Yokai ပုံပြင်များ (၅)

ဟိုးအရင် ခေတ်တွေထဲက ကြောင်တွေကို အစွမ်းရှိတဲ့ တိရိစ္ဆာန်တွေဆိုပြီး မှတ်ယူကြပါတယ်။ ဥပမာ - ရှေးဟောင်း အီဂျစ်ပြည်မှာဆိုရင် ကြောင်တွေကို ကိုးကွယ်ကြသတဲ့။ ဂျပန်မှာတော့ အဲ့လို ကိုးကွယ်တာတွေ မရှိပေမယ့်လဲ ကြောင်တွေနဲ့ ပတ်သတ်ပြီး အယူတွေ ဘာတွေတော့ ရှိကြပါတယ်တဲ့။ Yokai ကြောင်တွေထဲမှာမှ အထင်ရှားဆုံး ကြောင် နှစ်မျိုးကတော့ Nekomata နဲ့ Bakeneko တို့ ဖြစ်ပါတယ်။


၁။ Nekomata


ဂျပန်မှာ ရှေးဟောင်းအယူတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အိမ်မွေးကြောင်တွေဟာ သက်တမ်းတစ်ခုကို ရောက်ရင် အမြီးက နှစ်ချောင်းဖြစ်သွားကာ yokai အဖြစ် ပြောင်းသွားပြီး လူတွေကို ရန်မူတတ်တယ်လို့ ဆိုကြပါသတဲ့။

၁-၁။ Nekomata ရဲ့ အဓိပ္ပာယ်


Yokai နာမည် တွေရဲ့ အဓိပ္ပာယ်တွေကို များသောအားဖြင့် kanji ကနေ ဘာသာပြန်ရပါတယ်။ Nekomata ကျတော့ kanji မှာ နည်း(၃)နည်း နဲ့ ရေးနိုင်တဲ့ အတွက် အဓိပ္ပာယ်ပြန်ရတာ ခက်ပါတယ်။ ရှေးအကျဆုံး ရေးတဲ့ ပုံစံကတော့ 猫また ဆိုတာဖြစ်ပြီး 猫 ကတော့ kanji ဖြစ်ပြီး ကြောင်လို့ အဓိပ္ပာယ်ရပါတယ်။ ကျန်တဲ့စာလုံးတွေကတော့ hiragana ဖြစ်ပြီး အထွေအထူး အဓိပ္ပာယ်မရှိပါဘူး။
နောက်တစ်မျိုးနဲ့ ရေးကြတာကတော့ 猫股 ဖြစ်ပြီး 猫 ကြောင်ဆိုတဲ့ စာလုံးနဲ့ 股 အခွဲဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ 猫又 ဖြစ်ပြီး အဲ့လို အရေးအများဆုံးပါတဲ့။ ထုံးစံအတိုင်း ရှေ့စာလုံး 猫 ကတော့ ကြောင် ဖြစ်ပြီး 又 ဆိုတာကတော့ နောက်တစ်ကြိမ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါဟာ ကြောင်ရဲ့ အမြီးနှစ်ချောင်းရှိတာကို ရည်ညွှန်းတယ်လို့ ဆိုကြပြီး တချို့ကတော့ ဒါက အသစ်တစ်ဖန် နောက်ဘဝဖြစ်တာကို ဆိုလိုတယ်လို့ ပြောကြပါတယ်။
အဓိပ္ပာယ်တွေကတော့ မျိုးစုံဖြစ်တဲ့ အတွက် ဘယ်ဟာမှန်လဲဆိုတာတော့ ဘယ်သူမှ အတိအကျ မဆိုနိုင်ပါဘူး။

၁-၂။ Kamakura ခေတ် - တောတောင်တွင် နေသော nekomata


Kamakura ခေတ်တုန်းကတော့ nekomata ကို တောမှာပဲ နေတယ်လို့ ဆိုကြပါတယ်။ သူ့ရဲ့ ပုံစံကိုတော့ ကြောင်မျက်လုံး တစ်စုံနဲ့ ခွေးအကြီး အရွယ်ရှိတဲ့ သတ္တဝါလို့ ဆိုကြပါတယ်။ 1233 ခု August လ 8 ရက်မှာ Nanto (ယခု - Nara ပြည်နယ်) မှာ nekomata တစ်ကောင်က လူတစ်ချို့ကို သတ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

