သုံးနိုင်ငံခေတ်(၁၁၆)
အခန်း(၁၁၆) ဟန်ကျုံးလမ်းတွင် "ကျုံးဟွေ့"(Zhong
Hui) သည် တပ်တို့ကိုခွဲခဲ့ခြင်း။
တင်းကျွင်းတောင်တွင် ကျုံးဝူအမတ်ကြီး ကိုယ်ထင်ပြခြင်း။
"ရှောင်းထီ"(Shao
Ti) နားကပ်ကာပြောခဲ့သည့် "စီးမာကျောင်း"(Sima Zhao) ၏စကားတို့မှာ သူ၏လိမ္မာပါးနပ်မှုကိုပြခဲ့သည်။
"ဒီမနက်တုန်းက
အမှုထမ်းတွေက ကြောက်ရွံ့နေတာကြောင့် ရှူပြည်ကိုမတိုက်သင့်ဘူးလို့ တားမြစ်ကြတယ်။ သူတို့တွေကိုသာ
တပ်ကိုဦးဆောင်ခိုင်းရင် သေချာပေါက်ရှုံးနိမ့်မှာပဲ။ ကျုံးဟွေ့(Zhong Hui) ကတော့ သေချာအစီအစဉ်ဆွဲထားပြီး
ကြောက်ရွံ့မှုမရှိဘူး။ ဒီတော့ ရှူကသေချာပေါက်အောင်နိုင်မှာဖြစ်ပြီး ရှူပြည်သူတွေရဲ့နှလုံးထိုးဖောက်နိုင်လိမ့်မယ်။
စစ်ရှုံးတဲ့ခေါင်းဆောင်ဟာ မကြွားဝါနိုင်သလို ပြိုကွဲသွားတဲ့တိုင်းပြည်ရဲ့အမှုထမ်းတွေဟာလည်း
အဲ့ပြည်ကို ဆက်လက်အုပ်ချုပ်ဖို့မသင့်တော်ဘူး။ ကျုံးဟွေ့(Zhong Hui) က ကျုပ်တို့ကိုဆန့်ကျင်ရင်
ရှူကလူတွေဟာ သူ့ကိုကူနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့တပ်တွေဟာလည်း စစ်အောင်နိုင်ပြီးနောက်မှာ
သူနဲ့အတူသစ္စာဖောက်မှာမဟုတ်ပဲ အိမ်ပြန်ချင်ကြမှာပဲ။ ဒါကြောင့် ဘာမှစိုးရိမ်စရာမလိုပါဘူး။
ဒီဟာကို ခင်ဗျားနဲ့ကျုပ်သာသိတဲ့ လျှို့ဝှက်ချက်အနေနဲ့ထားထားပါ"
"ရှောင်းထီ"(Shao
Ti) သဘောပေါက်သွားခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မချီတက်ခင်တွင် အမှုထမ်းတို့ကိုခေါ်ခဲ့သည်။ ထိုထဲတွင် တပ်စစ်ဆေးရေးအရာရှိ
"ဝေကွမ်း"(Wei Guan)၊ စစ်ချီစစ်သူကြီး "ဟူလျဲ့"(Hu Lie) ၊ စစ်သူကြီးများဖြစ်သော
"ထျန်းရွှီ"(Tian Xu) ၊ "ထျန်းကျန့်"(Tian Zhang) ၊ "ယွမ်ရှင်း"(Yuan
Xing) ၊ "ချိုကျန့်"(Qiu Jian) ၊
"ရှဟိုရှန်"(Xiahou Xian) ၊ "ဝမ်မိုင်"(Wang Mai) ၊ "ဟွမ်ဖူခိုင်"(Huangfu
Kai) ၊ "ကိုးအန်း"(Gou An) နှင့်အခြားလူတို့ပါဝင်ပြီး အမှုထမ်းစုစုပေါင်းရှစ်ဆယ်ခန့်ရှိသည်။
"ကျုံးဟွေ့"(Zhong
Hui) : "ကျုပ် ရှေ့ပြေးတပ်အတွက် ခေါင်းဆောင်လိုအပ်တယ်။ အဲ့လူက လမ်းခင်းတာနဲ့တံတားပြင်တာ
ကျွမ်းကျင်ရမယ်"
ကျားသူရဲကောင်း
"ရွှီချူ"(Xu Chu) ၏သားဖြစ်သူ "ရွှီယီ"(Xu Yi) မှ
"အဲ့တာဝန်ကို
ကျွန်တော်ယူပါ့မယ်"
ကျန်သူတို့ကလည်း
"သူကလွဲပြီး သင့်တော်တဲ့လူမရှိဘူး" ဟုထောက်ခံခဲ့ကြသည်။
"ခင်ဗျားကို
တံဆိပ်တုံးပေးလိုက်မယ်။ ခင်ဗျားက ပိန်ပြီးသန်မာသူဖြစ်တယ်။ ခင်ဗျားအဖေရဲ့နာမည်ဂုဏ်လည်းရှိသလို
ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း ထောက်ခံကြတယ်။ ခင်ဗျားရဲ့တပ်မှာ မြင်းငါးထောင်နဲ့ခြေလျင်တပ်တစ်ထောင်ပါဝင်မှာဖြစ်ပြီး
ဟန်ကျုံးကို လမ်းသုံးကြောင်းက ချီတက်ရမယ်။ အလယ်တပ်ကို ခင်ဗျားက ဦးဆောင်ပြီး ရှဲ့တောင်ကြားကသွားပါ။
ကျန်တဲ့နှစ်တပ်ကိုတော့ လော့နဲ့ကျီဝူတောင်ကြားက သွားစေပါ။ ခင်ဗျားက လမ်းတွေကို ညီညာအောင်
ပြုပြင်ရမှာဖြစ်ပြီး တံတားတွေကိုလည်း ပြင်ရမှာဖြစ်တယ်။ ဒါတင်မက လှိုဏ်ခေါင်းတွေပါတူးပြီး
ကျောက်တုံးတွေကိုဖယ်ရှားရမယ်။ ကောင်းကောင်းလုပ်ဆောင်ပါ။ တစ်စုံတရာနှောင့်နှေးခဲ့ရင်
အပြစ်ပေးမယ်"
"ရွှီယီ"(Xu
Yi) ကို ချက်ချင်းထွက်ခွာစေခဲ့ပြီး ခေါင်းဆောင်ဖြစ်သူက စစ်တပ်အင်အားတစ်သိန်းနှင့်လိုက်လာမည်ဖြစ်သည်။
လုံရှီးတွင်ရှိသော
"တန့်အိုက်"(Deng Ai) သည် ရှူကိုတိုက်ရန် အမိန့်ရသည်နှင့် "စီးမာဝမ်"(Sima
Wang) ကိုလွှတ်ကာ ချန်းတို့အား စောင့်ကြည့်ထားစေသည်။ ထို့နောက် ယုံကျိုးနယ်စား
"ကျူးကဲရွှီ"(Zhuge Xu) ၊ ထျန်းစွေမြို့စား "ဝမ်ချီ"(Wang Qi) ၊
လုံရှီးမြို့စား "ချန်ဟုန်"(Qian Hong) နှင့် ကျင်းချန်မြို့စား "ရန်ရှင်း"(Yang
Xin) တို့ကိုခေါ်ကာ လုံရှီးတွင် တပ်သားများစုစည်းစေခဲ့သည်။
တစ်ညသော်
"တန့်အိုက်"(Deng Ai) သည် ဟန်ကျုံးသို့သွားရာလမ်းတွင် မြင့်မားသောတောင်ကိုတက်ရသည်ဟု
မက်မြင်လေသည်။ ရုတ်တရတ် သူ့ခြေအောက်မှာ ရေတို့ထွက်လာပြီး ထိုရေတို့သည် ကြီးမားသောအဟုန်ဖြင့်ဆူပွက်နေသောကြောင့်
သူထိတ်လန့်သွားခဲ့သည်။ သူချွေးစီးပြန်ပြီး လန့်နိုးလာခဲ့သည်။ သို့သော် ထပ်အိပ်ရန်မကြိုးစားတော့ပဲ
အရုဏ်တက်ချိန်ထိ ထိုင်နေခဲ့သည်။ မိုးလင်းသည့်အချိန်ဝယ် ပြောင်းလဲခြင်းစာအုပ်ကိုကျွမ်းကျင်သည့်
ကိုယ်ရံတော် "ရှောင်းယွမ်"(Shao Yuan) ကိုခေါ်ကာ အိပ်မက်အကြောင်းပြောပြီး
နိမိတ်ဖတ်စေခဲ့သည်။
"စာအုပ်အရဆိုရင်
တောင်ပေါ်ကရေဆိုတာဟာ ကျန်းဆိုတဲ့သင်္ကေတကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် အနောက်တောင်မှာ
ကောင်းမွန်ပြီး အရှေ့မြောက်က အမင်္ဂလာဖြစ်မယ်ဆိုတဲ့နိမိတ်ပါ။ ကွန်ဖြူးရှပ်ကလည်း ပြောခဲ့ဖူးပါတယ်၊
ကျန်းဆိုတာ အနောက်တောင်မှာ အောင်မြင်ခြင်းကိုကိုယ်စားပြုပြီး အရှေ့မြောက်မှာတော့ ကျဆုံးခြင်း၊
လမ်းမရှိခြင်းကို ကိုယ်စားပြုပါတယ်။ ဒီစစ်ဆင်ရေးမှာ စစ်သူကြီးဟာ ရှူပြည်ကိုအောင်နိုင်မှာဖြစ်ပေမယ့်
ပြန်လမ်းရှိမှာမဟုတ်ပါဘူး"
"တန့်အိုက်"(Deng
Ai) သည် နားထောင်နေရင်းဖြင့် တဖြည်းဖြည်း စိုးရိမ်ကြောင့်ကြလာခဲ့သည်၊ ထိုအချိန်တွင်
