သုံးနိုင်ငံခေတ် (၂)

အခန်း(၂) "ကျန်းဖေး"(Zhang Fei) မှ အစိုးရအမှုထမ်းကို ကြိမ်ဖြင့်ရိုက်ခြင်း ၊ "ဟဲကျင်း"(He Jin) သည် ကုန်းကုန်းတို့အား ရှင်းရန် ကြံခြင်း

"တုန်ကျိုး"(Dong Zhuo) သည် လင်းထောင်(Lintao) ပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ဟယ်တုံးမြို့စားဖြစ်သော "တုန်ကျိုး"(Dong Zhuo) သည် မောက်မာပြီး မာနထောင်လွှားသူဖြစ်သည်။ အကယ်၍သာ "လျူဘေ့"(Liu Bei) နှင့် "ကွမ်းယွီ"(Guan Yu) တို့သည် ဒေါသထွက်နေသော "ကျန်းဖေး"(Zhang Fei) ကို မတားခဲ့သော် ထိုနေ့သည် "တုန်ကျိုး"(Dong Zhuo) အတွက် နောက်ဆုံးနေ့ဖြစ်မည် မုချ။
"လျူဘေ့"(Liu Bei) : “သူက အစိုးရက ခန့်ထားတဲ့ အမှုထမ်းလေ၊ ငါတို့က ဘာမို့လို့ ဆုံးဖြတ်ချက်ချပြီး သတ်ရမှာလည်း?”
"ကျန်းဖေး"(Zhang Fei) : “ဒီလိုလူမျိုးအောက်မှာ အမှုထမ်းရမှာ ခါးသီးလွန်းလှတယ်။ အစ်ကိုတို့ နေရင် နေခဲ့၊ ကျွန်တော်ကတော့ တခြားနေရာသွားမယ်။”
"လျူဘေ့"(Liu Bei) : “ငါတို့သုံးယောက်က သေအတူ၊ ရှင်မကွာပဲလေ။ သွားတော့လည်း အတူတူသွားကြတာပေါ”့

"လျူဘေ့"(Liu Bei) စကားကိုကြားသော် "ကျန်းဖေး"(Zhang Fei) လည်း ကျေနပ်သွားလေသည်။ ထို့နောက် ညီအကိုသုံးဦးတို့သည် "ကျန်းဘ"(Zhang Ba) နှင့် တိုက်နေသော "ကျူကျွင်း"(Zhu Jun) ဘက်သို့သွားကာ ကူညီလေသည်။ ထိုအချိန်ဝယ် " ချောင်ချောင်း"(Cao Cao) သည် "ဟွမ်ဖူစုန့်"(Huangfu Song") လက်အောက်တွင်ရှိပြီး ချွီရန်တွင် "ကျန်းလျန့်"(Zhang Liang) ၏ စစ်တပ်နှင့် တိုက်ပွဲအကြီးအကျယ်ဖြစ်နေလေသည်။
"ကျန်းဘ"(Zhang Ba) တွင် တပ်သား ရှစ်သောင်းကျော်ရှိလေသည်။ သူပုန်တို့သည် တောင်ကုန်းတို့၏ အစွန်အဖျားတွင် တပ်စွဲထားကြသည်။ တပ်နှစ်တပ်တို့ ရင်ဆိုင်ကြရာဝယ် "ကျန်းဘ"(Zhang Ba) မှ စစ်ဗိုလ်တစ်ဦးဖြစ်သော "ကောက်ရှန်း"(Gao Sheng) ကို လွှတ်လိုက်ရာ "လျူဘေ့"(Liu Bei) မှ "ကောက်ရှန်း"(Gao Sheng) ကို "ကျန်းဖေး"(Zhang Fei) နှင့် ရင်ဆိုင်စေသည်။ တစ်ခဏအကြာ စစ်ထိုးပြီးနောက် "ကျန်းဖေး"(Zhang Fei) က "ကောက်ရှန်း"(Gao Sheng) ကို ဒဏ်ရာရစေခဲ့သည်။ထိုအခါ "လျူဘေ့"(Liu Bei) က တပ်သားများကို ချီတက်ရန် အမိန့်ပေးလိုက်လေသည်။

"ကျန်းဘ"(Zhang Ba) သည် မြင်းထက်ဝယ် ဆံနွယ်တို့ကို ဖြေလိုက်ပြီး ဓားကို ကျစ်ကျစ်ဆုတ်ကိုင်ကာ ဂါထာမန္တန်တို့ကို ရွတ်ဆိုလေ၏ ။ မကြာမီပင် ကောင်းကင်ကြီး မည်းသွားကာ လေအပြင်းအထန်တိုက်ပြီး မိုးကြိုးလျက်စီးတို့ လက်လေသည်။ ထိုအခါ တုန်လှုပ်ချောက်ချားနေသော ဘုရင့်တပ်တို့ကို တိုက်ရာ ဘုရင့်တပ် ရှုံးလေသည်။
ထိုအချင်းအရာကို "ကျူကျွင်း"(Zhu Jun) နှင့် "လျူဘေ့"(Liu Bei) တို့ ဆွေးနွေးကြသည်။
"ကျူကျွင်း"(Zhu Jun) : "ကျန်းဘ"(Zhang Ba) က မှော်အတတ်တွေ သုံးတယ်။ နက်ဖြန်ကျရင် အဲ့မှော်ကို တန်ပြန်ကာကွယ်ဖို့ ဝက်နဲ့ဆိတ်တွေကို သတ်ပြီး သွေးတွေကို ရန်သူစစ်သားတွေရဲ့ ကိုယ်မှာ လိမ်းကျံရင် အဲ့မှော်အစွမ်းကို ပယ်ဖျက်နိုင်တယ်
ထို့နောက် အထက်ပါအတိုင်း ပြုပြီးသော် "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် စစ်သားတစ်ထောင်စီနှင့် တောင်ကုန်းတို့၏ နောက်ကွယ်တွင်ပုန်းကာ ရန်သူအလာကို စောင့်နေသည်။ နောက်တစ်ရက်တွင် သူပုန်တို့သည် ဗုံကိုတီးကာ တိုက်ပွဲအတွက် ထွက်လာသည်ကို "လျူဘေ့"(Liu Bei) က စောင့်နေခဲ့သည်။ စစ်တပ်ချင်း ထိပ်တိုက်တွေ့သောအခါဝယ် "ကျန်းဘ"(Zhang Ba) သည် မှော်အစွမ်းတို့ကို သုံးပြန်လေသည်။ "လျူဘေ့"(Liu Bei)မှ တပ်ဆုတ်ပြီး ပုန်းအောင်းနေသော စစ်တပ်ဘက်စီသို့ မျှားခေါ်သွားလေသည်။ ထို့နောက် စစ်သားတို့ ရုတ်တရတ်ထွက်လာပြီး ရန်သူစစ်သားတို့ကို အမှိုက်သရိုက်၊ တိရစ္ဆာန်သွေးတို့ဖြင့် ပက်ဖြန်းလေရာ "ကျန်းဘ"(Zhang Ba) ၏ မှော်အစွမ်းပျောက်သွားပြီး လေတို့ရပ်သွားကာ ရာသီဥတုလည်း ပုံမှန် ဖြစ်သွားလေသည်။

"ကျန်းဘ"(Zhang Ba) သည် သူ့အစွမ်းကို တန်ပြန်ကာကွယ်နိုင်ကြောင်းသိကာ စစ်တပ်ပြန်ဆုတ်ရန်ပြင်လေသည်။ သို့သော်လည်း အခါနှောင်းသွားခဲ့ချေပြီ။ သူပုန်တပ်၏ ဘေးဘယ်ညာကို "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့က တိုက်သည်။ အနောက်ဘက်ကို "လျူဘေ့"(Liu Bei) နှင့် "ကျူကျွင်း"(Zhu Jun) တို့က တိုက်လေရာ သူပုန်တပ်တို့ အကြီးအကျယ်အရေးနှိမ့်လေသည်။ "လျူဘေ့"(Liu Bei) သည် "ကျန်းဘ"(Zhang Ba) ကို အဝေးမှ မြားဖြင့် လှမ်းပစ်ရာ "ကျန်းဘ"(Zhang Ba) ၏ လက်ကိုသာ ထိမှန်ခဲ့ပြီး "ကျန်းဘ"(Zhang Ba) သည် ရန်ချန်မြို့အတွင်းသို့ ဆုတ်ခွာပြီးနောက် မြို့ကို "ကျူကျွင်း"(Zhu Jun) ၏ စစ်တပ်က ဝန်းရံခဲ့လေသည်။

