သုံးနိုင်ငံခေတ် (၄)

အခန်း(၄) ဘုရင် နန်းချခံရကာ ချန်လျူမင်းသား ဘုရင်ဖြစ်လာခြင်း။ "ချောင်ချောင်း"(Cao Cao) က "တုန်ကျိုး"(Dong Zhuo) အား ဓားလက်ဆောင်ပေးခြင်း

"တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) အား သတ်ရန် ဟန်ပြင်ရင် "လီရု"(Li Ru) မှ
"ကိစ္ဓကြီးအကြောင်း ဆွေးနွေးနေတဲ့အချိန်မှာ မသတ်သင့်ပါဘူး" ဟု ဝင်တားလိုက်လေသည်။
"ယွမ်ရှောက်"(Yuan Shao) လည်း ဓားကိုကိုင်လျက်ပင် ညီလာခံမှထွက်ကာ အရှေ့ဂိတ်မှ တစ်ဆင့် ကျိကျိုးပြည်နယ်သို့ ပြန်လေသည်။
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) ဦးလေးတော်သူ ကာကွယ်ရေးဝန် "ယွမ်ဝေ"(Yuan Wei) အား
"ခင်ဗျားတူက အမူအယာမယဉ်ကျေးဘူး၊ ဒါပေမယ့် ခင်ဗျားမျက်နှာနဲ့ ကျုပ် သူ့ကို ခွင့်လွှတ်လိုက်မယ်၊ ကျုပ်အကြံကိုကော ခင်ဗျား ဘယ်လိုမြင်တုန်း" ဟု မေးလေသည်။
"ယွမ်ဝေ"(Yuan Wei) : "သင့်လျော်လျောက်ပတ်တဲ့အကြံဖြစ်ပါတယ်"
"တုန်ကျိုး"(Dong Zhuo) : "ဒါကိုကန့်ကွက်တဲ့သူရှိရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် စစ်တပ်စည်းကမ်းအတိုင်း အရေးယူမယ်"
အမတ်တို့သည်လည်း ကြောက်ကြောက်နှင့်ပင် သဘောသူလိုက်လျောပါမည်ဟု ဝန်ခံကတိပေးကာ စားသောက်ပွဲလည်း ပြီးဆုံးသွားခဲ့သည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် ဝန်ကြီး "ကျိုးပိ"(Zhou Bi) နှင့် စစ်သူကြီး "ဝူချုံ"(Wu Qiong) တို့အား "ယွမ်ရှောက်"(Yuan Shao) အပေါ် ဘယ်လိုမြင်သနည်းဟု မေး၏ ။
"ကျိုးပိ"(Zhou Bi) : "သူဟာ လူအများအောင် ဒေါသထွက်အောင် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် လက်ရှိမှာတော့ သူ့ကို အလျင်စလိုအပြစ်ပေးဖို့ မသင့်လျော်ပါဘူး။ "ယွမ်"(Yuan) မိသားစုတွေဟာ မျိုးဆက်လေးဆက်တိုင်အောင် နန်းတော်ရဲ့အုပ်ချုပ်မှုအပိုင်းမှာ အမှုထမ်းခဲ့ကြသူတွေဖြစ်တဲ့အတွက် သူတို့အပေါ် မှီခိုသူတွေ၊ သူတို့မိတ်ဆွေတွေဟာ နိုင်ငံအဝန်းမှာ အမြောက်အများရှိပါတယ်၊ သူတို့အကူအညီနဲ့ပေါင်းပြီး ပုန်ကန်မယ်ဆိုရင် ဟွာရှန်းတောင်အရှေ့ဘက်ပိုင်းက နယ်မြေတွေ အဆုံးရှုံးခံရမှာ အမှန်ပါပဲ။ ဒါကြောင့် "ယွမ်ရှောက်"(Yuan Shao) ကို ခွင့်လွှတ်ပြီး ရာထူးတစ်ခု ပေးလိုက်ရင် သူလည်း ကျေနပ်ပြီး ဆန့်ကျင်ဖီလာလုပ်တော့မှာ မဟုတ်ပါဘူး"
"ဝူချုံ"(Wu Qiong) : "ယွမ်ရှောက်"(Yuan Shao) က တိတ်တဆိတ်ကြံစည်တတ်ပေမယ့် ဆုံးဖြတ်မှုအပိုင်းမှာ အားနည်းသူဖြစ်တဲ့အတွက် မှုလောက်စရာလူမဟုတ်ပါဘူး၊ ဒါကြောင့် သူ့ကို ရာထူးတစ်ခုပေးလိုက်ရင် သင်ဟာ ခွင့်လွှတ်တတ်သူဆိုပြီး နာမည်ကောင်းရနိုင်ပါတယ်"
သို့နှင့် "တုန်ကျိုး"(Dong Zhuo) သည် ထိုအကြံတို့ကို လိုက်နာကာ "ယွမ်ရှောက်"(Yuan Shao) ကို ဘိုဟိုင်မြို့ဝန်အဖြစ် ခန့်အပ်လိုက်လေသည်။

ကိုးလမြောက်လ၊ ပထမဆုံးရက်တွင် ဧကရာဇ်ကို ညီလာခံခန်းမသို့ လာရန်ဖိတ်စေပြီးနောက် မှူးကြီးမတ်ရာတို့၊ လူစုံတက်စုံ ရောက်သောအခါ "တုန်ကျိုး"(Dong Zhuo) သည် လူအများဘက် လှည့်ပြီး
"အခုလက်ရှိ ဧကရာဇ်ဟာ အရည်အချင်းမရှိတဲ့အတွက် ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်လျော်တဲ့သူဖြစ်တယ်၊ ဒါကြောင့် အခု ကျုပ် ထုတ်ပြန်တဲ့ အမိန့်စာကို နားထောင်ကြပါ" ဟု ဆိုပြီး "လီရု"(Li Ru) အား အောက်ပါအမိန့်စာကို ဖတ်ခိုင်းစေသည်။
"ဧကရာဇ်ဟောင်း"လင်း"(Ling) သည် တိုင်းပြည်ကို တာဝန်ကျေစွာအုပ်ချုပ်ပြီးနောက် နတ်ရွာစံခဲ့လေပြီ။ ကောင်းကင်ဘုံ၏ ချီးမြောက်မှုကြောင့် "ပျန်း"(Bian) မင်းသားသည် ဘုရင်ဖြစ်လာခဲ့သော်လည်း အရည်အချင်းညံ့ဖျင်းလေသည်။ ထို့အပြင် လူအများလေးစားမှုကို ခံရသူမဟုတ်ပဲ တာဝန်လည်း မကျေသူဖြစ်သည်။ "ဟဲ"(He) မိဖုရားကြီးသည် သားဖြစ်သူကို ကောင်းစွာမသွန်သင်မဆုံးမခဲ့သည့်အတွက် ဤသို့ဖြစ်ရခြင်းဖြစ်သည်။ "တုန်း"(Dong) မိဖုရားလည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ ရုတ်တရတ် သေဆုံးခဲ့သည်။ လူတို့ပြဿနာကြောင့် ကောင်းကင်နှင့်မြေကြီးတို့ မငြိမ်မသက်ဖြစ်ရသည်။
တစ်ဖက်၌ကား "လျူရှန်"(Liu Shan) - ချန်လျူမင်းသားသည် တရားမျှတသူဖြစ်ပြီး ရုပ်အချင်းအင်္ဂါလည်း တင့်တယ်သူဖြစ်သည်။ ထို့အပြင်အကျင့်သိက္ခာကောင်းသူလည်း ဖြစ်ကာ ပြောသောစကားတို့သည် အမြဲပင်မှန်ကန်သော စကား ဖြစ်၏ ။ ထို့ကြောင့် ထိုသူသည် ဟန်မင်းဆက်တို့၏ ရာထူးကို ဆက်ခံသင့်ပေသည်
ယခုမှ စ၍ လက်ရှိဘုရင်အား "ဟုန်နုံ"(Hongnong) မင်းသားဘွဲ့ ပေးစေပြီး "ဟဲ"(He) မိဖုရားအား ရာထူးမှချစေ
ထို့နောက် ချန်လျူမင်းသားသည် ပြည်သူလူထုတို့အကျိုးကို ထောက်ထားသောအားဖြင့် ဧကရာဇ်ရာထူးဆက်ခံရန် တောင်းပန်အပ်ပါသည်"

