သုံးနိုင်ငံခေတ် (၃)
အခန်း(၃) ဥယျာဉ်ခြံဝယ် "တုန်ကျိုး"(Dong
Zhuo) နှင့် "တင်းယွမ်"(Ding Yuan) တို့ အငြင်းပွားကြခြင်း။ "လီစု"(Li
Su) မှ "လွီပု"(Lu Bu) အား လာဘ်ထိုးခြင်း
"ချောင်ချောင်း"(Cao
Cao) ပြောသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
"ကုန်းကုန်းတွေပြဿနာက
နှစ်ပေါင်းကြာရှည်ခဲ့ပြီ၊ ဒါပေမယ့် အဓိကပြဿနာက အဲ့ကုန်းကုန်းတွေကို အခွင့်ထူးခံဖြစ်အောင်
ခွင့်ပြုထားတဲ့ ဘုရင်တွေကြောင့်ပဲ၊ ဒါကြောင့် အဓိကအရင်းအမြစ်ကို ရှင်းရင် တော်ပြီပေါ့။
ဘာလို့များ နယ်ပယ်အသီးသီးက စစ်တပ်တွေကို ခေါ်နေရသေးတာလဲ? အဲ့လိုဆို အကြံအစည် ပေါက်ကြားနိုင်ပြီး
ဒုက္ခရောက်လိမ့်မယ်"
"ဟဲကျင်း"(He
Jin) သည် "ချောင်ချောင်း"(Cao Cao) ကို ကြည့်ပြီး မဲ့ပြုံးပြုံးကာ
"ဒါဆို
မင်းမှာလည်း မင်းအကြံနဲ့မင်းရှိမှာပေါ့" ဟုထေ့ပြောလိုက်သည်။
"ချောင်ချောင်း"(Cao
Cao) သည်
"လောကကြီးကို
အမိုက်အမှောင်အတိဒုက္ခရောက်အောင်လုပ်မယ့် အဓိကတရားခံက "ဟဲကျင်း(He Jin) ပဲ"
ဟုဆိုကာ ဆွေးနွေးပွဲမှ ထွက်သွားလေသည်။
ထို့နောက်
"ဟဲကျင်း"(He Jin) သည် အနယ်နယ်အရပ်ရပ်ရှိ စစ်တပ်တို့ထံ စစ်ချီရန် သဝဏ်လွှာပို့လေသည်။
ဤနေရာတွင်
ရှေ့အခန်းတွင်ပါခဲ့သည့် "တုန်ကျိုး"(Dong Zhuo) အကြောင်းပြောရန် လိုလာချေပြီ။
"တုန်ကျိုး"(Dong Zhuo) သည် အဝါရောင်သူပုန်တို့နှင့် ရင်ဆိုင်စဉ်အခါက စစ်ရှုံးခဲ့သဖြင့်
အပြစ်ပေးခံရမည် ဖြစ်သော်လည်း ကုန်းကုန်းဆယ်ဦးတို့အား လာဘ်ထိုးလေရာ အပြစ်ဒဏ် မခံရတော့ပေ။
နောက်ပိုင်းတွင် မြို့တော်ရှိ အာဏာရှိအသိုင်းအဝိုင်းတို့၏ အဆက်အသွယ်နှင့် ရာထူးအဆင့်ဆင့်
တက်လာခဲ့လေရာ ထိုအချိန်တွင် သူသည် ရှီးကျိုးအနောက်ပိုင်းဒေသ၏ အုပ်ချုပ်သူ ဖြစ်နေပြီဖြစ်ပြီး
တပ်သားနှစ်သိန်းကို အုပ်ချုပ်ရသော စစ်ဗိုလ်ဖြစ်နေချေပြီ။ "တုန်ကျိုး"(Dong
Zhuo) သည် အကျင့်မကောင်းသူ၊ သစ္စာမဲ့သူတစ်ဦးဖြစ်သည်။ သူသည် မြို့တော်မှ စစ်တပ်များကို
စေလွှတ်ရန် စာရသောအခါ အခွင့်ကောင်းကြုံလေပြီဟု ဝမ်းပန်းတသာဖြင့် စစ်ချီရန်ပြင်လေသည်။
ရှီကျိုးကို သမက်ဖြစ်သူ "နူဖူ"(Niu Fu) အား လွှဲပေးပြီး စစ်သူကြီးလေးဦးဖြစ်သည့်
"လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ကျန်းကျိ"(Zhang
Ji) ၊ "ဖန်ချိုး"(Fan Chou) တို့နှင့်အတူ လော့ရန်သို့ ချီတက်လေသည်။
ထိုအခါ
"တုန်ကျိုး"(Dong Zhuo)၏ သမက်လည်းဖြစ်၊ အကြံပေးလည်းဖြစ်သော "လီရု"(Li
Ru) သည်
"စစ်ချီတက်ဖို့
အမိန့်စာလာပေမယ့် မသေချာမရေရာတာတွေရှိနေသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့ စစ်ချီရမယ့်ရည်ရွယ်ချက်ကို
စာပို့ပြီးမှ စစ်ချီရန်သင့်တယ်"
ဟု အကြံပေးလေသည်။
ထိုအကြံကို
လက်ခံကာ "တုန်ကျိုး"(Dong Zhuo) သည် "ဟဲကျင်း"(He Jin) ထံ အောက်ပါစာကို
ပို့လိုက်သည်။
"တိုင်းပြည်
မတည်မငြိမ်ဖြစ်နေသည်မှာ အတွင်းဆောင်၌အမှုထမ်းကြသော ကုန်းကုန်း "ကျန်းရန်"(Zhang
Rang) နှင့် အပေါင်းအပါတို့ကြောင့် ဖြစ်သည်ကို ကျွန်တော်မျိုး သိပါသည်။ အခုသည်ကား ထိုကိစ္စတို့ကို
ရှင်းရန်အချိန်ကောင်းဖြစ်ပြီး အသင်၏အမိန့်နှင့် ကုန်းကုန်းတို့ကို ရှင်းရန် နေပြည်တော်သို့ချီတက်လာပါတော့မည်"
ထိုစာကို
"ဟဲကျင်း"(He Jin) က လက်အောက်ငယ်သားတို့ကို ပြလေသည်။
ထိုအခါ ဝန်ကြီး
"ကျန်းထိုင်"(Zheng Tai) က
"သူက
ကြမ်းကြုတ်တဲ့သတ္တဝါပဲ၊ အဲ့သူလာရင် တခြားလူတွေကို ဒုက္ခရောက်စေလိမ့်မယ်" ဟုပြောလေသည်။
သို့သော်
"ဟဲကျင်း"(He Jin) က
"ခင်ဗျားက
သိပ်ကြောက်တတ်၊ စိုးရိမ်တတ်တယ်၊ ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။" ဟု
ခွန်းတုန့်ပြန်သည်။
"လုကျီ"(Lu
Zhi) ကလည်း
"ဒီလူကို
ကျွန်တော်သိတာ ကြာခဲ့ပြီ၊ အပြင်ပန်းက လိမ္မာချေငံနေပေမယ့် အတွင်းမှာတော့ ဝံပလွေလို ကောက်ကျစ်တဲ့
နှလုံးသားရှိတယ်၊ သူ မြို့တော်ကို ချီတက်လာရင် ပြဿနာဖြစ်ရုံကတပါး တခြားကောင်းကျိုး
မရှိုဘူး" ဟု ဆိုကာ ကန့်ကွက်သည်။
"ဟဲကျင်း"(He
Jin) သည် လက်အောက်ငယ်သားတို့ အကြံပေးသည်ကို ခေါင်းမာစွာဖြင့် လက်ခံခြင်းမပြု။ ထို့ကြောင့်
"ကျန်းထိုင်"(Zheng Tai) ၊ "လုကျီ"(Lu Zhi) နှင့် အခြားအမတ်တစ်ဝက်ကျော်နီးပါး
ရာထူးမှ နှုတ်ထွက်ကုန်လေသည်။ "ဟဲကျင်း"(He Jin) သည် ရှန်ချီရေအိုင်အနီးတွင်
စခန်းချထားသော "တုန်ကျိုး"(Dong Zhuo) အား ကြိုဆိုလေသည်။ ထိုအကြောင်းကို
ကုန်းကုန်း "ကျန်းရန်"(Zhang Reng) နှင့် အပေါင်းအပါတို့ ကြားလေလျှင်
"ငါတို့
လက်ဦးမှုအရင် မယူနိုင်ရင် "ဟဲကျင်း"(He Jin) က ငါတို့ကို သတ်ပေတော့မည်"
ဟု ဆိုလေသည်။
ထို့နောက်
ကြေးစားလူသတ်သမား အယောက်ငါးဆယ်ကို ငှားရမ်းကာ မိဖုရားစံရာ နန်းတော်အဆောင်၏ တံခါးနားဝယ်
ပုန်းခိုစေသည်။ ထို့နောက် ကုန်းကုန်းတို့သည် မိဖုရားထံ အခစားဝင်ကာ အောက်ပါအတိုင်း အသနားခံကြသည်။
"သေနာပတိကြီးသည်
လက်နက်လူသူတို့ကို စုစည်းကာ အကျွန်တော်မျိုးတို့ကို သတ်ရန် ကြံနေပါပြီ၊ ကယ်တော်မူပါ"
"ဒါဆို
မင်းတို့ ကျူးလွန်တဲ့ အမှားတွေကို သူ့ဆီသွားပြီး ဝန်ခံလိုက်လေ"
"အကယ်၍
သူ့ဆီသွားခဲ့လျှင် အကျွန်တော်မျိုးတို့အား အပိုင်းပိုင်းခုတ်သတ်မည်မှာ မလွဲဧကန်ဖြစ်သည်။
မိဖုရားကြီးက သူ့အား အမိန့်တော်ဖြင့် အခစားဝင်စေပြီး ဖြောင်းဖျမှသာ ကျွန်တော်မျိုးတို့
ချမ်းသာရာ ရပါမည်။ ထိုသို့မဟုတ်မူကား မိဖုရား၏ ရှေ့တော်မှောက်ဝယ် သေရုံမှ တပါး အခြားမရှိ"
ထိုအခါ
"ဟဲ"(He) မိဖုရားသည် "ဟဲကျင်း"(He Jin) အား အခစားဝင်ရန် စာချွန်တော်ပို့စေသည်။
"ဟဲကျင်း"(He Jin) လည်း နန်းတော်သို့သွားမည်ပြုရာ အကြံပေး "ချန်လင်း"(Chen
Lin) မှ
"ဒါက
ကုန်းကုန်းတွေရဲ့အကြံ ဖြစ်ဖို့ များတယ်၊ သွားဖို့ မသင့်တော်ဘူး" ဟု တားလေသည်။
"ဟဲကျင်း"(He
Jin) : "ဒါက ငါ့ညီမဖြစ်တဲ့ မိဖုရားက ခေါ်တာလေ၊ ဘာများ ဒုက္ခရောက်စရာလဲ?"
