သုံးနိုင်ငံခေတ်(၁၁၃)


အခန်း(၁၁၃) "တင်းဖုန်း"(Ding Feng) မှ "စွန်းချန်"(Sun Chen) ကိုသတ်ရန်စီစဉ်ခြင်း။
"ကျန်းဝေ"(Jiang Wei) သည် "တန့်အိုက်"(Deng Ai) ကိုအနိုင်ယူရန် ဗျူဟာခင်းခြင်း။

ရန်သူတို့၏စစ်ကူများရောက်လာပါက အကျဉ်းအကြပ်ထဲပိုရောက်သွားမည်ကိုစိုးရိမ်သောကြောင့် "ကျန်းဝေ"(Jiang Wei) သည် ဆုတ်ခွာရန်ဆုံးဖြတ်လိုက်သည်။ သယ်ယူစရာရှိသည်တို့အား ခြေလျင်တပ်များကိုသယ်ယူကာ အရင်ချီတက်စေပြီး နောက်တန်းကိုကာကွယ်ရန် မြင်းတပ်တို့ကို တာဝန်ပေးထားခဲ့သည်။
ထိုအကြောင်းကို သူလျှိုတို့မှတဆင့်ကြားသိသောအခါ "တန့်အိုက်"(Deng Ai) မှ
"ကျုပ်တို့ပင်မတပ်ကြီးက မကြာခင် သူ့ကိုတိုက်လိမ့်မယ်ဆိုတာသိလို့ သူထွက်သွားတာပဲ။ သွားပါစေ၊ သူ့နောက်မလိုက်ပါနဲ့။ ကျုပ်တို့လိုက်ရင် သူတစ်ခုခုလုပ်ဖို့ကြံလိမ့်မယ်"
ကင်းထောက်တို့အားလွှတ်ပြီး ဆုတ်ခွာသွားသောတပ်ကိုစောင့်ကြည့်နေစေသည်။ မကြာမီ ထိုသူတို့ပြန်လာပြီး ဝေတပ်လိုက်လာပါက မီးရှို့ရန်  လော့တောင်ကြားတွင် သစ်ခြောက်များ၊ ကောက်ရိုးများရှိကြောင်းပြောပြသည်။ အမှုထမ်းတို့မှ "တန့်အိုက်"(Deng Ai) ၏ကြိုတင်သိမြင်နိုင်စွမ်းကို ချီးမွမ်းကြသည်။
"စစ်သူကြီးရဲ့ခန့်မှန်းမှုတွေက အံ့မခန်းပါပဲ"
"တန့်အိုက်"(Deng Ai) မှ ထိုအကြောင်းတို့ကို မြို့တော်သို့သတင်းပို့ရာ "စီးမာကျောင်း"(Sima Zhao) မှ ကျေနပ်ခဲ့ပြီး ဆုလာဘ်များထပ်မံချီးမြင့်ခဲ့သည်။

ဝူပြည်ဝန်ကြီးချုပ် "စွန်းချန်"(Sun Chen) သည် သူ့တပ်သားများနှင့်အမှုထမ်းတို့မှာ ဝေပြည်သို့ခိုလှုံသွားခြင်းအပေါ် ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် ထိုသူတို့၏မိသားစုဝင်များကို သေဒဏ်ပေးစေခဲ့သည်။ ဝူပြည်ဧကရာဇ် "စွန်းလျန့်"(Sun Liang) သည် ထိုသို့လုပ်ဆောင်မှုကို မနှစ်ခြိုက်သော်လည်း တားဆီးနိုင်စွမ်းမရှိခဲ့ပေ။
ဝူဧကရာဇ်သည် သာလွန်သောအတွေးအမြင်ရှိသူဖြစ်သည်။ တစ်ခါက ဧကရာဇ်သည်အနောက်ပန်းခြံ၌ မက်မန်းသီးသုံးဆောင်နေရာမှ မိန်းမစိုးတစ်ဦးကိုလွှတ်ပြီး ပျားရည်ယူဆောင်စေခဲ့သည်။ ထိုပျားရည်ထဲတွင် ကြွက်ချေးများကိုတွေ့သောကြောင့် ဂိုထောင်ထိန်းသိမ်းသူကိုခေါ်ပြီး သူ၏တာဝန်မဲ့မှုအပေါ် အပြစ်တင်ခဲ့သည်။
"ကျွန်တော်တို့က ဂိုထောင်တွေကိုကောင်းကောင်းထိန်းသိမ်းထားပါတယ်။ ပျားရည်က ဒီလိုဖြစ်သွားတာမျိုးမဖြစ်နိုင်ပါဘူး"
"ခုတလောမှာ ပျားရည်တောင်းတဲ့လူရှိလား"
"မိန်းမစိုးတစ်ယောက်က လာတောင်းဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးက ငြင်းလိုက်တယ်"

ဝူဧကရာဇ်မှ ထိုမိန်းမစိုးကိုခေါ်ကာ
"ခင်ဗျားက ရန်ငြိုးကြောင့် ပျားရည်ကိုဖျက်စီးလိုက်တာမဟုတ်လား" ဟုမေးသည်။ ထိုလူမှ ငြင်းဆန်ခဲ့သည်။
"ဒါစစ်ဆေးရတာလွယ်ပါတယ်။ ဒီအမှိုက်သရိုက်တွေက ပျားရည်ထဲမှာရှိနေခဲ့တာကြာပြီဆိုရင် အဲ့ဟာတွေက လုံးဝစိုစွတ်နေလိမ့်မယ်"
ထိုအတုံးထဲမှတစ်ခုကိုခွဲကြည့်စေခဲ့ရာ အတွင်းဝယ် ခြောက်သွေ့နေလေသည်။ ထိုအခါမှ မိန်းမစိုးက သူလုပ်ကြောင်းဝန်ခံခဲ့သည်။ ၎င်းကိုကြည့်ခြင်းဖြင့် ဝူဧကရာဇ်သည် ဉာဏ်ရည်ထက်ကြောင်းမြင်သာသည်။ သို့သော်လည်း သူမည်သို့ပင် ထူးချွန်ပါစေ၊ ဝန်ကြီးချုပ်၏ဆွေမျိုးများအားလုံးတို့မှာ တပ်စခန်းများ၊ စစ်တပ်များကိုအုပ်ချုပ်နေခဲ့သော်ကြောင့် ဝန်ကြီးချုပ်ကိုအာဏာကိုလွှမ်းမိုးနိုင်စွမ်းမရှိခဲ့ပေ။ ဝန်ကြီးချုပ်၏ညီလေးဦးတို့သည်လည်း ကြီးမားသည့်ရာထူးများကိုရထားသည်။ ၎င်းတို့မှာ အဝေးမှနယ်ပယ်တို့ကိုကြောက်လန့်တွန်လှုပ်စေသောစစ်သူကြီး၊ နန်းတွင်းကိုယ်ရံတော်တပ်စစ်သူကြီး "စွန်းကျွန်း"(Sun Zun)၊ အစွမ်းပကားရှိသောစစ်သူကြီး "စွန်းအန်း"(Sun En) ၊ နန်းစောင့်စစ်သူကြီး "စွန်းကန်း"(Sun Gan) နှင့် ချန်ရွှေစစ်သူကြီး "စွန်းခိုင်"(Sun Kai) တို့ဖြစ်သည်။

