သုံးနိုင်ငံခေတ်(၁၁၂)


အခန်း(၁၁၂) "ယွီချွမ်"(Yu Quan) သည် အသက်စွန့်ကာ ရှိုချွန်းကိုကာကွယ်ခဲ့ခြင်း။
ချန်ချန်းကိုတိုက်ခိုက်ရန် "ကျန်းဝေ"(Jiang Wei) စစ်စည်းရုံးခြင်း။

ရန်သူတို့လာတိုက်မည်ဟုသတင်းကြားသောအခါ "စီးမာကျောင်း"(Sima Zhao) သည် အကြံပေးများဖြစ်သော "ဖေရှို့"(Pei Xiu) နှင့် "ကျုံးဟွေ့"(Zhong Hui) တို့ကိုခေါ်ကာ တိုင်ပင်ခဲ့သည်။
"ကျုံးဟွေ့"(Zhong Hui) : "ဝူတပ်ကြီးက ကျွန်တော်တို့ရန်သူတွေကိုကူညီနေတာဟာ အကျိုးအမြတ်ရချင်လို့ပဲဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့က အဲ့ထက်များတဲ့ပမာဏနဲ့သိမ်းသွင်းရမယ်"
"စီးမာကျောင်း"(Sima Zhao) ကလည်း သဘောတူကာ ထိုအစီအစဉ်ကိုအကောင်အထည်ဖော်စေသည်။ "ရှီပေါက်"(Shi Bao) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ကို ရှီတို့အနီးတဝိုက်သို့လွှတ်ပြီး ကင်းပုန်းများချထားစေသည်။ "စီးမာကျောင်း"(Sima Zhao) ၏အမိန့်အရ "ဝမ်ကျိ"(Wang Ji) နှင့် "ချန်ချန်း"(Chen Qian) တို့သည် နောက်တန်းကိုတာဝန်ယူသည်။ "ချန်ကျွန်း"(Chen Jun) သည် လှည်းပေါင်းများစွာနှင့်အတူ နွားများ၊ မြင်းများ၊ မြည်းများနှင့် စစ်ရိက္ခာများကိုသယ်ဆောင်ကာ စစ်တပ်နှင့်ပူးပေါင်းခဲ့သည်။ စစ်ပွဲစသည်နှင့် ထိုလှည်းတို့ကိုလွှတ်ပေးပြီး ရန်သူတို့တိုက်ခိုက်အောင်လုပ်မည်ဖြစ်သည်။

"ကျူးကဲတန့်"(Zhuge Dan) သည် ဗဟိုတပ်ကိုဦးဆောင်ခဲ့ပြီး "ကျူးယီ"(Zhu Yi) နှင့် "ဝန်ချင်"(Wen Qin) တို့က လက်ဝဲ၊ လက်ယာတပ်တို့ကိုဦးဆောင်လေသည်။ စစ်တပ်တို့ခင်းကျင်းထားပြီးနောက် ရန်သူတို့ကိုလှမ်းကြည့်လေရာ ဝေတပ်ကြီး၏အလယ်တွင် သယ်ယူပို့ဆောင်သည့်လှည်းများသည် ဖြစ်ကတတ်ဆန်းနေရာချထားသည်ကိုမြင်သောကြောင့် "ကျူးကဲတန့်"(Zhuge Dan) အံ့အားသင့်သွားသည်။ ထို့နောက် သူ့တပ်တို့ကိုတိုက်ခိုက်စေရာ တဖက်မှ "ချန်ကျူ"(Cheng Zu) သည် မှာကြားထားသည့်အတိုင်း တပ်ဆုတ်သွားကာ များပြားသော လှည်းတို့ကိုပစ်ထားခဲ့သည်။ ဝူတပ်သားတို့သည် ထိုအရာတို့ကိုမြင်သောအခါ တိုက်ခိုက်လိုစိတ်မရှိတော့ပဲ ရန်သူတို့ကျန်ရစ်ခဲ့သည်များကို လူစုဖြန့်ကာသိမ်းဆည်းကြလေသည်။
ထိုသို့အလုပ်ရှုပ်နေကြစဉ် ဘယ်ညာနှစ်ဖက်မှ ပေါက်ကွဲသံတို့နှင့်အတူ "ရှီပေါက်"(Shi Bao) နှင့် "ကျိုးထိုက်"(Zhou Tai) တို့၏တပ်ပေါ်လာခဲ့သည်။

"ကျူးကဲတန့်"(Zhuge Dan) သည် တပ်ပြန်ဆုတ်ရန်ကြိုးစားခဲ့သော်လည်း "ဝမ်ကျိ"(Wang Ji) နှင့် "ချန်ချန်း"(Chen Qian) တို့တပ်ပါ ပေါ်လာသောကြောင့် အကြီးအကျယ်ရှုံးနိမ့်ခဲ့လေသည်။ ထို့နောက် "စီးမာကျောင်း"(Sima Zhao) ၏တပ်လည်း ပေါ်လာခဲ့ရာ "ကျူးကဲတန့်"(Zhuge Dan) သည် ရှိုချွန်းသို့ထွက်ပြေးပြီး မြို့တံခါးကိုပိတ်ခဲ့လေသည်။ ဝေတပ်ကြီးသည် မြို့ကိုဝန်းရံခဲ့ပြီး ဝူတပ်တို့မှာ အန်းဖုန်းတွင်စခန်းချထားသည်။ ဝေဧကရာဇ် "ချောင်မောင်"(Cao Mao) သည် ရှန်းချန်တွင်ရှိနေသည်။
"ကျုံးဟွေ့"(Zhong Hui) : "ကျူးကဲတန့်(Zhuge Dan) ကစစ်ရှုံးသွားပေမယ့် သူပုန်းခိုနေတဲ့မြို့ဟာ ရိက္ခာတွေအလုံအလောက်ရှိပြီး သူ့မဟာမိတ် ဝူတွေကလည်း အနီးအနားမှာရှိနေတယ်။ သူ့အခြေအနေက ခိုင်မာနေဆဲပဲ။ ကျွန်တော်တို့တပ်တွေက သူတို့ကိုဝိုင်းထားတော့ သူတို့တွေမြို့ထဲကနေခုခံရင်ခုခံ၊ ဒါမှမဟုတ် အပြင်ထွက်လာပြီး တိုက်ရင်တိုက်လိမ့်မယ်။ သူတို့မဟာမိတ်တွေကလည်း တစ်ချိန်တည်းမှာတိုက်မယ်ဆို ကျွန်တော်တို့အရေးမလှနိုင်ဘူး။ ဒါကြောင့် သုံးထောင့်ကနေပဲ တိုက်ခိုက်မှုကိုလုပ်ပြီး သူတို့တွေထွက်ပြေးနိုင်အောင် တောင်ဘက်တံခါးကိုလွှတ်ပေးထားသင့်တယ်။ သူတို့တွေပြေးသွားရင်တော့ ကျွန်တော်တို့နောက်ကလိုက်ပြီး တိုက်နိုင်မယ်။ ဝူတပ်တွေကတော့ ရိက္ခာတွေအများကြီးမရှိတော့ မြင်းတပ်တွေကို နောက်ကျောဘက်စေလွှတ်မယ်ဆိုရင် တိုက်ပွဲကြီးကြီးမားမားတိုက်စရာမလိုပဲ သူတို့တွေကိုဟန့်ထားနိုင်မှာဖြစ်တယ်"