"ယွမ်ရှောက်"(Yuan
Shao) : "ကျွန်တော်တို့အကြံဟာ ပေါက်ကြားသွားပြီ၊ ဒါကြောင့် သွားမယ်ဆိုရင် တိုက်ခိုက်ဖို့ပြင်ရမယ်"
"ချောင်ချောင်း"(Cao
Cao) : "ကုန်းကုန်းတွေကို အပြင်ထွက်လာခိုင်းရမယ်"
"ဟဲကျင်း"(He
Jin) : "ငတုံးတွေ၊ ငါ့လို တိုင်းပြည်ရဲ့စစ်တပ်ကို ချုပ်ကိုင်ထားတဲ့သူကို သူတို့က
ဘာလုပ်နိုင်မှာမို့တုန်း"
"ယွမ်ရှောက်"(Yuan
Shao) : "အကယ်၍ သွားမယ်ဆိုလည်း ကာကွယ်တဲ့အနေတဲ့ ကျွန်တော်တို့ပါ လိုက်ခဲ့မယ်"
ထို့နောက်
"ယွမ်ရှောက်"(Yuan Shao) နှင့် "ချောင်ချောင်း"(Cao Cao) တပ်သား
ငါးရာစီစုဝေးကာ "ဟဲကျင်း"(He Jin) နှင့်အတူ အစောင့်အနေနှင့် လိုက်သွားလေသည်။
"ယွမ်ရှောက်"(Yuan Shao) ၏ ညီ "ယွမ်စု"(Yuan Shu) ကမူ ချပ်ဝတ်တန်ဆာတို့
ဝတ်ဆင်ကာ တပ်သားအချို့ကို ဦးဆောင်၍ နန်းတော်အပြင်ဘက်၌ စောင့်နေသည်။
"ဟဲကျင်း"(He
Jin) သည် မိဖုရားစံရာ နန်းဆောင်သို့ရောက်ခါနီးတွင် နန်းတွင်းအမှုထမ်းတို့က "ဟဲကျင်း"(He
Jin) တစ်ဦးတည်းကိုသာ ပေးဝင်သဖြင့် နောက်လိုက်ပိုလ်ပါတို့သည် ကျန်ရစ်ခဲ့လေသည်။
"ဟဲကျင်း"(He
Jin) သည် နန်းဆောင်ထဲသို့ ဝင်ရာ အပေါက်ဝအရောက်ဝယ် ကုန်းကုန်း "ကျန်းရန်"(Zhang
Rang) ၊ "တွမ်ကွေး"(Duan Gui) နှင့် အခြားသူတို့ ဝန်းရံခြင်းကို ခံလိုက်ရသည်။
ထို့နောက် "ကျန်းရန်"(Zhang Rang) မှ
" တုန်း(Dong)
မိဖုရားဟာ ဘာအပြစ်ရှိလို့ သတ်စေခဲ့တာတုန်း? နောက်ပြီး နိုင်ငံ့မိခင်ဖြစ်တဲ့ သူ့ ဈာပနအခမ်းအနားကိုလည်း
ခင်ဗျားမလာခဲ့ဘူး၊ မင်းအခုရှိနေတဲ့ အဆင့်အတန်းဆိုတာ ငါတို့ ကျေးဇူးအများကြီးပါတယ်၊
ဒါတောင် မင်းက ငါတို့ကို လုပ်ကြံချင်တယ်၊ ဘယ်သူက မှန်ပြီး ဘယ်သူက မှားတယ်လို့ မင်းထင်လဲ?"
ဟု ပြောလေသည်။
ထိုအခါ
"ဟဲကျင်း"(He Jin) သည် ပြေးရန်ကြံသော်လည်း တံခါးများအားလုံး ပိတ်ထားခဲ့ချေပြီ။
ထို့နောက် လူသတ်သမားတို့ ပေါ်လာကာ "ဟဲကျင်း"(He Jin) ကို သတ်လိုက်လေသည်။
"ယွမ်ရှောက်"(Yuan
Shao) နှင့် "ချောင်ချောင်း"(Cao Cao) တို့သည် အချိန်အတန်ကြာစောင့်နေခဲ့သော်လည်း
"ဟဲကျင်း"(He Jin) ကား ပေါ်မလာ။ သို့နှင့် "ဟဲကျင်း"(He Jin) ကို
အပြင်မှ လှမ်းခေါ်ကြသည်။ ထိုအခါ နံရံ၏ တစ်ဖက်မှ စောင့်နေသောသူတို့အနီး အရာဝတ္ထုတစ်ခု
ကျလာသည်။ ထိုအရာကား "ဟဲကျင်း"(He Jin) ၏ခေါင်း ဖြစ်နေသည်။ ထို့နောက်
"ဟဲကျင်း(He Jin) သည် ပုန်ကန်ရန်ကြံစည်သောကြောင့် သေဒဏ်ပေးလိုက်ခြင်းဖြစ်သည်၊
သူ၏ ကြံရာပါများကိုမူ အပြစ်မှ လွတ်ငြိမ်းခွင့်ပေးမည်" ဆိုသော အမိန့်ကို ထုတ်ပြန်လိုက်သည်။
ထိုအခါ
"ယွမ်ရှောက်"(Yuan Shao) သည်
"သေနာပတိကြီးကို
ကုန်းကုန်းတွေက လုပ်ကြံလိုက်တာ၊ ငါနဲ့အတူလိုက်ပြီး လက်တုန့်ပြန်ချင်သူတွေ ငါ့နောက်
လိုက်ခဲ့ကြ" ဟု အော်လိုက်သည်။
ထိုအခါ
"ဟဲကျင်း"(He Jin) ၏ စစ်သူကြီးတစ်ဦးဖြစ်ခဲ့သော "ဝူခွမ်း"(Wu
Kuang) သည် ဂိတ်ကို မီးရှို့လေသည်။ "ယွမ်စု"(Yuan Shu) သည်လည်း စစ်သည်တို့ကို
ဦးဆောင်ကာ အသက်အရွယ်၊ ရာထူးမရွေးပဲ နန်းတော်ရှိ ကုန်းကုန်းတို့ကို သုတ်သင်လေသည်။ "ယွမ်ရှောက်"(Yuan Shao) နှင့်
"ချောင်ချောင်း"(Cao Cao) တို့သည် နန်းတော်၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်သွားသည်။
ကုန်းကုန်းလေးဦးဖြစ်သော "ကျောက်ကျုံး"(Zhao Zhong) ၊ "ချန်ခွမ်း"(Cheng
Kuang) ၊ "ရှယွင်"(Xia Yun) နှင့် "ကော်ရှန်း"(Guo Sheng) တို့သည်
ထွက်ပြေးသော်လည်း အဖမ်းခံရပြီးနောက် အသတ်ခံရလေသည်။ ရှို့မီးတို့သည် တစ်စထက်တစ်စကြီးလာကာ
အဆောက်အအုံတို့ကိုပါ မီးစွဲလေသည်။
ကုန်းကုန်းဆယ်ဦးထဲမှ
အခြား လေးဦးဖြစ်သော "ကျန်းရန်"(Zhang Rang) ၊ "တွမ်ကွေး"(Duan
Gui) ၊ "ချောင်ကျဲ"(Cao Jie) နှင့် "ဟိုလန်"(Ho Lan) တို့ကမူ မိဖုရား၊