တစ်ရက်တွင် ဝူဧကရာဇ်သည် သူ၏ဝမ်းနည်းမှုများကိုတွေးပြီး ငိုခဲ့သည်။ ထိုအချိန်ဝယ် မိန်းမစိုးတို့ကိုကွပ်ကဲသည့်ယောက်ဖတော်မှ ဘေးနားတွင်ရှိသည်။
"စွန်းချန်(Sun Chen) က အာဏာကိုလက်ထဲမှာကိုင်ထားပြီး ကျုပ်ကတော့ အထင်သေးခံနေရတယ်။ တစ်ခုခုတော့လုပ်ရမယ်"
"ချွမ်ကျိ"(Quan Ji) မှ
"အရှင်မင်းကြီးသာ ကျွန်တော့ကိုအသုံးချမယ်ဆိုရင် အသက်ပင်စတေးရပါစေ တာဝန်ကိုပြီးမြောက်အောင်လုပ်ဆောင်ပါ့မယ်"
"ခင်ဗျားသာ နန်းတွင်းကိုယ်ရံတော်တပ်တွေကိုထိန်းနိုင်ပြီး စစ်သူကြီး လျူချန်(Liu Cheng) ကိုကူညီပြီး မြို့တံခါးကိုစောင့်ကြပ်ပေးနိုင်မယ်ဆိုရင် ကျုပ် အဲ့သူယုတ်မာကိုသွားသတ်မယ်။ ဒါပေမယ့် ဒီဟာကို ဘယ်သူ့ဆီမှ ပေါက်ကြားလို့မဖြစ်ဘူး။ အထူးသဖြင့် ခင်ဗျားအမေကို မသိစေနဲ့။ သူက စွန်းချန်(Sun Chen) ရဲ့ညီမတော်စပ်တော့ သူ့အစ်ကိုကိုသွားပြောမယ်ဆိုရင် ကျုပ်ဒုက္ခရောက်လိမ့်မယ်"
"အရှင်မင်းကြီးရဲ့အမိန့်တော်ကို ကျွန်တော့ကိုပေးထားပါလား။ ဒီလိုဆို စွန်းချန်(Sun Chen) ရဲ့ထောက်ခံသူတွေကို အဲ့အမိန့်တော်ပြပြီး အချိန်ဆွဲထားနိုင်မယ်"
ထို့ကြောင့် အမိန့်တော်ကိုပေးအပ်ခဲ့လေသည်။

"ချွမ်ကျိ"(Quan ji) လည်း အိမ်ပြန်သွားသည်။ သို့သော် သူသည် လျှို့ဝှက်ချက်ကိုမထိန်းထားနိုင်ပဲ ဖခင်ဖြစ်သူ "ချွန်ရှန်"(Quan Shang) ကိုပြောပြလိုက်သည်။ ဖခင်မှ သူ့ဇနီးဖြစ်သူကို တဆင့်ပြန်ပြောခဲ့လေသည်။
"စွန်းချန်(Sun Chen) ကို သုံးရက်အတွင်း ရာထူးကဖယ်ရှားလိမ့်မယ်"
"သူအဲ့လိုခံရတာ ကောင်းတာပေါ့" ဟုပြန်ပြောခဲ့သည်။ ထိုသို့ပြန်ပြောခဲ့သော်လည်း လျှို့ဝှက်စာတစ်စောင်ကို သူ့အစ်ကိုထံသို့ပေးပို့စေခဲ့သည်။
ထိုညမှာပင် "စွန်းချန်"(Sun Chen) မှ ညီလေးဦးကိုခေါ်ကာ နန်းတော်ကိုဝန်းရံခဲ့ပြီး "လျူချန်"(Liu Cheng) နှင့် "ချွမ်ရှန်"(Quan Shang) တို့၏မိသားစုဝင်များအားလုံးကို ဖမ်းဆီးလိုက်သည်။

အရုဏ်တက်ချိန်တွင် ဝူဧကရာဇ်သည် တံခါးပေါက်မှဆူညံသံတို့ကြောင့် ထိတ်လန့်သွားခဲ့သည်။ အစေခံတစ်ဦးမှ ဝင်လာပြီး
"စွန်းချန်(Sun Chen) က သူ့စစ်တပ်နဲ့အတူ နန်းတော်ကိုဝိုင်းထားပါတယ်" ဟုပြောသည်။
သူ့ကိုသစ္စာဖောက်သွားခဲ့ပြီမှန်း "စွန်းလျန့်"(Sun Liang) သိသွားခဲ့ပြီး ချွမ်မျိုးနွယ်မိဖုရားကြီးကို ကြိမ်းမောင်းခဲ့သည်။
"မင့်အဖေနဲ့အစ်ကိုကြောင့် ကျုပ်အစီအစဉ်တွေပျက်သွားခဲ့ပြီ"
သူ့ဓားကိုကိုင်ပြီး ခုတ်မည်ပြုလေရာ မိဖုရားငယ်နှင့်အစေခံတို့မှ ဝိုင်းပြီးတားမြစ်ခဲ့ကြသည်။

"လျူချန်"(Liu Cheng) နှင့် "ချွမ်ရှန်"(Quan Shang) မိသားစုဝင်များကိုသုတ်သင်ပြီးနောက်  "စွန်းချန်"(Sun Chen) မှ အမှုထမ်းတို့ကိုစုဝေးကာ ပြောခဲ့သည်။
"ဧကရာဇ်ဟာ ရက်စက်ကြမ်းကြုတ်ပြီး ပျော့ညံ့သူဖြစ်တယ်။ အကျင့်ပျက်ပြီး ရူးသွပ်တာကြောင့် အုပ်ချုပ်ဖို့မသင့်တော်ဘူး။ ဒါကြောင့် သူ့ကို နန်းချရမယ်။ ကန့်ကွက်တဲ့လူရှိရင် ပုန်ကန်မှုနဲ့အပြစ်ပေးခံရမယ်"
ထိုထဲတွင် ကန့်ကွက်ရဲသူမှာ တစ်ဦးတည်းရှိခဲ့သည်။ ထိုသူမှာ အထက်တန်းဝန်ကြီး "ဟွမ်ယီ"(Huan Yi) ဖြစ်သည်။
"ခင်ဗျားက ဒီလောက်အတင့်ရဲတဲ့စကားပြောရဲတယ်? ကျုပ်တို့ဧကရာဇ်က ဉာဏ်ရည်ဒီလောက်ထက်မြက်တာ။ ခင်ဗျားကိုထောက်ခံမှာမဟုတ်ဘူး၊ အသေပဲခံမယ်"
"စွန်းချန်"(Sun Chen) မှ အမျက်ထွက်ပြီး "ဟွမ်ယီ"(Huan Yi) ကိုဓားဖြင့်ခုတ်သတ်လိုက်သည်။

ထို့နောက် "စွန်းချန်"(Sun Chen) သည် နန်းတော်သို့ဝင်ကာ "စွန်းလျန့်"(Sun Liang) ကိုပြောခဲ့သည်။
"အို၊ တရားမျှတမှု၊ ဖြောင့်မတ်မှုမရှိတဲ့ ဧကရာဇ်၊ တိုင်းပြည်အတွက် ခင်ဗျားရဲ့အသက်ကိုသတ်သင့်ပေမယ့် ခင်ဗျားရဲ့ဘိုးဘေးတွေကိုစာနာထောက်ထားတဲ့အနေနဲ့ ခွိုင်ကျိမင်းသားရာထူးအဖြစ်ပဲ ချလိုက်ပါတယ်။ ဧကရာဇ်အသစ်ကိုတော့ သင့်တော်တဲ့လူရွေးချယ်လိုက်ပါ့မယ်"
နန်းတွင်းတံဆိပ်တော်ကိုယူဆောင်ရန် ဝန်ကြီး "လီကျုံး"(Li Zong) အားအမိန့်ပေးလိုက်သည်။ ထိုတံဆိပ်တော်ကို တန်းချန်သို့ပို့စေခဲ့သည်။ နန်းကျဧကရာဇ်သည် ငိုယိုကာ ထွက်ခွာသွားလေသည်။

