Yokai ပုံပြင်များ (၈)

ဒဏ္ဍာရီမှာ နာမည်ကြီး yokai တွေ ဖြစ်ကြတဲ့ tengu တို့၊ Oni တို့နဲ့ တစ်တန်းတည်း နာမည်ကြီးတဲ့ yokai ကတော့ kappa ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ဟာ kawa (မြစ်) ဆိုတဲ့ စာလုံးနဲ့ ကလေးလို့ အဓိပ္ပာယ်ရတဲ့ wappa ဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Kappa တွေကို နေရာ အနှံ့မှာ နာမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။ ရှင်တိုဝါဒမှာတော့ kappa တွေကို မြစ်စောင့်နတ်သဖွယ် သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။

၁။ ပုံသဏ္ဍာန်


Kappa တွေကို ကလေး အရွယ်လောက် ရှိတယ်လို့ ဆိုကြပြီး ဖားအရည်အပြားလို အရည်ပြားရှိပြီး အရောင်ကတော့ အစိမ်း၊ အဝါ ၊ အပြာ စသည်ဖြင့်ရှိတတ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဂျပန်နိုင်ငံမှာ ရှိတဲ့ ရေကန်တွေ၊ မြစ်ချောင်း အင်းအိုင်တွေမှာ တွေ့ရတယ်လို့ ဆိုပြီး ရေထဲမှာ လှုပ်ရှားကူးခတ်နိုင်တဲ့ ခြေလက်တွေ ပိုင်ဆိုင်ပါတယ်။ Kappa ရဲ့ ပုံစံကို ဖော်ပြရာမှာ တစ်နေရာနဲ့ တစ်နေရာ ၊ ဒေသတစ်ခုနဲ့တစ်ခု မတူညီ ကွဲပြားကြပေမယ့်လဲ အများအားဖြင့် kappa ကို နှုတ်သီးလို ရှိတဲ့ ပါးစပ်၊ ဦးခေါင်းမှာ sara လို့ခေါ်တဲ့ အမွှေးအမျှင် မရှိပဲ ရေစိုစွတ်နေတဲ့ နေရာ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ sara ဟာ kappa ရဲ့ အစွမ်းတွေရဲ့ အရင်းအမြစ်လို့ ဆိုကြပါတယ်။ အဲ့ sara မှာ ရေရှိနေမှသာ kappa က ကုန်းပေါ်မှာ နေနိုင်မယ်လို့ ဆိုပါတယ်။ Kappa ဟာ sara ထဲမှာ ရေကုန်ခန်းသွားရင် သေဆုံးသွားပါတယ်တဲ့။ Kappa တွေဟာ ရေသတ္တဝတွေ ဖြစ်ပေမယ့်လဲ တစ်ခါတစ်လေတော့ ကုန်းပေါ်မှာလဲ သွားတတ်ပါတယ်။ အဲ့လိုသွားရင် သူတို့ရဲ့ sara ကို တစ်ခုခုနဲ့ ကာရံထားတယ်လို့ ဆိုပါတယ်။ ဒဏ္ဍာရီအရကတော့ kappa တွေဟာ ဆောင်းဦးနဲ့ နွေရာသီမှာ ရေထဲမှာနေပြီး ကျန်တဲ့ရာသီမှာတော့ တောတောင်တွေထဲမှာ ဥဒဟိုသွားတတ်ပါသတဲ့။

၂။ အပြုအမူ


Kappa တွေကို စနောက်တတ်တဲ့၊ မကောင်းတာလုပ်တတ်တဲ့ yokai တွေအဖြစ် အသိများပါတယ်။ သူတို့ဟာ လူတွေကို ပျော်စေပျက်စေ နောက်တတ်ပေမယ့် တစ်ခါတစ်လေမှာတော့ လူတွေကို ရေနစ်အောင်၊ ကလေးတွေကို ဖမ်းသွားတာတော့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တဲ့ အထိတောင် ဆိုးတတ်ကြပါသတဲ့။ နောက်ပြီး kappa တွေဟာ နပန်းသတ်တာတော်တယ်လို့ ပြောပါတယ်။ သူတို့ဟာ လူတွေကို သတ်ပြီး လူတွေရဲ့ ဝိညာဉ်ကို စုတ်ယူတတ်ပါသတဲ့။ ဒါ့အပြင် လူတွေတင်မက၊ မြင်းတွေ နွားတွေကိုလဲ ပြစ်မှတ်အဖြစ် ထားတတ်ကြပါတယ်။