"ကျုံးဟွေ့"(Zhong Hui) ထံမှလူရောက်လာပြီး သူနှင့်အတူ ဟန်ကျုံးသို့ချီတက်ရန်
ခေါ်ခဲ့သည်။ "တန့်အိုက်"(Deng Ai) မှ ချက်ချင်းပင် "ကျူးကဲရွှီ"(Zhuge
Xu) ကို တပ်သားတစ်သောင်းခွဲနှင့်လွှတ်ကာ "ကျန်းဝေ"(Jiang Wei) ၏လမ်းကြောင်းကိုပိတ်ထားစေသည်။
"ဝမ်ချီ"(Wang Qi) နှင့် "ချန်ဟုန်"(Qian Hong) တို့သည် တပ်သားတစ်သောင်းခွဲစီဖြင့်
ထာကျုံး၏ဘယ်ညာနှစ်ဖက်မှ တိုက်ရမည်ဖြစ်သည်။ "ရန်ရှင်း"(Yang Xin) ကိုမူ တပ်သားတစ်သောင်းခွဲဖြင့်
ကန်းစုန့်သို့လွှတ်ကာ "ကျန်းဝေ"(Jiang Wei) ကိုထပ်မံပိတ်ထားစေခဲ့သည်။
"တန့်အိုက်"(Deng Ai) သည် တပ်တစ်တပ်ကိုဦးဆောင်ပြီး စစ်ကူလိုသည့်နေရာများသို့
သွားလာနိုင်ရန် စီမံထားခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) ၏စခန်း၌ အမှုထမ်းများအားလုံးရောက်လာပြီး သူထွက်ခွာမည်ကို ပို့ဆောင်ခဲ့ကြသည်။ ၎င်းမှာ
ကြီးကျယ်ခမ်းနားသောမြင်ကွင်းဖြစ်ပြီး အလံတို့သည် နေရောင်အောက်ဝယ် တလူလူလွင့်နေပြီး
သံချပ်ကာနှင့်ခမောက်တို့သည် လင်းလက်နေခဲ့သည်။ တပ်သားတို့သည်လည်း အားအင်ပြည့်ကာ မြင်းတို့သည်လည်း
ကြံ့ခိုင်နေခဲ့သည်။ အားလုံးမှ ခေါင်းဆောင်ကို ဂုဏ်ပြုခဲ့ကြသည်။ သို့သော် "လျူရှီ"(Liu
Shi) က နှုတ်ဆိတ်နေပြီး မဲ့ပြုံးပြုံးနေသည်။
ထို့နောက် တပ်မှူး
"ဝမ်ရှန်"(Wang Xiang) သည် လူအုပ်အတွင်းဝင်လာပြီး မေးခဲ့သည်။
"ကျုံးဟွေ့(Zhong
Hui) နဲ့ တန့်အိုက်(Deng Ai) တို့ဟာ ရှူကိုအနိုင်ယူနိုင်မယ်လို့ထင်လား"
"လျူရှီ"(Liu
Shi) မှ
"သူတို့က
ရှူကိုသေချာပေါက်အောင်နိုင်လိမ့်မယ်။ ဒါပေမယ့် နှစ်ယောက်လုံး ပြန်လာနိုင်မှာမဟုတ်ဘူး"
"ခင်ဗျားက
ဘာကြောင့် ဒီလိုပြောရတာလဲ"
"လျူရှီ"(Liu
Shi) မှ ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။ မေးသူကလည်း ဆက်မမေးတော့ချေ။
ဝေတပ်ကြီးချီတက်သည့်အချိန်ဝယ်
"ကျန်းဝေ"(Jiang Wei) မှ ရန်သူတို့တိုက်ခိုက်ရန်ရောက်လာကြောင်း ကြားသိခဲ့ရသည်။
သူသည် ချက်ချင်းပင် သဝဏ်လွှာတင်ကာ ကာကွယ်ရေးများပြုလုပ်ရန် တောင်းဆိုခဲ့သည်။ မြင်းပျံတပ်လက်ဝဲစစ်သူကြီး
"ကျန်းယီ"(Zhang Yi) ကို ရန်ဖင်ခံတပ်ကိုစောင့်ကြပ်ရန်၊ မြင်းပျံတပ်လက်ယာစစ်သူကြီး
"လျောင်ဟွာ"(Liao Hua) ကို ယင်းဖင်တံတားတွင် တပ်စွဲထားရန် ပြောခဲ့သည်။ ထိုနေရာနှစ်ခုတို့သည်
ဟန်ကျုံးမြို့ကိုကာကွယ်ရန် စစ်ဗျူဟာမြောက်နေရာများဖြစ်လေသည်။ ထို့အပြင် ဝူပြည်မှစစ်ကူတောင်းဆိုခဲ့ပြီး
သူကိုယ်တိုင်သည်လလအည်း ထာကျုံးတွင် တပ်များကိုစုစည်းခဲ့သည်။
ရှူဟန်သက္ကရာဇ်