"စွန်းချန်"(Sun Chen) မှ ဝန်ကြီးနှစ်ဦးဖြစ်သော "စွန်းခိုင်"(Sun Kai) နှင့် "တုန်းချောင်"(Dong Chao) တို့ကို ဟူလင်သို့သံတမန်အဖြစ်စေလွှတ်ခဲ့သည်။ အကြောင်းမှာ "စွန်းချွမ်"(Sun Quan) ၏ဆဌမမြောက်သား လန်ရဲ့မင်းသား "စွန်းရှို့"(Sun Xiu) ကိုနန်းတင်ရန်ဖြစ်သည်။
"စွန်းရှို့"(Sun Xiu) သည် အိပ်မက်ထဲတွင် နဂါးပေါ်တွင်ထိုင်ကာ ကောင်းကင်သို့တက်ရသည်ကိုမက်မြင်သောကြောင့် ရာထူးကြီးတစ်ခုကိုလက်ခံရရှိတော့မည်ဟု တွေးနေခဲ့သည်။ သို့သော် သူ့အိပ်မက်ထဲရှိနဂါးတွင် အမြီးမရှိပေ။ သူသည် အိပ်မက်ကြောင့်လန့်နိုးလာခဲ့ပြီး နောက်ရက်တွင် နန်းတွင်းအမတ်ကြီး "စွန်းခိုင်"(Sun Kai) နှင့် "တုန်းချောင်"(Dong Chao) တို့ရောက်လာသည်။
"စွန်းရှို့"(Sun Xiu) မှထွက်ခွာခဲ့ပြီး ချွဲဒေသသို့ရောက်သောအခါ "ကန်းရှို့"(Gan Xiu) ဟုခေါ်သောအဘိုးအိုတစ်ဦးကြောင့် လှည်းကိုခဏရပ်နားခဲ့ရသည်။ ထိုအဘိုးအိုမှ ဂုဏ်ပြုစကားဆိုခဲ့ပြီး
"အရှင်မင်းကြီးက အမြန်သွားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခြေအနေတွေက အလျင်အမြန်ပြောင်းလဲနေလို့ပါ"
"စွန်းရှို့"(Sun Xiu) မှ ကျေးဇူးတင်စကားပြောခဲ့သည်။

ပုဆိုင်းဇရပ်နားတွင် "စွန်းအန်း"(Sun En) သည် လှည်းယာဉ်နှင့်အတူစောင့်နေခဲ့သည်။ သို့သော် "စွန်းရှို့"(Sun Xiu) မှ ကိုယ့်ကိုယ်ကိုနိမ့်ချကာ ထိုလှည်းယာဉ်ပေါ်မလိုက်ခဲ့ပဲ သူ၏သာမန်လှည်းနှင့်အတူ နန်းတွင်းသို့သွားခဲ့လေသည်။
လမ်းမကြီးဝယ် အမှုထမ်းတို့တန်းစီကာ အရိုအသေပေးသည့်အခါတွင်လည်း "စွန်းရှို့"(Sun Xiu) မှ အောက်သို့ဆင်းကာ ပြန်လည်အရိုအသေပြုလေသည်။ ထို့နောက် "စွန်းချန်"(Sun Chen) သည် ထလာပြီး ဧကရာဇ်အသစ်၏လက်ကိုဆွဲကာ ခန်းမဆောင်ထဲသို့ခေါ်သွားလေသည်။ သုံးကြိမ်သုံးခါ အရိုက်အရာကိုငြင်းပယ်ခဲ့ပြီးနောက်ဝယ် နဂါးပုလ္လင်ကိုလက်ခံခဲ့ပြီး မင်းဆက်တစ်ဆက်မှနောက်တစ်ဆက်ကိုလက်ဆင့်ကမ်းလာသည့်တံဆိပ်တော်ကိုလည်း လက်ခံခဲ့သည်။
အမှုထမ်းတို့သည် အရိုအသေပြုပြီးသည့်အခါ ထုံးတမ်းစဉ်လာအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်များ၊ ရာထူးတိုးမြင့်ခြင်းများလုပ်ခဲ့လေသည်။ ထိုနှစ်ကို ထာဝရငြိမ်းချမ်းမှု(ယုံအန်း) ပထမနှစ် ဟုမည်တွင်စေခဲ့သည် (အေဒီ ၂၅၈)။ "စွန်းချန်"(Sun Chen) ကိုဝန်ကြီးချုပ်အဖြစ်ဆက်လက်ထားရှိကာ ကျင်ကျိုးနယ်ကိုကာကွယ်စေခဲ့သည်။ ထို့အပြင် အစ်ကို၏သားဖြစ်သူ "စွန်းဟောက်"(Sun Hao) ကို ဝူချန်သခင်ဘွဲ့ပေးခဲ့သည်။

"စွန်းချန်"(Sun Chen) နှင့်သူ၏ညီငါးဦးတို့သည် ရာထူးကြီးများကိုရယူထားပြီး စစ်တပ်တစ်ခုလုံးကိုစိတ်ကြိုက်အုပ်ချုပ်ပိုင်ခွင့်ရှိခဲ့သည်။ အသစ်တက်လာခဲ့သော ဝူဧကရာဇ်သည် အပြင်ပန်းတွင် "စွန်းချန်"(Sun Chen) ကိုပစားပေးသော်လည်း အတွင်းစိတ်ဝယ် ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် အတိုင်းအတာမဲ့ မောက်မာထောင်လွှားနေခဲ့သည့် "စွန်းချန်"(Sun Chen) ကို စောင့်ကြည့်နေခဲ့သည်။
ဆောင်းရာသီတွင် "စွန်းချန်"(Sun Chen) မှ အမဲသားနှင့်အရက်တို့ကိုမွေးနေ့လက်ဆောင်အဖြစ် နန်းတွင်းသို့ပို့စေခဲ့သည်။ ဝူဧကရာဇ်မှ ငြင်းဆန်ခဲ့သောကြောင့် "စွန်းချန်"(Sun Chen) သည် စိတ်ဆိုးကာ လက်ဆောင်တို့ကို "ကျန်းပု"(Zhang Bu) ၏နေအိမ်သို့ယူသွားပြီး နှစ်ယောက်သား သောက်စားခဲ့ကြသည်။ "ကျန်းပု"(Zhang Bu) သည် လက်ဝဲတပ်စစ်သူကြီးဖြစ်သည်။

ဝိုင်အရက်ကိုနွေးပြီးသောအခါ "စွန်းချန်"(Sun Chen) မှပြောသည်။
"ကျုပ်က လက်ရှိခွိုင်ကျိမင်းသားကိုနန်းချတုန်းက လူတွေအများကြီးက ကျုပ်ကိုထီးနန်းဆက်ခံဖို့တောင်းဆိုခဲ့တယ်။ ကျုပ်က သဘောထားကြီးပြီး ဒီလက်ရှိဧကရာဇ်ကို နန်းတက်စေခဲ့တာ။ အခုတော့ သူက ကျုပ်လက်ဆောင်တောင် လက်မခံတော့ဘူး။ ဒီဟာကြောင့် ဘာဖြစ်လာမယ်ဆိုတာ ခင်ဗျားမကြာခင်တွေ့လိမ့်မယ်"
"ကျန်းပု"(Zhang Bu) သည် ဝမ်းနည်းကြောင်းပြောခဲ့လေသည်။ သို့သော် နောက်ရက်တွင် ထိုအကြောင်းကို ဝူဧကရာဇ်အား တိတ်တဆိတ်ပြောပြခဲ့သည်။ "စွန်းရှို့"(Sun Xiu) ၏စိုးရွံ့မှုတို့ပိုမိုတိုးလာခဲ့ပြီး အနားမယူနိုင်ခဲ့ပေ။ မကြာမီတွင် "စွန်းချန်"(Sun Chen) မှ ဝန်ကြီး "မုန့်ကျုံး"(Meng Zong) ဦးဆောင်သောတပ်ကြီးကို ဝူချန်တွင်စခန်းချထားစေသည်။ ထို့အပြင် ထိုတပ်ကို လက်နက်များကိုင်စွဲထားစေ၏။

စစ်သူကြီး "ဝေမြောင်"(Wei Miao) နှင့် နန်းတွင်းစောင့် "ရှီရှော"(Shi Shuo) တို့မှ ဧကရာဇ်ထံ လျှို့ဝှက်စာတင်ခဲ့သည်။
"စွန်းချန်(Sun Chen) ဟာ တပ်တွေကို အပြင်မှာနေရာချထားပြီး လက်နက်တွေလည်း ပေးထားပါတယ်။ ဒါဟာ ပုန်ကန်ဖို့ဖြစ်လိမ့်မယ်"
"စွန်းရှို့"(Sun Xiu) သည် ထိတ်လန့်တွဟားကာ "ကျန်းပု"(Zhang Bu) ကိုခေါ်ပြီးတိုင်ပင်သည်။ "ကျန်းပု"(Zhang Bu) မှ
"ဝါရင့်စစ်သူကြီး တင်းဖုန်း(Ding Feng) ဟာ အရည်အချင်းရှိပြီး ယုံကြည်အားကိုးရသူဖြစ်တယ်။ ဒါကြောင့် သူနဲ့တိုင်ပင်သင့်ပါတယ်"
ထို့ကြောင့် "တင်းဖုန်း"(Ding Feng) ကို ဧကရာဇ်ရှေ့မှောက်သို့ခေါ်ခဲ့သည်။


