သုံးနိုင်ငံခေတ်(၁၂၀)
အခန်း(၁၂၀) "တုယွီ"(Du Yu) ကိုထောက်ခံမှုပေးကာ
အိုမင်းသောစစ်သူကြီးသည် အကြံအစည်များပေးခဲ့ခြင်း။
"စွန်းဟောက်"(Sun Hao) ကိုဖမ်းဆီးကာ
သုံးပြည်ထောင်သည် တစ်စုတစ်စည်းတည်းဖြစ်သွားခြင်း။
ဝေပြည်မှ ကျင့်ပြည်အဖြစ်ပြောင်းလဲသွားကြောင်းကို
ဝူဧကရာဇ် "စွန်းရှို့"(Sun Xiu) သိသောအခါ နန်းလုသူသည် မကြာခင်ဝယ် သူ့တိုင်းပြည်ကိုကျူးကျော်လာလိမ့်မည်ဟု
သိနေသည်။ ထိုသို့စိုးရိမ်ပူပန်မှုကြောင့် မမာမကျန်းဖြစ်ခဲ့ရာမှ အိပ်ရာထဲလဲသွားခဲ့သည်။
ပြီးနောက် သူ့ကုတင်နားသို့ ဝန်ကြီးချုပ် "ပုရန်ရှင်း"(Puyang Xing) နှင့်
အိမ်ရှေ့စံ "စွန်းဝမ်"(Sun Wan) တို့ကိုခေါ်ခဲ့သည်။ သို့သော် သူတို့ရောက်လာသည့်အခါ
အရမ်းနောက်ကျသွားခဲ့ပြီ။ သေဆုံးခါနီးဧကရာဇ်သည် ဝန်ကြီး၏လက်ကိုကိုင်ကာ သားဖြစ်သူကို
လက်ညှိုးညွှန်ပြပြီးနောက် နတ်ရွာစံလေသည်။
"ပုရန်ရှင်း"(Puyang
Xing) မှ ပြန်ထွက်လာခဲ့ပြီး အမှုထမ်းတို့ကိုစည်းဝေးစေကာ အိမ်ရှေ့စံကို နန်းတင်ရန် တိုင်ပင်သည်။
ထိုအချိန်ဝယ် လက်ဝဲတပ်ကြီးကြပ်ရေးအရာရှိ "ဝမ်ယွီ"(Wan Yu) မှ
"ဒီလိုခေတ်ပျက်ကြီးမှာ
မင်းသား စွန်းဝမ်(Sun Wan) ကိုနန်းတင်ဖို့ရာက သူ့အသက်က ငယ်လွန်းလှတယ်။ ဒါကြောင့် ဝူချန်သခင်
စွန်းဟောက်(Sun Hao) ကို နန်းတင်သင့်တယ်"
ထိုစကားကို
လက်ဝဲတပ်စစ်သူကြီး "ကျန်းပု"(Zhang Bu) ကလည်း ထောက်ခံခဲ့သည်။
'စွန်းဟောက်(Sun
Hao) က အရည်အချင်းရှိပြီး ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်တယ်။ ဧကရာဇ်ရဲ့တာဝန်တွေကို လုပ်ဆောင်နိုင်မှာပါ"
သို့သော်
"ပုရန်ရှင်း"(Puyang Xing) မှ သံသယရှိသောကြောင့် ဧကရာဇ်မယ်တော်နှင့်တိုင်ပင်ခဲ့သည်။
"ဒါကို
အမှုထမ်းတွေနဲ့ပဲဆုံးဖြတ်ကြပါ။ ငါက မုဆိုးမဖြစ်ပြီး ဒီတိုင်းပြည်ကိစ္စတွေအကြောင်း မသိဘူး"
နောက်ဆုံးတွင်
"စွန်းဟောက်"(Sun Hao) အနိုင်ရသွားခဲ့ပြီး ခုနစ်လပိုင်းတွင် ဝူဧကရာဇ်အဖြစ်
ဘိသိက်ခံခဲ့သည်။ ထိုနှစ်ကို ယွမ်ရှင့်(ကြီးပွားမှုအစ) ပထမနှစ်(အေဒီ ၂၆၄) ဟု ခေါ်တွင်စေသည်။
"စွန်းဟောက်"(Sun Hao) သည် ယခင် အိမ်ရှေ့စံ "စွန်းဟဲ"(Sun He)
၏သားဖြစ်ကာ ကြီးမြတ်သောဧကရာဇ် "စွန်းချွမ်"(Sun Quan) ၏မြေးတော်စပ်သည်။ ထီးနန်းမရခဲ့သောမင်းသား
"စွန်းဝမ်"(Sun Wan) ကိုနှစ်သိမ့်သည့်အနေဖြင့် ယွီကျန့်မင်းသားဘွဲ့ပေးအပ်ခဲ့သည်။
ဧကရာဇ်၏ခမည်းတော် "စွန်းဟဲ"(Sun He) ကို ပညာရှိဧကရာဇ်ဟုခေါ်တွင်စေကာ ဟဲအမျိုးသမီးကိုလည်း
ပညာရှိမိဖုရားကြီးဟု ခေါ်စေသည်။ ဝါရင့်ခေါင်းဆောင် "တင်းဖုန်း"(Ding
Feng) ကို လက်ဝဲ၊ လက်ယာစစ်သူကြီးအဖြစ် တာဝန်ပေးခဲ့သည်။
သို့သော် နောက်နှစ်တွင်
သက္ကရာဇ်ကို ကန်းလု(နှင်းရည်ချို) ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပြန်သည်။ နန်းတက်လာခဲ့သည့်ဧကရာဇ်သည်
တနေ့တခြား ရက်စက်ကြမ်းကြုတ်သူဖြစ်မှန်း သိသာလာခဲ့သည်။ "စွန်းဟောက်"(Sun
Hao) သည် အပျော်အပါးမျိုးစုံကိုသာ ခုံမင်နေခဲ့ပြီး မိန်းမစိုး "ချန်ဟွန်"(Cen
Hun) သည် သူ၏အကြိုက်ဆုံးလူယုံတော်ဖြစ်လာသည်။ ဝန်ကြီးချုပ် "ပုရန်ရှင်း"(Puyang
Xing) နှင့် စစ်သူကြီး "ကျန်းပု"(Zhang Bu) တို့မှ ဧကရာဇ်၏လုပ်ဆောင်မှုတို့ကိုကန့်ကွက်ခဲ့ရာ
ထိုအမှုထမ်းနှစ်ဦးနှင့်မိသားစုဝင်အားလုံးတို့သည် သေဒဏ်ပေးခံခဲ့ရသည်။ နောက်ပိုင်းတွင်
မည်သူမှဘာမှမပြောရဲတော့ပဲ အမှုထမ်းအားလုံးက ပါးစပ်ကိုပိတ်ထားခဲ့သည်။
နောက်နှစ်တွင်
သက္ကရာဇ်ကို ပေါင်တင်(ကြီးမြတ်သောရတနာ) ဟု ထပ်မံပြောင်းလဲခဲ့ပြန်သည်။ (အေဒီ ၂၆၆)
ဝန်ကြီးချုပ်တာဝန်ကို
အမှုထမ်းနှစ်ဦးတို့ကို ခွဲဝေပေးခဲ့ပြီး လက်ဝဲ "လုခိုင်"(Lu Kai) နှင့် လက်ယာ
"ဝမ်ယွီ"(Wan Yu) ဟု ခေါ်စေခဲ့သည်။
ထိုအချိန်ဝယ်
နန်းတော်မှာ ဝူချန်တွင်တည်ရှိခဲ့ပြီး ရန်ကျိုးနယ်သားတို့မှာ အခွန်အခများစွာပေးရသောကြောင့်
ဆင်းရဲနေခဲ့ရသည်။ အုပ်ချုပ်သူမှာ အသုံးအဖြုန်းကြီးမားပြီး ဘဏ္ဍာတိုက်မှာ ပြောင်သလင်းခါခဲ့ကာ
နန်းတော်၏ဝင်ငွေကိုလည်း ကုန်အောင်သုံးခဲ့သည်။ နောက်ဆုံးတွင် လက်ဝဲဝန်ကြီးချုပ်
"လုခိုင်"(Lu Kai) မှ လျှောက်တင်ခဲ့လေသည်။
"သဘာဝဘေးအန္တရာယ်တွေမကျရောက်ပါပဲနဲ့
ပြည်သူတွေဟာ ငတ်ပြတ်နေခဲ့တယ်။ တိုင်းပြည်ရဲ့ဆောက်လုပ်ရေး၊ စီမံကိန်းတွေမရှိပေမယ့်လည်း
ဘဏ္ဍာတိုက်မှာ ဘာမှမရှိခဲ့ဘူး။ ကျွန်တော်မျိုးဟာ စိတ်ဆင်းရဲနေရပါတယ်။ ဟန်ခေတ်ကုန်ဆုံးခဲ့ပြီးနောက်
တိုင်းပြည်သုံးခု ထွန်းကားခဲ့တယ်။ ချောင်နဲ့လျူတွေအုပ်ချုပ်ခဲ့တဲ့တိုင်းပြည်ဟာ သူတို့ရဲ့မိုက်မဲမှုကြောင့်
ကျင့်လက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်တော်မျိုးဟာ နုံအကောင်းနုံအနိုင်ပေမယ့် တခြားတိုင်းပြည်မှာဖြစ်ခဲ့တဲ့အဖြစ်ဆိုးတွေ
ကျွန်တော်တို့ဆီမှာမဖြစ်ရအောင် ကာကွယ်ရမှာဖြစ်တယ်။ ဒီဝူချန်မြို့ဟာ ယခင်နန်းတော်လောက်
လုံခြုံမှုမရှိပါဘူး။ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဝူချန်ကငါးကိုစားတာထက် ကျန်းရဲ့ကရေကိုသောက်သုံးရတာ
ပိုကောင်းတယ်၊ ဝူချန်မှာနေတာထက် ကျန်းရဲ့မှာ သေရတာ ပိုတန်တယ်။ ဒါဟာ လူတွေနဲ့ ကောင်းကင်ဘုံရဲ့ဆန္ဒလည်း
ဖြစ်ပါတယ်။ အခုအချိန်မှာ ဂိုထောင်တွေမှာ ဘာမှမရှိပဲ တစ်နှစ်စာတောင်သုံးဖို့ မလုံလောက်ပါဘူး။
အဆင့်အသီးသီးက အမှုထမ်းတွေဟာလည်း စိတ်ညစ်ညူးနေရပြီး ပြည်သူတွေလည်း ဒုက္ခရောက်နေပေမယ့်
သူတို့ကိုဘယ်သူမှ မသနားကြဘူး။
ဟိုးအရင်တုန်းက
နန်းတော်ထဲမှာ အမျိုးသမီးအရေအတွက်ဟာ တစ်ရာထက်မများခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးတဲ့နှစ်တွေမှာတော့
တစ်ထောင်ကျော်သွားခဲ့ပါပြီ။ ဒါဟာ တိုင်းပြည်ရဲ့ဘဏ္ဍာကိုဖြုန်းတီးနေတာပဲဖြစ်တယ်။ အမှုထမ်းတွေဟာလည်း
တိုင်းပြည်အရေးကိုစိတ်မဝင်စားကြပဲ သူ့လျှို့ဝှက်အစုအစည်းနဲ့သူ ဖြစ်နေကြတယ်။ ရိုးသားဖြောင့်မတ်တဲ့လူတွေက
