သုံးနိုင်ငံခေတ်(၁၁၇)
အခန်း(၁၁၇) "တန့်အိုက်"(Deng Ai) သည်
ယင်းဖင် တောင်ကိုဖြတ်ကျော်ခြင်း။
"ကျူးကဲကျန်း"(Zhuge Zhan) သည် မြန်ကျူတိုက်ပွဲတွင်
ကျဆုံးခြင်း။
ဝေတပ်ကြီးသည်
တပ်ခွဲဆယ်ခုနှင့်ကျူးကျော်လာကြောင်းကို တိုင်းပြည်ကာကွယ်သောစစ်သူကြီး "တုန်းကျွယ်"(Dong
Jue) ကြားသိသောအခါ တပ်သားနှစ်သောင်းနှင့်အတူ စစ်မြေပြင်သို့ရောက်လာပြီး ကျန့်မန်ခံတပ်တွင်
စခန်းချထားသည်။ ဖုန်မှုန့်များကိုလှမ်းမြင်လိုက်ပြီး တပ်တစ်တပ်ချဉ်းကပ်လာသည်ကိုမြင်သောအခါ
ထိုတပ်သည် ရန်သူ့တပ်ဖြစ်နိုင်သောကြောင့် "တုန်းကျွယ်"(Dong Jue) မှ ခံတပ်ထဲသို့ဝင်လိုခဲ့သည်။
သို့သော်လည်း
ထိုရောက်လာသူတို့မှာ "ကျန်းဝေ"(Jiang Wei) ၊ "လျောင်ဟွာ"(Liao
Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့ဖြစ်မှန်းသိသောကြောင့် သူတို့ကို ဝင်လာစေပြီး
မြို့တော်မှသတင်းကိုပြောခဲ့သည်။ ထိုသတင်းတို့မှာ ဧကရာဇ်နှင့် "ဟွမ်ဟောက်"(Huang
Hao) တို့၏သတင်းဆိုးပင်ဖြစ်သည်။
"ကျန်းဝေ"(Jiang
Wei) : "ဝမ်းမနည်းပါနဲ့။ ကျုပ်အသက်ရှင်နေသရွေ့ ဝေပြည်က ရှူကိုမအောင်နိုင်စေရဘူး"
သူတို့သည် ကျန့်မန်ခံတပ်ကိုစောင့်ကြပ်ကာ
ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်တို့ကို တိုင်ပင်ခဲ့သည်။
"တုန်းကျွယ်"(Dong
Jue) : "ကျုပ်တို့က ဒီခံတပ်မှာခုခံနေပေမယ့် ချန်တူးမှာ တပ်တွေသိပ်မရှိဘူး။ ချန်တူးအတိုက်ခံရရင်
ကျရှုံးသွားနိုင်တယ်"
"ကျန်းဝေ"(Jiang
Wei) : "ချန်တူးမှာ သဘာဝရဲ့အကာအကွယ်တွေရှိပြီး တောင်တွေကိုကျော်ပြီး မတ်စောက်တဲ့လမ်းတွေကို
တက်လာဖို့ခက်ခဲတယ်။ ဒီတော့ စိုးရိမ်စရာမလိုပါဘူး"
မကြာမီဝယ်
"ကျူးကဲရွှီ"(Zhuge Xu) သည် ခံတပ်သို့ရောက်လာပြီး ခုခံသူတို့ကိုစိန်ခေါ်ခဲ့သည်။
"ကျန်းဝေ"(Jiang Wei) သည် တပ်သားငါးထောင်ကိုဦးဆောင်ပြီး ဝေစစ်တပ်နှင့် ရင်ဆိုင်ခဲ့သည်။
သူသည် အလွယ်တကူအနိုင်ရကာ ရန်သူပေါင်းများစွာကိုသုတ်သင်နိုင်ခဲ့ပြီး မြင်းများ၊ လက်နက်များကိုသိမ်းယူနိုင်ခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် ခံတပ်တွင်းသို့ပြန်ဝင်သွားခဲ့သလို စစ်ရှုံးသူ "ကျူးကဲရွှီ"(Zhuge
Xu) သည်လည်း "ကျုံးဟွေ့"(Zhong Hui) ၏စခန်းသို့ပြန်သွားခဲ့သည်။
"ကျူးကဲရွှီ"(Zhuge
Xu) သည် စခန်းသို့မရောက်မီ ခုနစ်မိုင်အကွာမှပင် သူစစ်ရှုံးကြောင်း သတင်းပို့ခဲ့သောကြောင့်
သူ့အထက်စစ်သူကြီးမှာ အမျက်ထွက်နေသည်။
"ကျုပ်အမိန့်က
ခင်ဗျားကို ယင်းဖင် တံတားမှာ စောင့်နေပြီး ကျန်းဝေ(Jiang Wei) ကိုပိတ်ထားဖို့ပဲ။ အခုတော့
ခင်ဗျားက အဲ့ဒါကိုမလုပ်နိုင်ခဲ့တဲ့အပြင် အမိန့်မရပဲတိုက်ပြီး စစ်ရှုံးလာသေးတယ်"
"ကျန်းဝေ(Jiang
Wei) က ပရိယာယ်တွေအများကြီးသုံးခဲ့တယ်။ သူက ယုံကျိုးကိုတိုက်မယ့်ပုံလုပ်တော့ ကျွန်တော်က
အဲ့ဒေသကအရေးကြီးတယ်လို့တွက်ပြီး စစ်ကူသွားခဲ့တယ်။ ဒါပေမယ့် သူက မတိုက်ပဲနဲ့ ဆုတ်ခွာသွားခဲ့တယ်။
ကျွန်တော်က ခံတပ်ထိလိုက်ခဲ့ပေမယ့် သူထွက်လာပြီး ကျွန်တော့တပ်ကိုအနိုင်ယူနိုင်မယ်လို့
မထင်ထားဘူး"
"ကျူးကဲရွှီ"(Zhuge
Xu) မှ တိုးလျှိုးတောင်းပန်ခဲ့သော်လည်း သူ့ကိုသေဒဏ်ပေးစေခဲ့သည်။ စစ်တပ်ကြီးကြပ်ရေးမှူး
"ဝေကွမ်း"(Wei Guan) မှ
"ကျူးကဲရွှီ(Zhuge
Xu) ဟာ တန့်အိုက်(Deng Ai) ရဲ့လက်အောက်ငယ်သားဖြစ်ပါတယ်။ သူအပြစ်လုပ်ခဲ့ရင်တောင်မှ စစ်သူကြီးက
သူ့ကိုအပြစ်ပေးလို့မရပါဘူး"
"ကျုံးဟွေ့"(Zhong
Hui) မှ မည်သူမျှမမျှော်လင့်သည့်စကားကိုဆိုခဲ့သည်။
"ကျုပ်မှာ
ဧကရာဇ်ရဲ့အမိန့်တော်ရှိပြီး ဝန်ကြီးချုပ်ရဲ့အမိန့်အရ ရှူပြည်ကိုတိုက်တာဖြစ်တယ်။ တန့်အိုက်(Deng
Ai) ကိုယ်တိုင်အပြစ်ကျူးလွန်ရင်တောင် ကျုပ်က သူ့ကိုသေဒဏ်ပေးမှာပဲ"
သို့သော်လည်း
အခြားခေါင်းဆောင်တို့က "ကျူးကဲရွှီ"(Zhuge Xu) အတွက် ဝိုင်းတောင်းပန်သောကြောင့်
"ကျုံးဟွေ့"(Zhong Hui) က သေဒဏ်မပေးခဲ့တော့ပေ။ သို့သော်လည်း ထိုသူအား ထောင်သွင်းအကျဉ်းချစေပြီး
မြို့တော်သို့ပို့စေကာ ဆုံးဖြတ်စေလေ၏။ ကျန်ရစ်သောတပ်တို့ကို "ကျုံးဟွေ့"(Zhong
Hui) လက်အောက်သို့ဝင်လာစေသည်။
"ကျုံးဟွေ့"(Zhong
Hui) ၏စကားတို့သည် "တန့်အိုက်"(Deng Ai) နားသို့ရောက်သောအခါ အလွန်တရာမှ ဒေါသထွက်သွားခဲ့သည်။
"သူနဲ့ကျုပ်က
ရာထူးအတူတူပဲ။ ကျုပ်က စစ်မြေပြင်မှာနေလာတာ နှစ်ပေါင်းမနည်းတော့ဘူး။ တိုင်းပြည်ကိုအများကြီးအလုပ်အကျွေးပြုခဲ့တယ်။