၁-၃။ Edo ခေတ်ဦး


Edo ခေတ်မှာတော့ nekomata ကို yokai အနေနဲ့ ဖော်ပြလာကြပါပြီ။ 1685 တုန်းကဆို nekomata ကို တောဝက်တစ်ကောင်အရွယ်ရှိတယ်လို့ ဆိုကြပြီး 1775 မှာတော့ ကျားတစ်ကောင် အရွယ်ရှိတယ်လို့ ဆိုပါတယ်။ ပါးစပ်ပုံပြင်တွေဟာ ချဲ့ကားတတ်တဲ့ သဘောရှိတဲ့အလျောက် 1809 မှာတော့ စာအုပ်တစ်ခုမှာ nekomata ဟာ ခြောက်ပေ ရှည်ပြီး ပါးစပ်မှာ ခွေးတစ်ကောင်ကို အသာလေးချီထားနိုင်တယ်လို့ဆိုသတဲ့။

၁-၄။ Edo အလယ်ခေတ်


တောတောင်ထဲမှာပဲ နေတယ်လို့ ဆိုတဲ့ nekomata ဟာ Edo အလယ်ခေတ်လောက်မှာတော့ အိမ်ထဲကို ရောက်လာပါပြီ။ အိမ်မွေးကြောင်တွေဟာလဲ သက်တမ်းရင့်သွားရင် nekomata အဖြစ် ပြောင်းသွားနိုင်တယ်ဆိုတဲ့ အယူတွေလဲ ပေါ်လာခဲ့ပါတယ်။ အဲ့ nekomata နဲ့ ပတ်သတ်တဲ့ ပုံပြင်တစ်ခုကတော့ အောက်မှာအတိုင်း ဖြစ်ပါတယ်။
ဆာမူရိုင်းတစ်ဦးရဲ့ အိမ်မှာ သရဲခြောက်သလို ဘာလို အဖြစ်အပျက်တွေ ဖြစ်လာခဲ့သတဲ့။ စစချင်းတော့ ဘာကြောင့်မှန်း မသိပေမယ့် နောက်ပိုင်းမှာတော့ အိမ်မှာ မွေးထားတဲ့ ကြောင်ကို ကြည့်လိုက်တဲ့အခါ ကြောင်က အမြီးနှစ်ချောင်းရှိနေတာဖြစ်ပြီး အဲ့ကြောင်ကို သတ်လိုက်တော့မှ အဲ့လို ထူးခြားတာတွေဟာ ရပ်တန့်သွားပါတယ်တဲ့။

၁-၅။ နောက်ပိုင်းခေတ်များ


နောက်ပိုင်းမှာတော့ nekomata ကို ပုံတွေဘာတွေဆွဲပြီး သရုပ်ဖော်ကြပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့ nekomata ကို geisha တစ်ဦးဟာ shamisen ဆိုတဲ့ တူရိယာကို တီးနေဟန် ဆွဲထားတာပဲ ဖြစ်ပါတယ်။ Geisha တွေရဲ့ နာမည်ပြောင်ဟာ ကြောင် ဖြစ်တဲ့အတွက် အဲ့ဒါကို အကြောင်းပြုပြီး ဆွဲထားတာ ဖြစ်နိုင်ပါတယ်။
ယနေ့ခေတ်မှာတော့ nekomata ကို ကြောက်စရာကောင်းတဲ့ သတ္တဝါလို့ မယူဆတော့ပဲ ချစ်ဖို့ကောင်းတယ်လို့ ဆိုကြပြီး anime တို့ ဘာတို့ထဲမှာ ပါလာတာ တွေ့ရမှာပါ။
အထင်ရှားဆုံးကတော့ InuYasha ထဲက Kirara ဖြစ်ပါတယ်။
နောက်ပြီး Naruto Shippuden ရဲ့ filler တစ်ခုဖြစ်တဲ့ Episode #189 မှာလဲ nekomata ပါဝင်တာ တွေ့ရမှာပါ။

၁-၆။ Nekomata အပြင် အခြားသော ကြောင်များ



Nekomata အပြင် တခြား ကြောင် yokai တွေလဲ ရှိပါတယ်။ တစ်မျိုးကတော့ kasha (火車) လို့ ခေါ်ပါတယ်။ ကြောင်မွေးထားတဲ့ လူတစ်ယောက်ဟာသေဆုံးသွားရင် သူ့ကြောင်ဟာ kasha ဆိုတဲ့ yokai အဖြစ်ပြောင်းသွားပြီး သူ့သခင်ရဲ့ အလောင်းကို ဖွက်ထားတတ်တယ်လို့ ဆိုပါတယ်။
နောက်တစ်မျိုးကတော့ bakeneko ဖြစ်ပြီး nekomata နဲ့ ရောလေ့ရှိပါတယ်။ (Bakeneko  အကြောင်းကိုတော့ အနောက်မှာ ဆက်ပြောပါမယ်။)

Echu ပြည်နယ် (ယနေ့ခေတ် Toyama ဒေသ) မှာ nekomata ဆိုပြီး အမည်ပေးထားတဲ့ တောင် ရှိပါတယ်။ ဒါ့အပြင် Aizu ပြည်နယ် (ယနေ့ခေတ် Fukushima ဒေသ) မှာလဲ nekomata တွေနဲ့ ဆက်စပ်နေတဲ့ တောင်ထွတ်ကို nekomata တောင်ထွတ်လို့ ခေါ်ကြပါတယ်။

၂။ Bakeneko


၂-၁။ Bakeneko ဆိုတာ ဘာလဲ?


