သုံးနိုင်ငံခေတ် (၁)
အခန်း (၁) မက်မွန်ပန်းခြံတွင် သူရဲကောင်းသုံးဦးတို့ သွေးသောက်ဖွဲ့ခြင်း ၊ သူပုန်တို့အား တုန်လှုပ်စေခဲ့သော အောင်နိုင်မှုတစ်ခု
ကောင်းကင်ဘုံအောက်ဝယ် နယ်ပယ်တို့ ကွဲကြပြီးနောက် ပြန်စုစည်းကြပြီး အချိန်ကာလတစ်ခုကြာသော် စုစည်းထားသော နယ်ပယ်တို့ အစိတ်စိတ်အမြွှာမြွှာပြန်ကွဲကြပြန်သည်။ ဤသည်ကား ရှေးယခင်ကတည်းက ဖြစ်လာခဲ့သော ဓမ္မတာပင်တည်း။ ကျိုးမင်းဆက်အုပ်ချုပ်မှု ယိုင်နဲ့လာသောအခါ ကြီးမားသော နိုင်ငံကြီးသည် ပြည်နယ်ခုနှစ်ခု ကွဲသွားကာ အချင်းချင်း စစ်မက်ဖြစ်ပြီးသော် ချင်ပြည်နယ် အနိုင်ရပြီး ချင်မင်းဆက် တည်ထောင်ခဲ့လေသည်။ သို့သော် ချင်မင်းတို့ ခေတ်ကုန်သောအခါဝယ် ချူ နှင့် ဟန် ဟူသော နှစ်နိုင်ငံ ပေါ်လာပြန်လေ၏ ။ ထိုနှစ်နိုင်ငံ စစ်ခင်းကြပြန်ရာ ဟန်တို့က အနိုင်ရပြီး ဟန်ခေတ်သို့ ကူးပြောင်းလာခဲ့သည်။
ဟန်ခေတ်အစ ကား လယ်သမားမျိုးရိုးမှ ဆင်းသက်လာခဲ့သည့် "လျူဘန်း"(Liu Bang) ဟု အမည်ရှိသော ပုဂ္ဂိုလ်သည် ချင်တို့ကို ပုန်ကန်ရာမှ အောင်နိုင်ခဲ့ပြီး ဘီစီ ၂၀၂ တွင် ပြိုင်ဘက်ဖြစ်သော ချူနိုင်ငံကို အောင်မြင်ကာ တစ်နိုင်ငံလုံးကို စုစည်းနိုင်ခဲ့လေ၏ ။ ဟန်မင်းဆက်တို့ အစဉ်အဆက် အုပ်ချုပ်လာကာ နှစ်ပေါင်းနှစ်ရာကြာသော် "ဝမ်မန်"(Wang Mang) ခေါင်းဆောင်သည့် သူပုန်ထလေသည်။ သို့သော်လည်း "လျူရွှီး"(Liu Xiu) သည် သူပုန်တို့ကို နှိမ်နှင်းကာ နိုင်ငံကို ပြန်တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့လေသည်။ ဤသို့ဖြင့် နောက်ထပ် နှစ်နှစ်ရာတိုင် ဧကရာဇ် "ရှန်" (Xian) လက်ထက်မတိုင်ခင်အထိ ဟန်ခေတ်ကြီး အေးဆေးတည်ငြိမ်ခဲ့လေသည်။ ဧကရာဇ် "ရှန်"(Xian) လက်ထက်တွင်ကား နိုင်ငံသုံးခြမ်းကွဲကာ နောင်အခါ သမိုင်းဝယ် "သုံးနိုင်ငံခေတ်" ဟု သမှုတ်ကြမည့် စစ်မက်တို့လွှမ်းသော ခေတ်ပင် ဖြစ်သည်။
သို့ရာတွင် အုပ်ချုပ်မှု လစ်ဟင်းမှုပြဿနာတို့ကား ဧကရာဇ် "ရှန်"(Xian) မတိုင်မီ မင်းနှစ်ပါးဖြစ်သည့် ဧကရာဇ် "ဟွမ်"(Huan) နှင့် "လင်း"(Ling) ဟူသော ဘုရင်နှစ်ပါး လက်ထက်တွင် စတင်ခဲ့လေ၏ ။
ဧကရာဇ် "ဟွမ်"(Huan) ကား မှူးကြီးမတ်ရာတို့၏ အကြံကို နားမထောင်၊ အာဏာတို့ကို နန်းတွင်းအပါးတော်မြဲ (ကုန်းကုန်း) တို့ကိုသာ လွှဲထားလေသည်။ ထိုဘုရင်လွန်သော် ဧကရာဇ် "လင်း" (Ling) နန်းတက်လေသည်။ ထိုမင်း၏ အကြံပေးနှစ်ဦးကား စစ်သူကြီး "ဒိုဝု"(Dou Wu) နှင့် အကြံပေးအရာရှိ "ချန်ဖန်"(Chen Fan) တို့ ဖြစ်လေသည်။ ထိုသူနှစ်ဦးတို့သည် ကုန်းကုန်းတို့တန်ခိုးအာဏာကြီးနေသည်ကို မလိုလားသဖြင့် ထိုကုန်းကုန်းတို့ကို ဖြုတ်ချရန် ကြံစည်လေ၏ ။ သို့သော်လည်း ထိုအကြံသည် အကြီးဆုံးရာထူးရထားသော ကုန်းကုန်းဖြစ်သည့် "ချောင်ကျဲ"(Cao Jie) နားသို့ ရောက်လေသော် "ဒိုဝု"(Dou Wu) နှင့် "ချန်ဖန်"(Chen Fan) တို့ အသတ်ခံရကာ နန်းတော်ဝယ် ကုန်းကုန်းတို့၏ ဩဇာကား ကြီးမားသည်ထက် ကြီးမားလာလေသည်။
အေဒီ ၁၆၈ ၊ စတုတ္ထမြောက်လ၏ လပြည့်ည တစ်ညဝယ် ဧကရာဇ် "လင်း"(Ling) သည် နန်းဆောင်ခန်းမခန်းသို့ဝင်ရာ အခန်းထောင့်တစ်ရာမှ လေတိုက်ခတ်နေသည်ကို ခံစားလိုက်ရ၏ ။ ထို့အပြင် ပလ္လင်ထက်တွင် ကြီးမားသော မြွေမည်းကြီးတစ်ကောင် ရစ်ခွေနေသည်ဟု ဆိုသည်။ ဧကရာဇ် "လင်း"(Ling) သည် လန့်ကာ လဲကျသွားပြီး သူ့အနီးအပါးမှ အစောင့်တို့က ဘုရင်ကို သူ၏အိပ်ယာနန်းဆောင်အတွင်း ခေါ်ဆောင်သွားလေသည်။ အခြားအပါးတော်မြဲတို့ ယောက်ယက်ခတ်နေချိန်တွင် မြွေလည်း ပျောက်ကွယ်သွားသည်ဟု ဆို၏ ။
ထို့နောက် လျပ်စီး၊ မိုးကြိုး လက်ကာ လေအပြင်းအထန်တိုက်ပြီး ညဥ့်သန်းခေါင်တိုင်အောင် မိုးအသည်းအထန်ရွာသွန်းလေ၏ ။ နှစ်နှစ်ကြာသော် မြို့တော်ဖြစ်သည့် လော့ရန်တွင် ငလျင်လှုပ်သည့်အပြင် ကမ်းခြေတို့တွင် ရေကြီးကာ ထိုအနီးတစ်ဝိုက်ရှိ လူတို့သည် ရေနှင့်အတူ မျောပါကုန်သည်။ ထို့အပြင် အခြားသော နိမိတ်တို့လည်း ဖြစ်ပေါ်လေရာ ဧကရာဇ် "လင်း"(Ling) သည် မှူးမတ်တို့ကို စည်းဝေးစေကာ ထို ပြဿနာတို့၏ အကြောင်းအရင်းကို မေးလေ၏ ။
အကြံပေး အမတ်ကြီး "ချိုင်ယုံ"(Cai Yong) သည် ဤကဲ့သို့ ရဲဝံ့စွာ လျှောက်တင်လေသည် - "ထို နိမိတ်တို့ ဖြစ်ရခြင်း အကြောင်းအရင်းကား တိုင်းရေးပြည်ရေးတွင် မိဖုရား၊ နန်းတွင်းအပါးတော်မြဲတို့ ဝင်ရှုပ်သောကြောင့် ဖြစ်သည်" ဟု ဆိုသည်။