သူက ဘာမို့လို့ ဒီစကားပြောရတာလဲ"
သားဖြစ်သူ
"တန့်ကျုံး"(Deng Zhong) မှ ဖခင်စိတ်ပြေအောင်ပြောခဲ့သည်။
"အဖေက
ကိစ္စသေးလေးတွေမှာ သည်းမခံနိုင်ရင် နိုင်ငံ့အရေးကိစ္စတွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။
သူ့အပေါ်ရန်ငြိုးထားနေမယ်ဆိုရင် အကျိုးဆုတ်ယုတ်ရုံပဲရှိမယ်။ ဒါကြောင့် သူ့အပေါ် သည်းခံလိုက်ပါ"
သူ့သားပြောသည်တို့မှာမှန်ကန်မှန်းသိသောကြောင့်
"တန့်အိုက်"(Deng Ai) က ဘာမှထပ်မပြောတော့ပေ။ သို့သော် သူ့ရင်ထဲတွင် ဒေါသကိန်းအောင်းနေခဲ့သည်။
တပ်သားအနည်းငယ်နှင့်အတူ သူ၏လုပ်ဖော်ကိုင်ဖက်ထံသွားခဲ့သည်။ သူရောက်သွားသောအခါ
"ကျုံးဟွေ့"(Zhong Hui) မှ သူ့လက်အောက်ငယ်သားအား မေးခဲ့သည်။
"တန့်အိုက်(Deng
Ai) မှာ တပ်သားဘယ်နှစ်ယောက်ပါလာလဲ"
"မြင်းတပ်သားအယောက်နှစ်ဆယ်ပဲ
ပါပါတယ်"
"ကျုံးဟွေ့"(Zhong
Hui) သည် သူ့ရွက်ဖျင်တဲအပြင်တွင် ကိုယ်ရံတော်အများအပြားကို တန်းစီထားစေပြီးနောက် ဧည့်သည်အား
ဝင်လာစေသည်။ "တန့်အိုက်"(Deng Ai) သည် မြင်းပေါ်ကဆင်းပြီးနောက် အချင်းချင်းအရိုအသေပြုခဲ့ကြသည်။
သို့သော်လည်း ဧည့်သည်ဖြစ်သူသည် ကိုယ်ရံတော်များ၏မျက်နှာထားကို မနှစ်မြို့ခဲ့ချေ။
"ကျုံးဟွေ့"(Zhong Hui) မည်သို့ကြံစည်နေသည်ကိုသိအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"တန့်အိုက်"(Deng
Ai) မှ
"ဟန်ကျုံးကိုသိမ်းနိုင်ရင်
တိုင်းပြည်ကြီးအတွက် ကောင်းချီးမင်္ဂလာပဲ။ အခု ကျန့်မန်ခံတပ်ကို အလွယ်တကူသိမ်းနိုင်မယ်"
"ကျုံးဟွေ့"(Zhong
Hui) : "စစ်သူကြီးမှာ ဘာအကြံရှိပါသလဲ"
"တန့်အိုက်"(Deng
Ai) က ထိုမေးခွန်းကိုမဖြေချင်သောကြောင့် ရှောင်လွှဲရန်ကြိုးပမ်းသော်လည်း "ကျုံးဟွေ့"(Zhong
Hui) က အတင်းမေးသောအခါ ဖြေခဲ့ရသည်။
"ကျွန်တော့အမြင်ကတော့
လမ်းသေးလေးတွေကနေတဆင့် ယင်းဖင် တောင်ကိုဖြတ်ပြီး ဟန်ကျုံး၊ တဲရန်ကိုသွားသင့်တယ်။ ပြီးတော့
ချန်တူးကို လျပ်တပြက်ဝင်တိုက်ရမယ်။ ကျန်းဝေ(Jiang Wei) က မြို့ကိုကာကွယ်ဖို့ သေချာပေါက်သွားရမှာဖြစ်တယ်။
စစ်သူကြီးက ကျန့်မန်ခံတပ်ကိုသိမ်းနိုင်တယ်"
"ဒါအကြံကောင်းပဲ။
ခင်ဗျားစပြီး အကောင်အထည်ဖော်ပါ။ ကျုပ် ဒီကနေ သတင်းကောင်းကိုစောင့်နေမယ်"
နှစ်ဦးသား
သောက်စားပြီးနောက် "တန့်အိုက်"(Deng Ai) မှ ထွက်ခွာသွားခဲ့သည်။ "ကျုံးဟွေ့"(Zhong
Hui) သည် "တန့်အိုက်"(Deng Ai) ၏အကြံအစည်ကိုအထင်အမြင်သေးကာ မမှုသောပုံစံဖြင့်
ရွက်ဖျင်တဲအတွင်းသို့ပြန်ဝင်လာသည်။ "တန့်အိုက်"(Deng Ai) ၏အစီအစဉ်မှာ လက်တွေ့မကျဟုမြင်ပြီး
သူ့အမှုထမ်းတို့အားပြောခဲ့သည်။
"တန့်အိုက်(Deng
Ai) က အရည်အချင်းရှိတယ်လို့ပြောကြတယ်။ ကျုပ်အမြင်ကတော့ သူက သာမန်ပါပဲ"
"ဘာကြောင့်လဲ"
"ဘာလို့လည်းဆိုတော့
ယင်းဖင် တောင်ကိုသွားတဲ့လမ်းသွယ်လေးတွေမှာ မြင့်မားတဲ့တောင်ကုန်းတွေ၊ နက်နဲတဲ့ချောက်တွေရှိတာကြောင့်
သွားလာဖို့မဖြစ်နိုင်ဘူး။ အရေးကြီးတဲ့နေရာတွေမှာ တပ်သားတစ်ရာလောက် ထားထားမယ်ဆိုရင်
အဆက်အသွယ်တွေဖြတ်တောက်နိုင်ပြီး တန့်အိုက်(Deng Ai) ရဲ့တပ်တွေက ငတ်ပြတ်ပြီး သေဆုံးကြမှာဖြစ်တယ်။
ကျုပ်က ပုံမှန်လမ်းကပဲသွားမယ်။ ရှူတွေကိုကြောက်စရာမလိုပါဘူး။ ကျုပ်အနိုင်ယူနိုင်ပါတယ်"
ထို့ကြောင့်
ကျန့်မန်ခံတပ်ကိုသိမ်းရန်အတွက် လှေကားများ၊ ကျောက်ခဲပစ်ယန္တရားများ ပြင်ဆင်ထားစေခဲ့သည်။
"တန့်အိုက်"(Deng Ai) သည် စခန်း၏ဂိတ်ဝသို့ပြန်ရောက်လာပြီး မြင်းပေါ်မှဆင်းကာ
သူ့နောက်လိုက်နောက်ပါတို့ကို မေးခဲ့သည်။
"ကျုံးဟွေ့(Zhong
Hui) က ကျုပ်အပေါ်ဘယ်လိုမြင်လိမ့်မတုန်း"
"သူ့ပုံစံကြည့်ရတာ
စစ်သူကြီးရဲ့အကြံကို လက်ခံချင်ပုံမပေါ်ဘူး။ သူ့စကားတွေက ဘက်မလိုက်ပုံပေါ်ပေမယ့် တကယ်တော့
စစ်သူကြီးရဲ့အကြံကိုဆန့်ကျင်နေခဲ့တာ'
"သူက ကျုပ်
ချန်တူးကိုမသိမ်းနိုင်ဘူးလို့ထင်မှတော့ ကျုပ်က သိမ်းပြရမှာပေါ့"
သူ့ရွက်ဖျင်တဲသို့
"ရှီကျွမ်း"(Shi Zuan) ၊ သားဖြစ်သူ "တန့်ကျုံး"(Deng Zhong) နှင့်စစ်သူကြီးအချို့ရောက်လာကာ
မည်သည့်အကြောင်းအရာတို့ကိုပြောနေကြောင်း မေးမြန်းခဲ့ကြသည်။
"ကျုပ်က
ကျုံးဟွေ့(Zhong Hui) ကို ရိုးရှင်းတဲ့အမှန်တရားပြောခဲ့တာပဲ။ သူက ကျုပ်ကို အရည်အချင်းမရှိတဲ့လူသာမန်လို့ထင်ပုံပဲ။
ဟန်ကျုံးကိုသိမ်းနိုင်ရုံနဲ့တင် တအားထူးချွန်နေပြီလို့ထင်နေတယ်။ ကျုပ်သာ ကျန်းဝေ(Jiang