မကြာမီပင် "ဟွမ်ဖူစုန့်"(Huangfu Song) ၏ သတင်းကို ကြားရသည်။ "ဟွမ်ဖူစုန့်"(Huangfu Song) သည် စစ်ပွဲများတွင်အောင်မြင်ပြီး "တုန်ကျိုး"(Dong Zhuo) မှာမူ အရေးမလှသဖြင့် "တုန်ကျိုး"(Dong Zhuo) ၏ အာဏာကို "ဟွမ်ဖူစုန့်"(Huangfu Song) ထံ လွှဲအပ်ခြင်း ခံရသည်ဟူ၏ ။ "ဟွမ်ဖူစုန့်"(Huangfu Song) သည် "ကျန်းကျွယ်"(Zhang Jue) ရှိရာ မရောက်ခင်မှာပင် "ကျန်းကျွယ်"(Zhang Jue) သည် သေဆုံးခဲ့လေပြီ။ "ကျန်းလျန့်"(Zhang Liang) သည် သူ့အစ်ကို၏ စစ်တပ်ထံသွားကာ စစ်ကူခဲ့သော်လည်း တိုက်ပွဲခုနှစ်ပွဲဆက်တိုက်နိုင်ခဲ့သော "ဟွမ်ဖူစုန့်"(Huangfu Song) ၏ စစ်တပ်ကို မယှဉ်နိုင်ခဲ့ပေ။ မကြာမီပင် သူပုန်တို့ အရေးနှိမ့်လေသည်။  ချွီရန်တိုက်ပွဲတွင် "ကျန်းလျန့်"(Zhang Liang) ကျသွားခဲ့သည်။ "ကျန်းကျွယ်"(Zhang Jue) ၏ အလောင်းကို နေပြည်တော် လော့ရန်ကို ပို့ပြီးနောက် ခေါင်းကို ဖြတ်ကာ မြို့ပြင်တွင် ပြထားစေ၏ ။ များစွာသော သူပုန်တို့ လက်နက်ချကြသည်။ "ဟွမ်ဖူစုန့်"(Huangfu Song) သည် စစ်ရထားဗိဘိုလ်ချုပ်ရာထူးနှင့် ကျိကျိုးပြည်နယ်အုပ်ချုပ်သူအဖြစ် ရာထူးတိုးမြင့်ခြင်း ခံခဲ့ရသည်။


"ဟွမ်ဖူစုန့်"(Huangfu Song) သည် သူ့မိတ်ဆွေများအပေါ် မေ့တတ်သူ မဟုတ်ပေ။ တန်ခိုးဩဇာရသည်နှင့် မတရားစွပ်ဆွဲကာ အဖမ်းခံရသော "လုကျီ"(Lu Zhi) အတွက် အသနားခံစာတင်ပေးခဲ့ပြီး နဂိုရာထူးကို ပြန်ရစေခဲ့သည်။ " ချောင်ချောင်း"(Cao Cao) သည်လည်း သူ့ထမ်းဆောင်မှုအတွက် ရာထူးတက်ကာ ကျိနန်မြို့စားအဖြစ် ခန့်အပ်ခြင်း ခံရသည်။
ထိုသတင်းများကို ကြားသော် "ကျူကျွင်း"(Zhu Jun) သည် ရန်ချန်မြို့ကို အပြင်းအထန်တိုက်လေသည်။ သူပုန်တပ်တို့ ပြိုကွဲရန် အရိပ်အရောင်သန်းနေချေပြီ။ ထို့နောက် "ကျန်းဘ"(Zhang Ba) ၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သော "ရန်ကျန်း"(Yan Zheng) သည် ကိုယ့်ခေါင်းဆောင်ကိုယ် သတ်ကာ ခေါင်းကိုဖြတ်ပြီး လက်နက်ချအညံ့ခံလေသည်။ ထိုနေရာတွင် သူပုန်တို့ ကင်းစင်သွားကြောင်းကို "ကျူကျွင်း"(Zhu Jun) သည် အထက်သို့ သတင်းပို့ခဲ့သည်။
သို့သော်လည်း အဝါရောင်သူပုန်တို့သည် အမြစ်မပြတ်သေးပေ။ သူပုန်သုံးဦးဖြစ်သည့် "ကျောက်ဟုန်"(Zhao Hong) ၊ "ဟန်ကျုံး"(Han Zhong) နှင့် "စွန်းကျုံး"(Sun Zhong) တို့သည် လူသူအင်အားသုံးသောင်းခန့် စုစည်းကာ "ကျန်းကျွယ်"(Zhang Jue) အတွက် လက်တုန့်ပြန်မည်ဟု ဆိုလျက် ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းတို့ကို လုပ်လေသည်။

နန်းတော်မှ "ကျူကျွင်း"(Zhu Jun) ကို ဦးဆောင်စေပြီး သူပုန်တို့ကို နှိမ်နင်းစေသည်။ "ကျူကျွင်း"(Zhu Jun) သည် သူပုန်တို့တပ်စွဲထားသော ဝမ်ချန်မြို့သို့ ချီတက်လေသည်။ "ကျူကျွင်း"(Zhu Jun) နှင့် "ဟန်ကျုံး"(Han Zhong) တပ်တို့ ထိပ်တိုက်တွေ့လေသည်။ "လျူဘေ့"(Liu Bei) တို့ ညီနောင်သုံးဦးကို မြို့၏ အနောက်တောင်ဘက်ကို တိုက်စေပြီး "ကျူကျွင်း"(Zhu Jun) ကမူ မြင်းသည်တော်နှစ်ထောင်ကို ဦးဆောင်ကာ အခြားတစ်ဖက်မှ ဝင်တိုက်လေသည်။ ထိုအခါ သူပုန်တို့သည် မြို့ကျတော့မည်အထင်နှင့် မြို့ထဲသို့ဝင်ရာ တပ်နှစ်တပ်၏ ကြားပိတ်ညှပ်တိုက်ခြင်းခံရလေသည်။ မြို့တွင်း၌ အစာရေစာပြတ်လပ်သော် သူပုန်တို့သည် လက်နက်ချရန်ကမ်းလှမ်းလာခဲ့သော်လည်း "ကျူကျွင်း"(Zhu Jun) က ငြင်းပယ်လိုက်လေ၏ ။

"လျူဘေ့"(Liu Bei) : "ဟန်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ "လျူဘန်း"(Liu Bang) တောင်မှ လက်နက်ချလာတဲ့ ရန်သူတွေကို ခွင့်လွှတ်သေးတာ၊ ခင်ဗျားက ဘာကြောင့်ငြင်းလိုက်တာလဲ?"
"ကျူကျွင်း"(Zhu Jun) : "အခြေအနေတွေက မတူတော့ဘူး၊ အရင်ခေတ်က နိုင်ငံတွင်းမငြိမ်မသက်ဖြစ်နေပြီး အုပ်ချုပ်မဲ့သူ မရှိဘူး။ ဒါကြောင့် လက်နက်ချရင်လက်ခံခဲ့တာလေ။ အခုတော့ နိုင်ငံက စည်းရုံးနေခဲ့ပြီ၊ ဒီသူပုန်တွေပဲ သောင်းကျန်းနေတာ၊ လက်နက်ကိုင်သောင်းကျန်းတုန်းက သောင်းကျန်းပြီး အရေးမလှတော့မှ လက်နက်ချတာကို လက်ခံမယ်ဆို မသင့်လျော်ဘူး"
"လျူဘေ့"(Liu Bei) : "သူပုန်တွေ လက်နက်ချတာကို လက်မခံတာတော့ ထားပါ၊ ဒါပေမယ့် မြို့ကို အထပ်ထပ်ဝန်းရံထားတာ သူပုန်တွေက အသေခံတိုက်မယ်ဆို အပျက်အစီး၊ အဆုံးအရှုံးများမှာပဲလေ၊ နောက်ပြီး မြို့တွင်းမှာ ပြည်သူလူထုတွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့ဘက်က မြို့ကိုတစ်ဘက်ကိုပဲ တိုက်ပြီး ကျန်တဲ့တပ်တွေကို ခဏဆုတ်စေပြီး သူပုန်တွေ တိုက်ခိုက်လိုစိတ်မရှိပဲ ထွက်ပြေးတဲ့အထိစောင့်ရင် မကောင်းပေဘူးလား"

"ကျူကျွင်း"(Zhu Jun) သည် ထိုအကြံကို လက်ခံလိုက်လေသည်။ ထို့နောက် ခန့်မှန်းသည့်အတိုင်း "ဟန်ကျုံး"(Han Zhong) ခေါင်းဆောင်သောသူပုန်တို့ ပြေးကြသည်။ "ဟန်ကျုံး"(Han Zhong) အသတ်ခံရပြီး သူပုန်တို့ တပ်ကွဲသွားလေသည်။ သို့သော် "ကျောက်ဟုန်"(Zhao Hong) နှင့် "စွန်းကျုံး"(Sun Zhong) ခေါင်းဆောင်သော သူပုန်တို့ ရောက်လာရာ လက်နက်အင်အားမမျှသဖြင့် ဘုရင့်တပ် ဆုတ်လေပြီး သူပုန်တို့ ဝမ်ချန်မြို့ကို သိမ်းလိုက်ပြန်သည်။