ထိုစာဖတ်စေပြီးနောက် "တုန်ကျိုး"(Dong Zhuo) သည် အခြားသောအမတ်တို့နှင့်အတူ ဘုရင်ကို ပလ္လင်ပေါ်မှ အောက်သို့ဆင်းလာစေကာ မြောက်ဘက်သို့မျက်နှာမူစေပြီး ဒူးထောက်စေ၍ ဘုရင်မဟုတ်တော့ကြောင်း ထင်ရှားစေသည်။ ထို့အတူ "ဟဲ"(He) မိဖုရားအားလည်း မိဖုရားအဆောင်အယောင်တို့ကို ချွတ်စေကာ နောင်ချမှတ်မည့်အမိန့်ကို စောင့်ခိုင်းထားလေသည်။ မိဖုရားရော၊ ဘုရင်ပါ သည်းထန်စွာငိုကြွေးကြလေရာ မြင်ရသောသူအပေါင်းတို့ စိတ်မကောင်းဖြစ်ကြသည်။
ထို့နောက် အမတ်တစ်ဦးသည် မကျေနပ်မှုကို "တုန်ကျိုး(Dong Zhuo) ကြောင့် ဖြစ်ရလေတယ်" နှုတ်ဖြင့်ထုတ်ဖော်ကာ ရှေးကအမတ်တို့ ညီလာခံဝင်ရာတွင်ကိုင်လေ့ရှိသည့် ဆင်စွယ်ဖြင့်လုပ်ထားသော တုတ်ပြားဖြင့် "တုန်ကျိုး"(Dong Zhuo) အား ရိုက်မည်ကြံသည်။ "တုန်ကျိုး"(Dong Zhuo) က ရှောင်တိမ်းကာ ထိုသူကို သေဒဏ်ပေးလိုက်လေသည်။ ထိုသူသည် အသက်ဝိညာဉ်သည် ခန္ဓာမှထွက်သည်အထိ ကြောက်ရွံ့မှုတစိုးတစိမှ မပြခဲ့။ ထိုသူ့နာမည်ကား "တင်းကွမ်"(Ding Guan) ဖြစ်သည်။

ထို့နောက် ချန်လျူမင်းသားသည် ပလ္လင်ပေါ်တက်ကာ ချီးမွမ်းထောပနာပြုမှုများ ခံယူသည်။ အရင်ဘုရင် -- လက်ရှိ ဟုန်နုံမင်းသားကိုမူ မယ်တော်ဖြစ်သော မိဖုရားနှင့် နန်းတွင်းအပျိုတော်တစ်ဦးဖြစ်သော "ထန်"(Tang) အမျိုးသမီးတို့နှင့် အတူ နန်းဆောင်တစ်ခုထဲတွင် အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်။
ဤသည်ကား ငယ်ရွယ်သော ဘုရင်သည် ခြောက်လကြာမျှသာ အုပ်စိုးခဲ့ရသော သနားဖွယ်ရာ ဖြစ်ရပ်ပေတည်း။ ဘုရင်အသစ်နာမည်ကား "လျူရှန်"(Liu Xian) ဖြစ်ပြီး လင်း(Ling) ဘုရင်၏ ဒုတိယသားဖြစ်သည်။ ထိုအချိန်ဝယ် "လျူရှန်"(Liu Xian) သည် ကိုးနှစ်ရှိပြီဖြစ်ပြီး အပယ်ခံနန်းဆောင်ဝယ် စံနေရရှာသော ဘုရင်ဟောင်းထက် ငါးနှစ်ငယ်လေသည်။ သို့နှင့် အေဒီ ၁၉၀ နှစ်အစ တွင်အုပ်ချုပ်မှုပုံစံ ပြောင်းခဲ့လေသည်။
ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ဝယ် "တုန်ကျိုး"(Dong Zhuo) သည် ဂုဏ်အရှိန်အဝါကြီးလာသည်နှင့်အမျှ ပို၍လည်း မောက်မာလာသည်။ ဘုရင်ထံအခစားဝင်လျှင်လည်း ကြို၍အကြောင်းကြားခြင်းမပြု၊ တံခါးမရှိဓားမရှိ ဝင်ထွက်လေသည်။ ညီလာခံသို့လည်း အချိန်မှန်မတက်၊ နန်းတွင်းညီလာခံသို့ဝင်ပြန်လျှင်လည်း ဖိနပ်စီးကာ လက်နက်ကိုင်ပြီး ဝင်လေသည်။ ထို့အပြင် တစ်နိုင်ငံလုံးတွင် အချမ်းသာဆုံးသူ ဖြစ်လာခဲ့သည်။

အကြံပေး "လီရု"(Li Ru) မှလည်း ပြည်သူလူထုမှ "တုန်ကျိုး"(Dong Zhuo) အပေါ် အထင်အမြင်ကြီးစေရန် လူအများကြားဝယ် နာမည်ကြီးသော ပုဂ္ဂိုလ်တို့ကို နန်းတော်သို့ခေါ်ပြီး ချီးမြောက်စေသည်။ "ချိုင်ယုံ"(Cai Yong) သည် အရည်အချင်းရှိသူဖြစ်သည်ဟု ကြားသိသောအခါ "တုန်ကျိုး"(Dong Zhuo) သည် သူ့ထံ အခစားဝင်ရန် ခေါ်သည်။ "ချိုင်ယုံ"(Cai Yong) သည် မသွားပဲနေသဖြင့် "တုန်ကျိုး"(Dong Zhuo) က တစ်မိသားစုလုံးကို သတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ထိုအခါမှသာ "ချိုင်ယုံ"(Cai Yong) လက်လျှော့ပြီး အမှုဝင်ထမ်းလေသည်။ "တုန်ကျိုး"(Dong Zhuo) သည် ထိုသူ့အပေါ် အလွန်ကောင်းသည်။ တစ်လအတွင်း ရာထူးသုံးခါ တိုးပေးသည်။ "ချိုင်ယုံ"(Cai Yong) သည် မကြာမီမှာပင် ဝန်ကြီး ဖြစ်လာသည်။ ဤသည်ကား ရက်စက်သော "တုန်ကျိုး"(Dong Zhuo) ၏ ရက်ရောမှုတို့ပင်တည်း။