Kappa တွေလက်က လွတ်မြောက်ချင်ရင် လွတ်အောင် လုပ်လို့ ရတဲ့နည်းအချို့ရှိပါတယ်။ ပထမနည်းကတော့ kappa တွေနဲ့ တစ်ခုခုမှာ ယှဉ်ပြိုင်ပြီး အနိုင်ရသွားရင် kappa တွေက ရန်မမူတော့ပါဘူးတဲ့။ နောက်ပြီး kappa က နှမ်းတို့၊ သံတို့၊ ဂျင်းတို့ကိုဆို ကြောက်တယ်လို့ အဆိုရှိပါတယ်။ ဒါ့အပြင် kappa တွေဟာ အားနာတတ်ကြပြီး သူ့ကို ခေါင်းငုံ့ပြီး အရိုအသေပေးရင် သူတို့ကလဲ ထိုနည်းအတူပဲ ခေါင်းပြန်ငုံ့သတဲ့။ အဲ့အချိန်မှာ သူတို့ရဲ့ sara က ရေဟာ ဖိတ်ကျသွားတတ်ပါတယ်တဲ့။ အဲ့ဒါကို မြစ်ကနေ ရေခပ်ပြီး သူတို့ရဲ့ sara ကို ရေပြန်ဖြည့်ပေးလိုက်ရင် အဲ့လူကို kappa ဟာ သခင် အဖြစ်သတ်မှတ်ပြီး တစ်သက်လုံး သစ္စာရှိရှိ နေသွားသတဲ့။

Kappa တွေဟာ မကောင်းတဲ့ နေရာမှာချည်းပဲ နာမည်ကြီးတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ လူ့ယဉ်ကျေးမှုကို သိချင်ပြီး လူစကားနားလည်တဲ့အပြင် လူစကားလဲ ပြောတတ်ပါတယ်။ သူတို့ဟာ သခွားသီးကို အလွန်ကြိုက်ပါသတဲ့။ (Kappa ကို အစွဲပြုလို့လားတော့မသိ၊ သခွားသီးကို ထည့်ပြီး လိပ်ထားတဲ့ ဆူရှီကို  kappamaki လို့ ခေါ်ကြပါတယ်။) Kappa တွေဟာ လူသားတွေနဲ့ မိတ်ဆွေဖြစ်သွားရင်တော့ လူသားတွေအပေါ် အကူအညီ အများကြီး ပေးပါသတဲ့။ စိုက်ပျိုးရေးသမားတွေကို ရေလာအောင် လုပ်ပေးတာတို့၊ မိတ်ဖြစ်ဆွေဖြစ် အနေနဲ့ ငါးတွေ လက်ဆောင်ပေးတာတို့ လုပ်တတ်ပါသတဲ့။ ဒါကြောင့် တချို့ဟာ kappa တွေအတွက် နတ်ကွန်းတွေ ဆောက်ပြီး ပူဇော်ကြသတဲ့။ သီးနှံအထွက်တိုးအောင်လဲ kappa တွေအတွက် ပွဲတော်တွေ လုပ်ပေးရတယ်ဆိုတဲ့ အယူရှိပါတယ်။

၃။ Anime ထဲက Kappa










- Kappa no Coo to Natsuyasumi (Summer Days with Coo) ဇာတ်လမ်းထဲက ကောင်လေးဟာ kappa နဲ့ သူငယ်ချင်း ဖြစ်သွားတာကို ရိုက်ပြထားတာ တွေ့မှာပါ
- Gintama အပိုင်း 21 မှာ kappa ပုံစံ amanto ဖြစ်တဲ့  Ebina ကို တွေ့နိုင်ပါတယ်။
- Nurarihyon no Mago မှာလဲ kappa ပါ, ပါတယ်။

၎။ References


http://en.wikipedia.org/wiki/Kappa_(folklore)

http://yokai.com/kappa/

http://gintama.wikia.com/wiki/Episode_21

Comments

Popular posts from this blog

Lookism