"စီးမာကျောင်း"(Sima Zhao) မှ အကြံပေး၏ကျောကိုပုတ်ကာ
"ခင်ဗျားက ကျုပ်ရဲ့ကျန်းလျန့်(Zhang Liang) ပဲ၊ ခင်ဗျားအကြံကောင်းတယ်" ဟုပြောခဲ့သည်။
ထို့ကြောင့် တောင်ဘက်တံခါးတွင်ရှိသော "ဝမ်ကျိ"(Wang Ji) ကိုဆုတ်ခွာစေသည်။ အန်းဖုန်းတွင်ရှိသောဝူတပ်သည် အောင်မြင်မှုရရန် စိတ်အားထက်သန်နေခဲ့သည်။
"စွန်းချန်"(Sun Chen) မှ သူ၏စစ်သူကြီး "ကျူးယီ"(Zhu Yi) အား
"ကျုပ်တို့တွေ ရှိုချွန်းကိုတောင်မကူနိုင်ဘူးဆိုရင် အလယ်ပိုင်းဒေသကိုဘယ်လိုသိမ်းနိုင်မတုန်း? အခု ခင်ဗျား ဒီတိုက်ပွဲမှာအောင်မြင်မှုရမှဖြစ်မယ်။ နောက်တစ်ကြိမ်ရှုံးနိမ့်ရင်တော့ သေဆုံးရမှာပဲ"

"ကျူးယီ"(Zhu Yi) သည် စခန်းသို့ပြန်သွားပြီး "ယွီချွမ်"(Yu Quan) ကိုပြောပြခဲ့သည်။
"ယွီချွမ်"(Yu Quan) : "ရှိုချွန်းရဲ့တောင်တံခါးက လစ်ဟာနေတယ်။ ဒီတော့ ကျွန်တော်က တပ်ကိုဦးဆောင်ပြီး ကျူးကဲတန့်(Zhuge Dan) ကိုသွားကူမယ်။ ခင်ဗျားက တခြားတစ်ဖက်ကနေ ဝေတပ်ကိုစိန်ခေါ်ပါ။ ကျွန်တော်တို့မြို့ထဲကထွက်လာပြီး အဲ့ဖက်ကတိုက်ကြမယ်"
"ကျူးယီ"(Zhu Yi) သည် ထိုအကြံကောင်းမွန်သည်ဟုတွေးခဲ့သည်။ "ချွမ်ယီ"(Quan Yi) ၊ "ချွမ်တွမ့်"(Quan Duan) နှင့် "ဝန်ချင်"(Wen Qin) တို့သည် မြို့ထဲသို့ဝင်ပြီးနောက် ပူးပေါင်းပြီးတိုက်ခိုက်လိုကြသည်။ ဝေစစ်သူကြီးတို့၏ဟန့်တားမှုကိုမခံရသောကြောင့် သူတို့အားလုံး မြို့တွင်းသို့ဝင်နိုင်ခဲ့သည်။
ထိုအကြောင်းကို "စီးမာကျောင်း"(Sima Zhao) မှကြားသိလေရာ
"ဒါ ကျုပ်တို့တပ်ကို ရှေ့နောက်နှစ်ဖက်ကတိုက်ဖို့ကြံစည်နေတာပဲ" ဟုကောက်ချက်ချသည်။

ပြီးနောက် "ဝမ်ကျိ"(Wang Ji) နှင့် "ချန်ချန်း"(Chen Qian) တို့ကိုခေါ်ခဲ့ပြီး တပ်သားငါးထောင်နှင့်အတူ "ကျူးယီ"(Zhu Yi) လာမည့်လမ်းမှစောင့်နေစေကာ ရန်သူ့နောက်ကျောမှတိုက်စေ၏။ "ကျူးယီ"(Zhu Yi) သည် မြို့ဘက်သို့ချီတက်လာခဲ့သည်။ သူ့နောက်ကျောမှအော်ဟစ်သံများကြားလိုက်ရပြီး "ဝမ်ကျိ"(Wang Ji) နှင့် "ချန်ချန်း"(Chen Qian) တို့သည် ကြားညှပ်ကာတိုက်ခဲ့သည်။ ဝူတပ်ကြီးသည်ရှုံးနိမ့်သွားသောကြောင့် အန်းဖုန်းသို့ပြန်ဆုတ်သွားရသည်။
ထိုရှုံးနိမ့်မှုအကြောင်းကို "စွန်းချန်"(Sun Chen) ကြားသိရသောအခါ ဒေါသထွက်သွားလေသည်။
"အမြဲတမ်းရှုံးနေတဲ့ခေါင်းဆောင်တွေကိုထား,ထားပြီး ဘာလုပ်မှာလဲ"
ထို့နောက် "ကျူးယီ"(Zhu Yi) ကိုသေဒဏ်ပေးလိုက်သည်။ ထို့နောက် "ချွမ်တွမ့်"(Quan Duan) ၏သားဖြစ်သူ "ချွမ်ဝေ"(Quan Wei) ကိုကြိမ်းမောင်းခဲ့သည်။
"ဒီဝေတပ်ကြီးကိုမတိုက်ထုတ်နိုင်ရင် မင်းကော၊ မင်းအဖေရဲ့မျက်နှာရောမမြင်ချင်တော့ဘူး"
ထို့နောက် "စွန်းချန်"(Sun Chen) သည် ကျန်းရဲ့သို့ ပြန်သွားလေ၏။

ထိုအကြောင်းကို ဝေတပ်စခန်းမှကြားသိသောအခါ "ကျုံးဟွေ့"(Zhong Hui) မှ ခေါင်းဆောင်ဖြစ်သူကိုပြောသည်။
"အခု စွန်းချန်(Sun Chen) လည်း သွားပြီဆိုတော့ ရှိုချွန်းမြို့ကိုတိုက်နိုင်ပြီ။ မြို့တွင်းကလူတွေကိုကူမယ့်လူမရှိတော့ဘူး"
ထို့ကြောင့် မြို့ကိုပြင်းပြင်းထန်ထန်တိုက်လေသည်။ "ချွမ်ဝေ"(Quan Wei) သည် ရန်သူတို့ကိုထိုးဖောက်ပြီး မြို့တွင်းသို့ဝင်နိုင်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့သော်ကြောင့် လက်လျှော့လိုက်ပြီး "စီးမာကျောင်း"(Sima Zhao) ထံတွင် လက်နက်ချခဲ့သည်။ သူ့ကိုကောင်းမွန်စွာဆက်ဆံခဲ့ပြီး စစ်သူကြီးရာထူးပေးခဲ့လေသည်။
ထိုသို့ကြင်နာစွာဆက်ဆံခြင်းခံရသောကြောင့် "ချွမ်ဝေ"(Quan Wei) သည် သူ့ဖခင် "ချွမ်တွမ့်"(Quan Duan) နှင့် ဦးလေး "ချွမ်ယီ"(Quan Yi) တို့အား စာရေးပြီး သူ့ဆီလာရန်ပြောခဲ့သည်။ သူသည် စာကိုမြားတွင်ချိတ်ကာ မြို့တံတိုင်းဆီသို့ပစ်ခဲ့သည်။ "ချွမ်ယီ"(Quan Yi) မှ ထိုစာကိုဖတ်ပြီးနောက် "ချွမ်တွမ့်"(Quan Duan) အပါအဝင် တပ်သားသုံးလေးထောင်နှင့်အတူထွက်လာကာ လက်နက်ချခဲ့သည်။