Wei) ကိုမထိန်းထားဘူးဆိုရင် သူဘာဖြစ်သွားမယ်ထင်လဲ? ကျုပ်အမြင်ကတော့ ချန်တူးကိုသိမ်းနိုင်တာက
ဟန်ကျုံးကိုသိမ်းနိုင်တာထက်သာလွန်လိမ့်မယ်"
ထိုညဝယ် စခန်းကိုရုတ်သိမ်းစေကာ
တောင်လမ်းများမှတဆင့် ခရီးရှည်ချီတက်ခဲ့သည်။ ကျန့်မန်ခံတပ်မှ အကွာအဝေးတစ်ခုနားရောက်သောအခါ
စခန်းချထားသည်။ ထိုသို့လုပ်ဆောင်မှုကို "ကျုံးဟွေ့"(Zhong Hui) မှသရော်ခဲ့သည်။
"တန့်အိုက်"(Deng
Ai) သည် သူ့စခန်းမှ "စီးမာကျောင်း"(Sima Zhao) ထံစာတစ်စောင်ရေးပို့ခဲ့သည်။
ပြီးနောက် သူ၏အမှုထမ်းတို့အား ခေါ်ခဲ့သည်။
"ဟန်ကျုံးမြို့အကာအကွယ်မလုပ်ထားသေးခင်မှာ
ကျုပ်က ရှောင်တခင်ဝင်တိုက်မလို့။ အောင်မြင်ရင်တော့ ကျုပ်တို့အတွက် မမှေးမှိန်သွားမယ့်ဂုဏ်သိန်ပဲဖြစ်တယ်။
ခင်ဗျားတို့တွေ ကျုပ်နောက်လိုက်မလား"
"ကျွန်တော်တို့တွေ
စစ်သူကြီးနောက်လိုက်ပြီး အမိန့်ကိုနာခံပါ့မယ်"
ထို့ကြောင့်
နောက်ဆုံးပြင်ဆင်စရာရှိသည်တို့ကိုပြင်ဆင်စေသည်။ "တန့်ကျုံး"(Deng Zhong)
သည် တပ်သားသုံးထောင်နှင့်အတူ ပထမဆုံးသွားကာ လမ်းတို့ကိုပြင်ဆင်ခဲ့သည်။ သူ၏တပ်သားတို့သည်
သံချပ်ကာဝတ်ဆင်ခြင်းမရှိသော်လည်း ပုဆိန်နှင့်တူးဖော်ရန်ကိရိယာတို့ကိုင်ဆောင်ထားကြသည်။
သူတို့၏တာဝန်မှာ လမ်းကိုညီညာစေရန်နှင့် တံတားများတည်ဆောက်ရန်ဖြစ်သည်။
ပြီးနောက် တပ်သားသုံးသောင်းတို့သည်
ရိက္ခာခြောက်နှင့်ကြိုးများသယ်လာကြသည်။ မိုင်တစ်ရာအကွာရောက်တိုင်းတွင် တပ်သားသုံးထောင်စီ
ကင်းချထားသည်။
ထိုနှစ် ဆောင်းဦးရာသီတွင်
ယင်းဖင်မှထွက်ခွာခဲ့ပြီး ဆယ်လပိုင်းတွင် ယင်းဖင်တောင်၏အမတ်စောက်ဆုံးနေရာသို့ရောက်လာခဲ့သည်။
သူတို့သည် မိုင်ပေါင်းနှစ်ရာ့ငါးဆယ်ခရီးကို နှစ်ဆယ့်ခုနစ်ရက်ကြာအောင် သွားခဲ့ရသည်။
သူတို့ရောက်ရှိနေသောနေရာတွင် လူသူမရှိပေ။ လမ်းတလျှောက်တွင် အစောင့်တပ်များထားရှိခဲ့သောကြောင့်
တပ်သားနှစ်ထောင်သာ ကျန်ရစ်တော့သည်။ သူတို့၏ရှေ့တွင် ကောင်းကင်ကမ်းပါးဟုအမည်ရှိသောတောင်ကြီးရှိပြီး
မည်သည့်မြင်းမှ မဖြတ်ကျော်နိုင်ပေ။ "တန့်အိုက်"(Deng Ai) သည် သူ့သား၏တပ်တို့အား ခြေလျင်တက်ကြည့်စေပြီးနောက် လမ်းဖောက်နိုင်ခြေရှိမရှိကြည့်ရှုခဲ့သည်။
တပ်သားအားလုံးတို့သည် ပင်ပန်းနေကြသောကြောင့် ငိုယိုခဲ့လေသည်။
"တန့်အိုက်"(Deng
Ai) မှ အဘယ်ကြောင့်ထိုသို့ဝမ်းနည်းရသည်ကိုမေးသောအခါ သားဖြစ်သူမှ
"အနောက်တောင်ဘက်မှာ
တောင်ကမ်းပါးကြီးတစ်ခုရှိပြီး အဲ့နေရာကိုဖြတ်သွားနိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ပင်ပန်းတာတွေ
အလဟဿဖြစ်ပြီဆိုပြီး ဝမ်းနည်းနေခဲ့တာပါ"
"တန့်အိုက်"(Deng
Ai) မှ
"ငါတို့လာခဲ့တာ
မိုင်ပေါင်းနှစ်ရာ့ငါးဆယ်ရှိပြီ။ ဒီကိုကျော်သွားတာနဲ့ ကျန်းယိုကိုရောက်ပြီ။ ငါတို့တွေပြန်လှည့်လို့မဖြစ်ဘူး။
ကျားဂူထဲကိုမဝင်ပဲနဲ့ ကျားပေါက်လေးတွေကိုဘယ်လိုဖမ်းနိုင်မလဲ? ကျုပ်တို့က ဒီတောင်ရောက်လာပြီဆိုတော့
ချန်တူးကိုသိမ်းပိုက်နိုင်တယ်ဆိုတဲ့စွမ်းဆောင်မှုကိုဆွတ်ခူးနိုင်မှာဖြစ်တယ်"
အားလုံးကလည်း
ဆက်သွားကြမည်ဟုပြောကြလေသည်။ ထို့ကြောင့် တောင်ကမ်းပါးပေါ်ရောက်လာသည်။ ပထမဆုံး လက်နက်တို့ကို
ပစ်ချလိုက်ပြီးနောက် ခေါင်းဆောင်မှ ကိုယ်ကိုစောင်ဖြင့်ပတ်ကာ အဖျားမှလိမ့်သွားခဲ့လေသည်။
စစ်သူကြီးတို့ကလည်း ထိုနည်းအတူလုပ်ဆောင်ကြသည်။ စောင်မပါလာခဲ့သည့်သူတို့က ခါးကိုကြိုးနှင့်သစ်ပင်ကိုချည်ကာ
တစ်ဦးပြီးတစ်ဦးဆင်းခဲ့ကြသောကြောင့် ကောင်းကင်ကမ်းပါးကိုကျော်ဖြတ်နိုင်ခဲ့လေသည်။ ထို့နောက်
သူတို့သည် သံချပ်ကာ၊ လက်နက်တို့ကိုပြန်သယ်ကာ ချီတက်ကြသည်။
သူတို့သည် လမ်းပေါ်တွင်
ကျောက်တုံးတစ်တုံးကိုမြင်တွေ့ခဲ့ပြီး ထိုကျောက်တုံးပေါ်မှစာမှာ အောက်ပါအတိုင်းဖြစ်၏။
'ဤစာမှာ ဝန်ကြီးချုပ်ကျူးကဲလျန့်(Zhuge
Liang) ထံမှ စာဖြစ်သည်။
မီးနှစ်မီးစတင်ခဲ့တာ
မကြာသေးသော်လည်း တပ်ကြီးက ဤအရပ်ကဖြတ်သွားလေသည်။ တပ်သားနှစ်ဦးယှဉ်ပြိုင်ကြပြီး မကြာမီတွင်ပင်
နှစ်ယောက်လုံးအသက်ဆုံးရ၏။'
(အဓိပ္ပာယ်မှာ
လျူမျိုးဆက်ကနှစ်ဆက်သာရှိပြီး မကြာခဲ့သေးပေမယ့် တပ်ကြီးက ဤအရပ်ကဖြတ်သွားလေသည်။ တန့်အိုက်(Deng
Ai) နှင့် ကျုံးဟွေ့(Zhong Hui) တို့ယှဉ်ပြိုင်ကာ မကြာမီတွင်ပင် အသက်ဆုံးရလတ္တံ့။)
"တန့်အိုက်"(Deng
Ai) သည် အံ့ဩသွားခဲ့သည်။ ထိုကျောက်တုံးကိုအရိုအသေပြုကာ "ကျူးကဲလျန့်"(Zhuge