ထိုအချိန်ဝယ် ဘုရင်ဟောင်းသည် သူ၏မယ်တော်၊ အပျိုတော်တစ်ဦးတို့နှင့် အတူတူ နေရာမှ နေ့စဉ်သုံးဆောင်ရသည့် ထမင်း၊ ဟင်းလျာတို့သည် တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ ဘုရင်ငယ်လေးသည် သည်းမခံနိုင်ပဲ ငိုလေသည်။ တစ်ခါသော် ဘုရင်ဟောင်းသည် ဟိုဟိုဒီဒီ တွေးတောကာ အောက်ပါ ကဗျာကိုစပ်ခဲ့လေသည်။
"နွေဦးနှင့် ပေါက်သစ်စ မြက်တို့
ပျံလွှားငှက်တို့ ကား ပျော်ရွှင်စွာပျံသန်းကြကုန်ပြီ
ခရီးသွားတို့သည် ချောင်းငယ်လေး၌ ခဏရပ်နားကြသည်
ထိုသူတို့၏ မျက်လုံးဝယ် နွေဦး၏ ပွင့်သစ်စအလှကို မြင်ရပေသည်
ငါမူကား ခေါင်မိုးကိုသာ ငေးနေရ၏
တစ်ချိန်က ငါ၏ အမိုးအကာသဖွယ်ဖြစ်ခဲ့သော နန်းတော်ကြီး
ငါ တရားမျှတမှုအောက်ဝယ် ကာကွယ်ပေးခဲ့ရသောသူတို့
ဤသို့ပင် အကျိုးမရှိစွာ ငြိမ်ငြိမ်သက်သက်နှင့် အချိန်တို့ကို ကုန်လွန်စေတော့မည်လား"

ထိုဘုရင်ဟောင်းကို စောင့်ကြပ်ရသော သူတစ်ဦးသည် "တုန်ကျိုး"(Dong Zhuo) အား ထိုကဗျာကို ပြလိုက်လေသည်။
"တုန်ကျိုး"(Dong Zhuo) : "သူ့မုန်းတီးမှုကို ကဗျာနဲ့ ဖော်ပြတာပေါ့လေ၊ ရှင်းပစ်ဖို့ အကြောင်းပြချက် ရတာပေါ့လေ"
ထို့နောက် "လီရု"(Li Ru) နှင့် လူဆယ်ဦးတို့ကို ဘုရင်ဟောင်းထံ လွှတ်စေသည်။ အချုပ်ခံထားရသူ သုံးဦးတို့သည် "လီရု(Li Ru) လာသောအခါ၌ နန်းဆောင်၏ အပေါ်ထပ်ဝယ် ရှိနေခဲ့သည်။ ဘုရင်ဟောင်းသည် "လီရု"(Li Ru) လာသည်ဟု ကြားလျှင် တုန်လှုပ်ခြောက်ချားသွားလေသည်။
ထို့နောက် "လီရု"(Li Ru) သည် အဆိပ်ခပ်ထားသော အရက်ပုလင်းကို ဘုရင်ဟောင်းအားပေးလိုက်သည်။ ဘုရင်ဟောင်းက ဘာသဘောနှင့်နည်းဟု မေးလေလျှင် "လီရု"(Li Ru) က
"နွေဦးဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ အရက်ဝိုင်းဖွဲ့ရတဲ့ အချိန်မဟုတ်ပေလား၊ ဒါကြောင့် ဝန်ကြီးချုပ်က အသက်ရှည်စေမယ့် အရက်ပုလင်းကို ဆက်သစေလိုက်ခြင်းဖြစ်ပါတယ်" ဟု ဖြေသည်။
ထိုအခါ "ဟဲ"(He) မိဖုရားမှ
"အကယ်၍ ဒါသာ ဒီလောက်ကောင်းတဲ့အရက်ဆိုမောင်မင်းလည်း သောက်သင့်တာပေါ့" ဟု ဝင်ပြောလိုက်လေသည်။
ထိုအရာ "လီရု"(Li Ru) သည်
"မသောက်ဘူးလား" ဟု မေးကာ သူနှင့်အတူပါလာသော ဓားကိုင်ထားသည့်လူတို့ကို ခေါ်လိုက်ကာ
"အရက်ကို ရွေးမလား။ ဓားကိုရွေးမလား" ဟု မေး၏ ။

ထိုအခါ အပျိုတော် "ထန်"(Tang)အမျိုးသမီးမှ
"သူတို့အစား ကျွန်မ သောက်ပါရစေ.... အမေနဲ့သားကို ချမ်းသာပေးလိုက်ပါ" ဟု ပြောသည်။
"လီရု"(Li Ru) မှ
"သူတို့အစား သေရအောင် ဘာမို့လို့လဲ" ဟု ဆိုကာ အရက်ခွက်ကို မိဖုရားကြီးအား ပေးသည်။
မိဖုရားကြီးသည် သူ့အစ်ကို "ဟဲကျင်း"(He Jin) ကို တိုင်တည်ကာ မသောက်ပဲနေသည်။ သို့နှင့် အရက်ခွက်ကို မင်းသားအား ပေးလေသည်။ မင်းသားက "မယ်တော်ကို နှုတ်ဆက်ပါရစေ" ဟု ဆိုကာ အောက်ပါစာသားတို့ကို ရွတ်ဆိုခဲ့လေသည်။
"ကောင်းကင်နှင့် မြေကြီးတို့ ပြောင်းလဲခဲ့ပြီ
ဪ! နေနှင့်လတို့သည်လည်း ဦးတည်ရာမဲ့ခဲ့ချေပြီ
အရင်က လူအများကို အုပ်ချုပ်သူဖြစ်ခဲ့သော်လည်း ယခုမူ အခန်းကျဉ်းဝယ် ချောင်ပိတ်ခံရသည်
သစ္စာမဲ့သော ဝန်ကြီးတစ်ဦးကြောင့် ငါ သေရပေတော့မည်
အရာအားလုံးကို ဆုံးရှုံးခဲ့ချေပြီ....နောင်တကြောင့် ကျသော မျက်ရည်မှတပါးအခြားမရှိတော့...."
ထို့နောက် "ထန်"(Tang) အမျိုးသမီးမှလည်း
"ကောင်းကင်ပင်ပြိုပြို၊ မြေကြီးသော် ကွဲကွဲ
ဧကရာဇ်၏ အထိန်းတော် ကျွန်ုပ်သည် မင်းမြတ်နှင့်အတူဆိုလျှင် သေရွာသို့ပင် လိုက်ပေမည်
သို့တည်းမဟုတ်ပဲ ခွဲရသော် ဖြေဆည်နိုင်မည် မဟုတ်"
ဟု ဆိုကာ တစ်ဦးကိုတစ်ဦး ဖက်လျက် ငိုကြွေးလေသည်။