ဒုက္ခရောက်ကုန်ပြီး ကောင်းတဲ့လူတွေက မောင်းထုတ်ခံခဲ့ရတယ်။ ဒီအရာတွေအားလုံးက တိုင်းပြည်ကိုဆုတ်ယုတ်စေပြီး
ပြည်သူတွေကို ဆင်းရဲစေတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ပျော်ရွှင်မှုနဲ့တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကိုရှေးရှုပြီး
အရှင်မင်းကြီးက အမှုထမ်းအရေအတွက်ကို လျှော့နည်းစေပြီး ပူပန်သောကတွေကိုလျှော့ကျစေဖို့၊
နန်းတွင်းက အမျိုးသမီးတွေကိုထုတ်ပယ်ပြီး ဖြောင့်မတ်တဲ့အမှုထမ်းတွေကိုရွေးချယ်ဖို့ကို
ကျွန်တော်မျိုးက တိုက်တွန်းလိုက်ပါတယ်"
သို့သော် ဝူဧကရာဇ်မှ
မနှစ်သက်ခဲ့ပဲ ဝန်ကြီး၏အကြံကိုမထီမဲ့မြင်ပြုကာ "အလင်းပြန်နန်းတော်" ကြီးဆောက်လုပ်ရန်
အိမ်ဆောက်ပစ္စည်းများ စုစည်းစေခဲ့သည်။ နန်းတွင်းအမှုထမ်းများကိုပင် သစ်တောများသို့သွားစေပြီး
သစ်ပင်များခုတ်လှဲရန် စေခိုင်းခဲ့သည်။ ဝူဧကရာဇ်မှ "ရှန်ကွမ်း"(Shang
Guang) ဟုခေါ်သော ရှေ့ဖြစ်ဟောဆရာကိုခေါ်ကာ တိုင်းပြည်၏အခြေအနေကိုမေးမြန်းခဲ့သည်။
"ရှန်ကွမ်း"(Shang Guang) မှ စာချပြီးနောက်ဝယ်
"အခြေအနေကောင်းလုံး
ကောင်းမွန်နေပါတယ်။ ကြွက်နှစ်မှာတော့ ဧကရာဇ်ရဲ့အပြာရောင်ထီးတော်ဟာ လော့ရန်မြို့ထဲဝင်နိုင်လိမ့်မယ်"
"စွန်းဟောက်"(Sun
Hao) သည် ဝမ်းမြောက်နေခဲ့သည်။ ထို့နောက် ဝန်ကြီး "ဟွာကျောင်း"(Hua Jiao)
ကိုပြောခဲ့သည်။
"ရှေ့ဧကရာဇ်က
ခင်ဗျားရဲ့စကားကိုနားထောင်ပြီး စစ်သူကြီးတွေကို နေရာအသီးသီးကိုလွှတ်ပြီးတော့ မြစ်တလျှောက်မှာ
စခန်းတွေထားရှိစေတယ်။ နောက်ပြီး တပ်တွေကို တင်းဖုန်း(Ding Feng) ရဲ့လက်ထဲအပ်ထားခဲ့တယ်။
အခုတော့ ကျုပ်ဆန္ဒက ဟန်ပြည်ကိုသိမ်းပြီး ကျုပ်ရဲ့ညီနောင် ရှူဧကရာဇ်အတွက် လက်စားချေရဖို့ဖြစ်တယ်။
ဒီတော့ ဘယ်ဒေသကို အရင်ဆုံးတိုက်သင့်သလဲ"
"အခုအချိန်မှာ
ချန်တူးမြို့ကျသွားခဲ့သလို မင်းဆက်တွေလည်း ပြောင်းလဲသွားခဲ့ပါပြီ။ စီးမာရန်(Sima
Yan) က သေချာပေါက် ဒီမြေကိုသိမ်းဖို့ဆန္ဒရှိလိမ့်မယ်။ အရှင်မင်းကြီးက အကျင့်သီလကိုစောင့်ထိန်းပြီး
ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုကိုရအောင် လုပ်ဆောင်သင့်တယ်။ ဒါဟာ အကောင်းဆုံးနည်းဖြစ်ပါတယ်။
စစ်တိုက်ရင်တော့ မီးထဲကို ဆေးခြောက်ပစ်ထည့်သလိုသာဖြစ်ပြီး ဆေးခြောက်က မီးကိုပိုလောင်ကျွမ်းစေမှာပဲဖြစ်တယ်။
ဒါကြောင့် သေချာဆင်ခြင်သင့်ပါတယ်"
သို့သော်
"စွန်းဟောက်"(Sun Hao) မှ ဒေါသထွက်သွားခဲ့သည်။
"ကျုပ်က
ဒီအခွင့်အရေးကိုရယူပြီး အမွေအနှစ်ကိုဆက်ခံဖို့လုပ်နေတာ။ ခင်ဗျားက ဘာကြောင့် ဒီလိုအတိတ်နိမိတ်မကောင်းတဲ့စကားပြောရတာလဲ?
ခင်ဗျားရဲ့အမှုထမ်းသက်တမ်းက မကြာမြင့်ခဲ့ဘူးဆိုရင် ခင်ဗျားရဲ့ခေါင်းကိုဖြတ်ပြီး နမူနာအနေနဲ့ပြထားမှာဖြစ်တယ်"
ဧကရာဇ်မှ အာဏာပါးကွက်သားတို့ကိုခေါ်ကာ
"ဟွာကျောင်း"(Hua Jiao) ကို အပြင်သို့ခေါ်ထုတ်သွားစေသည်။
"နှမြောစရာပဲ။
ကျုပ်တို့ရဲ့ ပိုးထည်လိုလှပတဲ့တိုင်းပြည်က သူများလက်ထဲရောက်ရတော့မယ်"
"ဟွာကျောင်း"(Hua
Jiao) သည် ရာထူးမှအနားယူသွားခဲ့သည်။
ဝူဧကရာဇ်မှ
ရှန်းရန်ကိုတိုက်ခိုက်ရန်အတွက် အရှေ့ဘက်ကိုကာကွယ်သောစစ်သူကြီး "လုခန်း"(Lu
Kang) ကို ကျန်းခိုတွင် တပ်စွဲထားစေသည်။ ထိုအကြောင်းကို သူလျှိုတို့မှ လော့ရန်ကိုသတင်းပို့ခဲ့ပြီး
ကျင့်ဧကရာဇ်ထံ လျှောက်တင်ခဲ့သည်။ ရှန်းရန်ကိုကျူးကျော်ရန်ပြင်ဆင်နေပြီဟုသိသောအခါ
"စီးမာရန်"(Sima Yan) မှ အမှုထမ်းများကို စုစည်းစေခဲ့သည်။ "ကျာချုံး"(Jia
Chong) မှထွက်လာပြီး
"ကျွန်တော်ကြားသိရသလောက်တော့
လက်ရှိဝူပြည်က အုပ်ချုပ်သူ စွန်းဟောက်(Sun Hao) ဟာ မင်းကျင့်တရားနဲ့မညီပဲ လမ်းလွဲနေခဲ့ပါတယ်။
အရှင်မင်းကြီးက စစ်သူကြီး ရန်ဟူ(Yang Hu) ကိုစေလွှတ်ပြီး ရန်သူတွေကို ရင်ဆိုင်စေသင့်တယ်။
သူတို့အတွင်းမှာ ပဋိပက္ခတွေဖြစ်လာတဲ့အချိန်မှာ တိုက်မယ်ဆိုရင်တော့ အောင်မြင်မှုကိုအလွယ်တကူရနိုင်လိမ့်မယ်"
ကျင့်ဧကရာဇ်မှ
"ရန်ဟူ"(Yang Hu) ကိုပြင်ဆင်ထားစေသဖြင့် "ရန်ဟူ"(Yang Hu) မှ တပ်သားတို့ကိုစုဆောင်းပြီး
မြို့ကိုကာကွယ်ရန် သွားခဲ့သည်။
"ရန်ဟူ"(Yang
Hu) သည် ရှန်းရန်၌ အင်မတန်ဂုဏ်သတင်းကြီးလာခဲ့သည်။ လက်နက်ချလိုသောဝူတပ်သားမှန်သမျှကို
ဝင်လာခွင့်ပြုခဲ့လေသည်။ ကင်းစောင့်တပ်သားတို့ကိုလည်း တတ်နိုင်သမျှအနည်းဆုံးသာ ထားရှိခဲ့သည်။
ထိုအစား တပ်သားတို့အား မြေလှန်စေကာ ကျယ်ပြန့်သောမြေကွက်တွင် စိုက်ပျိုးမှုများလုပ်စေခဲ့သည်။
ဤသို့ဖြင့် ရက်တစ်ရာခန့်သာလုံလောက်သောရိက္ခာတို့မှ ဆယ်နှစ်စာလုံလောက်သည့်ရိက္ခာတို့ ရလာသည်။
"ရန်ဟူ"(Yang
Hu) သည် ရိုးရိုးရှင်းရှင်းသာ နေထိုင်ပြီး သာမန်အဝတ်အစားဝတ်ဆင်လေ့ရှိကာ သံချပ်ကာ မဝတ်ခဲ့ပေ။
သူ၏ကိုယ်ရံတော်နှင့်အစေခံတို့မှာ စုစုပေါင်းနှစ်ဆယ်ခန့်သာရှိသည်။ တစ်ရက်တွင် အမှုထမ်းတို့က
သူ့ရွက်ဖျင်တဲသို့ဝင်လာပြီး ရန်သူ့စခန်းတွင် လုံခြုံမှုလျော့ရဲနေသည်ဟု သူလျှိုများမှသိရသဖြင့်
တိုက်ခိုက်လိုကြောင်းပြောသည်။ သို့သော် "ရန်ဟူ"(Yang Hu) မှ
"ခင်ဗျားတို့တွေ
လုခန်း(Lu Kang) ကို အထင်မသေးသင့်ဘူး။ သူက အရည်အချင်းရှိပြီး ပါးနပ်သူဖြစ်တယ်။ သူ့သခင်က
သူ့ကို ရှီးလင်ကိုတိုက်ခိုင်းတော့ ကျုပ်က မြို့ကိုမကာကွယ်နိုင်ခင်မှာ သူက ပုချန်(Bu
Chan) နဲ့စစ်သူကြီးတွေအများကြီးကို သတ်နိုင်ခဲ့တယ်။ လုခန်း(Lu Kang) က တာဝန်ယူနေသရွေ့
ကျုပ်က ကာကွယ်မှုကိုပဲဦးစားပေးနေမှာဖြစ်တယ်။ ရန်သူတွေကြားမှာ ပြဿနာ၊အရှုပ်အထွေးမပေါ်လာခင်အထိ
ကျုပ်က တိုက်ဦးမှာမဟုတ်ဘူး။ အလျင်စလိုလုပ်ပြီး သင့်တော်တဲ့အချိန်ကိုမစောင့်ရင် ရှုံးနိမ့်မှုကိုဖိတ်ခေါ်သလိုပဲ"
ထိုစကားမှာ
သင့်တော်သည်ဟုယူဆကြသဖြင့် တိုက်ခိုက်ရန် မတိုက်တွန်းတော့ပေ။
သူတို့သည် နယ်စပ်ကိုသာ
စောင့်ကြပ်နေခဲ့သည်။ တစ်ရက်တွင် "ရန်ဟူ"(Yang Hu) နှင့်အမှုထမ်းတို့သည် အမဲလိုက်ထွက်ကြသည်။
ထိုရက်မှာပင် "လုခန်း"(Lu Kang) ကလည်း အမဲလိုက်ထွက်ခဲ့သည်။ "ရန်ဟူ"(Yang