Bakeneko ကို ကြောင်သရဲ ၊ ကြောင်မိစ္ဆာ စသဖြင့် မျိုးစုံ ခေါ်ကြပါတယ်။ ဒါပေမယ့်လဲ အသွင်ပြောင်းတဲ့ကြောင်ဆိုပြီး ခေါ်တာတော့ အသင့်လျော်ဆုံးပါပဲ။ “Bake-“(化け) ဆိုတာ အသွင်ပြောင်းတယ်၊ ပုံစံ ပြောင်းတယ်လို့ အဓိပ္ပာယ်ရပြီး neko (猫) က ကြောင်ဖြစ်ပါတယ်။ Bakeneko ကို တစ်ခါတစ်ရံမှာတော့ တခြား yokai ကြောင်တွေအတွက်ပါ ခြုံပြီး သုံးတတ်ပါတယ်။ Nekomata ဟာ bakeneko တစ်မျိုးလို့လဲ ဆိုကြပါတယ်။

Bakeneko တွေဟာ လူသားအသွင် ၊ အနည်းဆုံးတော့ တစ်စိတ်တစ်ဒေသလောက် လူပုံ ပြောင်းနိုင်ပါတယ်။ လူလိုဝတ်ပြီး စကားလဲ ပြောတတ်တယ်လို့ ဆိုပါသတဲ့။ တခြားဟာတွေကတော့ လူတွေလဲ ကြောင်အသွင်ပြောင်းသွားရင် bakeneko လို့ ခေါ်ကြပါတယ်။ Bakeneko တွေဟာ အသွင်ပြောင်းနိုင်တဲ့ အစွမ်းရှိတဲ့အတွက် henge (変化) ဆိုတဲ့ yokai အမျိုးအစားထဲမှာပါပြီး kitsune တို့၊ tanuki တို့နဲ့ တစ်တန်းတည်း ဖြစ်ပါတယ်။ Bakeneko တွေက အသက်ရှည်တယ်လို့ ဆိုကြပါတယ်။ အမြီးနှစ်ချောင်းရှိတဲ့ bakeneko တွေလဲ ရှိကြပါတယ်တဲ့။ Bakeneko နဲ့ Nekomata ရဲ့ တစ်ခုတည်းသော ကွာခြားချက်ကတော့ bakeneko ဟာ အသွင်ပြောင်းနိုင်တယ် ဆိုတာပါပဲ။

၂-၂။ Bakeneko ဖြစ်ပေါ်လာပုံ


ဟိုးအရင်က ကြောင်တွေဟာ ဂျပန်နိုင်ငံမှာ မရှိပါဘူး။ တခြားနိုင်ငံက သယ်ဆောင်လာတာ ဖြစ်ပြီး နောက်ပိုင်းမှာမှ ကြောင်တွေကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မွေးကြပါတယ်။ အဲ့ခေတ်တုန်းက ဂျပန်မှာလူတွေက အသားငါးထက် ကောက်ပဲသီးနှံကို စားတယ်လို့ ဆိုကြပါသတဲ့။ အဲ့တော့ ပိုတဲ့ အစားအစာတွေကို ကြောင်တွေကို ကျွေးတာပေါ့လေ။ ကြောင်တွေက အသားစားသတ္တဝါ ဖြစ်တဲ့အလျောက် ဟင်းသီးဟင်းရွက်နဲ့ ဘယ်တင်းတိမ်နိုင်ပါ့မလဲ။ အဲ့တုန်းက မီးအိမ်တွေ ထွန်းညှိရာမှာ မီးစာအဆီကို ငါးရဲ့ အဆီ သုံးတယ်လို့ ဆိုပါတယ်။ အဲ့တော့ ကြောင်က ညဘက်မှာ မီးအိမ်က ငါးဆီကို လျက်မှာပေါ့လေ။ မီးအိမ်ကလဲ မြင့်တော့ နောက်ခြေနှစ်ချောင်းကိုပဲ အားပြုပြီး ရပ်နေတဲ့ ဟန်ဖြစ်နေမှာပေါ့။ ညဘက်ဆိုတော့ လူတွေဟာ အဲ့ကြောင်ရဲ့ အရိပ်ကို မြင်ပြီး အရိပ်က ကြီးနေတော့ လူရိပ်လိုလိုတွေ ထင်ပြီး အဲ့အကြောင်းကို သရဲပုံပြင်လိုလို ဘာလိုလို ပြောရာကနေ bakeneko ဆိုပြီး ဖြစ်လာသတဲ့။