"လီရု"(Li Ru): "ဝန်ကြီးချုပ်က ကျုပ်ဆီက သတင်းကို စောင့်နေတယ်။ ခင်ဗျားတို့ ဒီလို အလွမ်းသယ်နေရင် ကျုပ်အတွက် အချိန်ပုပ်တယ်"
"ဟဲ"(He) မိဖုရား: "သူပုန်တွေက ငါတို့ကို သေကြောင်းကြံတယ်၊ ကောင်းကင်က ငါတို့ကို စွန့်ပစ်ခဲ့ပြီ။ ဒါပေမယ့် မောင်မင်းလည်း မောင်မင်းပြုသမျှကံကို တန်ပြန်ခံရမှာပါ" ဟု ဆိုလေရာ "လီရု"(Li Ru) သည် ပို ဒေါသထွက်လာပြီး မိဖုရားကို ပြတင်းပေါက်မှ ပစ်ချလိုက်လေသည်။ အစောင့်တို့ကို "ထန်"(Tang) အမျိုးသမီးအား လည်ပင်းညစ်သတ်စေပြီး ဘုရင်ဟောင်းကိုမူ အဆိပ်တိုက်လိုက်လေသည်။ ထို့နောက် ထိုသူသုံးဦးတို့ကို သတ်ပြီးပြီဖြစ်ကြောင်း "တုန်ကျိုး"(Dong Zhuo) ထံ သတင်းပို့လိုက်လေသည်။
ထိုအချိန်မှစ၍ "တုန်ကျိုး"(Dong Zhuo) ၏ အပြုအမူတို့သည် ပိုမို ရဲတင်းလာသည်။ မိဖုရားတို့ကိုလည်း အလေးမထား၊ နန်းတော်ထဲတွင် ညအိပ်ချင်အိပ်တတ်သည်။ တခါတရံ ဘုရင့်ပလ္လင်ပေါ်၌ပင် အိပ်တတ်လေသည်။ တစ်ခါသော် သူသည် စစ်သားတို့ကို ဦးဆောင်ကာ ရန်ချန်သို့သွားပြီး နှစ်စဉ်နွေဦးကောက်ရိတ်သိမ်းပွဲပြုလုပ်ရန်အတွက်ဟုဆိုကာ လူစုစေသည်။ ထို့နောက် ထိုလူတို့ကို ဝန်းရံစေကာ လူသတ်ပွဲကျင်းပလေသည်။ လူပေါင်းတစ်ထောင်ကျော်ကို သတ်ကာ အမျိုးသမီးတို့ကို ဖမ်းဆီးလေသည်။ မြို့တော်လော့ရန်သို့ပြန်ရောက်သော် သူပုန်တို့ကို နှိမ်နှင်းလာခြင်းဖြစ်ကြောင်း လုပ်ကြံဇာတ်လမ်းဖြန့်စေသည်။ ထို့နောက် ခေါင်းတို့ကို မြို့ရိုးအောက်တွင် မြှုပ်စေပြီး အမျိုးသမီးတို့ကို စစ်သားများက ခွဲဝေယူကြလေသည်။

စစ်သူကြီးတစ်ဦးဖြစ်သော "ဝူဖု"(Wu Fu) သည် ထိုအခြင်းအရာကို မနှစ်မြို့သဖြင့် "တုန်ကျိုး"(Dong Zhuo) ကို လုပ်ကြံရန် အခွင့်အခါကောင်းကို စောင့်စေခဲ့သည်။ သူသည် နန်းတွင်းသို့ဝင်တိုင်း ဓားမြောင်တစ်လက်ကို ဖွက်သွားလေ့ရှိသည်။ တစ်ရက်သော် "တုန်ကျိုး"(Dong Zhuo) အား ဓားနှင့် ထိုးရန်ကြံလေသည်။ သို့သော် "တုန်ကျိုး"(Dong Zhuo) က သိသွားပြီး "လွီပု"(Lu Bu) လာသည်အထိ "ဝူဖု"(Wu Fu) ကို ချုပ်ထားခဲ့လေသည်။
"တုန်ကျိုး"(Dong Zhuo) : "မင်းကို ဘယ်သူက ပုန်ကန်ခိုင်းတာလဲ"
"ဝူဖု"(Wu Fu) : "ခင်ဗျားက မင်းသားလည်းမဟုတ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့ ဝန်ကြီးမဟုတ်၊ ဘာကြောင့် ပုန်ကန်မှုလို့ ခေါ်ရမှာလဲ? ခင်ဗျားရဲ့အပြစ်တွေကို စီလို့ရမယ်ဆိုရင် ဟိုးကောင်းကင်ထိတောင် တက်သွားလိမ့်မယ်၊ လူတိုင်းက ခင်ဗျားကို သတ်ချင်နေတာ၊ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျား ခြေလက်တွေကို မြင်းလေးကောင်နဲ့ဆွဲပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်ပြီး တစ်လောကလုံး ကျေနပ်သွားစေ့မယ်"
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် အစောင့်တို့ကို ခေါ်ကာ "ဝူဖု"(Wu Fu) အား အပြင်သို့ဆွဲထုတ်စေပြီး သေဒဏ်ပေးစေလိုက်သည်။

