သုံးနိုင်ငံခေတ်(၁၁၄)
အခန်း(၁၁၄) "ချောင်မောင်"(Cao
Mao) သည် တောင်တံခါးသို့သွားခဲ့ကာ နတ်ရွာစံခြင်း။
"ကျန်းဝေ"(Jiang Wei) သည် ဂိုထောင်တို့ကိုစွန့်လွှတ်ပြီး
ဝေတပ်ကိုအောင်နိုင်ခဲ့ခြင်း။
တပ်ဆုတ်ခွာရန်အမိန့်ပေးသည့်အခါ
"လျောင်ဟွာ"(Liao Hua) မှ
"စစ်မြေပြင်ကခေါင်းဆောင်ဟာ
သီးခြားဖြစ်နေတာဖြစ်ပြီး ကိုယ့်ဘုရင်နဲ့အမိန့်ကိုတောင် နာခံစရာမလိုပါဘူး" ဟုပြောခဲ့သည်။
"ကျန်းယီ"(Zhang
Yi) : "နှစ်ရှည်လများစစ်ဖြစ်နေခဲ့တာကြောင့် လူတွေက စစ်ပွဲကိုမုန်းတီးနေကြပြီ။
ဒီတော့ လတ်တလောအောင်မြင်မှုနဲ့အတူ ပြည်တော်ပြန်ပြီး ပြည်သူတွေကို စိတ်ချမ်းသာရာရစေသင့်ပါတယ်"
'ကျန်းဝေ"(Jiang
Wei) : "ဒါကောင်းတယ်"
ထို့ကြောင့်
စနစ်တကျဆုတ်ခွာမှုစတင်ခဲ့လေသည်။ ဝေတပ်ကြီးသည် အခွင့်ကောင်းကိုလက်လွတ်မခံလိုသောကြောင့်
နောက်မှလိုက်ခဲ့သည်။ သို့သော် တစ်ဖက်ရန်သူတို့သည် ရှုပ်ရှုပ်ထွေးထွေးဖြစ်ခြင်းမရှိသောကြောင့်
တိုက်ရန်အခွင့်မသာခဲ့ပေ။ ရန်သူတို့ မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုကြည့်ပြီး
"တန့်အိုက်"(Deng Ai) မှ သက်ပြင်းချခဲ့သည်။
"ကျန်းဝေ(Jiang
Wei) က ကျူးကဲလျန့်(Zhuge Liang) ရဲ့ပညာတွေကို လက်ဆင့်ကမ်းယူဖို့သင့်တော်တဲ့လူပဲ"
"တန့်အိုက်"(Deng
Ai) သည် ဆက်မလိုက်တော့ပဲ သူ့စခန်းရှိရာချီစန်းသို့လာခဲ့လေသည်။ ချန်တူးသို့ပြန်ရောက်သောအခါ
"ကျန်းဝေ"(Jiang Wei) သည် ဒုတိယဧကရာဇ်ထံအခစားဝင်ခဲ့ပြီး သူ့အား အဘယ်ကြောင့်ပြန်ခေါ်သည်ကို
မေးမြန်းခဲ့သည်။
"ဘာကြောင့်လည်းဆိုတော့
စစ်သူကြီးက ကာလကြာရှည်စွာ ရှေ့တန်းမှာနေခဲ့တော့ တပ်သားတွေ ပင်ပန်းနေမှာစိုးလို့ပါ။
တခြားထွေထွေထူးထူးမဟုတ်ပါဘူး"
"အရှင်မင်းကြီး၊
ကျွန်တော်မျိုးဟာ ချီစန်းကစခန်းတွေကိုသိမ်းနိုင်ခဲ့ပြီး အလုံးစုံအောင်နိုင်ဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။
အဲ့လိုအချိန်မျိုးမှာမှ ဆုတ်ခွာရတာဟာ ရန်သူတွေဖြစ်စေချင်တဲ့အတိုင်း လုပ်ရတာပါပဲ။ သေချာတာကတော့
တန့်အိုက်(Deng Ai) က ကျွန်တော့အပေါ် ကုန်းတိုက်ထားတာဖြစ်ပါမယ်"
ဒုတိယဧကရာဇ်သည်
အတွေးထဲတွင်စိမ့်မြောနေပြီး စကားမပြောနိုင်ခဲ့ပေ။
"ကျန်းဝေ"(Jiang
Wei) မှ ဆက်ပြောခဲ့သည်။
"ကျွန်တော်က
ဒီသူပုန်တွေကိုနှိမ်နင်းဖို့ သန္နိဋ္ဌာန်ချထားပြီး ကျွန်တော့ရဲ့တိုင်းပြည်အပေါ်ထားတဲ့သစ္စာကိုသက်သေပြမှာပါ။
အရှင်မင်းကြီးရဲ့ရင်ထဲက မယုံကြည်မှုတွေတိုးပွားအောင် တခြားလူတွေပြောတဲ့စကားကိုနားမထောင်သင့်ပါဘူး"
ဧကရာဇ်သည် အကြာကြီးငြိမ်သက်နေခဲ့ပြီးမှ
"ကျုပ်က
ခင်ဗျားကိုမယုံတာမဟုတ်ပါဘူး။ အခုလောလောဆယ်တော့ ဟန်ကျုံးကိုပြန်သွားပြီး သင့်တော်တဲ့အချိန်ကိုစောင့်နေပါ"
"ကျန်းဝေ"(Jiang
Wei) သည် နန်းတွင်းမှထွက်ခွာကာ ဟန်ကျုံးစစ်တပ်သို့သွားခဲ့သည်။
"တန်းကျွန်း"(Dang
Jun) သည် ချီစန်းစခန်းသို့ပြန်ရောက်လာပြီး သူ့လုပ်ငန်းအောင်မြင်ကြောင်း သတင်းပို့ခဲ့သည်။
"တန့်အိုက်"(Deng
Ai) နှင့် "စီးမာဝမ်"(Sima Wang) တို့က ဝမ်းသာသွားလေ၏။
"အုပ်ချုပ်သူနဲ့အမှုထမ်းတို့မသင့်မြတ်တော့ဘူးဆိုတော့
မြစ်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ဖို့မကြာတော့ဘူး"
"တန်းကျွန်း"(Dang
Jun) ကိုလော့ရန်သို့စေလွှတ်ပြီး "စီးမာကျောင်း"(Sima Zhao) ကိုသတင်းပို့စေခဲ့သည်။
"စီးမာကျောင်း"(Sima Zhao) က ဝမ်းသာကာ ရှူပြည်ကို တက်သိမ်းလိုသည်။ ထိုအကြောင်းအရာကို
ဗဟိုကာကွယ်ရေးတပ်စစ်သူကြီး "ကျာချုံး"(Jia Chong) နှင့်တိုင်ပင်ခဲ့လေသည်။
"ရှူပြည်ကိုတိုက်ရင်ကောင်းမယ်လို့မြင်လား"
"မလုပ်သင့်သေးပါဘူး။