Hu) မှ နယ်နိမိတ်ကိုမကျော်ရန် အမိန့်ပေးထားသောကြောင့် နှစ်ဖက်စလုံးသည် ကိုယ့်နယ်ဘက်တွင်သာ
အမဲလိုက်ခဲ့လေသည်။
"လုခန်း"(Lu
Kang) သည် စည်းစနစ်ကျသောရန်သူတို့ကိုမြင်သောအခါ အံ့ဩပြီး သက်ပြင်းချခဲ့သည်။
"ရန်ဟူ(Yang
Hu) ရဲ့တပ်သားတွေက စည်းကမ်းရှိတာကြောင့် ဒီအချိန်မှာ ကျုပ်ကျူးကျော်လို့မဖြစ်သေးဘူး"
ညနေစောင်းတွင်
နှစ်ဖက်စလုံးသည် အမဲလိုက်ရာမှပြန်လာခဲ့ကြပြီးနောက် "ရန်ဟူ"(Yang Hu) မှ သားကောင်တို့ကိုစစ်ဆေးစေခဲ့ပြီး
ဝူတပ်သားတို့မှအရင်ပစ်ခဲ့ပုံပေါ်သော သားကောင်များတွေ့ပါက ထိုအသားတို့ကို ဝူဘက်သို့ပို့စေသည်။
"လုရွှင့်"(Lu Xun) မှ အင်မတန်ဝမ်းမြောက်သွားကာ ထိုသူတို့ကိုဝင်လာစေသည်။
"ခင်ဗျားတို့ခေါင်းဆောင်က
အရက်သောက်လား"
"အရက်ကောင်းကိုပဲ
သောက်ပါတယ်"
"လုခန်း"(Lu
Kang) မှ ပြုံးပြီး
"ကျုပ်မှာ
နှစ်ချို့အရက်ရှိတယ်။ အဲ့ဒါကို ခင်ဗျားတို့စစ်သူကြီးအတွက် လက်ဆောင်ပေးလိုက်မယ်။ အဲ့အရက်က
ကျုပ်ကိုယ်တိုင်အပူပေးပြီး အခမ်းအနားတွေရှိမှ သောက်တဲ့အရက်ဖြစ်တယ်။ ဒီနေ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့
အရက်တဝက်ကို ပေးလိုက်မယ်"
သူတို့မှ အရက်ကိုယူကာပြန်သွားသည်။
"လုခန်း"(Lu Kang) ၏အမှုထမ်းတို့မှ
"ဘာကြောင့်
သူ့ကိုအရက်ပေးလိုက်တာလဲ"
"ဘာလို့လည်းဆိုတော့
သူက စေတနာကိုဖော်ပြလို့။ သူ့စေတနာကို စေတနာနဲ့ပြန်တုံ့ပြန်ရမယ်မဟုတ်လား"
အရက်ကိုယူလာကြပြီးနောက်
"ရန်ဟူ"(Yang Hu) ကိုပြောပြခဲ့လေရာ "ရန်ဟူ"(Yang Hu) က ရယ်လေသည်။
"ကျုပ်သောက်တတ်တယ်ဆိုတာ
သူသိတာပေါ့"
အရက်ကိုဖွင့်ပြီး
ခွက်ထဲငှဲ့ထည့်လိုက်သောအခါ စစ်သူကြီး "ချန်ယွမ်"(Chen Yuan) မှ ဘေးရှိမည်စိုးသောကြောင့်
နည်းနည်းသာသောက်ရန် ပြောသည်။ "ရန်ဟူ"(Yang Hu) က
"လုခန်း(Lu
Kang) က အဆိပ်ခပ်မှာမဟုတ်ဘူး" ဟုပြောပြီး သောက်ခဲ့သည်။
သို့နှင့် နှစ်ဦးကြားဝယ်
ရင်းနှီးမှုရှိလာခဲ့ပြီး စခန်းတစ်ခုမှတစ်ခုသို့ အပြန်အလှန် ဆက်သားများစေလွှတ်ခဲ့ကြသည်။
တစ်ရက်တွင် ဆက်သားများထံမှတဆင့် "လုခန်း"(Lu Kang) သည် နေမကောင်းဖြစ်နေသည်မှာ
ရက်အတော်ကြာပြီဖြစ်ကြောင်း သိရသည်။
"ရန်ဟူ"(Yang
Hu) မှ
"သူလည်း
ကျုပ်လိုဝေဒနာခံစားနေရတာနဲ့တူတယ်။ ကျုပ်မှာ ဆေးတွေအဆင်သင့်ရှိတယ်။ သူ့အတွက်ယူသွားလိုက်ပါ"
ထိုဆေးများကို
ဝူစခန်းသို့ယူလာသောအခါ အမှုထမ်းတို့က သံသယရှိခဲ့ကြသည်။
"ဒီဆေးက
ရန်သူဆီကလာတာဖြစ်တာကြောင့် သေချာပေါက် ဒုက္ခပေးလိမ့်မယ်"
"လုခန်း"(Lu
Kang) မှ
"ဘာ! ဦးလေး
ရန်ဟူ(Yang Hu) က သူများကိုအဆိပ်ခပ်မယ့်လူစားမျိုးမဟုတ်ဘူး။ ဒါကိုသံသယမရှိကြနဲ့"
ဟုပြောပြီး ဆေးကိုသောက်ခဲ့သည်။ နောက်ရက်တွင် ကျန်းမာရေးအခြေအနေပိုကောင်းလာသောအခါ အမှုထမ်းတစ်ဦးက
လာပြီး ဂုဏ်ပြုခဲ့ရာ "လုခန်း"(Lu Kang) မှ စကားပြောခဲ့သည်။
"ရန်သူတွေက
ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာကို ကျုပ်တို့ကအကြမ်းဖက်မှုကိုကျင့်သုံးမယ်ဆိုရင် သူတို့က
ပိုပြီးသာလွန်သွားမှာပဲ။ နယ်စပ်ကိုသေချာစောင့်ကြည့်ပြီး မျှတမှုမရှိတဲ့အခွင့်အရေးမယူအောင်
သတိပြုပါ"
မကြာမီတွင်
ဝူဧကရာဇ်ထံမှသံတမန်ရောက်လာပြီး "လုခန်း"(Lu Kang) ကိုအလျင်အမြန်လှုပ်ရှားရန်တိုက်တွန်းခဲ့တယ်"
"အရှင်မင်းကြီးက
ကျင့်တိုက်ခိုက်မှုကိုစောင့်မနေပဲ တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်"
"ခင်ဗျားပြန်သွားပါ။
ကျုပ် သဝဏ်လွှာပို့လိုက်မယ်"
ထို့ကြောင့်
သဝဏ်လွှာရေးကာ သံအမတ်နှင့်အတူ ကျန်းရဲ့သို့ ထည့်ပေးလိုက်သည်။ ဝူဧကရာဇ် "စွန်းဟောက်"(Sun
Hao) က ထိုစာကိုဖတ်သောအခါ စာထဲတွင် ကျင့်ကိုတိုက်ရန်ကန့်ကွက်ထားပြီး တိုက်ခိုက်ခြင်းထက်
တရားနှင့်အညီအုပ်ချုပ်ရန် ဆိုထားသည်။ ထို့ကြောင့် ဧကရာဇ်သည် အမျက်ထွက်သွားသည်။
"လုခန်း(Lu
Kang) က ရန်သူတွေနဲ့ နားလည်မှုရထားတယ်ဆိုပြီးပြောနေကြတာ။ အခုတော့ ဒီစကားကို ကျုပ်ယုံသွားပြီ"
ပြီးနောက်ဝယ်
"လုခန်း"(Lu Kang) ကိုရာထူးကိုထုတ်ပယ်ခဲ့ပြီး စစ်ချီစစ်သူကြီးအဖြစ် ရာထူးချခဲ့သည်။
လက်ဝဲစစ်သူကြီး "စွန်းကျိ"(Sun Ji) အား စေလွှတ်ကာ "လုခန်း"(Lu
Kang) ၏မူလတာဝန်ကို လက်လွှဲယူစေသည်။ မည်သူမှ မကန့်ကွက်ခဲ့ကြပေ။ "စွန်းဟောက်"(Sun
Hao) သည် ထင်ရာမြင်ရာလုပ်ခဲ့ပြီး ခုနှစ်ကို ဖုန့်ဟွမ်(ဇာမဏီ) ဟုပြောင်းလဲသတ်မှတ်ခဲ့ပြန်သည်။
(အေဒီ ၂၇၂)
ဧကရာဇ်သည် တစ်နေ့တခြား
ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ တပ်စခန်းအသီးသီးတွင်ရှိသော တပ်သားတို့သည်လည်း ကျေနပ်မှုမရှိခဲ့ကြပေ။
နောက်ဆုံးဝယ် အမြင့်ဆုံးအမှုထမ်းသုံးဦးဖြစ်သည့် ဝန်ကြီးချုပ် "ဝမ်ယွီ"(Wan
Yu) ၊ စစ်သူကြီး "လျူဖင်"(Liu Ping) နှင့် စိုက်ပျိုးရေးဝန်ကြီး "လိုရွှမ်"(Lou
Xuan) တို့က သတ္တိမွေးကာ ရဲရင့်စွာဖြင့် ဧကရာဇ်၏အမှားများကို ထောက်ပြခဲ့သည်။ သူတို့အားလုံး
သေဒဏ်ပေးခံခဲ့ရ၏။ ဆယ်နှစ်တာကာလတွင် ဝန်ကြီးပေါင်းလေးဆယ်ကျော်သည် မိမိတို့တာဝန်ကိုလုပ်ခဲ့သော်လည်း
သေဒဏ်ပေးခံခဲ့ရသည်။
"စွန်းဟောက်"(Sun
Hao) သည် သူ့ကိုကာကွယ်ရန် မြင်းသည်တော်တပ်ငါးသောင်းကို ထည်ဝါစွာထားရှိခဲ့ရာ ထိုတပ်သားတို့သည်
အားလုံး၏အိပ်မက်ဆိုးပင်ဖြစ်သည်။
ကျင့်ပြည်နယ်စပ်တွင်ရှိနေသော
"ရန်ဟူ"(Yang Hu) သည် ဝူဧကရာဇ်၏မဆီလျော်သောလုပ်ဆောင်မှုနှင့် "လုခန်း"(Lu
Kang) ရာထူးကျသွားခြင်းတို့ကိုသိလေရာ ဝူပြည်ကိုအောင်နိုင်ရန် အချိန်တန်ပြီဟု သိခဲ့သည်။
သို့ဖြင့် သဝဏ်လွှာတစ်စောင်ရေးကာ ပေးပို့ခဲ့သည်။
'ကံကြမ္မာက လူသားတွေထက်သာလွန်ပေမယ့်လည်း
အောင်မြင်မှုဆိုတာ လူတွေရဲ့ကြိုးစားအားထုတ်မှုအပေါ် မူတည်တယ်။ တောင်ပိုင်းပြည်နယ်ရဲ့မြေမျက်နှာသွင်ပြင်ဟာ
မြစ်ပြည်နယ်လောက်မခက်ခဲသလို အခုအချိန် စွန်းဟောက်(Sun Hao) ရဲ့ကြမ်းကြုတ်မှုဟာလည်း လျူရှန်(Liu
Shan) ထက်ဆိုးရွားတယ်။ ဝူပြည်သူတွေဒုက္ခရောက်နေတာဟာ အရင်ရှူပြည်သူတွေထက် သာလွန်ခဲ့တယ်။