နောက်ပိုင်းတွင်မူ "တုန်ကျိုး"(Dong Zhuo) သည် အမြဲလိုလို ကိုယ်ရံတော်နှင့် သွားလာတော့သည်။ ဘိုဟိုင်မြို့မှ "ယွမ်ရှောက်"(Yuan Shao) သည် "တုန်ကျိုး"(Dong Zhuo) ၏ လုပ်ရပ်တို့ကို ကြားသောအခါ အတွင်းဝန် "ဝမ်ယွင်"(Wang Yun) ထံ လျှို့ဝှက်စာတစ်စောင်ပေးလိုက်သည်။
"တုန်ကျိုး(Dong Zhuo) ဟာ ကောင်းကင်ရဲ့ဆန္ဒကို ချိုးဖောက်ပြီးတော့ ကိုယ့်မင်းကိုတောင် နန်းချခဲ့တယ်။ သာမန်လူတွေက သူ့ကိုမတော်လှန်ဝံ့ဘူး၊ ဒါက နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားကကော သူ့ရဲ့ လွန်ကျူးမှုတွေကို မသိကျိုးကျွံပြုနေတော့မှာလား၊အဲ့လိုဆို ဘယ်လိုလို့ တာဝန်ကျေပွန်တဲ့၊ သစ္စာရှိတဲ့ ဝန်ကြီးတစ်ဦး ဖြစ်နိုင်မှာလဲ? ကျွန်တော်က တော်လှန်ဖို့ စစ်တပ်ကြီးတစ်ခု ပြင်ထားပြီးပါပြီ၊ ဒါပေမယ့် တစ်ယောက်တည်း မစဝံ့ဘူး၊ ဒါကြောင့် သူ့ကို လုပ်ကြံဖို့ အခွင့်ကောင်းရှာပါ၊ ခင်ဗျားက စစ်တပ်ကို သုံးပြီး တော်လှန်မယ်ဆိုရင် ခင်ဗျားကို ကူဖို့ အဆင်သင့်ပဲ"
ထိုစာရောက်လာသောလည်း "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို လုပ်ကြံရန် အခွင့်မတွေ့ပေ။
တစ်နေ့တွင် နန်းတွင်း၌ "ဝမ်ယွင်"(Wang Yun) သည် သူ၏ လုပ်ဖော်ကိုင်ဘက်တို့အား "ဒီနေ့ ကျွန်တော့် မွေးနေ့ဖြစ်တဲ့အတွက် ဒီနေ့ညနေမှာ ကျွန်တော့်အိမ် ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်" ဟု ပြောလေရာ အမတ်တို့လည်း လာပါမည်ဟု ကတိပြုကြသည်။
ညနေစောင်းတွင် "ဝမ်ယွင်"(Wang Yun) အိမ်၌ လူတို့ စုဝေးကြသောအခါ "ဝမ်ယွင်"(Wang Yun) သည် မျက်နှာကို အုပ်ကာ ငိုလေသည်။ ထိုအခါ ဧည့်သည်တို့က မွေးနေ့တွင် အဘယ်ကြောင့် ငိုရပါသနည်းဟု မေးလေလျှင်
"ဝမ်ယွင်"(Wang Yun) : "ဒီနေ့က ကျွန်တော့် မွေးနေ့မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို ဘာအကြောင်းအရာပဲ မရှိပဲ ခေါ်ရင် "တုန်ကျိုး"(Dong Zhuo) က သံသယဝင်မှာ စိုးလို့ပါ၊ ဒီလူဟာ ဧကရာဇ်ကိုစော်ကားပြီး လုပ်ချင်ရာ လုပ်တဲ့အတွက် တိုင်းပြည်က ပြိုကွဲလုမတတ် ဖြစ်နေပြီ။ ဟိုးအရင်က ချင်ဘုရင်ကို နှိမ်နှင်း၊ ချူပြည်ကို အောင်နိုင်ခဲ့တဲ့ ဟန်ခေတ်အစကို ပြန်တွေးမိတယ်၊ ဟန်ခေတ်မှာ ဒီလိုမျိုး "တုန်ကျိုး"(Dong Zhuo) က တိုင်းပြည်ကို ထင်ရာစိုင်းလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့ပါ့မလဲ၊ ဒါကြောင့် ငိုရခြင်း ဖြစ်ပါတယ်"
အခြားသော အမတ်တို့လည်း "ဝမ်ယွင်"(Wang Yun) နှင့်အတူ ငိုကြလေသည်။

ထိုအခိုက် ဧည့်သည်ထဲမှတစ်ဦးဖြစ်သော "ချောင်ချောင်း"(Cao Cao) သည် လိုက်မငိုပဲ လက်ခုပ်လက်ဝါးတီးကာ ရယ်လေသည်။
"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားတို့တတွေ အရုဏ်တက်အထိ၊ နောက် မိုးလင်းက ညအထိငိုနေလည်း "တုန်ကျိုး"(Dong Zhuo) က သေသွားမယ် ထင်လား"
"ဝမ်ယွင်"(Wang Yun): "ဟန်ခေတ်ကောင်းစဉ်က ခင်ဗျား ဘိုးဘွားဘီဘင်တွေအပေါ် တိုင်းပြည်ကျေးဇူးတွေ အများကြီး ရှိခဲ့တယ်၊ ခု ခေတ်ကြီး ပျက်တော့မယ်၊ ဒါကို ရယ်နိုင်သေးသလား"
"ချောင်ချောင်း"(Cao Cao) : "ကျုပ် ရယ်တယ်ဆိုတာ လူတစ်ယောက်ကိုတောင် မသတ်နိုင်လို့ ငိုနေတဲ့ ခင်ဗျားတို့ရဲ့ ရူးသွပ်မှုကို ရယ်တာ၊ ကျုပ်ဟာ ဘာအရည်အချင်း မယ်မယ်ရရမှ မရှိပေမဲ့လည်း အဲ့လူခေါင်းကို ဖြတ်ပြီး မြို့ရိုးမှာချိတ်ပြီးတော့ လူတွေကို ပြနိုင်အောင် လုပ်ပြမယ်"
ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် ထိုင်နေရာမှ ထကာ "ချောင်ချောင်း"(Cao Cao) နား သွားလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ စကားကို ဆက်သည်။
"ဒီရက်တွေမှာ ကျွန်တော် "တုန်ကျိုး"(Dong Zhuo) အပေါ် ရိုကျိုးတယ်ဆိုတာ သူ့ကို သတ်ဖို့ အခွင့်ကောင်းကို ရှာနေတာ၊ အခု သူက ကျွန်တော့်ကို ယုံနေပြီဖြစ်တဲ့အတွက် တခါတရံမှာ သူ့ကို အလစ်အငိုက်ဖမ်းနိုင်တယ်၊ ခင်ဗျားဆီမှာ ရတနာခုနှစ်မျိုးနဲ့စီခြယ်ထားတဲ့ ဓားရှိတယ်မဟုတ်လား၊ အဲ့ဓားကို ကျွန်တော့်ကို ငှားလိုက်၊ အဲ့ဓားနဲ့ နန်းတော်ထဲဝင်ပြီး သူ့ကို လုပ်ကြံမယ်၊ နောက်ပိုင်း ကျုပ်သေသေရှင်ရှင် အရေးမကြီးဘူး"
"ဝမ်ယွင်"(Wang Yun) : "အဲ့လိုသာ လုပ်နိုင်ရင် လောကကြီးအတွက် ကောင်းချီးမင်္ဂလာပဲပေါ့"