ဧကရာဇ်က ဝန်ကြီးချုပ်ကိုမယုံတာကြောင့် ဝန်ကြီးချုပ်ထွက်သွားမယ်ဆိုရင် ပြဿနာတွေစလာပါလိမ့်မယ်။
မနှစ်က ရေတွင်းမှာ အဝါရောင်နဂါးကိုမြင်တော့ အမှုထမ်းတွေက ဒါဟာကောင်းမွန်တဲ့နိမိတ်ပဲဆိုပြီး
ဧကရာဇ်ကိုဂုဏ်ပြုခဲ့ကြတယ်။ ဒါပေမယ့် ဧကရာဇ်က 'ဒါနိမိတ်ကောင်းမဟုတ်ဘူး၊ တကယ်တော့ ပြောင်းပြန်ပဲဖြစ်တယ်။
နဂါးဆိုတာ အုပ်ချုပ်သူကိုကိုယ်စားပြုတာဖြစ်ပြီး နဂါးကို ကောင်းကင်မှာရော၊ လူတွေကြားက
မြေပြင်မှာရောမတွေ့ရပဲ မည်းမှောင်နေတဲ့ရေတွင်းမှာတွေ့တယ်ဆိုကတည်းက နိမိတ်ဆိုးပဲ' လို့ပြန်မိန့်ခဲ့တယ်။
ဒါ့အပြင် ကဗျာတစ်ခုဖွဲ့ခဲ့ပြီး စာသားတစ်ခုက သခင်ကြီးကိုညွှန်းနေခဲ့တယ်။ အဲ့ကဗျာကတော့
အကျဉ်းသားနဲ့တူသောနဂါးမှာ
အသူတစ်ရာချောက်မှာ
မတက်နိုင်ခဲ့
နဂါးငွေ့တန်းဆီ
မရောက်နိုင်သလို
လယ်ကွင်းများပေါ်တွင်လည်း
မမြူးတူးနိုင်ခဲ့
စိတ်ပျက်လှစွာသောရေတွင်း၌သာ
ခွေလျက်
ကျိချွဲသောအကောင်တို့ဖြင့်
အတူနေခဲ့ရ
မေးရိုးကိုမဖွင့်နိုင်သလို
လက်သည်းတွေလည်း ဝှက်ထားရသူ
ဪ၊ တကယ်တော့
ဒါဟာ ငါနဲ့တူလှချည်လား ဆိုပြီးဖြစ်ပါတယ်"
ထိုကဗျာကိုကြားသောအခါ
"စီးမာကျောင်း"(Sima Zhao) သည် ဒေါသထွက်သွားသည်။
"ဒီလူက
ချောင်ဖန်း(Cao Fang) လိုပဲ။ သူ့ကိုမရှင်းရင် ကျုပ်ကိုဒုက္ခပေးလာလိမ့်မယ်"
"ကျွန်တော်
တစ်ခုခုလုပ်ပါ့မယ်"
ဝေသက္ကရာဇ် ကန်းလုပဉ္စမနှစ်
(အေဒီ ၂၆၁) လေးလပိုင်း နွေရာသီတွင် "စီးမာကျောင်း"(Sima Zhao) သည် နန်းတော်အတွင်းသို့
လက်နက်ကိုင်ဆောင်ကာ ရိုင်းပျစွာဖြင့်ဝင်လာခဲ့သည်။ သို့သော်လည်း ဝေဧကရာဇ်မှ ကောင်းမွန်စွာ
ဆက်ဆံခဲ့လေ၏။ အမှုထမ်းတို့က
"စစ်သူကြီးချုပ်ရဲ့လုပ်ဆောင်မှုတွေက
ကြီးမားလွန်းပြီး သူ့ဂုဏ်သတင်းဟာ မွှေးပျံ့နေတဲ့အတွက် သူ့ကိုးးဘုရင်ငယ်အဖြစ်တင်မြောက်ပြီး
ဂုဏ်သိန်ကိုးသွယ်ကိုချီးမြင့်သင့်ပါတယ်"
"ချောင်မောင်"(Cao
Mao) သည် ခေါင်းငိုက်စိုက်ကျကာ ဘာမှပြန်မပြောခဲ့ပေ။ ထိုအခါ "စီးမာကျောင်း"(Sima
Zhao) မှ မကျေမနပ်ဖြင့် ပြောသည်။
"ကျွန်တော်မျိုးရဲ့ဖခင်နဲ့အစ်ကိုတို့ဟာ
ဝေပြည်အတွက် တာဝန်ကြီးတွေထမ်းဆောင်ခဲ့တာတောင်မှ ကျွန်တော်က ကျင့်ဘုရင်ငယ် မဖြစ်နိုင်ဘူးလား"
"အမတ်ကြီးကိုယ်တိုင်တောင်းဆိုမှတော့
ကျုပ်က ခွင့်မပြုပဲနေပါ့မလား"
"ပုန်းကွယ်နေသောနဂါးဆိုတဲ့ကဗျာထဲမှာ
ကျွန်တော်မျိုးတို့ကို ချွဲကျိတဲ့တိရစ္ဆာန်အနေနဲ့သုံးနှုန်းထားတာ ဘယ်လိုယဉ်ကျေးမှုမျိုးပါလဲ"
ဝေဧကရာဇ်သည်
မည်သို့မျှပြန်မပြောနိုင်ခဲ့ပေ။ ထောင်လွှားသောဝန်ကြီးသည် နန်းတော်အတွင်းမှ ရက်စက်သောအပြုံးဖြင့်
ထွက်ခွာသွားခဲ့သည်။ "ချောင်မောင်"(Cao Mao) သည်လည်း အမတ်ကြီးများဖြစ်သော
"ဝမ်ရှန်"(Wang Shen) ၊ "ဝမ်ကျင်း"(Wang Jing) နှင့် "ဝမ်ရဲ"(Wang
Ye) တို့ကိုအတွင်းဆောင်တို့ခေါ်ကာ တိုင်ပင်ခဲ့သည်။ "ချောင်မောင်"(Cao
Mao) သည် လွန်စွာမှဝမ်းနည်းနေခဲ့သည်
"စီးမာကျောင်း(Sima
Zhao) က နန်းသိမ်းဖို့ဆန္ဒရှိတာသေချာတယ်။ ဒါ လူတိုင်းသိတဲ့ကိစ္စပဲ။ ဒါပေမယ့် ကျုပ်က ဒီမှာငြိမ်ပြီး
အေးဆေးထိုင်စောင့်နေမှာမဟုတ်ဘူး။ ဝန်မင်းတို့က သူ့ကိုသတ်ဖို့ကူညီနိုင်မလား"
"ဝမ်ကျင်း"(Wang
Jing) : "သူ့ကိုသတ်လို့မဖြစ်ပါဘူး။ ရှေးတုန်းက လုပြည်မှာ ကျောက်ဘုရင်က ကျိမိသားစုရဲ့ဒဏ်ကိုမခံနိုင်လို့
ထွက်ပြေးခဲ့တော့ သူ့တိုင်းပြည်ကိုဆုံးရှုံးသွားခဲ့တယ်။ ဒီ စီးမာကျောင်း(Sima Zhao)
နဲ့သူ့မိသားစုတွေရဲ့အာဏာဟာ ရေရှည်တည်တံ့နေခဲ့ပြီဖြစ်ပြီး သူတို့ကိုထောက်ခံတဲ့လူတွေ
အများကြီးရှိတယ်။ အဲ့ထောက်ခံသူအများစုကလည်း စီးမာကျောင်း(Sima Zhao) က ဝေပြည်အပေါ်သစ္စာရှိတာ၊
မရှိတာကိုဂရုမစိုက်ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုထောက်ခံမှာပဲ။ အရှင်မင်းကြီးရဲ့ကိုယ်ရံတော်တွေက
