Yokai ပုံပြင်များ (၃)

ဒီတစ်ခါကတော့ လူသိများတဲ့ Yuki Onna အကြောင်းကို ပြောမှာဖြစ်ပါတယ်။ Yuki Onna အကြောင်းကတော့ ပုံပြင်တစ်ပုဒ်တည်း ရှိတာတော့ မဟုတ်ပါဘူး။ "တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း " ဆိုသလိုပဲ ဂျပန်ရဲ့ နှင်းကျတဲ့ ဒေသတိုင်းလိုလိုမှာ မတူညီ ကွဲပြားတဲ့ Yuki Onna ပုံပြင်တွေ ရှိကြပါတယ်။ ဒါ့အပြင် ဒီလို မူကွဲပုံပြင်တွေမှာ Yuki Onna ဟာ ကြောက်စရာကောင်းတဲ့ Yokai အနေနဲ့သော်လည်းကောင်း၊ အမေ နေရာကသော်လည်းကောင်း မတူညီတဲ့ အခန်းကဏ္ဍမျိုးစုံမှာ ပါဝင်တာ တွေ့ရမှာပါ။

Yuki Onna ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ နှင်းဆိုတဲ့ အဓိပ္ပာယ် ရတဲ့ kanji ဖြစ်တဲ့ Yuki (雪 ) နဲ့ အမျိုးသမီးဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ စာလုံးဖြစ်တဲ့ Onna (女) ဆိုတာကို ပေါင်းထားတာဖြစ်ပြီး မြန်မာလို ဆီလျော်အောင် ပြန်ရမယ်ဆိုရင်တော့ "နှင်းရေခဲမယ်" လို့ ဆိုရလေမလား မပြောတတ်။
သူ့နာမည်ဟာ Yuki Onna ဆိုတဲ့ နာမည်ပဲ ရှိတာလား ဆိုတော့ မဟုတ်ပါဘူး။ အခြားအခြားသော နာမည်တွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေကတော့ -
၁။ 雪乳母 – Yuki Onba – နှင်း + အမေ
၂။ 雪娘 – Yuki Musume – နှင်း + သမီး
၃။ 雪女子 – Yuki Onago – နှင်း + လုံမပျို
၎။ 雪女郎 – Yuki Joro – နှင်း + ပြည့်တန်ဆာ
၅။ 雪姉 – Yuki Anesa – နှင်း + အစ်မ
၆။ 雪女房 – Yuki Nyobo – နှင်း + ဇနီး စတာတွေ ဖြစ်ပါတယ်။
ဒီနာမည်တွေကို ကြည့်ခြင်းအားဖြင့် နာမည်တွေဟာ Yuki (နှင်း) ဆိုတဲ့ ဝေါဟာရနဲ့ အမျိုးသမီးတွေကို ခေါ်တဲ့ အသုံးအနှုန်းတွေကို ပေါင်းပြီး သုံးထားတာ တွေ့နိုင်ပါတယ်။

Yuki Onna ရဲ့ ပုံသဏ္ဍာန်


သူ့ကို ဘယ်လို နာမည် အမျိုးမျိုးနဲ့ပဲ ခေါ်ကြပါစေ၊ သူ့ပုံသဏ္ဍာန်ကတော့ သိပ်မကွာပါဘူး။ ပုံမှန် yurei တွေလိုပဲ ဖြူဖတ်ဖြူရော် အသားအရည်ရှိပြီး ကီမိုနို အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးလို့ ဆိုကြပါတယ်။ ပုံပြင်အများစုမှာတော့ သူဝတ်ထားတဲ့ ကီမိုနိုကိုတော့ ပါးပါးလျလျလေး ရှိတဲ့ ကီမိုနိုလို့ သရုပ်ဖော်ပါတယ်။ ဘယ်လောက်တောင် ပါးလဲဆိုရင် ကီမိုနို ကို ဖောက်ပြီး အထဲက အသားကိုတောင် မြင်နိုင်သတဲ့။
မတူညီတာကတော့ သူ့ရဲ့ အသက်အရွယ်၊ ရုပ်ရည်နဲ့ ဆံပင်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နက်မှောင်တဲ့ ဆံပင်ရှိတဲ့ အမျိုးသမီးငယ်လို့ ဆိုကြပေမယ့်လဲ သူ့အကြောင်းကို ပထမဆုံး ဖော်ပြထားတဲ့ Sogi Shokoku Monogatari (宗祇諸国物語; Sogi’s Tales of Many Lands) ထဲမှာတော့ သူ့ဆံပင်ကို အဖြူရောင်လို့ ဆိုပါတယ်။
နောက်ပြီး Yuuki Onna ဟာ နှင်းတွေကြားမှာ လမ်းလျှောက်သွားရင် ခြေရာ မပေါ်ဘူးလို့ ပြောကြပါတယ်။