သို့နှင့် "ဝမ်ယွင်"(Wang Yun) သည် ရေခွက်တွင် ရေထည့်ကာ "ချောင်ချောင်း"(Cao Cao) ကို ကမ်းပေးလိုက်ပြီး သစ္စာဆိုစေသည်။ ထို့နောက် ရတနာဓားကို ထုတ်ကာ "ချောင်ချောင်း"(Cao Cao) အား ပေးလိုက်သည်။ ဧည့်သည်တို့လည်း အလျှိုလျှို ပြန်ကုန်သည်။
နောက်တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် နန်းတွင်းသို့ဝင်ကာ ဝန်ကြီးချုပ်ကို ရှာသည်။ "ဝန်ကြီးချုပ် ဘယ်မှာလဲ" ဟု အစောင့်တို့ကို မေးရာ အစောင့်တို့က ဧည့်ဆောင်တွင်ရှိကြောင်း ဆိုလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ဧည့်ဆောင်ထဲဝင်သွားရာ "တုန်ကျိုး"(Dong Zhuo) သည် အလွန်ကျယ်သော ခုံပေါ်တွင် အခံ့သား ထိုင်နေသည်ကို တွေ့လိုက်သည်။ "လွီပု"(Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) ဘေးတွင် ရှိသည်။
"တုန်ကျိုး"(Dong Zhuo) : "ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ"
"ချောင်ချောင်း"(Cao Cao) : "ကျွန်တော့်မြင်းက အခြေအနေမကောင်းပဲ နှေးနေလို့ပါ"
ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ဘက် လှည့်ကာ
"အနောက်ဘက်အရပ်က မြင်းကောင်းတွေ ရောက်လာတယ်၊ မင်းသွားပြီးတော့ မြင်းကောင်းတစ်ကောင်ကို ရွေးပြီး သူ့အတွက် လက်ဆောင်ပေးလိုက်" ဟု ပြောလိုက်သည်
သို့နှင့် "လွီပု"(Lu Bu) ထွက်သွားသည်။
"ချောင်ချောင်း"(Cao Cao) သည် 'ဒီသစ္စာဖောက်တော့ သေတော့မယ်' ဟု တွေးလေသည်။ "တုန်ကျိုး"(Dong Zhuo) ကို ဓားနှင့် ထိုးရန်ကြံသော်လည်း "တုန်ကျိုး"(Dong Zhuo) သည် ခွန်အားအင်မတန်ကြီးမှန်း သိသဖြင့် တစ်ချက်တည်းနှင့် ကိစ္စပြီးမပြီး မသေမချာသဖြင့် မလှုပ်ရှားရဲပေ။ ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် အဝလွန်သူ ဖြစ်သဖြင့် အကြာကြီး မထိုင်နိုင်ပဲ မျက်နှာကိုတစ်ဖက်သို့မူပြီး လဲလျောင်းလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် အခွင့်ကောင်းဝင်ချေပြီဟု တွေးကာ ဓားကိုထုတ်ကာ ကျစ်ကျစ်ပါအောင် ကိုင်ထားလေသည်။ "ချောင်ချောင်း"(Cao Cao) မှ ဓားဖြင့် ထိုးမည်အလုပ်တွင် "တုန်ကျိုး"(Dong Zhuo) အပေါ်သို့ မော့်ကြည့်လိုက်ရာ ကြေးမုံမှန်၌ ဓားကိုင်ထားသော "ချောင်ချောင်း"(Cao Cao) ကို တွေ့လိုက်ရသဖြင့် ချက်ချင်းလှည့်ကာ
"ချောင်ချောင်း(Cao Cao)၊ မင်း ဘာလုပ်တာလဲ" ဟု ပြောလိုက်လေသည်။ ထိုအခိုက်မှာပင် "လွီပု"(Lu Bu) သည် မြင်းတစ်ကောင်ကို ဆွဲခေါ်လာသည်။
သို့နှင့် "ချောင်ချောင်း"(Cao Cao) သည် ဒူးထောက်ကာ
"ကျွန်တော် အဖိုးတန်ဓားတစ်ချောင်းရလာလို့ ဆက်သမလို့ပါ" ဟု ဆိုလေသည်။
"တုန်ကျိုး"(Dong Zhuo) ကလည်း ထိုဓားသည် ဓားကောင်းဖြစ်သဖြင့် ယူလိုက်လေသည်။ ထို့နောက် ဓားကို "လွီပု"(Lu Bu) အား ပေးလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် မြင်းကို အစမ်းစီးပါရစေဟု ဆိုသဖြင့် "တုန်ကျိုး"(Dong Zhuo) က ခွင့်ပြုလိုက်လေရာ "ချောင်ချောင်း"(Cao Cao) သည် မြင်းကို စီးပြီး အရှေ့ဘက်အရပ်သို့ ထွက်သွားသည်။

"လွီပု"(Lu Bu) : "ကျွန်တော်ဝင်လာတဲ့အချိန်တုန်းက အဲ့လူက အဖေ့ကို ဓားနဲ့ရွယ်ပြီး ထိုးမယ့်ဟန်ကြံနေပုံပဲ၊ နောက်မှ အခြေအနေမဟန်မှသာ ဓားကို ပေးပြီး ပြေးသွားတာ နေမယ်"
"တုန်ကျိုး"(Dong Zhuo) : "ငါလည်း သူ့ကို သံသယ ဝင်နေတာ"
ထိုအချိန်တွင် "လီရု"(Li Ru) ဝင်လာကာ
"ချောင်ချောင်း(Cao Cao) ဟာ မြို့တော်မှာ သူ့မိသားစုတွေမရှိဘူး၊ ဒါပေမယ့် သူ ဒီနားမှာပဲ နေတယ်၊ အဲ့ကိုလူတွေလွှတ်ပြီး သူ့ကို ရှာစေပါ၊ အကယ်၍ သူဟာ သဘောရိုးနဲ့ ဓားကို လက်ဆောင်ပေးတာဆို လာလိမ့်မယ်၊ ဒါပေမယ့် သူ ဆင်ခြေတွေပေးရင်တော့ ဖမ်းလိုက်ပါ" ဟု ပြောလေသည်။
ထို့နောက် ထောင်မှူးလေးဦးကို "ချောင်ချောင်း"(Cao Cao) ဆီ လွှတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် မရှိတော့သည်မှာ ကြာခဲ့ပြီ။ ထို့နောက် ထိုလူလေးဦးတို့ ပြန်လာကာ
"ချောင်ချောင်း(Cao Cao) ဟာ သူနေတဲ့အိမ်ကို မပြန်ပဲ အလောတကြီးနဲ့ အရှေ့ဘက်ဂိတ်က ထွက်သွားပါတယ်။ အရှေ့ဂိတ်ရဲ့အစောင့်တပ်မှူးက သူ့ကို မေးတော့ သူက ဝန်ကြီးချုပ်အမိန့်လို့ပြောပြီး မြင်းကို ကဆုန်စိုင်းစီးပြီး ထွက်သွားပါတယ်" ဟု ပြောသည်။
"လီရု"(Li Ru) : "ဒါဟာ သူ့လိပ်ပြာသူ မလုံပဲ ပြေးသွားတာ၊ လုပ်ကြံတယ်ဆိုတာ သေချာတယ်"
"တုန်ကျိုး"(Dong Zhuo) : "ငါက သူ့ကို တအား ယုံခဲ့တာ" ဟု ဒေါသတကြီးနှင့်ဆိုလေသည်။
"လီရု"(Li Ru) : "သူနဲ့အတူကြံတဲ့ အပေါင်းအပါတွေ ရှိဦးမယ်၊ သူ့ကို ဖမ်းမိမှ သိရမယ်"

ထို့နောက် အနယ်နယ်အရပ်ရပ်တွင် "ချောင်ချောင်း"(Cao Cao) ပုံကို ချိတ်ကာ ဖမ်းဝရမ်းထုတ်လိုက်သည်။ ဖမ်းမိလျှင် ဆုကြေးကြီးကြီးနှင့် ရာထူးကြီးကြီးပေးမည် ဟု ကြေညာသည့်အပြင် ကာကွယ်သည့်သူများကိုလည်း သူနှင့် အတူအပြစ်ဒဏ်ခံရမည်ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) သည် သူ့မွေးရပ်မြေဖြစ်သည့် ချောင်ပြည်နယ်သို့ အပြင်းခရီးနှင်သည်။ ကျုံးမိုသို့ရောက်သောအခါ အစောင့်တို့က "ချောင်ချောင်း"(Cao Cao) မျက်နှာကို မှတ်မိသည့်အတွက် ဖမ်းပြီး ချုပ်ထားကာ မြို့တော်ဝန်ထံ ခေါ်သွားသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ့ကိုယ်သူ "ဟွမ်ဖူ"(Huang Fu) ဟု ခေါ်သော ကုန်သည်ဖြစ်ကြောင်း လိမ်လည်ပြောသည်။ မြို့တော်ဝန်သည် "ချောင်ချောင်း"(Cao Cao) ရုပ်နှင့် စာရွက်ထဲမှ ပုံကိုတိုက်ကာ စစ်ဆေးပြီး တွေးနေသည်။
 ပြီးနောက် "ကျုပ် မြို့တော်မှာ ရှိတုန်းက ခင်ဗျားကို "ချောင်ချောင်း"(Cao Cao) ဖြစ်မှန်းသိတယ်၊ ဘာလို့ လိမ်ရတာလဲ" ဟု မေးသည်။
ထို့နောက် မြို့တော်ဝန်က "ချောင်ချောင်း"(Cao Cao) ကို အကျဉ်းချထားစေပြီး နောက်ရက်တွင် မြို့တော်သို့ပို့မည်ဟု ဆိုသည်။ ထို့နောက် သူ့စစ်သားတို့ကို အစားအစာနှင့် ဆုကြေးငွေအချို့ ပေးလေသည်။