တိုင်းပြည်တစ်ခုလုံးကိုစည်းရုံးနိုင်မယ ဒီအခွင့်ကောင်းကိုလက်လွှတ်မခံသင့်ပါဘူး။ တပ်သားတွေပင်ပန်းနေတာကို
ဒီအတိုင်းကြည့်ပြီး တလောကလုံးက စစ်ပွဲတွေဖြစ်နေတာကိုမငြိမ်းသတ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကျသွားပြီး
ရေရှည်ခံနိုင်မှာမဟုတ်ပါဘူး'
ထိုစာကို
"စီးမာရန်"(Sima Yan) ဖတ်ပြီးနောက် စစ်တပ်များကိုချီတက်ခွင့်ပေးလိုက်သည်။
သို့သော် အမှုထမ်းသုံးဦးဖြစ်သည့် "ကျာချုံး"(Jia Chong) ၊ "ရွှင်ရွှီ"(Xun
Xu) နှင့် "ဖုန်းတန်"(Feng Dan) တို့က ကန့်ကွက်ကြသည်။ သို့နှင့် အမိန့်ကိုပြန်ပယ်ချလိုက်သည်။
"ရန်ဟူ"(Yang
Hu) က စိတ်ပျက်သွားခဲ့သည်။
"လောကရဲ့ကိစ္စဆယ်ခုမှာ
ရှစ်ခု၊ ကိုးခုလောက်က အဆင်မပြေတတ်တာ နှမြောစရာပဲ"
ကျင့်သက္ကရာဇ်
ရှန်နင်(အလုံးစုံအေးချမ်းမှု) စတုတ္ထနှစ် (အေဒီ ၂၇၈) တွင် "ရန်ဟူ"(Yang
Hu) သည် နန်းတွင်းသို့အခစားဝင်ကာ ကျန်းမာရေးအခြေအနေကြောင့် အနားယူလိုကြောင်းပြောခဲ့သည်။
ထိုသို့အနားယူသည်ကို ခွင့်မပြုမီ "စီးမာရန်"(Sima Yan) မှ
"တိုင်းပြည်တစ်ခုလုံးကို
စုစည်းစေဖို့အတွက် အစီအစဉ်တွေရှိလား" ဟုမေးလိုက်သည်။
"စွန်းဟောက်(Sun
Hao) က ရက်စက်တဲ့အုပ်ချုပ်သူဖြစ်တာကြောင့် မတိုက်ခိုက်ပဲ အောင်မြင်နိုင်ပါတယ်။ သူသာကွယ်လွန်သွားပြီး
အမြော်အမြင်ရှိတဲ့လူနန်းတက်ခဲ့ရင် အရှင်မင်းကြီးက ဝူပြည်ကိုဘယ်တော့မှသိမ်းနိုင်မှာမဟုတ်ဘူး"
"အခုအချိန်မှာ
ကျုပ်တပ်တွေ ဝူပြည်ကိုတိုက်မယ်ဆိုရင်ကော"
"ကျွန်တော်မျိုးက
ဒီတာဝန်ကိုယူဖို့ အိုမင်းနေပြီး ကျန်းမာရေးလည်း မကောင်းတော့ပါဘူး။ ရဲရင့်ပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်ကို
ရှာသင့်ပါတယ်"
"ရန်ဟူ"(Yang
Hu) သည် နန်းတွင်းမှထွက်ကာ အိမ်တွင် အနားယူခဲ့သည်။ ထိုနှစ်ကုန်ခါနီးဝယ် ကျန်းမာရေးအခြေအနေမှာ
ဆိုးရွားလာသောကြောင့် ကျင့်ဧကရာဇ်ကိုယ်တော်တိုင် ရောက်လာခဲ့သည်။ သခင်က သူ့ကုတင်ဘေးနားသို့ရောက်လာသည်ကိုမြင်သောအခါ
သစ္စာရှိ ဝါရင့်ခေါင်းဆောင်ကြီးသည် မျက်ရည်ကျခဲ့သည်။
"ကျွန်တော်မျိုးအကြိမ်ကြိမ်သေဆုံးရင်တောင်
အရှင်မင်းကြီးရဲ့ကျေးဇူးကိုမဆပ်နိုင်ပါဘူး"
"စီးမာရန်"(Sima
Yan) ကလည်း ငိုခဲ့သည်။
"ကျုပ်ရဲ့ကြီးမားတဲ့နောင်တတစ်ခုကတော့
ခင်ဗျားရဲ့အရည်အချင်းတွေကိုအသုံးချပြီး ဝူပြည်ကိုမသိမ်းနိုင်ခဲ့တာပဲ။ အခုတော့ ခင်ဗျားရဲ့တာဝန်ကိုဘယ်သူလုပ်နိုင်ပါဦးမလဲ"
လူမမာသည် အနည်းငယ်တွေဝေနေခဲ့ပြီးနောက်
ပြန်ပြောသည်။
"ကျွန်တော်က
သေဆုံးခါနီးပြီဆိုတော့ စစ်မှန်တဲ့စကားကိုပြောပါမယ်။ စစ်သူကြီး တုယွီ(Du Yu) က ဒီတာဝန်ကိုယူပြီး
ဝူပြည်ကိုတိုက်ဖို့သင့်တော်ပါတယ်"
"သင့်တော်တဲ့လူတွေကို
ထောက်ခံပြီး နာမည်ကြီးလာစေတာက ကောင်းလိုက်တာ။ ဒါပေမယ့် ခင်ဗျားက လူတချို့ကိုထောက်ခံဖို့စာရေးပြီးနောက်မှာ
အဲ့စာကို လူမသိအောင် ဘာကြောင့်မီးရှို့ခက်ရတာလဲ"
"ကျွန်တော်က
မြင်သာတဲ့နန်းတွင်းမှာ အမှုထမ်းတွေကိုအရိုအသေပြုပေမယ့် လျှို့ဝှက်ပြီး တခြားလူတွေရဲ့ကျေးဇူးတင်မှုကိုမခံချင်ခဲ့ဘူး"
ထို့နောက်
"ရန်ဟူ"(Yang Hu) သေဆုံးသွားခဲ့သည်။ "စီးမာရန်"(Sima Yan) မှ ငိုယိုခဲ့ပြီး
နန်းတော်သို့ပြန်လာကာ သေဆုံးသွားသောခေါင်းဆောင်ကို နန်းတွင်းစောင့်စစ်သူကြီးနှင့် ကျွီဖင်
သခင်ရာထူးပေးစေသည်။ ကုန်သည်တို့သည် စစ်သူကြီးကို အမှတ်ရသည့်အနေဖြင့် ဈေးဆိုင်များကိုပိတ်ထားခဲ့ပြီး
ရှေ့တန်းစစ်တပ်ထဲတွင်လည်း ငိုသံတို့လွှမ်းခြုံနေခဲ့သည်။ စစ်သူကြီးသည် ရှန်တောင်ကုန်းပေါ်တွင်သွားရသည်ကိုကြိုက်နှစ်သက်ခဲ့သဖြင့်
ရှန်းရန်မြို့သူမြို့သားတို့မှ ထိုတောင်ကုန်းပေါ်ဝယ် ဘုံကျောင်းဆောက်လုပ်ပေးခဲ့ပြီး
ကျောက်တုံးတစ်ခုထားရှိကာ လေးရာသီလုံးပူဇော်ပသခဲ့သည်။ ထိုကျောက်တုံးပေါ်၌ထွင်းထားသော
"ရန်ဟူ"(Yang Hu) ၏နာမည်ကိုမြင်တိုင်း လမ်းသွားလမ်းလာတို့က ငိုယိုကြလေသဖြင့်
ထိုကျောက်တုံးကို 'မျက်ရည်ကျောက်တုံး' ဟုခေါ်ခဲ့ကြသည်။
"ရန်ဟူ"(Yang
Hu) ၏ထောက်ခံမှုကြောင့် "တုယွီ"(Du Yu) ကို ကျင်းကျိုးနယ်တွင်တာဝန်ပေးခဲ့ကာ
တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီးဘွဲ့လည်း ပေးခဲ့သည်။ သူသည် အတွေ့အကြုံများသူဖြစ်ပြီး
စာပေပညာကိုလည်း မမောနိုင်မပန်းနိုင် လေ့လာသူဖြစ်သည်။ သူသည် နွေဦးဆောင်းဦးခေတ်က ကျောချိုမင်(Zuo
Qiuming) ရေးသားခဲ့သည့် ကျော မှတ်ချက်များ စာအုပ်ကိုအထူးနှစ်ခြိုက်သည်။ သူအားသည့်အချိန်တိုင်းတွင်
ကျော စာအုပ်တွဲကိုကိုင်ထားပြီး အပြင်သွားသည့်အခါတွင်လည်း သူ့အစေအပါးက ထိုစာအုပ်ကို
အမြဲသယ်ရသည်။ ထို့ကြောင့် သူ့ကို 'ကျော စာအုပ်ရူး' ဟုခေါ်ကြလေသည်။
ဝူဧကရာဇ်၏လုပ်ဆောင်မှုတို့သည်
ဆိုးရွားသည်ထက်ဆိုးရွားလာခဲ့သည်။ သူသည် အမြဲတစေဆိုသလို အရက်သောက်ပွဲ၊ စားသောက်ပွဲ ကျင်းပခဲ့လေသည်။
သူသည် စားသောက်ပွဲတာဝန်ခံတို့ခန့်အပ်ထားစေပြီး ဧည့်သည်တို့၏အမှားများကို စောင့်ကြည့်စေသည်။
စားသောက်ပွဲပြီးသောအခါ အမှားကျူးလွန်သောသူများကို ဒဏ်ပေးလေသည်။ အချို့ကို မျက်နှာအရေခွံခွာစေခဲ့သည်၊
အချို့ကိုမူ မျက်လုံးကိုဖောက်ထုတ်ခြင်းဖြင့် ဒဏ်ပေးခဲ့၏။ အားလုံးက ထိုတာဝန်ခံတို့ကို
ကြောက်လန့်နေခဲ့ရသည်။
ယီကျိုးနယ်စား
"ဝန်ကျွင့်"(Wang Jun) မှ ဝူပြည်ကိုတိုက်ရန် သဝဏ်လွှာတင်ခဲ့လေသည်။
"စွန်းအအွတ်(Sun
Hao) ဟာ အပျော်အပါးကိုလွန်ကျူးနေခဲ့တာကြောင့် သူ့ကိုချက်ချင်းတိုက်ခိုက်သင့်ပါပြီ။
သူသေဆုံးသွားပြီး ဧကရာဇ်ကောင်း တက်လာခဲ့ရင် ကျွန်တော်တို့တွေက ကြီးမားတဲ့ရန်သူနဲ့ရင်ဆိုင်ရနိုင်တယ်။
လွန်ခဲ့တဲ့ခုနစ်နှစ်က ကျွန်တော်ဆောက်ခဲ့တဲ့သင်္ဘောတွေဟာ အသုံးပြုခြင်းမရှိတာကြောင့် ဆွေးမြေ့နေပါပြီ။
အခုတော့ ဒါတွေကို အသုံးပြုနိုင်ပါသေးတယ်။ ကျွန်တော်မျိုးဟာ အသက်ခုနစ်ဆယ်ရှိပြီဖြစ်ပြီး
မကြာခင်မှာ သေပါတော့မယ်။ စွန်းဟောက်(Sun Hao) သေဆုံးမှု၊ သင်္ဘောတွေပျက်စီးမှုနဲ့ကျွန်တော့သေဆုံးမှု