လူအင်အားနည်းပြီး တန်ပြန်တိုက်ခိုက်ဖို့ အသုံးမဝင်နိုင်ဘူး။ အရှင်မင်းကြီးက ဒီအခက်အခဲကို
မတောင့်ခံနိုင်ရင်တော့ ဝမ်းနည်းစရာဖြစ်လာလိမ့်မယ်။ ဒီတော့ အကောင်းဆုံးသောနည်းက စောင့်ကြည့်ပြီး
အလျင်စလိုမလုပ်ဖို့ပဲ"
"ကျုပ်
ဒါကိုတောင် သည်းခံနိုင်သေးတာပဲ။ ဘာလို့သည်းမခံနိုင်ရမလဲ? ဒါပေမယ့် ကျုပ်တစ်ခုခုတော့
လုပ်ရမယ်။ ကျုပ်သေသွားရင်ရော ဘာဖြစ်မှာတုန်း"
ထို့နောက် ဧကရာဇ်သည်
မယ်တော်နှင့်တိုင်ပင်ရန် အတွင်းသို့ဝင်သွားသည်။
အပြင်တွင်ကျန်ရစ်ခဲ့သော
"ဝမ်ရှန်"(Wang Shen) ၊ "ဝမ်ကျင်း"(Wang Jing) နှင့် "ဝမ်ရဲ"(Wang Ye) တို့က ထိုင်ကာ စကားပြောနေခဲ့သည်။
"ဝမ်ရှန်"(Wang
Shen) : "ဒီကိစ္စက အရေးကြီးလာပြီ။ ကျုပ်တို့တွေရော၊ ကျုပ်တို့မိသားစုဝင်တွေပါ မသေစေချင်ရင်တော့
စီးမာကျောင်း(Sima Zhao) ကိုသတင်းပို့မှဖြစ်မယ်"
ထိုစကားကြောင့်
"ဝမ်ကျင်း"(Wang Jing) ဒေါသထွက်သွားခဲ့သည်။
"ဘုရင်ရဲ့ဝမ်းနည်းမှုဟာ
ဝန်ကြီးရဲ့အရှက်ရမှုပဲဖြစ်တယ်၊ အရှက်ရတဲ့ဝန်ကြီးဟာ သေဆုံးရမှာပဲ။ ခင်ဗျားက သစ္စာဖောက်ရဲသေးတယ်"
"ဝမ်ကျင်း"(Wang
Jing) သည် "စီးမာကျောင်း"(Sima Zhao) ထံမသွားခဲ့သော်လည်း ကျန်နှစ်ယောက်မှာ
သစ္စာဖောက်ပြီး ဝန်ကြီးချုပ်၏အိမ်တော်သို့သွားခဲ့သည်။
မကြာမီတွင်
"ချောင်မောင်"(Cao Mao) ပြန်ပေါ်လာပြီး ကိုယ်ရံတော်တပ်မှူး "ကျောင်ပေါ်"(Jiao
Bo) ကိုခေါ်ကာ ရသမျှတပ်သားတို့ကိုစုဆောင်းစေခဲ့သည်။ "ကျောင်ပေါ်"(Jiao Bo)
သည် တပ်သားသုံးရာခန့်စုမိပြီး ထိုလူစုအနည်းငယ်က လှည်းယာဉ်ကိုကာကွယ်ကာ ဗုံတီးပြီး ချီတက်ကြသည်။
ထိုယာဉ်ပေါ်တွင် ဝေဧကရာဇ်သည် ဓားကိုကိုင်ကာ ထိုင်နေခဲ့သည်။ သူတို့သည် တောင်ဘက်သို့သွားခဲ့သည်။
"ဝမ်ကျင်း"(Wang
Jing) သည် ရှေ့သို့ထွက်လာခဲ့ပြီး "ချောင်မောင်"(Cao Mao) အား ဆက်မသွားရန်
တားမြစ်ခဲ့သည်။
"ဒီတပ်လေးနဲ့
စီးမာကျောင်း(Sima Zhao) ကို ဆန့်ကျင်တာဟာ ကျားပါးစပ်ထဲကို သိုးတွေမောင်းသွင်းပေးသလိုပါပဲ။
ဒီလိုမျိုးသေဆုံးရတာဟာ အချည်းနှီးသေဆုံးမှုမျိုးဖြစ်ပါတယ်။ ဘာမှပြီးမြောက်မှာမဟုတ်ဘူး"
"ကျုပ်ကို
မတားနဲ့တော့။ ကျုပ်ဆုံးဖြတ်ပြီးပြီ" ဟုဆိုကာ ဝေဧကရာဇ်သည် နဂါးမုဒ်ဝသို့သွားလေသည်။
မကြာမီတွင်
"ကျာချုံး"(Jia Chong) ကို မြင်ကွင်း၌မြင်တွေ့ခဲ့ရသည်။ သူသည် လက်နက်ကိုင်ဆောင်ထားပြီး
မြင်းကောင်းမြင်းသန့်ကိုစီးထားလေသည်။ သူ့ဘေးတွင် စစ်သူကြီး "ချန်ကျူ"(Cheng
Zu) နှင့် "ချန်ကျိ"(Cheng Ji) တို့ရှိပြီး အနောက်ဘက်တွင် သံချပ်ကာဝတ်ကိုယ်ရံတော်တို့ရှိကာ
တစ်ဖက်ကိုတစ်ဖက် အော်ဟစ်နခဲ့သည်။
"ချောင်မောင်"(Cao
Mao) မှ ဓားကိုကိုင်ကာ ပြောခဲ့သည်။
"ကျုပ်က
နတ်ဘုရားရဲ့သားတော်ပဲ။ တားမြစ်နန်းတော်ထဲကို ဘယ်သူတွေဝင်လာတာလဲ? မင်းတို့တွေက တရားသဖြင့်အုပ်ချုပ်သူကိုသတ်မလို့လား"
ထိုတပ်သားတို့မှာ
နန်းတွင်းကိုယ်ရံတော်တပ်များဖြစ်သောကြောင့် တွန့်ဆုတ်သွားခဲ့သည်။
ထိုအခါ 'ကျာချုံး"(Jia
Chong) မှ "ချန်ကျိ"(Cheng Ji) ကိုလှမ်းအော်ပြောလိုက်သည်။
"ဘုရင်ငယ်
စီးမာကျောင်း(Sima Zhao) က ခင်ဗျားကို မြေတောင်မြောက်ခဲ့တာဟာ ဒီနေ့အတွက်ပဲမဟုတ်လား"
"ချန်ကျိ"(Cheng
Ji) သည် ဓားရှည်ကိုကိုင်ပြီး "ကျာချုံး"(Jia Chong) ဘက်လှည့်ကာ
"အသေလား၊
အရှင်လား"
"ဘုရင်ငယ်က
သူ့ကိုသေစေရမယ်လို့ဆိုထားတယ်"
"ချန်ကျိ"(Cheng
Ji) မှ လှည်းယာဉ်သို့ အမြန်သွားခဲ့သည်။
"ဒီအရူးက
အတင့်ရဲလိုက်တာ" ဟု ဝေဧကရာဇ်မှဆိုခဲ့သည်။
သို့သော် စကားပင်မဆုံးသေးမီ
ဓားရှည်က ရင်ဝကိုစိုက်သွားခဲ့ပြီး ထုတ်ချင်းပေါက်ထွက်သွားခဲ့လေသည်။ "ချောင်မောင်"(Cao