"ပျန်း"(Bian) ဘုရင်နှင့် ချန်လျူ မင်းသားတို့ကို ခေါ်ကာ မြောက်နန်းဆောင်သို့ပြေးလေသည်။
ရာထူးမှ အနားယူခဲ့သော
"လူကျီ"(Lu Zhi) သည် နန်းတွင်း၌ ပဋ္ဋိပက္ခဖြစ်သည်ကို ကြားလေလျှင် ချပ်ဝတ်တန်ဆာဝတ်၊
လှံကိုကိုင်ပြီး တိုက်ရန် ပြင်လေသည်။ ထို့နောက် "တွမ်ကွေး"(Duan Gui) က မိဖုရားကို
ခေါ်ပြီး ပြေးရန်ကြံသည်ကို တွေ့လေလျှင်
"သစ္စာဖောက်၊
မင်း ဘာကြောင့် မိဖုရားကို ဆွဲခေါ်ရတာလဲ" ဟုဆိုရာ ကုန်းကုန်းလည်း ပြေးလေသည်။
ထို့နောက်
"လုကျီ"(Lu Zhi) သည် မိဖုရားကို လုံခြုံရာအရပ်သို့ ခေါ်သွားခဲ့သည်။
စစ်သူကြီး
"ဝူခွမ်း"(Wu Kuang) သည် တစ်နေရာအရောက်တွင် ဓားကိုင်ထားသော "ဟဲမြောင်"(He
Miao) ကို တွေ့လေရာ
"ကိုယ့်အစ်ကိုကို
ပြန်လုပ်ကြံတဲ့ကောင်၊ မင်းလည်း တခြားသူတွေနဲ့ အတူသေစေ့မယ်" ဟုပြောကာ သတ်ရန် ဟန်ပြင်သည်။
"ဝူခွမ်း"(Wu
Kuang) အပြင် အခြားသူတို့လည်း ဝန်းရံကာ သတ်သဖြင့် "ဟဲမြောင်"(He Miao) သေလေသည်။
"ယွမ်စု"(Yuan Shu) သည် ကုန်းကုန်းတို့၏ မိသားစုဝင်များကိုပါ တစ်ယောက်မချန်သတ်လေရာ
များစွာသော သူတို့ သေကြလေသည်။
"ချောင်ချောင်း"(Cao
Cao) မှာမူ မီးတို့ကို လိုက်ငြိမ်းသတ်နေသည်။ ထို့နောက် "ဟဲ"(He) မိဖုရားကို
စီမံခန့်ခွဲစေရန် တောင်းပန်ပြီးသော် မင်းသားနှင့် ဘုရင်တို့ကို ခေါ်သွားသော ကုန်းကုန်း
"ကျန်းရန်"(Zhang Rang) နောက်သို့ လိုက်ရန်လူလွှတ်စေသည်။ ထိုအချိန်ဝယ်
"ကျန်းရန်"(Zhang Rang) နှင့် "တွမ်ကွေး"(Duan Gui) တို့သည် ဘုရင်နှင့်
မင်းသားကို ခေါ်ကာ ပေမန်တောင်ကုန်းရောက်သည်အထိ မရပ်မနား ခရီးနှင်လေသည်။ အချိန်ကား သုံးချက်တီးခန့်ရှိပြီဖြစ်သည်။
ထိုအခိုက် သူတို့နောက်မှ အသံများ ကြားလေရာ ဟဲနန်မှ တပ်မှူး "မင်ကုံး"(Min
Gong) ဖြစ်နေသည်။ "ကျန်းရန်"(Zhang Rang) သည် ပြေးပေါက်ပိတ်ကာ အနီးရှိ မြစ်ထဲသို့ခုန်ချ၍
ထိုမြစ်၌ပင် ရေနစ်သေလေသည်။
ကလေးနှစ်ဦးတို့သည်
ဘာဖြစ်လို့ဖြစ်မှန်းပင်မသိ၊ ကြောက်အားလန့်အားနှင့် မြစ်အနီးရှိ မြက်ပင်ရှည်တို့တွင်
နေကာ ပုန်းနေ၏ ။ စစ်သားတို့သည် ဘုရင်နှင့် မင်းသားကို ရှာပါသော်လည်း မတွေ့။ ထိုကလေးနှစ်ဦးတို့သည်
လေးချက်တီးတိုင်အောင် ထိုနေရာ၌ပင် ပုန်းအောင်းနေသဖြင့် နှင်းရည်တို့စိုစွတ်ပြီး ဗိုက်ဆာလောင်နေခဲ့ပြီ။
သူတို့နှစ်ဦးသည် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကာ လာခေါ်မည့်သူကို စောင့်မျှော်နေလေသည်။
အတန်ကြာသော်
မင်းသား"ရှန်"(Xian) က
"ဒီလိုနေရင်တော့
မဖြစ်သေးဘူး၊ အပြင်ထွက်မှဖြစ်မယ်" ဟုဆိုလေသည်။
သို့နှင့်၎င်းတို့နှစ်ဦးသည်
တစ်ဦးနှင့်တစ်ဦးမကွဲစေရန် အင်္ကျီစအချင်းချင်း ချီကာ မြစ်ကမ်းဘေးမှ တက်လာခဲ့သည်။ ညမှောင်မှောင်၌
ချုံနွယ်ပိတ်ပေါင်းကြားဝယ် သွားပါသော်လည်း ဘာမှမမြင်ရချေ။ ဤသို့မျှော်လင့်ချက်မဲ့နေချိန်တွင်
ထောင်သောင်းမကရှိသော ပိုးစုန်းကြူးတို့သည် ဧကရာဇ်အရှေ့၌ ပေါ်လာလေသည်။ မင်းသား"ရှန်"(Xian)
က
"ဒါ
ကောင်းကင်ဘုံက ကူညီလိုက်တာပဲ" ဟု ဆိုလေသည်။
ကလေးနှစ်ဦးတို့သည်
ပိုးစုန်းကြူးတို့နောက် လိုက်ရင်း လူသွားလမ်းမပေါ် ရောက်သွားလေသည်။ ခြေများညောင်းကိုက်ကာ
ထပ်မလျှောက်နိုင်လောက်သည်အထိ လမ်းလျှောက်ခဲ့ပြီးနောက် လမ်းဘေးတွင် ကောက်ရိုးပုံတွေ့လေရာ
သူငယ်နှစ်ဦးတို့သည် ထိုကောက်ရိုးပုံ၌ပင် တိုးဝှေ့ကာ အိပ်ရလေသည်။
ထိုကောက်ရိုးပုံမှာ
ထိုအနီးရှိ လယ်ကွက်တွင်ရှိသော လယ်သမားပိုင်သည့်ကောက်ရိုးဖြစ်သည်။ လယ်သမားကြီးသည် အိပ်နေစဉ်
အိပ်မက်ထဲ၌ တောက်ပသော နေလုံးကြီးနှစ်ခုသည် သူ့အိမ်ပေါ်ကျလာသည်ဟု မြင်မက်လေသည်။ ထိုအိပ်မက်ကြောင့်
နိုးထလာရာ အပြင်သို့ထွက်ပြီး ကြည့်လေသော် ကောက်ရိုးပုံအနီးတွင် တောက်ပသောအလင်းရောင်ကို