"စိတ်မပူပါနဲ့။ ဒီသူယုတ်မာကို ကျွန်တော် ရှင်းပါ့မယ်"
"ခင်ဗျား ဘယ်လိုအကြံရှိလဲ"
"ဆောင်းရာသီညီလာခံကျင်းပတဲ့အခါ အမှုထမ်းတွေအားလုံး စုစည်းရတယ်မဟုတ်လား။ အဲ့အချိန်မှာ စားသောက်ပွဲခင်းကျင်းပြီး စွန်းချန်(Sun Chen) ကိုစောင့်လိုက်ပါ။ ကျွန်တော်က လှုပ်ရှားဖို့အသင့်စောင့်နေမယ်"
ထိုအကြံအစည်တွင် "ဝေမြောင်"(Wei Miao) နှင့် "ရှီရှော"(Shi Shuo) တို့ကိုပါဝင်စေပြီး အပြင်ဘက်တွင် လုပ်နိုင်သည်တို့ကိုလုပ်ဆောင်စေကာ "တင်းဖုန်း"(Ding Feng) မှ အတွင်းဘက်မှပြင်ဆင်ထားသည်။

တစ်ညသော် မုန်တိုင်းဝင်သောကြောင့် သစ်ပင်ကြီးများသည် အမြစ်မှကျွတ်ထွက်သွားခဲ့သည်။ သို့သော် နေ့အချိန်တွင် မုန်တိုင်းမှာ ပြန်ငြိမ်သွားခဲ့သည်။ ထိုမနက်တွင် ဧကရာဇ်၏ဆက်သားမှ နန်းတော်အတွင်းဝယ် စားသောက်ပွဲသို့တက်ရောက်ရန်ဖိတ်ခေါ်စာပို့လာသည်။ "စွန်းချန်"(Sun Chen) သည် ထလိုက်သောအခါ သူ၏နောက်ကျောမှ တစ်ယောက်ယောက်ကတွန်းလိုက်သကဲ့သို့ လဲကျသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သူ့စိတ်ထဲတွင်ထင့်နေခဲ့ပြီး နန်းတော်သို့ဝင်သောအခါ ကာကွယ်ရန်သက်တော်စောင့်တို့ကို ခေါ်သွားခဲ့သည်။
အိမ်မှထွက်သောအခါ သူ့မိသားစုတို့က မသွားရန် တားမြစ်ကြသည်။
"မနေ့ညက မုန်တိုင်းတိုက်ပြီး ဒီနေ့မနက်မှာလည်း ချော်လဲတာဟာ မကောင်းတဲ့နိမိတ်တွေဖြစ်ပါတယ်။ ဒါကြောင့် စားသောက်ပွဲကိုမသွားသင့်ဘူး"
သို့သော် သူက ဂရုမစိုက်ခဲ့ပေ။
"ကျုပ်ညီတွေက စစ်တပ်ကိုထိန်းချုပ်ထားတာ။ ဘယ်သူ ကျုပ်နားကပ်ဝံ့လဲ? တစ်ခုခုဖြစ်လာခဲ့ရင် ဝန်ကြီးချုပ်အိမ်တော်ကနေ မီးနဲ့အချက်ပေးလိုက်ရုံပဲ"

ထို့ကြောင့် "စွန်းချန်"(Sun Chen) သည် နေရာယူကာ လှည်းယာဉ်ဖြင့်ထွက်ခွာသွားခဲ့သည်။ သူ နန်းတော်သို့ရောက်သောအခါ ဝူဧကရာဇ်မှ ထလာပြီး သူ့ကိုကြိုဆိုခဲ့သည်။ "စွန်းချန်"(Sun Chen) သည် စားပွဲဝိုင်း၌ မြင့်မြတ်သည့်နေရာကိုယူခဲ့သည်။ စားသောက်ပွဲကျင်းပနေစဉ် အစောင့်တစ်ဦးဝင်လာသည်။
"အပြင်မှာ မီးလောင်နေတယ်။ ဘာဖြစ်တာလည်းမသိဘူး"
"စွန်းချန်"(Sun Chen) မှ ထွက်သွားကြည့်ရန်ပြုသောအခါ ဧကရာဇ်မှ တားလိုက်သည်။
"ဘာအန္တရာယ်မှမရှိပါဘူး။ ဒါကိုဖြေရှင်းဖို့ တပ်သားတွေအများကြီးရှိတယ်"
ထိုစဉ် "ကျန်းပု"(Zhang Bu) မှ လက်နက်ကိုင်အစောင့်သုံးရာဖြင့်ဝင်လာသည်။ စားပွဲဝိုင်းတည်ခင်းရာနေရာသို့ပြေးလာကာ အော်ဟစ်လိုက်သည်။
"သူပုန် စွန်းချန်(Sun Chen) ကိုသတ်ဖို့ ကျုပ်မှာ အမိန့်တော်ပါတယ်"

ချက်ချင်းပင် ဝန်ကြီးချုပ်ကိုဖမ်းချုပ်ထားလိုက်လေသည်။ သူသည် ဝူဧကရာဇ်ရှေ့တွင် ဒူးထောက်ကာ ခေါင်းကိုမြေပြင်နှင့်ဆောင့်ပြီး ငိုခဲ့သည်။
"ကျွန်တော့အသက်ကို ချမ်းသာပေးပါ။ ကျွန်တော့ကို ကျောင်းကျီကိုပဲ နယ်နှင်ဒဏ်ပေးပါ၊ အဲ့မှာ လယ်ယာအလုပ်ပဲလုပ်နေပါ့မယ်"
ဝူဧကရာဇ်မှ ဒေါသဖြင့်
"ခင်ဗျားလက်ချက်ကြောင့်သေခဲ့ရတဲ့ ထန်ယင်း(Teng Yin) ၊ လုကျွီ(Lu Ju)၊ ဝမ်ချွန်း(Wang Chun) နဲ့တခြားလူတွေကို နယ်နှင်ဒဏ်ပေးဖူးလား" ဟုပြန်မေးခဲ့သည်။
ထို့နောက် သေဒဏ်ပေးရန် အမိန့်ချမှတ်လိုက်ပြီး "စွန်းချန်"(Sun Chen) ကိုဆွဲခေါ်သွားခဲ့သည်။ သူ့လက်အောက်ငယ်သားတစ်ဦးမျှ သူ့ကိုမကြညီခဲ့ကြပေ။

ထို့နောက် "ကျန်းပု"(Zhang Bu) မှ အမိန့်တော်ကိုဖတ်ပြခဲ့သည်။
"စွန်းချန်(Sun Chen) တစ်ဦးတည်းသာ တရားခံဖြစ်ပြီး ကျန်တဲ့လူတွေကို စစ်ဆေးမေးမြန်းမည်မဟုတ်"
"ကျန်းပု"(Zhang Bu) ၏တောင်းဆိုမှုကြောင့် ဝူဧကရာဇ်သည် ဇာမဏီငါးကောင်မျှော်စင်သို့ တက်ခဲ့သည်။ "ကျန်းပု"(Zhang Bu) ၊ "ဝေမြောင်"(Wei Miao) နှင့် "ရှီရှော"(Shi Shuo) တို့မှ ဝန်ကြီးချုပ်၏ညီနောင်တို့ကို "စွန်းရှို့"(Sun Xiu) ရှေ့မှောက်သို့ခေါ်ဆောင်လာပြီးနောက် သေဒဏ်ပေးခဲ့လေသည်။ ထို့နောက် ထိုသူတို့၏မိသားစုဝင်များကိုပါ သတ်စေခဲ့ရာ လူရာပေါင်းများစွာသေဆုံးခဲ့သည်။ ထိုမျှနှင့်မကျေနပ်သေးပဲ "စွန်းကျွန်း"(Sun Jun) ၏အုတ်ဂူကိုတူးဖော်စေပြီး အလောင်းကိုခေါင်းဖြတ်စေခဲ့သည်။
ထိုသူတို့ကြောင့် သေဆုံးခဲ့ရသည့် "ကျူးကဲခက်"(Zhuge Ke) ၊ "ထန်ယင်း"(Teng Yin) ၊ "လုကျွီ"(Lu Ju) ၊ "ဝမ်ချွန်း"(Wang Chun) နှင့်အခြားသူတို့အား ကောင်းမွန်သည့်အုတ်ဂူများဆောက်လုပ်စေ၏။ ထို့ကြောင့် နောက်ဆုံးတွင် သစ္စာရှိသူတို့အား ဆုပေးနိုင်ခဲ့ပြီး နယ်နှင်ဒဏ်ခံခဲ့ရသူတို့အားလည်း အပြစ်မှလွတ်ကင်းစေကာ ပြန်လာစေခဲ့သည်။ ထိုအကြံအစည်တွင် ပါဝင်ခဲ့သူများအား ဆုလာဘ်များပေးခဲ့လေသည်။