Mao) သည် လှည်းယာဉ်ပေါ်တွင် နတ်ရွာစံလေ၏။ ကာကွယ်ရန် ကြိုးစားခဲ့သော "ကျောင်ပေါ်"(Jiao
Bo) သည်လည်း အသတ်ခံရလေသဖြင့် ကိုယ်ရံတော်တပ်တို့သည် ထွက်ပြေးသွားခဲ့ကြသည်။ အနောက်မှလိုက်လာခဲ့သော
"ဝမ်ကျင်း"(Wang Jing) သည် "ကျာချုံး"(Jia Chong) ကိုကြိမ်းမောင်းခဲ့သည်။
"သူပုန်၊
သစ္စာဖောက်၊ မင်းက ဧကရာဇ်ကိုတောင် လုပ်ကြံဝံ့တယ်"
"ကျာချုံး"(Jia
Chong) သည် ဒေါသထွက်ကာ အာဏာပါးကွက်သားတို့ကိုခေါ်ပြီး "ဝမ်ကျင်း"(Wang
Jing) ကိုဖမ်းသွားစေခဲ့သည်။
ထိုအကြောင်းကို
"စီးမာကျောင်း"(Sima Zhao) သိသောအခါ နန်းတော်အတွင်းသို့ဝင်သွားခဲ့လေသည်။
ဧကရာဇ်နတ်ရွာစံသည်ကိုမြင်သောအခါ အင်မတန်မှအံ့ဩသွားဟန်ဖြင့် သူ့ခေါင်းကို လှည်းယာဉ်ဖြင့်ဆောင့်ပြီး
အချိန်အတန်ကြာ ငိုယိုခဲ့သည်။ ထို့နောက် ရာထူးမြင့်အမှုထမ်းများကို အကြောင်းကြားစေ၏။
နန်းတွင်းစောင့်တပ်စစ်သူကြီး
"စီးမာဖူ"(Sima Fu) သည် ဧကရာဇ်၏အလောင်းတော်ကိုမြင်သောအခါ ဘေးတွင်ဒူးထောက်လိုက်ပြီး
ခေါင်းကိုငုံ့ကာ ငိုခဲ့လေသည်။
"အရှင်မင်းကြီးလုပ်ကြံခံရတာဟာ
ကျွန်တော်မျိုးရဲ့အပြစ်ကြောင့်ဖြစ်တယ်"
"စီးမာဖူ"(Sima
Fu) သည် အခေါင်းယူဆောင်လာခဲ့ပြီး အလောင်းကိုထည့်ကာ အနောက်ဆောင်သို့သယ်သွားစေသည်။
"စီးမာကျောင်း"(Sima
Zhao) သည် ထိုအဆောင်သို့ဝင်လာခဲ့ပြီး ခေါင်းဆောင်အရာရှိတို့ကိုခေါ်ကာ အစည်းအဝေးပြုခဲ့သည်။
ဝန်ကြီး "ချန်ထိုက်"(Chen Tai) မှလွဲပြီး တခြားအမှုထမ်းများအားလုံး ရောက်လာသည်။
ထိုသို့ပျက်ကွက်သည်ကို သတိထားမိသော "စီးမာကျောင်း"(Sima Zhao) မှ "ချန်ထိုက်"(Chen
Tai) ၏ဦးလေးတော်စပ်သူ အတွင်းရေးအရာရှိ "ရွှင်ယီ"(Xun Yi) ကိုစေလွှတ်ကာ ခေါ်စေခဲ့သည်။
"ချန်ထိုက်"(Chen
Tai) မှ ကျယ်လောင်စွာငိုကြွေးပြီး ပြောခဲ့သည်။
"လူတွေက
ကျုပ်နဲ့ကျုပ်ဦးလေးကို တစ်တန်းထဲထားပြီး ခိုင်းနှိုင်းလေ့ရှိကြတယ်။ ဒီနေ့မှာတော့ ကျုပ်ဦးလေးက
ကျုပ်လောက်တောင် မွန်မြတ်မှုမရှိပါလား"
သို့သော်လည်း
"ချန်ထိုက်"(Chen Tai) သည် ဆင့်ခေါ်သည်ကိုလက်ခံပြီး လာခဲ့လေသည်။ သူသည် ဈာပနဝတ်စုံဖြစ်သည့်အဖြူရောင်အဝတ်ကိုဝတ်ခဲ့ပြီး
အခေါင်းဘေးတွင် ဒူးထောက်ခဲ့သည်။ "စီးမာကျောင်း"(Sima Zhao) ကလည်း ဝမ်းနည်းနေသည့်ပုံ
ယောင်ဆောင်ခဲ့သည်။
"စီးမာကျောင်း"(Sima
Zhao) : "ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ'
"ချန်ထိုက်"(Chen
Tai) : "ကျာချုံး(Jia Chong) ကိုသာ သေဒဏ်ပေးလိုက်မယ်ဆိုရင်တော့ တိုင်းပြည်က အတန်ငယ်ကျေနပ်မှုရနိုင်ပါလိမ့်မယ်'
"စီးမာကျောင်း"(Sima
Zhao) သည် အကြာကြီးနှုတ်ဆိတ်သွားခဲ့ပြီးမှ စကားပြန်ပြောခဲ့သည်။
"ဒီထက်
ပျော့ပြောင်းမယ့်အပြစ်ဒဏ်မရှိနိုင်ဘူးလား"
"ဒါက အစပဲရှိပါသေးတယ်။
ဒီထက်လျှော့ပေါ့တဲ့အပြစ်ဒဏ်ကို ကျွန်တော်စဉ်းစားလို့မရပါဘူး"
"ချန်ကျိ(Cheng
Ji) ကမှ သူပုန်ဖြစ်ပြီး တကယ့်တရားခံဖြစ်တယ်။ သူက အရှက်ရပြီး သေသင့်သလို သူ့မိသားစုဝင်တွေလည်း
သေဒဏ်ပေးခံရသင့်တယ်"
ထိုအခါ
"ချန်ကျိ"(Cheng Ji) မှ "စီးမာကျောင်း"(Sima Zhao) ကို ဆဲရေးခဲ့သည်။
"ဒါ ကျုပ်ရဲ့အပြစ်မဟုတ်ဘူး။
ခင်ဗျားက ကျာချုံး(Jia Chong) ကနေတဆင့် ကျုပ်ကိုခိုင်းခဲ့တာမဟုတ်လား"
"စီးမာကျောင်း"(Sima
Zhao) မှ ထိုသူ၏လျာကိုဖြတ်စေပြီး သေဒဏ်ပေးစေလိုက်သည်။ ထို့ကြောင့် "ချန်ကျိ"(Cheng
Ji) ၊ ညီဖြစ်သူ "ချန်ကျူ"(Cheng Zu) နှင့်မိသားစုဝင်အားလုံးတို့ကို ဈေးလည်ခေါင်တွင်
သေဒဏ်ပေးခဲ့လေ၏။ "ဝမ်ကျင်း"(Wang Jing) ၏မိသားစုအားလုံးလည်း အဖမ်းခံခဲ့ရသည်။
သူညီလာခံ၌မတ်တပ်ရပ်နေစဉ် သူ့မိခင် ကျောက်အမျိုးသမီးအဖမ်းခံရသည်ကို မြင်တွေ့ခဲ့လေ၏။