"ကျူကျွင်း"(Zhu Jun) သည် မြို့မှ သုံးမိုင်အကွာတွင် စခန်းချကာ သူပုန်တို့ကို တိုက်ရန် ပြင်ဆင်သည်။ ထိုအချိန်တွင် အရှေ့ဘက်မှ စစ်ကူတပ်တစ်တပ်ရောက်လာသည်။ ထိုတပ်ကို ဦးဆောင်သူကား မျက်နှာမြင်ကျယ်ကျယ်၊ တုတ်ခိုင်ကြီးမားသော ကိုယ်ခန္ဓာရှိသူဖြစ်သည်။ ထိုသူ့နာမည်ကား "စွန်းကျန့်"(Sun Jian) ဖြစ်သည်။ ဝူပြည်နယ် ဖူချွန်းမြို့ ဇာတိဖြစ်ပြီး သမိုင်းတွင်နာမည်ကြီးခဲ့သည့် စစ်သေနာပတိ "ဆွန်ဇု"(Sun Tzu) ၏ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။
"စွန်းကျန့်"(Sun Jian) ဆယ့်ခုနှစ်နှစ်အရွယ် သူ့အဖေနှင့်အတူ ချန်ထန်မြစ်သို့သွားရာ ပင်လယ်ဓားပြတို့နှင့် တွေ့လေသည်။ ထို့နောက် "စွန်းကျန့်"(Sun Jian) သည် ဓားကိုဆွဲကိုင်ပြီး ကမ်းစပ်ဘက်သို့ ပြေးသွားကာ ပုန်းအောင်းနေသောသူတို့ကို ခေါ်လေဟန် ဟစ်အော်လေသည်။ ပင်လယ်ဓားပြတို့သည် ကူညီမည့်သူတို့ လာမည်ထင်ကာ ထွက်ပြေးလေ၏ ။ ထို့အပြင် "စွန်းကျန့်"(Sun Jian) သည် ပင်လယ်ဓားပြတစ်ဦးကို သတ်လိုက်သေးသည်။ ထို့နောက် အမှုထမ်းလုပ်ရန် ထောက်ခံခြင်းခံရသည်။
ထို့နောက် "စွန်းကျန့်"(Sun Jian) သည် မြို့စား၊ ရွာစားတို့နှင့်ပေါင်းကာ တပ်သားတစ်ထောင်ခန့် စုစည်းပြီး အင်အားတစ်သောင်းခန့်ရှိသည့် ရွှီချန် တွင် ထကြွသော သူပုန်တို့ကို နှိမ်နင်းခဲ့လေသည်။ ထို့နောက် အမတ်ဖြစ်သည့် "ကျန်းမင်"(Zhang Min) ၏ "စွန်းကျန့်"(Sun Jian) ၏ လုပ်ဆောင်မှုကို နန်းတွင်းသို့ လျှောက်တင်လေရာ ရန်တု၊ ရွှီရီ နှင့် ရှဖီတို့၏ မြို့စားအဖြစ် ရာထူးတိုးခြင်း ခံရသည်။
အဝါရောင်သူပုန်တို့ ထကြွသောအခါဝယ် "စွန်းကျန့်"(Sun Jian) သည် သူ့ဒေသမှ လူငယ်လူရွယ်တို့ကို စုစည်းကာ တပ်သားထောင့်ငါးရာခန့် စုပြီး သူပုန်ထကြွရာ အရပ်သို့ လာကာ ဘုရင့်တပ်ကိုကူညီခဲ့လေသည်။


"ကျူကျွင်း"(Zhu Jun) သည် "စွန်းကျန့်"(Sun Jian) ကို ကြိုဆိုပြီး ဝမ်ချန်မြို့၏ တောင်တံခါးကို တိုက်စေသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူကျွင်း"(Zhu Jun) ကမူ မြောက်ဘက်နှင့် အနောက်ဘက်ကို တစ်ပြိုင်တည်း တိုက်လေသည်။ သို့သော်အရှေ့တံခါးကိုမူ မတိုက်ပဲ သူပုန်တပ်တို့ ထွက်ပြေးရန် လမ်းကြောင်းချန်ထားခဲ့သည်။ "စွန်းကျန့်"(Sun Jian) ဘက်မှ မြို့ကို ပထမဆုံးဖောက်ဝင်နိုင်ခဲ့ပြီး "စွန်းကျန့်"(Sun Jian) သည် သူ့ဓားဖြင့် သူပုန် နှစ်ဆယ်ခန့်ကို သုတ်သင်ခဲ့သည်။ သူပုန်ခေါင်းဆောင် "ကျောက်ဟုန်"(Zhao Hong) သည် မြင်းစီးကာ "စွန်းကျန့်"(Sun Jian) ဘက်သို့ ဦးတည်လာရာ "စွန်းကျန့်"(Sun Jian) နှင့် ဓားချင်း ယှဉ်ထိုးကြသည်။ "ကျောက်ဟုန်"(Zhao Hong) ကို မြင်းပေါ်မှ ကျအောင်လုပ်ခဲ့ပြီး "စွန်းကျန့်"(Sun Jian) ထိုမြင်းကို စီးကာ ရန်သူတို့ကို တိုက်လေသည်။
သူပုန်တို့သည် မြောက်ဘက်သို့ပြေးရာ "လျူဘေ့"(Liu Bei) နှင့် တွေ့သော်လည်း မတိုက်ပဲ ပြေးလေသည်။ "လျူဘေ့"(Liu Bei) သည် မြားဖြင့်ပစ်ရာ ရန်သူ့ ခေါင်းဆောင် "စွန်းကျုံး"(Sun Zhong) ကို ထိမှန်ပြီး လဲကျသွားလေသည်။ နောက်ဆုံးတွင် သူပုန်တို့ လက်နက်ချလေသည်။ သူပုန်ရန်တို့ ကင်းရှင်းသွားခဲ့လေသည်။

"ကျူကျွင်း"(Zhu Jun) သည် မြို့တော် လော့ရန်သို့ ပြန်ရောက်သောအခါ မြင်းပျံတပ်ဗိုလ်ချုပ် ရာထူးတိုးခံရပြီး ဟဲနန်၏ မြို့စားအဖြစ် ချီးမြှင့်ခြင်းခံရလေသည်။ "ကျူကျွင်း"(Zhu Jun) သည်လည်း သူတထူး၏ ကျေးဇူးကို မေ့တတ်သူမဟုတ်၊ တိုက်ပွဲအတွင်း "လျူဘေ့"(Liu Bei) နှင့် "စွန်းကျန့်"(Sun Jian) တို့၏ စွမ်းဆောင်မှုကို ဘုရင့်နားတော်သို့ လျှောက်လေသည်။
"စွန်းကျန့်"(Sun Jian) သည် အဆက်အသွယ်လည်းရှိ၊ ဩဇာရှိသောသူတို့နှင့် ရင်းနီးလေရကား မကြာခင်ပင် ချန်ဆားမြို့၏ အုပ်ချုပ်သူအဖြစ် ရာထူးတိုးခြင်းခံရလေသည်။ "လျူဘေ့"(Liu Bei) မှာမူ "ကျူကျွင်း"(Zhu Jun) မှ ထောက်ခံပေးသော်လည်း အပစားပေးခြင်းမခံရ။

တစ်နေ့သော် "လျူဘေ့"(Liu Bei) သည် နန်းတွင်းအမတ် "ကျန်းကျွင်း"(Zhang Jun) နှင့် တွေ့ရာ သူ့အဖြစ်ကို ပြောပြလေသည်။ "ကျန်းကျွင်း"(Zhang Jun) သည် တအံ့တဩဖြစ်ကာ ဘုရင့်ထံ တင်လျှောက်လေသည်။
"အဝါရောင်ခေါင်းစည်းသူပုန်တို့ ထကြွသည်မှာ နန်းတွင်းဝယ် ကုန်းကုန်းတို့ အုပ်ချုပ်မှုအပိုင်းတွင် ဝင်နှောက်၍ ဖြစ်ရလေသည်၊ ထိုသူတို့သည် ၎င်းတို့နှင့်ဆက်နွယ်သူတို့ကိုသာ ချီးမြှောက်ပြီး ဆန့်ကျင်သူတို့ကို ဒဏ်ပေးစေသည်၊ သို့ဖြစ်၍ ထိုကုန်းကုန်း ဆယ်ဦးတို့ကို သေဒဏ်ချမှတ်ပြီး ချီးမြှောက်ထိုက်သူတို့ကို ချီးမြှောက်ပါမှ တိုင်းပြည်အမှန်တကယ် တည်ငြိမ်နိုင်ပေလိမ့်မည်။"

ထိုအခါ ကုန်းကုန်းတို့သည် အပြင်းအထန်ဆန့်ကျင်ပြီး "ကျန်းကျွင်း"(Zhang Jun) သည် ဘုရင်ကို အာခံသည်ဟုဆိုကာ အစောင့်တပ်သားတို့ကို ခေါ်ပြီး "ကျန်းကျွင်း"(Zhang Jun) ကို အပြင်ဘက်သို့ ဆွဲထုတ်သွားစေခဲ့သည်။ ထို့နောက် ကုန်းကုန်းတို့သည် အစည်းအဝေးလုပ်ကာ တစ်ဦးမှ "သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ပါဝင်ခဲ့ပြီး ချီးမြောက်မှု မရဘူးဆိုရင် မကျေမနပ်ဖြစ်ကြမှာပဲ" ဟုပြောလိုက်ရာ
အရေးအရာမရောက်သောသူတို့ကို ရာထူးတိုးပေးရန် စာရင်းလုပ်လေသည်။ ထိုစာရင်းထဲတွင် "လျူဘေ့"(Liu Bei) လည်း ပါဝင်ခဲ့သည်။ "လျူဘေ့"(Liu Bei) ကို အန်ရှီးမြို့၏ မြို့စားအဖြစ်ခန့်အပ်ခြင်း ခံရသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် လူအယောက် နှစ်ဆယ်ကျော်လောက်သာ ချန်ထားပြီး သူစုဆောင်းထားသော စစ်သားတို့ကို ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်စေခဲ့သည်။