မြို့အတွင်းတွင်ရှိသော "ကျူးကဲတန့်"(Zhuge Dan) သည် စိတ်မကောင်းဖြစ်နေခဲ့သည်။ အကြံပေးများဖြစ်သည့် "ကျန်းပန်"(Jiang Ban) နှင့် "ကျောင်းယီ"(Jiao Yi) တို့ရောက်လာကာ စကားဆိုသည်။
"မြို့ထဲမှာ ရိက္ခာတွေမလုံလောက်တော့ဘူး။ တပ်တွေကများတော့ အကြာကြီးခံမှာမဟုတ်ဘူး။ စစ်သူကြီးက ဝူတပ်တွေကိုအပြင်ထွက်စေပြီး ဝေနဲ့တိုက်ပွဲကြီးတိုက်စေသင့်ပါတယ်"
"ကျူးကဲတန့်"(Zhuge Dan) မှ ဒေါသထွက်သွားလေသည်။
"ကျုပ်က နောက်ဆုံးချိန်ထိတောင့်ခံထားမလို့ကို ခင်ဗျားတို့က ဘာလို့တိုက်ဖို့ပြောနေရတာလဲ? နောက်ထပ်ပြောရင် ခင်ဗျားတို့ကိုသစ္စာဖောက်အနေနဲ့သတ်ရမယ်"

သူတို့သည် ထွက်သွားကာ
"သူတို့လမ်းပျောက်သွားခဲ့ပြီ။ ကျုပ်တို့တွေလက်နက်ချရုံကလွဲပြီး လုပ်စရာမရှိတော့ဘူး။ အဲ့လိုမှမဟုတ်ရင် ကျုပ်တို့တွေသေဆုံးရလိမ့်မယ်" ဟုပြောခဲ့ကြသည်။
ထိုညဝယ် "ကျန်းပန်"(Jiang Ban) နှင့် "ကျောင်းယီ"(Jiao Yi) တို့သည် တံတိုင်းအပြင်ထွက်ကာ လက်နက်ချခဲ့သည်။ နှစ်ဦးလုံးကို ဝေဘက်မှအမှုထမ်းအဖြစ် ခန့်အပ်ခဲ့သည်။ မြို့တွင်ကျန်ရစ်ခဲ့သောလူအချို့သည် တိုက်ခိုက်လိုကြသည်၊ သို့သော် မည်သူမျှထုတ်မပြောဝံ့ပေ။
 ဝေတပ်တို့သည် ဟွိုင်မြစ်ရေကြီးလာသည့်အခါ ကာကွယ်ရန် မြေတံတိုင်းများဆောက်လုပ်နေကြသည်ကို "ကျူးကဲတန့်"(Zhuge Dan) မှတွေ့လိုက်သည်။ မြစ်ရေသည် ရန်သူတို့ဆောက်ထားသောတံတိုင်းကိုဖြိုဖျက်နိုင်လိမ့်မည်ဟု "ကျူးကဲတန့်"(Zhuge Dan) မျှော်လင့်ထားခဲ့၏။ သို့သော် ထိုဆောင်းဦးရာသီမှာခြောက်သွေ့ခဲ့ပြီး မြစ်ရေမတက်ခဲ့ပေ။

မြို့တွင်းရှိရိက္ခာတို့သည် တဖြည်းဖြည်းလျှော့နည်းလာပြီး အစာပြတ်လပ်ခဲ့သည်။ "ဝန်ချင်"(Wen Qin) နှင့်သားနှစ်ဦးတို့သည် ရဲတိုက်ကြီးကိုစောင့်ကြပ်နေခဲ့ကြပြီး စစ်သည်တို့ငတ်မွတ်သောကြောင့် တစ်ဦးပြီးတစ်ဦးလဲကုန်သည်ကို မြင်ခဲ့ရသည်။ "ဝန်ချင်"(Wen Qin) မှ "ကျူးကဲတန့်"(Zhuge Dan) ထံသွားပြီး အကြံပေးသည်။
"စားနပ်ရိက္ခာချွေတာဖို့အတွက် မြောက်ပိုင်းတပ်တွေကိုလွှတ်လိုက်သင့်တယ်"
ထိုစကားကြောင့် "ကျူးကဲတန့်"(Zhuge Dan) ဒေါပွသွားလေ၏။
"မြောက်ပိုင်းတပ်တွေလွှတ်လိုက်တာက ခင်ဗျားကျုပ်ကိုသေစေချင်လို့လား"

"ကျူးကဲတန့်"(Zhuge Dan) မှ "ဝန်ချင်"(Wen Qin) ကိုကွပ်မျက်စေခဲ့သည်။ ဖခင်ဖြစ်သူသေဆုံးသွားသောကြောင့် "ဝန်ရန်"(Wen Yang) နှင့် "ဝန်ဟူ"(Wen Hu) တို့ဒေါသထွက်ပြီး ဓားတိုများကိုကိုင်ကာ တွေ့သမျှလူတို့ကို သတ်ခဲ့လေသည်။ ထို့နောက် မြို့တံခါးကိုချလိုက်ပြီး ဝေတပ်စခန်းထံသို့ သွားရောက်ခိုလှုံခဲ့သည်။
သို့သော် "ဝန်ရန်"(Wen Yang) သည် "စီးမာကျောင်း"(Sima Zhao) ၏တပ်ကိုသတ်ခဲ့သည့်အပေါ် "စီးမာကျောင်း"(Sima Zhao) က မမေ့သေးပေ။ ထို့ကြောင့် "ဝန်ရန်"(Wen Yang) ကိုသေဒဏ်ပေးမည်ပြု၏။ သို့သော် "ကျုံးဟွေ့"(Zhong Hui) မှတားမြစ်ခဲ့သည်။
"တကယ်ပုန်ကန်ခဲ့သူဟာ သူ့ဖခင် ဝန်ချင်(Wen Qin) ဖြစ်ပါတယ်။ သူသေဆုံးသွားပြီဆိုတော့ သူတို့ကခိုကိုးရာမဲ့ပြီး စစ်သူကြီးဆီလာတာဖြစ်တယ်။ လက်နက်ချတဲ့လူကိုသတ်လိုက်မယ်ဆိုရင် မြို့ထဲကလူတွေပိုပြီးခေါင်းမာသွားလိမ့်မယ်"
ထိုစကားမှာ အကျိုးအကြောင်းသင့်လျော်သောကြောင့် လက်နက်ချခြင်းကိုလက်ခံခဲ့သည်။ သူတို့နှစ်ဦးကို "စီးမာကျောင်း"(Sima Zhao) ၏ရွက်ဖျင်တဲသို့ခေါ်သွားကာ ကောင်းစွာဆက်ဆံခဲ့ပြီး လက်ဆောင်များပေးခဲ့သည့်အပြင် သခင်ရာထူးနှင့်စစ်သူကြီးရာထူးတို့ပေးခဲ့သည်။