သူသည် ခေါင်းကိုမြေနှင့်ဆောင့်ကာ ငိုခဲ့သည်။
"ကျွန်တော့လိုသားမိုက်ကြောင့်
နူးညံ့ကြင်နာတဲ့အမေ ဒုက္ခရောက်ခဲ့ရပြီ"
မိခင်ဖြစ်သူက
ရယ်လေသည်။
"မသေတဲ့လူဆိုတာ
မရှိပါဘူး။ ကောင်းကောင်းမွန်မွန်မသေဆုံးမှာကိုပဲ ကြောက်ရတယ်။ ဒီလိုမျိုးသေရတာကို ဘယ်သူနောင်တရမလဲ"
နောက်ရက်တွင်
မိသားစုတစ်ခုလုံးကိုသေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သည်၊ မိခင်နှင့်သားတို့သည် ပြုံးလျက်
လျှောက်လှမ်းသွားခဲ့ကြ၏။ သို့သော် တစ်မြို့လုံးမှာ ဝမ်းနည်းပြီး ငိုကြွေးခဲ့ရလေသည်။
နန်းတော်စောင့်စစ်သူကြီး
"စီးမာဖူ"(Sima Fu) မှ ဧကရာဇ်အား တော်ဝင်ဈာပနအခမ်းအနားကျင်းပသင့်ကြောင်း
အဆိုပြုခဲ့ရာ "စီးမာကျောင်း"(Sima Zhao) မှ လက်ခံခဲ့လေသည်။ "ကျာချုံး"(Jia
Chong) နှင့်အပေါင်းအပါတို့က "စီးမာကျောင်း"(Sima Zhao) အား ဝေကိုအစားထိုးကာ
နန်းတက်ရန်တောင်းဆိုကြသော်လည်း ငြင်းလိုက်သည်။
"ရှေးတုန်းက
ဘုရင်ဝန်ဟာ တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံကိုအုပ်ချုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးအချိန်အထိ
ယင်းပြည်ကိုထောက်ခံခဲ့တယ်။ ဒါကြောင့် ကွန်ဖြူးရှပ်က သူ့ကို အကျင့်ကောင်းမွန်သူလို့ဆိုခဲ့တယ်။
ဝေပြည်ရဲ့ ချောင်ဧကရာဇ်ဟာလည်း ဟန်တွေကိုမဖြုတ်ချခဲ့သလို ကျုပ်လည်း ဝေပြည်ကိုနန်းစွန့်စေမှာမဟုတ်ဘူး"
ထိုစကားကိုကြားသောသူတို့က
သူ့သား "စီးမာရန်"(Sima Yan) ကို နန်းတင်လိုသည့်ဆန္ဒရှိကြောင်းကို သွယ်ဝိုက်ပြောဆိုသည်ဟု
သဘောပေါက်ကာ ဆက်ပြီးမတိုက်တွန်းကြတော့ပေ။
ထိုနှစ်ခြောက်လပိုင်းတွင်
ချန်တောက်နယ်စား "ချောင်ဟွမ်"(Cao Huang) ကို ဧကရာဇ်အဖြစ်နန်းတင်ခဲ့ပြီး
သက္ကရာဇ်ကို ကောင်းမွန်သောကနဦး (ကျင်ယွမ်ဒုတိယနှစ်) [အေဒီ ၂၆၁] ဟု ခေါ်တွင်စေသည်။
"ချောင်ဟွမ်"(Cao Huang) သည် ယန့်မင်းသား "ချောင်ယွီ"(Cao Yu)
၏သားဖြစ်ပြီး "ချောင်ချောင်း"(Cao Cao) ၏မြေးတော်စပ်သည်။
"စီးမာကျောင်း"(Sima
Zhao) သည် ဝန်ကြီးချုပ်ရာထူးနှင့် ကျင့်ဘုရင်ငယ်ဘွဲ့ကိုယူခဲ့သည်။ ထို့အပြင် ရွှေဒင်္ဂါးပေါင်းတစ်သိန်းအပြင်
ပိုးထည်တစ်သောင်းကို လက်ခံရရှိခဲ့လေသည်။ အမှုထမ်းတို့ကိုလည်း ရာထူးတိုးခြင်း၊ ဆုချီးမြင့်ခြင်းများပြုစေခဲ့သည်။
ထိုအကြောင်းတို့ကို
ရှူပြည်မှကြားသိသောအခါ "ကျန်းဝေ"(Jiang Wei) မှ အုပ်ချုပ်သူကိုလုပ်ကြံသည့်ဝေပြည်အား
အပြစ်ပေးရန် စစ်ချီလိုသည်။ ထို့ကြောင့် ဝူပြည်သို့စစ်ကူတောင်းသည့်စာများပို့ခဲ့ပြီး
ဧကရာဇ်ထံမှ ခွင့်ပြုမိန့်တောင်းခဲ့လေသည်။ စုစည်းခဲ့သောတပ်မှာ အင်အားတစ်သိန်းငါးသောင်းရှိပြီး
သေတ္တာများအားလုံးကိုသယ်နိုင်သည့်လှည်းတို့ကိုလည်း စီစဉ်ခဲ့သည်။ "လျောင်ဟွာ"(Liao
Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့က ရှေ့ပြေးတပ်စစ်သူကြီးအဖြစ် တာဝန်ယူရသည်။
"လျောင်ဟွာ"(Liao Hua) ကို ကျီဝူတောင်ကြားသို့ချီတက်စေပြီး "ကျန်းယီ"(Zhang
Yi) ကို လော့တောင်ကြားသို့ချီတက်စေသည်။ "ကျန်းဝေ"(Jiang Wei) မှ ရှဲ့တောင်ကြားလမ်းမှ
ချီတက်မည်ဖြစ်သည်။ သူတို့သည် တပြိုင်တည်းချီတက်ကာ ချီစန်းသို့ ဦးတည်ခဲ့သည်။
"တန့်အိုက်"(Deng
Ai) သည် ချီစန်း၌ တပ်တို့အား စစ်ရေးလေ့ကျင့်ပေးနေစဉ် ရှူတပ်ကြီးသည် နောက်တစ်ကြိမ်ချီတက်လာသည်ဟု
သိရသည်။ ထို့ကြောင့် အမှုထမ်းတို့ကိုခေါ်စေ၏။ စစ်တပ်အကြံပေး "ဝမ်ကွမ်း"(Wang
Guan) မှ
"ကျွန်တော့မှာ
အကြံတစ်ခုရှိပါတယ်။ ဒါပေမယ့် ဒီအတိုင်းမပြောပဲ စာရွက်မှာရေးလိုက်ပါ့မယ်။ စစ်သူကြီးက
ဖတ်ပြီး သင့်တော်သလားလို့ဆုံးဖြတ်ပေးပါ"
"တန့်အိုက်"(Deng
Ai) သည် ထိုစာကိုယူကာ ဖတ်ခဲ့သည်။