မြင်လိုက်၍ သွားလေရာ ကလေးနှစ်ဦးကို မြင်လေသည်။ ထိုအခါ လယ်သမားက
"သူငယ်တို့၊
ဘယ်အိမ်ကလဲ" ဟု မေးလေရာ ဘုရင်သည် စကားပင်မပြောနိုင်၊ ကြောက်လွန်း၍တုန်လှုပ်နေခဲ့သည်။
ထိုအခါ မင်းသားက
"ဤသူသည်ကား
တိုင်းပြည်၏ ဘုရင်ပင်ဖြစ်ပြီး ကျွန်တော်သည် သူ့ညီ ချန်လျူမင်းသား ဖြစ်ပါတယ်" ဟု
ဖြေလေသည်။
ထိုအခါ လယ်သမားက
အရိုအသေပြုပြီး
"ကျွန်တော်မျိုးနာမည်က
"စွေလျဲ"(Sui Lie) ဖြစ်ပါတယ်။ ကျွန်တော့်အစ်ကို "စွေရီ"(Sui
Yi) က အရင်က အတွင်းဝန်အဖြစ်အမှုထမ်းခဲ့ပါတယ်။ ဒါပေမယ့် ကုန်းကုန်းတွေကို မုန်းတဲ့အတွက်
ရာထိုးကနှုတ်ထွက်ပြီး ဇာတ်မြှုပ်နေရခြင်း ဖြစ်တယ်" ဟု ပြောလေသည်။
ထို့နောက်
လယ်သမားသည် ကလေးနှစ်ယောက်ကို လယ်ထဲသို့ခေါ်သွားပြီး အစာရေစာ ကျွေးမွေးဧည့်ခံလေသည်။
ထိုအချိန်တွင်
"မင်ကုံး"(Min Gong) သည် "တွမ်ကွေး"(Duan Gui) ကို လိုက်ဖမ်းပြီး
ဖမ်းမိသော်
"ဘုရင်
ဘယ်မှာလဲ" ဟု မေးရာ
"တွမ်ကွေး"(Duan
Gui) က "သူပျောက်သွားတယ်၊ မသိဘူး" ဟု ပြန်ဖြေလေသည်။ "မင်ကုံး"(Min
Gong) သည် "တွမ်ကွေး"(Duan Gui) ကို သတ်ကာ ခေါင်းကို မြင်းလည်ပင်းတွင်ချိတ်ဆွဲလိုက်သည်။
ထို့နောက် စစ်သားတို့ကို စေလွှတ်ကာ နေရာအနှံ့လိုက်ရှာစေသည်။ သူကိုယ်တိုင်လည်း လိုက်ရှာရာ
ဘုရင်နှင့် မင်းသားတို့ရှိရာ လယ်ကွက်အနီး ရောက်လာလေသည်။ "စွေလျဲ"(Sui
Lie) သည် မြင်းပေါ်မှ ခေါင်းကိုမြင်သော် မေးခွန်းအတန်ငယ်မေးပြီး ကျေနပ်သောအခါမှ
"မင်ကုံး"(Min Gong) ကို ဘုရင်နှင့် ပေးတွေ့လေသည်။ ထိုအခါ "မင်ကုံး"(Min
Gong) က
"တိုင်းပြည်က
အုပ်ချုပ်သူမရှိလို့ မဖြစ်ဘူး။ ဒါကြောင့် အရှင်မင်းကြီး နန်းတော်ကိုအမြန်ပြန်မှဖြစ်မယ်"
ဟု ဆိုလေသည်။
ထို့နောက်
"မင်ကုံး"(Min Gong) သည် ဘုရင်နှင့် မင်းသားကို ဆောင်ကြဉ်းသွားလေသည်။ လယ်ကွက်မှ
တစ်မိုင်ခန့်သွားပြီးသော် ခေါင်းဆောင်များနှင့် စစ်သားရာချီရှိသည့် တပ်ကို တွေ့လိုက်လေသည်။
ထိုတပ်တို့ကို ဦးဆောင်လာကြသူတို့ကား အတွင်းဝန် "ဝမ်ယွင်"(Wang Yun) ၊ စစ်သူကြီး
"ရန်ပြောင်"(Yang Biao) ၊ လက်ဝဲတပ်စစ်သူကြီး "ချွန်းယွီချုံး"(Chungyu
Qiong) ၊ လက်ယာတပ်စစ်သူကြီး "ကျောက်မန်"(Zhao Meng) ၊ အနောက်ဘက်တပ်စစ်သူကြီး
"ပေါက်ရှင်း"(Bao Xin) နှင့် အလယ်တပ်စစ်သူကြီး "ယွမ်ရှောက်"(Yuan
Shao) တို့ ဖြစ်သည်။ ထိုသူတို့သည် ဘုရင်နှင့် မင်းသားကို မြင်လျှင် မျက်ရည်ကျမတတ် ဝမ်းပန်းတသာ
ကြိုဆိုလေသည်။
ထို့နောက်
ကုန်းကုန်း "တွမ်ကွေး"(Duan Gui) ၏ ခေါင်းကို လူတစ်ဦးအားအရင်ယူသွားစေပြီး
မြို့တော်တွင် ပြထားစေသည်။
ဘုရင်နှင့်
မင်းသားတို့ကို မြင်းကောင်းကောင်းပေါ်တင်ပေးကြကာ မြို့တော် လော့ရန်သို့ ခရီးဆက်ကြလေသည်။
လမ်းခရီး
ဆက်၍ မကြာမီပင် နေလုံးကိုတိမ်ဖုံးထားသောအလံတို့ကို ကိုင်ဆောင်ထားသော စစ်တပ်ကြီးကို
တွေ့လိုက်ရာ အမတ်တို့သည် သရဲတွေ့သည့်အလား မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်သွား၏ ။ ဘုရင်လည်း
လန့်သွားလေသည်။ "ယွမ်ရှောက်"(Yuan Shao) မှ ရှေ့သို့သွားပြီး
"ဘယ်သူလဲ"
ဟု မေးလိုက်သည်။
ထိုအခါမှ
ထိုတပ်ထဲမှ ခေါင်းဆောင်ထွက်လာပြီး
"ဒီထဲမှာ
ဘုရင်ရှိလား" ဟု မေး၏ ။
ဘုရင်သည်
စကားတုန့်ပြန်ရန်ကြောက်နေချေရာ ချန်လျူမင်းသားက ရှေ့သို့ထွက်ပြီး
"သင်
ဘယ်သူလဲ" ဟု မေးလေသည်။
ထိုအခါမှ
ထိုသူက
"ကျွန်တော်က
ရှီကျိုးပြည်နယ်အုပ်ချုပ်တဲ့ "တုန်ကျိုး"(Dong Zhuo) ပါ" ဟု ပြောလေသည်။
"ရှန်"(Xian)
မင်းသား : "ဘုရင့်ကို ကာကွယ်ဖို့လာတာလား၊ အန္တရာယ်ပေးဖို့လာတာလား?"
"တုန်ကျိုး"(Dong
Zhuo) : "ကာကွယ်ဖို့လာတာပါ"
"ရှန်"(Xian)
မင်းသား : "ဒါဆို ဘုရင်က မျက်စိရှေ့မှောက်မှာ ရှိနေတာကို ဘာဖြစ်လို့ အရိုအသေမပေးရတာတုန်း?"