ထိုစကားကိုကြားသော် ဧကရာဇ် "လင်း"(Ling) သည် သက်ပြင်းချသည်ကို ပလ္လင်နောက်ကွယ်တွင်ရှိသော ကုန်းကုန်း "ချောင်ကျဲ"(Cao Jie) က သတိပြုမိသည်။ အခွင့်အရေးရသောအခါ "ချောင်ကျဲ"(Cao Jie) သည် သူ့အပေါင်းအပါတို့နှင့် ပူးပေါင်းကြံစည်ပြီး "ချိုင်ယုံ"(Cai Yong) ကို ရာထူးမှ ဆွဲချကာ သူ့နေအိမ်တွင် အကျယ်ချုပ် ချုပ်ထားလေသည်။
ထိုအဖြစ်အပျက်ပြီးနောက် ကုန်းကုန်းတို့သည် ပို၍ရဲဝံ့လာလေသည်။ ထိုအထဲမှ အာဏာအရှိဆုံး ကုန်းကုန်း ဆယ်ဦးတို့သည် "ပုံမှန် အပါးတော်မြဲ ၁၀ ဦး" ဟူသော အဖွဲ့ကို ဖွဲ့ကာ နန်းတွင်းဝယ် အာဏာအကြီးဆုံး ဖြစ်ခဲ့လေသည်။ ထို ဆယ်ဦးတို့ကား "ကျန်းရန်"(Zhang Rnag) ၊ "ကျောက်ကျုံး"(Zhao Zhong) ၊ "ချန်ခွမ်း"(Cheng Kuan) ၊ "တွမ်ကွေး"(Duan Gui) ၊ "ဖုန်းရွှီ"(Feng Xu) ၊ " ကော်ရှန်း"(Guo Sheng) ၊ "ဟုံလန်"(Hou Lan) ၊ "ကျန်ဆော်"(Jian Suo) ၊ "ချောင်ကျဲ"(Cao Jie) နှင့် "ရှယွင်"(Xia Yun) တို့ ဖြစ်သည်။
ထိုအထဲတွင် "ကျန်းရန်"(Zhang Rang) သည် အာဏာရလာပြီး ဘုရင်၏ ချီးမြောက်မှု၊ ပ, စားပေးမှုကိုကို ခံရလေသည်။ ဘုရင်၏ အကြံပေးဖြစ်လာကာ ဘုရင်က "မွေးစားအဖေ" ဟုခေါ်ရသည်အထိ အာဏာကြီးလာလေ၏ ။ ထို့အတူ တိုင်းပြည်သည်လည်း ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာကာ ပုန်ကန်မှုမီးစမီးန တောက်လောင်ရန် အရှိန်ယူနေချေပြီ။
ထိုအချိန်တွင် ကျွိလု ပြည်နယ်အတွင်း ကျန်း မျိုးရိုး၌ "ကျန်းကျွယ်"(Zhang Jue) ၊ "ကျန်းဘ"(Zhang Ba) "ကျန်းလျန့်"(Zhang Liang) မည်သော ညီနောင်သုံးဦး ရှိလေသည်။ အကြီးဆုံး ဖြစ်သော "ကျန်းကျွယ်" (Zhang Jue) သည် ဆေးပညာကို လေ့လာနေသူတစ်ဦး ဖြစ်သည်။ တစ်နေ့ "ကျန်းကျွယ်" (Zhang Jue) တောအုပ်ထဲသွားသောအခါ ဖြူဝင်းသော အသားအရည်၊ တောက်ပြောင်သော မျက်လုံးရှိသည့် တုတ်ကောက်ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးကို တွေ့လေသည်။ ထိုအဘိုးအိုက သူ့ကို ဂူအတွင်း ခေါ်ဆောင်သွားပြီးလျှင် အတွဲသုံးတွဲပါသည့် "ကောင်းကင်ဘုံ" စာအုပ်ကို ပေးလေသည်။
အဘိုးအိုမှ "ဒီ စာအုပ်က ငြိမ်းချမ်းမှုအတွက် အရေးပါတဲ့ စာအုပ်ပဲ။ ဒီစာအုပ်ကို အသုံးချပြီးတော့ လောကကို ပြောင်းလဲနိုင်သလို လူသားတွေကိုလည်း ကယ်နိုင်တယ်။ ဒါပေမယ့် ကိုယ်ကျိုးအတွက် အသုံးချရင်တော့ ဒုက္ခရောက်လိမ့်မယ်" ဟု ဆိုလေသည်။
"ကျန်းကျွယ်"(Zhang Jue) သည် အဘိုးအိုထံမှ စာအုပ်ကို ရိုသေစွာယူပြီး ထိုအဘိုးအိုနာမည်ကို မေးရာ အဘိုးအိုက "ငါက တောင်ကျွန်းမှာနေတဲ့ သူတော်စင် ဖြစ်တယ်" ဟုဆိုပြီး ပျောက်ကွယ်သွားလေ၏ ။
"ကျန်းကျွယ်"(Zhang Jue) လည်း ထိုစာအုပ်ကို လေ့လာကာ နောင်အခါတွင် လေကို ခိုင်းစေနိုင်ပြီး မိုးရွာအောင် လုပ်နိုင်သော အစွမ်းရသွားသည်ဆို၏ ။ အေဒီ ၁၈၄ တွင် တိုင်းပြည်အတွင်း ရောဂါကပ်ဘေးတို့ဖြစ်လေရာ "ကျန်းကျွယ်"(Zhang Jue) က လူအပေါင်းတို့အား ဆေးများကို မျှဝေခဲ့ရာ ထို အစွမ်းထက်သော ဆေးများကြောင့် "ဉာဏ်ပညာကြီးကျယ်သော ဆရာသခင်" ဟု ခေါ်ကြလေသည်။ ထို့အပြင် တပည့်များကို မွေးထုတ်ပြီး အနယ်နယ် အရပ်ရပ်သို့ စေလွှတ်ကာ လူတို့ကို ကူညီစေသဖြင့် တိုင်းပြည်အတွင်းဝယ် နာမည်ကြီးလာလေသည်။
"ကျန်းကျွယ်"(Zhang Jue) သည် သူ၏ တပည့်တပန်းများကို စတင်ဖွဲ့စည်းလေသည်။ သူသည် သောင်းနှင့်ချီသော တပည့်များနှင့် ဋ္ဌာနခွဲပေါင်း ၃၆ ခုခွဲခဲ့လေသည်။ အဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်တိုင်းကို စစ်မက်ဆိုင်ရာ စစ်သူကြီးအဖြစ် ခန့်အပ်လေ၏ ။ ထိုသူတို့သည် "အပြာရောင်ရှိသော ကောင်းကင်ဘုံသည် နိဌိတံခဲ့လေပြီ။ ရွှေရောင်ကောင်းကင်ဘုံ၏ အစကနဦးဖြစ်လေပြီ" ဟု ကောလာဟလများ လွှင့်လေသည်။ ထို အသစ်ဖြစ်သော ကောင်းကင်ဘုံသည် အဖွဲ့ဝင်တို့အပေါ် ကောင်းမှုမင်္ဂလာတို့ ဆောင်ကြဉ်းနိုင်မည်ဟု ဝါဒဖြန့်ကာ လူတို့ကို ယုံကြည်အောင် စည်းရုံးကြလေသည်။ ထိုနှစ်ကို ပထမနှစ်ဟုသတ်မှတ်ကာ အဖွဲ့ဝင်တို့အိမ်တွင် အဖွဲ့အစည်း၏ အမှတ်အသားများကို ချိတ်စေလေသည်။
"ကျန်းကျွယ်"(Zhang Jue) ၏ နောက်လိုက်နောက်ပါ များလာသည်နှင့်အမျှ သူ့ရည်ရွယ်ချက်လည်း ကြီးမားလာလေသည်။ နိုင်ငံကို ပိုင်ဆိုင်ချင်စိတ် ကြီးမားသည်ထက် ကြီးလာသည်။ သူ၏ လက်အောက်ခံတစ်ဦးဖြစ်သော "မာယွမ်ရိ"(Ma Yuanyi) ကို နန်းတွင်းမှ ကုန်းကုန်းတို့ထံ တန်စိုးလက်ဆောင်တို့ ပေးအပ်စေလေသည်။
သူ့ညီတို့ကို "ကျန်းကျွယ်"(Zhang Jue) က "ငါတို့အတွက် အခက်ခဲဆုံးက ထောက်ခံမှုကို ရဖို့ပဲ။ အခု ငါတို့က အဲ့ခက်ခဲတဲ့အရာကို ရခဲ့ပြီ။ ဒီလိုအခွင့်အရေးမျိုး လက်လွတ်မခံသင့်ဘူး" ဟု ဆိုလေသည်။