သူတို့နှစ်ဦးသည် ကျေးဇူးတင်ခဲ့ပြီးနောက် လက်ဆောင်ရသည့်မြင်းတို့ကိုစီးပြီး မြို့နားသွားကာ
" စီးမာကျောင်း(Sima Zhao) ရဲ့သဘောထားကြီးမှုကြောင့် ကျုပ်တို့တွေက အပြစ်ဒဏ်မခံရတဲ့အပြင် လက်ဆောင်တွေလည်းပေးခဲ့သေးတယ်။ ခင်ဗျားတို့တွေလည်း ဘာလို့လက်နက်မချတာလဲ"
ထိုစကားကိုကြားသောအခါ မြို့တွင်းရှိလူတို့သည် အချင်းချင်းပြောဆိုခဲ့ကြသည်။
"ဝန်ရန်(Wen Yang) က သူတို့ရဲ့ရန်သူဖြစ်ခဲ့တာတောင်မှ သူ့ကိုကောင်းကောင်းဆက်ဆံသေးတယ်။ ကျုပ်တို့ကိုရော ဒီထက်ပိုပြီးဆက်ဆံမယ်ထင်တယ်"
အားလုံးမှ လက်နက်ချလိုခဲ့ကြသည်။ ထိုအကြောင်းကို "ကျူးကဲတန့်"(Zhuge Dan) သိသောအခါ တပ်သားများကိုစောင့်ကြည့်ရန်အတွက် စခန်းတို့ကိုလက်လံကြည့်ရှုစစ်ဆေးခဲ့လေသည်။ သူ၏ဩဇာအာဏာကိုပြသရန်အတွက် လူပေါင်းများစွာတို့ကို သေဒဏ်ပေးခဲ့၏။

မြို့တွင်းမှအခြေအနေတို့ကို "ကျုံးဟွေ့"(Zhong Hui) မှကြားသိသောအခါ "စီးမာကျောင်း"(Sima Zhao) ထံသွားပြီး တိုက်ခိုက်ရန်အချိန်ကျပြီဖြစ်ကြောင်းပြောခဲ့သည်။ "စီးမာကျောင်း"(Sima Zhao) သည် ဝမ်းမြောက်သွားခဲ့ပြီး တပ်သားပေါင်းများစွာတို့သည် မြို့ရိုးဆီသို့သွားကာတိုက်ခိုက်ခဲ့သည်။ မြောက်တံခါးမှူး "ကျန်းရွှမ်"(Zeng Xuan) သည် သစ္စာဖောက်ကာ ဝေတပ်များကိုဝင်လာစေခဲ့သည်။
"ကျူးကဲတန့်"(Zhuge Dan) သည် ရန်သူတို့မြစ်ထဲသို့ဝင်လာကြောင်းသိသောအခါ ကိုယ်ရံတော်တို့နှင့်အတူ ထွက်ပြေးရန်ပြင်သည်။ လမ်းသွယ်များကိုအသုံးပြုပြီး မြို့တံခါးဘက်သို့ပြေးခဲ့သော်လည်း တံခါးနားဝယ် "ဟူဖုံး"(Hu Fen) နှင့်တွေ့ပြီး အသတ်ခံခဲ့ရသည်။ သူ့နောက်လိုက်နောက်ပါတို့ကိုလည်း ဖမ်းဆီးလိုက်လေသည်။
"ဝမ်ကျိ"(Wang Ji) သည် မြို့ထဲတွင်တိုက်ခိုက်ရဲ့ရာ ဝူစစ်သူကြီး "ယွီချွမ်"(Yu Quan) နှင့်တွေ့ခဲ့သည်။
"ခင်ဗျား ဘာကြောင့်လက်နက်မချသေးတာလဲ"
"မြို့ကိုကာကွယ်ရမယ်ဆိုတဲ့တာဝန်ကိုမပြီးမြောက်သေးတာ ဘာကြောင့်လက်နက်ချရမှာလဲ" ဟုပြောပြီး ခမောက်ကိုပစ်ချကာ
"စစ်မြေပြင်မှာသေဆုံးရတာဟာ ယောက်ျားတစ်ယောက်အတွက် ဝမ်းအမြောက်ဆုံးအရာပဲ" ဟုပြောလေသည်။
"ယွီချွမ်"(Yu Quan) သည် ဓားကိုဝှေ့ရမ်းပြီး ရန်သူတို့ကိုတိုက်ခိုက်ခဲ့ရာ ဒဏ်ရာပေါင်းများစွာရပြီးနောက်တွင်မှ လဲကျသွားခဲ့သည်။


"စီးမာကျောင်း"(Sima Zhao) သည် မြို့တွင်းသို့ဝင်လာပြီးနောက် "ကျူးကဲတန့်"(Zhuge Dan) ၏မိသားစုဝင်တို့ကိုသေဒဏ်ပေးခဲ့လေသည်။ ဖမ်းဆီးမိသည့်ကိုယ်ရံတော်အချို့ကိုလည်း လက်နက်ချပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုဆိုခဲ့သည်။ သို့သော် အားလုံးမှ ငြင်းဆန်ခဲ့လေ၏။
"ကျုပ်တို့တွေသခင်နောက်ကိုပဲ လိုက်သွားပါရစေ"
သူတို့ကို မြို့ပြင်သို့ပို့စေကာ သေဒဏ်ပေးစေခဲ့သည်။ သို့သော် ခေါင်းမဖြတ်ခင်ဝယ် တစ်ယောက်ချင်းစီကို လက်နက်ချလိုသလောဟု မေးမြန်းစေသည်။ သို့သော် တစ်ဦးတစ်ယောက်မျှ လက်နက်မချခဲ့ပေ၊ အားလုံးသေဆုံးသွားခဲ့လေ၏။ ထိုသူရဲကောင်းတို့ကို
လေးစားသောအနေဖြင့် "စီးမာကျောင်း"(Sima Zhao) မှ ကောင်းမွန်စွာသဂြိုလ်ရန်အမိန့်ပေးခဲ့သည်။

ဝူတပ်တို့လက်နက်ချခဲ့လေရာ "ဖေရွှီ"(Pei Xu) မှ
"ဒီတပ်သားတွေရဲ့မိဘတွေ၊ သားသမီးတွေဟာ ဟွိုင်မြစ်ကမ်းနားမှာပဲ နေထိုင်ကြတယ်။ သူတို့တွေကိုလွှတ်ပေးလိုက်မယ်ဆိုရင်ပြန်သွားတာနဲ့ နောက်ထပ်ပုန်ကန်လာနိုင်တယ်။ ဒါကြောင့် မြေမြှုပ်လိုက်တာ အကောင်းဆုံးပဲ"
သို့သော် "ကျုံးဟွေ့"(Zhong Hui) မှ ကန့်ကွက်ခဲ့သည်။
"မဟုတ်ဘူး။ ဟိုးအရင်ခေတ်တွေတုန်းက စစ်တိုက်တဲ့အခါမှာ တိုင်းပြည်ကိုတည်ငြိမ်ဖို့ပဲ ရှေးရှုကြပြီး ပြဿနာနဲ့အရင်းအမြစ်တွေကိုပဲသေဒဏ်ပေးစေတယ်။ ဒီလိုအားလုံးကိုသတ်မယ်ဆိုရင် လူသားမဆန်ဘူး။ ဒါကြောင့် သခင်ကြီးရဲ့ကြင်နာမှုကိုပြတဲ့အနေနဲ့ သူတို့ကိုအိမ်ပြန်ခွင့်ပေးသင့်တယ်"
"စီးမာကျောင်း"(Sima Zhao) မှ
"ဒီအကြံပိုသင့်တော်တယ်" ဟုပြောကာ ဝူတပ်သားတို့ကိုပြန်လွှတ်ပေးလိုက်သည်။

