ Osaka ကို ဆောင်းရာသီမှာ တစ်ခါ၊ နွေရာသီမှာ တစ်ခါ တိုက်ခဲ့ပြီးနောက်မှာတော့ 1615 ခုနှစ်မှာ Hideyori ရယ် သူ့အမေ ရယ်ဟာ သတ်သေသွားခဲ့ပါတယ်။ Ieyasu ဟာ Hideyori ရဲ့ သားကိုပါသတ်စေခဲ့တဲ့ အတွက် Toyotomi မျိုးဆက်ပြတ်သွားခဲ့ပါတယ်။

1616 မှာတော့ Ieyasu ဟာ နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ Hideyoshi လို မဟုတ်ပဲ သူ့ရဲ့ နောက်မျိုးဆက်တွေအတွက် အမွေချန်ထားနိုင်ခဲ့ပါတယ်။ သူ စတင်ခဲ့တဲ့ Edo ခေတ်ဟာ နှစ် နှစ်ရာကျော် တည်တံ့ခဲ့ပြီး ဂျပန်ရဲ့ ရွှေခေတ် ဖြစ်ခဲ့ပါတယ်။

ဂျပန်သမိုင်းမှာတော့ Ieyasu လိုလူ အလွန်ရှားတယ်လို့ ဆိုပါရစေ။ သူဟာ နောင်ရေးအတွက်ဆိုရင် သားနဲ့ ဇနီးကိုတောင် သတ်နိုင်တဲ့ လူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရန်ငြိုးကိုလဲ မမေ့သလို ကျေးဇူးတရားကိုလဲ အမြဲအောက်မေ့တတ်သူဖြစ်ပါတယ်။ သူဟာ သူ့ကို ကလေးဘဝတုန်းက စော်ကားမော်ကား ပြောခဲ့ဖူးတဲ့ ထောင်သားတစ်ယောက်ကို ကြီးလာတဲ့အခါမှာ ကွပ်မျက်စေခဲ့ပါသတဲ့။ ဒါပေမယ့်လဲ သူ့အပေါ် သစ္စာရှိတဲ့ သူတွေကိုတော့ ချီးမြောက်ဖို့ ဘယ်တော့မှ မမေ့ပါဘူးတဲ့။
Ieyasu ဟာ သတိကြီးတဲ့လူ ဖြစ်ပါတယ်။ သူဟာ စစ်ပွဲတွေမှာ တိုက်တိုင်းအောင် မဟုတ်ပေမယ့်လဲ အရေးပါတဲ့ စစ်ပွဲတွေမှာတော့ အောင်နိုင်ခဲ့ပါတယ်။ "ငှက်ကလေးဟာ တေးသံ မတွန်ကျူးတော့ရင် သီဆိုတဲ့ အထိ စောင့်မယ်" ဆိုသလိုပဲ သူဟာ "ဖြည်းဖြည်းမှန်မှန်နဲ့ အောင်ပွဲ ခံသွားတဲ့ သူ" ဖြစ်ပါတယ်။

References


http://www.samurai-archives.com/ieyasu.html

Comments

Popular posts from this blog

Lookism