Yuki Onna ရှိရာ ဒေသများ


Yuki Onna ပုံပြင်တွေကတော့ ဂျပန်နိုင်ငံရဲ့ အေးခဲတဲ့ မြောက်ပိုင်းဒေသတွေမှာ အများဆုံးပေါ့လေ။ ဒါပဲလားဆိုတော့ အခြားအခြားသော ဒေသတွေမှာလဲ Yuki Onna ပုံပြင်ကိုယ်စီ ရှိကြသတဲ့။ Yuki Onna ပုံပြင် မရှိတဲ့ နေရာဆိုလို့ Okinawa နဲ့ Hokkaido လောက်ပဲ ရှိတယ်လို့ ဆိုကြပါတယ်။
Aomori နဲ့ Iwate ဒေသတွေမှာ Yuki Onna ဟာ နှစ်သစ်မှာ ပေါ်လာတတ်တယ်လို့ အယူရှိပါတယ်။ Koshogatsu ဒေသမှာတော့ ဇန်နဝါရီ ၁၅ ရက်မှာ ရောက်လာတတ်တယ်လို့ ဆိုကြပြီး Aomori ဒေသကတော့ နှစ်သစ်မှာ ရောက်လာတတ်ပြီး ဖေဖော်ဝါရီ တစ်ရက်ဆို ပြန်ထွက်သွားတယ်လို့ ဆိုကြပါတယ်။
သူဟာ ရောက်လာရင် နှင်းတွေဝေတဲ့ လပြည့်ညတွေမှာ ရောက်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Ehime ဒေသမှာရှိတဲ့ မိခင်တွေဟာ ကလေးတွေကို ဒီလိုညမျိုးမှာ အပြင်ထွက် မဆော့ခိုင်းဘူးလို့ ဆိုပါတယ်။
ဟိုးအရင် အချိန်တွေတုန်းကတော့ Yuki Onna ကို နတ်အနေနဲ့ ယူဆပြီး နှစ်သစ်ရောက်တိုင်း ပူဇော်ပသတယ်လို့ အဆိုရှိပါသတဲ့။ တချို့ကတော့ Yuki Onna ကို တောင်စောင့်နတ်ရဲ့ အခိုင်းအစေလို့ ပြောကြပါတယ်။

Yuki Onna ပုံပြင် မူကွဲတချို့


၁။ ပထမဆုံးသော Yuki Onna (Sogi Shokoku Monogatari မှ)


ဒါကတော့ ရှေးဟောင်း ဒဏ္ဍာရီလို့တောင် ဆိုနိုင်ပါတယ်။ Muromachi ခေတ်(1333 – 1573) က Echigo ပြည်နယ်မှာ ရှိတဲ့ Sogi ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူကြုံတွေ့ခဲ့တဲ့ Yuki Onna အကြောင်းကို ရေးထားတာ ဖြစ်ပါတယ်။ သူ့ပုံပြင်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နှင်းတွေကျနေတဲ့ တစ်မနက်မှာ Sogi ဟာ ခြံထဲမှာ မတ်တပ်ရပ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်သတဲ့။ အဲ့အမျိုးသမီးဟာ အရပ် ၁၀ ပေလောက်ရှိပြီး ကီမိုနို ပါးပါးလေး ဝတ်ထားပါတယ်တဲ့။ အသားအရည်ကလဲ သာမန်လူတွေ ဖြူတာထက် ပိုဖြူတဲ့ အပြင် ဆံပင်ကလဲ အသားအရည်နဲ့ လိုက်ဖက်စွာ ဖြူဖွေးနေတယ်လို့ ဆိုပါတယ်။ ရုပ်ရည်ကလဲ အင်မတန် ချောသတဲ့။ အဲ့ဒါနဲ့ Sogi ဟာ အဲ့အမျိုးသမီးကို စကားပြောမယ် အလုပ်မှာ အဲ့အမျိုးသမီးက ရုတ်ချည်း ပျောက်ကွယ်သွားသတဲ့။