ကျင့်ယောင်ပဉ္စမနှစ် (အေဒီ ၂၆၄) မှ ပျော်ရွှင်ဖွယ်ကောင်းသောတိုးပွားမှု (ရန်ရှင့် ပထမနှစ်)
ဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ "ကျန်းဝေ"(Jiang Wei) ၏သဝဏ်လွှာရောက်လာသည့်အချိန်ဝယ်
ဧကရာဇ်သည် သူ၏လက်ရုံးတော် "ဟွမ်ဟောက်"(Huang Hao) နှင့် ပျော်ပါးနေခဲ့သည်။
ဧကရာဇ်မှစာကိုဖတ်ပြီး မိန်းမစိုးကိုပြောသည်။
"တန့်အိုက်(Deng
Ai) နဲ့ ကျုံးဟွေ့(Zhong Hui) တို့ဦးဆောင်ပြီး ကျုပ်တို့ဆီချီတက်လာပြီလို့ ကျန်းဝေ(Jiang
Wei) ကပြောတယ်။ ဘယ်လိုလုပ်ကြမတုန်း"
"အဲ့လိုမျိုးမဟုတ်ပါဘူး။
ကျန်းဝေ(Jiang Wei) က သက်သက်နာမည်ကြီးချင်လို့လုပ်ကြံပြောတာဖြစ်တယ်။ အရှင်မင်းကြီး
စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော်သိတဲ့ ပညာရှိအမျိုးသမီးကိုမေးရင် အမှန်ကိုသိနိုင်ပါတယ်။
သူက အနာဂတ်ကိုဟောပြောနိုင်သူဖြစ်တယ်။ ကျွန်တော် သူ့ကိုခေါ်လိုက်ရမလား"
ဒုတိယဧကရာဇ်မှ
သဘောတူလိုက်သောကြောင့် ဝိညာဉ်တို့နှင့်ဆက်သွယ်ရန် သင့်တော်သည့်အခန်းတစ်ခုကို စီစဉ်ခဲ့လေသည်။
ထိုအခန်းတွင် အမွှေးတိုင်၊ ပန်း၊ စာရွက်၊ ဖယောင်းတိုင်နှင့်မီးရှို့ရန် စက္ကူများထားရှိထားပြီးနောက်
"ဟွမ်ဟောက်"(Huang Hao) သည် လှည်းယာဉ်နှင့်အတူသွားကာ ထိုအမျိုးသမီးကို ဖိတ်ခေါ်ခဲ့သည်။
ထိုအမျိုးသမီးသည်
ရောက်လာပြီး နဂါးပလ္လင်ပေါ်တွင် ထိုင်စေခဲ့သည်။ ဒုတိယဧကရာဇ်မှ အမွှေးတိုင်ကိုထွန်းလိုက်ပြီး
ဆုတောင်းသောအခါ ထိုအမျိုးသမီးသည် သူ့ဆံပင်ကိုဖားလျားချလိုက်ပြီး ဖိနပ်ကိုချွတ်ကာ ကခုန်နေခဲ့လေသည်။
သုံးလေးခေါက်ခန့်ကခုန်ပြီးသောအခါ သူက စားပွဲပေါ်တွင် ခွေနေခဲ့သည်။ "ဟွမ်ဟောက်"(Huang
Hao) မှ
"ဝိညာဉ်ဝင်ပူးပါပြီ။
အားလုံးကိုအပြင်ထွက်စေပြီး ဆုတောင်းပါ"
ထို့ကြောင့်
အစေအပါးတို့ကို အပြင်သို့ထွက်စေပြီး ဒုတိယဧကရာဇ်သည် ထိုအမျိုးသမီးကို အနူးအညွတ်တောင်းပန်ခဲ့သည်။
ထိုအမျိုးသမီးမှ
ရုတ်တရတ် ပြောသည်။
"ငါက အနောက်ဘက်မြစ်ပြည်နယ်ရဲ့
နယ်စောင့်နတ်ပဲဖြစ်တယ်။ အရှင်မင်းကြီးက အေးချမ်းသာယာမှုကြောင့် ပျော်ရွှင်နေရမှာ ဘာကြောင့်
တခြားဟာတွေကို မေးမြန်းရတာလဲ? နှစ်အနည်းငယ်ကြာရင် ဝေပြည်ဟာ အရှင်မင်းကြီးရဲ့လက်အောက်ရောက်လာလိမ့်မယ်။
ဘာမှစိုးရိမ်စရာမလိုပါဘူး"
ထို့နောက် ၎င်းအမျိုးသမီးသည်
မြေပေါ်လဲကျကာ မေ့မြောသွားခဲ့သည်။ အချိန်အတန်ကြာမှ သတိပြန်လည်လာသည်။ ဒုတိယဧကရာဇ်သည်လည်း
ထိုဟောပြောမှုကို နှစ်ခြိုက်သောကြောင့် ဆုလာဘ်ကြီးချီးမြင့်ခဲ့လေသည်။ ထို့အပြင် ထိုအမျိုးသမီးပြောသမျှတို့ကိုယုံကြည်ခဲ့လေရကား