ညီအကိုသုံးဦးတို့သည် တိတ်ငြိမ်အေးဆေးသောအန်ရှီးတွင် နေကြကာ အေးချမ်းသော ဘဝကို ဖြတ်သန်းခဲ့လေသည်။ လေးလကြာသော် နန်းတော်မှ လူလွှတ်ကာ မြို့စား၊ ရွာစားတို့၏ အုပ်ချုပ်မှုကို လိုက်လံ စစ်ဆေးစေသည်။ အချို့သော မြို့စားတို့ ရာထူးချခံရလေသည်။ ထိုအခြင်းအရာကို ကြားသော် "လျူဘေ့"(Liu Bei) သည် ထိုရာထူးကျမည့်အထဲ ပါလေမလားဟု စိုးရိမ်လေသည်။ မကြာမီပင် "တုပျောင်း"(Du Biao) ဟူသော စစ်ဆေးရေးအရာရှိသည် အန်းရှီသို့ ရောက်လာသည်။ ထိုသူကို "လျူဘေ့"(Liu Bei) သွားကြိုဆိုရာ ထိုသူသည် မြင်းပေါ်မှ မဆင်း၊ ကြာပွတ်ကို ကိုင်ကာ ဝှေ့ရမ်းလေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ အပြင်းအထန် ဒေါသထွက်လေသည်။
ထို့နောက် "တုပျောင်း"(Du Biao) သည် ထိုင်ခုံတွင် ထိုင်ပြီး "လျူဘေ့"(Liu Bei) ကို ရပ်ထားစေကာ အချိန်အတန်ကြာမှ စကားစလေသည်။
"တုပျောင်း"(Du Biao) : "မြို့စားက ဘယ်ဇာတိ၊ ဘယ်မျိုးနွယ်ကလဲ?"
"လျူဘေ့"(Liu Bei) : "ကျွန်တော်က ကျုံးရှန်းက မင်းသားရှန်ရဲ့ မျိုးနွယ်က ဆင်းသက်လာသူဖြစ်ပါတယ်၊ သူပုန်တွေတော်လှန်တဲ့အချိန်မှာ ကျိုးပြည်နယ်အတွင်း တိုက်ပွဲသုံးဆယ်မှာ ပါဝင်ခဲ့ပြီး စစ်မှုထမ်းခဲ့တဲ့အတွက် ဒီမြို့မှာ အုပ်ချုပ်သူအနေနဲ့ ချီးမြောက်ခြင်း ခံခဲ့ရပါတယ်"
"တုပျောင်း"(Du Biao) : ခင်ဗျား မျိုးရိုးအကြောင်းကော၊ တိုက်ပွဲမှာ ပါခဲ့တာကော လိမ်ပြောတာပဲ ဖြစ်မှာ၊ နန်းတွင်းက ခင်ဗျားလို မျိုးရိုးနိမ့်တဲ့လူတွေကို ရာထူးထုတ်ဖို့ ကျုပ်ကို လွှတ်လိုက်တာ"

"လျူဘေ့"(Liu Bei) သည် တစ်ဦးတည်း မကျေမနပ်ရေရွတ်ကာ လက်အောက်ငယ်သားတို့ကို ခေါ်ကာတိုင်ပင်လေသည်။ လက်အောက်ငယ်သားတို့က "ဒါက စစ်ဆေးရေးအရာရှိက တန်စိုးလက်ဆောင်လိုချင်လို့ ပြောတာ" ဟုဆိုကြလေလျှင်
"လျူဘေ့"(Liu Bei) : "ကျုပ် လူတစ်ဦးတစ်ယောက်ဆီကမှ မတရားသဖြင့် ငွေမယူခဲ့ဖူးဘူး၊ ဘယ်လိုလုပ် လာဘ်ထိုးဖို့ ပိုက်ဆံရှိနိုင်မှာလဲ?"
နောက်တစ်ရက်တွင် အခန်းတစ်ခန်းဝယ် စစ်ဆေးရေးအရာရှိသည် လက်အောက်ငယ်သားအမှုထမ်းတို့ကို ခေါ်စေကာ သူတို့သခင်သည် ပြည်သူလူထုကို နှိပ်စက်ကြောင်း ဝန်ခံစေသည်။ "လျူဘေ့"(Liu Bei) သည် ထိုအခန်းသို့ဝင်ကာ ဖြေရှင်းရန် ကြိုးစားသော်လည်း တံခါးစောင့်တို့က ပေးမဝင်ချေ။
ထိုအချိန်ဝယ် "ကျန်းဖေး"(Zhang Fei) သည် စိတ်ညစ်ညစ်နှင့်အရက်သောက်ကာ ရေချိန်ကိုက်နေသည်။ ထို့နောက် မြင်းစီးပြီး စစ်ဆေးရေးအရာရှိ တည်းခိုရာနေရာနားဝယ် လူအိုတချို့ ငိုယိုနေသည်ကို တွေ့ပြီး အကြောင်းအရင်းကို မေးရာ စစ်ဆေးရေးအရာရှိသည် ဝန်ထမ်းအချို့ကို ခေါ်ပြီး "လျူဘေ့"(Liu Bei) သည် မြို့ကို တရားသဖြင့် မအုပ်ချုပ်ပါ ဟု အဓမ္မဝန်ခံစေသည်ကို မိမိတို့က လာ၍အသနားခံသည်ကို အထဲသို့ပေးမဝင်၊ တံခါးစောင့်မှ ရိုက်နှက်ခြင်းကို ခံရသဖြင့် ငိုယိုရခြင်းဖြစ်သည်ဟု ဖြေလေသည်။
ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် အလွန်အမင်းဒေါပွကာ မျက်လုံးများပြူးပြီး အံကိုကြိတ်ကာ တံခါးစောင့်တို့ကို တွန်းဖယ်လျက်အခန်းထဲသို့ ဝင်သွားလေသည်။ အခန်းထဲတွင် စစ်ဆေးရေးအရာရှိ "တုပျောင်း"(Du Biao) သည် ခုံပေါ်တွင်အခန့်သားထိုင်နေပြီး အောက်တွင် အမှုထမ်းအချို့ ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
"ကျန်းဖေး"(Zhang Fei) : "လူတွေကို နှိပ်စက်တဲ့ ဓားပြ၊ မင်း ငါဘာလဲသိလား?"
စစ်ဆေးရေးအရာရှိ ဘာမှပြန်မပြောနိုင်ခင် "ကျန်းဖေး"(Zhang Fei) သည် ထိုသူ၏ ဆံပင်ကိုဆွဲကာ အပြင်ဘက်သို့ခေါ်သွားပြီး တိုင်တစ်တိုင်တွင်ချည်၍ ကြိုးတုပ်ပြီး ကြိမ်ဖြင့်ရိုက်လေသည်။

"လျူဘေ့"(Liu Bei) သည် စိတ်ပျက်ပျက်နှင့်တစ်ယောက်တည်း ထိုင်နေရာ အပြင်မှ အော်သံကြား၍ ဘာဖြစ်သလဲဟု မေးရာ "ကျန်းဖေး"(Zhang Fei) သည် လူတစ်ယောက်ကို ချည်နှောင်ကာ ရိုက်နေခြင်းဖြစ်ကြောင်းပြောကြသဖြင့် အပြင်သို့ အလျင်အမြန်ထွက်သွားပြီး "ကျန်းဖေး"(Zhang Fei) ကို အဘယ်ကြောင့် ထိုသို့ပြုမူသနည်းဟု မေး၏ ။
"ကျန်းဖေး"(Zhang Fei) : "ဒီလိုလူမျိုးကို သေအောင် မရိုက်လို့ ဘာလုပ်ရမှာလဲ?"
"တုပျောင်း"(Du Biao) : "ကျေးဇူးရှင်ကြီး၊ ကျွန်တော့ကို ကယ်ပါခင်ဗျာ"
"လျူဘေ့"(Liu Bei) သည် နဂိုကပင် သနားကြင်နာတတ်သူ ဖြစ်သည့်အလျောက် ထိုအရာရှိကို လွှတ်ခိုင်းစေသည်။ ထိုအချိန်တွင် "ကွမ်းယွီ"(Guan Yu) ရောက်လာကာ
"ကွမ်းယွီ"(Guan Yu) : "အစ်ကိုကြီးက တိုက်ပွဲမှာ စွမ်းစွမ်းတမံနဲ့ ဂုဏ်ထူးဆောင်ခဲ့တာတောင် ဒီလိုရာထူးလေးပဲရတဲ့အပြင် ဒီလိုကောင်မျိုးရဲ့ အဆော်ကားခံရသေးတယ်၊ ဒီလိုရှုပ်ပွပေတေတဲ့ ချုံပုတ်ဟာ ဇာမဏီငှက်နဲ့ မတန်ပါဘူး၊ ဒီလူကိုသတ်ပြီးတော့ ကျွန်တော်တို့ ကိုယ့်ဒေသကိုယ် ပြန်ပြီး အခွင့်ကောင်းအခါကောင်းကို စောင့်ကြရအောင်"

"လျူဘေ့"(Liu Bei) သည် စစ်ဆေးရေးအရာရှိ၏ တံဆိပ်တုံးကို လည်ပင်းတွင်ဆွဲစေပြီး "အကယ်၍ ခင်ဗျားဟာ ပြည်သူတွေကို အန္တရာယ်ပေးမယ်ဆိုရင် ခင်ဗျားကို တကယ်လာသတ်မယ်၊ အခုတော့ ခင်ဗျားအသက်ကို ချမ်းသာပေးလိုက်မယ်၊ ခင်ဗျား တံဆိပ်တုံးကိုလည်း ပြန်ယူသွား၊ ကျုပ်တို့လည်း သွားတော့မယ်"
ထို့နောက် စစ်ဆေးရေးအရာရှိသည် တင်ကျိုးမြို့စားထံသွားကာ တိုင်တန်းလေသည်။ ထို့နောက် "လျူဘေ့"(Liu Bei) တို့ညီနောင်သုံးဦးကို ဖမ်းဝရမ်းထုတ်လိုက်သည်။ ထိုအချိန်ဝယ် "လျူဘေ့"(Liu Bei) တို့သည် တိုက်ကျိုးသို့ သွားပြီး "လျူဟူ"(Liu Hu) ဆီတွင် ခိုလှုံနေခဲ့သည်။