ထိုပြောင်းလဲမှုသတင်းသည် ချန်တူးသို့ရောက်သောအခါ ဒုတိယဧကရာဇ်မှ ဂုဏ်ပြုရန်အတွက် ဝူပြည်သို့သံတမန်စေလွှတ်ခဲ့သည်။ ဝူဧကရာဇ်မှလည်း "ရွှယ်ရွှီ"(Xue Xu) ကို သံအမတ်အနေဖြင့် ရှူသို့စေလွှတ်ခဲ့လေသည်။ "ရွှယ်ရွှီ"(Xue Xu) ပြန်လာသောအခါ ဝူဧကရာဇ်မှ အနောက်ဘက်ရှိအခြေအနေတို့ကိုမေးမြန်းခဲ့သည်။
"တိုင်းပြည်ရဲ့ကိစ္စမှန်သမျှတို့ဟာ ဟန်ဟောက်(Han Hao) လို့ခေါ်တဲ့မိန်းမစိုးလက်ထဲမှာရှိပါတယ်။ အမှုထမ်းတွေအားလုံးက သူ့ကိုအဖေလိုမျှော်ကြည့်နေရတယ်။ နန်းတွင်းမှာ အမှန်တရားဆိုတာ လုံးဝမကြားရပဲ ပြည်သူတွေကတော့ ငတ်မွတ်ခေါင်းပါးပြီး အားအင်ချိနဲ့နေခဲ့တယ်။ တိုင်းပြည်တစ်ခုလုံးက ပြည်ပျက်တော့မယ့်ပုံဖြစ်နေပါတယ်။ ခေါင်မိုးပေါ်ကငှက်တွေကတော့ အဆောက်အဦးကြီးမီးကျွမ်းတော့မှာ သိပုံမပေါ်ဘူး"
"စွန်းရှို့"(Sun Xiu) မှသက်ပြင်းချခဲ့သည်။
"ကျုံးဝူမှူးမတ်ကြီး ကျူးကဲလျန့်(Zhuge Liang) သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆို ဒီလိုဖြစ်လာမှာမဟုတ်ဘူး"

"စီးမာကျောင်း"(Sima Zhao) သည် သေချာပေါက် နန်းသိမ်းလိမ့်မည်ဟူသောစာများရောက်လာခဲ့ပြီး ထိုသို့ဖြစ်လာပြီးနောက်တွင် ဝူနှင့်ရှူကိုတိုက်ခိုက်လိမ့်မည်ဟုသတင်းများကြားခဲ့သည်။ ထို့ကြောင့် တိုင်းပြည်နှစ်ခုလုံး အသင့်ပြင်ထားရန် လိုအပ်ခဲ့သည်။
ထိုစာများရောက်လာသောအခါ "ကျန်းဝေ"(Jiang Wei) မှ နောက်တစ်ကြိမ်စစ်ခင်းရန် ခွင့်ပြုလွှာအလျင်အမြန်တောင်းခံခဲ့သည်။ ခွင့်ပြုမိန့်ရရှိသောကြောင့် 'တောက်ပသောမြင်ကွင်း' (ကျင်ယောက် ပထမနှစ်) (အေဒီ၂၅၈) တွင် တပ်ကြီးသည် ဟန်ကျုံးသို့ချီတက်ခဲ့သည်။ "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့ကို ရှေ့ပြေးတပ်ခေါင်းဆောင်များ၊ "ဝမ်ဟန်"(Wang Han) နှင့် "ကျန်းပင်း"(Jiang Bin) တို့ကို လက်ဝဲစစ်သူကြီးများ၊ "ကျန်းရှူ"(Jiang Shu) နှင့် "ဖူချန်"(Fu Qian) တို့ကို လက်ယာစစ်သူကြီးများအဖြစ်တာဝန်ပေးခဲ့ပြီး "ကျန်းဝေ"(Jiang Wei) နှင့် "ရှဟိုပါ့"(Xiahou Ba) တို့က ဗဟိုတပ်ကိုဦးဆောင်ခဲ့သည်။
ပထမဆုံးပစ်မှတ်နှင့်ပတ်သတ်ပြီး သဘောထားကိုမေးမြန်းသောအခါ "ရှဟိုပါ့"(Xiahou Ba) မှ
"တိုက်ခိုက်ဖို့အသင့်တော်ဆုံးကတော့ ချီစန်းကလွဲပြီးတခြားမရှိပါဘူး။ ဒါကို ရှေ့ဝန်ကြီးချုပ်ရဲ့ဗျူဟာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် ထွက်လမ်းကလည်း အဲ့တစ်လမ်းပဲရှိတယ်"

ထို့ကြောင့် တပ်ကြီးသုံးတပ်ချီတက်ခဲ့ပြီး တောင်ကြား၏အဝင်ဝနားဝယ် စခန်းသုံးခုဆောက်ခဲ့သည်။ ထိုအချိန်တွင် "တန့်အိုက်"(Deng Ai) သည် လုံယိုမှတပ်သားတို့ကို ချီစန်း၌စစ်ရေးလေ့ကျင့်ပေးနေခဲ့သည်။ ကင်းထောက်တို့မှ အနောက်ပိုင်းတပ်တို့ရောက်လာကြောင်းသတင်းပို့လေသဖြင့် ကုန်းမြင့်တစ်ခုပေါ်ကိုယ်တိုင်တက်ကာ ကြည့်ရှုခဲ့လေသည်။ ရန်သူ့စခန်းကိုမြင်သောအခါ သူဝမ်းမြောက်သွားပုံပေါ်သည်။
"ကျုပ်ထင်တဲ့အတိုင်း လုပ်ထားတာပဲ"
"တန့်အိုက်"(Deng Ai) သည် ဒေသ၏အခြေအနေကိုသေချာထည့်သွင်းစဉ်းစားခဲ့ပြီး ရှူတပ်ကြီးချီတက်သည့်အချိန်နှင့်စခန်းချသည့်အချိန်တို့တွင် နှောင့်ယှက်ခြင်းမရှိခဲ့ပေ။ ထို့အပြင် ရန်သူတို့ရပ်နားနိုင်မည့်နေရာတို့ကိုခန့်မှန်းကာ မြေအောက်လမ်းကြောင်းတူးထားစေခဲ့သည်။ ရှူလက်ဝဲတပ်စခန်းသည် ထိုမြေအောက်လမ်း၏အပေါ်တည့်တည့်တွင်ဖြစ်သည်။ ထိုစခန်းကို "ဝမ်ဟန်"(Wang Han) နှင့် "ကျန်းပင်း"(Jiang Bin) တို့မှတာဝန်ယူခဲ့သည်။