ထို့နောက် ထိုညီနောင်သုံးဖော်သည် ဖော်ပြပါအတိုင်း စတင် ပြင်ဆင်ကြလေသည်။ အဝါရောင်အလံနှင့် အမှတ်တံဆိပ်များ လုပ်စေကာ လက်ရှိအစိုးရကို တော်လှန်ရန်အတွက် ရက်ကောင်းရက်သာ ရွေးလေသည်။ ထို့နောက် "ကျန်းကျွယ်"(Zhang Jue) သည် အလိုတူကြံရာပါဖြစ်သော ကုန်းကုန်း "ဖုန်းရွှီ" (Feng Xu) ထံ စာတစ်စောင် ပို့လေ၏ ။ စာပို့သောသူသည် ကုန်းကုန်းထံမပေးပဲ နန်းတော်လက်သို့အပ်လိုက်လေရာ ဘုရင်မှ စစ်ဗိုလ်ချုပ် "ဟဲကျင်း" (He Jin) ကို ဆင့်ခေါ်ပြီး ထိုကိစ္စကို ဖြေရှင်းခိုင်းလေသည်။ "မာယွမ်ရိ"(Ma Yuanyi) ကို ခေါင်းဖြတ်သတ်ကာ ကုန်းကုန်းနှင့် အပေါင်းအပါတို့ကို ထောင်တွင်း အကျဉ်းချလိုက်သည်။
အကြံမအောင်မြင်သဖြင့် ကျန်းညီနောင်တို့သည် လူသူလက်နက်စုစည်းကာ ပုန်ကန်ကြတော့သည်။ "ကျန်းကျွယ်"(Zhang Jue) က "ကောင်းကင်ဘုံ အရှင်သခင်" ဟူသော ဘွဲ့နာမည်ဖြင့်လည်းကောင်း၊ "ကျန်းဘ"(Zhang Ba) က "မြေ အရှင်သခင်" ဟုလည်းကောင်း၊ "ကျန်းလျန်"(Zhang Liang) က "လူသားတို့ အရှင်သခင်" ဟုလည်းကောင်း ဘွဲ့နာမည် အသီးသီးတပ်ကာ ပုန်ကန်လေသည်။ သူတို့သည် အောက်ပါ စကားတို့ကို ပြောကာ လူတို့ကို ဆွဲဆောင်လေသည်။
"ဟန်ခေတ်၏ ကံကြမ္မာသည်ကား ညှိုးမှိန်ခဲ့လေပြီ။ နောက်တစ်ခေတ်ကို ဦးဆောင်ရန် အရည်အချင်း ရှိသော သူရဲကောင်း ပေါ်လာခဲ့ပြီ။ ကောင်းကင်ဘုံ၏ အလိုဆန္ဒအရ မှန်ကန်ဖြောင့်မတ်သော လမ်းကို လျှောက်ကာ ငြိမ်းချမ်းမှုကို ရအောင် လုပ်ကြလော့" ဟူ၍ဖြစ်သည်။
"ကျန်းကျွယ်(Zhang Jue) " ကို ထောက်ခံသူတို့၏ အင်အားလည်း မသေးလှ။ နေရာတိုင်းလိုလိုမှာပင် လူတို့သည် အဝါရောင်ခေါင်းစည်းကို ချည်နှောင်ကာ "ကျန်းကျွယ်"(Zhang Jue) ၏ သူပုန်တပ်အတွင်းသို့ ဝင်ကြကုန်သည်။ များမကြာမီပင် "ကျန်းကျွယ်"(Zhang Jue) ၌ စစ်တပ်အင်အား ငါးသိန်းခန့် ရှိလာကာ သူ့တပ်ကြီးကို ဘုရင့်တပ်မတော်မှ ကြောက်ရသည်အထိ ဖြစ်၏ ။
ဘုရင့်တပ်မတော်စစ်ဗိုလ်ချုပ်ဖြစ်သော "ဟဲကျင်း"(He Jin) သည် အဝါရောင်သူပုန်တို့ကို တိုက်ရန် ပြင်ဆင်မှုများ လုပ်ခဲ့လေသည်။ တိုင်းသူပြည်သားတိုင်း အဝါရောင်သူပုန်တို့ကို တိုက်ထုတ်ရမည် ဟူသော အမိန့်ကို ထုတ်ပြန်စေသည်။ ထိုအချိန်ဝယ် ဘုရင့်တပ်မတော် စစ်သူကြီးများ ဖြစ်ကြသော "လုကျီ"(Lu Zhi) ၊ "ဟွမ်ဖူစုန့်"(Huangfu Song) နှင့် "ကျူကျွင်း"(Zhu Jun) တို့ကို စစ်ကြောင်းသုံးကြောင်းခွဲကာ ချီတက်စေလေသည်။
ထိုအချိန်ဝယ် "ကျန်းကျွယ်"(Zhang Jue) သည် သူ့စစ်တပ်ကို ဦးဆောင်ကာ တိုင်းပြည်၏ အရှေ့မြောက်ပိုင်းတွင်ရှိသော ယိုကျိုးပြည်နယ်သို့ ချီလေသည်။ ယိုကျိုးပြည်နယ် နယ်စားကား မင်းဆွေမင်းမျိုးဖြစ်သည့် "လျူရန်"(Liu Yan) ဖြစ်သည်။ ရန်သူတို့ ချီတက်လာသည်ဟု သတင်းကြားသော "လျူရန်"(Liu Yan) သည် စစ်ဗိုလ် "ကျိုးကျင်း"(Zhou Jing) ကို ခေါ်ကာ တိုင်ပင်၏ ။
"ကျိုးကျင်း"(Zhou Jing) က "သူတို့စစ်တပ်က များပြီး ကျွန်တော်တို့ဘက်က အင်အားနည်းနေတယ်။ ရန်သူတွေကို တွန်းလှန်ဖို့ ဒီထက်မက အင်အားလိုအပ်လို့ လူသူလက်နက် စုဆောင်းသင့်တယ်" ဟုဆိုသည်ကို "လျူရန်"(Liu Yan) ကသဘောတူပြီး သူပုန်တို့ကို တွန်းလှန်ရန် ပြည်သူတို့၏ အင်အားလိုအပ်ကြောင်းကို စာများကပ်ကာ ကြော်ငြာလေသည်။ ထိုကြော်ငြာကို စိတ်အားထက်သန်သော လူတစ်ယောက်ရှိသည့် ကျိုးပြည်နယ်၏ မြို့နယ်လေးတစ်ခုတွင်လည်း ကပ်ထားလေသည်။
ထိုသူသည်ကား သာမန်နှယ်နှယ်ရရ စာကြမ်းပိုး တစ်ဦးမဟုတ်ပဲ စာပေကို မွေ့လျော်သူ ဖြစ်ပေသည်။ သူသည်ကား လွတ်လွတ်လပ်လပ်နေတတ်ကာ သနားကြင်နာတတ်သူ ဖြစ်လေသည်။ စကားနည်းသောသူဖြစ်ပြီး စိတ်ခံစားချက်တို့ကို တည်ငြိမ်သောမျက်နှာပေါ်တွင် မြင်ရခဲသည်။ အရပ်ရှည်သောသူဖြစ်ပြီး နားရွက်လည်း ရှည်ကာ နားရွက်သည် ပခုံးထိရောက်သည် ဆို၏ ။ သူ့လက်တို့သည်လည်း ဒူးအောက်တိုင်အောင် ရှည်သည်ဟု ဆိုသည်။ ထို့အတူ ကြီးမားသော မျက်လုံးများရှိပြီး ဝင်းဝါသော အသားအရည်ရှိသူ ဖြစ်သည်။