ထိုအချိန်ဝယ် ကုန်းကုန်းဆယ်ဦးတို့သည် အရာအားလုံးကို ချုပ်ကိုင်ထားခဲ့ပြီ။ သူတို့အပေါင်းအပါတို့ကို ရာထူးတိုး မြောက်စားပြီး ဆန့်ကျင်သူတို့ကို ရာထူးထုတ်စေသည်။ ထိုရာထူးပြုတ်သောအထဲဝယ် စစ်သူကြီးနှစ်ဦးဖြစ်သော "ဟွမ်ဖူစုန့်"(Huangfu Song) နှင့် "ကျူကျွင်း"(Zhu Jun) တို့သည်လည်း ပါသွားခဲ့သည်။ ကုန်းကုန်းထဲတွင် " ကျောက်ကျုံး"(Zhao Zhong) သည် မြင်းပျံတပ်ဗိုလ်ချုပ်ရာထူးပေးအပ်ခြင်းခံရပြီး "ကျန်းရန်"(Zhang Rang) သည် နေပြည်တော်တွင် လယ်ကွက်အများဆုံးပိုင်ဆိုင်သူ ဖြစ်ခဲ့သည်။ အုပ်ချုပ်မှုယန္တယားလည်း တဖြည်းဖြည်း ယိုင်နဲ့လာလေသည်။

ချန်ဆားတွင် "အိုရှင်း"(Ou Xing) ကလည်းကောင်း၊ ယွီရန်တွင် "ကျန်းကျွီ"(Zhang Ju) နှင့် "ကျန်းချွန်း"(Zhang Chun) တို့ကလည်းကောင်း အသီးသီး ပုန်ကန်ကြလေသည်။ ပုန်ကန်မှုသတင်းတို့သည် ဆောင်းရာသီတွင်ကျသော နှင်းပွင့်အလား များလာခဲ့သော်လည်း ကုန်းကုန်းတို့သည် ထိမ်ချန်ထားခဲ့သည်။ တစ်နေ့သော် ဧကရာဇ်သည် ဥယာဉ်တော်ဝယ် ကုန်းကုန်းတို့နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေရာ နန်းရင်းဝန် "လျူထောင်"(Liu Tao) ညှိုးငယ်စွာဖြင့် ရောက်လာရာ ဘုရင်မှ ဘာဖြစ်သနည်းဟု မေးလေသည်။
"လျူထောင်"(Liu Tao) : "အရှင်မင်းကြီး၊ တိုင်းပြည်ဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုလို့များ ပျော်ပွဲရွှင်ပွဲ ကျင်းပနေနိုင်ရတာလည်း?"
"ဘုရင်" : "အကုန်ကောင်းတယ်ဆို၊ ဘာများ ဖြစ်နေလို့လဲ?"
"လျူထောင်"(Liu Tao) : "နေရာတိုင်းမှာ သူခိုးဓားပြတွေပေါ်နေပြီး မြို့ထဲမှာ သောင်းကျန်းနေကြပြီ။ ဒါတွေအကုန်လုံးဟာ တိုင်းပြည်ကို ရောင်းစား၊ ပြည်သူတွေကို ဒုက္ခဖြစ်အောင်လုပ်၊ သစ္စာစောင့်သိတဲ့အမှုထမ်းတွေကို ဖိနှိပ်ပြီး အထက်ကို လိမ်ညာနေတဲ့ ကုန်းကုန်းတွေကြောင့်ပဲ၊ အခုဆို အရာရှိ၊အရာထမ်းကောင်းတွေ မကျန်တော့ဘူး၊ အုပ်ချုပ်မှုကလည်း လှစ်ဟင်းနေခဲ့ပြီ။ ကံဆိုးမိုးမှောင်ကျမှုက ကျွန်တော်တို့မျက်လုံးရှေ့မှာပဲ"

ထိုအခါ ကုန်းကုန်းတို့သည် ဦးထုပ်တို့ကို ချွတ်ကာ ဘုရင့်ခြေဖဝါးအောက်တွင် ပြားပြားမှောက်လျက် "ဝန်မင်း "လျူထောင်"(Liu Tao) က ကျွန်တော်မျိုးတို့ကို မကြည်ဖြူဘူး၊ ကျွန်တော်တို့အသက်ကိုချမ်းသာပေးပါ၊ ကိုယ့်လယ်ကွက်ကိုယ် ပြန်သွားပါတော့မယ်၊ ကျွန်တော်တို့ငွေထဲက စစ်သုံးစရိတ်တွေ လှူပေးပါ့မယ်" ဟုဆိုလေသည်။
ထိုအခါ ဘုရင်သည် ဒေါသဖြင့် "လျူထောင်"(Liu Tao) ဘက်သို့လှည့်ကာ "မောင်မင်းမှာလည်း လက်အောက်ငယ်သားတွေရှိတာပဲ၊ ငါ့လက်အောက်ငယ်သားတွေကို ဘာလို့ သည်းမခံနိုင်ရတာလဲ?" ဟုဆိုပြီး အစောင့်တို့ကိုခေါ်ကာ "လျူထောင်"(Liu Tao) ကိုဆွဲပြီး သတ်ရန်အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် "ဘုရင်မင်းမြတ်နဲ့ စကားပြောပြီးတဲ့အချိန်ထိစောင့်ကြဦး" ဟူသောအသံတစ်သံပေါ်ထွက်လာပြီး လူတစ်ယောက်ဝင်လာလေသည်။ ထိုသူသည်ကား အတွင်းဝန် "ချန်တန်"(Chen Dan) ဖြစ်သည်။
"ချန်တန်"(Chen Dan) : "အရှင်မင်းကြီး၊ ဘာအပြစ်နဲ့ "လျူထောင်"(Liu Tao) ကို သေဒဏ်ပေးမှာလဲ?
ဘုရင်: "သူက ငါကိုယ်တော်ရဲ့ အမှုထမ်းတွေကို မကောင်းပြောတဲ့အပြင် ငါကိုယ်တော်ကိုလည်း ဆော်ကားခဲ့တယ်"
"ချန်တန်"(Chen Dan) : "အရှင်မင်းကြီး၊ ဖြစ်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးကလူတွေက ကုန်းကုန်းတွေကို အစိမ်းစားချင်လောက်အောင် မုန်းကြတယ်၊ ဒါတောင် အရှင်မင်းကြီးက သူတို့က မိဘအနေနဲ့ ဆက်ဆံတယ်။ နောက်ပြီး ကုန်းကုန်း "ဖုန်းရွှီ"(Feng Xu) ဟာ အဝါရောင်သူပုန်တွေနဲ့ အလိုတူကြံရာပါတွေ၊ ဒီကိစ္စကို မစုံစမ်းရင် တိုင်းပြည်ပျက်စီးလိမ့်မယ်"
ဘုရင်: " "ဖုန်းရွှီ"(Feng Xu) နဲ့ ပတ်သတ်ပြီး သက်သေမရှိဘူး။ မောင်မင်းဆိုလိုချင်တာက ကုန်းကုန်းဆယ်ဦးထဲမှာ သစ္စာရှိတဲ့လူတစ်ယောက်မှ မရှိဘူးတဲ့လား?"
"ချန်တန်"(Chen Dan) သည် ရာဇပလ္လ္လင်ခြေရင်းကို ခေါင်းဖြင့်တိုက်ကာ မရွေ့ပဲ နေလေသည်။ ထိုအခါ ဘုရင်မှ "ချန်တန်"(Chen Dan) နဲ့ "လျူထောင်"(Liu Tao) တို့ကို ဆွဲခေါ်သွားစေကာ အချုပ်ချထားစေသည်။ ထိုညဝယ် ထိုသူနှစ်ဦးအသတ်ခံခဲ့ရသည်။

ကုန်းကုန်းတို့သည် ချန်ဆားတွင်ရှိသော "စွန်းကျန့်"(Sun Jian) အား "အိုရှင်း"(Ou Xing) ခေါင်းဆောင်သော သူပုန်တို့ကို နှိမ်နင်းစေသည်။ နှစ်လအတွင်း၌ပင် "စွန်းကျန့်"(Sun Jian) သည် သူပုန်တို့ကို အောင်နိုင်ပြီး ဝူချန်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။
ထို့အပြင် ယိုကျိုးမှ "လျူယွီ"(Liu Yu) သည် "ကျန်းကျွီ"(Zhang Ju) နှင့် "ကျန်းချွန်း"(Zhang Chun) ခေါင်းဆောင်သော သူပုန်တို့ကို တိုက်ရန် ပြင်ဆင်သည်။ တိုက်ကျိုးမှ "လျူဟူ"(Liu Hu) သည် "လျူယွီ"(Liu Yu) ထံ "လျူဘေ့"(Liu Bei) ကို မိတ်ဆက်ပေးသည်။ "လျူယွီ"(Liu Yu)  သည် "လျူဘေ့"(Liu Bei) ကို စစ်ဗိုလ်အနေနှင့်ခန့်အပ်ပြီး ရန်သူတို့ကို နှိမ်နင်းစေသည်။ "ကျန်းချွန်း"(Zhang Chun) သည် ရက်စက်သူဖြစ်သဖြင့် သူ့လက်အောက်ငယ်သားတို့ မခံနိုင်ပဲ သူ့ကိုသတ်ကာ ဘုရင့်တပ်ထံ အညံ့ခံလေသည်။ ထို့နောက် "ကျန်းကျွီ"(Zhang Ju) လည်း စစ်ရှုံးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။
ယွီရန်တွင် သူပုန်တို့ ကင်းစင်သွားရာ "လျူဘေ့"(Liu Bei) ၏ စွမ်းဆောင်ချက်တို့ကြောင့် ရာဇဝတ်သားအဖြစ်မှ ကင်းလွှတ်ခွင့်ရသွားကာ ရှမီ၏ အုပ်ချုပ်သူအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် "လျူဘေ့"(Liu Bei) ကို ထောက်ခံပေးသဖြင့် ဖင်ယွမ်(Pingyuan) မြို့စားအဖြစ် ရာထူးတိုးခြင်းခံရလေသည်။ ထိုမြို့သည် အလွန်စည်ပင်သာယာသောမြို့ ဖြစ်လေသည်။ "လျူယွီ"(Liu Yu) သည်လည်း ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခြင်း ခံခဲ့ရသည်။