ဒီသုံးမျိုးထဲက တစ်ခုခုဖြစ်သွားမယ်ဆိုရင် အောင်နိုင်ဖို့ခက်ခဲသွားပါလိမ့်မယ်။ အရှင်မင်းကြီးက
ဒီလှိုင်းကိုလက်မလွှတ်ဖို့မျှော်လင့်ပါတယ်"
နောက်ရက်ညီလာခံဝယ်
"စီးမာရန်"(Sima Yan) မှ အမှုထမ်းတို့ကိုပြောခဲ့သည်။
"ကျုပ်
တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။ ရန်ဟူ(Yang Hu) ရော၊ ဝမ်ကျွင့်(Wang Jun) ရောက ဒီအကြံပဲပေးကြတယ်"
ထိုအချိန်ဝယ်
ဝန်ကြီး "ဝမ်ဟွန်"(Wang Hun) ထလာကာ
"စွန်းဟောက်(Sun
Hao) က အလယ်ပိုင်းဒေသကိုတိုက်ဖို့အတွက် သူ့စစ်တပ်တွေကို အဆင်သင့်လုပ်ထားပြီကြားတယ်။
သတင်းတွေအရ အဲ့တပ်က ထူးချွန်ပြီး အောင်နိုင်ဖို့ခက်ခဲမယ်။ ဒါကြောင့် ရန်သူတွေ စိတ်ဓာတ်ကျသွားအောင်
တစ်နှစ်လောက်စောင့်သင့်ပါတယ်"
ထိုသို့သောအကြံတို့ကြောင့်
တိုက်ခိုက်မိန့်ကို ရပ်ဆိုင်းခဲ့ရပြန်သည်။ ကျင့်ဧကရာဇ်သည် နန်းဆောင်တွင်းသို့ ပြန်ဝင်ကာ
"ကျန်းဟွာ"(Zhang Hua) နှင့် စစ်တုရင်ထိုးနေခဲ့သည်။ ထိုသို့ဆော့ကစားနေသည့်အချိန်ဝယ်
"တုယွီ"(Du Yu) ထံမှစာရောက်လာသည်။
"အရင်တုန်းက
ရန်ဟူ(Yang Hu) က သူ့အစီအစဉ်တွေကို အရှင်မင်းကြီးထံ လျှို့ဝှက်တင်ပြခဲ့ပေမယ့် အရှင်မင်းကြီးက
ညီလာခံမှာ ထုတ်ပြောခဲ့ခြင်းမရှိဘူး။ ဒါရဲ့အကျိုးဆက်ကတော့ အငြင်းခုန်ဖြစ်ခြင်းနဲ့အတွေးမတူကြခြင်းပဲ။
အဆိုးဆုံးဖြစ်နိုင်တာက ရှုံးနိမ့်မှုပါပဲ။ အရင်ဆောင်းဦးရာသီကတည်းက တိုက်ခိုက်ဖို့အဆိုတင်သွင်းထားတာ
အတော်များများသိနေကြပါပြီ။ အခု ရပ်တန့်လိုက်မယ်ဆိုရင် စွန်းဟောက်(Sun Hao) က ကြောက်လန့်ပြီး
မြို့တော်ကို ဝူချန်ပြောင်းပြီးတော့ တောင်ပိုင်းမှာ အကာအကွယ်တွေလုပ်ထားလိမ့်မယ်။ သူ့လူတွေကိုလည်း
အန္တရာယ်ထဲမကျအောင်
ပြောင်းရွှေ့စေလိမ့်မယ်။ ဒါဆိုရင်တော့ မြို့တော်ကိုမတိုက်နိုင်တော့သလို တခြားနယ်တွေမှာလည်း
တိုက်ခိုက်သိမ်းယူစရာ ကျန်ရှိမှာမဟုတ်ဘူး။ အဲ့လိုသာဆို နောက်နှစ်စစ်ဆင်ရေးဟာလည်း အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်"
ကျင့်ဧကရာဇ်က
ဖတ်ပြီးသောအခါဝယ် "ကျန်းဟွာ"(Zhang Hua) မှ စစ်တုရင်ခုံကို ဘေးသို့တွန်းဖယ်ပြီး
ထိုင်နေရာမှထကာ လက်နှစ်ဖက်ဖြင့် အရိုအသေပေးခဲ့သည်။
"စစ်ပွဲမှာ
အရှင်မင်းကြီးရဲ့အစွမ်းဟာ အံ့မခန်းပါပဲ။ အရှင်မင်းကြီးရဲ့တိုင်းပြည်ဟာ ကြွယ်ဝသလို စစ်တပ်အင်အားလည်း
တောင့်တင်းပါတယ်။ ဝူဧကရာဇ်ဟာ ဘုရင်ဆိုးဖြစ်ပြီး သူ့ပြည်သူတွေဟာ ဒုက္ခရောက်နေသလို တိုင်းပြည်ကလည်း
မွဲပြာကျနေပါပြီ။ ဒီအချိန်မှာ အလွယ်တကူအောင်မြင်နိုင်တာကြောင့် ဆက်ပြီးမတွေဝေပါတော့နဲ့"
"ခင်ဗျားက
ဒီလိုပြောပြီးမှတော့ ကျုပ်ကတွေဝေပါဦးမလား"
သို့နှင့် ညီလာခံခန်းမဆောင်သို့ပြန်ဝင်လာပြီး
အမိန့်များကိုထုတ်ပြန်ခဲ့သည်။ "တုယွီ"(Du Yu) ကို စစ်သေနာပတိအဖြစ် တာဝန်ပေးကာ
တပ်သားတစ်သိန်းနှင့် ကျန်းလင်ကိုတိုက်စေသည်။ အရှေ့ဘက်ကိုကာကွယ်သောစစ်သူကြီး၊ လန်ရဲ့မင်းသား
"စီးမာကျိုး"(Sima Zhou) အား ထူကျုံးကို တိုက်စေပြီး အရှေ့ဘက်ကိုအောင်နိုင်သောစစ်သူကြီး
"ဝမ်ဟွန်"(Wang Hun) အား ဟန်ကျန်းကိုသိမ်းစေသည်။ ထိုတင်မက ခွန်အားကြီးစစ်သူကြီး
"ဝမ်ရုံ"(Wang Rong) အား ဝူချန်ကိုတိုက်ရန်၊ တောင်ပိုင်းကိုအေးချမ်းစေသောစစ်သူကြီး
"ဟူဖန်"(Hu Fen) အား ရှခိုကိုတိုက်ရန် အသီးသီးအမိန့်ပေးခဲ့သည်။ ထို့ပြင်
ထိုတပ်ခွဲများအားလုံးတို့တွင် တပ်သားငါးသောင်းစီရှိကာ "တုယွီ"(Du Yu) ၏အုပ်ချုပ်မှုအောက်တွင်
ရှိခဲ့သည်။
ထိုသို့သောကြည်းတပ်များအပြင်
နဂါးသတ္တိကိုပြသောစစ်သူကြီး "ဝမ်ကျွင့်"(Wang Jun) နှင့် ရဲရင့်သောစစ်သူကြီး
"ထန်ပင်း"(Tang Bin) တို့အား စစ်သင်္ဘောများကို ဦးဆောင်စေခဲ့သည်။ ရေတပ်နှင့်ကြည်းတပ်စုစုပေါင်းတပ်အင်အားမှာ
နှစ်သိန်းကျော်ရှိပြီး တောင်ပိုင်းကိုစောင့်ကြပ်သောစစ်သူကြီး "ရန်ကျိ"(Yang
Ji) အား သီးခြားတပ်နှင့်အတူ ရှန်းရန်သို့စေလွှတ်ကာ တပ်အသီးသီးကို နေရာချစေခဲ့သည်။
ထိုရေတပ်၊ ကြည်းတပ်များချီတက်လာသောသတင်းကိုကြားလေရာ
ဝူဧကရာဇ်သည် ကြောက်လန့်သွားခဲ့ပြီး ဝန်ကြီးချုပ် "ကျန်းထီ"(Zhang Ti) ၊ အတွင်းဝန်
"ဟဲကျီ"(He Zhi) နှင့်အလုပ်သမားဝန်ကြီး "ထန်ရွှင်"(Teng Xun) တို့ကိုခေါ်ကာ
တိုင်းပြည်ကိုကာကွယ်ရန် အကြံတောင်းခဲ့သည်။ "ကျန်းထီ"(Zhang Ti) မှ
"မြင်းပျံတပ်စစ်သူကြီး
"ဝူရန်"(Wu Yan) ကို ကျန်းလင်ကရန်သူတွေနဲ့ ရင်ဆိုင်စေပါ။ နောက် မြင်းပျံတပ်စစ်သူကြီး
"စွန်းရှင်း"(Sun Xin) ကို ရှခိုကိုစေလွှတ်ပြီး ကျွန်တော်ကတော့ ညိုကျူက တပ်တွေကိုတာဝန်ယူပါ့မယ်။
ပြီးတော့ လက်ဝဲစစ်သူကြီး "ရှန်ရုံ"(Shen Rong) ၊ လက်ယာစစ်သူကြီး "ကျူးကဲရှင်း"(Zhuge
Xing) တို့နဲ့ပူးပေါင်းပြီး လိုအပ်တဲ့နေရာမှာ ကူညီပါမယ်"
ထိုအကြံကို
ဧကရာဇ်မှလက်ခံလိုက်ပြီးနောက် သူသည် လုံခြုံသွားပြီဟု ကျေနပ်နေခဲ့သည်။ သို့သော် သူ၏ခန်းဆောင်သို့ပြန်လာသောအခါ
"ဝမ်ကျွင့်"(Wang Jun) ဦးဆောင်သည့်ရေတပ်ကိုခုခံမည့်လူမရှိသည်ကို သတိရကာ
စိတ်ဆင်းရဲသွားလေ၏။ ဧကရာဇ်၏လူယုံတော် လက်ပါးစေ "ချန်ဟွန်"(Cen Hun) မှ အဘယ်ကြောင့်
ဝမ်းနည်းနေရသည်ကို မေးသောအခါ "စွန်းဟောက်"(Sun Hao) မှ ရန်သူ၏ရေတပ်အကြောင်းပြောခဲ့သည်။
"ကျင့်တပ်တွေက
ချီတက်လာတော့ ကျုပ်က ကာကွယ်ဖို့ပြင်ဆင်စေခဲ့တယ်။ ဒါပေမယ့် အရှေ့ဘက်ကိုချီတက်လာတဲ့ ဝမ်ကျွင့်(Wang
Jun) နဲ့သူ့စစ်သင်္ဘောသုံးလေးထောင်နဲ့ပတ်သတ်ပြီး စိုးရိမ်နေတာ"
"ဝမ်ကျွင့်(Wang
Jun) ရဲ့သင်္ဘောတွေအားလုံးကိုဖျက်စီးနိုင်မယ့်အကြံ ကျွန်တော့မှာရှိပါတယ်"
"ဘာများပါလိမ့်" ဝူဧကရာဇ်မှဝမ်းသာသွားသည်။
"သံတွေအများကြီးရှိတယ်မဟုတ်လား။
အဲ့သံတွေနဲ့ ကြိုးတွေလုပ်ပြီး တစ်နေရာနဲ့တစ်နေရာ ချိတ်ဆက်ထားပါ။ ဒါ့အပြင် သံတူတွေအများကြီးလုပ်ပြီး
ရေစီးသန်တဲ့နေရာမှာ ချထားပါ။ ဒါဆို လေနဲ့အတူလွင့်လာတဲ့သင်္ဘောတွေက အတားအဆီးတွေနဲ့တိုက်မိပြီး