"တန့်အိုက်"(Deng Ai) မှ သား "တန့်ကျုံး"(Deng Zhong) နှင့် "ရှီကျွမ်း"(Shi Zuan) တို့ကိုခေါ်ပြီး တပ်သားတစ်သောင်းစီဖြင့် လက်ဝဲတပ်ကို ဘယ်ညာနှစ်ဖက်မှတိုက်စေခဲ့သည်။ ထို့နောက် "ကျန်းလွန်"(Zheng Lun) ကိုတပ်ငါးရာနှင့်  "ဝမ်ဟန်"(Wang Han) ၊ "ကျန်းပင်း"(Jiang Bin) တို့တပ်အနောက်ဘက်ကိုပေါက်သည့် မြေအောက်လမ်းမှတဆင့်သွားစေခဲ့သည်။
တပ်စခန်းအသစ်သည် ကာကွယ်မှုများမလုပ်ရသေးပေ။ ထို့ကြောင့် "ဝမ်ဟန်"(Wang Han) နှင့် "ကျန်းပင်း"(Jiang Bin) တို့သည် တစ်ညလုံးသတိကြီးစွာဖြင့် တပ်သားတို့ကို စောင့်ကြည့်နေစေသည်။ အချက်ပေးသံကြားသည်နှင့် လက်နက်ကိုကိုင်ပြီးထွက်နိုင်မည်ဖြစ်သည်။ သို့သော် ခေါင်းဆောင်နှစ်ဦးတို့က မြင်းစီးရန်ပြုသည့်အချိန်တွင် "တန်းကျုံး"(Deng Zhong) နှင့်  "ရှီကျွမ်း"(Shi Zuan) တို့က အပြင်ဘက်၊ "ကျန်းလွန်"(Zheng Lun) က အတွင်းဘက်မှတိုက်ခိုက်ခဲ့သည်။ သုံးဘက်သုံးလံမှတိုက်ခိုက်ခံရသောကြောင့် "ဝမ်ဟန်"(Wang Han) နှင့် "ကျန်းပင်း"(Jiang Bin) တို့သည် မကြာမီတွင်ပင် မခုခံနိုင်တော့ပဲ ထွက်ပြေးရသည်။

လက်ဝဲတပ်သည် ရန်သူတို့ဝိုင်းခံခဲ့ရသည်ကိုမြင်သောအခါ "ကျန်းဝေ"(Jiang Wei) မှ မြင်းပေါ်တက်ပြီး ဗဟိုတပ်၏အရှေ့သို့ထွက်လာခဲ့သည်။
"ဘယ်သူမှမလှုပ်ရှားကြနဲ့။ ငြိမ်ငြိမ်ပဲနေပြီး ရန်သူတွေအနီးကပ်လာရင် မြားနဲ့ပစ်ပါ"
လက်ဝဲတပ်ကို မူလနေရာတွင်ပဲ ဆက်လက်နေစေခဲ့သည်။ သူ၏ကာကွယ်မှုမှာ အကျိုးသက်ရောက်မှုရှိလေသည်။ ဝေတပ်ကြီးသည် ဆယ့်နှစ်ကြိမ်ခန့်ချဉ်းကပ်လာခဲ့သော်လည်း ခုခံသူတို့၏မြားတို့ကြောင့် ပြန်ဆုတ်သွားခဲ့ရသည်။ မိုးစင်စင်လင်းသော်လည်း ရှူတပ်မှာ ခိုင်မာဆဲဖြစ်သောကြောင့် ဝေတပ်တို့ဆုတ်ခွာသွားရသည်။
"တန့်အိုက်"(Deng Ai) : "ကျန်းဝေ(Jiang Wei) ဟာ ကျူးကဲလျန့်(Zhuge Liang) ဆီက ပညာတွေရထားခဲ့တာပဲ။ သူ့တပ်သားတွေက ညအချိန်ဝင်စီးတာကို မတုန်မလှုပ်ပဲရင်ဆိုင်နိုင်တယ်။ ခေါင်းဆောင်တွေကလည်း တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းတယ်။ သူက အရည်အချင်းရှိသူပဲ"

နောက်ရက်တွင် "ဝမ်ဟန်"(Wang Han) နှင့် "ကျန်းပင်း"(Jiang Bin) ရောက်လာပြီး သူတို့အပြစ်ကိုဝန်ခံခဲ့သောအခါ "ကျန်းဝေ"(Jiang Wei) မှ
"ခင်ဗျားတို့အပြစ်ထက် ကျုပ်အပြစ်က ပိုများပါတယ်။ ကျုပ်က မြေမျက်နှာသွင်ပြင်ကို သေချာမလေ့လာခဲ့မိလို့ဖြစ်ရတာ" ဟုပြောခဲ့သည်။
ထို့ကြောင့် အပြစ်ဒဏ်ပေးခြင်းမရှိခဲ့ပေ။ စခန်းကိုပိုခိုင်ခံ့အောင်လုပ်ခဲ့ပြီး မြေအောက်လမ်းကို အလောင်းတို့ဖြင့်ပိတ်ထားစေသည်။
နောက်ရက်တွင် "တန့်အိုက်"(Deng Ai) ကိုစိန်ခေါ်ခဲ့ရာ တစ်ဖက်မှလည်း ဝမ်းမြောက်စွာလက်ခံခဲ့သည်။ တစ်ရက်ကြာသော် တပ်ကြီးနှစ်တပ်တို့သည် ချီစန်းတောင်ရှေ့တွင် ခင်လကျင်းထားခဲ့သည်။ ရှူတပ်ကြီးသည် "ကျူးကဲလျန့်"(Zhuge Liang) ဖန်တီးခဲ့သော ရှစ်ထောင့်ဝင်္ကပါဗျူဟာကို ခင်းကျင်းထားသည်။ ထိုရှစ်ထောင့်တို့မှာ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးတိမ်၊ ငှက်၊ မြွေ၊ နဂါးနှင့် ကျားတို့ဖြစ်လေသည်။ ထိုသို့ခင်းကျင်းနေသည့်အချိန်ဝယ် "တန့်အိုက်"(Deng Ai) မှ ရှစ်ထောင့်ဗျူဟာမှန်းသိသောကြောင့် သူ၏တပ်ကိုလည်း အမိန့်များပေးခဲ့သည်။

"ကျန်းဝေ"(Jiang Wei) သည် လှံကိုကိုင်ပြီး ထွက်လာခဲ့သည်။
"ခင်ဗျားကလည်း ရှစ်ထောင့်ဗျူဟာကို တုပနိုင်ခဲ့ပေမယ့် ပြောင်းလဲမှုတွေကိုရော လုပ်နိုင်ရဲ့လား"
"ဒီဗျူဟာကို ခင်ဗျားဟာလို့ခေါ်လို့ရလား။ ခင်ဗျားတစ်ယောက်တည်း လျှို့ဝှက်ချက်ကိုသိတယ်ထင်လို့လား? ကျုပ်က ဒီဗျူဟာကိုခင်းနိုင်မှတော့ ပြောင်းလဲမှုတွေကိုလည်း သိတာပေါ့"
"တန့်အိုက်"(Deng Ai) သည် တပ်အတွင်းသို့ပြန်ဝင်သွားကာ အမှုထမ်းတို့ကိုအမိန့်များပေးခဲ့လေသည်။ ရှစ်ထောင့်သည် ချက်ချင်းပင် ခြောက်ဆယ့်လေးထောင့်ဖြစ်သွားသည်။ ထို့နောက် သူအရှေ့သို့ပြန်ထွက်လာသည်။
"ကျုပ်ရဲ့ပြောင်းလဲမှုကဘယ်လိုလဲ"
"မဆိုးပါဘူး။ ကျုပ်ရဲ့ဝန်းရံမှုဗျူဟာကိုစမ်းကြည့်မလား"
"ကြည့်တာပေါ့"
တပ်ကြီးနှစ်တပ်တို့သည် စနစ်တကျလှုပ်ရှားခဲ့ပြီး "တန့်အိုက်"(Deng Ai) သည် အတွင်းမှ အမိန့်များပေးခဲ့သည်။ တိုက်ခိုက်သည့်အခါ သူ့ဗျူဟာတို့ အလုပ်မလုပ်ခဲ့ပေ။ "ကျန်းဝေ"(Jiang Wei) သည် အလံဖြင့်အချက်ပြလိုက်သည်နှင့် တပ်ကြီးတစ်ခုလုံးသည် မြွေကြီးခွေနေသကဲ့သို့ပြောင်းလဲသွားကာ "တန့်အိုက်"(Deng Ai) ကိုအလယ်တွင် ဝိုင်းထားခဲ့သည်။ ဘေးပတ်ဝန်းကျင်မှအော်ဟစ်သံတို့ကိုကြားခဲ့ရပြီး "တန့်အိုက်"(Deng Ai) သည် မည်သို့ဖြစ်သွားသည်ကိုမသိသောကြောင့် ကြောက်ရွံ့နေခဲ့သည်။ မကြာမီတွင် ရှူတပ်ကြီးသည် အနီးသို့ကပ်လာပြီး သူ့မှာလွတ်လမ်းမရှိတော့ပေ။