အဲ့အကြောင်းကို သူဟာ ဒေသခံတစ်ဦးကို ပြန်ပြောတဲ့ အခါ ဒေသခံက သူမြင်ခဲ့တာဟာ yuki no seirei - နှင်းဝိညာဉ်ဖြစ်ပြီး အဲ့ အမျိုးသမီးကို မကြာခဏ တွေ့ရကြောင်း ဆိုသတဲ့။

၂။ ရေတောင်းသော သူဖုန်းစား (Tottori ဒေသမှ ပုံပြင်)


ဒီမှာတော့ Yuki Onna ဟာ နှင်းကျတဲ့ ရက်တွေမှာ ပေါ်လာတတ်ပြီး "ရေပူ ဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ပေးကြပါ" ဆို ပြီး လိုက်တောင်းလေ့ရှိပါတယ်။ သူ့ကို ရေအေးပေးလိုက်ရင်တော့ ခန္ဓာကိုယ်က ပိုကြီးသွားပြီး ရေပူ ပေးလိုက်ရင်တော့ အရည်ပျော်ပြီး ပျောက်ကွယ်သွားတယ်လို့ ဆိုကြပါတယ်။

၃။ လနတ်သမီး Yuki Onna (Yamagata ဒေသမှ ပုံပြင်)


ဒီပုံပြင်ထဲမှာတော့ Yuki Onna က လပေါ်က နတ်သမီး ဖြစ်ပါသတဲ့။ လပေါ်မှာ လိုလေသေးမရှိတဲ့ ဘဝကို ရထားတဲ့ အတွက် အချိန်ကြာတော့ ပျင်းပြီး နှင်းတွေကျတဲ့ တစ်ရက်မှာ ကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လပေါ်ပြန်သွားချင်ပေမယ့်လဲ မသွားတတ်တဲ့ အတွက် ကမ္ဘာပေါ်မှာပဲ နေ, နေ ရပါတယ်။ ဒါကြောင့် သူဟာ နှင်းမြူတွေ အုံ့ဆိုင်းပြီး လသာတဲ့ လပြည့်ညတွေမှာ ထွက်လာပြီး လပေါ်ပြန်တက်ဖို့ နည်းလမ်း ရှာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

၎။ နှင်း vampire (Aomori ၊ Nigata နှင့် Miyagi ဒေသ တို့မှ)



ဒီမှာတော့ Yuki Onna ဟာ လူတွေရဲ့ အသက်စွမ်းအင်တွေကို စားတဲ့ Yokai ဖြစ်ပါတယ်။ သူ့သားကောင်တွေကို အေးခဲပြီး သေအောင် လုပ်ပြီးမှ အသက်စွမ်းအင်တွေကိုစုပ်ယူတယ်လို့ ဆိုပါတယ်။ Yuki Onna ဟာ ကလေးတွေကို ပို ကြိုက်တယ်လို့ ပြောကြပါတယ်။

၅။ စကားလိုက်ပြောသော Yuki Onna (Ibaraki ၊ Fukushima ၊ Akita နှင့် Fukui ဒေသတို့မှ)


Yuki Onna ဟာ သူ့ သားကောင်တွေကို ချက်ချင်း သတ်လို့ မရသေးပဲ စကားအရင်ပြောပြီးမှ သတ်လို့ ရတယ်လို့ ဆိုပါတယ်။ သူ လှမ်းခေါ်တာကို ပြန်ဖြေလိုက်တဲ့ သူက အတိုက်ခိုက်ခံရတယ်လို့ အဆိုရှိပါတယ်။
Fukushima ၊ Ibaraki စတဲ့ ဒေသတွေမှာတော့ ပြောင်းပြန်ဖြစ်ပြီး Yuki Onna က လှမ်းခေါ်တာကို ပြန်မဖြေတဲ့ သူက အတိုက်ခိုက်ခံရပါသတဲ့။