သူသည်ကား ဟန်မင်းဆက်၏ လေးယောက်မြောက် ဧကရာဇ်"ကျင်း"(Jing) ၏သားဖြစ်သူ ကျုံးရှန်း၏ "ရှန်"(Sheng) မင်းသား ၏ အမျိုးအနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ သူ့နာမည်ကား "လျူဘေ့"(Liu Bei) ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ဘိုးဘေးတို့သည် ထိုနယ်၏ အုပ်ချုပ်သူများဖြစ်ခဲ့လေသည်။ သို့သော်လည်း အကြောင်းတစ်ခုကြောင့် ရာထူးကျကာ ထိုမိသားစုအဆက်အနွယ်တို့သည် ဆင်းရဲသည်ထက် ဆင်းရဲလာ၏ ။ "လျူဘေ့"(Liu Bei) ၏ ဖခင် "လျူဟုန်"(Liu Hong) သည် စာပေပညာရှင်ဖြစ်သည့်အပြင် တရားမျှတသော မင်းမှုထမ်းကောင်းဖြစ်လေသည်။ သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့သောကြောင့် အမေတစ်ခု၊ သားတစ်ခုသာ ကျန်ခဲ့လေသည်။ ထို့ကြောင့် "လျူဘေ့"(Liu Bei) သည် အမေကို စောင့်ရှောက်ရသဖြင့် ဘေးပတ်ဝန်းကျင်က သူ့အား မိဘကို သိတတ်လိမ္မာသော သားအဖြစ် သတ်မှတ်ကြလေသည်။
ထိုအခါဝယ် သူတို့၏ မိသားစုကား ဆင်းရဲမွဲတေနေသာ အချိန်ဖြစ်၏ ။ "လျူဘေ့"(Liu Bei) သည် ကောက်ရိုးဖိနပ်၊ မြက်ဦးထုပ်များကို ရောင်းချကာ အသက်မွေးရလေသည်။ သူတို့အိမ်ကား ကျိုးပြည်နယ် မြို့တော်နှင့်နီးသော ရွာလေးတစ်ရွာ၌ဖြစ်သည်။ အိမ်အနီးတွင် ကြီးမားသော မာဘယ်ရီပင် ရှိ၏ ။ ထိုအပင်ကို အဝေးမှကြည့်သော် အကိုင်းအခက်များသည် လှည်းခေါင်မိုးနှင့် ခပ်ဆင်ဆင် တူသည်ဟူ၏ ။ ထိုအပင်ကို ကြည့်ကာ ဗေဒင်ဆရာတစ်ဦးသည် ထိုအပင်အနီးရှိ အိမ်မှ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ဦး ပေါ်လိမ့်မည်ဟု ပြောခဲ့သည် ဆို၏ ။
"လျူဘေ့"(Liu Bei) သည် ကလေးဘဝတွင် အခြားကလေးများနှင့် ထိုအပင်အောက်၌ ကစားသော အခါ အပင်ပေါ်သို့တက်၍ "ငါက ကောင်းကင်ဘုံရဲ့ သားဖြစ်ပြီး ဒီအပင်ဟာ ငါ့ရဲ့ စီးတော်ယာဉ်ပဲ" ဟု ဆိုလေ့ရှိသည်ဟုဆိုသည်။ ဤသည်ကို သူ့ဦးလေးမြင်သောအခါ ထိုသူငယ်သည် နောင်တစ်ချိန်ဝယ် ကြီးမြတ်သောသူဖြစ်မည်ဟု မှန်းဆပြီး "လျူဘေ့"(Liu Bei) တို့ မိသားစုကို ကူညီပေးခဲ့သည်။
"လျူဘေ့"(Liu Bei) အသက်ဆယ့်ငါးနှစ်ရှိသော အခါ သူ့အမေမှ ပညာသင်လွှတ်လိုက်လေသည်။ အချိန်ကာလတစ်ခုအထိ "လျူဘေ့"(Liu Bei) သည် "ကျန်းရွှမ်း"(Zheng Xuan) နှင့် "လုကျီ"(Lu Zhi) တို့အောက်ဝယ် တပည့်အနေနှင့် ပညာသင်ခဲ့လေသည်။ ထိုကာလအတွင်း ပညာသင်ဖက်ဖြစ်သော "ကုန်းစွန်းကျန့်"(Gongsun Zan) နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။
ထိုအဝါရောင်သူပုန်တို့ ထကြွသော အချိန်ဝယ် "လျူဘေ့"(Liu Bei) သည် အသက် နှစ်ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်သည်။ သူပုန်တို့ ထကြောင်းကို "လျူဘေ့"(Liu Bei) ဖတ်ရပြီး သက်ပြင်းချလိုက်လေ၏ ။ ထိုအခါဝယ် သူ့အနောက်မှ ကျယ်လောင်သော အသံတစ်ခု ကြားလိုက်လေသည်။
"ဒီမယ် နောင်ကြီး၊ ကိုယ့်တိုင်းပြည်ကိုယ် ဘာမှ မကူညီနိုင်ရင် သက်ပြင်းချပြီး ဘာလုပ်မှာလည်း"
ထိုအသံကြားသော် နောက်လှည့်ကြည့်သောအခါ သူ့ အရပ်အမောင်းနီးပါး ရှိကာ ကျားသစ်နှင့်တူသောခေါင်း၊ ကြီးမားသောမျက်လုံး၊ ချွန်သောမေး၊ ကျားနှင့်တူသော နှုတ်ခမ်းမွှေးတို့ ရှိသော လူကို တွေ့လေသော် "လျူဘေ့"(Liu Bei)မှ နာမည်မေးရာ ထိုသူက
"ကျွန်တော့်နာမည်က "ကျန်းဖေး"(Zhang Fei) လို့ ခေါ်တယ်။ နေတာကတော့ ဒီနားပဲ။ လယ်တစ်ကွက်ရှိတယ်။ အရက်နဲ့ အသားရောင်းတယ်။ ကျွန်တော်က အရည်အချင်းရှိတဲ့ သူတွေနဲ့ မိတ်ဆွေဖြစ်ချင်တာ၊ ခင်ဗျားက စစ်သားခေါ်တဲ့ ကြော်ငြာကို ဖတ်ပြီး သက်ပြင်းချတာ မြင်လို့ ခင်ဗျားကို လှမ်းပြောတာ" ဟု ဆိုလေသည်။
လျူဘေ့(Liu Bei) : "ကျွန်တော်ကတော့ မင်းဆွေမင်းမျိုးထဲကပါပဲ။ နာမည်ကတော့ "လျူဘေ့"(Liu Bei)ပါ။ ကျွန်တော်က ဒီသူပုန်တွေကို နှိမ်နှင်းပြီး တိုင်းပြည်ကို ကျေးဇူးဆပ်ချင်ပေမယ့်လည်း အားမတန် မာန်လျှော့ရတာပေါ့ဗျာ"
ကျန်းဖေး(Zhang Fei) : "ကျုပ်မှာ နည်းလမ်းရှိပါတယ်။ ခင်ဗျားနဲ့ ကျွန်တော်တို့နှစ်ယောက် စစ်သားတွေ စုပြီး ဘာလုပ်နိုင်မလဲ ကြည့်ကြည့်တာပေါ့"
ထိုစကားသည် "လျူဘေ့"(Liu Bei) ကို စိတ်ဝင်စားသွားစေသည်။ သူတို့နှစ်ဦးသည် စားသောက်ဆိုင်တွင်ထိုင်ကာ အစီအစဉ်ကို ဆွေးနွေးနေခိုက် အရပ်မြင့်၊ အရွယ်အစားကြီးမားသော သူသည် ဆိုင်အတွင်းသို့ဝင်လာကာ အရက်မှာလိုက်လေသည်။ ထိုသူမှ
"မြန်မြန်လုပ်၊ ကျုပ်က အခုမြို့ထဲသွားပြီး စစ်တပ်ထဲ စာရင်းပေးပြီး အမှုထမ်းမလို့" ဟုဆိုလေသည်။
ထိုသူကို "လျူဘေ့"(Liu Bei) က လှည့်ကြည့်လိုက်ရာ ထိုသူ၏ မျက်နှာသည် ပန်းသီးကဲ့သို့ နီနေပြီး ရှည်လျားသော မှုတ်ဆိတ်မွှေးနှင့် ဇာမဏီကဲ့သို့ မျက်လုံး များရှိသည်ကို သတိပြုမိသည်။ ခြုံပြောရသော် ထိုသူသည် လေးစားလောက်ဖွယ်ကောင်းသော မျက်နှာသွင်ပြင်ရှိလေသည်။ "လျူဘေ့"(Liu Bei) သည် ထိုသူထိုင်ရာ စားပွဲအနီးသို့ သွားကာ ထိုသူ့နာမည်ကို မေးရာ ထိုလူမှ