တပ်သားတို့မှ ဝိုင်းအော်ဟစ်ခဲ့ကြသည်။
"တန့်အိုက်(Deng Ai) ၊ လက်နက်ချပါ"
သူသည် သက်ပြင်းချပြီး
"တဒင်္ဂထောင်လွှားမှုကြောင့် ကျန်းဝေ(Jiang Wei) ရဲ့ထောင်ချောက်ထဲဝင်သွားခဲ့တယ်"
ထို့နောက် အနောက်မြောက်ဘက်မှ တပ်တစ်တပ်ဝင်လာသည်။ ထိုတပ်မှ ဝေတပ်ဖြစ်သောကြောင့် "တန့်အိုက်"(Deng Ai) ဝမ်းမြောက်သွားလေသည်။ ထိုတပ်သည် ရန်သူ့၏ဗျူဟာကိုဖိအားပေးခဲ့ပြီး "တန့်အိုက်"(Deng Ai) ကိုလွတ်မြောက်သွားစေခဲ့သည်။ ထိုတပ်ခေါင်းဆောင်မှာ "စီးမာဝမ်"(Sima Wang) ဖြစ်သည်။

"တန့်အိုက်"(Deng Ai) လွတ်မြောက်လာခဲ့သော်လည်း သူ၏တပ်စခန်းကိုးခုတို့ကိုရန်သူတို့သိမ်းသွားသောကြောင့် ဆုတ်ခွာရလေသည်။ သူသည် တပ်တို့ကိုဝေမြစ်တောင်ပိုင်းသို့ဦးဆောင်သွားခဲ့ပြီး စခန်းချခဲ့သည်။
"တန့်အိုက်"(Deng Ai) မှ သူ့ကိုလာကူသည့်သူအား မေးခဲ့သည်။
"အဲ့ဝင်္ကပါကို ဘယ်လိုတိုက်ရမယ်ဆိုတာ ခင်ဗျားဘယ်လိုနည်းနဲ့သိတာလဲ"
"ကျုပ်ငယ်ငယ်တုန်းက စစ်ဗျူဟာတွေကိုလေ့လာခဲ့ပြီး ရှီကွမ်းယွမ်(Shi Guangyuan) ၊ ချွေးကျိုးဖင်(Cui Zhouping) တို့နဲ့ရင်းနှီးခဲ့တယ်။ သူတို့က အဲ့ဗျူဟာအကြောင်းကို ရှင်းပြခဲ့ဖူးတယ်။ ကျန်းဝေ(Jiang Wei) က 'မြွေပုံရစ်ခွေခြင်း' ဆိုတဲ့ဗျူဟာကိုသုံးတာဖြစ်ပြီး အဲ့ဟာကိုဖျက်ဖို့တစ်ခုတည်းသောနည်းက မြွေခေါင်းကိုတိုက်ဖို့ပဲ။ အဲ့ခေါင်းက အနောက်မြောက်အရပ်မှာရှိနေခဲ့တယ်'
"ကျုပ်က ဗျူဟာတွေကိုလေ့လာခဲ့ပေမယ့် ပြောင်းလဲမှုအားလုံးကိုမသိခဲ့ဘူး။ ခင်ဗျားက သိတယ်ဆိုတော့ ရန်သူတွေသိမ်းသွားတဲ့စခန်းကိုပြန်သိမ်းနိုင်မယ်"
"ကျွန်တော်သင်ယူခဲ့ရတာလေးနဲ့ ကျန်းဝေ(Jiang Wei) ကိုအနိုင်မယူနိုင်လောက်ဘူး"
"မနက်ဖြန်မှာ ခင်ဗျားက သူနဲ့ယှဉ်ပြိုင်ပါ။ သူ့အာရုံက တိုက်ခိုက်တဲ့ဘက်ရောက်တဲ့အချိန်မှာ ကျုပ်က ချီစန်းရဲ့နောက်ကျောကိုဝင်တိုက်မယ်ဆို စခန်းတွေကိုပြန်သိမ်းနိုင်လိမ့်မယ်"

ထို့ကြောင့် နောက်ရက်တွင်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ခဲ့လေသည်။ "တန့်အိုက်"(Deng Ai) မှ စိန်ခေါ်စာကိုပို့ခဲ့ရာ "ကျန်းဝေ"(Jiang Wei) က လက်ခံခဲ့သည်။
"ကျန်းဝေ"(Jiang Wei) သည် သူ့အမှုထမ်းတို့ကိုပြောခဲ့သည်။
"ကျုပ်ဝန်ကြီးချုပ်ဆီက ရခဲ့တဲ့လျှို့ဝှက်စာအုပ်မှာ ကောင်းကင်ပြောင်းလဲမှုကိုအခြေခံထားတဲ့ ဗျူဟာခင်းကျင်းမှုပြောင်းလဲခြင်းက ၃၆၅ မျိုးရှိတယ်။ သူတို့ဒီလိုလာစိန်ခေါ်တာက လက်သမားနတ်ကို ဖျင်နည်း၊ ထွင်းနည်းသင်ပေးသလိုပဲ။ ဒီတော့ ဒီနောက်ကွယ်မှာ အကြံအစည်တစ်ခုခုရှိလိမ့်မယ်။ ဘာလည်းဆိုတာ ခင်ဗျားတို့ခန့်မှန်းနိုင်မလား"
"လျောင်ဟွာ"(Liao Hua) : "သူတို့တွေက ကျွန်တော်တို့အာရုံကိုလွှဲထားပြီး နောက်ကျောကိုတိုက်ချင်လို့ပဲ"
"ဟုတ်တယ်။ ကျုပ်လည်း အဲ့လိုပဲမြင်တယ်"
ထို့ကြောင့် ရန်သူတို့အားတန်ပြန်တိုက်ခိုက်ရန် "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့အား တပ်တစ်သောင်းဖြင့် တောင်ကုန်းအနောက်ဘက်သို့စေလွှတ်ခဲ့သည်။

နောက်ရက်တွင် "ကျန်းဝေ"(Jiang Wei) သည် တပ်စခန်းကိုးခုမှတပ်သားတို့ကိုစုစည်းကာ တောင်ကုန်း၏အရှေ့ဘက်တွင် နေရာချထားသည်။ "စီးမာဝမ်"(Sima Wang) က တဖက်မှရောက်လာပြီး စကားပြောရန်ထွက်လာခဲ့သည်။
"ခင်ဗျားက ကျုပ်ကိုစိန်ခေါ်ခဲ့တယ်ဆိုတော့ ခင်ဗျားရဲ့ဗျူဟာကိုပြစမ်းပါ"
"စီးမာဝမ်"(Sima Wang) ကလည်း ဗျူဟာကိုခင်းကျင်းခဲ့ရာ အဋ္ဌဂံပုံထွက်လာသည်။
"ဒါက အဋ္ဌဂံပုံလို့သိတဲ့ဗျူဟာပဲမဟုတ်လား။ ဘာမှမထူးဆန်းပါဘူး။ ဓားပြတွေသုံးတဲ့ဗျူဟာသာသာပဲ"
"ခင်ဗျားလည်း သူများရဲ့ဗျူဟာတွေကိုခိုးယူခဲ့တာမဟုတ်လား"
"ဒီဗျူဟာမှာ ပြောင်းလဲမှုဘယ်နှစ်ခုရှိလဲ"
"ကျုပ်စီစဉ်ထားတာဆိုတော့ ပြောင်းလဲမှုတွေကိုကျုပ်သိတာပေါ့။ ဗျူဟာကိုးခုရဲ့တစ်ခုစီမှာ ပြောင်းလဲခြင်းကိုးခုဆီရှိတော့ စုစုပေါင်းရှစ်ဆယ့်တစ်ခုရှိတယ်"
"စမ်းကြည့်လှည့်ပါလား"