၆။ လက်စားချေသော Yuki Onna 


ဒီမှာကတော့ အမျိုးသမီးတစ်ဦးဟာ လှည့်စားခံရပြီး တောထဲမှာ အသတ်ခံခဲ့ရပါတယ်။ သူ သေသွားတဲ့ နောက်ပိုင်းမှာတော့ မကျွတ်မလွတ်ပဲ ဝိညာဉ်ဖြစ်ပြီး သူ့ကို သတ်ခဲ့တဲ့ လူတွေကို ပြန်လက်စားချေဖို့ ရှာတယ်လို့ ဆိုပါတယ်။

၇။ Lafcadio Hearn ရဲ့ Yuki Onna (1905)


Lafcadio Hearn ရဲ့ Kwaidan ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ပုံပြင်ဖြစ်တဲ့ Yuki Onna အကြောင်းဟာ ဒီပြောပြီးသမျှဟာတွေထဲမှာ လူသိအများဆုံးဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က Yuki Onna အကြောင်းကို ပြောမယ်ဆိုရင် ၉၉ % လောက်ဟာ ဒီထဲက Yuki Onna ပုံပြင်ကိုပဲ ပြောကြမှာဖြစ်ပါတယ်။ အဲ့ပုံပြင်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

နှင်းတွေကျနေတဲ့ တစ်ရက်မှာ ထင်းခုတ်သွားတဲ့ ထင်းခုတ်သမား သားအဖနှစ်ဦးဟာ တောထဲမှာ လမ်းပျောက်သွားသတဲ့။ နှင်းတွေက ကျနေတဲ့ အပြင် မှောင်စပျိုးလာတဲ့ အချိန်ဖြစ်တဲ့ အတွက် တောထဲမှာပဲ ထင်းပုံ နားမှာ မီးလှုံပြီး သားအဖနှစ်ယောက် အိပ်ကြပါတယ်။ ညသန်းခေါင် အချိန်မှာ အမျိုးသမီးတစ်ဦးရောက်လာပြီး အဖေဖြစ်တဲ့ ထင်းခုတ်သမားရဲ့ အသက်စွမ်းအင်ကို စုပ်ယူပြီး သတ်ပစ်လိုက်ပါတယ်။ အဲ့နောက်မှာ အဲ့အမျိုးသမီးဟာ သားဖြစ်သူကိုပါ သတ်မယ် အလုပ်မှာ အဲ့ထင်းခုတ်သမားကို မြင်မြင်ချင်း ချစ်သွားခဲ့ပြီး မသတ်ရက်ပဲ ဖြစ်နေခဲ့တယ်။ အဲ့အချိန်လောက်မှာပဲ သားဖြစ်တဲ့ ထင်းခုတ်သမားက အိပ်နေရာက တစ်ရေးနိုးလာတော့ အဲ့အမျိုးသမီးက ဒီနေ့ ဖြစ်ခဲ့တာတွေကို တစ်စုံတစ်ယောက်ကို ပြောပြရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

နောက်နှစ်ဆောင်းရာသီရောက်တော့ အဲ့ ထင်းခုတ်သမားအိမ်မှာ ခရီးသွား မိန်းမပျိုတစ်ဦး လာတည်းပါတယ်။ အဲ့ ထင်းခုတ်သမားလေးကလဲ အဲ့ မိန်းမပျိုကို ပေးတည်းပြီး နောက်မကြာခင်မှာပဲ သူတို့နှစ်ဦး ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ကြပါတယ်။ အဲ့လိုနဲ့ နှစ်ပေါင်းများစွာကြာပြီး ကလေးတွေ ရပြီးတဲ့ အချိန်မှာ လင်ယောက်ျားဖြစ်သူဟာ အရင်က သူ တောထဲမှာ တွေ့ခဲ့တဲ့ အမျိုးသမီးဟာ သူ့ ဇနီးနဲ့ ဆင်တယ်လို့ တွေးမိသတဲ့။ ဒါပေမယ့် ဒါဟာ တကယ်လား၊  အိပ်မက်လားဆိုတာ ဝေခွဲမရတဲ့ အတွက် အဲ့အကြောင်းကို သူ့ ဇနီးကို ဖွင့်ပြောလိုက်ပါတယ်။