Liang) ၏ဝိညာဉ်ကိုရည်စူးပြီး ရှိခိုးခဲ့သည်။
"အို၊
အမတ ကျုံးဝူအမတ်ကြီး၊ ကျွန်တော်ဟာ ခင်ဗျားရဲ့တပည့်မဖြစ်ခဲ့တာ ဝမ်းနည်းမိပါတယ်"
တခြားလူတို့မမြင်တွေ့ခဲ့ပဲ
တောင်ကိုဖြတ်ကျော်ခဲ့သော "တန့်အိုက်"(Deng Ai) သည် ဆက်လက်ချီတက်လေသည်။ မကြာမီဝယ်
လူသူမရှိသောစစ်စခန်းတစ်ခုသို့ရောက်လာခဲ့သည်။ ထိုနေရာသည် "ကျူးကဲလျန့်"(Zhuge
Liang) အသက်ရှင်စဉ်က ရန်သူတို့ရောက်လာမည်စိုး၍ တပ်သားတစ်ထောင်ထားခဲ့သော်လည်း ယခုအခါ
ဒုတိယဧကရာဇ်က ထိုစခန်းကို ပြန်လည်ရုတ်သိမ်းခဲ့လေသည်။ ထိုအကြောင်းကိုနားထောင်ပြီးနောက်
"တန့်အိုက်"(Deng Ai) က သက်ပြင်းချခဲ့သည်။ သူမှတပ်သားတို့အား
"အခုတော့
ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး၊ ပြန်လှည့်စရာလမ်းလည်း မရှိဘူး။ ခင်ဗျားတို့တွေရှေ့မှာ
ဂိုထောင်တွေပြည့်နေတဲ့ ကျန်းယိုရှိတယ်။ ရှေ့ဆက်သွားရင် အသက်ရှင်မှာဖြစ်ပြီး နောက်ဆုတ်ရင်
သေဆုံးရလိမ့်မယ်။ ခင်ဗျားတို့တွေ ခွန်အားကုန်သုံးပြီး တိုက်ကြပါ"
"ကျွန်တော်တို့
သူသေကိုယ်သေတိုက်ပါ့မယ်"
ခေါင်းဆောင်ဖြစ်သူသည်
ခြေလျင်လျှောက်ကာ တပ်သားနှစ်ထောင်ကို တပ်စုနှစ်စုခွဲပြီး ကျန်းယိုသို့ချီတက်လေသည်။
ကျန်းယိုကိုစောင့်ကြပ်သောစစ်သူကြီးမှာ
"မာမြောင်"(Ma Miao) ဖြစ်သည်။ အရှေ့ဘက်မြစ်ပြည်နယ်မှာ ရန်သူ့လက်ထဲကျသွားကြောင်းကို
သူကြားသိခဲ့ပြီးဖြစ်သည်။ ကာကွယ်မှုအတွက် ပြင်ဆင်ထားသော်လည်း သူတာဝန်ကျသည့်နေရာမှာ ကျယ်ပြန့်သောကြောင့်
စနစ်တကျလုပ်ဆောင်ရန် လိုအပ်ခဲ့သည်။ သို့သော်လည်း "ကျန်းဝေ"(Jiang Wei) သည်
ကျန့်မန်ခံတပ်ကိုစောင့်ရှောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် စစ်တပ်တာဝန်တို့ကိုကောင်းကောင်းလုပ်ဆောင်ခြင်းမရှိပဲ
နေ့စဉ်လုပ်ငန်းတို့ကိုသာလုပ်ပြီး အိမ်သို့ပြန်ပြီး မီးလှုံကာ အရက်သောက်နေခဲ့သည်။
သူ့ဇနီးမှာ
လီမိသားစုမှဖြစ်သည်။ ရှေ့တန်းစစ်မြေပြင်မှ အခြေအနေတို့ကိုသိသောအခါ သူမက ခင်ပွန်းအားပြောခဲ့သည်။
"နယ်စပ်မှာ
အန္တရာယ်တွေများနေခဲ့တာ ရှင်က ဘာကြောင့် ဘာမှမဖြစ်သလိုနေ,နေရတာလဲ"
"အဲ့ဒါက
ကျန်းဝေ(Jiang Wei) ရဲ့တာဝန်သာဖြစ်ပြီး ငါနဲ့မဆိုင်ဘူး"
"ဘာပဲဖြစ်ဖြစ်
ရှင်က နောက်ဆုံးမှာတော့ မြို့တော်ကိုကာကွယ်ရမှာမဟုတ်လား။ ဒါက တာဝန်ကြီးပဲ"
"အို၊
ဧကရာဇ်က သူယုံကြည်အားထားရတဲ့ ဟွမ်ဟောက်(Huang Hao) ကိုပဲ ပုံအပ်ထားပြီး အပျော်အပါးမက်နေတယ်မဟုတ်လား။
ဘေးဆိုးကြီးက နီးကပ်လာပြီ။ ဝေတပ်တွေ ဒီရောက်လာရင် ငါ လက်နက်ချလိုက်မယ်။ တာဝန်သိသိလုပ်ဆောင်နေလည်း
မထူးဘူး"
"ရှင်က
ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ရော ခေါ်နိုင်သေးလား? ဒီလောက်တောင် အကျင့်ယုတ်ပြီး သစ္စာဖောက်လိုတဲ့စိတ်ရှိနေတာ။
နှစ်ပေါင်းများစွာအမှုထမ်းခဲ့ပြီး လစာတွေယူထားတာက အလကားပဲလား? ရှင့်မျက်နှာကို ကျွန်မ
ဘယ်လိုကြည့်ရမလဲ"
"မာမြောင်"(Ma
Miao) သည် ရှက်သွားပြီး စကားပြန်မပြောခဲ့ပေ။ ထိုအချိန်ဝယ် အိမ်စေတို့ရောက်လာပြီး
"တန့်အိုက်"(Deng Ai) သည် တပ်သားနှစ်ထောင်နှင့်အတူ မြို့တွင်းသို့ချီတက်လာကြောင်း
အကြောင်းကြားခဲ့သည်။ "မာမြောင်"(Ma Miao) မှာ ထိတ်လန့်သွားခဲ့ပြီး ခေါင်းဆောင်ကိုသွားရှာကာ
လက်နက်ချခဲ့လေသည်။ သူသည် မြို့တော်ခန်းမသို့သွားပြီး လှေကားထစ်တွင် ဒူးထောက်ကာ
"ကျွန်တော်က
ဝေပြည်ထံမှာ လက်နက်ချချင်ခဲ့တာ ကြာပါပြီ။ အခု ကျွန်တော်ရော၊ ကျွန်တော့တပ်တွေရော၊ မြို့တစ်ခုလုံးရော
လက်နက်ချပါတယ်"
"တန့်အိုက်"(Deng
Ai) ကလည်း လက်ခံခဲ့ပြီး လက်နက်ချလာသည့်တပ်ကို သူ့တပ်ထဲရောဝင်စေခဲ့သည်။ ထို့နောက်
"မာမြောင်"(Ma Miao) ကို လမ်းပြအနေဖြင့် ခေါ်ခဲ့သည်။
ထိုအချိန်ဝယ်
အစေခံတစ်ဦးက သတင်းတစ်ခုလာပေးသည်။
"လီအမျိုးသမီးက
ကြိုးဆွဲချသေဆုံးသွားပါပြီ"
ထိုအမျိုးသမီးက
အဘယ်ကြောင့်သတ်သေရသည်ကို "တန့်အိုက်"(Deng Ai) မှမေးသောအခါ "မာမြောင်"(Ma
Miao) မှပြောပြခဲ့သည်။ "တန့်အိုက်"(Deng Ai) သည် ထိုအမျိုးသမီး၏ဖြောင့်မတ်မှုအပေါ်
လေးစားခဲ့ပြီး ကောင်းစွာသဂြိုဟ်ရန် အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင် ဈာပနကို တက်ရောက်ခဲ့လေသည်။
အားလုံးကလည်း ထိုအမျိုးသမီး၏အပြုအမူကို ချီးကျူးခဲ့ကြသည်။
ကျန်းယိုကိုအောင်နိုင်ပြီးသည်နှင့်