အေဒီ ၁၈၉ တွင် ဧကရာဇ် "လင်း"(Ling) သည် မကျန်းမမာ ဖြစ်ကာ "ဟဲကျင်း"(He Jin) ကိုဆင့်ခေါ်စေသည်။ "ဟဲကျင်း"(He Jin) သည် သာမန် သားသတ်သမားမိသားစုလေးမှ ဆင်းသက်လာသူဖြစ်သည်။ နောက်ပိုင်းတွင် သူ့ညီမသည် မိဖုရားဖြစ်လာခဲ့ပြီး "လျူပျန်း"(Liu Bian) ဟုမည်သော သားတစ်ဦး ထွန်းကားလေသည်။ နောက်ပိုင်းတွင် "ဟဲ"(He) မိဖုရားကြီးဖြစ်လာခဲ့ပြီး အစ်ကိုဖြစ်သူ "ဟဲကျင်း"(He Jin) သည်လည်း စစ်တပ်ရာထူးတွင်အမြင့်ဆုံးဖြစ်သည့် စစ်ဗိုလ်ချုပ်သေနာပတိ ဖြစ်လာလေသည်။
ထို့အပြင် ဘုရင်သည် အင်မတန်ချောမောလှပသော "ဝမ်"(Wang) မျိုးရိုးရှိသည့် အမျိုးသမီးကို ကြိုက်ခဲ့ဖူးလေသည်။ ထိုအမျိုးသမီးမှ "လျူရှန်း"(Liu Xian) ဟူသော သားတစ်ဦးဖွားမြင်သည်။ "ဟဲ"(He) မိဖုရားကြီးသည် ထိုအမျိုးသမီးကို မနာလိုဖြစ်ကာ အဆိပ်ခတ်သတ်ခဲ့လေသည်။ ကျန်ရစ်ခဲ့သောကလေးကို ဘုရင့်မယ်တော်ဖြစ်သော "တုန်း"(Dong) မိဖုရားက စောင့်ရှောက်ခဲ့လေသည်။
"တုန်း"(Dong) မိဖုရား သည် သူစောင့်ရှောက်လာခဲ့သည့် "လျူရှန်း"(Liu Xian) ကို ပစားပေးပြီး အိမ်ရှေ့မင်းသားအဖြစ်ထားရန် သူ့သားကို တိုက်တွန်းသည်။ ဘုရင်သည်လည်း ထိုကလေးကို အင်မတန်ချစ်ကာ ရာထူးဆက်ခံစေလိုသည်။ သို့သော်လည်း "ကျန်းဆော်"(Jian Suo) ကုန်းကုန်းသည် " "လျူရှန်း"(Liu Xian) ကို နန်းတင်မယ်ဆိုရင် "ဟဲကျင်း"(He Jin) ကို သတ်မှရမယ်" ဟု ပြောလေသည်။
ဘုရင်သည် အနောက်ပန်းခြံရှိ အစောင့်တပ်ရှစ်ဖွဲ့တို့ကို "ကျန်းဆော်"(Jian Suo) အား ဦးဆောင်စေကာ "လျူပျန်း"(Liu Bian) ကိုထောက်ခံသူတို့ကို စုံစမ်းစေသည်။ ထို့နောက် "ဟဲကျင်း"(He Jin) အား နန်းတော်ထဲသို့ ဆင့်ခေါ်စေသည်။ သို့သော် "ဟဲကျင်း"(He Jin) မရောက်ခင်၌ပင် ဘုရင် နတ်ရွာစံလေသည်။

"ဟဲကျင်း"(He Jin) သည် နန်းတွင်းဂိတ်ပေါက်သို့ရောက်သော် စစ်သူကြီးဖြစ်သော "ဖန်ရင်"(Pan Yin) က "ဒါက ခင်ဗျားကို ရှင်းဖို့ ကုန်းကုန်း "ကျန်းဆော်"(Jian Shuo) ရဲ့အကြံဖြစ်နိုင်တယ်" ဟုသတိပေးလိုက်ရာ "ဟဲကျင်း"(He Jin) သည် သူနေရာ အိမ်သို့ပြန်ပြီး သူ့ဘက်ပါမည့် ဝန်ထမ်းတို့ကို ခေါ်စေလျက် ကုန်းကုန်းတို့ကို ဘယ်နည်းဘယ်ပုံဖြင့် ရှင်းရမည်ကို တိုင်ပင်ကြလေသည်။
ထိုအထဲတွင် လူတစ်ဦးသည် ထိုအကြံကို ဆန့်ကျင်ပြီးပြောလိုက်လေသည်။
"နန်းတော်ထဲမှာ ကုန်းကုန်းတွေ ဩဇာရှိလာခဲ့တာ "ချုံး"(Chong) ဘုရင်နဲ့ "ကျီ"(Zhi) ဘုရင်လက်ထက်ထဲကဆို နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။ ကျွန်တော်တို့က ဘယ်လိုများဖြေရှင်းနိုင်မှာလဲ? ဒီလိုတိတ်တဆိတ်အစည်းအဝေးလုပ်တာတောင် သူတို့မသိအောင် ဖုံးဖိထားနိုင်မှ တော်ကာကျမယ်၊ နို့မို့ဆို အပေါင်းအပါတွေရဲ့ တစ်မိသားစုလုံးအသတ်ခံရနိုင်တယ်"
"ဟဲကျင်း"(He Jin) သည် ထိုအသံထွက်လာရာသို့ ကြည့်လေရာ ပြောသူမှာ "ချောင်ချောင်း"(Cao Cao) ဖြစ်နေသည်ကို တွေ့ရသည်။
ထိုအခါ "ဟဲကျင်း"(He Jin) သည် အလွန်ဒေါသထွက်ပြီး
"မင်းလိုလူမျိုးက အုပ်ချုပ်မှုအကြောင်း ဘာနားလည်လို့လဲ" ဟုပြန်ပြောလေသည်။
ထိုသို့ရှုပ်ထွေးနေချိန်ဝယ် "ဖန်ရင်"(Pan Yin) က
"ဘုရင် နတ်ရွာစံသွားခဲ့ပြီ။ ကုန်းကုန်းတွေက ဒါကိုလျှို့ဝှက်ထားကြတာ၊ နောက်ပြီး ဘုရင့်အမိန့်စာအတုလုပ်ပြီး စစ်သေနာပတိကို နန်းတွင်းထဲကို ခေါ်ပြီး လုပ်ကြံပြီးတော့ "ရှန်"(Xian) မင်းသားကို နန်းတင်ဖို့ ပြင်နေကြတာ"
ထိုအချိန်တွင်ပင် နန်းတွင်းမှာ "ဟဲကျင်း"(He Jin) ကို အခေါ်လွှတ်သော စာထပ်ရောက်လာလေသည်။
"ချောင်ချောင်း"(Cao Cao) : "ခုလက်ရှိပြဿနာက ဘယ်သူ့ကို နန်းတင်မလဲဆိုတာပဲ၊ ကျန်တဲ့ သစ္စာဖောက်တွေကိစ္စကို နောက်မှ ရှင်းလို့ရတယ်"
"ဟဲကျင်း"(He Jin) : "ဘယ်သူတွေ ကျုပ်ကို ထောက်ခံပြီး "လျူပျန်း"(Liu Bian) မင်းသားကို နန်းတင်မလဲ?"
ထိုအခါ အတွင်းဝန်ဟောင်း "ယွမ်ဖုံး"(Yuan Feng) ၏ သားဖြစ်သော စစ်သူကြီး "ယွမ်ရှောက်"(Yuan Shao) မှ
"ကျွန်တော့်ကို စစ်သား ငါးထောင်သာပေးပါ၊ အဲ့စစ်သားတွေကို ဦးဆောင်ပြီး နန်းတော်ထဲဝင်ပြီးတော့ မှန်ကန်တဲ့မင်းသားကို ဘုရင်အဖြစ်တင်မြှောက်၊ ကုန်းကုန်းတွေကို ရှင်းပြီး အစိုးရအဖွဲ့သန့်ရှင်းသွားအောင် လုပ်မယ်၊ ဒါမှ တိုင်းပြည်လဲ အေးချမ်းမှာ" ဟု ပြောလေသည်။
"ဟဲကျင်း"(He Jin) သည် "ယွမ်ရှောက်"(Yuan Shao) အား နန်းတွင်းအစောင့်တပ် ငါးထောင်ကို ဦးဆောင်စေပြီး "ဟဲယုံ"(He Yong) ၊ "ရွှန်းယွီ"(Xun Yu) ၊ "ကျန့်ထိုင်"(Zheng Tai) စသောအမတ်တို့အပြင် အခြားသော မှူးကြီးမတ်ရာ သုံးဆယ်ကျော်နှင့်အတူ နန်းတွင်းသို့ဝင်လေသည်။