"ကျွန်တော့်နာမည်က "ကွမ်းယွီ"(Guan Yu)၊ ဇာတိကတော့ အရှေ့ဘက်နားက မြစ်နားကပဲ၊ ကျုပ်မြို့မှာ ချမ်းသာ၊ ဩဇာရှိပြီး ယုတ်မာကောက်ကျစ်တဲ့လူတစ်ယောက်ကို ကျုပ်သတ်လိုက်တဲ့အတွက် ဝရမ်းပြေးဖြစ်ခဲ့ရပြီး ငါးနှစ်လောက် တိမ်းရှောင်နေခဲ့တယ်။ အခုတော့ ဒီမှာ စစ်တပ်ထဲဝင်မလို့ လာတာ"
ထိုအခါ "လျူဘေ့"(Liu Bei) မှ "ကွမ်းယွီ"(Guan Yu)ကို သူ့အကြံကို ပြောရာ သူတို့သုံးဦးလုံး ထိုအချင်းအရာကို ဆွေးနွေးရန် "ကျန်းဖေး"(Zhang Fei) ပိုင် လယ်ကွက်ထဲသို့သွားကြလေသည်။
ကျန်းဖေး(Zhang Fei) : "အိမ်နောက်က ဥယာဉ်ထဲမှာ မက်မွန်ပင်တွေက ပန်းတွေ ပွင့်နေပြီ၊ နက်ဖြန်ကျရင် ကျွန်တော်တို့ သုံးယောက်စလုံး ကျွန်တော်တို့ ရည်မှန်းချက်တွေကို ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကျွန်တော်တို့ သုံးယောက်သွေးသောက်ညီနောင်ဖွဲ့ရအောင်"
ဤသည်ကို "လျူဘေ့"(Liu Bei) ရော "ကွမ်းယွီ"(Guan Yu) ပါ သဘောတူကြလေသည်။
နောက်တစ်နေ့တွင် သူတို့သုံးဦးသည် စားပွဲတစ်ခုပြင်ကာ အမဲသား၊ မြင်းသား၊ အရက်တို့ တင်ပြီး အမွှေးတိုင်ထွန်းကာ အောက်ပါသစ္စာစကားကို ဆိုကြလေသည်။
" အကျွန်ုပ်တို့ "လျူဘေ့"(Liu Bei) "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် မတူညီသော မိသားစုတို့တွင် မွေးလာခဲ့သော်လည်း ယခု သွေးသောက်ညီနောင်ဖွဲ့ပါမည်။ တစ်ဦးဦးက ဘေးအန္တရာယ်ကျရောက်လျှင် ကယ်တင်မည်ဖြစ်ပြီး ဒုက္ခတွေ့လျှင် ကူညီမည် ဖြစ်သည်။ အကျွန်ုပ်တို့သည် တိုင်းပြည်ကို ကာကွယ်ပြီး ပြည်သူတို့ကို စောင့်ရှောက်မည်ဟု သစ္စာဆိုပါသည်။ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်း မမွေးခဲ့သော်လည်း တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်း သေဆုံးချင်ပါသည်။ ကောင်းကင်နှင့်မြေကြီးတို့က အသိသက်သေဖြစ်ပြီး ဤကတိသစ္စာကို ချိုးဖောက်ခဲ့သည်ရှိသော် ဘေးအန္တရာယ်တွေ့ပါစေသား"
ထိုသို့သစ္စာပြုပြီးနောက် အသက်အကြီးဆုံးဖြစ်သော "လျူဘေ့"(Liu Bei) ကို ကျန်နှစ်ဦးက အရိုအသေပေးကြလေသည်။ ထို့နောက် ရွာသားများကို ဖိတ်ခေါ်ကာ အမဲသားနှင့် ကျွေးမွေးလေသည်။ လူပေါင်းသုံးရာခန့်သည် မက်မွန်ဥယာဉ်အတွင်း ပျော်ပွဲရွှင်ပွဲကျင်းပကြလေသည်။
နောက်တစ်ရက်တွင် လက်နက်များလုပ်ရန် ပြင်ဆင်လေသည်။ သို့သော် သူတို့သုံးဦးအတွက် စီးစရာ မြင်းမရှိသေးပေ။ မကြာမီပင် မြင်းကုန်သည်နှစ်ဦးတို့သည် ရွာအတွင်းသို့ မြင်းများနှင့် ဝင်လာလေသည်။
"လျူဘေ့"(Liu Bei) က "ဒါက ငါတို့ကို ကောင်းကင်ဘုံက ကူညီတာပဲ" ဟုဆိုလေသည်။

ညီနောင်သုံးဦးတို့သည် မြင်းကုန်သည်များကို သွားကြိဆိုလေသည်။ ထိုမြင်းကုန်သည်တို့သည် "ကျုံးရှန်း" မှ "ကျန်းရှီဖင်"(Zhang Shiping) နှင့် "စူရွှမ်း"(Su Shuang) တို့ဖြစ်သည်။ သူတို့သည် နှစ်တိုင်း မြောက်ပိုင်းသို့သွားကာ မြင်းဝယ်ကြသော်လည်း ယခုအခါ အဝါရောင်သူပုန်တို့ရန်ကြောင့် မြောက်ပိုင်းကို မသွားနိုင်ပဲ ပြန်လှည့်လာရခြင်းဖြစ်သည်။ ညီနောင်သုံးဦးတို့သည် မြင်းကုန်သည်နှစ်ဦးကို လယ်ကွက်သို့ခေါ်ကာ အရက်တိုက်ပြီးနောက် "လျူဘေ့"(Liu Bei) က သူ့အစီအစဉ်ကို ပြောလေသည်။ "ကျန်းရှီဖင်"(Zhang Shiping) နှင့် "စူရွှမ်း"(Su Shuang) တို့လည်း ၎င်းကိုကြားလျှင် ဝမ်းမြောက်ဝမ်းသာပင် မြင်းနှီးကုန်း ငါးရာ၊ ရွှေငွေ ငါးရာ အောင်စ အပြင် လက်နက်သွန်းလုပ်ရန် ပေါင်ပေါင်း တစ်ထောင့်ငါးရာ ရှိသော သံတို့ကို လက်ဆောင်ပေးလိုက်လေသည်။
ညီနောင်သုံးဦးတို့သည် ကျေးဇူးအလွန် တင်ကြလေ၏ ။ ထို့နောက် ပန်းပဲဆရာကို ခေါ်ကာ လက်နက်များ သုံးလုပ်စေသည်။ "လျူဘေ့"(Liu Bei) အတွက် ရှေးဟောင်း ဓားနှစ်လက်၊ "ကွမ်းယွီ"(Guan Yu) အတွက်မူ "အစိမ်းရောင် နဂါးဓား" ဟုခေါ်သော လက်ကိုင်ရှည်သော၊ ကောက်သော အသွားရှိသည့် ပေါင်တစ်ရာ့နှစ်ဆယ် ရှိသော ဓားတစ်လက်၊ "ကျန်းဖေး"(Zhang Fei) ကမူ ဆယ်ပေခန့်ရှိသော အသွားနှစ်ခွနှင့် "မြွေလှံ" စသည်ဖြင့် အသီးသီးရလေသည်။ ထို့အပြင် ကိုယ်ချပ်တစ်ခုစီနှင့် ခေါင်းဆောင်းတစ်ခုစီ သွန်းလုပ်စေသည်။
လက်နက်များ သွန်းလုပ်ပြီးသောအခါ စစ်သား ငါးရာခန့်စုပြီး စစ်ဗိုလ် "ကျိုးကျင်း"(Zhou Jing) ထံ သွားလေသည်။ "ကျိုးကျင်း"(Zhou Jing) မှတစ်ဆင့် "လျူရန်"(Liu Yan) နှင့် တွေ့ပြီးနောက် မိတ်ဆက်ကြရာ "လျူဘေ့"(Liu Bei) က မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာကြောင်း ပြောသဖြင့် "လျူရန်" (Liu Yan) က "လျူဘေ့"(Liu Bei) ကို လေးစားသမှုနှင့် ဆက်ဆံလေသည်။