လမ်းတလျှောက်တွင် တပ်စွဲထားခဲ့သောတပ်စခန်းတို့ကိုပြန်လည်ရုတ်သိမ်းစေကာ မြို့ကိုဆုံမှတ်အဖြစ်
သတ်မှတ်ခဲ့သည်။ ပြီးနောက် ဖူချန်သို့ချီတက်လေသည်။
စစ်သူကြီး
"ထျန်းရွှီ"(Tian Xu) မှ ကန့်ကွက်ခဲ့သည်။
"ကျွန်တော်တို့တွေ
ခရီးရှည်ကြီးချီတက်လာတာတောင် မကြာသေးဘူး။ တပ်သားတွေကလည်း ပင်ပန်းနေပြီ။ ဒါကြောင့် ရက်အနည်းငယ်လောက်အနားယူသင့်တယ်"
"တန့်အိုက်"(Deng
Ai) မှ ဒေါသတကြီးပြန်တုန့်ပြန်ခဲ့သည်။
"စစ်ပွဲမှာ
လျင်မြန်မှုဆိုတာ အလွန်အရေးကြီးတယ်။ တပ်သားတွေမကျေမနပ်ဖြစ်အောင် အားပေးအားမြောက်လုပ်မနေနဲ့။
ဒါကိုကျုပ်ခွင့်ပြုမှာမဟုတ်ဘူး"
ထို့နောက်
"ထျန်းရွှီ"(Tian Xu) ကို သေဒဏ်ပေးစေသော်လည်း အမှုထမ်းများစွာက ကန့်ကွက်သောကြောင့်
အသက်ချမ်းသာပေးလိုက်သည်။ တပ်ကြီးသည် ဖူချန်သို့ဆက်လက်ချီတက်သည်။ သူတို့ရောက်သွားသည်နှင့်
"တန့်အိုက်"(Deng Ai) သည် ကောင်းကင်မှကျလာသည်ဟုမှတ်ထင်ပြီး အမှုထမ်းတို့က
လက်နက်ချခဲ့လေသည်။
လူအချို့က ထိုသတင်းကို
မြို့တော်သို့သတင်းပို့လေရာ ဒုတိယဧကရာဇ်မှာ တုန်လှုပ်သွားခဲ့သည်။ ထိုကြောင့် "ဟွမ်ဟောက်"(Huang
Hao) ကိုခေါ်ပြီး မေးမြန်းရာ မိန်းမစိုးမှ ထိုသတင်းကိုငြင်းပယ်ခဲ့သည်။
"ဒါ မဟုတ်မှန်တဲ့ကောလာဟလပဲဖြစ်ပါတယ်။
ဝိညာဉ်တွေဆိုရင် အရှင်မင်းကြီးကိုလိမ်ညာမှာမဟုတ်ဘူး"
ထို့ကြောင့်
ဒုတိယဧကရာဇ်က ပညာရှိအမျိုးသမီးကို နန်းတော်သို့ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ဆက်သားတို့ပြန်ရောက်လာပြီး
ထိုအမျိုးသမီးကို ရှာမတွေ့ကြောင်းပြောခဲ့လေသည်။ ယခုအခါ အရေးပေါ်သဝဏ်လွှာ၊ စာလွှာတို့သည်
နှင်းမုန်တိုင်းကဲ့သို့ ရောက်လာခဲ့သည်။ ဆက်သားတို့သည် ဝင်ဝင်ထွက်ထွက်ဖြင့် ရှိနေလေသည်။
ဒုတိယဧကရာဇ်မှ အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သော်လည်း မည်သူမျှအကြံမပေးနိုင်ခဲ့ပေ။ နန်းတွင်းအရာရှိတို့သည်
မှင်သက်ကာ တစ်ဦးမျက်နှာတစ်ဦးကြည့်နေခဲ့သည်။
နောက်ဆုံးတွင်
"ရှီးကျန့်"(Xi Zheng) မှပြောသည်။
"ဒီအခြေအနေဆိုးမှာ
အရှင်မင်းကြီးက ကျုံးဝူအမတ်ကြီးရဲ့သားကိုခေါ်ပြီး အကူအညီတောင်းသင့်ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) ၏သားနာမည်မှာ "ကျူးကဲကျန်း"(Zhuge Zhan) ဖြစ်ပြီး သူ့မိခင်မှာ ဟွမ်မိသားစုမှဖြစ်ကာ
"ဟွမ်ချန်ရန်"(Huang Chenyan) ၏သမီးဖြစ်သည်။ ဟွမ်အမျိုးသမီးမှာ တမူထူးခြားသူဖြစ်ပြီး
အရည်အချင်းရှိသူဖြစ်၏။ သူမသည် အရာရာကိုလေ့လာခဲ့သည်၊ ထိုလေ့လာမှုများတွင် စစ်ဗျူဟာနှင့်ပဉ္စလက်ပညာတို့လည်း
ပါဝင်ခဲ့သည်။ နန်ရန်တွင်နေထိုင်ခဲ့သော "ကျူးကဲလျန့်"(Zhuge Liang) သည် သူမကိုလက်ထပ်ခဲ့ခြင်းမှာ
သူမ၏ထူးချွန်မှုကာ နှစ်ဦးလုံးက အတူတူပညာလေ့လာခဲ့ကြသည်။ သူမသည်လည်း သူမခင်ပွန်းကွယ်လွန်ပြီးမကြာမီတွင်
တမလွန်သို့ကူးပြောင်းသွားခဲ့လေသည်။ သူမသည် သားဖြစ်သူအားပြောခဲ့သည် နောက်ဆုံးစကားတို့မှာ
'သစ္စာနှင့်သားသမီးကျင့်ဝတ်' သာဖြစ်သည်။
"ကျူးကဲကျန်း"(Zhuge
Zhan) သည် ငယ်စဉ်ကတည်းက ထူးချွန်သည်ဟုကျော်ကြားခဲ့ပြီး ဒုတိယဧကရာဇ်၏သမီးတော်နှင့် လက်ဆက်ခဲ့သည်။
ထို့ကြောင့် သူသည် သမက်တော်လည်းဖြစ်သည်။ သူ့ဖခင်၏ဝူရှန်သခင်ရာထူးသည်လည်း သူ့အားဆက်လက်ပေးအပ်ခဲ့ပြီး
ကျင်ယောက်စတုတ္ထနှစ် (အေဒီ ၂၆၂) တွင် စစ်သူကြီးရာထူးကို ရရှိခဲ့သည်။ သို့သော်လည်း မိန်းမစိုး
"ဟွမ်ဟောက်"(Huang Hao) မှ တိုင်းပြည်အုပ်ချုပ်မှုကိုခြယ်လှယ်လာသောအခါ သူသည်
ရာထူးမှနှုတ်ထွက်ခဲ့လေသည်။
ဒုတိယဧကရာဇ်သည်
အကြံပေးချက်အတိုင်း "ကျူးကဲကျန်း"(Zhuge Zhan) ကို နန်းတော်သို့ခေါ်ယူခဲ့ပြီး
ငိုယိုကာ
"တန့်အိုက်(Deng
Ai) က ဖူချန်ကိုသိမ်းသွားပြီ။ မြို့တော်က အခုအန္တရာယ်တွင်းထဲကျရောက်နေပြီ။ ခင်ဗျားဖခင်ရဲ့မျက်နှာနဲ့
ကျုပ်ကိုကူညီပါ"
"ကျွန်တော်နဲ့ကျွန်တော့အဖေဟာ
ပထမဧကရာဇ်နဲ့အရှင်မင်းကြီးတို့ရဲ့ကျေးဇူးတော်တွေကို လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုပေးဆပ်မှုမျိုးမဆို
လုပ်ဆောင်နိုင်ပါတယ်။ မြို့တော်မှာရှိတဲ့တပ်တွေကိုဦးဆောင်ဖို့ ကျွန်တော့ကိုတာဝန်ပေးပါ၊
ကျွန်တော် ရန်သူတွေကိုတိုက်ပါ့မယ်"
ထို့ကြောင့်
တပ်သားခုနစ်သောင်းကို "ကျူးကဲကျန်း"(Zhuge Zhan) ၏လက်အောက်တွင် ထားရှိစေသည်။
တပ်တို့ကိုစုစည်းပြီးနောက်
"ဘယ်သူက
ရှေ့ပြေးတပ်ကိုဦးဆောင်ဝံ့လဲ" ဟုမေးခဲ့သည်။ သားဖြစ်သူ "ကျူးကဲရှန်"(Zhuge