နန်းတော်ထဲသို့ရောက်ပြီးနောက် သူတို့သည် နတ်ရွာစံသွားသော ဘုရင်ဟောင်းကို အခေါင်းထဲသို့တွင်းကာ "လျူပျန်း"(Liu Bian) ကို နန်းတင်လေသည်။ ဘိသိက်ခံပြီးနောက်ဝယ် "ယွမ်ရှောက်"(Yuan Shao) သည် ကုန်းကုန်း "ကျန်းဆော်"(Jian Suo) ကို ဖမ်းဆီးရန် ရှာဖွေလေသည်။ "ကျန်းဆော်"(Jian Suo) သည် ကြောက်လန့်ကာ ဥယျာဉ်တော်အတွင်းရှိ အပင်ငယ်ကြားတွင် ပုန်းအောင်းနေသည်။ သို့သော်လည်း ကုန်းကုန်း ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော "ကောက်ရှန်း"(Gao Sheng) က တွေ့ပြီး သတ်လိုက်လေသည်။ "ကျန်းဆော်(Jian Suo) လက်အောက်ရှိ အစောင့်တပ်များလည်း လက်နက်ချကုန်သည်။
"ယွမ်ရှောက်"(Yuan Shao) မှ "ကုန်းကုန်းအဖွဲ့တွေ ပြိုကွဲကုန်ပြီ၊ ဒီအချိန်ဟာ တခြားကုန်းကုန်းတွေကိုပါ ရှင်းဖို့ အသင့်တော်ဆုံး အချိန်ပဲ" ဟု ပြောလေသည်။

"ကျန်းရန်"(Zhang Rang) အပါအဝင် အခြား ကုန်းကုန်းတို့သည် မိမိတို့ အန္တရာယ်ကျတော့မည်ကို သိမြင်သဖြင့် "ဟဲ"(He) မိဖုရားထံ အပြေးသွားကာ
"မိဖုရားကြီးရဲ့ အစ်ကိုကို သတ်ဖို့ ကြံစည်တဲ့သူဟာ "ကျန်းဆော်"(Jian Suo) တစ်ဦးတည်းပါ၊ ကျွန်တော်မျိုးတို့ မပါပါဘူး၊ အခု "ယွမ်ရှောက်"(Yuan Shao) ရဲ့အကြံကြောင့် သေနာပတိကြီးက ကျွန်တော်မျိုးတို့ကို သတ်ဖို့ လုပ်နေပါပြီ၊ ကယ်တော်မူပါ" ဟု တောင်းပန်လေသည်။
မကြာသေးမီကပင် သားဖြစ်သူ ဘုရင်ဖြစ်လာသော "ဟဲ"(He) မိဖုရားသည် ကုန်းကုန်းတို့ကို ကာကွယ်ရန် ကတိပေးလိုက်ကာ "ဟဲကျင်း"(He Jin) ကို ခေါ်စေပြီး
"အစ်ကိုနဲ့ ကျွန်မဟာ မျိုးရိုးနှိမ့်တဲ့ မိသားစုက ဆင်းသက်လာခဲ့တာ၊ ကုန်းကုန်းတွေရဲ့ ကျေးဇူး အများကြီး ရှိခဲ့တယ်၊ "ကျန်းဆော်"(Jian Suo) က သေသွားခဲ့ပြီပဲလေ၊ တခြားမဆိုင်တဲ့သူတွေကိုပါ သတ်ဦးမလို့လား?" ဟု ဆိုလေလျှင် "ဟဲကျင်း"(He Jin) ကလည်း မသတ်ပါဟု ခံဝန်ကတိပေးလိုက်လေသည်။

ထို့နောက် "ဟဲကျင်း"(He Jin) သည် သူ့လက်အောက်ငယ်သားတို့ကို
"နန်းတွင်းသစ္စာဖောက် "ကျန်းဆော်"(Jian Suo) ဟာ သေသွားခဲ့ပြီမို့လို့ သူ့မိသားစုဝင်တွေကို အပြစ်ပေးပြီးရင်ပြီးပြီ၊ တခြားလူတွေကို မသတ်တော့ဘူး" ဟုပြောလေသည်။
"ယွမ်ရှောက်"(Yuan Shao) : "ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန် ရှင်းရမှာပါ၊ နို့မို့ဆို နောက်ပိုင်းမှာ ဒုက္ခပေးလာနိုင်တယ်"
"ဟဲကျင်း"(He Jin) : "ဒါ ငါ ဆုံးဖြတ်ပြီးပြီ၊ ဘာမှ ထပ်မပြောကြနဲ့တော့"
ရက်အနည်းငယ်ကြာသော် "ဟဲကျင်း"(He Jin) နှင့်အပေါင်းအပါတို့ ရာထူးတိုးခြင်း ခံရလေသည်။


ထိုအခါ "တုန်း"(Dong) မိဖုရား သည် ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နှင့်အဖွဲ့ကို ခေါ်စေကာ တိုင်ပင်လေသည်။
"တုန်း"(Dong) မိဖုရား : " "ဟဲကျင်း"(He Jin) ရဲ့ညီမကို နန်းတွင်းထဲခေါ်လာခဲ့တာက ငါပဲ၊ ခုတော့ သူ့သားက ဘုရင်ဖြစ်ပြီး အမတ်တွေအကုန်လုံးက သူ့ဘက်ပါနေကြပြီ။ သူ့ဩဇာ မသေးတော့ဘူး၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ?"
"ကျန်းရန်"(Zhang Rang) : "မိဖုရားက တိုင်းပြည်ကို နောက်ကွယ်က ကြိုးကိုင်သင့်ပါတယ်၊ အရင်ဘုရင်ရဲ့ သားဖြစ်တဲ့ "ရှန်"(Xian) မင်းသားကို ရာထူးကြီးကြီး ပေးစေပြီး မိဖုရားကြီးရဲ့ အစ်ကိုဖြစ်တဲ့ ဦးရီးတော် "တုန်းချုံး"(Dong Cong) ကိုလည်း စစ်တပ်ထဲမှာ ရာထူးကြီးကြီး ပေးစေပြီး ကျွန်တော်မျိုးတို့ကို အသုံးချပါ"
ထိုအကြံကို "တုန်း"(Dong) မိဖုရား လက်ခံကာ နောက်တစ်ရက် အစည်းအဝေးတွင် "ရှန်"(Xian) မင်းသား ကို "ချန်လျူ မင်းသား" ဟူသော ဘွဲ့နှင့် "တုန်းချုံး"(Dong Cong) ကိုမူ "မြင်းပျံတပ် စစ်သူကြီး" ရာထူး ခန့်အပ်လိုက်လေသည်။ ထို့အပြင် တိုင်းရေးပြည်ရာတွင် ကုန်းကုန်းတို့ကို ပါဝင်စေပြန်သည်။

၎င်းကို "ဟဲ"(He) မိဖုရားသိလေလျှင် စားသောက်ပွဲ ပြင်ဆင်စေကာ "တုန်း"(Dong) မိဖုရားကို ဖိတ်ခေါ်ပြီး တည်ခင်းကျွေးမွေးလေသည်။ ထို့နောက် စားပွဲဝယ် "ဟဲ"(He) မိဖုရားထကာ အရက်ခွက်ကို "တုန်း"(Dong) မိဖုရားထံ လှမ်းပေးရင်း
"ကျွန်မတို့နှစ်ဦးဟာ နိုင်ငံ့ရေးရာတွေကို ဝင်စွက်ဖက်ဖို့ရာ မသင့်လျော်ပါဘူး၊ ဟန်ခေတ်အစတုန်းက "လွီ"(Lu) မိဖုရားကြီးက တိုင်းပြည်ရေးရာကို ဝင်စွက်ဖက်ခဲ့လို့ သူရော၊ သူ့မိသားစုဝင်တွေပါ သေဒဏ်ပေးခံခဲ့ရတဲ့ သာဓက ရှိခဲ့တယ်မဟုတ်လား၊ ဒါကြောင့် ကျွန်မတို့လည်း နန်းတွင်းထဲမှာပဲနေပြီး တိုင်းပြည်အရေးတွေကို မှူးကြီးမတ်ရာတွေနဲ့ လွှဲပေးမှသာ သင့်လျော်မှာပေါ့၊ "တုန်း"(Dong) မိဖုရားလည်း အဲ့လိုကျင့်သုံးမယ်လို့ မျှော်လင့်ပါတယ်" ဟုပြောလေ၏ ။
ထိုစကားသည် "တုန်း"(Dong) မိဖုရားကို စိတ်ဆိုးသွားစေပြီး
"နင်တောင် "ဝမ်"(Wang) အမျိုးသမီးကို အဆိပ်ခတ်သတ်ခဲ့တယ် မဟုတ်လား၊ အခုတော့ နင့်သားက ဘုရင်ဖြစ်ပြီး အစ်ကိုက ဩဇာကြီးနေပြီဆိုတော့ ဒီစကားပြောထွက်လာတာပေါ့။ နင့်အစ်ကိုကို ငါသတ်ချင်ရင် လွယ်လွယ်လေး၊ ငါ့လက်လှုပ်သလောက်ပဲ ရှိတယ်" ဟုပြောလေသည်။
"ဟဲ"(He) မိဖုရား : "ကျွန်မက ရှင့်ကို တိုက်တွန်းရုံသက်သက်ပဲကို ဘာလို့ ဒီလောက် ဒေါသထွက်ရတာလည်း?"
"တုန်း"(Dong) မိဖုရား : "သားသတ်သမားရဲ့ သမီးက နန်းတွင်းကိစ္စတွေကို ဘယ်နားလည်နိုင်မလဲ?"
ဤသို့ဖြင့် ရန်ပွဲသည် ကြီးမားလာခဲ့ပြီး ကုန်းကုန်းတို့က ထိုမိဖုရားနှစ်ဦးကို ဖြောင်းဖျကာ ရန်ပွဲကို ပြီးစေခဲ့သည်။