ပျက်စီးရလိမ့်မယ်။ အဲ့လိုဆို ဆက်ပြီး သွားနိုင်တော့မှာမဟုတ်ဘူး"
မကြာမီတွင်ပင်
မြစ်ကမ်းပါး၌ သံကြိုးများကိုချိတ်ဆက်ထားရန်၊ သံတူများလုပ်ရန်အတွက် ပန်းပဲဆရာတို့ကိုခေါ်ကာ
တာဝန်ပေးခဲ့သည်။ နေ့ရောညပါလုပ်ခဲ့ကြပြီး မကြာခင်ဝယ် ပြီးဆုံးသွားခဲ့သည်။
အထက်တွင်ဖော်ပြထားသည့်အတိုင်း "တုယွီ"(Du Yu) သည် ကျန်းလင်ကိုတိုက်ရန်
ချီတက်လာသည်။ သူသည် စစ်သူကြီး "ကျိုးကျီ"(Zhou Zhi) အား ရေတပ်သားရှစ်ရာနှင့်အတူ
ရန်စီ မြစ်ထဲသို့ လျှို့ဝှက်သွားစေကာ ယွဲ့ရှန်ကိုသိမ်းယူစေသည်။ ထိုနေရာရှိ ပါးစန်းတောင်များတွင်
ကင်းပုန်းထားရှိစေခဲ့ပြီး မြစ်ကမ်းတလျှောက်နှင့်သစ်ပင်များကြားတွင် အလံများထောင်ထားစေသည်။
ကြီးမားသောတပ်ကြီးရှိသည်ဟု အထင်မှားစေရန် နေ့ဘက်တွင် ဗုံများကိုတီးကာ ဆူပူသံများကိုလုပ်စေပြီး
ညအခါတွင် မီးပေါင်းများစွာ ထွန်းညှိထားစေ၏။
ထို့ကြောင့်
"ကျိုးကျီ"(Zhou Zhi) သည် ပါးစန်းတောင်သို့ချီတက်လေသည်။ နောက်ရက်တွင်
"တုယွီ"(Du Yu) မှ ရေတပ်၊ ကြည်းတပ်တို့ကို တပြိုင်တည်းချီတက်စေသည်။ သို့သော်
"စွန်းရှင်း"(Sun Xin) ဦးဆောင်သည့် ဝူရေတပ်ရောက်ရှိလာခဲ့ပြီး "တုယွီ"(Du Yu) တပ်ဖြင့် ခဏရင်ဆိုင်ပြီးနောက်
"တုယွီ"(Du Yu) ၏တပ် ပြန်ဆုတ်သွားသည်။
"စွန်းရှင်း"(Sun
Xin) က သူ့ရေတပ်သားတို့ကို ကမ်းပေါ်တက်စေကာ "တုယွီ"(Du Yu) နောက်လိုက်ခဲ့သည်။
သို့သော် ထိုသို့လိုက်စဉ် လောင်စာတို့ပေါက်ကွဲသွားပြီး "စွန်းရှင်း"(Sun
Xin) ကို ကျင့်စစ်သည်တို့က အဘက်ဘက်မှ ဝိုင်းထားလေသည်။ ဝူဘက်မှအကျအရှုံးများခဲ့ပြီး"စွန်းရှင်း"(Sun
Xin) သည် အလျင်အမြန်မြို့တွင်းသို့ပြန်ဝင်သည်။ "ကျိုးကျီ"(Zhou Zhi) ဦးဆောင်သော
ကျင့်တပ်သားရှစ်ရာသည်လည်း ဝူတပ်နှင့်ရောကာ ခံတပ်တံခါးများမှ အထဲသို့ဝင်ခဲ့သည်။ ပြီးနောက်
မြို့ရိုးပေါ်မှ အချက်ပြမီးထွန်းခဲ့သည်။
ထိုအခြင်းအရာကိုမြင်သောအခါ
"စွန်းရှင်း"(Sun Xin) မှအံ့ဩသွားပြီး ပြောခဲ့သည်။
"မြောက်ပိုင်းတပ်တွေက
မြစ်ကိုဖြတ်ပြီး မြို့ထဲဝင်သွားပြီ"
"စွန်းရှင်း"(Sun
Xin) သည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ကျင့်ခေါင်းဆောင် "ကျိုးကျီ"(Zhou
Zhi) မှ ရုတ်တရတ် ပေါ်လာကာ သူ့ကိုသတ်လိုက်သည်။ "စွန်းရှင်း"(Sun Xin) နှင့်အတူ
လိုက်ပါခဲ့သည့် ရေတပ်တစ်တပ်လည်းရှိခဲ့သည်။ ပါးစန်းတောင်ပေါ်တွင် ကျင့်စစ်သူကြီး
"တုယွီ"(Du Yu) ၏အလံကိုလှမ်းမြင်သောအခါ ရေတပ်စစ်သူကြီး "လုကျင်း"(Lu
Jing) သည် ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် ကျင့်စစ်သူကြီး
"ကျန်းရှန်"(Zhang Shang) ရောက်လာကာ သူ့ကိုသတ်လိုက်သည်။
ကျန်းလင်တွင်တပ်စွဲထားသော
"ဝူရန်"(Wu Yan) သည် ထိုရှုံးနိမ့်မှုများကိုကြားသိသောအခါ သူ့လက်ရှိနေရာတွင်နေ၍မဖြစ်ပြီမှန်းသိသောအခါ
ထွက်ပြေးလေသည်။ သို့သော် မကြာခင်ဝယ် ဖမ်းမိသွားပြီး စစ်နိုင်သောစစ်သူကြီးထံခေါ်သွားသည်။
"တုယွီ"(Du Yu) မှ
"ခင်ဗျားကို
အသက်ချမ်းသာပေးလည်း အသုံးဝင်မှာမဟုတ်ဘူး" ဟုဆိုကာ သေဒဏ်ပေးစေလိုက်သည်။
သို့နှင့် ကျန်းလင်ကိုသိမ်းယူနိုင်ခဲ့ပြီး
ရှန်းနှင့်ယွမ်မြစ်တလျှောက်မှ ဟွမ်ကျိုးအထိရောက်သောမြို့နယ်များအားလုံးသည် လက်နက်ချကုန်ခဲ့သည်။
တပ်သားတို့လုယက်မှုမရှိစေရန်နှင့်
ပြည်သူတို့စိတ်အေးစေရန်အတွက် "တုယွီ"(Du Yu) မှ အောင်နိုင်သောနယ်ပယ်များသို့
အမှုထမ်းများကိုစေလွှတ်ခဲ့သည်။ ပြီးနောက် ဝူချန်သို့ချီတက်ခဲ့ပြီး ဝူချန်မြို့က လက်နက်ချသွားခဲ့သည်။
သို့နှင့် "တုယွီ"(Du Yu) ၏ဂုဏ်သတင်းမှာ ကြီးမားလာခဲ့လောသည်။ သူသည် အမှုထမ်းတို့ကိုစုဝေးပြီး
ကျန်းရဲ့ကိုတိုက်ရန် တိုင်ပင်ခဲ့သည်။ "ဟူဖန်"(Hu Fen) မှ
"ရာစုတစ်ခုလောက်ကြာမြင့်ခဲ့တဲ့ပုန်ကန်မှုက
အလွယ်တကူချုပ်ငြိမ်းမှာမဟုတ်ဘူး။ နွေဦးရာသီရောက်လာပြီးရင် ရေတက်လာမှာဖြစ်ပြီး ကျွန်တော်တို့တွေဒုက္ခရောက်နိုင်တယ်။
ဒီတော့ နည်းနည်းစောင့်သင့်တယ်"
"ဟိုးအရင်တုန်းက
ယွဲ့ယီ(Yue Yi) ဟာ အင်အားကြီးတဲ့ချိပြည်ကို ကျိရှီးတိုက်ပွဲတစ်ပွဲထဲနဲ့ အောင်မြင်ခဲ့တယ်မဟုတ်လား။
ကျုပ်တို့ဂုဏ်သတင်းကကြီးမားနေပြီး အောင်နိုင်ဖို့သေချာနေပြီ။ ဝါးရဲ့အဆစ်အနည်းငယ်ကိုခုတ်ပြီးတာနဲ့
ဝါးကိုအလွယ်တကူခွဲနိုင်သလိုမျိုးပေါ့။ ကျုပ်တို့တွေကို ကြီးကြီးမားမားခုခံမှာ မဟုတ်ဘူး"
ထို့ကြောင့်
"တုယွီ"(Du Yu) သည် ကျန်းရဲ့ကိုတိုက်ရန် အမှုထမ်းတို့အား တာဝန်အသီးသီးပေးခဲ့သည်။
ကျင့်စစ်သူကြီး
"ဝန်ကျွင့်"(Wang Jun) သည် ရေတပ်နှင့်မြစ်ကိုစုန်ဆင်းသွားသည်။ ရန်သူတို့မှ
မြစ်ထဲတွင် သံကြိုးများ၊ သံတူများထားရှိသည်ဟုကြားသိသောအခါ ရယ်လေသည်။ ပြီးနောက် တပ်သားတို့အား
သစ်ဖြင့် ဖောင်များလုပ်စေပြီး ထိုဖောင်များပေါ်တွင် သံချပ်ကာဝတ်စာခြောက်ရုပ်များထားရှိကာ
ရေစီးနှင့်အတူ မြစ်တွင်းသို့လွှတ်လိုက်သည်။ ခုခံသူ ဝူတို့သည် ကျင့်တပ်ရောက်လာပြီး အောက်မေ့သောကြောင့်
ကြောက်လန့်ကာ ထွက်ပြေးကြလေသည်။ ထိုဖောင်တို့က ဆက်လက်မျောပါနေခဲ့ပြီး ကြိုးများ၊ သံတူများကိုပါ
ဆွဲသွားခဲ့သည်။ ထို့အပြင် ထိုဖောင်များပေါ်တွင် မီးတုတ်များထားရှိသလို ကောက်ရိုးတို့ကိုလည်း
နှမ်းဆီများဖြန်းထားခဲ့သည်။ ဖောင်တို့သည် သံကြိုးများနှင့်ညှိပြီးသောအခါ မီးတုတ်တို့သည်
မီးတောက်သွားခဲ့ပြီး သံကြိုးတို့ကိုပါမီးလောင်ပြီး အရည်ပျော်သွားခဲ့သည်။ ထို့ကြောင့်
ဖောင်တို့သည် စီးဆင်းနေခဲ့ပြီး ရှိသမျှအရာတို့ကို အောင်နိုင်ခဲ့သည်။
ဝူဝန်ကြီးချုပ်
"ကျန်းထီ"(Zhang Ti) မှ စစ်သူကြီး "ရှန်ရုံ"(Shen Rong) နှင့်
"ကျူးကဲရှင်း"(Zhuge Xing) တို့ကိုလွှတ်ကာ ရန်သူတို့အား ဟန့်တားစေခဲ့သည်။
"ရှန်ရုံ"(Shen
Rong) မှ သူ့လုပ်ဖော်ကိုင်ဖက်အားပြောခဲ့သည်။
"အပေါ်ကတပ်တွေက
ရန်သူတွေကို မဟန့်တားနိုင်ခဲ့ဘူး။ ရန်သူတွေက ဒီကိုသေချာပေါက်ရောက်လာမှာပဲ။ ကျုပ်တို့တွေအစွမ်းကုန်သုံးပြီး