"ထန်ကျီ"(Tang Zi) သည် ရက်စက်သော "စွန်းချန်"(Sun Chen) ကိုကြောက်သဖြင့် ဝူပြည်သို့ပြန်မသွားရဲပေ။ ထို့ကြောင့် လူအချို့နှင့်အတူ ဝေပြည်၌ ခိုလှုံခဲ့သည်။ သူ့ကိုကောင်းစွာဆက်ဆံခဲ့ကြပြီး သူ့ဘက်တော်သားတို့သည်လည်း မြစ်မြို့နယ်သုံးခုတွင် တာဝန်များပေးအပ်ခြင်းခံခဲ့ရသည်။
ဟွိုင်မြစ်ကမ်းဒေသတဝိုက်မှာ ငြိမ်သက်သွားခဲ့သောကြောင့် "စီးမာကျောင်း"(Sima Zhao) သည် အိမ်သို့ပြန်ချီတက်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအချိန်ဝယ် ရှူစစ်သူကြီး "ကျန်းဝေ"(Jiang Wei) သည် ချန်ချန်းကိုတိုက်ခိုက်ကာ ရိက္ခာလမ်းကြောင်းကိုအနှောင့်အယှက်ပေးနေကြောင်းကြားသိရသည်။ ထို့ကြောင့် အစည်းအဝေးပြုလုပ်ကာ တိုင်ပင်ခဲ့ကြသည်။

ထိုအချိန်မှာ ရှူပြည် ရန်ရှီးနှစ်တစ်ဆယ့်နှစ်နှစ်(အေဒီ ၂၅၈) ဖြစ်ပြီး ထိုသက္ကရာဇ်ကို တောက်ပသောမြင်ကွင်း(ကျင်ယောက် ပထမနှစ်) ဟုပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ ဟန်ကျုံးတွင် "ကျန်းဝေ"(Jiang Wei) မှ "ဖူချန်"(Fu Qian) နှင့် "ကျန်းရှူ"(Jiang Shu) တို့ကို စစ်သူကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ ထိုသူနှစ်ဦးလုံးကို တန်ဖိုးထားပြီး မြင်းတပ်နှင့်ခြေလျင်တပ်များကိုလေ့ကျင့်ရန်တာဝန်ပေးခဲ့သည်။
ထိုစဉ် သတင်းတစ်ခုကြားသိခဲ့ရသည်။
"ကျူးကဲတန့်(Zhuge Dan) က စီးမာကျောင်း(Sima Zhao) ကိုတိုက်ဖို့ထွက်သွားပါပြီ။ ဝူပြည် စွန်းချန်(Sun Chen) ကလည်း သူ့ကိုကူညီဖို့ အင်အားကြီးတပ်ကိုစေလွှတ်ခဲ့တယ်။ စီးမာကျောင်း(Sima Zhao) က သူကိုယ်တိုင်စစ်ချီပြီး စစ်ပွဲမှာ ဧကရာဇ်မယ်တော်ရော၊ ဧကရာဇ်ပါ လိုက်ပါခဲ့တယ်"
"ကျန်းဝေ"(Jiang Wei) : "နောက်ဆုံးတော့ အခွင့်ကောင်းရောက်လာခဲ့ပြီ'
ထို့နောက် ဒုတိယဧကရာဇ်ထံ အခစားဝင်ပြီး စစ်ချီမိန့်တောင်းခံခဲ့သည်။

ပြည်ထဲရေးအခြေအနေမလှသောကြောင့် "ချောင်ကျိုး"(Qiao Zhou) မ မနှစ်မြို့ခဲ့ပေ။
"ဧကရာဇ်က အပျော်အပါးနဲ့အချိန်ကုန်လွန်နေခဲ့တာကြောင့် တိုင်းရေးပြည်ရေးကိုဂရုမစိုက်နိုင်ခဲ့ဘူး။ ကိစ္စအားလုံးကို မိန်းမစိုး ဟွမ်ဟောက်(Huang Hao) ကိုအပ်ထားခဲ့တယ်။ ကျန်းဝေ(Jiang Wei) ကလည်း တိုက်ပွဲတွေအကြိမ်ကြိမ်ထွက်နေတာကြောင့် စစ်သည်ပေါင်းများစွာရဲ့အသက်ကို စတေးခဲ့ရတယ်။ တိုင်းပြည်ကြီးက ပျက်စီးလုနီးဖြစ်နေပြီ"
"ချောင်ကျိုး"(Qiao Zhou) မှ 'ရန်သူ့တိုင်းပြည်များ' ဟုအမည်တပ်ထားသောစာစီစာကုံးတစ်ပုဒ်ရေးရာ "ကျန်းဝေ"(Jiang Wei) ထံပို့လိုက်သည်။
'ဟိုးအရင်အချိန်တွေတုန်းက အင်အားနည်းသူက အင်အားကြီးသူကိုအနိုင်ယူခဲ့တာဟာ အင်အားကြီးတိုင်းပြည်က ပေါ့လျော့နေခဲ့တဲ့အချိန်မှာ အင်အားနည်းတိုင်းပြည်ကဩဇာအာဏာရှိသူတွေက တိုးတက်အောင် တစ်လှမ်းချင်းလျှောက်လှမ်းခဲ့လို့ပဲဖြစ်တယ်။ ပေါ့ဆခြင်းကြောင့် ဖရိုဖရဲဖြစ်ခြင်းဆိုတာဖြစ်လာပြီး ကြိုးစားမှုကြောင့် စွမ်းဆောင်ရည်မြင့်မားမှုဖြစ်လာတယ်၊ ဒါဟာ အကြွင်းမဲ့ဥပဒေသပဲဖြစ်တယ်။ ကျိုးပြည်ဘုရင်ဝင်က သူ့တိုင်းသူပြည်သားတွေကောင်းမွန်မှုအပေါ် ရှေးရှုခဲ့တယ်၊ ဒါကြောင့် လူနည်းစုနဲ့ ကြီးကျယ်တဲ့ရလဒ်ကိုရခဲ့တာဖြစ်တယ်။ ကိုးကျန့်(Gou Jian) က လူတွေအားလုံးအပေါ်မေတ္တာထားခဲ့တယ်၊ ဒါကြောင့်လည်း သူ့ထက်အင်အားကြီးတဲ့ရန်သူကို အနိုင်ယူခဲ့တယ်။ ဒါတွေဟာ သူတို့ရဲ့နည်းလမ်းတွေပဲဖြစ်တယ်။

တစ်ချိန်တုန်းက ချူပြည်ဟာ အင်အားတောင့်တင်းပြီး ဟန်ပြည်က အင်အားနည်းတယ်ဆိုတာ စစ်သူကြီးလည်းသိမှာပါ။ ကျင်းဟန်တူးမြောင်းက သဘောတူညီချက်နဲ့တိုင်းပြည်ကြီးကို ပိုင်းခြားခဲ့တယ်။ ပြည်သူတွေ ကျေနပ်တင်းတိမ်ပြီး စိတ်ချမ်းသာနေတဲ့အချိန်မှာမှ ကျန်းလျန့်(Zhang Liang) ဟာ ရှန့်ယွီ(Xiang Yu) ကိုတိုက်ပြီး ချေမှုန်းနိုင်ခဲ့တယ်။
ဒါဆို ဝင်ဘုရင်နဲ့ကိုးကျန့်(Gou Jian) တို့လိုလုပ်ဆောင်ဖို့လိုအပ်သလား? အခြေအနေတွေကိုသုံးသပ်ကြည့်ရပါမယ်။ ရှန်ခေတ်နဲ့ကျိုးခေတ်တို့ကတည်းက နန်းတွင်းရာထူးတွေဆိုတာရှိခဲ့ပြီး အုပ်ချုပ်သူနဲ့အမတ်ကြီးတွေရဲ့ဆက်ဆံမှုက တည်မြဲစွာရှိနေခဲ့တယ်။ ဒါကြောင့် အဲ့အချိန်မှာ ဟန်ခေတ်တည်ထောင်သူရှိခဲ့ရင်တောင်မှ သူထီးနန်းကိုရယူနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ချင်မင်းဆက်ကတော့ သူကောင်းမျိုးတွေကိုနှိပ်ကွပ်ပြီး သူ့အာဏာကိုကိုယ်စားပြုတဲ့လူတွေသာ ခန့်အပ်ခဲ့တယ်။ လူတွေဟာ အင်အားလျော့နည်းပြီး အစေခံဖြစ်ခဲ့ကြတယ်။ တိုင်းပြည်ကြီးဟာ ပြိုကွဲသွားခဲ့ပြီး အဲ့နောက်မှာတော့ ရဲရင့်သူမှန်သမျှဟာ ဘေးပတ်ဝန်းကျင်က တစ်ဦးနဲ့တစ်ဦးပြိုင်ဆိုင်တဲ့အချိန်ရောက်လာခဲ့တယ်။

