The Wind Rises

The Wind Rises ဆိုတဲ့ movie အကြောင်း မပြောခင် နိဒါန်း အရင်ပျိုးပါရစေ။
နာမည်ကြီး animation ရုပ်ရှင်တွေ ထုတ်တဲ့ Studio Ghibli ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Hayao Miyazaki ဟာ 2013 မှာ ဒီ Animation လောက ကနေ တကယ်အနားယူမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 2014 ခုနှစ်ရဲ့ နှစ်စမှာတော့ The Wind Rises ဆိုတဲ့ ရုပ်ရှင် ကြေညာမှုနဲ့အတူ ဒါဟာ Miyazaki ရဲ့ နောက်ဆုံး ရုပ်ရှင်ဖြစ်ကြောင်းလဲ ဆိုခဲ့ပါတယ်။ Hayao Miyazaki ရဲ့ ဖခင်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ Miyazaki  လေယာဉ်ကုမ္ပဏီရဲ့ ဒါရိုက်တာ ဖြစ်တာကြောင့် Hayao Miyazaki က ငယ်ငယ်တည်းက လေယာဉ်တွေကို ကြိုက်ခဲ့ပုံ ပေါ်ပါတယ်။ Miyazaki ရဲ့ The Wind Rises ဆိုတဲ့ ရုပ်ရှင်ဟာ Tatsuo Hori ရေးခဲ့တဲ့ "The Wind Has Risen" ဆိုတဲ့ ဝတ္ထုရယ်၊ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ လေယာဉ်အင်ဂျင်နီယာဖြစ်တဲ့ Jiro Horikoshi ရဲ့ဘဝရယ်ကို ရောသမ မွှေပြီး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Studio Ghibli ဟာ ပုံမှန်အားဖြင့်ဘယ် အသက်အရွယ်ပဲ ဖြစ်ဖြစ် ကြည့်နိုင်တဲ့၊ နားလည်လွယ်တဲ့ movie တွေ (ဥပမာ - Spirited away ၊ Howl's Moving Castle) ထုတ်ပေမယ့် ဒီဟာကတော့ ပိုပြီးအသက်အရွယ်ကြီးတဲ့ ကြည့်ရှူသူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်က 960 မီလျံယမ်း သို့ US 9.78 မီလျံ ဝင်ခဲ့တဲ့ ရုပ်ရှင်လဲ ဖြစ်ပါတယ်။