ထိုအခါမှ
"တုန်ကျိုး"(Dong Zhuo) သည် မြင်းပေါ်မှ အလျှင်အမြန်ဆင်းကာ အရိုအသေပြုလေသည်။
ထိုအချိန်မှသာ "ရှန်"(Xian) မင်းသား က တလေးတစားဆက်ဆံလေသည်။ "ရှန်"(Xian)
မင်းသား ၏ သွက်လက်မှု၊ အရည်အချင်းကို မြင်လေလျှင် "တုန်ကျိုး"(Dong Zhuo)
၏ စိတ်ဝယ် ဘုရင်ထက် မင်းသားကို ဦးစားပေးချင်လာခဲ့သည်။
ထိုရက်တွင်ပင်
နန်းတော်သို့ ပြန်ရောက်ပြီး မိဖုရားကြီးနှင့် တွေ့လေသည်။
အရှုပ်အထွေးများပြီးသွားသော်လည်း
ပဋ္ဋိပက္ခများကြားဝယ် ရှေးမင်းစဉ်မင်းဆက်က လက်ဆင့်ကမ်းခဲ့သည့် ဘုရင့်တံဆိပ်တုံးပျောက်သွားခဲ့သည်။
"တုန်ကျိုး"(Dong
Zhuo) သည် သူ၏ တပ်တို့နှင့်အတူ အရံအတားမရှိ၊ မြို့တော်၌ စခန်းချလေသည်။ စစ်သားများစွာတို့
သွားသွားလာလာဖြစ်နေသည်ကို မြင်ရသော ပြည်သူတို့၏ စိတ်ဝယ် စိုးရိမ်ကြောင့်ကြလျက်ရှိသည်။
သို့သော်လည်း "တုန်ကျိုး"(Dong Zhuo) သည် ဂရုမစိုက်၊ နန်းတော်ထဲသို့ ဝင်သွား၊
ထွက်လာနှင့် လုပ်နေခဲ့သည်။
ထို့ကြောင့်
အနောက်ပိုင်းတပ်စစ်သူကြီး "ပေါက်ရှင်း"(Bao Xin) က "တုန်ကျိုး"(Dong
Zhuo) ၏ အပြုအမူတို့ကို "ယွမ်ရှောက်"(Yuan Shao) အား
"ဒီလူက
တစ်ခုခု အကြံထုတ်နေတာဖြစ်မယ်၊ မြို့တော်က နှင်မှ ဖြစ်မယ်" ဟု ပြောလေသည်။
"အစိုးရအဖွဲ့တွေပြန်
တည်ငြိမ်သွားတဲ့အထိ ခဏစောင့်ပါဦး" ဟု "ယွမ်ရှောက်"(Yuan Shao) က ပြန်ပြောသည်။
သို့နှင့်
"ပေါက်ရှင်း"(Bao Xin) က ထိုအကြောင်းကို အတွင်းဝန် "ဝမ်ယွင်"(Wang
Yun) ကို ပြောရာ "နောက်မှ ဆွေးနွေးကြရအောင်" ဟူသည့်အဖြေသာ ရလေသည်။
ထိုအခါ
"ပေါက်ရှင်း"(Bao Xin) သည် ရာထူးမှထွက်ကာ မြို့တော်မှ ခွာပြီး ထိုင်ရှန်းတောင်တွင်
သွားနေထိုင်လေသည်။
"တုန်ကျိုး"(Dong
Zhuo) သည် "ဟဲကျင်း"(He Jin) နှင့် "ဟဲမြောင်"(He Miao) တို့အောက်ဝယ်
အမှုထမ်းခဲ့သော် စစ်သည်တို့ကို သူ့လက်အောက်ဝင်ရန် သိမ်းသွင်းခဲ့သည်။ ထို့နောက် သူ့အကြံပေးဖြစ်သော
"လီရု"(Li Ru) အား ဘုရင်ကို နန်းချပြီး ချန်လျူမင်းသားကို နန်းတင်ရန်အကြံကို
တိုင်ပင်သည်။
"လီရု"(Li
Ru) : "ခုလက်ရှိအစိုးရဟာ ခေါင်းပြတ်နေသလိုပဲ ဦးဆောင်မဲ့သူမဲ့နေတယ်၊ ဒါကြောင့်
ဒီအကြံ သင့်တော်တယ်။ နက်ဖြန်ကျရင် အမတ်တွေကို ဝမ်မင်ဥယျာဉ်တော်မှာ စုဝေးစေပြီး ဒီကိစ္စကို
ပြောပါ။ မနာခံရင် သတ်ပစ်ပါ။ ဒါဆို အကြံအောင်မှာပါ"
သို့နှင့်
နောက်ရက်တွင် "တုန်ကျိုး"(Dong Zhuo) သည် စားပွဲသောက်ပွဲတည်ခင်းကာ အမတ်တို့ကို
ဖိတ်ကြားစေသည်။ အရာရှိအရာခံတို့လည်း "တုန်ကျိုး"(Dong Zhuo) ကို ကြောက်သဖြင့်
လာရလေသည်။ စားပွဲသောက်ပွဲဝယ် "တုန်ကျိုး"(Dong Zhuo) သည် ဓားကိုကိုင်ဆောင်ထားသည်။
အရက်ဝိုင်တို့ကို ဧည့်သည်တို့ကို တည်ခင်း ကျွေးမွေးပြီး ဂီတတို့ဖြင့် ဖျော်ဖြေစေသည်။
ထို့နောက် "တုန်ကျိုး"(Dong Zhuo) က ဂီတကို ခေတ္တရပ်နားစေကာ
"ကျုပ်
ပြောစရာရှိပါတယ်၊ အားလုံးပဲ နားထောင်ကြပါ" ဟု ဆိုလေသည်။
ဥယျာဉ်အတွင်းရှိ
လူအားလုံးသည် သူပြောမည့်စကားကို အာရုံစိုက်စွာ နားထောင်နေသည်။
ထိုအခါမှ
"တုန်ကျိုး"(Dong Zhuo) က
"ဘုရင်ဆိုတာ
အကုန်လုံးရဲ့သခင်ပဲ။ အကယ်၍ သူဟာ လေးစားစရာ၊ အားကိုးစရာမကောင်းဘူးဆိုရင် ရှေးဘုရင်မင်းမြတ်တွေရဲ့အရိုက်အရာကို
ဆက်ခံဖို့ မသင့်လျော်ပေဘူး၊ အခုလက်ရှိဘုရင်ဟာလည်း ပျော့ညံ့တဲ့သူဖြစ်တယ်။ အရည်အချင်းအရာမှာ
ချန်လျူမင်းသားကို မမှီဘူး။ ဒါကြောင့် ဘုရင်ကို ရာထူးက အနားယူစေပြီး ချန်လျူမင်းသားကို
နန်းတင်စေမယ်၊ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ?" ဟု မေးလေသည်။
အသံများသည်
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားကြသည်။ "တုန်ကျိုး"(Dong Zhuo) ကို
ဆန့်ကျင်ကာ အတိုက်အခံလုပ်ပြီး ပြောမည့်သူ ထွက်မလာ။ သို့သော် ခဏအကြာတွင် လူတစ်ဦးသည်
မတ်တပ်ရပ်ကာ စားပွဲကို မှောက်လိုက်ပြီး အသံကျယ်ကြီးနှင့် စကားပြောလိုက်လေသည်။
"မဖြစ်ဘူး၊
မဖြစ်ဘူး။ ခင်ဗျားက ဘာမို့လို့ ဒီစကားပြောထွက်တာလဲ။ လက်ရှိဘုရင်ဟာ အရင်ဘုရင်ရဲ့သားတော်ပဲ၊
နောက်ပြီးဘာအပြစ်မှလည်း မလုပ်ခဲ့သေးဘူး။ အဲ့ဒါကို ဘာလို့များနန်းချရမှာတုန်း။ ခင်ဗျားက
ပုန်ကန်ဖို့ ကြံနေတာလား"
ဤစကားကို
ပြောလိုက်သူမှာ ဘင်ကျိုးပြည်နယ်ကို အုပ်ချုပ်သူ "တင်းယွမ်"(Ding Yuan) ဖြစ်သည်။
"တုန်ကျိုး"(Dong
Zhuo) သည် "တင်းယွမ်"(Ding Yuan) ကို စေ့စေ့ကြည့်ပြီး
"ကျုပ်နောက်လိုက်မဲ့သူတွေဟာ
အသက်ချမ်းသာရာရမှာဖြစ်ပြီး ကျုပ်စကားကို မနာခံရင်သေမှာဖြစ်တယ်" ဟု ပြောလိုက်သည်။
"တုန်ကျိုး"(Dong
Zhuo) သည် ဓားကိုဆွဲထုတ်လိုက်ပြီး "တင်းယွမ်"(Ding Yuan) ကို ထိုးရန် ပြင်သည်။
သို့သော် အကြံပေး "လီရု"(Li Ru) သည် "တင်းယွမ်"(Ding Yuan) နောက်တွင်