ထိုညသန်းခေါင်ယံတွင် မြို့တော်ဝန်သည် ယုံကြည်ရသော သူတစ်ဦးကို လွှတ်စေပြီး "ချောင်ချောင်း"(Cao Cao) အား သူ့ထံ ခေါ်လာစေသည်။ ထို့နောက်
"သူများတွေပြောတော့ ဝန်ကြီးချုပ်က ခင်ဗျားအပေါ် ကောင်းကောင်းဆက်ဆံတယ်ဆို၊ ခင်ဗျားက ဘာလို့ သတ်ဖို့ ကြံရတလဲ" ဟု မေးလေသည်။
"ချောင်ချောင်း"(Cao Cao) : "ငှက်သေးတွေက ငှက်ကြီးတွေ ဘယ်လောက်ပျံနိုင်တယ်ဆိုတာ ဘယ်လိုသိပါ့မလဲ၊ ကျုပ်က ခင်ဗျားအတွက် ဆုကြေးအတွက်မြို့တော်ပို့မယ့် အကျဉ်းသားဖြစ်နေပြီပဲ၊ ဘာကြောင့် အပိုတွေ မေးနေရတာလဲ"
ထိုအခါ မြို့တော်ဝန်က သူ့လက်အောက်ငယ်သားတို့ကို အပြင်ထွက်စေကာ "ကျုပ်ကို အမြင်မမှားပါနဲ့၊ ကျွန်တော်က ပိုက်ဆံမက်တဲ့သူမဟုတ်ပါဘူး၊ ကျွန်တော်အမှုထမ်းမယ့် ထိုက်တန်တဲ့သခင်ကို ရှာမတွေ့သေးလို့ပါ" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) : "တိုင်းပြည်က ကျုပ်ဘိုးဘေးတွေအပေါ် ကျေးဇူးရှိခဲ့တယ်။ တိုင်းပြည်ကို ကျေးဇူးပြန်မဆပ်ရင် ကျုပ်ဟာ တိရစ္ဆာန်နဲ့ မခြားတော့ဘူး၊ "တုန်ကျိုး"(Dong Zhuo) လက်အောက်မှာ နေခဲ့တယ်ဆိုတာ သူ့ကိုသတ်ဖို့ အခွင့်ကောင်းရှာဖို့ နေတာ၊ ဒါပေမယ့် သူ့ကို မလုပ်ကြံနိုင်ခဲ့ဘူး၊ ဒါဟာလည်း ကောင်းကင်ရဲ့ ဆန္ဒပါပဲလေ"
"ခင်ဗျားက ဘယ်သွားဖို့ လုပ်တာတုန်း"
"ကျုပ် မွေးရပ်ပြည်နယ်ကို ပြန်မလို့၊ အဲ့ကိုရောက်ရင် လူစုပြီး အဲ့အမတ်ဆိုးကို တော်လှန်ဖို့လုပ်မယ်၊ ဒါက ကျွန်တော့်အကြံပဲ"
ထိုအခါ မြို့ဝန်သည် "ချောင်ချောင်း"(Cao Cao) ကို လွှတ်ပေးကာ မြင့်မြတ်သောနေရာတွင်ထိုင်စေပြီး အရိုအသေပြုကာ
"ကျွန်တော့်နာမည်က "ချန်ကုန်း"(Chen Gong) ပါ၊ မိသားစုနဲ့ အမေအိုကြီးကတော့ တုန်းကျွင်းပြည်နယ်ရဲ့ အရှေ့ဘက်မှာ နေပါတယ်။ ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့အမှန်တရားကြောင့် ကျွန်တော်က ဒီရုံးကို စွန့်ပြီး ခင်ဗျားနောက် လိုက်ခဲ့မယ်" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုအခြေအနေပြောင်းလဲမှုကြောင့် ဝမ်းသာသွားသည်။ "ချန်ကုန်း"(Chen Gong) သည် သူတို့ခရီးသွားရန်အတွက် ပိုက်ဆံအချို့ကိုကို ယူပြီး "ချောင်ချောင်း"(Cao Cao) အား အဝတ်လဲစေသည်။ ထို့နောက်တစ်ဦးစီသည် ဓားတစ်ချောင်းစီနှင့် ချောင်ပြည်နယ်သို့ ခရီးဆက်လေသည်။
သုံးရက်အကြာတွင် သူတို့နှစ်ဦးသည် ချန်ကောင်းသို့ရောက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ကြာပွတ်နှင့် သစ်တောဘက်သို့ ညွှန်ကာ
"အဲ့ဘက်မှာ ကျုပ်အစ်ကိုရဲ့ သွေးသောက်ညီဖြစ်တဲ့ "လွီပေါ်ရှဲ့"(Lu Baoshe) နေတယ်၊ အဲ့ကိုသွားပြီး ကျွန်တော့် မိသားစုအခြေအနေမေးပြီးတော့ တစ်ညတာတည်းခိုရအောင်" ဟု ပြောသည်။
"ချန်ကုန်း"(Chen Gong) : "ကောင်းသားပဲ"
သို့နှင့် ထိုနေရာသို့သွားကာ လယ်ကွက်အပေါက်ဝမှ ဝင်သွားကြသည်။

"လွီပေါ်ရှဲ့"(Lu Boshe) က သူတို့ကို ကြိုဆိုပြီး "ချောင်ချောင်း"(Cao Cao) အား
"အစိုးရက မင်းကို ဖမ်းမိန့်ထုတ်ထားတယ်လို့ ကြားတယ်။ မင်းအဖေကတော့ ချန်လျူမှာ ပုန်းနေတယ်၊ ဘယ်လိုဖြစ်တာတုန်း" ဟု မေးလေသည်။
"ချောင်ချောင်း"(Cao Cao) : "ဒီလူမကယ်ရင် ကျွန်တော်တော့ သေတာ ကြာပြီ" ဟု ဆိုသည်။
ထိုအခါ "လွီပေါ်ရှဲ့"(Lu Boshe) က "ချန်ကုန်း"(Chen Gong) ကို ဦးညွှတ်ပြီး
"ခင်ဗျားက ချောင်မျိုးရိုးရဲ့ ကျေးဇူးရှင်ကြီးပါပဲ၊ ကျွန်တော့်တဲစုတ်လေးမှာ ကိုယ့်အိမ်လိုသဘောထားပြီး နေပါ၊ ခင်ဗျားအတွက် နေရာထိုင်ခင်းပြင်ပေးပါ့မယ်" ဟု ပြောသည်။
ထို့နောက် "လွီပေါ်ရှဲ့"(Lu Boshe) သည် အိမ်ထဲသို့ ခဏဝင်သွားပြီး ပြန်ထွက်လာကာ
"အိမ်မှာ အရက်ကုန်နေပြီ၊ ရွာထဲမှာ သွားယူလိုက်ဦးမယ်" ဟု ဆိုကာ မြည်းကို စီးပြီး အပြင်ထွက်သွားသည်။