Shang) မှ ထွက်လာပြီး ထိုတာဝန်ကိုယူလိုကြောင်းပြောသည်။
"အဖေက
စစ်တပ်ကိုဦးဆောင်တော့ ကျွန်တော်က ရှေ့ပြေးတပ်ကိုတာဝန်ယူရမှာပေါ့"
"ကျူးကဲရှန်"(Zhuge
Shang) သည် ငယ်စဉ်ကတည်းက စစ်ဗျူဟာကျမ်းများကိုလေ့လာခဲ့ပြီး ကိုယ်ကာယလှုပ်ရှားမှုများလည်း
လုပ်ခဲ့သည်။ ထိုတာဝန်ကို ယူပြီးသည်နှင့် ချီတက်ကာ ရန်သူတို့ကိုရှာဖွေခဲ့သည်။
လက်နက်ချသွားခဲ့သောစစ်သူကြီး
"မာမြောင်"(Ma Miao) သည် နယ်ပယ်တစ်ခုလုံး၏မြေပုံကို "တန့်အိုက်"(Deng
Ai) အား ပေးခဲ့သည်။ ထိုမြေပုံအာဝင် ချန်တူးသို့သွားသည့် မိုင်ခြောက်ဆယ်ရှည်သောလမ်းလည်း
ပါဝင်သည်။ "တန့်အိုက်"(Deng Ai) သည် သူ့ရှေ့တွင်ရှိသောအခက်အခဲများကိုမြင်ပြီး
ချောက်ချားသွားခဲ့သည်။
"သူတို့တွေသာ
အရှေ့မှာ တောင်ကုန်းတွေကိုစောင့်ကြပ်နေမယ်ဆိုရင် ကျုပ် အောင်မြင်မှာမဟုတ်ဘူး။ ဒါကြောင့်လည်းဆိုတော့
ကျုပ်သာအမြန်မသိမ်းနိုင်ရင် ကျန်းဝေ(Jiang Wei) ရောက်လာမှာဖြစ်ပြီး ကျုပ်တပ်တွေဒုက္ခရောက်လိမ့်မယ်။
ကျုပ်တပ်တွေ လုံ့လစိုက်ပြီးဆက်သွားမှဖြစ်မယ်"
"ရှီကျွမ်း"(Shi
Zuan) နှင့် သားဖြစ်သူ "တန့်ကျုံး"(Deng Zhong) တို့ကိုခေါ်ပြီးနောက်
"တပ်တစ်တပ်ကိုဦးဆောင်ပြီး
မြန်ကျူမှာနေရာချပြီးတော့ ရှူတပ်တွေ ကျုပ်တို့ချီတက်မှုကို မဟန့်တားနိုင်အောင်လုပ်ပါ။
ကျုပ်က တတ်နိုင်သမျှအမြန်ဆုံးချီတက်လာမယ်။ ဒါပေမယ့် မြန်မြန်သွားပါ၊ ရန်သူတွေက မင်းတို့ကိုကြိုဟန့်တားနိုင်သွားခဲ့ရင်
မင်းတို့ကိုသေဒဏ်ပေးမယ်"
သို့နှင့် ထွက်ခွာသွားကြသည်။
မြန်ကျူအနားဝယ်
"ကျူးကဲကျန်း"(Zhuge Zhan) ၏တပ်ကိုတွေ့ခဲ့လေသည်။ နှစ်ဖက်လုံးက တိုက်ခိုက်ရန်
ပြင်ဆင်ထားကြသည်။ ရှူတပ်ကြီးသည် ရှစ်ထောင့်ဗျူဟာကိုခင်းကျင်းထားခဲ့သည်။ ဗုံသုံးချက်တီးပြီးနောက်ဝယ် ရန်သူ၏အလယ်ဗဟိုသည်ပွင့်သွားခဲ့ပြီး
ထိုအတွင်းမှလှည်းယာဉ်ပေါ်ထွက်လာကာ ထိုလှည်းပေါ်တွင် "ကျူးကဲလျန့်"(Zhuge
Liang) နှင့်ချွတ်စွတ်တူသောလူ ထိုင်နေသည်ကို "ရှီကျွမ်း"(Shi Zuan) နှင့်
"တန့်ကျုံး"(Deng Zhong) တို့မြင်တွေ့ခဲ့သည်။ တာအိုဝတ်စုံနှင့်ငှက်မွေးယပ်တောင်ကို
အားလုံးက သိကြသည်။ ထိုသို့ကိုင်ဆောင်သည်ကိုမြင်လျှင် ရာထူးမြင့်နာမည်တစ်ခုသာ ခေါင်းထဲပေါ်လာသည်။
၎င်းမှာ "ဟန်ပြည်ဝန်ကြီးချုပ် ကျူးကဲလျန့်(Zhuge Liang) ဖြစ်သည်။
ထိုမြင်ကွင်းကြောင့်
"တန့်ကျုံး"(Deng Zhong) နှင့် "ရှီကျွမ်း"(Shi Zuan) တို့ထိတ်လန့်သွားကြသည်။
ကြောက်လန့်မှုကြောင့် ချွေးစီးများကျလာပြီး တုံ့ဆိုင်းသွားခဲ့သည်။
"ကျူးကဲလျန့်(Zhuge
Liang) သာ အသက်ရှင်နေသေးရင် ကျုပ်တို့တွေတော့ သွားပြီပဲ"
သူတို့သည် တပ်ကိုဦးဆောင်ပြီး
ပြန်ဆုတ်ခဲ့လေသည်။ ရှူတပ်က လိုက်လံတိုက်ခိုက်လေရာ ဝေတပ်ကြီးသည် ခုနစ်မိုင်အကွာထိ တိမ်းရှောင်ခဲ့ရသည်။
တိုက်ခိုက်သူတို့သည် "တန့်အိုက်"(Deng Ai) ကိုမြင်သောအခါ ဆက်မလိုက်တော့ပဲ
ပြန်ဆုတ်သွားလေသည်။ "တန့်အိုက်"(Deng Ai) သည် စခန်းချပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့ကိုခေါ်ပြီး
မတိုက်ခိုက်ပဲပြန်ဆုတ်ခဲ့ခြင်းအပေါ် အပြစ်တင်ခဲ့သည်။
"တန့်ကျုံး"(Deng
Zhong) : "ကျွန်တော်တို့ ကျူးကဲလျန့်(Zhuge Liang) ကိုယ်တိုင် တပ်ကိုဦးဆောင်တာမြင်ခဲ့တယ်။
ဒါကြောင့် ထွက်ပြေးခဲ့တာ"
"သူတို့တွေ
ကျူးကဲလျန့်(Zhuge Liang) ကို အသက်ပြန်သွင်းနိုင်ရင်တောင် ကြောက်စရာလိုသေးလား? မင်းတို့တွေက
ဘာအကြောင်းမှမရှိပဲ ထွက်ပြေးခဲ့လို့ရှုံးနိမ့်တာဖြစ်တယ်။ နှစ်ယောက်လုံးကို သေဒဏ်ပေးသင့်တယ်"
သို့သော် ထိုသူနှစ်ဦးအသက်မဆုံးခဲ့ပေ။
အကြောင်းမှာ အမှုထမ်းတို့က ဝိုင်းဝန်းတောင်းပန်သောကြောင့် "တန့်အိုက်"(Deng
Ai) အမျက်ပြေသွားခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ထိုစဉ် ဆက်သားတို့ဝင်လာခဲ့ပြီး ရန်သူ့တပ်ခေါင်းဆောင်မှာ
"ကျူးကဲလျန့်"(Zhuge Liang) ၏သားဖြစ်ကြောင်း၊ ရန်သူတို့သည် ကွယ်လွန်သွားသောစစ်ဗျူဟာရှင်၏ရုပ်တုကို
လှည်းပေါ်တွင်ထားရှိခဲ့ခြင်းပြောကြောင်းပြောသည်။ "တန့်အိုက်"(Deng Ai) မှ
"တန့်ကျုံး"(Deng Zhong) နှင့် "ရှီကျွမ်း"(Shi Zuan) တို့အား
"ဒီအချိန်က
အရေးကြီးနေပြီ။ နောက်တိုက်ပွဲမှာရှုံးရင် အသက်ပါဆုံးရလိမ့်မယ်"
တပ်သားအင်အားတစ်သောင်းဖြင့်
နောက်တစ်ကြိမ်တိုက်ခိုက်ရန် ထွက်ခွာခဲ့သည်။ ဤအကြိမ်ဝယ် "ကျူးကဲရှန်"(Zhuge