ရပ်နေသော အန္တရာယ်ရှိပုံပေါ်သည့် "တင်းယွမ်"(Ding Yuan) ၏ နောက်လိုက်ကို တွေ့လိုက်သည်။
ထိုသူသည် ပုဆိန်ပုံစံအသွားပါသော လှံပုံစံလက်နက်တစ်မျိုးကို ကိုင်ဆောင်ထားပြီး ဒေါသထွက်နေသော
မျက်လုံးများနှင့် စူးစိုက်ကြည့်နေလေသည်။
သို့နှင့်
"လီရု"(Li Ru) က
"ဒီဟာက
စားသောက်ပွဲပါ။ တိုင်းရေးပြည်ရေးဆိုတာ နောက်မှ၊ မနက်ဖြန်မှ ဆွေးနွေးလို့ရတယ်။"
ဟု ဝင်ပြောကာ ဖျန်ဖြေလေသည်။
အခြားသောသူတို့ကလည်း
"တင်းယွမ်"(Ding Yuan) ကို စိတ်ပြေအောင်ချော့မော့ပြီး ထွက်သွားစေသည်။
ထိုအခါ
"တုန်ကျိုး"(Dong Zhuo) သည်
"ကျွန်တော်
ခုနက ပြောတာ မမှန်ဘူးလား" ဟု မေးလေသည်။
ထိုအခါ
"လုကျီ"(Lu Zhi) က
"ရှန်မင်းဆက်ခေတ်တုန်းက
ဧကရာဇ်"ထိုင်ကျား"(Tai Jia) က အရည်အချင်းညံ့ဖျင်းခဲ့တဲ့အတွက် ဝန်ကြီး
"ရီရင်"(Yin Yin) ဟာ ဘုရင်ကို ရာထူးဖြုတ်ပြီး ထုံနန်းတော်မှာထားစေပြီး ဘုရင်က
ကိုယ့်ကိုယ်ကို ပြန်ပြင်တော့မှ ရာထူးပြန်ပေးခဲ့တယ်။ ဒီဟန်ခေတ်မှာလည်း ရှေးက ဘုရင်ဖြစ်တဲ့
ချန်ရီ(Changyi) ဟာ နန်းတက်ပြီးနှစ်ဆယ့်ခုနှစ်ရက်အတွင်းမှာ အမှားတွေအများကြီးလုပ်ခဲ့တဲ့အတွက်
စစ်သူကြီး "ဟော်ကွမ်း"(Huo Guang) ဟာ ဘုရင်ကို ရာထူးချစေခဲ့တယ်။ ရှေးခေတ်က
ဒီလိုမျိုး သာဓကတွေရှိခဲ့တယ်။ အခုလက်ရှိဘုရင်ဟာ ငယ်ရွယ်ပေမယ့် သနားကြင်နာတတ်ပြီး ပြည်သူကိုချစ်ပြီးတော့
အရည်အချင်းလည်းရှိပါတယ်။ ဘုရင်ဖြစ်ပြီးနောက်ပိုင်း အမှားလည်း မလုပ်ခဲ့ပါဘူး။ အသင်ဟာ
ရှေ့တန်းတပ်ရဲ့စစ်သူကြီးဖြစ်ပြီး အုပ်ချုပ်မှုဆိုင်ရာကို တာဝန်ယူရတဲ့ မှူးကြီးမတ်ရာ မဟုတ်ဘူး၊
ဒါ့အပြင် အုပ်ချုပ်ရေးအပိုင်းမှာလည်း အတွေ့အကြုံမရှိခဲ့ဖူးဘူး။ ရှေးခေတ်က "ရီရင်"(Yin
Yin) နဲ့ "ဟော်ကွမ်း"(Huo Guang) လို လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဆိုရိုးစကားတစ်ခွန်းရှိပါတယ်.... "ရီရင်"(Yin Yin) လို လူမျိုးသာလျှင်
"ရီရင်"(Yin Yin) လို လုပ်နိုင်မှာဖြစ်တယ်၊ ဒါကို အခြားသူက တုပပြီးလုပ်ရင်
ပုန်ကန်တာနဲ့ မခြားပါဘူး"
ဟု ပြောလေသည်။
"တုန်ကျိုး"(Dong
Zhuo) သည် ဒေါသထွက်ကာ ဓားကိုဆွဲပြီး "လုကျီ"(Lu Zhi) ကို ခုတ်ရန်ပြင်သည်။
သို့သော် ဝန်ကြီး "ချိုင်ယုံ"(Cai Yong) နှင့် "ဖန်ဘို"(Peng
Bo) တို့က
"ဝန်ကြီး
"လုကျီ"(Lu Zhi) ဟာ တိုင်းပြည်ကို လမ်းပြခေါင်းဆောင်နေသူ ဖြစ်ပါတယ်၊ ဒါကြောင့်
သူ့ကိုသတ်လိုက်ရင် တစ်နိုင်ငံလုံးကလူတွေဟာ မကျေမနပ်ဖြစ်ကြမှာပါ" ဟု ပြောကာ တားမြစ်ခဲ့လေသည်။
ထို့နောက်
"ဝမ်ယွင်"(Wang Yun) က
"ဒီလိုမျိုးကိစ္စကြီးတွေကို
စားသောက်ပွဲမှာ ဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်တစ်ခါမှ တိုင်ပင်ကြရအောင်"
ဟု ဆိုသည်။
သို့နှင့်
လာကြသော ဧည့်သည်တို့သည်လည်း အလျှိုလျှိုပင် ပြန်ကြကုန်သည်။
"တုန်ကျိုး"(Dong
Zhuo) သည် ဧည့်သည်တို့ကို ဂိတ်အပေါက်ထိ လိုက်ပို့ပြီး ရပ်နေစဉ် ချပ်ဝတ်တန်ဆာဝတ်ကာ လှံလက်နက်တစ်မျိုးကို
ကိုင်ဆောင်ထားသည့်သူတစ်ဦးသည် မြင်းစီးကာ သွားသွားလာလာပြုနေသည်ကို တွေ့လိုက်သည်။ သို့နှင့်
"လီရု"(Li Ru) အား ထိုသူဘယ်သူနည်းဟု မေးသည်။ "လီရု"(Li Ru) က
"သူက
"လွီပု"(Lu Bu) ဖြစ်ပြီး "တင်းယွမ်"(Ding Yuan) ရဲ့ မွေးစားသားဖြစ်ပါတယ်။
အရှင်၊ သူ့ကို သတိထားရမယ်" ဟု ဆိုသည်။
နောက်တစ်ရက်တွင်
"တင်းယွမ်"(Ding Yuan) သည် စစ်တပ်အင်အားအနည်းငယ်နှင့် ချီတက်လာပြီး
"တုန်ကျိုး"(Dong Zhuo) ကို စစ်တိုက်ရန် စိန်ခေါ်သည်။ နှစ်ဖက်သော စစ်တပ်တို့
မျက်နှာချင်းဆိုင်တွေ့ကြလေသည်။
ထိုအထဲတွင်
အရှေ့ဆုံးတွင်ရှိနေသော "လွီပု"(Lu Bu) သည် အပေါ်လွင်ဆုံးဖြစ်နေသည်။ ခေါင်းစည်းကို
ရွှေရောင်ခေါင်းစည်း စည်းထားကာ ခေါင်းစည်းသည် ဇာမဏီငှက်၏ အမြီးသဏ္ဍာန်တလူလူနှင့် လွင့်နေသည်။
ထို့အပြင် ရွှေရောင်ချပ်ဝတ်တန်ဆာတို့ကို ဝတ်ထားသေးသည်။ သူသည် လှံကို ကိုင်ကာ သူ့သခင်ဖြစ်သော
"တင်းယွမ်"(Ding Yuan) အနီးတွင် ရပ်နေသည်။
ထို့နောက်
"တင်းယွမ်"(Ding Yuan) သည် ရှေ့သို့ထွက်လာပြီး "တုန်ကျိုး"(Dong
Zhuo) ကို လက်ညှိုးထိုးကာ
"အရင်က
ကုန်းကုန်းတွေ အာဏာကြီးပြီးတော့ ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့တယ်၊ အခုတော့ ခင်ဗျားက
ဘုရင်ကိုတောင် ရာထူးဖြုတ်ပြီး ဘုရင်သစ်ကို နန်းတင်မယ်ကြံတယ်။ ဒါက ပုန်ကန်မှုကြီးပဲ"
ဟု ဆိုလေသည်။
"တုန်ကျိုး"(Dong
Zhuo) စကားပြန်မပြောနိုင်မီပင် "လွီပု"(Lu Bu) က "တုန်ကျိုး"(Dong
Zhuo) ကို တိုက်လေရာ "တုန်ကျိုး"(Dong Zhuo) ထွက်ပြေးလေသည်။ "တင်းယွမ်"(Ding
Yuan) ၏ စစ်တပ်အနိုင်ရကာ "တုန်ကျိုး"(Dong Zhuo) သည် ဆယ်မိုင်ခန့်ဆုတ်ခွာပြီး
စခန်းချကာ လက်အောက်ငယ်သားတို့ကို ခေါ်၍ တိုင်ပင်သည်။