ဒါပေမယ့် ကျွန်တော်တို့လက်ရှိအခြေအနေကတော့ အဲ့လိုမျိုးမဟုတ်ပါဘူး။ ချင်ခေတ်ကုန်ဆုံးခါနီးကလို အရှုပ်အထွေးတွေမရှိပဲ ဒီအချိန်ဟာ စစ်ပွဲများခေတ်ကာလတုန်းကလို တိုင်းပြည်ခြောက်ပြည်က အားလုံးကိုသိမ်းယူဖို့အကြိတ်အနယ်ကြိုးစားနေတဲ့အချိန်နဲ့ဆင်တူပါတယ်။ ဒါကြောင့် ဘုရင်ဝင်လိုမျိုး ကြင့်ကြံဖို့လိုအပ်ပါတယ်။ တိုင်းပြည်တစ်ခုကို ထူထောင်ပြီးနောက်မှာ သင့်လျော်တဲ့အချိန်အခါကိုစောင့်နေဖို့လိုအပ်ပါတယ်။ အဲ့လိုကြမ္မာက ကိုယ့်ဘက်ပါတဲ့အချိန်မှာမှ စစ်တပ်တွေကိုအသုံးချရမှာပါ။ ဥပမာ ထန်ဘုရင်နဲ့ ဝူဘုရင်တို့ဟာ တိုက်ပွဲတစ်ခုထဲနဲ့အနိုင်ယူခဲ့သလိုမျိုးပေါ့။ ဒါကြောင့် ပြည်သူတွေအပေါ်မေတ္တာတရားရှေးရှုပြီးတော့ အခွင့်ကောင်းကိုစောင့်သင့်ပါတယ်။ စစ်ပွဲတွေပဲ အစဉ်မပြတ်ဖြစ်နေမယ်ဆိုရင် မတော်တဆဖြစ်နိုင်ပြီး ဉာဏ်ရည်အသာလွန်ဆုံးသူတောင်မှ လုံခြုံမှုကိုရှာနိုင်မှာမဟုတ်ပါဘူး'

"ကျန်းဝေ"(Jiang Wei) သည် ထိုစာကိုဖတ်ပြီးနောက် ဒေါသထွက်ကာ
"စာအုပ်ကြီးသမားရဲ့ကလောင်လက်က မျိုးစုံထွက်လာတဲ့စာတွေပါလား" ဟုပြောပြီး ထိုစာကိုမြေပေါ်သို့ပစ်ချလိုက်သည်။ ဆန့်ကျင်မှုတို့ကိုဂရုမစိုက်ပဲ စစ်တပ်ကြီးကိုချီတက်စေခဲ့သည်။ ပြီးနောက် "ဖူချန်"(Fu Qian) အား မေးမြန်းခဲ့သည်။
"ကျုပ်တို့တွေ ဘယ်ကစတိုက်ရင်ကောင်းမလဲ"
"ဝေတွေကရိက္ခာတွေကို ချန်ချန်းမှာသိုလှောင်ထားတယ်။ ဒီတော့ ကျွန်တော်တို့တွေ မီးရှို့ပြီး ဖျက်စီးသင့်တယ်။ လော့တောင်ကြားကတဆင့် ရှန်တောင်ရိုးကိုဖြတ်သွားရမယ်။ ချန်ချန်းကိုသိမ်းပြီးပြီဆိုရင် ချင်းချွမ်ကိုသွားရမယ်။ အဲ့လိုသာဆို အလယ်ပိုင်းကိုသိမ်းဖို့နီးစပ်လာပြီ"
"ခင်ဗျားပြောတာက ကျုပ်လျှို့ဝှက်အကြံအစည်တွေနဲ့ကိုက်တယ်"
ထို့ကြောင့် တပ်ကြီးကို လော့တောင်ကြားသို့ချီတက်စေကာ ရှန်တောင်ရိုးကိုဖြတ်စေသည်။
ချန်ချန်းစစ်သူကြီးမှာ "စီးမာကျောင်း"(Sima Zhao) ၏ညီဝမ်းကွဲ "စီးမာဝမ်'(Sima Wang) ဖြစ်သည်။ မြို့တွင်းဝယ် ဆန်စပါးများစွာသိုလှောင်ထားသောလည်း ကာကွယ်မှုမှာ အင်အားနည်းခဲ့သည်။ ထို့ကြောင့် ရှူတပ်ကြီးချီတက်လာပြီဟုကြားသိသောအခါ "စီးမာဝမ်"(Sima Wang) သည် တိုက်ခိုက်မှုကိုအဝေးမှခုခံရန်အတွက် ခေါင်းဆောင် "ဝမ်ကျန်း"(Wang Zeng) ၊ "လီဖုံ"(Li Peng) တို့နှင့်အတူ မြို့ပြင် ခုနစ်မိုင်အကွာတွင်စခန်းချထားခဲ့သည်။

ရန်သူတို့ရောက်လာသောအခါ "စီးမာဝမ်"(Sima Wang) နှင့်စစ်သူကြီးနှစ်ဦးတို့ထွက်ကာ တွေ့ခဲ့သည်။ တပ်တို့၏အရှေ့ဘက်တွင်ရှိသော "ကျန်းဝေ"(Jiang Wei) မှ
"စီးမာကျောင်း(Sima Zhao) ဟာ သခင်ကိုတောင် စစ်ထဲဝင်ပါဖို့အတင်းတိုက်တွန်းခဲ့တယ်။ ဒါဟာ လီကျွယ်(Li Jue) ၊ ကော်စီး(Guo Si) တို့လိုပြုမူဖို့ဆန္ဒရှိတယ်ဆိုတာပြသတာပဲ။ ဒီလိုလူမျိုးကိုအပြစ်ဒဏ်ပေးဖို့အတွက် ဧကရာဇ်က ကျုပ်ကိုတာဝန်ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် အခုအချိန်မှာ ခင်ဗျားတို့လက်နက်မချဘူးဆိုရင် ခင်ဗျားတို့တွေအားလုံးကိုသေဒဏ်ပေးရမှာဖြစ်တယ်"
"စီးမာဝမ်"(Sima Wang) မှ ပြန်အော်ပြောခဲ့သည်။
"ခင်ဗျားတို့တွေက ဖြောင့်မတ်မှုနဲ့သူစိမ်းဆန်သူတွေပဲမဟုတ်လား။ ခင်ဗျားတို့တွေဟာ တိုင်းပြည်ကြီးရဲ့နယ်မြေကို အကြိမ်ကြိမ်ကျူးကျော်လာခဲ့တာ၊ အခုပြန်ဆုတ်ရင်ဆုတ်၊ မဆုတ်ရင်တော့ သံချပ်ကာတောင်ကျန်ရစ်ခဲ့မှာမဟုတ်ဘူး"
ထိုစကားတို့ကိုပြောပြီးနောက် စစ်သူကြီး "ဝမ်ကျန်း"(Wang Zhen) သည် လှံကိုကိုင်လျက်ထွက်လာသည်။ ရှူဘက်မှ "ဖူချန်"(FuQian) က စိန်ခေါ်မှုကိုလက်ခံကာ တိုက်ခိုက်ခဲ့သည်။ တခဏတာတိုက်ခိုက်ပြီးနောက် "ဖူချန်"(Fu Qian) မှ အားနည်းချင်ယောင်ဆောင်ကာ တဖက်ရန်သူကိုတိုက်ခိုက်အောင် ဖြားဆောင်ခဲ့သည်။