၂-၃။ Bakeneko ပုံပြင် တစ်ခု


Hizen ပြည်နယ် (ယနေ့ခေတ် Saga ဒေသ) မှာ Nabeshima Mitsushige ဆိုတဲ့သူ အုပ်ချုပ်သတဲ့။တစ်ရက်မှာတော့ သူဟာ Ryuzoji Matashichi ဆိုတဲ့ သူကို သူ့လက်အောက်မှာ အမှုထမ်းစေသတဲ့။ ဒါပေမယ့်နောက်ပိုင်းမှာ အကြောင်းတစ်ခုကြောင့် Nabshima ဟာ Ryuzoji ကို သေဒဏ် ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် Ryuzoji ရဲ့ မိခင်ဖြစ်သူဟာ သားသေသွားတဲ့အတွက် ပူဆွေးပြီး အဲ့လိုအသတ်ခံရတဲ့အကြောင်းတွေကို သူမွေးထားတဲ့ ကြောင်ကို ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ အဲ့ကြောင်က Ryuzoji မိခင်ရဲ့ သွေးကို လျက်ပြီးနောက်မှာတော့ Bakeneko အဖြစ် ပြောင်းသွားပါသတဲ့။ အဲ့ bakeneko ဟာ Nabeshima ဆီ ညစဉ်ညတိုင်း သွားပြီး ခြောက်လှန့်ပါတယ်။ နောက်ပိုင်းမှာတော့ Nabeshima ဟာ လူတစ်ယောက်ရဲ့ အကူအညီနဲ့ bakeneko ကို ရှင်းနိုင်ခဲ့ပါတယ်။

ဒါကို နောက်ပိုင်းမှာ Kabuki ပြဇာတ်တွေမှာ ပြခဲ့ပြီး နာမည်ကြီး ပြဇာတ် ဖြစ်လာခဲ့ပါတယ်။ တိုက်ဆိုင်တာလား ဘာလားတော့ မဆိုနိုင်ပေမယ့် Nabeshima Mitsushige ဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ဒီလို ပုံပြင်ဟာ Nabeshima မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အတွက် ဒီလို ပြသတာကို ပိတ်ပင်ဖို့ အသနားခံစာ တင်ခဲ့ပြီး နောက်ပိုင်းမှာတော့ မပြသတော့ ပါဘူး။

ဒါပေမယ့်လဲ bakeneko ဟာ yokai အနေနဲ့ နာမည်ကြီးလာပါတယ်။

၂-၄။ Bakeneko ပြည့်တန်ဆာများ


Edo ခေတ်ရဲ့ ပြည့်တန်ဆာအိမ်တွေရှိရာ Yoshiwara မှာ bakeneko ဟာ လူပုံစံ ယောင်ဆောင်ပြီး ပြည့်တန်ဆာအနေနဲ့ ရှိတတ်ပါတယ်။အဲ့ bakeneko တွေဟာ လာတဲ့အမျိုးသားတွေကို ဧည့်ခံပြီး ညဘက်မှာတော့ ရုတ်တရတ်ပျောက်သွားပြီး ကြောင် အသွင်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဧည့်သည်တွေက အဲ့အမျိုးသမီးတွေကို ငါးတွေ လက်ဆောင်ပေးတတ်ကြတယ်လို့ ဆိုပါတယ်။ အဲ့အမျိုးသမီးဟာ bakeneko ဆိုရင် ငါးကို မြင်တာနဲ့ ကြောင် ပုံစံ ပြောင်းသွားတယ်လို့ ဆိုပါသတဲ့။

၂-၅။ Anime ထဲက bakeneko









၁။ Bakemonogatari ထဲက Tsubasa Hanekawa ဟာ bakeneko ဖြစ်ပါတယ်။
၂။ နောက်ပြီး Nurarihyon no Mago ထဲမှာ Bakeneko clan ဆိုတာ ပါ တာ တွေ့ရမှာပါ။

၃။ အကိုးအကား


http://hyakumonogatari.com/2012/04/21/nekomata-the-split-tailed-cat/

http://yokai.com/nekomata/

http://en.wikipedia.org/wiki/Nekomata

http://naruto.wikia.com/wiki/Nekomata

http://hyakumonogatari.com/2012/06/03/bakeneko-the-changing-cat/

http://en.wikipedia.org/wiki/Bakeneko

http://yokai.com/bakeneko/

http://bakemonogatari.wikia.com/wiki/Tsubasa_Hanekawa

http://nurarihyonnomago.wikia.com/wiki/Bakeneko_Clan

Comments

Popular posts from this blog

Lookism