"တုန်ကျိုး"(Dong
Zhuo): "ဒီ"လွီပု"(Lu Bu) က အင်မတန်ထူးချွန်တယ်၊ "လွီပု"(Lu
Bu) သာ ငါ့ဘက်မှာ ရှိမယ်ဆိုရင် တစ်လောကလုံးကိုတောင် အာခံရဲပါရဲ့"
"လီစု"(Li
Su): "သခင်ကြီး၊ "လွီပု"(Lu Bu) နဲ့ ကျွန်တော်ဟာ တစ်ရပ်တည်းတစ်ရွာတည်းသားချင်းတွေ
ဖြစ်တဲ့အတွက် သူ့အကြောင်းကောင်းကောင်းသိပါတယ်။ သူဟာ လက်ရုံးရည်မှာ ဘက်မတူအောင်ထူးချွန်သူဖြစ်ပေမယ့်
နှလုံးရည်ညံ့ဖျင်းသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ စည်းမျဉ်းတွေဘာတွေ စောင့်ထိန်းမယ့်သူမဟုတ်ပဲ
အခွင့်သာတဲ့ဘက်ကိုလိုက်မယ့်လူစားမျိုးဖြစ်ပါတယ်၊ ကျွန်တော်မျိုးရဲ့စကားပြောစွမ်းရည်နဲ့
သူ့ကို အရှင့်ဘက်ပါလာအောင် သိမ်းသွင်းပါမယ်"
"တုန်ကျိုး"(Dong
Zhuo): "သူ့ကို ဘာကိုအသုံးချပြီး ဆွဲဆောင်မှာတုန်း"
"လီစု"(Li
Su): "သခင်ကြီးဆီမှာ မြင်းတကာ့မြင်းထဲမှာ အကောင်းဆုံးမြင်းလို့ဆိုနိုင်တဲ့
"ယုန်နီ"လို့ အမည်ရှိတဲ့ မြင်းရှိတယ်မဟုတ်လား။ အဲ့မြင်းရယ်၊ ရွှေငွေအပြင်
ပုလဲတွေကို အသုံးချရမှာပေါ့၊ ဒါဆို သူဟာ သေချာပေါက် "တင်းယွမ်"(Ding
Yuan) ကို သစ္စာဖောက်ပြီး ကျွန်တော်တို့ဘက်ပါလာမှာ ဖြစ်တယ်။"
ထိုအခါ
"တုန်ကျိုး"(Dong Zhuo) မှ သူ့အကြံပေး "လီရု"(Li Ru) ကို မေးလိုက်သည်။
"မင်းကော
ဘယ်လိုထင်လဲ"
"လီရု"(Li
Ru): "မြင်းတစ်ကောင်နဲ့ တစ်နိုင်ငံလုံးကိုရနိုင်မယ်ဆို အဲ့မြင်းကို စတေးတန်စတေးရပါမယ်"
သို့နှင့်
"လီစု"(Li Su) ကို သူတောင်းဆိုသည့်အတိုင်း ပေးပြီးလျှင် "လွီပု"(Lu
Bu) ထံသွားစေသည်။
"လီစု"(Li
Su) သည် "လွီပု"(Lu Bu) စခန်းချရာအရပ်သို့သွားပြီး အစောင့်ကို
"မင်းတို့
စစ်သူကြီး"လွီပု"(Lu Bu) ကို သူ့မိတ်ဆွေဟောင်းက လာတွေ့တယ်လို့ ပြောလိုက်ပါ"
ဟု ဆိုသည်။ "လွီပု"(Lu Bu) ထွက်လာသော်
"အစ်ကိုကြီး၊
မတွေ့တာကြာပြီ၊ ကျန်းမာလို့ သာပါစ" ဟုဆိုကာ အရိုအသေပြုလိုက်သည်။ "လွီပု"(Lu
Bu) ကလည်း အရိုအသေပြုကာ
"မတွေ့တာအတော်ကြာပြီ၊
အခုဘယ်မှာ နေပြီးဘာလုပ်နေတုန်း" ဟု ပြန်မေးလိုက်သည်။
"ကျွန်တော်က
အခုစစ်တပ်မှာ စစ်သူကြီးအနေနဲ့ အမှုထမ်းနေပါတယ်၊ နောင်ကြီးလည်း စစ်တပ်ထဲမှာဆိုတဲ့သတင်းကြားတော့
ဝမ်းသာလို့ မဆုံးဘူးဗျာ၊ အခု ကျွန်တော်က နောင်ကြီးကို မြင်းကောင်းတစ်ကောင် လက်ဆောင်လာပေးတာဗျ၊
ဒီမြင်းက တစ်ရက်ကိုမိုင်ငါးရာခရီးသွားနိုင်ပြီး မြစ်ဖြတ်ကူးတာတို့၊ တောင်တက်တာတို့ကို
မြေပြန့်မှာသွားနေတဲ့အလားသွားနိုင်တယ်၊ မြင်းနာမည်က "ယုန်နီ"လို့ ခေါ်တယ်၊
နောင်ကြီးလိုလူမျိုးနဲ့ ထိုက်တန်တဲ့မြင်းပေါ့ဗျာ"
"လွီပု"(Lu
Bu) သည် မြင်းကိုကြည့်ကာ နှစ်သက်သဖြင့်
"ဒီလိုမြင်းမျိုးကို
လက်ဆောင်လာပေးတော့ ကျွန်တော်ဘာများ လုပ်ပေးရမလဲ"
"ဘာမှ
လုပ်ပေးစရာ မလိုပါဘူး၊ ဒီလိုပဲ လက်ဆောင်အနေနဲ့ လာပေးတာပါ"
ထို့နောက်နှစ်ဦးသား
အရက်သောက်ကြလေသည်။ ပြီးနောက် "လီစု"(Li Su) မှ
"ကျွန်တော်တို့နှစ်ဦးက
အချင်းချင်းသိပ်မတွေ့ဖြစ်ပေမယ့် နောင်ကြီးရဲ့အဖေကို အမြဲတွေ့တယ်ဗျာ"
"ခင်ဗျား
မူးနေပြီ၊ ကျွန်တော့်အဖေက သေသွားတာ ကြာခဲ့ပြီလေ"
"မဟုတ်ဘူး၊
ကျွန်တော်က ခင်ဗျား မွေးစားအဖေ"တင်းယွမ်"(Ding Yuan) ကို ပြောတာ"
"အင်း၊
ကျွန်တော်က သူနဲ့အတူရှိနေခဲ့ပေမယ့် အခြေအနေအရပါ၊ နေချင်တယ်ရယ်လို့တော့ မဟုတ်ပါဘူး"
"နောင်ကြီးရဲ့အရည်အချင်းဟာ
ကောင်းကင်ထက်မြင့်ပြီး ပင်လယ်ကြီးထက်နက်ရှိုင်းပါတယ်၊ နောင်ကြီးရဲ့နာမည်ကို ကြားရင်
ဘယ်သူမှ ဦးမညွှတ်ပဲမနေရဲပါဘူး၊ အောင်မြင်ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု၊ ရာထူးဂုဏ်သိမ်ဆိုတာ
နောင်ကြီးအတွက်ပဲ၊ ဘာလို့များ သူများရဲ့လက်အောက်ခံအဖြစ်နေရမှာတုန်း"
"အင်း.....ကျွန်တော်နဲ့သင့်တော်မယ့်သခင်ရှိရင်ပေါ့လေ"
"လိမ္မာတဲ့ငှက်ဟာ
ကောင်းတဲ့သစ်ကိုင်းကိုသာ ရွေးပြီးနားတယ်၊ ဒီလိုပဲ ပညာရှိတဲ့သူဟာလည်း ထိုက်တန်တဲ့သခင်ကို
ရွေးချယ်တယ်။ အခွင့်အရေးလာရင် အဲ့အခွင့်အရေးကို လက်ဆုတ်လက်ကိုင်ထားနိုင်ရမယ်၊ အဲ့လိုမှမဟုတ်ပဲ
နောင်တရတဲ့အချိန်မှာဆို တအားနောက်ကျသွားခဲ့ပြီ"
"ခင်ဗျားလဲ
စစ်မှုထမ်းဆိုတော့ အရာရှိတွေထဲမှာ ဘယ်သူက အရဲရင့်ဆုံးလဲ"
"ကျွန်တော်ကတော့ဗျာ....."တုန်ကျိုး"(Dong
Zhuo) ကလွဲရင် တခြားလူတွေကို ရှိတယ်လို့တောင် မထင်ပါဘူး၊ သူဟာ ချီးမြောက်ထိုက်သူကို
ချီးမြောက်သူဖြစ်တယ်၊ သူဟာ သေချာပေါက်အာဏာရှိသူဖြစ်လာနိုင်တယ်"
"ကျွန်တော်
သူ့ဆီမှာ အမှုထမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူး"
ထိုအခါ
"လီစု"(Li Su) မှ ပါလာသော ရွှေငွေ၊ ပုလဲတို့ကို ထုတ်ကာပြလိုက်၍ "လွီပု"(Lu
Bu) က
"ဒါကဘာလဲ။
ဘာသဘောလဲ"
"အစောင့်တွေကို
အပြင်မှာ နေခိုင်းလိုက်ပါ"