သူပုန်ထဲမှ ခေါင်းဆောင်ဖြစ်သော "ချန်ယွမ်ကျိ"(Cheng Yuanzhi) သည် အင်အား ငါးသောင်းရှိသော တပ်ကြီးနှင့် ချီတက်လာသော အခါ "လျူရန်"(Liu Yan) က "ကျိုးကျင်း"(Zhou Jing) နှင့် "လျူဘေ့" (Liu Bei)တို့ကို အင်အား ငါးရာရှိသော တပ်ကို ခေါင်းဆောင်ကာ ချီတက်စေ၏ ။ "တရှင်း" တောင်ခြေတွင် တပ်နှစ်ဖက် မျက်နှာချင်းဆိုင်တွေ့ကြလေသည်။ သူပုန်တို့သည် ခေါင်းတွင် အဝါရောင်ခေါင်းစည်းများ ဝတ်ဆင်ထားကြသည်။
"လျူဘေ့"(Liu Bei) သည် ရှေ့ဆုံးမှ ချီတက်ပြီး "ကွမ်းယွီ"(Guan Yu) က ဘယ်၊ "ကျန်းဖေး"(Zhang Fei) က ညာတွင် နေပြီး ချီတက်ကြသည်။ "လျူဘေ့"(Liu Bei) မှ ချီတက်လာသော သူပုန်တပ်တို့ကို "မြင်းပေါ်ကဆင်းပြီး လက်နက်ချပါလား" ဟုဆိုလေသည်။
ဤသည်ကို ရန်သူ့ခေါင်းဆောင်ဖြစ်သော "ချန်ယွမ်ကျိ"(Cheng Yuanzhi) ကြားသော အခါ စိတ်ဆိုးမာန်ဆိုးဖြင့် စစ်သူကြီးတစ်ဦးဖြစ်သော "တန်မောင်"(Deng Mao) ကို ချီတက်ရန် အမိန့်ပေးလိုက်သည်။ "တန်မောင်"(Deng Mao) ချီတက်လာသည်ကို "ကျန်းဖေး"(Zhang Fei) မှ ဆီးပြီး သူ၏ လှံဖြင့် ထိုးလိုက်ရာ နှလုံးကို ထိပြီး မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။ ထိုအခါ "ချန်ယွမ်ကျိ"(Cheng Yuanzhi) သည် "ကျန်းဖေး"(Zhang Fei) ကို သတ်ရန်အလို့ငှာ ရှေ့သို့ထွက်လာသည်။ သို့သော်လည်း "ကွမ်းယွီ"(Guan Yu) က ထွက်လာပြီး "ချန်ယွမ်ကျိ"(Cheng Yuanzhi) ကို သူ၏ အစိမ်းရောင်ဓားရှည်ဖြင့် ခုတ်လိုက်ရာ "ချန်ယွမ်ကျိ"(Cheng Yuanzhi) မှာ ကာကွယ်ချိန်ပင်မရလိုက်၊ ကိုယ်ခန္ဓာပင် နှစ်ပိုင်းပြတ်သွားသည် ဟူ၏ ။
ခေါင်းဆောင်မရှိတော့သောအခါ သူပုန်တို့သည် လက်နက်တို့ကို ပစ်ထားပြီး ထွက်ပြေးကြလေသည်။ ထောင်ပေါင်းများစွာတို့ လက်နက်ချကြရာ ထိုတိုက်ပွဲသည် ဘုရင့်တပ်အတွက် ပြီးပြည့်စုံသော အောင်မြင်မှု ဖြစ်ခဲ့လေသည်။ မြို့သို့ပြန်ရောက်သော အခါ "လျူရန်"(Liu Yan) က ထိုသူတို့ကို ကြိုဆိုပြီး ဆုအသီးသီး ပေးအပ်လေသည်။ နောက်တစ်ရက်တွင် "ချင်ကျိုး" ပြည်နယ်မှ မြို့စား "ကုန်းကျင်း"(Gong Jing) ထံမှ စာရောက်လာသည်။ သူပုန်တို့သည် ထိုပြည်နယ်၏ မြို့တော်ကို ဝန်းရံထားပြီ ဖြစ်၍ စစ်ကူတောင်းခံသော စာပင် ဖြစ်သည်။
ထိုသတင်းကို ကြားသည်နှင့် "လျူဘေ့"(Liu Bei) က သွားရန် ပြင်လေသည်။
"လျူဘေ့"(Liu Bei) ၏ ကိုယ်ပိုင် စစ်တပ်အပြင် "ကျိုးကျင်း"(Zhou Jing) ၏ စစ်သား ငါးထောင် လည်း ပါဝင်လေသည်။ စစ်ကူရောက်လာသည်ကို မြင်သော သူပုန်တို့သည် မြို့ကို ဖိ၍တိုက်ရာ စစ်ကူတပ်တို့သည် သူပုန်တို့၏ ထိုးစစ်ကို မခံနိုင်ပဲ မြို့နှင့် ဆယ်မိုင်ခန့် ဝေးသော နေရာတွင် စခန်းချလေသည်။
လျူဘေ့(Liu Bei)က "ရန်သူက များပြီး ငါတို့က အင်အားနည်းတယ်။ ဒါကြောင့် နည်းဗျူဟာနဲ့ တိုက်မှသာ အောင်နိုင်မယ်" ဟု သူ့ညီတို့ကို ပြောသည်။
ထိုအခါ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် တပ်သားအချို့နှင့် တောင်ကုန်းနောက်ကွယ်တွင် နေရာယူပြီး ရန်သူကို ချောင်းတိုက်ရန် ကြံသည်။ ရန်သူတို့ ရောက်လာသောအခါ မောင်းဖြင့်အချက်ပေးပြီး ပင်မတပ်နှင့်ပေါင်းကာ ရန်သူကို ပေါင်းတိုက်မည်ဖြစ်သည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် တပ်သားအချို့ကို ဦးဆောင်ပြီး သူပုန်တပ်တို့နှင့် တိုက်လေသည်။ ထို့နောက် တပ်ဆုတ်ဟန် ယောင်ဆောင်ကာ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တပ်တို့ ကင်းဝပ်နေရာသို့ မျှားခေါ်သွားသည်။ ထိုတောင်ကုန်း အရောက်တွင် "လျူဘေ့"(Liu Bei) တပ်အပြင် စစ်ကူတပ်တို့ပါ လျပ်တပြက်ဝင်တိုက်သဖြင့် သူပုန်တပ်တို့ အထိနာကာ "ချင်ကျိုး" မြို့တွင်းသို့ ဆုတ်ခွာကြလေသည်။ ဆုတ်ခွာသော သူပုန်တို့ကို နယ်စား "ကုန်းကျင်း"(Gong Jing) ၏ တပ်မှ တိုက်ရာ သူပုန်တို့ ပြုတ်ပြုတ်ပြုန်းလေသည်။ "ချင်ကျိုး" သည် သူပုန်အန္တရာယ်မရှိတော့ပေ။
အောင်ပွဲခံပြီးနောက် စစ်ဗိုလ် "ကျိုးကျင်း" သည် "ယိုကျိုး" သို့ ပြန်ရန်ပြင်ရာ လျူဘေ့(Liu Bei) က
" "ကွမ်ကျုံး" မှာ "ကျန်းကျွယ်"(Zhang Jue) ရဲ့ သူပုန်တပ်တွေကို ဘုရင့်တပ်မတော် စစ်ဗိုလ် "လုကျီ"(Lu Zhi) က အပြင်းအထန် ခုခံနေရတယ်လို့ သတင်းရတယ်။ "လုကျီ"(Lu Zhi) က ငါ့ဆရာ ဖြစ်တဲ့အတွက် သူ့ကို သွားကူညီရဦးမယ်" ဟုဆိုကာ "လျူဘေ့"(Liu Bei) သည် "ကျိုးကျင်း"(Zhou Jing) နှင့် ခွဲခွာခဲ့သည်။ ညီနောင်သုံးဦးတို့သည် "ကွမ်ကျုံး" သို့ သွားလေသည်။ "လုကျီ"(Lu Zhi) သည် တပည့်ဟောင်းဖြစ်သော "လျူဘေ့"(Liu Bei) ကို ဝမ်းပန်းတသာ ကြိုဆိုလေသည်။