Shang) ဦးဆောင်သောရှေ့ပြေးတပ်နှင့်ရင်ဆိုင်ရလေသည်။ "ကျူးကဲရှန်"(Zhuge
Shang) သည် တစ်ကိုယ်တည်း ရှေ့သို့ထွက်လာပြီး ဝေတပ်ခေါင်းဆောင်တို့ကို ရင်ဆိုင်လိုခဲ့သည်။
"ကျူးကဲကျန်း"(Zhuge
Zhan) ၏အမိန့်အောက်ဝယ် တောင်ပံတပ်နှစ်ခုတို့သည် ဝေတပ်ကိုစတင်တိုက်ခိုက်လေသည်။ ဝေဘက်မှ
ဗဟိုတပ်ထွက်လာပြီး ရင်ဆိုင်သည်။ တိုက်ပွဲဖြစ်ခဲ့ကြပြီး ဝေတပ်မှာ အဆုံးအရှုံးများစွာဖြင့်
ရင်ဆိုင်ရလေသည်။ "တန့်ကျုံး"(Deng Zhong) နှင့် "ရှီကျွမ်း"(Shi
Zuan) နှစ်ဦးလုံး ဒဏ်ရာအကြီးအကျယ်ရကာ ထွက်ပြေးရလေ၏။ ရှူတပ်တို့က အနောက်မှလိုက်တိုက်ရာ
ကျူးကျော်သူတို့သည် သူတို့စခန်းတွင်းသို့ပြန်ဝင်သွားခဲ့ရသည်။
"ရှီကျွမ်း"(Shi
Zuan) နှင့် "တန့်ကျုံး"(Deng Zhong) တို့သည် သူတို့အပြစ်ကိုဝန်ခံခဲ့လေသည်။
သို့သော်လည်း "တန့်အိုက်"(Deng Ai) မှ သူတို့နှစ်ဦးဒဏ်ရာရနေသည်ကိုမြင်သောအခါ
အပြစ်မတင်ခဲ့သလို ဒဏ်လည်းမပေးခဲ့ပေ။ သူ့အမှုထမ်းတို့အား
"ဒီ ကျူးကဲကျန်း(Zhuge
Zhan) က သူ့ဖခင်ရဲ့အစဉ်အလာအတိုင်းပဲ သူတို့တွေက ကျုပ်တို့တွေကို နှစ်ကြိမ်တိုင်တိုက်ခဲ့ပြီး
တပ်သားတွေအများကြီးကို သတ်ခဲ့တယ်။ ကျုပ်တို့တွေ သူတို့ကိုအလျင်အမြန်အနိုင်မယူရင်တော့
ကျုပ်တို့ရှုံးရလိမ့်မယ်"
စစ်တပ်စစ်ဆေးရေးအရာရှိ
"ချိုးပန်"(Qiu Ben) မှ
"သူတို့ခေါင်းဆောင်ကို
စာပို့ပြီး သိမ်းသွင်းကြည့်ပါလား"
"တန့်အိုက်"(Deng
Ai) မှ လက်ခံပြီး စာတစ်စောင်ရေးကာ ထိုစာကို ဆက်သားတစ်ဦး၏လက်ထဲထည့်လိုက်သည်။ ရှူတပ်စခန်း၏ဂိတ်စောင့်မှ
ဆက်သားကိုခေါ်ဆောင်ကာ "ကျူးကဲကျန်း"(Zhuge Zhan) နှင့်ပေးတွေ့ခဲ့သည်။
"ကျူးကဲကျန်း"(Zhuge Zhan) သည် စာကိုဖောက်ပြီး ဖတ်ရာစာပါအကြောင်းအရာတို့မှာ
အောက်ပါအတိုင်းဖြစ်သည်။
'အနောက်ဘက်ကိုကာကွယ်သောစစ်သူကြီး
တန့်အိုက်(Deng Ai) မှ ကိုယ်ရံတော်တပ်စစ်သူကြီးနှင့်စစ်ခေါင်းဆောင် ကျူးကဲကျန်း(Zhuge
Zhan) ထံပေးသောစာ ---
ကျွန်တော်ဟာ
ခင်ဗျားရဲ့တိုက်ခိုက်မှုအရည်အချင်းကိုလေ့လာကြည့်တဲ့အခါ ခင်ဗျားရဲ့ကြီးမြတ်တဲ့ဖခင်ကိုမယှဉ်နိုင်တာတွေ့မိတယ်။
သူက သူ့အိမ်လေးထဲကထွက်လာကတည်းက တိုင်းပြည်ကြီးဟာ သုံးချောင်းထောက်ခုံလောက်လိုဖြစ်လိမ့်မယ်လို့ပြောခဲ့တယ်။
သူက ကျင်ကျိုးနဲ့ ယီကျိုးတို့ကိုအောင်မြင်ခဲ့ပြီး နေရာတစ်ခုရလာစေတယ်။ သမိုင်းတလျှောက်မှာ
သူ့ကိုယှဉ်နိုင်သူဆိုတာ မရှိသလောက်ပဲ။ သူက ချီစန်းကနေ ခြောက်ကြိမ်စစ်ဆင်ရေးလုပ်ခဲ့ပြီး
သူမအောင်မြင်ခဲ့တာတွေဟာလည်း သူ့အရည်အချင်းမပြည့်ဝလို့မဟုတ်ပဲ ကောင်းကင်ရဲ့ဆန္ဒကိုမလွန်ဆန်နိုင်လို့သာဖြစ်တယ်။
အခု ဒုတိယဧကရာဇ်ဟာ
ပျော့ညံ့ပြီး ဆင်ခြင်တုံတရားမရှိဘူး။ ဘုရင့်အရှိန်အဝါဟာ ကုန်ခမ်းနေပြီ။ ကျုပ်ကတော့
ရှူကိုချေမှုန်းဖို့ ကောင်းကင်ရဲ့သားတော်အမိန့်နဲ့လာခဲ့တာဖြစ်တယ်။ ကျုပ်က ဒီမြေကိုပိုင်ဆိုင်ပြီးနှင့်ပြီ။
ခင်ဗျားတို့မြို့တော်ဟာ မကြာခင် ကျဆုံးသွားမှာပဲ။ ဒီတော့ ကောင်းကင်ရဲ့ဆန္ဒကို ဦးညွတ်ပြီး
လူတွေရဲ့တောင့်တမှုကိုရှေးရှုပြီးတော့ ကျုပ်တို့ဘက်ကို လာပါလား? ခင်ဗျားအတွက် လန်ရဲ့မင်းသားရာထူးရအောင်
လုပ်ပေးပါ့မယ်။ ခင်ဗျားရဲ့ဘိုးဘေးတွေဟာလည်း နာမည်ဂုဏ်ပိုကြီးလာမှာဖြစ်တယ်။ ခင်ဗျားသာ
ဒီအကြံပြုချက်ကို စဉ်းစားပေးမယ်ဆိုရင် ဒီစကားတွေဟာ အလကားမဖြစ်တော့ဘူး'
ဒီစာကြောင့်
"ကျူးကဲကျန်း"(Zhuge Zhan) သည် အလွန်တရာစိတ်ဆိုးကာ စာကိုဖျက်စီးပြီး ဆက်သားကို
သေဒဏ်ပေးစေသည်။ ထို့နောက် ဆက်သား၏ခေါင်းကို ဝေစခန်းသို့ယူဆောင်စေကာ "တန့်အိုက်"(Deng
Ai) ရှေ့မှောက်တွင် ပြစေ၏။
ထိုသို့စော်ကားခံရသောကြောင့်
"တန့်အိုက်"(Deng Ai) သည် ဒေါသထွက်ပြီး ချက်ချင်း စစ်ချီတက်လိုသည်။ သို့သော်
"ချိုးပန်"(Qiu Ben) မှ တားခဲ့သည်။
"ထွက်ပြီးမတိုက်ပါနဲ့။
သူမမျှော်လင့်တာလုပ်ပြီး အနိုင်ယူပါ"
ထို့ကြောင့်
"တန့်အိုက်"(Deng Ai) မှ အစီအစဉ်ဆွဲလေသည်။ ထျန်းစွေမြို့စား "ဝမ်ချီ"(Wang
Qi) နှင့် လုံရှီးမြို့စား "ချန်ဟုန်"(Qian Hong) တို့ကို အနောက်ဘက်တွင်
ပုန်းအောင်းနေစေပြီး သူက ပင်မတပ်ကိုဦးဆောင်ခဲ့သည်။
"ကျူးကဲကျန်း"(Zhuge
Zhan) သည်လည်း ထိုအနီးတွင်ရှိနေခဲ့ပြီး ရန်သူတို့လာသည်ကိုကြားသောအခါ အလျင်အမြန်ထွက်ကာ
တိုက်ခိုက်ခဲ့သည်။ "တန့်အိုက်"(Deng