"ချောင်ချောင်း"(Cao Cao) နှင့် "ချန်ကုန်း"(Chen Gong) တို့သည် အချိန်ကြာမြင့်စွာ ထိုင်စောင့်နေသည်၊ ထို့နောက် အိမ်နောက်ဖေးမှ ဓားသွေးသော အသံကို ကြားလေသည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ကို
"သူက ကျုပ်ဦးလေးအရင်းမဟုတ်ဘူး၊ သူအပြင်ထွက်သွားတာက အကြောင်းတစ်ခုခုရှိရမယ်၊ အဲ့အသံကို သွားနားထောင်ရအောင်" ဟု ဆိုလေသဖြင့် နှစ်ဦးသား အိမ်နောက်ဖေးသို့ ချဉ်းကပ်သွားသည်။ ထိုအခိုက်တွင် အနောက်မှ "မသတ်ခင် ကြိုးနဲ့တုပ်ရမယ်" ဟူသော အသံကို ကြားလိုက်ရာ "ချောင်ချောင်း"(Cao Cao) က
"ကျုပ်ထင်တဲ့အတိုင်းပဲ၊ ကျုပ်တို့အရင်မလှုပ်ရှားရင် သူတို့က ကျုပ်ကိုသတ်တော့မှာ" ဟု ဆိုသည်။
ထို့နောက်သူတို့နှစ်ဦးသည် အထဲသို့ဝင်ပြီး ယောက်ျားမိန်းမပါမချန်၊ အိမ်သားစုစုပေါင်း ရှစ်ဦးကို သတ်လိုက်သည်။ ထို့နောက် အိမ်အတွင်းသို့ ရှာသောအခါဝယ် မီးဖိုဆောင်တွင် ဝက်ပေါ်ရန်အဆင်သင့် ဝက်ကို ကြိုးတုတ်ထားသည်ကို တွေ့ရသည်။
"ချန်ကုန်း"(Chen Gong) : "ခင်ဗျားက သံသယကြီးလွန်းတယ်၊ ကျုပ်တို့ လူကောင်းကို မှားသတ်မိပြီ"

"ချောင်ချောင်း"(Cao Cao) နှင့် "ချန်ကုန်း"(Chen Gong) တို့သည် ချက်ချင်းပင် မြင်းစီးကာ ထွက်ခွာလေသည်။ လမ်းတွင် အရက်အိုးနှစ်အိုး၊ သစ်သီးနှင့် အသီးအရွက်တို့ကို သယ်လာသော "လွီပေါ်ရှဲ့"(Lu Boshe) ကို တွေ့လေသည်။
"လွီပေါ်ရှဲ့"(Lu Boshe) : "ဘယ်သွားကြမလို့လဲ"
"ချောင်ချောင်း"(Cao Cao) : "ရာဇဝတ်သားတွေက သူများအိမ်မှာ အကြာကြီးနေရင်မကောင်းဘူး"
"လွီပေါ်ရှဲ့"(Lu Boshe) : "ဒါပေမယ့် ငါ မင်းတို့အတွက် အိမ်ကလူတွေကို ဝက်သတ်ခိုင်းထားတယ်လေ၊ ကျုပ် ဧည့်ဝတ်မကျေလို့လား။ ငါနဲ့ ပြန်လိုက်ခဲ့ပါ"
"ချောင်ချောင်း"(Cao Cao) သည် စကားမပြန်ပဲ မြင်းကို စီးသွားသည်။ သို့သော် ရုတ်တရတ် ဓားကို ဆွဲလိုက်ပြီး "လွီပေါ်ရှဲ့"(Lu Boshe) ဆီသွားကာ
"ဟိုမှာ ဘယ်သူလာနေလည်းမသိဘူး" ဟု ဆိုသည်။
"လွီပေါ်ရှဲ့"(Lu Boshe) နောက်လှည့်ကြည့်သောအခါတွင် "ချောင်ချောင်း"(Cao Cao) က "လွီပေါ်ရှဲ့"(Lu Boshe) ကို ဓားဖြင့် ထိုးလိုက်လေသည်။
"ချန်ကုန်း"(Chen Gong) လန့်သွားလေ၏ ။
"ချန်ကုန်း"(Chen Gong) : "ကျုပ်တို့ခုဏက အမှားက မလုံလောက်သေးလို့ ဆက်မှားတာလား"
"ချောင်ချောင်း"(Cao Cao) : "အကယ်၍ သူအိမ်ပြန်ရောက်လို့ သူ့အိမ်သားတွေကို သတ်သွားမှန်းသိရင် သူက ခွင့်လွှတ်မယ်ထင်လား? သူက အစိုးရကို အကြောင်းကြားပြီး ငါတို့နောက်လိုက်စေရင် ငါတို့အသတ်ခံရမှာပေါ့"
"ချန်ကုန်း"(Chen Gong) : "ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသတ်တာက မှားတယ်"
"ချောင်ချောင်း"(Cao Cao) : "လောကကြီးက ငါ့ကို သစ္စာမဖောက်ခင် ငါက လောကအပေါ် အရင် သစ္စာဖောက်မှာပဲ"


"ချန်ကုန်း"(Chen Gong) သည် ဘာမှပြန်မပြောတော့ချေ။ လရောင်နှင့် ခရီးဆက်ကြပြီးနောက် တည်းခိုရာနေရာရောက်သောအခါ အနားယူကြသည်။ မြင်းတို့ကို အစာကျွေးပြီးနောက် "ချောင်ချောင်း"(Cao Cao) က အရင်အိပ်နှင့်လေပြီ။ "ချန်ကုန်း"(Chen Gong) ကား မအိပ်နိုင်သေး။
'သူ့ကို ရိုးသားဖြောင့်မတ်သူထင်လို့ ကယ်ပြီးတော့ သူ့နောက်လိုက်ခဲ့တယ်၊ ဒါပေမယ့် သူဟာ ဝံပုလွေလို ကောက်ကျစ်တဲ့သူပဲ။ ငါ သူ့ကို လွှတ်ပေးလိုက်ရင် နောင်အခါမှာအန္တရာယ်ရှိလာနိုင်တယ်'

ဤသို့ဖြင့် "ချန်ကုန်း"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) အား သတ်ရန် ကြံစည်လေသည်။

Comments

Popular posts from this blog

Lookism