ဟာကွက်ကိုမြင်သော "ဝမ်ကျန်း"(Wang Zhen) မှလှမ်းထိုးလိုက်သောအခါ "ဖူချန်"(Fu Qian) သည် ရှောင်လိုက်ပြီး "ဝမ်ကျန်း"(Wang Zhen) ကို မြင်းပေါ်မှဆွဲကာ ဖမ်းခေါ်သွားသည်။ ၎င်းကိုမြင်သောအခါ လုပ်ဖော်ကိုင်ဖက် "လီဖုံ"(Li Peng) မှ ဓားကိုဝှေ့ရမ်းလျက် ဖမ်းဆီးသွားသူကိုတိုက်ခိုက်ရန်ထွက်လာခဲ့သည်။ "ဖူချန်"(Fu Qian) မှ ဖြည်းဖြည်းသာသွားခဲ့ပြီး "လီဖုံ"(Li Peng) စိတ်လိုက်မာန်ပါဖြင့်လိုက်ရန်မြားခေါ်ခဲ့သည်။ "လီဖုံ"(Li Peng) အနီးကပ်လာသောအခါ "ဖူချန်"(Fu Qian) မှ သုံ့ပန်းကိုအားဖြင့်မြေပေါ်ပစ်ချလိုက်ပြီး သံလျက်ကိုမြဲမြဲကိုင်ကာ "လီဖုံ"(Li Peng) ၏မျက်နှာကိုအားဖြင့်ထိုးလိုက်သည်။ ထိုအချက်ကြောင့် "လီဖုံ"(Li Peng) ၏မျက်လုံးတစ်ဖက်ကွယ်သွားပြီး သေဆုံးသွားခဲ့လေသည်။ မြေပေါ်ကျသွားခဲ့သော "ဝမ်ကျန်း"(Wang Zhen) သည်လည်း ရှူတပ်သားများလက်ချက်ဖြင့်သေဆုံးသွားခဲ့သည်။ ဝေတပ်ကြီးသည် မြို့တွင်းသို့ပြန်ဆုတ်လာခဲ့ပြီး မြို့ကိုအလုံပိတ်ထားစေသည်။

"ကျန်းဝေ"(Jiang Wei) သည် ရဲမက်တို့ကို ထိုညတွင် အနားယူစေခဲ့ပြီး နောက်ရက်အားပြည့်သည့်အခါဝယ် မြို့ကိုတိုက်မည်ဟုကြေညာခဲ့သည်။ နောက်ရက် အရုဏ်တက်ချိန်တွင် စတင်တိုက်ခိုက်ခဲ့သည်။ စစ်သည်တို့သည် အနားယူခဲ့သောကြောင့် အားအင်များပြည့်ဝနေပြီး မည်သူတံတိုင်းပေါ်သို့ပထမဆုံးတက်နိုင်မည်ကို ပြိုင်ခဲ့ကြသည်။ တံတိုင်းများပေါ်သို့ မီးမြား၊ လောင်စာတို့ဖြင့် ပစ်ပြီး အဆောက်အဦးတို့ကို မီးလောင်စေခဲ့သည်။ ထို့နောက် တံတိုင်းနားဝယ် ထင်းတို့ကိုချကာ မီးရှို့ခဲ့သောကြောင့် မီးတို့သည် ကောင်းကင်ထိတိုင်အောင်တက်လေသည်။
မြို့ကျခါနီးအချိန်ဝယ် မြို့တွင်းမှ ညည်းသံ၊ ငိုယိုသံတို့ကိုကြားခဲ့ရသည်။ ထိုအချိန်ဝယ် ရုတ်တရတ် ဗုံသံတို့ကဖုံးလွှမ်းသွားခဲ့ပြီး တလူလူလွင့်နေသောအလံအောက်ဝယ် ဝေတပ်ကြီးချီတက်လာသည်ကိုမြင်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) မှ ထိုရန်သူတို့ကိုသွားရင်ဆိုင်ရန်ပြုလေသည်။ "ကျန်းဝေ"(Jiang Wei) ၏ရှေ့တွင် လှံဖြင့်တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားသော လူငယ်စစ်သူကြီးကိုမြင်ခဲ့သည်။ ထိုစစ်သူကြီးသည် အသက်နှစ်ဆယ်ကျော်ကျော်သာရှိပြီး ချောမွေ့သောမျက်နှာနှင့် နီရဲသောနှုတ်ခမ်းတို့ရှိသည်။ သို့သော် သူပြောသည့်စကားတို့မှာ ကြမ်းတမ်းလှသည်။
"ခင်ဗျား တန့်စစ်သူကြီးကိုသိလား"
"ဪ၊ ဒါ တန့်အိုက်(Deng Ai) ပဲ"  ဟု "ကျန်းဝေ"(Jiang Wei) တွေးလိုက်သည်။

"ကျန်းဝေ"(Jiang Wei) သည် လှံကိုကိုင်ကာ ထွက်လာသည်။ နှစ်ဦးလုံးသည် အတိုက်အခိုက်ကျွမ်းကျင်ကြပြီး ဟာကွက်များမရှိသောကြောင့် အကွက်ငါးဆယ်ခန့်တိုက်ပြီးသော်လည်း အနိုင်အရှုံးမပေါ်ခဲ့ပေ။ ထိုလူငယ်သည် လှံကိုကျွမ်းကျင်စွာကိုင်ထားသည်။
"ပရိယာယ်မသုံးဘူးဆိုရင် တပန်းသာဖို့မလွယ်ဘူး" ဟု "ကျန်းဝေ"(Jiang Wei) တွေးလိုက်သည်။ ထို့နောက် မြင်းကိုလှည့်ပြီး တောင်ကုန်းများဘက်သို့သွားသည့်လမ်းကိုသွားခဲ့သည်။ လူငယ်မှ အနောက်ကလိုက်လေသည်။ "ကျန်းဝေ"(Jiang Wei) သည် လှံကိုချလိုက်ပြီး လေးကိုကိုင်ကာ ငှက်မွေးတောင်ပါသောမြားကိုသေချာရွေးပြီး ချိန်လိုက်သည်။ သို့သော် လူငယ်လေးမှာ မျက်စိလျင်ပြီး မြားပစ်သံကြားသည်နှင့် သူ့ခေါင်းကိုမြင်းနှီးကုန်းပေါ်ငုံ့လိုက်လေရာ မြားကသူ့ကိုမထိမှန်ပဲ အပေါ်မှဖြတ်သွားသည်။
"ကျန်းဝေ"(Jiang Wei) ပြန်လှည့်ကြည့်သောအခါ သူ့နောက်လိုက်လာသူသည် လှံဖြင့်ချိန်ရွယ်ထားသည်ကို မြင်လိုက်သည်။ ထိုလူငယ်မှထိုးလိုက်သည့်အချိန်ဝယ် "ကျန်းဝေ"(Jiang Wei) မှရှောင်လိုက်ပြီး လှံတံကိုလက်မောင်းဖြင့်ညှပ်ထားလိုက်သည်။ လက်နက်မရှိတော့သောအခါ ထိုလူငယ်သည် သူ့တပ်ဘက်သို့ပြန်ဆုတ်သွားလေသည်။