ကာကွယ်ရမယ်။ အောင်မြင်ရင်တော့ တောင်ပိုင်းနယ်ကလုံခြုံမှာဖြစ်ပြီး ရှုံးနိမ့်ရင်တော့
တိုင်းပြည်ပါ ဆုံးရလိမ့်မယ်"
"ခင်ဗျားပြောတာတွေက
မှန်လွန်းလှတယ်"
ထိုသို့ပြောနေစဉ်
မတားဆီးနိုင်သောရန်သူ့တပ်ကြီး ချီတက်လာကြောင်း သိခဲ့ရသည်။ ခေါင်းဆောင်နှစ်ဦးသည် ကြောက်လန့်သွားကာ
ဝန်ကြီးချုပ်ကိုပြန်လာတွေ့သည်။
"ကျူးကဲရှင်း"(Zhuge
Xing) : "ဒီတိုင်းပြည်တော့ သွားပြီပဲ။ ဘာကြောင့် မထွက်ပြေးရတာလဲ"
"ကျန်းထီ"(Zhang
Ti) : "ဒီပြည်ပျက်တော့မယ်ဆိုတာ ကျုပ်တို့အားလုံး သိတာပဲ။ ဒါပေမယ့် ကာကွယ်မှုမလုပ်ပဲ
တိုင်းပြည်အတွက် ဘယ်သူမှအသက်မစွန့်ဘူးဆို ရှက်စရာမကောင်းပေဘူးလား"
"ကျူးကဲရှင်း"(Zhuge
Xing) သည် ငိုယိုကာ ထွက်သွားသည်။ "ကျန်းထီ"(Zhang
Ti) သည် "ရှန်ရုံ"(Shen Rong) နှင့်အတူ တပ်ဖွဲ့များထံသွားလေသည်။
ကျူးကျော်သူတို့သည်
မကြာမီတွင် ရောက်လာခဲ့ပြီး ကျင့်စစ်သူကြီး "ကျိုးကျီ"(Zhou Zhi) သည် စခန်းကို
ပထမဆုံးဝင်စီးနိုင်ခဲ့သူဖြစ်သည်။ "ကျန်းထီ"(Zhang Ti) သည် ခေါင်းမာစွာတိုက်ခိုက်ခဲ့ပြီး
တိုက်ပွဲတွင် ကျသွားခဲ့သည်။ "ရှန်ရုံ"(Shen Rong) က "ကျိုးကျီ"(Zhou
Zhi) လက်ချက်ဖြင့် အသက်ထွက်သွားလေသည်။ ဝူတပ်ကြီးသည် ရှုံးနိမ့်သွားပြီးနောက် လူစုကွဲသွားလေသည်။
ကျင့်တပ်ကြီးသည်
ညိုကျူကိုအောင်နိုင်ခဲ့ပြီး ဝူပြည်၏ပိုင်နက်အတွင်းထဲထိ ရောက်လာသည်။ "ဝမ်ကျွင့်"(Wang
Jun) သည် အောင်နိုင်မှုကို သူ့စခန်းမှ လော့ရန်သို့သတင်းပို့ခဲ့ရာ "စီးမာရန်"(Sima
Yan) သည် ဝမ်းမြောက်နေခဲ့သည်။ သို့သော် "ကျာချုံး"(Jia Chong) မှ ဆက်လက်တိုက်ခိုက်ရန်ကို
ကန့်ကွက်ခဲ့သည်။
"စစ်တပ်ကြီးက
ချီတက်နေတာကြာသွားခဲ့ပြီ။ တောင်ပိုင်းရဲ့ရာသီဥတုကြောင့် တပ်သားတွေက နေမကောင်းဖြစ်နိုင်တယ်။
ဒီတော့ သူတို့တွေကို အိမ်ပြန်လာစေသင့်တယ်"
ထိုအဆိုကို
"ကျန်းဟွာ"(Zhang Hua) က တိုက်ဖျက်လေသည်။
"ကျင့်တပ်ဟာ
ရန်သူတွေရဲ့ဌာနေ၊ အလယ်ဗဟိုကို ရောက်နေပြီဖြစ်တယ်။ မကြာခင်မှာ ဝူပြည်ရဲ့သတ္တိတွေကုန်ခန်းသွားလိမ့်မယ်။
ဝူဧကရာဇ်တောင်မှ ကျုပ်တို့ရဲ့သုံ့ပန်းဖြစ်လာတော့မယ်။ ဒီအချိန်မှာ တပ်တွေကိုပြန်ခေါ်တာက
ကြိုးပမ်းမှုကို အလဟဿဖြစ်အောင်လုပ်လိုက်သလိုပဲ"
ကျင့်ဧကရာဇ်သည်
မည်သည့်ဘက်မှ မပါခဲ့ပေ။
"ကျာချုံး"(Jia
Chong) မှ "ကျန်းဟွာ"(Zhang Hua) ဘက်လှည့်ကာ ဆိုးရွားစွာ ပြောဆိုခဲ့သည်။
"ခင်ဗျားက
ဘာမှမသိနားမလည်ပဲနဲ့ ရဲမက်တွေရဲ့အသက်ကို ရင်းပြီး နာမည်ကောင်းလိုချင်တာမဟုတ်လား"
"စီးမာရန်"(Sima
Yan) မှ
"မငြင်းခုန်နဲ့တော့။
ကျန်းဟွာ(Zhang Hua) က ကျုပ်ဆန္ဒကိုသိသလို သဘောထားချင်းလည်း တူတယ်"
ထိုစဉ်မှာပင်
ခေါင်းဆောင် "တုယွီ"(Du Yu) မှ စစ်ချီရန်အကြံပေးသည့်စာကို လက်ခံရရှိလေရာ
ကျင့်ဧကရာဇ်မှ တပ်များကို ဆက်လက်ချီတက်စေခဲ့သည်။ တော်ဝင်အမိန့်တော်သည် "ဝမ်ကျွင့်"(Wang
Jun) ၏စခန်းကိုရောက်ပြီးနောက် ကျင့်ရေတပ်က တိုက်ခိုက်လေရာ ဝူတပ်သားတို့သည် မခုခံတော့ပဲ
ချက်ချင်းလက်နက်ချခဲ့သည်။ တပ်သားတို့လက်နက်ချသွားကြောင်းကို ဝူဧကရာဇ် "စွန်းဟောက်"(Sun
Hao) မှ ကြားသိသောအခါ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူ၏အမှုထမ်းတို့မှ
'ဘယ်လိုလုပ်ကြမတုန်း?
မြောက်ပိုင်းတပ်ကြီးက တဖြည်းဖြည်းချဉ်းကပ်လာပြီ။ ကျုပ်တို့တပ်တွေက လက်နက်ချသွားကြတယ်"
"သူတို့က
ဘာကြောင့်မတိုက်ကြတာလဲ"
"ဒီနေ့ဒီအခါရဲ့ရက်စက်ယုတ်မာသူဟာ
မိန်းမစိုး ချန်ဟွန်(Cen Hun) ပဲဖြစ်တယ်။ သူ့ကိုသတ်မယ်ဆိုရင် ကျွန်တော်မျိုးတို့ထွက်ပြီး
အသက်စွန့်တိုက်ခိုက်ပါ့မယ်"
"မိန်းမစိုးက
တိုင်းပြည်ကိုဘယ်လိုဒုက္ခပေးနိုင်ပါ့မလဲ"
"ရှူပြည်မှာ
ဟွမ်ဟောက်(Huang Hao) ဘာလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မြင်တွေ့ခဲ့ဖူးပြီမဟုတ်လား" အမတ်ကြီးတို့က တညီတညွတ်တည်းပြောကြသည်။
အမှုထမ်းတို့သည်
ရုတ်တရတ်ဒေါသထွက်လာကြသောကြောင့် နန်းတွင်းသို့ဝင်ပြီး သူတို့မုန်းတီးသည့်လူယုတ်မာကိုသတ်ကာ
ထိုသူ၏အသားကိုပင် စားသောက်ခဲ့ကြသည်။ "ထောင်ကျွင်း"(Tao Jun) မှ
"ကျွန်တော့သင်္ဘောတွေက
သေးငယ်တယ်။ ဒါပေမယ့် ကျွန်တော့ကို သင်္ဘောကြီးပေးမယ်ဆိုရင် ရေတပ်သားနှစ်သောင်းနဲ့အတူသွားပြီး
တိုက်ခိုက်ပါ့မယ်။ ရန်သူတွေကို အနိုင်ယူနိုင်ပါတယ်"
သူ့တောင်းဆိုမှုကို
ခွင့်ပြုခဲ့ပြီး နန်းတွင်းတပ်တို့ကိုလည်း မြစ်ဘက်သို့စေလွှတ်ကာ တိုက်ပွဲတွင် ပါဝင်စေသည်။
ထို့အပြင် ရှေ့ပြေးတပ်ခေါင်းဆောင် "ကျန်းရှန်"(Zhang Xiang) ဦးဆောင်သည့်ရေတပ်လည်း
ပါဝင်ခဲ့သည်။ သို့သော် ကြီးမားသောလေတိုက်ခတ်ပြီး အလဲတိုင်တို့ပြိုလဲသွားကာ သင်္ဘောများပေါ်ကျသွားခဲ့သည်။
ထို့ကြောင့် တပ်သားတို့သည် သင်္ဘောပေါ်မတက်နိုင်ကြပဲ လူစုကွဲခဲ့ပြီး ခေါင်းဆောင်အနီးတွင်
လူအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
ကျင့်ခေါင်းဆောင်
"ဝမ်ကျွင့်"(Wang Jun) သည် သင်္ဘောနှင့်မြစ်ကိုဖြတ်ကူးလာသည်။ တောင်သုံးတောင်ကိုကျော်လွန်ပြီးနောက်
သင်္ဘောမောင်းနှင်သည့်ခေါင်းဆောင်မှ လေပြင်းထန်သောကြောင့် ဆက်သွားရန်မဖြစ်နိုင်ကြောင်း
ပြောသည်။ သူမှ မုန်တိုင်းငြိမ်သွားသည်အထိ ကျောက်ချစေလိုသည်။ သို့သော် "ဝမ်ကျွင့်"(Wang
Jun) မှ နားမထောင်ပဲ ဓားကိုဆွဲထုတ်ကာ
"ကျုပ်က
ရှီတို့ကိုသိမ်းယူချင်တယ်။ ကျောက်ချဖို့အစီအစဉ်ကို ထပ်မကြားချင်ဘူး" ဟုပြောပြီး
သင်္ဘောကို ဆက်လက်သွားစေခဲ့သည်။ လမ်းတွင် ဝူခေါင်းဆောင်တစ်ဦးဖြစ်သည့် "ကျန်းရှန်"(Zhang
Xiang) ရောက်လာပြီး လက်နက်ချလိုကြောင်းပြောသည်။
"ခင်ဗျား
စိတ်ရင်းအမှန်နဲ့လက်နက်ချတာဆို ကျုပ်ကို လမ်းပြပေးပါ"
"ကျန်းရှန်"(Zhang
Xiang) က လက်ခံလိုက်ပြီး သူ့သင်္ဘောကိုပြန်သွားကာ တပ်ငယ်လေးကိုဦးဆောင်ခဲ့သည်။ ရှီတို့မြို့ရိုးနားရောက်သောအခါ
ကာကွယ်သူတို့အား မြို့တံခါးကိုဖွင့်စေပြီး ကျင့်စစ်တပ်ကို ဝင်လာစေခဲ့သည်။
ဝူဧကရာဇ်သည်