"ကျန်းဝေ"(Jiang Wei) ၏အကြံပေးမှုကို လျစ်လျူရှုခဲ့လေသည်။ ထို့နောက် ဧကရာဇ်သည်
အပျော်အပါးတို့ကိုသာအာရုံစိုက်ခဲ့ပြီး စစ်သူကြီးထံမှလာသည့်စာမှန်သမျှတို့ကို
"ဟွမ်ဟောက်"(Huang Hao) မှ ကြားဖြတ်ယူထားခဲ့သည်။
ထိုအချိန်ဝယ်
"ကျုံးဟွေ့"(Zhong Hui) သည် ဟန်ကျုံးသို့အလျင်အမြန်ချီတက်လာခဲ့သည်။ ရှေ့ပြေးတပ်စစ်သူကြီး
"ရွှီယီ"(Xu Yi) သည် ဂုဏ်ထူးဆောင်လိုသောကြောင့် သူ့တပ်တို့ကို နန်ကျန်းသို့
ချီတက်ခဲ့သည်။ သူမှ အမှုထမ်းတို့အား
"ကျုပ်တို့တွေ ဒီခံတပ်ကိုသာသိမ်းနိုင်မယ်ဆိုရင် ဟန်ကျုံးကိုတိုက်ရိုက်ချီတက်နိုင်မှာပဲ။ ခံစစ်က အားနည်းတယ်"
"ကျုပ်တို့တွေ ဒီခံတပ်ကိုသာသိမ်းနိုင်မယ်ဆိုရင် ဟန်ကျုံးကိုတိုက်ရိုက်ချီတက်နိုင်မှာပဲ။ ခံစစ်က အားနည်းတယ်"
ထို့နောက် ခံတက်ကိုသိမ်းရန်
ချီတက်ကြပြီး သူ့ထက်ငါအပြိုင်သွားကြသည်။ သို့သော် နန်ကျန်းကိုကာကွယ်သည့်စစ်သူကြီးမှာ
"လူရွှင့်"(Lu Xun) ဖြစ်ပြီး ရန်သူတို့ချီတက်လာမည်ကိုသတင်းကြိုရထားခဲ့သည်။
ထို့ကြောင့် တံတား၏နှစ်ဖက်လုံးတွင် ဒူးလေးနှင့်လေးတပ်သားများ ချထားခဲ့သည်။ တိုက်ခိုက်သည့်တပ်ပေါ်လာသည်နှင့်
အသံဖြင့်အချက်ပေးလိုက်ရာ မြားမိုးများရွာကျလာခဲ့သည်။ ဝေတပ်များစွာကျဆုံးခဲ့ပြီး
"ရွှီယီ"(Xu Yi) ၏တပ်မှာ ရှုံးနိမ့်သွားခဲ့သည်။
"ရွှီယီ"(Xu
Yi) သည် ပြန်လာပြီး သူ့ရှုံးနိမ့်မှုကိုအကြောင်းပြန်ခဲ့သည်။ "ကျုံးဟွေ့"(Zhong
Hui) သည် မြင်းသည်တော်တစ်ရာနှင့်အတူ အခြေအနေကိုထောက်လှမ်းခဲ့သည်။ ရန်သူတို့မှမြားတို့ဖြင့်
လှမ်းပစ်သောကြောင့် ထွက်ပြေးခဲ့ရလေသည်။
"လူရွှင့်"(Lu
Xun) သည် တပ်သားငါးရာနှင့်အတူ လိုက်ရာ "ကျုံးဟွေ့"(Zhong Hui) မှ မြင်းကိုကဆုန်စိုင်းစီးခဲ့သည်။
မြင်းခွာက ညှပ်သွားသောကြောင့် "ကျုံးဟွေ့"(Zhong Hui) မှာ ကျလုနီးပါးဖြစ်သွားသည်။
မြင်းသည် လွတ်အောင်မရုန်းနိုင်သဖြင့် "ကျုံးဟွေ့"(Zhong Hui) သည် မြင်းပေါ်မှဆင်းကာ
ခြေလျင်လျှောက်ခဲ့ရလေသည်။ သူသည် တံတားအတိုင်း ဆင်းသည့်အချိန်ဝယ် "လူရွှင့်"(Lu
Xun) က လှံကိုကိုင်ပြီး လိုက်လာသည်။ "ကျုံးဟွေ့"(Zhong Hui) ၏နောက်လိုက်တစ်ဦးဖြစ်သည့်
"ရွှင်ခိုင်"(Xun Kai) မှ မြားဖြင့်လှမ်းပစ်လိုက်ရာ "လူရွှင့်"(Lu
Xun) ကိုထိမှန်ပြီး လဲကျသွားခဲ့သည်။
ကံကောင်းစွာဖြင့်
ရန်သူကိုမြားမှန်ခဲ့သည်ကိုမြင်သောအခါ "ကျုံးဟွေ့"(Zhong Hui) မှ ပြန်လှည့်ကာ
သူ့တပ်တို့ကိုတိုက်ရန် အချက်ပေးလိုက်သည်။ သူတို့သည် ပြေးပြီးတိုက်ခိုက်ခဲ့ရာ ကာကွယ်သူတို့နှင့်တိုက်ခိုက်သူတို့ရောနှောနေသဖြင့်