"နှမြောစရာပဲ။ တကယ်နှမြောစရာပဲ" ဟု ရေရွတ်ပြီး "ကျန်းဝေ"(Jiang Wei) မှအနောက်က ပြန်လိုက်ရန်ပြုခဲ့သည်။ သူသည် ထိုငယ်ရွယ်သောစစ်သူကြီးနားသို့ရောက်သောအခါ သူရဲကောင်းတစ်ဦးထွက်လာသည်။
"မိုက်မဲတဲ့ ကျန်းဝေ(Jiang Wei)၊ ကျုပ် တန့်အိုက်(Deng Ai) ရောက်လာပြီ။ ကျုပ်သားနောက်ကိုမလိုက်နဲ့တော့"
သူတိုက်ခိုက်နေခဲ့သူမှာ သူ့ရန်သူ၏သား "တန့်ကျုံး"(Deng Zhong) ဖြစ်မှန်းသိသွားသောကြောင့် "ကျန်းဝေ"(Jiang Wei) မှာ အံ့အားသင့်သွားခဲ့သည်။ ထိုလူငယ်၏အရည်အချင်းနှင့်သတ္တိအပေါ်အံ့ဩခဲ့သော်လည်း သူ့မြင်းမှာပင်ပန်းနေပြီဖြစ်သောကြောင့် မတိုက်ခိုက်နိုင်တော့မည်ကိုစိုးရိမ်နေသည်။
ထို့ကြောင့်
"ဒီလိုဆိုရင် ကျုပ်တို့တွေတပ်ကိုပြန်ဆုတ်ပြီး မနက်ဖြန်မှတိုက်ကြရအောင်" ဟုပြောခဲ့သည်။

"တန့်အိုက်"(Deng Ai) သည် မြေနေရာအခြေအနေကိုကြည့်ကာ သူတပန်းရှုံးနိုင်သည်ကိုမြင်သောကြောင့် သဘောတူလိုက်သည်။
"ဒါဆို ကျုပ်တို့တွေပြန်နားကြတာပေါ့။ အားသာမှုရအောင် လျှို့ဝှက်ပြီးလုပ်ဆောင်သူက သူရဲဘောကြောင်တာပဲ"
ထို့ကြောင့် နှစ်ဖက်လုံးတပ်ပြန်ဆုတ်ခဲ့ပြီး "တန့်အိုက်"(Deng Ai) သည် ဝေမြစ်ကမ်းဘက်သို့သွားကာ "ကျန်းဝေ"(Jiang Wei) သည် တောင်ကုန်းပေါ်တွင်စခန်းချထားသည်။ ရှူတပ်၏တည်နေရာမှာ ပိုပြီးအားသာသောကြောင့် "တန့်အိုက်"(Deng Ai) မှ "စီးမာဝမ်"(Sima Wang) ထံစာရေးခဲ့သည်။
"စစ်သူကြီးက ရန်သူတွေကိုမရင်ဆိုင်ပဲ စစ်ကူလာတာကိုစောင့်နှင့်ပါ။ ရှူတပ်တွေက ရိက္ခာတွေကုန်သွားပြီး ဆာလောင်နေတဲ့အချိန်မှ ကျွန်တော်တို့သုံးဖက်သုံးနေရာကနေတိုက်ကြမယ်။ မြို့ကိုကာကွယ်ရာမှာ ကူညီဖို့အတွက် ကျွန်တော့သား တန့်ကျုံး(Deng Zhong) ကိုလွှတ်လိုက်ပါတယ်"

"ကျန်းဝေ"(Jiang Wei) မှ ဝေတပ်သို့လူလွတ်ကာ နောက်ရက်တွင်တိုက်ခိုက်ရန်အတွက် စိန်ခေါ်စာပို့စေခဲ့သည်။ "တန့်အိုက်"(Deng Ai) ကလည်း လက်ခံလိုက်သည်။ မိုးစင်စင်လင်းသောအခါ "ကျန်းဝေ"(Jiang Wei) မှ တပ်တို့ကိုခင်းကျင်းထားခဲ့သော်လည်း ရန်သူမှာ ပေါ်မလာခဲ့ပေ။ ထို့အပြင် ရန်သူတို့သည် အလံကိုပြသခြင်း၊ ဗုံတီးခြင်းတို့ပင်မပြုလုပ်ပဲ တိုက်ခိုက်မည့်ပုံမပေါ်ခဲ့ချေ။
ညအချိန်ရောက်သောအခါ ရှူတပ်သည် စခန်းသို့ပြန်လာခဲ့သည်။ "ကျန်းဝေ"(Jiang Wei) မှ ဝေတပ်သို့စာတစ်စောင်ပို့ကာ ကတိမတည်သည့်အတွက် ရှုံ့ချခဲ့လေသည်။ "တန့်အိုက်"(Deng Ai) မှ စာပို့သူကို ကောင်းမွန်စွာဆက်ဆံကာ သူနေမကောင်းသောကြောင့်မလာဖြစ်ကြောင်း၊ နောက်ရက်တွင်သေချာပေါက်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။
သို့သော် နောက်ရက်တွင်လည်း ဝေဘက်မှလှုပ်ရှားမှုမရှိခဲ့ပေ။ ငါးရက်တိုင်တိုင် ထိုသို့ဖြင့်သာ သံသရာလည်နေခဲ့သည်။ "ဖူချန်"(Fu Qian) မှ ခေါင်းဆောင်အား
"သူတို့တွေကိုယုံလို့မရဘူး၊ ကျွန်တော်တို့သတိထားရမယ်"
"သူတို့တွေက သုံးဖက်သုံးလံကတိုက်ချင်လို့ စစ်ကူကိုစောင့်နေတာဖြစ်မယ်။ အခု ကျုပ်က ဝူပြည်ကိုစာပို့ပြီး စွန်းချန်(Sun Chen) ကို ကျုပ်နဲ့တချိန်တည်းမှာတိုက်စေမယ်"

ထိုအချိန်မှာပင် ဆက်သားတို့ရောက်လာပြီး ဝူတပ်ကြီးစစ်ရှုံးသွားကြောင်း သတင်းပို့ခဲ့သည်။
"စီးမာကျောင်း(Sima Zhao) က ရှိုချွန်းကိုသိမ်းခဲ့ပြီး ကျူးကဲတန့်(Zhuge Dan) ကိုသတ်လိုက်ပါပြီ။ ဝူတပ်သားတွေက ဝေပြည်လက်အောက်မှာ လက်နက်ချခဲ့တယ်။ စီးမာကျောင်း(Sima Zhao) ဟာ လော့ရန်ကိုပြန်သွားပြီး ချန်ချန်းကိုချီတက်ဖို့ပြင်ဆင်နေပါတယ်"
"ဒါဆို ကျုပ်တို့တွေဝေပြည်ကိုတိုက်တာ အလကားပဲပေါ့။ တကယ်မုန့်မဟုတ်ပဲ မုန့်ပုံလေးပဲဖြစ်နေခဲ့တယ်" ဟု "ကျန်းဝေ"(Jiang Wei) မှစိတ်ပျက်စွာပြောခဲ့သည်။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!