"ဒီအကြံကကောင်းပေမယ့်
ရှူတပ်ခေါင်းဆောင်ကိုမလှည့်စားနိုင်မှာစိုးရိမ်ရတယ်" စာကိုဖတ်ပြီးနောက် "တန့်အိုက်"(Deng
Ai) မှ ကောက်ချက်ချသည်။
"ကျွန်တော့အသက်ကိုစွန့်စားပြီးလုပ်ပါ့မယ်။
ပြီးတော့ ကျွန်တော်က ဒါကိုဦးဆောင်မယ်"
"ခင်ဗျားက
ယုံကြည်ချက်ရှိတယ်ဆိုရင် စမ်းကြည့်ပေါ့။ သေချာပေါက် အောင်မြင်မှာပါ"
ထို့ကြောင့်
"ဝမ်ကွမ်း"(Wang Guan) လက်အောက်တွင် တပ်သားငါးထောင်ထားခဲ့ပြီး ထိုတပ်သည်
ရှဲ့တောင်ကြားသို့ချီတက်သွားသည်။ မကြာမီတွင် "ကျန်းဝေ"(Jiang Wei) ၏ကင်းထောက်တို့နှင့်တွေ့ရာ
"ဝမ်ကွမ်း"(Wang Guan) မှ လှမ်းအော်ပြောခဲ့သည်။
"ကျုပ်တို့က
တပ်ပြေးတွေပါ။ ခင်ဗျားတို့ခေါင်းဆောင်ကို အကြောင်းကြားပေးပါ"
ထို့ကြောင့်
ကင်းထောက်တို့မှ "ကျန်းဝေ"(Jiang Wei) အား အကြောင်းကြားခဲ့သည်။
"စစ်သားတွေကို
ဒီအတိုင်းနေစေပြီး ခေါင်းဆောင်တစ်ယောက်ထဲကိုပဲ ကျုပ်နဲ့လာတွေ့ခိုင်းပါ"
"ဝမ်ကွမ်း"(Wang
Guan) သည် ရောက်လာပြီးနောက် "ကျန်းဝေ"(Jiang Wei) ရှေ့တွင် ဒူးထောက်ခဲ့သည်။
"ကျွန်တော်က
ဝမ်ကျင်း(Wang Jing) ရဲ့တူတော်စပ်ပြီး ဧကရာဇ်နဲ့ကျွန်တော့မိသားစုဝင်တွေသေဆုံးခဲ့တာကြောင့်
စီးမာကျောင်း(Sima Zhao) ကိုမုန်းနေတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော့တပ်သားငါးထောင်နဲ့အတူ
လက်နက်ချလိုပါတယ်။ ကျွန်တော့ဦးလေးအတွက် လက်စားချေနိုင်ဖို့ ကျွန်တော့ကိုသူပုန်တွေကို
တိုက်ခွင့်ပေးပါ"
"ခင်ဗျားက
စိတ်ရင်းအမှန်နဲ့လက်နက်ချတာဆိုတော့ ကျုပ်ကလည်း ကောင်းကောင်းဆက်ဆံရမှာပေါ့။ ကျုပ်တပ်မှာ
လိုအပ်နေတာက ရိက္ခာပဲ။ မြစ်ပြည်နယ် နယ်စပ်မှာ ရိက္ခာတွေအများကြီးရှိတယ်။ အဲ့ရိက္ခာတွေကို
ချီစန်းကိုသယ်ပေးနိုင်မယ်ဆိုရင် ကျုပ်က ချက်ချင်းပဲ တန့်အိုက်(Deng Ai) ရဲ့စခန်းတွေကိုသိမ်းမှာဖြစ်တယ်"
"ကျန်းဝေ"(Jiang
Wei) သည် သူ့ထောင်ချောက်အတွင်းဝင်သွားပြီဟုတွေးကာ "ဝမ်ကွမ်း"(Wang Guan)
ပျော်သွားခဲ့ပြီး ထိုတာဝန်ကို ချက်ချင်းလက်ခံခဲ့သည်။
"ဒါပေမယ့်
ရိက္ခာတွေကိုသယ်ယူဖို့က တပ်ငါးထောင်မလိုပါဘူး။ တပ်သုံးထောင်ပဲခေါ်သွားပြီး ကျန်တဲ့နှစ်ထောင်ကို
ကျုပ်ရဲ့လမ်းပြတွေအဖြစ် ထားရစ်ခဲ့ပါ"
"ဝမ်ကွမ်း"(Wang
Guan) သည် ငြင်းပယ်လိုက်ပါက သံသယရှိသွားမည်ကို စိုးရိမ်သောကြောင့် လက်ခံလိုက်ပြီး တပ်သားသုံးထောင်နှင့်အတူ
ချီတက်သွားသည်။ ကျန်တပ်သားနှစ်ထောင်က ရှူတပ်နှင့်အတူ ရှိနေခဲ့သည်။
ထိုအချိန်တွင်
"ရှဟိုပါ့"(Xiahou Ba) ရောက်ကြောင်းကြားသိရပြီး လူကိုယ်တိုင်ဝင်လာသည်။
"စစ်သူကြီးက
ဘာကြောင့် ဒီဝမ်ကွမ်း(Wang Guan) ပြောတာကိုယုံရတာလဲ? ဝေပြည် ဝမ်ကျင်း(Wang Jing) ဆီမှာ
ဝမ်ကွမ်း(Wang Guan) လို့ခေါ်တဲ့ဆွေမျိုးရှိတယ်ဆိုတာ ကျွန်တော်မကြားဖူးဘူး။ ဒါနဲ့ပတ်သတ်ပြီး
စုံစမ်းတာတွေမလုပ်ခဲ့ဖူးပေမယ့် စစ်သူကြီးကတော့ ဒါကိုစစ်ဆေးသင့်ပါတယ်။ သူနောက်ကြောင်းလိမ်ထားတာဖြစ်နိုင်တယ်"
"ကျန်းဝေ"(Jiang
Wei) မှပြုံးပြီး
"ဒီ ဝမ်ကွမ်း(Wang
Guan) က လိမ်နေတယ်ဆိုတာ ကျုပ်သိတာပေါ့။ ဒါကြောင့် ကျုပ်က သူ့တပ်သားအများကြီးကိုခေါ်ထားတာ။
သူ့ပရိယာယ်ကို ပရိယာယ်နဲ့ရင်ဆိုင်မလို့"
"သူလိမ်တယ်ဆိုတာ
ဘယ်လိုသိတုန်း"
"စီးမာကျောင်း(Sima
Zhao) က ချောင်ချောင်း(Cao Cao) လိုကောက်ကျစ်တယ်။ သူက ဝမ်ကျင်း(Wang Jing) ရဲ့တစ်မိသားစုလုံးကိုသတ်ပြီးမှတော့
ရန်သူရဲ့တူတော်စပ်သူကို သူနဲ့အလှမ်းဝေးရာခံတပ်မှာ စစ်သားတွေကိုအုပ်ချုပ်စေတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား။ ခင်ဗျားမြင်နိုင်သလို ကျုပ်လည်း မြင်နိုင်ပါတယ်"
ထို့ကြောင့်