မြားသမားတို့မှာ မပစ်ရဲကြတော့ပေ။ ထို့ကြောင့် "ကျုံးဟွေ့"(Zhong Hui) သည်
ခုခံသူတို့အား အနိုင်ယူခဲ့ပြီး ခံတပ်ကိုသိမ်းယူခဲ့သည်။ ကာကွယ်သူတို့သည် တပ်ပျက်သွားခဲ့သည်။
ခံတပ်ကိုသိမ်းပြီးနောက်ဝယ်
စစ်သူကြီး၏အသက်ကိုကယ်တင်လိုက်သော "ရွှင်ခိုင်"(Xun Kai) အား ဆုလာဘ်များပေးခဲ့လေသည်။
သူ့ကို ကိုယ်ရံတော်အဖြစ်ရာထူးတိုးပေးခဲ့ပြီး မြင်းတစ်ကောင်နှင့်သံချပ်ကာတစ်ခုလက်ဆောင်ပေးခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ "ရွှီယီ"(Xu Yi) ကို စခန်းတွင်းသို့ခေါ်ကာ သူ၏ပေါ့လျော့မှုအပေါ် အပြစ်တင်ခဲ့သည်။
"ခင်ဗျားကို
ရှေ့ပြေးတပ်ခေါင်းဆောင်တာဝန်ပေးပြီး လမ်းတွေကိုပြင်ခိုင်းခဲ့တယ်။ ခင်ဗျားရဲ့အဓိကတာဝန်က
တံတားတွေကိုကောင်းအောင်လုပ်ဖို့ပဲ။ ဒါပေမယ့် တံတားပေါ်မှာ ကျုပ်မြင်းက ခြေကျွံသွားခဲ့ပြီး
ကျုပ်တောင် လဲကျမတတ်ဖြစ်သွားတယ်။ တော်သေးတာက အနီးမှာ ရွှင်ခိုင်(Xun Kai) ရှိလို့ ကျုပ်ကိုကယ်လိုက်တာတာ။
မဟုတ်ရင် ကျုပ်သေဆုံးရမှာ။ ခင်ဗျားက အမိန့်ကိုကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့တာကြောင့်
အပြစ်ဒဏ်ကိုခံယူရမယ်"
ထိုသူအား သေဒဏ်ပေးရန်
အမိန့်ချလိုက်လေသည်။ အခြားစစ်သူကြီးတို့မှ ဝိုင်းတောင်းပန်ကြသည်။
"သူ့ဖခင်က
ရွှီချူ(Xu Chu) ဖြစ်ပြီး တိုင်းပြည်အပေါ် ကောင်းကောင်းပေးဆပ်သွားခဲ့ပါတယ်"
"ဥပဒေအတိုင်းမလုပ်ရင်
စည်းကမ်းဆိုတာ ဘယ်ရှိတော့မလဲ"
သေဒဏ်ကိုချမှတ်စေလိုက်ပြီး
"ရွှီယီ"(Xu Yi) ၏ခေါင်းကို နမူနာအနေဖြင့် ပြထားခဲ့သည်။ ထိုသို့လုပ်ဆောင်မှုကြောင့်
အမှုထမ်းတို့မှာ ကြောက်လန့်ခဲ့ကြသည်။
ရှူဘက်မှ
"ဝမ်ဟန်"(Wang Han) သည် ယွဲချန်၌တပ်စွဲထားပြီး "ကျန်းပင်"(Jiang
Bin) သည် ဟန်ချန်တွင် ရှိခဲ့သည်။ ရန်သူတို့က အင်အားအလုံးအရင်းဖြင့် ရောက်လာသောကြောင့်
သူတို့သည် ထွက်မရင်ဆိုင်ဝံ့ပဲ တံခါးတို့ကိုပိတ်ကာ ခံစစ်အနေဖြင့်သာ နေခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ အမိန့်ထုတ်ခဲ့သည်။
"လျင်မြန်မှုဟာ
စစ်ပွဲရဲ့အသက်ပဲ။ လုံးဝမရပ်နားနဲ့"
ယွဲချန်ကိုဝိုင်းရန်
"လီဖူ"(Li Fu) ကိုတာဝန်ပေးခဲ့ပြီး "ရွှင်ခိုင်"(Xun Kai) က ဟန်ချန်ကိုတိုက်ရပေမည်။
"ကျုံးဟွေ့"(Zhong Hui) ဦးဆောင်သောပင်မတပ်က ရန်ဖင်ခံတပ်ကို သိမ်းမည်ဖြစ်သည်။
ရှူစစ်သူကြီး "ဖူချန်"(Fu Qian) သည် ခံတပ်တွင်ရှိနေခဲ့ပြီး သူ၏လက်ထောက်
"ကျန်းရှူ"(Jiang Shu) နှင့် တိုင်ပင်ခဲ့သည်။ "ကျန်းရှူ"(Jiang