ထိုအချိန်တွင် "ကျန်းကျွယ်"(Zhang Jue) ဘက်မှ စစ်သား ငါးသောင်း နှင့် "လုကျီ"(Lu Zhi) ဘက်မှ စစ်သား ငါးသောင်းတို့ ထိပ်တိုက် တွေ့ကြပြီး အရှုံးအနိုင် မကွဲသေးပေ။ "လုကျီ"(Lu Zhi) မှ "လျူဘေ့"(Liu Bei) ကို "ငါက ဒီမှာ ရန်သူတွေကို ခုခံနိုင်သေးတယ်။ ဒါပေမယ့် "ယင်ချွမ်း" မှာ ရှိတဲ့ "ဟွမ်ဖူစုန့်"(Huangfu Song) နဲ့ "ကျူကျွင်း"(Zhu Jun) တို့တပ်တွေ အခြေအနေသိဖို့အတွက် ငါ့ဆီက စစ်သား တစ်ထောင် ယူပြီး သွားကြည့်၊ ပြီးမှ ငါတို့တပ်တွေပေါင်းပြီး ရန်သူကို တိုက်ထုတ်မယ်" ဟု ပြောလိုက်သည်။
ထို့နောက် "လျူဘေ့"(Liu Bei) သည် "ယင်ချွမ်း" သို့ အလျင်အမြန်ချီတက်လေသည်။ ထိုအချိန်ဝယ် "ယင်ချွမ်း" တွင် ဘုရင့်တပ်မတော်က အနိုင်ရနေပြီ ဖြစ်သည်။ သူပုန်တပ်တို့သည် "ချန်ရှဲ" သို့ ဆုတ်ခွာသွားကြသည်။ "ဟွမ်ဖူစုန့်"(Huangfu Song) မှ "ကျူကျွင်း"(Zhu Jun) ကို "ရန်သူတွေဟာ မြက်ခင်းပြင်ပေါ်မှာ စခန်းချထားတာ ဖြစ်တဲ့အတွက် မီးကို သုံးပြီး ရန်သူကို တိုက်ရမယ်" ဟု ဆိုလေသည်။
ထိုညဝယ် ဘုရင့်တပ်တို့သည် ရန်သူတို့ကို လျပ်တပြက်ဝင်တိုက်လေသည်။ ဘုရင့်တပ်တို့သည် ရန်သူစခန်းကို မီးရှို့ပြီး ဖျက်စီး၏ ။ ထိုည၌ လေကလည်း တိုက်လေရာ မီးတောက်မီးလျံတို့သည် ဘဝဂ်သို့တိုင်အောင် တက်လေသည်။ ရန်သူတို့သည် အလစ်ခံရသဖြင့် ဘာမှမပြင်ဆင်နိုင်ခဲ့ပဲ ဝရုန်းသုန်းကား ထွက်ပြေးကြလေသည်။
တိုက်ပွဲသည် အရုဏ်တက်ချိန်တိုင် တိုက်ကြလေသည်။ ခေါင်းဆောင်ဖြစ်သော "ကျန်းဘ"(Zhang Ba) နှင့် "ကျန်းလျန့်"(Zhang Liang) တို့သည် ထွက်ပြေးလွတ်မြောက်သွားသည်။ သို့သော်လည်း လမ်းတွင် သူတို့ ကို ရင်ဆိုင်မည့် တပ်တစ်တပ်က အဆင်သင့်စောင့်နေလေသည်။ ထိုတပ်၏ ခေါင်းဆောင်ကား သာမန်အရပ်အမောင်း၊ သေးငယ်သောမျက်လုံး၊ ရှည်လျားသော မှုတ်ဆိတ်တို့ရှိသော သူဖြစ်သည်။ ထိုသူကား မြင်းတပ်ဗိုလ်ဖြစ်သော "ချောင်ချောင်း"(Cao Cao) ပင် ဖြစ်သည်။ သူ့အဖေသည် "ချောင်စုန့်" (Cao Song) ဖြစ်သည်။ "ချောင်" မျိုးရိုး စစ်စစ်သော်ကား မဟုတ်၊ "ချောင်စုန့်"(Cao Song) သည် "ရှဟို" (Xiahou) မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး နန်းတွင်းကုန်းကုန်း "ချောင်တန်"(Cao Teng) က မွေးစားခဲ့သဖြင့် "ချောင်"(Cao) မျိုးရိုး နာမည် ယူခဲ့ခြင်း ဖြစ်သည်။
"ချောင်ချောင်း"(Cao Cao) သည် ငယ်စဉ်က အမဲလိုက်ခြင်း၊ ဂီတ၊ ကခုန်ခြင်းတို့ဖြင့် မွေ့လျော်သူ ဖြစ်သည်။ သူသည် ဉာဏ်ပညာထက်ပြီး ကောက်ကျစ်သူ ဖြစ်သည်။ ၎င်းကို သူ့ဦးလေးမှ သူ့အဖေထံ တိုင်ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) က သူ့ဦးလေးကို လက်စားခြေရန် အခွင့်အခါချောင်းနေခဲ့သည်။ တစ်နေ့သော် "ချောင်ချောင်း"(Cao Cao) က သူ့ဦးလေး လာသောအခါ မြေကြီးပေါ်သို့ချော်လဲကာ ဒဏ်ရာရချင် ယောင်ဆောင်လေသည်။ သူ့ဦးလေးမှ ထိုအချင်းအရာကို မြင်ပြီး သူ့အကို ("ချောင်ချောင်း"(Cao Cao) အဖေ) ကို သွားပြောလေသည်။ အဖေ လာသောအခါ အကောင်းပတိဖြစ်နေသော "ချောင်ချောင်း"(Cao Cao) ကို မြင်လေလျင် သူ့အဖေက "မင်း ဦးလေးပြောတော့ မင်း ဒဏ်ရာရနေတယ်ဆို" ဟုမေးရာ
"ချောင်ချောင်း"(Cao Cao) မှ "ကျွန်တော် ဒဏ်ရာ မရပါဘူး။ ဦးလေးက ကျွန်တော့်အပေါ် အမြင်စောင်းနေပုံရတယ်။ အဖေ့ကို လိမ်ပြောလိုက်တာလား မသိဘူး" ဟု ပြန်ပြောလေသည်။
ထို အချိန်မှစပြီး "ချောင်ချောင်း"(Cao Cao) အဖေသည် သူ့ညီမှ သူ့သားအကြောင်း တိုင်ပြောလာလျှင် ဂရုမပြုတော့ပေ။
ဤသို့ဖြင့် ထိုလူငယ်သည် အထိန်းအကွပ်မရှိ၊ ရမ်းကားချင်တိုင်း ရမ်းကာ ကြီးပြင်းလာခဲ့သည်။ "ချောင်ရွှမ်း"(Qiao Xuan) ဟုအမည်ရှိသော သူတစ်ဦးသည် "ချောင်ချောင်း"(Cao Cao) ကို ဤသို့ ပြောခဲ့သည်။ "သူပုန်ထလာတဲ့ အခါ သူပုန်တွေကို နှိမ်နှင်းနိုင်ပြီး ငြိမ်းချမ်းအောင်လုပ်နိုင်သူက မင်းကိုယ်တိုင်ပဲ"