"ကျန်းဝေ"(Jiang Wei) သည် ရှဲ့တောင်ကြားမှမချီတက်တော့ပဲ "ဝမ်ကွမ်း"(WangGuan)
လှုပ်ရှားပါက အဆင်သင့်ဖြစ်ရန် ကင်းပုန်းချထားသည်။ ဆယ်ရက်အတွင်းမှာပင် "ဝမ်ကွမ်း"(Wang
Guan) မှ "တန့်အိုက်"(Deng Ai) ဆီပို့သည့် အကြောင်းကြားစာကို ကြားဖြတ်ရရှိခဲ့သည်။
ထိုစာနှင့်စာပို့သူတို့မှတဆင့် "ဝမ်ကွမ်း"(WangGuan) သည် ၂၀ ရက်နေ့တွင် ရိက္ခာလှည်းတို့ကို
ဝေတပ်စခန်းသို့ပို့မည်ဖြစ်ကြောင်း သိခဲ့ရသည်။ ၎င်းကိုကူညီရန် "တန့်အိုက်"(Deng
Ai) အား ယွင်စန်းတောင်ကြားသို့ တပ်များစေလွှတ်ရန် တောင်းဆိုထားသည်။
"ကျန်းဝေ"(Jiang
Wei) မှ စာပို့သူကို ခေါင်းဖြတ်စေပြီး လူတစ်ယောက်အား ဝေတပ်သားအသွင်ရုပ်ဖျက်စေကာ
"တန့်အိုက်"(Deng Ai) ထံ စာတစ်စောင်ပို့စေသည်။ ထိုစာထဲတွင် ချိန်းဆိုသည့်ရက်ကို
၂၀ ရက်အစား ၁၅ ရက်နေ့ဟု ပြောင်းလိုက်သည်။ "ကျန်းဝေ"(Jiang Wei) မှ ရိက္ခာတင်ထားသည့်လှည်းတို့မှရိက္ခာကိုထုတ်စေပြီး
လောင်စာများအစားထိုးထည့်ထားပြီး အစိမ်းရောင်အဝတ်ဖြင့်အုပ်ထားစေသည်။ ဝေတပ်သားနှစ်ထောင်တို့ကို
ရှူထောက်ပို့တပ်၏အလံများ ပြောင်းလဲကိုင်ဆောင်စေခဲ့သည်။ "ကျန်းဝေ"(Jiang
Wei) နှင့် "ရှဟိုပါ့"(Xiahou Ba) တို့သည် တောင်ကြားတွင် ကင်းပုန်းချရန်ထွက်သွားသည်။
"ကျန်းရှူ"(Jiang Shu) ကို ရှဲ့တောင်ကြားသို့ချီတက်စေပြီး "လျောင်ဟွာ"(Liao
Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့အား ချီစန်းကိုသိမ်းပိုက်စေသည်။
"တန့်အိုက်"(Deng
Ai) သည် "ဝမ်ကွမ်း"(Wang Guan) ထံမှစာကိုဖတ်ပြီးနောက် ထိုအတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း
စာပြန်ခဲ့သည်။ ထို့ကြောင့် ၁၅ ရက်နေ့တွင် "တန့်အိုက်"(Deng Ai) သည် ဝါရင့်တပ်သားငါးသောင်းနှင့်အတူ
ယွင်စန်းတောင်ကြားနား ရောက်လာခဲ့သည်။ ထို့နောက် ကင်းထောက်တို့မှ တောင်များကြားဝယ် ရွေ့လာခဲ့သော
မရေမတွက်နိုင်သည့်ရိက္ခာလှည်းများကိုတွေ့ခဲ့ရသည်။ "တန့်အိုက်"(Deng Ai) သည်
အနီးကပ်လာသောအခါ ဝေတပ်ဝတ်စုံတို့ကိုမြင်ခဲ့သည်။ အမှုထမ်းတစ်ဦးမှ
"အခု မှောင်လာပါပြီ။
စစ်သူကြီးက ဝမ်ကွမ်း(Wang Guan) ကိုကူညီပြီး ရိက္ခာတွေကိုသယ်သင့်တယ်"
"ရှေ့က
တောင်လမ်းတွေက အန္တရာယ်များတယ်။ ရန်သူတွေကင်းပုန်းဝပ်ထားရင် ကျုပ်တို့လွတ်မြောက်မှာမဟုတ်ဘူး။
ဒီတော့ ဒီကပဲစောင့်နေရမယ်"
ထိုအချိန်တွင်
မြင်းသည်တော်နှစ်ဦးသည် ကဆုန်စိုင်းစီးလာပြီး ပြောလေသည်။
"စစ်သူကြီး
ဝမ်ကွမ်း(Wang Guan) က နယ်စပ်ကိုဖြတ်လာတဲ့အချိန်မှာ ရန်သူတွေကဝိုင်းတိုက်လို့ စစ်ကူအမြန်လိုအပ်နေပါတယ်"
ထိုအရာမှာအရေးကြီးကြောင်း
"တန့်အိုက်"(Deng Ai) က သိသောကြောင့် အရှေ့သို့သွားစေသည်။ ထိုညမှာ လပြည့်နေ့ဖြစ်ပြီး
လမင်းကြီးမှာ နေ့အချိန်ကဲ့သို့လင်းထိန်နေခဲ့သည်။ တစ်ချက်တီးအချိန်ဝယ် အော်ဟစ်သံတို့ကိုကြားလိုက်ရသောကြောင့်
ထိုအသံတို့သည် "ဝမ်ကွမ်း"(Wang Guan) က ရန်သူတို့နှင့်တိုက်ခိုက်သည့်အသံဖြစ်မည်ဟု
ထင်ခဲ့သည်။
ထို့ကြောင့်
"တန့်အိုက်"(Deng Ai) သည် တောင်ကုန်းကိုဖြတ်ပြီး အလျင်အမြန်သွားခဲ့ရာ သစ်ပင်များ၏နောက်ကွယ်မှ
တပ်တစ်ခုထွက်လာသည်။ ထိုတပ်ခေါင်းဆောင်မှာ ရှူစစ်သူကြီး "ဖူချန်"(Fu
Qian) ဖြစ်သည်။
"တန့်အိုက်"(Deng
Ai) ၊ ခင်ဗျားက တုံးအတာပဲ။ ကျုပ်တို့စစ်သူကြီးရဲ့ထောင်ချောက်ထဲဝင်သွားပြီ။ မြင်းပေါ်ကဆင်းပြီး
သေဖို့ပြင်ထားပါ"
"တန့်အိုက်"(Deng
Ai) သည် ရပ်လိုက်ပြီး ပြန်လှည့်ရန်ကြိုးပမ်းခဲ့ရှည်။ ထိုအချိန်တွင် လှည်းတို့မှ မီးများတောက်လောင်ခဲ့သည်။
ထိုမီးတို့မှာ အချက်ပြမီးဖြစ်ပြီး ရှူတပ်ကြီးရောက်လာပြန်သည်။ သူ့ဘေးပတ်ဝန်းကျင်မှ အော်သံများကြားခဲ့ရလေသည်။