ဇာတ်လမ်း အကျဉ်း


Jiro Horikoshi ဟာ အဝေးမှုန်တဲ့သူ တစ်ဦးဖြစ်ပြီး သူဟာ ငယ်ငယ်တည်းက အနောက်တိုင်းက မဂ္ဂဇင်းတွေကို ဖတ်ပြီးနောက်မှာ လေယာဉ်တွေကို အလွန်ကြိုက်ပြီး လေယာဉ်ဖန်တီးတဲ့ သူတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ သူ အားကျတဲ့ ပုဂ္ဂိုလ်ကတော့ နာမည်ကြီး အီတာလျံ လေယာဉ်ဒီဇိုင်နာဖြစ်တဲ့ Caproni (Giovanni Battista Caproni) ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တကယ့်လက်တွေ့လောကမှာတော့ တစ်ဦးကိုတစ်ဦး မသိသော်ငြားလဲ ဝါသနာချင်းတူ၊ ရည်မှန်းချက်ချင်းတူတဲ့ သူနှစ်ဦးဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ရဲ့ စိတ်ဟာ ဆက်စပ်နေဟန် ပြထားပါတယ်။ (Movie ထဲမှာတော့ Jiro ရဲ့ အိပ်မက်ထဲမှာ မကြာခဏဆိုသလို Caproni ပေါ်လာတတ်တာကို ပြထားတာ တွေ့ရမှာပါ) 1923 မှာ Jiro ဟာ တိုကျိုတက္ကသိုလ်မှာ လေယာဉ်အင်ဂျင်နီယာ ပညာကို သင်ယူဖို့ မွေးရပ်မြေကနေ ရထားနဲ့ ထွက်လာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်မှာ Nahoko ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတယ်။ အဲ့လမ်းခရီးမှာပဲ ကန်တို ငလျင် ဖြစ်ခဲ့ပြီး Nahoko နဲ့ အဖော်ပါလာတဲ့ အစေခံအမျိုးသမီးဟာ ခြေထောက်ဒဏ်ရာ ရသွားတာကို မြင်တဲ့ Jiro ဟာ အဲ့အမျိုးသမီးကို အကူအညီ ပေးခဲ့ပြီးနောက် Jiro ဟာ သူ့နာမည်ကို မပြောပဲ ထွက်လာခဲ့ပါတယ်။
Jiro ဟာ ဘွဲ့ရပြီးနောက် 1927 မှာ သူ့သူငယ်ချင်း  Kiro Honjo နဲ့အတူ မစ်ဆူဘီရှီ လေယာဉ်ကုမ္ပဏီမှာ စတင် အလုပ်လုပ်ခဲ့ပါတယ်။ 1928 မှာ သိမ်းငှက်လို့ အမည်ရှိတဲ့ တိုက်လေယာဉ်ကို ဆောက်ခဲ့ပေမယ့်လဲ မအောင်မြင်ခဲ့ပါဘူး။ အဲ့နောက်မှာတော့ သူရော သူ့သူငယ်ချင်းကိုပါ ဂျာမဏီကို စေလွှတ်ပြီး နည်းပညာ လေ့လာစေခဲ့ပါတယ်။ 1932 မှာ ဒီဇိုင်နာချုပ်အဖြစ် ရာထူးတိုးခံရပြီး ရေတပ်အတွက် လေယာဉ်ထုတ်စေခဲ့ပေမယ့်လဲ ထပ်ကျရှုံးခဲ့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ခရီးထွက်ခဲ့ပါတယ်။ အဲ့မှာတော့ သူဟာ Nahoko နဲ့ ပြန်တွေ့ပြီး နှစ်ဦးသား စေ့စပ်ခဲ့ပါတယ်။ Nahoko ဟာ (အဲ့အချိန်တုန်းက ထိထိရောက်ရောက် ကုလို့မရသေးတဲ့) Tuberculosis  တီဘီရောဂါ ဖြစ်ခဲ့တဲ့အတွက် အစမှာတော့ လက်ထပ်ဖို့ကို ငြင်းခဲ့ပေမယ့်လဲ နောက်တော့ Jiro နဲ့ မခွဲနိုင်တဲ့အတွက် လက်ထပ်ပြီး နှစ်ဦးသား သာယာတဲ့အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ်။ အဲ့နောက်မှာတော့ Jiro ဟာ Zero Fighter လို့ အမည်ရတဲ့ တိုက်လေယာဉ်ကို အောင်မြင်စွာ ထုတ်နိုင်ခဲ့ပါသတဲ့။ ............ ကျန်တာကတော့ ဆက်ကြည့်ပေါ့နော်............