ထိုညဝယ် "ဟဲ"(He) မိဖုရား သည် သူ့အစ်ကိုကို ဆင့်ခေါ်ကာ အဖြစ်အပျက်တို့ကို ပြောပြပြီး တိုင်တန်းလေသည်။ "ဟဲကျင်း"(He Jin) လည်း အမတ်တို့ကို ဆင့်ခေါ်ပြီး ဆွေးနွေးကြပြီးနောက် နောက်တစ်ရက်ဝယ် အောက်ပါအမိန့်ကို ထုတ်ပြန်စေလေသည်။
" "လျူရှန်"(Liu Xian) ၏ မွေးစားမိခင်ဖြစ်သော "တုန်း"(Dong) မိဖုရားသည် နန်းတွင်းတွင် နေထိုင်ရန်မကိုက်ညီသဖြင့် မိမိ၏ မွေးရပ်ဇာတိဖြစ်သော ဟဲကျန့်သို့ ချက်ချင်းပြန်ရန် အမိန့်ထုတ်လိုက်သည်"
ထို့နောက် ဦးရီးတော် "တုန်းချုံး"(Dong Chong) ကို ရာထူးမှ ချရန်လူလွှတ်စေသည်။ "တုန်းချုံး"(Dong Chong) သည် ပြေးပေါက်မရှိသဖြင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့လေသည်။ "တုန်းချုံး"(Dong Chong) ၏ မိသားစုဝင်တို့သည်လည်း အစောင့်တို့၏ မောင်းထုတ်ခြင်းခံရလေသည်။

အားကိုးရာပြုတ်သွားခဲ့သော ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နှင့် "တွမ်ကွေး"(Duan Gui) တို့သည် "ဟဲ"(He) မိဖုရား ၏ မောင်နှင့်အမေတို့ထံ တန်စိုးလက်ဆောင်များစွာပို့ဆက်လေရာ "ဟဲ"(He) မိဖုရား ၏ကာကွယ်မှုကို ရပြီး အရှိန်အဝါကြီးလာပြန်သည်။
ထိုနှစ်ခြောက်လပိုင်းတွင် "ဟဲကျင်း"(He Jin) ၏လက်အောက်ငယ်သားတို့သည် "တုန်း"(Dong) မိဖုရားကို အဆိတ်ခပ်သတ်လိုက်လေသည်။ မိဖုရား၏ အလောင်းကို မြို့တော်သို့ ပြန်သယ်လာပြီး တော်ဝင်မိသားစု သင်္ချိုင်းတွင် မြှုပ်နှံလေသည်။ ထိုအသုဘအခမ်းအနားကျင်းပသောနေ့တွင် "ဟဲကျင်း"(He Jin) သည် နေမကောင်းဟုအကြောင်းပြကာ ဈာပန မတက်ပဲနေလေသည်။

တစ်နေ့သော် စစ်သူကြီး "ယွမ်ရှောက်"(Yuan Shao) သည် "ဟဲကျင်း"(He Jin) ထံရောက်လာပြီး
"ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နဲ့ "တွမ်ကွေး"(Duan Gui) ဟာ မိဖုရားကို ခင်ဗျားသတ်တယ်ဆိုပြီး ကောလာဟာလတွေ ဖြန့်နေကြပြီ၊ သူတို့ကို မရှင်းရင် ခင်ဗျား ဒုက္ခရောက်လိမ့်မယ်။ အခုအချိန်မှာ ခင်ဗျားကို ထောက်ခံတဲ့ စစ်သူကြီးတွေ၊ မှူးမတ်တွေအများကြီးရှိတယ်၊ ဒါကြောင့် အချိန်မဆွဲပဲ အခွင့်အရေးကို အသုံးချမှ တော်ကာကျမယ်" ဟုပြောလေသည်။
သို့သော် "ဟဲကျင်း"(He Jin) က "စဉ်းစားပါရစေဦး" ဟု ပြန်ပြောလိုက်သည်။

ထိုသူနှစ်ဦးတို့ ပြောသောစကားကို ကျွန်တစ်ဦးသည် ကြားသွားကာ "ဟဲကျင်း"(He Jin) ၏ ညီ "ဟဲမြောင်"(He Miao) ထံ သတင်းပို့လေ၏ ။ "ဟဲမြောင်"(He Miao) သည် နန်းတွင်းထဲသို့ဝင်ပြီး ညီမဖြစ်သူ "ဟဲ"(He) မိဖုရားနှင့်တွေ့ပြီး
"စစ်သူကြီးဆိုတာ ဘုရင့်အတွက် အရေးအပါဆုံးသူပဲ၊ ဒါပေမယ့် "ဟဲကျင်း"(He Jin) က မစဉ်းစားမဆင်ခြင်ပဲနဲ့ သတ်ဖို့ဖြတ်ဖို့ပဲ ကြံနေတယ်၊ ကုန်းကုန်းတွေကို ခိုင်လုံတဲ့ သက်သေ၊အထောက်အထား မရှိပဲ သတ်လိုက်ရင် နောက်ထပ်ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်" ဟု ပြောလေသည်။
မကြာမီပင် "ဟဲကျင်း"(He Jin) ရောက်လာပြီး သူ့အကြံကို မိဖုရားအား ပြောလေရာ မိဖုရားက
"ကုန်းကုန်းတွေဟာ ဟိုးအရင်ထဲက နန်းတော်ထဲမှာ ခစားလာတဲ့ သူတွေ၊ သူတို့သခင်သေပြီးလို့ မကြာခင် သူတို့ကိုပါ သတ်တယ်ဆိုရင် ကြားလို့မှ မသင့်တော်ပေဘူး" ဟု ဆိုကာ ကန့်ကွက်လေသည်။
"ဟဲကျင်း"(He Jin) သည် နန်းတော်မှ ပြန်ထွက်လာရာ "ယွမ်ရှောက်"(Yuan Shao) မှ ဘယ်လိုလဲဟု မေးရာ
"ဟဲကျင်း"(He Jin) : မိဖုရားက လက်မခံဘူး၊ ဘယ်လိုလုပ်မလဲ
"ယွမ်ရှောက်"(Yuan Shao) : သူလက်ခံတာမခံတာ ပဓာန မဟုတ်ပါဘူး၊ စစ်တပ်ကို အသုံးချပြီး ရှင်းလိုက်ရင် ပြီးတာပဲ
"ဟဲကျင်း"(He Jin) : ဒါက အကြံကောင်းပဲ
ပြီးနောက် "ဟဲကျင်း"(He Jin) သည် စစ်တပ်တို့ကို နေပြည်တော်သို့ ချီရန် အမိန့်ထုတ်စေသည်။
၎င်းကို အကြံပေးဖြစ်သော "ချန်လင်း"(Chen Lin) က ကန့်ကွက်လေသည်။
"ဒီဟာကို သေချာ မစဉ်းစားပဲ မလုပ်သင့်ဘူး၊ ဒီလိုကိစ္စလေးမှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ရင် ဘယ်လိုလုပ် ကိစ္စကြီးတွေလုပ်နိုင်မလဲ? လက်အောက်မှာ စစ်တပ်ရှိပြီး လုပ်ချင်တာလုပ်လို့ ရတယ်ဆိုပေမယ့် ဒီလိုလုပ်ရင် ဆံပင်တစ်ပင်ကိုရှင်းဖို့အတွက်နဲ့ မိုးကြိုးပစ်ချသလို၊ အပ်နဲ့ထိုးရင်ရမဲ့အရာကို ဆောက်နဲ့ ထွင်းသလို ဖြစ်နေမှာပေါ့၊ ဒီလို စစ်တပ်ကို နန်းတော်ထဲ ခေါ်ရင် ဆိုးကျိုးကလွဲလို့ တခြားမရှိဘူး"
"ဟဲကျင်း"(He Jin) က "ဒါက စာကြမ်းပိုးတစ်ယောက်ရဲ့ အမြင်သက်သက်ပဲ" ဟု ဆိုကာ ပြုံးလေသည်။
ထို့နောက်လူတစ်ဦးသည် လက်ခုတ်လက်ဝါးတီးကာ ရယ်ပြီး
"ဒီလောက်လွယ်တဲ့ကိစ္စလေး ဖြေရှင်းတာကို ဘာလို့ ကြီးကြီးကျယ်ကျယ်စကားတွေ ပြောနေကြတာလဲ" ဟုဆိုလေသည်။

ထိုအသံရှင်သည်ကား "ချောင်ချောင်း"(Cao Cao) ဖြစ်သည်။

Comments

Popular posts from this blog

Lookism