အဲ့လိုပြောတော့ ဇနီးဖြစ်သူဟာ သူတွေ့တဲ့အမျိုးသမီးဟာ သူသာ ဖြစ်ကြောင်း၊ ကတိကို ချိုးဖောက်ပြီး အဲ့အကြောင်းကို အခြားသူကို ပြောလိုက်တဲ့ အတွက် သတ်ရမှာဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့်လဲ Yuki Onna ဟာ သူတို့ နှစ်ဦးရဲ့ နှစ်ပေါင်းများစွာရှိခဲ့တဲ့ သံယောဇဉ် အပြင် ကလေးတွေရဲ့ မျက်နှာကို ထောက်ထားပြီး မသတ်တော့ပဲ အိမ်က ထွက်သွားခဲ့ပါတယ်။ ယောက်ျားဖြစ်သူကတော့ နောင်တတွေ၊ ဝမ်းနည်းမှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျန်ရစ်ခဲ့လေတော့တယ်။

Anime တွေထဲတွင်ပါသော Yuki Onna





၁။ Nurarihyon no Mago ထဲမှာ Yuki Onna ပါတာ သိကြမှာပါ။ Nura Clan ထဲမှာ ထင်ရှားတဲ့ အဖွဲ့ဝင်ထဲက တစ်ယောက်ဖြစ်ပြီး Tsurara Oikawa ဆိုပြီး လူယောင်ဆောင်ပြီး Nura Rikuo နဲ့ ကျောင်းအတူတူ သွားတဲ့ တစ်ယောက် ဖြစ်ပါတယ်။
၂။ Bleach ထဲမှာ Kuchiki Rukia ရဲ့ Zanpakuto ဖြစ်တဲ့ Sode no Shirayuki ဟာ Yuki Onna ကို အခြေခံထားတာ သိသာပါတယ်။
၃။  Rosario + Vampire ထဲက  Mizore Shirayuki ဟာ Yuki Onna ဖြစ်ပါတယ်။
၎။  Ranma ½ ထဲမှာလဲ Yuki Onna ပါတယ်လို့ ဆိုပါတယ်။
၅။  InuYasha Anime အပိုင်း 101 မှာ Yuki Onna ပါ, ပါတယ်။
၆။ One Piece ထဲက Caesar Clown ရဲ့ လက်ထောက်ဖြစ်တဲ့ Monet  ဟာ Yuki Onna ကို အခြေခံထားတဲ့ character ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
၇။ Pokemon ထဲက Froslass ဟာ Yuki Onna ကို အခြေခံထားတာ ဖြစ်ပြီး Jynx ရဲ့ အစွမ်းဟာ Yuki Onna အစွမ်းကို အခြေခံထားတာ ဖြစ်ပါတယ်။
၈။  Final Fantasy VII ထဲက ရေခဲပြင်မှာ နေတဲ့ အမျိုးသမီးဆိုတာ Yuki Onna ကို အခြေခံထားတာ ဖြစ်နိုင်ပါတယ်။
၉။ Inu x Boku SS ထဲက Nobara Yukinokouji ဟာ Yuki Onna ဖြစ်ပါတယ်။
၁၀။  Yu-Gi-Oh! ထဲမှာ ရှိတဲ့ "Mischief of the Yokai" နဲ့ "Yuki-onna of the Ghostrick" ဆိုတဲ့ Card နှစ်ခုဟာ Yuki Onna ကို အခြေခံထားတယ်လို့ ဆိုပါတယ်။

References


http://hyakumonogatari.com/2013/12/18/yuki-onna-the-snow-woman/

http://en.wikipedia.org/wiki/Yuki-onna

Comments

Popular posts from this blog

Lookism