Shu) က ကာကွယ်မှုကိုသာ ဦးစားပေးလိုခဲ့သည်။
"တခြားနည်းတွေလုပ်ဆောင်ဖို့
ရန်သူကအင်အားကြီးလွန်းတယ်"
"ကျုပ်တော့
အဲ့လိုမမြင်ဘူး။ သူတို့တွေက ချီတက်လာရတော့ ပင်ပန်းနေပြီ။ ကျုပ်တို့တွေ ကြောက်စရာမလိုဘူး။
ကျုပ်တို့အပြင်ထွက်ပြီး မတိုက်ဘူးဆိုရင် မြို့နှစ်မြို့လုံးကျရှုံးမှာဖြစ်တယ်"
"ကျန်းရှူ"(Jiang
Shu) က မည်သို့မျှ ပြန်မပြောခဲ့ပေ။
မကြာမီတွင်
ရန်သူတို့ရောက်လာရာ အမှုထမ်းနှစ်ယောက်လုံးသည် တံတိုင်းပေါ်တက်ကာ ကြည့်ရှုခဲ့သည်။
"ကျုံးဟွေ့"(Zhong Hui) မှ ထိုသူတို့ကိုမြင်သည်နှင့် အော်ပြောခဲ့သည်။
"ကျုပ်လက်အောက်မှာ
တပ်သားတစ်သိန်းရှိတယ်။ ခင်ဗျားတို့လက်နက်ချမယ်ဆိုရင် အခုလက်ရှိရာထူးထက်မြင့်တဲ့ရာထူးကို
ခံစားရမှာဖြစ်တယ်။ ခေါင်းမာပြီး ဆက်ခုခံမယ်ဆိုရင်တော့ ကျုပ်တို့ခံတပ်ကိုသိမ်းပြီးတာနဲ့
ခင်ဗျားတို့ သေဆုံးရမယ်။ ရတနာရော၊ ကျောက်စရစ်ခဲရောဟာ တူညီတဲ့ဖျက်စီးမှုကိုခံရမှာပဲ"
ထိုစကားကြောင့်
"ဖူချန်"(Fu Qian) ဒေါသထွက်သွားခဲ့ပြီး ခံတပ်ကိုကာကွယ်ရန် "ကျန်းရှူ"(Jiang
Shu) အား တာဝန်ပေးကာ သူကိုယ်တိုင်မှာမူ တပ်သုံးထောင်နှင့်အတူ ထွက်တိုက်ခဲ့သည်။
"ကျုံးဟွေ့"(Zhong Hui) က ဆုတ်ခွာသွားရာ "ဖူချန်"(Fu Qian) က အနောက်မှလိုက်ခဲ့လေသည်။
သို့သော် မကြာမီတွင်ပင် ဝေတပ်က ပြန်လှည့်လာပြီး တိုက်ခဲ့လေ၏။ "ဖူချန်"(Fu
Qian) က သူ့စခန်းဘက်သို့ပြန်လှည့်ခဲ့သော်လည်း ခံတပ်နားရောက်သောအခါ ဝေအလံတို့ထောင်ထားသည်ကို
တွေ့လိုက်သည်။ ခံတပ်တွင် ရှူအလံမရှိတော့ပေ။
ခံတပ်ထဲမှ
"ကျန်းရှူ"(Jiang Shu) မှ
"ကျွန်တော်
လက်နက်ချပါမယ်" ဟုလှမ်းအော်ခဲ့သည်။
"ဖူချန်"(Fu
Qian) မှ ဒေါသထွက်သွားခဲ့သည်။
"ကျေးဇူးကန်းပြီး
သစ္စာဖောက်တဲ့ကောင်၊ မင်း လောကကလူတွေကို ဘယ်လိုမျက်နှာပြမလဲ"
"ဖူချန်"(Fu
Qian) သည် ပြန်လှည့်ပြီး ရန်သူတို့ကို ထပ်မံရင်ဆိုင်ခဲ့လေသည်။ သူသည် မကြာခင်အဝိုင်းခံခဲ့ရပြီး
ရွပ်ရွပ်ချွံချွံတိုက်ခဲ့သော်လည်း မအောင်မြင်နိုင်တော့ပေ။ သူ့တပ်သားတို့မှာ တစ်ယောက်ပြီးတစ်ယောက်
လဲကျကုန်ပြီး ဆယ်ပုံတစ်ပုံသာ ကျန်တော့ သည်။
"အသက်ရှင်နေချိန်မှာ
ရှူပြည်ရဲ့လက်အောက်ခံဖြစ်သလို သေသွားရင်လည်း ရှူပြည်ရဲ့ဝိညာဉ်ပဲ ဖြစ်ရမယ်"
ထိုသို့ပြောပြီး
တိုက်ပွဲ၏အလယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ သူ့မြင်းမှာ လဲကျသွားခဲ့ပြီး သူကိုယ်တိုင်မှာလည်း
ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသည့်အချိန်ဝယ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) သည် ရန်ဖင်ခံတပ်ကိုသိမ်းပြီးနောက် ရိက္ခာနှင့်လက်နက်အများအပြားသိမ်းယူနိုင်ခဲ့သည်။