ရန်သူတို့မြို့ထဲဝင်လာကြောင်း သိလေရာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုခဲ့သည်။ သို့သော်
အမှုထမ်းတို့က ဝိုင်းတားခဲ့ကြသည်။ အတွင်းရေးမှူး "ဟူကျုံး"(Hu Zhong) နှင့်
ဝန်ကြီး "ရွှဲရုံ"(Xue Rong) တို့က
"အရှင်မင်းကြီးက
ရှူဘုရင်ဟောင်း၊ လက်ရှိ အန်းလဲ့နယ်စား လျူရှန်(Liu Shan) ကို ဥပမာယူသင့်ပါတယ်"
ထို့ကြောင့်
"စွန်းဟောက်"(Sun Hao) သည် သတ်သေရန် မကြံစည်တော့ပဲ လက်နက်ချရန်သွားခဲ့သည်။
သူ့ကိုယ်သူ ကြိုးဖြင့်တုတ်နှောင်စေကာ အခေါင်းတစ်ခုယူသွားခဲ့သည်။ အမှုထမ်းတို့က အနောက်မှလိုက်ပါခဲ့သည်။
သူ့ကို ကောင်းစွာလက်ခံခဲ့ပြီး ကျင့်စစ်သူကြီး "ဝမ်ကျွင့်"(Wang Jun) ကိုယ်တိုင်
ကြိုးတို့ကိုဖြည်ပေးကာ အခေါင်းကိုမီးရှို့စေခဲ့သည်။ ဧကရာဇ်ဟောင်းကို မင်းညီမင်းသားတစ်ဦးကဲ့သို့
အခမ်းအနားကျင်းပကာ ဆက်ဆံခဲ့သည်။ ထိုသို့ဖြင့် ဝူကိုအောင်နိုင်ခဲ့ပြီး တိုင်းပြည်အဖြစ်
မကျန်ရှိတော့ပေ။ တိုင်းပြည်၏ပိုင်ဆိုင်မှုများဖြစ်ခဲ့သည့် ပြည်နယ်လေးခု၊ မြို့နယ် ၄၃
ခု၊ စီရင်စု ၃၁၃ ခု၊ မိသားစုဝင်ပေါင်း ၅,၂၃၀,၀၀၀၊ ပြည်ထဲရေးအမှုထမ်းပေါင်း ၃၂,၀၀၀၊ တပ်သားနှင့်စစ်ဘက်ဆိုင်ရာအမှုထမ်းပေါင်း
၂၃၀,၀၀၀၊ လူဦးရေစုစုပေါင်း ၂၃,၀၀၀,၀၀၀ နှင့် စားနပ်ရိက္ခာများ၊ သင်္ဘောကြီးပေါင်း ငါးထောင်တို့သည်
အောင်နိုင်သူ ကျင့်ပြည်၏ပိုင်ဆိုင်မှုများဖြစ်သွားခဲ့သည်။ နန်းတော်အတွင်းရှိ အနောက်ဆောင်ဝယ်
အမျိုးသမီးပေါင်း ငါးထောင်ကျော်ကို တွေ့ခဲ့ရသည်။
ကြေညာချက်များထုတ်ပြန်ခဲ့ပြီး
ဘဏ္ဍာတိုက်နှင့်ဂိုထောင်တို့ကိုပိတ်ထားစေခဲ့သည်။ "ထောင်ကျွင်း"(Tao Jun) ၏တပ်ကိုတိုက်စရာမလိုခဲ့ပဲ
သူ့ဘာသာသူ ပြိုကွဲသွားလေသည်။ "ဝမ်ကျွင့်"(Wang Jun) သည် အောင်မြင်မှုကြောင့်
ဝမ်းသာနေခဲ့သည်။ လန်ရဲ့မင်းသား "စီးမာကျိုး"(Sima Zhou) နှင့် စစ်သူကြီး
"ဝမ်ရုံ"(Wang Rong) တို့လည်း ရောက်လာပြီး ဂုဏ်ပြုစကားဆိုခဲ့ကြသည်။
စစ်သေနာပတိ
"တုယွီ"(Du Yu) ရောက်လာသောအခါ စားသောက်ပွဲများလုပ်ခဲ့ပြီး တပ်သားများကို
ဆုလာဘ်များပေးခဲ့သည်။ ဂိုထောင်တို့ကိုဖွင့်စေကာ ပြည်သူတို့အား ရိက္ခာများဝေငှပေးခဲ့သောကြောင့်
ပြည်သူတို့ဝမ်းမြောက်ခဲ့ကြသည်။ ကျန်းဖင် မြို့တစ်မြို့တည်းသာ ကျန်တော့သည်။ သို့သော်လည်း
မြို့တော်ကျသွားပြီဟုသိသောအခါ မြို့စား "ဝူရန်"(Wu Yan) မှ လက်နက်ချသွားခဲ့သည်။
ကျင့်ဧကရာဇ်၏မွေးနေ့ပွဲတော်တွင် ထိုအောင်မြင်မှုသတင်းတို့သည် ရောက်လာခဲ့ရာ နှစ်ဆတိုးကာ
ဂုဏ်ပြုခဲ့ကြသည်။ စားပွဲတစ်ခုဝယ် ကျင့်ဧကရာဇ်မှ "ရန်ဟူ"(Yang Hu) ကိုအမှတ်ရသောအားဖြင့်
ချီးမွမ်းခဲ့သည်။ သူသည် အရက်ခွက်ကိုကိုင်ကာ စိတ်ခံစားမှုကြောင့် တုန်ယင်သည့်အသံဖြင့်
ပြောခဲ့သည်။
"ဒီနေ့ရဲ့အောင်မြင်မှုတွေဟာ
နန်းတွင်းစောင့်စစ်သူကြီးကြောင့်ပဲ ဖြစ်တယ်။ ဒီလိုပျော်ရွှင်ပွဲတွေကို သူမမီလိုက်တာ
ဝမ်းနည်းစရာပဲ"
ဝူပြည် မြင်းပျံတပ်စစ်သူကြီး
"စွန်းရှို့"(Sun Xiu) သည် နန်းတွင်းမှထွက်ကာ တောင်ဘက်ကိုကြည့်ပြီး ငိုကြွေးခဲ့သည်။
"ဪ၊ ကောင်းကင်ပြာကြီးရယ်!
ဟိုးရှေးတုန်းက တိုက်တိုင်းအောင်စစ်သူကြီး စွန်းကျန့်(Sun Jian) ရဲ့ဓားနဲ့ ကြိုးစားပြီးရထားတဲ့အမွေအနှစ်တွေကို
စွန်းဟောက်(Sun Hao) က ဘယ်လိုကြောင့်များ အလွယ်တကူ လက်လွှတ်လိုက်ရတာလဲ?"
အောင်မြင်သူတို့သည်
ဌာနေသို့ပြန်ခဲ့ကြပြီး "စွန်းဟောက်"(Sun Hao) သည် လော့ရန်သို့သွားကာ နန်းတွင်း၌
အခစားဝင်ခဲ့သည်။ အခစားဝင်ခန်းမဆောင်၌ သူသည် ဝန်ကြီးနေရာတွင်နေလျက် ကျင့်ဧကရာဇ်၏ခြေတော်ရင်းတွင်
ဒူးထောက်ကာ အရိုအသေပြုခဲ့သည်။ ပြီးနောက် သူ့ကို ထိုင်ခွင့်ပေးခဲ့လေသည်။ ကျင့်ဧကရာဇ်မှ
"ကျုပ်က
ဒီနေရာကို အရင်တည်းက ခင်ဗျားအတွက် ထားထားတာ" ဟုပြောသည်။
"ကျွန်တော်မျိုးကလည်း
တောင်ပိုင်းမှာ အရှင်မင်းကြီးအတွက် နေရာတစ်ခုထားထားပါတယ်" ဟု "စွန်းဟောက်"(Sun
Hao) က ခွန်းတုံ့ပြန်ခဲ့သည်။ ကျင့်ဧကရာဇ်ဟ ရယ်လေသည်။
"ကျာချုံး"(Jia
Chong) မှ "စွန်းဟောက်"(Sun Hao) ဘက်လှည့်ပြီး
"ခင်ဗျားတောင်ပိုင်းမှာရှိတုန်းက
မျက်လုံးတွေကိုထုတ်ပြီး မျက်နှာကိုဖျက်စီးစေတဲ့အပြစ်ဒဏ်တွေပေးခဲ့တယ်ဆို။ သူတို့က ဘာအပြစ်တွေကျူးလွန်ခဲ့လို့လဲ"
"မင်းသားတွေကို
လုပ်ကြံမှု၊ ချောက်တွန်းမှုနဲ့ သစ္စာမဲ့မှုတွေကြောင့် ဖြစ်တယ်"
"ကျာချုံး"(Jia
Chong) သည် ရှက်သွားပြီး မည်သည့်စကားမှ မပြောတော့ပေ။ "စွန်းဟောက်"(Sun
Hao) ကို ကွေ့မင်သခင် ရာထူးပေးခဲ့ပြီး သူ၏သားနှင့်မြေးများသည်လည်း ရာထူးငယ်များ လက်ခံရရှိခဲ့သည်။
လက်နက်ချရာတွင် လိုက်ပါခဲ့သည့်အမှုထမ်းများသည်လည်း ရာထူးအသီးသီးရခဲ့သည်။ တိုက်ပွဲတွင်ကျသွားခဲ့သော
ဝူပြည်ဝန်ကြီးချုပ်ဟောင်း "ကျန်းထီ"(Zhang Ti) ၏သားနှင့်မြေးများကိုလည်း
ရာထူးများချီးမြင့်စေသည်။
အောင်နိုင်သောခေါင်းဆောင်
"ဝမ်ကျွင့်"(Wang Jun) အား တိုင်းပြည်ကိုစောင့်ရှောက်သောစစ်သူကြီးဘွဲ့ပေးအပ်ခဲ့ပြီး
အခြားကျင့်မှူးမတ်တို့သည်လည်း ရာထူးအသီးသီး လက်ခံရရှိခဲ့သည်။ ကျင့်မင်းဆက် "စီးမာရန်"(Sima
Yan) လက်ထက်တွင် သုံးပြည်ထောင်မှ တစ်ပြည်တည်း တစ်စုတစ်စည်းထဲ ဖြစ်သွားခဲ့လေသည်။
ထိုဖြစ်အင်မှာ
ကောင်းကင်ဘုံအောက်ရှိနယ်ပယ်တို့ အချိန်ကြာမြင့်စွာ စည်းလုံးခဲ့ပြီးနောက် ပြိုကွဲတတ်ကြပြီး
ကြာမြင့်စွာပြိုကွဲခဲ့ပြီးနောက် ပြန်စုစည်းသွားခဲ့သည့်သာဓကပင်ဖြစ်သည်။
ရှူဟန်ဧကရာဇ်
"လျူရှန်"(Liu Shan) သည် ကျင့်သက္ကရာဇ် ထိုက်ရှီသတ္တမနှစ် (အေဒီ ၂၇၁) တွင်
နတ်ရွာစံသည်။ ဝေပြည်ဧကရာဇ် "ချောင်ဟွမ်"(Cao Huang) သည် ထိုက်အန်းပထမနှစ်
(အေဒီ ၃၀၂) တွင်လည်းကောင်း၊ ဝူဧကရာဇ် "စွန်းဟောက်"(Sun Hao) သည် ထိုက်ခန်းစတုတ္ထနှစ်
(အေဒီ ၂၈၃) တွင်လည်းကောင်း အသီးသီး နတ်ရွာစံခဲ့ကြသည်။ ဧကရာဇ်သုံးပါးလုံးသည် အသက်အရွယ်ကြီးရင့်ကာ
ဖြစ်ရိုးဖြစ်စဉ်အတိုင်း နတ်ရွာစံသွားခဲ့ကြခြင်းဖြစ်သည်။
ပြီးပါပြီ။
Comments