The Wind Rises ရုပ်ရှင်၏ နောက်ဆက်တွဲ


The Wind Rises ရုပ်ရှင်ဟာ အောင်မြင်မှုနဲ့ အတူ ဝေဖန်မှုတွေ အများကြီး ထွက်လာခဲ့ပါတယ်။ အဓိက ကတော့ အကြောင်းအရင်း နှစ်ခု ရှိပါတယ်။ ပထမကတော့ ရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်တဲ့အခန်းတွေ အလွန့်အလွန်ကို များတဲ့အတွက် ကလေးတွေ အတွက် မသင့်တော်ဘူး ဆိုတာပါပဲ။ ဒုတိယ အချက်ကတော့ ဒုတိယ ကမ္ဘာစစ် သမိုင်းမှာ Zero Fighter ဟာ Kamikaze - ကာမိကာဇီ (အသေခံတိုက်) လုပ်ဖို့ အတွက်သာ အသုံးချခဲ့တာကြောင့် ဒီလိုမျိုး လူသတ်လက်နက်ကို ထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို အသားပေးပြီး ဇာတ်လမ်းဖွဲ့တာဟာ မဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး Miyazaki ဟာ အင်တာဗျူးတစ်ခုမှာ ပြောထားတာ ရှိပါတယ်။ Zero Fighter ဟာ လူသတ်လက်နက် ဖြစ်ပေမယ့် Jiro ရဲ့ တီထွင်မှုဟာ ဂျပန်တွေအတွက် ဂုဏ်ယူနိုင်မယ့် တီထွင်မှု ဖြစ်ပါတယ်တဲ့။ နောက်ပြီး Miyazaki ဟာ ငြိမ်းချမ်းရေး ဝါဒီသမား တစ်ယောက် ဖြစ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာ ပေါ်လွင်နေပါတယ်။ ရုပ်ရှင်ထဲမှာ Jiro ပြောခဲ့တာ တစ်ခုကတော့ "ငါ ဟာ လှပတဲ့ အရာတစ်ခုကို ဖန်တီးချင်ခဲ့တာပါ" လို့ ဆိုပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့ အဆုံးသတ်မှာ Jiro ဟာ သူ့ရဲ့ တီထွင်မှု အတွက် ဝမ်းနည်းနေဟန်၊ နောင်တရနေဟန် ဖြစ်နေတာကို ဖော်ပြထားတာ တွေ့ရမှာပါ။
အဲ့လို ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး ကျနော်ကတော့ Jiro ရဲ့ အိပ်မက်ထဲက Caproni ပြောခဲ့တဲ့ စကားတစ်ခုကိုပဲ ပြောပါရစေ။ "လေယာဉ်မရှိတာထက် ရှိတဲ့ လောက က ပိုကောင်းတာပေါ့။ ဒီလို လေယာဉ်တွေကို လူသားတွေဟာ မကောင်းတဲ့ဘက်မှာ အသုံးချကြတာကတော့ တစ်ပိုင်းတစ်ကဏ္ဍပေါ့လေ..........."

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ဒီရုပ်ရှင်ဟာ သမိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ (1923 - ကန်တို (Kanto) ငလျင် ၊ 1930 နှောင်းပိုင်း ကမ္ဘာ့ စီးပွားရေးပျက်ကပ် ၊ တီဘီရောဂါ ကပ်ဘေး ၊ ဒုတိယကမ္ဘာစစ်(1939 - 1945) ) စတာတွေကို Jiro ရဲ့ ဘဝနဲ့ ပေါင်းစပ်ပြီး ကောင်းမွန်သေသပ် လှပစွာ သရုပ်ဖော်ထားတာကို တွေ့ရမှာပါ။ နောက်ပြီး ဒီရုပ်ရှင်တစ်ခုတည်းမှာတင် ကြည်နူးခြင်း ၊ အံ့ဩခြင်း ၊ တက်ကြွခြင်း ၊ သနားခြင်း ၊ စက်ဆုပ်ခြင်း ၊ ကြမ်းကြုတ်ခြင်း စတဲ့ ရသများစွာ ပေးစွမ်းနိုင်တဲ့အတွက် ကြည့်သင့်တဲ့ ရုပ်ရှင် တစ်ခု ဖြစ်တယ်လို့ ဆိုပါရစေ။

References


http://en.wikipedia.org/wiki/Jiro_Horikoshi

http://en.wikipedia.org/wiki/Hayao_Miyazaki

http://en.wikipedia.org/wiki/Giovanni_Battista_Caproni

http://en.wikipedia.org/wiki/The_Wind_Rises

http://the-artifice.com/the-wind-rises-2013-fact-fiction/

http://www.theguardian.com/film/2014/may/11/the-wind-rises-breathtaking-japanese-love-war-story

http://www.rogerebert.com/reviews/the-wind-rises-2013

http://www.nejm.org/doi/full/10.1056/NEJM199603143341121

http://en.wikipedia.org/wiki/Great_Depression#Japan

Comments

Popular posts from this blog

Lookism