"တန့်အိုက်(Deng
Ai) ကိုဖမ်းနိုင်တဲ့လူကို ရွှေသားအောင်စတစ်ထောင်ဆုချမှာဖြစ်ပြီး အိမ်ခြေတစ်သောင်းကိုအုပ်ချုပ်ခွင့်ပေးမယ်"
ကြောက်လန့်သွားသော
"တန့်အိုက်"(Deng Ai) သည် သူ၏လက်နက်တို့ကိုပစ်ချလျက် သံချပ်ကာကိုချွတ်ပြီး
မြင်းပေါ်မှဆင်းကာ ခြေလျင်တပ်သားတို့နှင့်အတူရောပြီး တောင်ကုန်းများပေါ်သို့ ပြေးခဲ့သည်။
ရှူတပ်စစ်သူကြီးတို့သည် မြင်းစီးထားသောခေါင်းဆောင်တို့ကိုသာ အာရုံစိုက်ခဲ့သောကြောင့်
သာမန်တပ်သားတို့နှင့်အတူပြေးသွားသော "တန့်အိုက်"(Deng Ai) ကို ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် "တန့်အိုက်"(Deng Ai) ကို မဖမ်းဆီးနိုင်ခဲ့ပေ။
"ကျန်းဝေ"(Jiang
Wei) သည် သူ၏စစ်အောင်နိုင်သောတပ်နှင့်အတူ "ဝမ်ကွမ်း"(Wang Guan) နှင့်တပ်သားတို့ထံသွားခဲ့သည်။
အစီအစဉ်များကိုလုပ်ဆောင်ပြီးသည့် "ဝမ်ကွမ်း"(Wang Guan) သည် သူ့အကြံအထမြောက်မည့်အချိန်ကို
စောင့်နေခဲ့သည်။ ထိုအချိန်တွင် လူယုံတော်တစ်ဦးရောက်လာပြီး သူ့အကြံပေါက်ကြားသွားကြောင်းနှင့်
"တန့်အိုက်"(Deng Ai) စစ်ရှုံးသွားကြောင်း သတင်းပို့ခဲ့သည်။ "ဝမ်ကွမ်း"(Wang
Guan) မှ လူလွှတ်ပြီး စုံစမ်းစေကာ ထိုသတင်းအမှန်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရှူတပ်ကြီးသည်
သူ့ဘက်သို့ ချီတက်လာသည်။ ဖုန်မှုန့်များလွင့်ပျံနေသည်ကိုတွေ့ခဲ့ရပြီး ပြေးပေါက်မရှိတော့သောကြောင့်
"ဝမ်ကွမ်း"(Wang Guan) သည် ရိက္ခာတို့ကို မီးရှို့ဖျက်စီးစေခဲ့သည်။
"အခြေအနေဆိုးရွားနေပြီ။
သူသေကိုယ်သေတိုက်ရမယ့်အချိန်ပဲ"
သူ့တပ်တို့ကို
အနောက်ဘက်သို့ဦးဆောင်သွားသော်လည်း ရှူတပ်က အနောက်မှလိုက်ခဲ့သည်။ "ဝမ်ကွမ်း"(Wang
Guan) သည် နောက်ပြန်လှည့်ပြီး ရင်ဆိုင်လိမ့်မည်ဟု "ကျန်းဝေ"(Jiang Wei) ကထင်ခဲ့သော်လည်း
"ဝမ်ကွမ်း"(Wang Guan) ၏တပ်မှာ နည်းပါးလွန်းသောကြောင့် ဟန်ကျုံးဘက်သို့ချီတက်သွားခဲ့သည်။
"ဝမ်ကွမ်း"(Wang Guan) သည် လမ်းတလျှောက်ရှိ စစ်တပ်စခန်းတို့ကို မီးရှို့ဖျက်စီးစေခဲ့ပြီး
ပျဉ်ခင်းလမ်းတို့ကိုပါ ဖျက်စီးစေခဲ့သည်။
ဟန်ကျုံးမြို့ကျသွားမည်ကိုစိုးရိမ်သောကြောင့်
"ကျန်းဝေ"(Jiang Wei) သည် လမ်းသွယ်များမှတဆင့် အလျင်အမြန်လိုက်လာခဲ့သည်။
ရန်သူတို့အဝိုင်းခံခဲ့ရသော "ဝမ်ကွမ်း"(Wang Guan) သည် အနက်ရောင်နဂါးမြစ်သို့ခုန်ချကာ
သတ်သေသွားခဲ့သည်။ ကျန်ရစ်ခဲ့သောတပ်သားတို့သည်လည်း "ကျန်းဝေ"(Jiang Wei) လက်ချက်ဖြင့်
အသက်ဆုံးခဲ့သည်။ အောင်မြင်မှုရရှိကာ "ဝမ်ကွမ်း"(Wang Guan) ကိုသတ်နိုင်ခဲ့သော်လည်း
ပေးဆပ်မှုများလည်း မနည်းခဲ့ပေ။ လှည်းယာဉ်နှင့်ရိက္ခာများစွာကိုဆုံးရှုံးခဲ့ရပြီး ပျဉ်ခင်းလမ်းလည်း
ပျက်စီးသွားသည်။ "ကျန်းဝေ"(Jiang Wei) သည် သူ့တပ်နှင့်အတူ ဟန်ကျုံးသို့ပြန်လာခဲ့သည်။
"တန့်အိုက်"(Deng
Ai) သည် ချီစန်းသို့ပြန်လာပြီး သူ့ရှုံးနိမ့်မှုကို ဝေဧကရာဇ်ထံလျှောက်တင်ကာ ရာထူးချပြီး
အပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း "တန့်အိုက်"(Deng Ai) ၏စွမ်းဆောင်မှုတို့ကိုကြည့်ပြီး
"စီးမာကျောင်း"(Sima Zhao) မှ ရာထူးချခြင်းမရှိခဲ့ပေ။ ထို့အပြင် လက်ဆောင်ပဏ္ဏာများပေးခဲ့သောကြောင့်
"တန့်အိုက်"(Deng Ai) မှ ထိုလက်ဆောင်တို့ကို ကျဆုံးသွားသည့်တပ်သားတို့၏မိသားစုဝင်များထံ
ပို့ပေးခဲ့လေသည်။ ရှူတို့နောက်တစ်ကြိမ်တိုက်လာပါက ကာကွယ်ရန်အတွက် "စီးမာကျောင်း"(Sima
Zhao) မှ စစ်ကူတပ်သားငါးသောင်းပို့စေခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) မှ လမ်းကိုပြန်လည်ပြုပြင်ခဲ့ပြီး နောက်ထပ်စစ်ဆင်ရန်ပြင်ဆင်နေသည်။
Comments