Ai) သည် ရှုံးနိမ့်သွားသယောင်ဖြင့် ထွက်ပြေးခဲ့ပြီး "တန့်အိုက်"(Deng
Ai) ကို မြားခေါ်ခဲ့သည်။ အသင့်စောင့်နေသည့်သူတို့မှထွက်လာပြီး ရှူတပ်ကိုတိုက်ခိုက်လေရာ
ရှူတပ်မှာ ရှုံးနိမ့်ခဲ့ပြီး မြန်ကျူသို့ထွက်ပြေးရသည်။ ထို့ကြောင့် "တန့်အိုက်"(Deng
Ai) သည် မြန်ကျူကိုဝိုင်းထားသည်။ ဝေတပ်တို့သည် မြို့ပြင်မှအော်ဟစ်ကာ သေချာစောင့်ကြည့်ခဲ့ပြီး
ခုခံသူတို့အား သံစည်ပိုင်းထဲရောက်နေသကဲ့သို့ ဝိုင်းထားခဲ့သည်။
"ကျူးကဲကျန်း"(Zhuge
Zhan) သည် အပြင်မှစစ်ကူလည်း လာနိုင်ခြေမရှိသောကြောင့် မျှော်လင့်ချက်မဲ့နေသည်။ ထို့ကြောင့်
အရှေ့ဝူမှစစ်ကူတောင်းရန် စာရေးပြီး ထိုစာကို "ဖုံဟဲ"(Peng He) အား ပေးလိုက်သည်။
"ဖုံဟဲ"(Peng He) သည် ရန်သူတို့ထံမှဖောက်ထွက်ပြီး ဝူပြည်သို့ရောက်လာကာ ဝူဘုရင်
"စွန်းရှို့"(Sun Xiu) နှင့်တွေ့ခဲ့သည်။ ထို့နောက် "ကျူးကဲကျန်း"(Zhuge
Zhan) ၏စာကိုပေးကာ စစ်ကူအလျင်အမြန်လိုအပ်ကြောင်းပြောသည်။
ဝူဘုရင်မှ အမှုထမ်းတို့ကိုစည်းဝေးပြီး
"ရှူနယ်က
ဒုက္ခရောက်နေတာ။ ကျုပ်က ဒီအတိုင်းထိုင်ကြည့်နေလို့မဖြစ်ဘူး" ဟုပြောဆိုပြီး တပ်သားငါးသောင်းလွှတ်ရန်
ဆုံးဖြတ်လိုက်သည်။ ထိုတပ်ကို ဝါရင့်စစ်သူကြီး "တင်းဖုန်း"(Ding Feng) ဦးဆောင်ပြီး
"စွန်းယီ"(Sun Yi) ၊ "တင်းဖန်"(Ding Fung) တို့က လက်ထောက်အဖြစ်ပါဝင်ခဲ့သည်။
အမိန့်တော်ကိုလက်ခံရရှိပြီးနောက် "တင်းဖုန်း"(Ding Feng) သည် သူ့စစ်သူကြီးတို့အား
တပ်သားနှစ်သောင်းနှင့်အတူ မြန်ကျူသို့အလျင်စေလွှတ်ခဲ့သည်။ သူကိုယ်တိုင်မှာမူ တပ်သားသုံးသောင်းဖြင့်
ရှိုချွန်းသို့ချီတက်လေသည်။ တပ်ကြီးသည် သုံးခုခွဲကာ ချီတက်ခဲ့သည်။
မြန်ကျူမြို့တွင်
"ကျူးကဲကျန်း"(Zhuge Zhan) သည် စစ်ကူတို့ကိုမျှော်နေခဲ့သော်လည်း ရောက်မလာခဲ့ပေ။
နှောင့်နှေးကြန့်ကြာမှုကြောင့် စိတ်ပျက်ခဲ့ပြီး သူ့စစ်သူကြီးတို့အား
"ဒီလောက်ရေရှည်ခုခံမှုက
အလကားပဲ။ ကျုပ် တိုက်ခိုက်မှဖြစ်မယ်"
သားဖြစ်သူ
"ကျူးကဲရှန်"(Zhuge Shang) နှင့် အကြံပေး "ကျန်းကျွန်း"(Zhang
Zun) {ကျန်းဖေး၏မြေး} တို့ကိုမြို့ထဲတွင်ထားကာ "ကျူးကဲကျန်း"(Zhuge
Zhan) သည် သံချပ်ကာကိုဝတ်ဆင်ပြီး တပ်သားသုံးထောင်နှင့်အတူ မြို့ပြင်သို့ထွက်လာသည်။
ရန်သူတို့ထွက်လာသည်ကိုမြင်သောအခါ "တန့်အိုက်"(Deng Ai) မှဆုတ်ခွာသွားလေသည်။
"ကျူးကဲကျန်း"(Zhuge Zhan) ကလည်း "တန့်အိုက်"(Deng Ai) တကယ်ဆုတ်ခွာသွားသည်ထင်သောကြောင့်
အနောက်မှ တရကြမ်းလိုက်ခဲ့သည်။ သို့သော်လည်း ကင်းပုန်းတို့ရှိနေခဲ့ပြီး မကြာမီတွင်ပင်
အခွံမာအသီးထဲမှအဆံကဲ့သို့ဝန်းရံခံခဲ့ရသည်။ သူသည် ဘယ်ညာတို့ကိုတိုက်ခဲ့သော်လည်း အချည်းနှီးပင်။
သူ့တပ်သားတို့သည် ကျရောက်လာသောမြားတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ မကြာမီတွင်ပင်
"ကျူးကဲကျန်း"(Zhuge Zhan) သည်လည်း ဒဏ်ရာရပြီး လဲကျသွားသည်။
"ကျုပ်တော့
သွားပြီ။ ဒါပေမယ့် ကျုပ်သေဆုံးသွားရင်လည်း ကျုပ်တာဝန်ကိုဆက်ထမ်းမှာဖြစ်တယ်"
ထို့နောက် ဓားကိုကိုင်ကာ
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်သည်။
မြို့ရိုးပေါ်မှ
"ကျူးကဲရှန်"(Zhuge Shang) သည် ဖခင်သေဆုံးသွားသည်ကိုမြင်လေသော် သံချပ်ကာကိုဝတ်ကာ
ထွက်ပြီးတိုက်လို၏။ သို့သော် "ကျန်းကျွန်း"(Zhang Zun) မှ
"တပ်မှူးလေး၊
ချက်ချင်းမထွက်သွားပါနဲ့"
"ကျုပ်နဲ့ကျုပ်အဖေရော၊
ကျုပ်မိသားစုတွေရောဟာ တိုင်းပြည်ရဲ့ကျွေးမွေးစောင့်ရှောက်မှုကိုလက်ခံထားခဲ့တာ။ ကျုပ်အဖေက
ရန်သူတွေကြောင့် တိုက်ပွဲမှာကျသွားပြီ။ ကျုပ်က အသက်ရှင်နိုင်ဦးမလား"
ထို့နောက် မြင်းကိုကြာပွတ်ဖြင့်ရိုက်ပြီး
ရန်သူကြားထဲသို့ဝင်လေရာ အသက်ဆုံးခဲ့လေသည်။
ထိုသားအဖနှစ်ဦးတို့၏သစ္စာရှိမှုကိုလေးစားသောကြောင့်
"တန့်အိုက်"(Deng Ai) မှ ကောင်းစွာသဂြိုဟ်ခဲ့လေသည်။ ထို့နောက် မြို့ကို အပြင်းအထန်တိုက်ခဲ့သည်။
"ကျန်းကျွန်း"(Zhang Zun) ၊ "ဟွမ်ချုံး"(Huang Chong) နှင့်
"လီချို"(Li Qiu) တို့သည် မြို့ကိုကြိုးစားပမ်းစားကာကွယ်ခဲ့ကြသော်လည်း အင်အားမညီမျှသောကြောင့်
ရှုံးနိမ့်ခဲ့ရပြီး ရန်သူ့ဓားအောက်တွင် အသက်ဆုံးခဲ့ကြသည်။ ကာကွယ်သူတို့ကိုအနိုင်ယူပြီးနောက်
အောင်နိုင်သူ "တန့်အိုက်"(Deng Ai) သည် မြို့တွင်းသို့ဝင်ခဲ့သည်။ သူ့တပ်သားတို့ကို
ဆုလာဘ်များပေးပြီး ချန်တူးသို့ ချီတက်လေ၏။
Comments