ထို့နောက်
"လီစု"(Li Su) ကပင် ဆက်၍
"တုန်ကျိုး(Dong
Zhuo) က နောင်ကြီးရဲ့ ရဲစွမ်းသတ္တိကို လေးစားခဲ့တာကြာပြီ။ ဒီရတနာတွေက နောင်ကြီးအတွက်
သူ ပေးခိုင်းလိုက်တာပါ၊ မြင်း"ယုန်နီကလဲ သူပေးလိုက်တာပဲဗျ"
"ဒီလိုတောင်
ပေးတယ်ဆိုတော့ ကျွန်တော်ဘာများ လုပ်ပေးရမလဲ"
"ကျွန်တော့်လိုလူမျိုးတောင်
စစ်သူကြီးရာထူးအထိရောက်တယ်ဆိုတော့ နောင်ကြီးလိုလူသာဆို ရာထူးအကြီးကြီးရမှာဗျ"
"သူ့ကို
ဘာမှပြန်လုပ်ပေးနိုင်တာ မရှိလို့ စိတ်မကောင်းပါဘူး"
"နောင်ကြီး
လုပ်ပေးနိုင်တာ တစ်ခုရှိပါတယ်၊ အင်မတန်လွယ်ကူတဲ့ကိစ္စလေးပါ၊ ဒါပေမယ့် အဲ့ဒါကို နောင်ကြီး
လုပ်ချင်မှာ မဟုတ်ဘူး"
ထိုအခါ
"လွီပု"(Lu Bu) သည် အချိန်အတန်ကြာ စဉ်းစားပြီးနောက်
"ကျွန်တော်
"တင်းယွမ်"(Ding Yuan) ကို သတ်ပြီး သူ့စစ်သားတွေကို "တုန်ကျိုး"(Dong
Zhuo) ဘက်ပါအောင် လုပ်ပေးမယ်ဗျာ၊ အဲ့ဒါ ဘယ်လိုသဘောရတုန်း"
"အဲ့လိုဆိုရင်တော့
အကောင်းဆုံးပဲပေါ့၊ ဒါပေမယ့် ဒီလိုကိစ္စတွေက အချိန်မနှောင့်နှေးသင့်ဘူး"
ထို့နောက်
"လွီပု"(Lu Bu) သည် ၎င်းကို ပြုလုပ်မည်ဟု ကတိပေးလိုက်ကာ "လီစု"(Li
Su) လည်း ထွက်သွားခဲ့လေသည်။
ထိုညနှစ်ချက်တီး
အချိန်ဝယ် "လွီပု"(Lu Bu) သည် ဓားကိုကိုင်ကာ "တင်းယွမ်"(Ding
Yuan) ရှိရာ ရွက်ဖျင်တဲသို့သွားလေသော် "တင်းယွမ်"(Ding Yuan) သည် ဖယောင်းတိုင်ထွန်းတာ
စာဖတ်နေသည်ကို တွေ့လိုက်ရသည်။ "တင်းယွမ်"(Ding Yuan) က "လွီပု"(Lu
Bu) ကို မြင်လျှင်
"ငါ့သား၊
ဘာကိစ္စရှိလို့လဲ"
"ကျုပ်က
ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်ပဲ၊ ခင်ဗျားလိုလူမျိုးရဲ့သားဖြစ်ချင်တယ်လို့ မထင်နဲ့"
"ဘာလို့
ရုတ်တရတ်ပြောင်းလဲသွားရတာတုန်း"
"လွီပု"(Lu
Bu) သည် ပြန်မဖြေ၊ ဓားနှင့်ပိုင်းလိုက်ရာ "တင်းယွမ်"(Ding Yuan) ခေါင်း မြေသို့ကျလေသည်။
ထို့နောက်
"လွီပု"(Lu Bu) သည် အမှုထမ်းတို့ကိုခေါ်ကာ
"ဒီလိုဟာ
တရားမရှိတဲ့သူမို့လို့ သတ်လိုက်တာ၊ ငါ့နောက်လိုက်ချင်သူတွေနေခဲ့၊ မလိုက်ချင်သူတွေ ထွက်သွားကြ"
ဟု ပြောလေသည်။
လူအများစုထွက်ပြေးသွားကြသည်။
နောက်တစ်ရက်တွင် "လွီပု"(Lu Bu) သည် ခေါင်းပြတ်ကိုယူကာ "လီစု"(Li
Su) နှင့် သွားတွေ့သည်။ "လီစု"(Li Su) မှတစ်ဆင့် "တုန်ကျိုး"(Dong
Zhuo) နှင့် တွေ့လေရာ အရက်၊စားစရာတို့ဖြင့် ဧည့်ခံလေ၏။ ထို့နောက် "တုန်ကျိုး"(Dong
Zhuo) မှ
"ခင်ဗျား
ဒီကိုလာတာကို ပေါက်ခါစမြက်ပင်က နူးညံ့တဲ့နှင်းရည်ကျတာကို ကြိုဆိုသလိုပဲ ကြိုဆိုပါတယ်"
ဟု ပြောသည်။ ထို့နောက် "လွီပု"(Lu Bu) ကို ရွှေချပ်ဝတ်တန်ဆာနှင့် ပိုးထည်အင်္ကျ
ီတို့ကို ပေးလေသည်။
သို့နှင့်
"တုန်ကျိုး"(Dong Zhuo) ၏ ဩဇာအာဏာသည် ကြီးမားသည်ထက်ကြီးမားလာသည်။ သူ့ညီ
"တုန်းမင်"(Dong Min) ကို ဟူပြည်နယ်အုပ်ချုပ်ရေးတာဝန်ခံရာထူးနှင့် ဘယ်တောင်ပံစစ်တပ်
စစ်သူကြီးရာထူးကိုလည်းကောင်း၊ "လွီပု"(Lu Bu) ကိုမူ လော့ရန်မြို့စား၊ မြို့တော်အစောင့်တပ်မှူး၊
မြင်းတပ်စစ်သူကြီးရာထူးကိုလည်းကောင်း၊ သူကိုယ်တိုင်ကမူ အလုပ်ဆိုင်ရာဝန်ကြီး၊ စစ်သူကြီးချုပ်၊
အရှေ့ပိုင်းတပ်စစ်သူကြီး စသောရာထူးများ ရခဲ့သည်။ အကြံပေး"လီရု"(Li Ru) ကလည်း
မကြာခဏဆိုသလို ဘုရင်ကို နန်းချရန်တိုက်တွန်းသည်။
ထို့နောက်
"တုန်ကျိုး"(Dong Zhuo) သည် မှူးကြီးမတ်ရာတို့ကိုခေါ်စေကာ စားသောက်ပွဲတည်ခင်းလေသည်။
ထို့နောက် ထိုပွဲ၌ စစ်သားအနည်းငယ်ကို "လွီပု"(Lu Bu) အား ဦးဆောင်စေပြီး
အဆင်သင့်စောင့်ထားစေသည်။ မကြာခင်၌ပင် ပုံမှန်စားသောက်ပွဲတို့နှင့်မခြား၊ စားစရာတို့ကို
တည်ခင်းကျွေးမွေးလေသည်။
ထို့နောက်
"တုန်ကျိုး"(Dong Zhuo) သည် ရုတ်တရတ်ထပြီး ဓားကိုဆွဲကာ
"ကျုပ်တို့အထက်မှာရှိတဲ့
ဘုရင်ဟာ ပျော့ညံ့ပြီး သူ့တာဝန်ကို ထမ်းဆောင်နိုင်မယ့်သူမဟုတ်ဘူး၊ ဒါကြောင့်ရှေးတုန်းက
"ရီယင်"(Yi Yin) နဲ့ "ဟော်ကွမ်း"(Huo Guang) တို့လိုပဲ ကျုပ်ဟာ
ဘုရင်ကို "ဟုန်နုံ"(Hongnong) မင်းသားဆိုတဲ့ဘွဲ့ကို ပေးစေပြီး ချန်လျူမင်းသားကိုတော့
နန်းတက်စေမယ်။ ကျုပ်ကို ဆန့်ကျင်တဲ့သူတွေဟာ သေဒဏ်ပေးခံရမှာဖြစ်တယ်။"
ထိုအခါ
"ယွမ်ရှောက်"(Yuan Shao) မှ
"ဧကရာဇ်မင်းမြတ်ဟာ
ဘာအပြစ်မှ မကျူးလွန်ခဲ့ဘူး။ ဒါကို ခင်ဗျားက သူ့ကိုနန်းချမယ်ဆိုရင် တိုင်းပြည်ကို ပုန်ကန်သလိုပဲ"
ဟု ပြောလေသည်။
"တုန်ကျိုး"(Dong
Zhuo) : "တိုင်းပြည်က ငါ့လက်ထဲမှာရှိတယ်။ ငါလုပ်ချင်တဲ့အရာကို မင်းက ဆန့်ကျင်ချင်တယ်.....ငါ့ဓားကို
အသွားမရှိဘူးထင်လို့လား"
"ယွမ်ရှောက်"(Yuan
Shao) : "ခင်ဗျားဓားက ထက်ကောင်းထက်မယ်၊ ဒါပေမယ့် ကျုပ်ဓားက ဘယ်တော့မှ မတုံးဘူး"
ထိုသူနှစ်ဦးတို့သည်
အမတ်တို့ကြားဝယ် မျက်နှာချင်းဆိုင်တွေ့ကြလေသည်။
Comments