"စီးမာဝမ်"(Sima Wang) သည် အတွင်းသို့ဝင်သွားပြီး ပြောင်းလဲမှုများလုပ်စေခဲ့သည်။ ထို့နောက် အပြင်သို့ထွက်လာပြီး ထိုဗျူဟာတို့ကိုသိမသိ မေးမြန်းခဲ့လေသည်။
"ကျုပ်ဗျူဟာမှာ ပြောင်းလဲမှု ၃၆၅ မျိုးရှိတယ်။ ခင်ဗျားက ရေတွင်းထဲကဖားငယ်သာဖြစ်ပြီး လျှို့ဝှက်နက်နဲမှုတွေမသိတဲ့လူပဲ"
"စီးမာဝမ်"(Sima Wang) သည် ပြောင်းလဲမှုများစွာရှိမှန်းသိသွားခဲ့သော်လည်း မလေ့လာခဲ့ပေ။ ရဲရင့်သည့်ပုံစံဖမ်းကာ မောက်မာစွာပြန်ပြောခဲ့သည်။
"ကျုပ် မယုံဘူး။ သက်သေပြစမ်းပါ"
"တန့်အိုက်(Deng Ai) ကိုခေါ်လာမယ်ဆိုရင် သူ့ကိုပြမယ်"
"စစ်သူကြီး တန့်အိုက်(Deng Ai) မှာ အစီအစဉ်တွေရှိတော့ ဒီလိုဗျူဟာမျိုးကိုဂရုမစိုက်အားဘူး"
"ဘာအစီအစဉ်လဲ? ကျုပ်ကိုဒီမှာတားထားပြီး နောက်ကျောကို လျပ်တပြက်တိုက်ဖို့လား"

"စီးမာဝမ်"(Sima Wang) သည် ထိတ်လန့်သွားသည်။ ထို့နောက် ရှေ့သို့ချက်ချင်းထွက်ကာတိုက်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) ကလည်း ကျာပွတ်ဖြင့် အချက်ပေးခဲ့ပြီး တောင်ပံနှစ်ခုမှတပ်များထွက်လာလေသည်။ ဝေတပ်သားတို့ကိုဝိုင်းထားခဲ့သောကြောင့် ကြောက်လန့်ပြီး လက်နက်များပစ်ချကာ ထွက်ပြေးကုန်သည်။
"တန့်အိုက်"(Deng Ai) သည် ပထမဆုံးတိုက်ခိုက်မှုအတွက် "ကျန်းလွန်"(Zheng Lun) ကို အလျင်အမြန်သွားစေသည်။ "ကျန်းလွန်"(Zheng Lun) မှ တောင်ကုန်းအကွယ်နားရောက်သောအခါ ပေါက်ကွဲမှုကိုမြင်လိုက်ရပြီး ဗုံသံတို့နှင့်အတူ ကင်းပုန်းများထွက်လာသည်။ ထိုတပ်ကိုဦးဆောင်သူမှာ "လျောင်ဟွာ"(Liao Hua) ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက်စကားပြောဆိုခြင်းမရှိပဲ ခေါင်းဆောင်နှစ်ဦးတို့က ချက်ချင်းတိုက်ခိုက်လေသည်။ ပထမအကွက်တွင်ပင် "လျောင်ဟွာ"(Liao Hua) မှ "ကျန်းလွန်"(Zheng Lun) ကိုခုတ်လိုက်သည်။

ထိုသို့ဖြစ်လာမည်ဟု "တန့်အိုက်"(Deng Ai) က မမျှော်လင့်ခဲ့သောကြောင့် အလျင်အမြန်ဆုတ်လေသည်။ ထိုအခါ "ကျန်းယီ"(Zhang Yi) ထွက်လာပြီး တစ်ဖက်မှတိုက်သောကြောင့် ဝေတပ်ကြီးရှုံးနိမ့်ခဲ့ရသည်။ "တန့်အိုက်"(Deng Ai) သည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း သူ့ကိုယ်တွင် မြားလေးချောင်းစိုက်မှန်သွားခဲ့သည်။ သူသည် မြစ်နားသို့ရောက်သောအခါ "စီးမာဝမ်"(Sima Wang) နှင့်တွေ့ပြီး မည်သို့ဆုတ်ခွာမည်ကိုတိုင်ပင်၏။
သို့သော် "စီးမာဝမ်"(Sima Wang) မှ တခြားနည်းဖြင့် တိုက်ခိုက်ရန်အကြံပေးခဲ့သည်။
"လတ်တလောမှာ ရှူဧကရာဇ်ပစားပေးနေတဲ့ ဟွမ်ဟောက်(Huang Hao) လို့ခေါ်တဲ့မိန်းမစိုးရှိတယ်။ သူက အဲ့မိန်းမစိုးအပေါ် အကြွင်းမဲ့ယုံကြည်ပြီး သူကတော့ အပျော်အပါးပဲမက်နေခဲ့တယ်။ ဒီမိန်းမစိုးကိုအသုံးချပြီးတော့ ဘုရင်နဲ့စစ်သူကြီးကြားက ယုံကြည်မှုပျက်ပြားအောင်လုပ်ရမယ်။ ဒီလိုဆို ဧကရာဇ်က စစ်သူကြီးကိုပြန်ဆင့်ခေါ်မှာပဲ။ အဲ့အချိန်မှာမှ ကျွန်တော်တို့ဆုံးရှုံးတာတွေကိုပြန်ရယူရမယ်"

ထို့ကြောင့် "တန့်အိုက်"(Deng Ai) မှ အကြံပေးတို့ကိုစုဝေးခဲ့ပြီး မည်သူသည် ရှူပြည်သို့သွားကာ "ဟွမ်ဟောက်"(Huang Hao) နှင့်တွေ့လိုကြောင်းမေးခဲ့ရာ "တန်းကျွန်း"(Dang Jun) ထွက်လာသည်။ "တန့်အိုက်"(Deng Ai) မှ ရွှေ၊ ပုလဲနှင့်အဖိုးတန်ရတနာတို့ကိုပေးလိုက်ပြီး ရှူပြည်မှမိန်းမစိုးကို သစ္စာဖောက်ကာ ဝေပြည်နှင့်ပူးပေါင်းအောင်လုပ်စေသည်။ "တန်းကျွန်း"(Dang Jun) သွားသည့်အခါဝယ် "ကျန်းဝေ"(Jiang Wei) သည် မကျေနပ်သောကြောင့် ဝေပြည်သို့ခိုလှုံလိုကြောင်း ကောလာဟလများဖြန့်စေခဲ့သည်။
ထိုကောလာဟလတို့သည် ချန်တူးသို့ရောက်သည့်အခါ အားလုံးက ယုံကြည်ကြလေသည်။ "ဟွမ်ဟောက်"(Huang Hao) မှ ထိုသတင်းမှားတို့ကို ဧကရာဇ်အား လျှောက်တင်ခဲ့ရာမှ သံတမန်ကိုစေလွှတ်ပြီး စစ်သူကြီးအား မြို့တော်သို့ပြန်ခေါ်စေခဲ့သည်။

"ကျန်းဝေ"(Jiang Wei) သည် ရန်သူတို့ထွက်တိုက်ရန်အတွက် နေ့စဉ်ကြိုးပမ်းခဲ့သော်လည်း ရန်သူတို့မှာ ခံစစ်ဖြင့်ခေါင်းမာစွာရပ်တည်ခဲ့လေသည်။ ထို့ကြောင့် ရန်သူတို့တွင် အကြံအစည်တစ်ခုခုရှိလိမ့်မည်ဟု တွေးနေချိန်ဝယ် မြို့တော်မှ ပြန်လာရန်ဧကရာဇ်၏အမိန့်တော် ရောက်လာခဲ့သည်။ အကြောင်းအရင်းကိုမသိခဲ့သော်လည်း အမိန့်တော်ကို မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် တပ်ဆုတ်ခဲ့ရလေသည်။ အကြံအောင်သွားပြီမှန်းသိသော "တန့်အိုက်"(Deng Ai) နှင့် "စီးမာဝမ်"(Sima Wang) တို့သည် စခန်းတွင်းမှထွက်လာပြီး ဆုတ်ခွာနေသည့်ရန်သူကိုတိုက်ခဲ့လေသည်။

Comments

Popular posts from this blog

Lookism