"နန်ရန်" မှ "ဟဲယုံ"(He Yong) ဆိုသူကလည်း "ဟန်မင်းဆက်က ပျက်သုဉ်းတော့မယ်။ နောက် နိုင်ငံကို ဦးဆောင်နိုင်မဲ့ တစ်ဦးတည်းသောသူက "ချောင်ချောင်း"(Cao Cao) ပဲ" ဟု ဆိုလေသည်။ ထို့အပြင် "ချောင်ချောင်း"(Cao Cao) သည် "ရုနန်" တွင် "ရွှီရှောင်း"(Xu Shao) ဟူသော သူထံတွင် ဗေဒင်မေးခဲ့ဖူးသည် ဆို၏ ။ "ရွှီရှောင်း"(Xu Shao) က "ငြိမ်းချမ်းတဲ့ခေတ်မှာတော့ သင်ဟာ စွမ်းဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာတော့ ဗျူဟာကြွယ်တဲ့ သူရဲကောင်း တစ်ဦးဖြစ်မယ်" ဟု ဆိုခဲ့လေသည်။ ထိုအကြောင်းတို့ကို ကြားသော "ချောင်ချောင်း"(Cao Cao) သည် အလွန်ပီတိ ဖြစ်လေသည်။
အသက်နှစ်ဆယ်အရွယ်တွင် "ချောင်ချောင်း"(Cao Cao) သည် ပညာသင်ပြီးခဲ့ပြီး စစ်ဗိုလ်အနေဖြင့် စစ်မှုဝင်ထမ်းခဲ့သည်။ "ချောင်ချောင်း"(Cao Cao) သည် မင်းမှုထမ်းဖြစ်သော အခါ ပြစ်မှုကျူးလွန်သူ မည်သူကို မဆို အပြစ်ပေးသည်။ တစ်ခါသော် ကုန်းကုန်း "ကျန်းဆော်"(Jiang Suo) ၏ ဦးလေးဖြစ်သူ သည် ဓားကိုင်ကာ ရမ်းကားသဖြင့် "ချောင်ချောင်း"(Cao Cao) က ဖမ်းပြီး အပြစ်ပေးခဲ့လေသည်။ "ချောင်ချောင်း"(Cao Cao) ၏ နာမည်သည်လည်း ကြီးလာခဲ့သည်။ မကြာမီပင် "တွန်ချွီး" မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။
အဝါရောင်သူပုန်တို့ သောင်းကျန်းသော အခါဝယ် "ချောင်ချောင်း"(Cao Cao) သည် စစ်ဗိုလ်အဆင့် ဖြစ်နေပြီဖြစ်ပြီး စစ်သားငါးထောင်ကို ထိန်းကွပ်ရသူ ဖြစ်သည်။ သူပုန်တပ်တို့နှင့် လမ်းတွင် မမျှော်လင့်ပဲ တွေ့ခြင်းဖြစ်ပြီး သူပုန်တပ်တို့ကို ချေမှုန်းနိုင်ခဲ့သည်။ သို့သော်လည်း ခေါင်းဆောင် "ကျန်းဘ"(Zhang Ba) နှင့် "ကျန်းလျန့်"(Zhang Liang) တို့ ထွက်ပြေးလွတ်မြောက်သွားရာ ထိုသူတို့နောက်ကို "ချောင်ချောင်း" (Cao Cao) လိုက်လေသည်။
ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် သူ့ညီနှစ်ဦးတို့သည် "ယင်ချွမ်း" သို့ ရောက်လာခဲ့သည်။ သို့သော်လည်း စစ်ပွဲကား ပြီးသွားခဲ့လေပြီ။ ထို့ကြောင့် ညီနောင်သုံးဦးတို့သည် လာရာလမ်းအတိုင်း ပြန်ရာ တစ်နေရာအရောက်တွင် စစ်သားအချို့က ထောင်သားကို ဖမ်းသွားသည်ကို တွေ့လိုက်ရသည်။ အနီးကပ်သွားသော် ထိုထောင်သားကား အခြားမဟုတ်၊ "လျူဘေ့"(Liu Bei) ၏ ဆရာဖြစ်သူ "လုကျီ" (Lu Zhi) ဖြစ်နေသည်။ အကြောင်းကို မေးသော် "လုကျီ"(Lu Zhi) က "ငါ ရန်သူတွေကို အောင်မြင်ခါနီးမှာ "ကျန်းကျွယ်"(Zhang Jue) က မှော်အတတ်တွေ သုံးလိုက်တဲ့အတွက် ရှုံးသွားခဲ့တယ်။ နန်းတွင်းက ကုန်းကုန်း "ကျော်ဖုန်း"(Zhuo Feng) ကို လွှတ်ပြီး ရှုံးနှိမ့်မှုကို စုံစမ်းစေတယ်။ ကုန်းကုန်းက ငါ့ကို လာဘ်တောင်းတာကို ငါက မပေးတဲ့အတွက် စစ်ပွဲရှုံးတာဟာ ငါ့အပြစ်ဆိုပြီး ဘုရင်ကို လျှောက်တင်လိုက်လို့ "တုန်ကျိုး"(Dong Zuo) က ငါ့ဆီကို လူလွှတ်ပြီး လာဖမ်းစေတာ ဖြစ်တယ်" ဟု ပြောလေသည်။
ထိုအခါ "ကျန်းဖေး"(Zhang Fei) က ဒေါသထွက်ပြီး အစောင့်များကို သတ်ကာ "လုကျီ"(Lu Zhi) ကို လွှတ်ရန် ပြင်၏ ။ "လျူဘေ့"(Liu Bei)မှ အလျင်စလို မလုပ်ရန် တားလိုက်လေသည်။
ညီနောင်သုံးဦးတို့သည် "ကွမ်ကျုံး" သို့ မသွားတော့ပဲ "ကျိုး" ပြည်နယ်သို့ သွားလေသည်။ နှစ်ရက်အကြာ လမ်းခရီးတွင် တောင်ကုန်းတစ်ခု၌ မိုးကြိုးပစ်ချသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ဘုရင့်တပ်နှင့် အဝါရောင်သူပုန်တို့ စစ်ဖြစ်နေကြပြီး ဘုရင့်တပ်ဘက်မှ အရေးနှိမ့်နေခဲ့သည်။ ရန်သူတို့၏ အလံပေါ်တွင် "ကောင်းကင်ဘုံ၏ အရှင်သခင်" ဟူသော စာတမ်းကို ချိတ်ဆွဲထားလေသည်။
လျူဘေ့မှ "ငါတို့ "ကျန်းကျွယ်"(Zhang Jue) ကိုတိုက်ကြမယ်" ဟု ဆိုကာ တိုက်ပွဲအတွင်းတို့ ဝင်လေသည်။
ထိုအချိန်တွင် သူပုန်တပ်သည် "တုန်ကျိုး"(Dong Zhuo) ၏ တပ်များကို အောင်နိုင်နေချိန်ဖြစ်သည်။ "လျူဘေ့"(Liu Bei) တို့ ညီနောင်သုံးဦး စစ်ပွဲအတွင်း ဝင်လာခြင်းသည် ရန်သူကို အာရုံများသွားစေကာ တပ်ဆုတ်သွားစေလေသည်။ ညီနောင်သုံးဦးတို့သည် "တုန်ကျိုး"(Dong Zhuo) နှင့်အတူ စစ်စခန်းသို့ လိုက်သွားလေသည်။
"တုန်ကျိုး"(Dong Zhuo) - "မင်းတို့က ဘယ်တပ်ကလည်း?"
ညီနောင်သုံးဦးတို့က မည်သည့်တပ်ကမှ မဟုတ်ကြောင်း ပြောရာ တုန်ကျိုးသည် ကယ်ဖူးသည့် ကျေးဇူးကိုမျှမထောက်၊ "လျူဘေ့"(Liu Bei) တို့ ညီနောင်ကို ရိုင်းပျစွာ ဆက်ဆံလေသည်။ "လျူဘေ့"(Liu Bei) က တည်ငြိမ်စွာ နေသော်လည်း "ကျန်းဖေး"(Zhang Fei) ကား အလွန့်အလွန် စိတ်တိုနေခဲ့သည်။
"ကျန်းဖေး"(Zhang Fei) - "ကျုပ်တို့က သူ့ကိုလဲ ကယ်ရသေး၊ သူက ငါတို့ကို ကောင်းကောင်းမဆက်ဆံဘူး၊ ဒီလိုလူမျိုး သေမှပဲ ငါ့ဒေါသ ပျောက်မယ်" ဟုဆိုကာ ဓားကို ဆွဲလျက် "တုန်ကျိုး"(Dong Zhuo) ရှိရာ ရွက်ဖျင်တဲဘက်သို့ သွားလေသည်။

Comments