စားသောက်ပွဲကြီးတည်ခင်းခဲ့ရာ ထိုညတွင် ရန်အန်းမြို့၌ စခန်းချခဲ့သည်။ သို့သော် ညအချိန်ဝယ်
လူတို့အော်ဟစ်နေသည်ကိုကြားသောကြောင့် ရန်သူတို့လာတိုက်သည်ဟုမှတ်ပြီး "ကျုံးဟွေ့"(Zhong
Hui) ထလာသည်။ အသံတို့မှာ ပြန်ငြိမ်သွားသဖြင့် သူ့အိပ်ရာသို့ပြန်လာခဲ့သည်။ သူနှင့်တပ်တစ်ခုလုံးမှာ
အိပ်မပျော်ခဲ့ပေ။
နောက်ညတွင်လည်း
ထိုအတိုင်းပင် ဖြစ်ခဲ့ပြန်သည်။ ထိုအသံတို့မှာ အနောက်တောင်ဘက်မှ ဖြစ်သည်။ မနက်မိုးသောက်ယံအချိန်တွင်
ကင်းထောက်တို့ကိုလွှတ်ပြီး စုံစမ်းစေသည်။ သူတို့သည် သုံးမိုင်ခန့်ထိသွားခဲ့သော်လည်း
ရှူတပ်၏အရိပ်အယောင်မျှပင် မမြင်ခဲ့ပေ။ "ကျုံးဟွေ့"(Zhong Hui) သည် မကျေနပ်ပဲ
မြင်းသည်တော်တစ်ရာနှင့်အတူ စူးစမ်းရန်သွားခဲ့သည်။
သူတို့သည် ခက်ထန်သည့်တိမ်များဝန်းရံနေသောတောင်ကုန်းတစ်ခုကို
တွေ့ခဲ့သည်။ တောင်ထွတ်မှာ မြူတို့အုံ့ဆိုင်းနေခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ လမ်းပြတို့ကိုမေးခဲ့သည်။
"အဲ့တောင်က
ဘာတောင်လဲ"
"တင်းကျွင်းတောင်လို့ခေါ်ပါတယ်။
ဒီတောင်ပေါ်မှာ ရှဟိုယွမ်(Xiahou Yuan) အသက်ဆုံးခဲ့တာဖြစ်တယ်"
ထိုစကားတို့မှာ
စိတ်ပျက်ဖွယ်ကောင်းသောကြောင့် "ကျုံးဟွေ့"(Zhong Hui) သည် စခန်းသို့ပြန်လာခဲ့ပြီးနောက်
စိတ်ညစ်နေခဲ့သည်။ တောင်ကွေ့နားရောက်သောအခါ ပြင်းထန်သောလေတို့တိုက်ခတ်ပြီး ထိုလေတို့နှင့်အတူ
မြင်းပေါင်းများစွာတို့သည် တိုက်မည့်အသွင် ဆင်းလာခဲ့သည်။ "ကျုံးဟွေ့"(Zhong
Hui) ဦးဆောင်သည့်တပ်တစ်ခုလုံးမှာ ကြောက်လန့်သွားကြသည်။ စစ်သူကြီးအများအပြားမှာ မြင်းပေါ်မှပြုတ်ကျသွားခဲ့လေသည်။
သူတို့ခံတပ်သို့ပြန်ရောက်သောအခါ လူတစ်ယောက်မှမပျောက်ခဲ့ပဲ လဲကျသွားခြင်းကြောင့် ပွန်းရာပဲ့ရာများသာ
ရှိခဲ့သည်။ လူအများစုတို့၏ခမောက်များ ပြန်မပါလာခဲ့ပေ။ အားလုံး ဝိညာဉ်မြင်းတပ်တို့ကိုတွေ့ခဲ့ပြီး
အနီးသို့ကပ်သောအခါ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ လက်နက်ချသွားသော ရှူစစ်သူကြီး "ကျန်းရှူ"(Jiang Shu) အား
"တင်းကျွင်းတောင်ပေါ်မှာ
ထူးခြားတဲ့ပုဂ္ဂိုလ်တွေများရှိလား"
"မရှိပါဘူး၊
ကျူးကဲလျန့်(Zhuge Liang) ရဲ့အုတ်ဂူပဲရှိတယ်"
"ဒါဆို
ဒါက ကျူးကဲလျန့်(Zhuge Liang) ကိုယ်ထင်ပြတာဖြစ်မယ်။ သူ့ကိုပူဇော်ရမယ်"
ထို့နောက် လက်ဆောင်တို့ပြင်ဆင်စေကာ
နွားတစ်ကောင်ကိုသတ်စေပြီးနောက် အုတ်ဂူတွင် ပူဇော်ခဲ့သည်။ ထိုသို့လုပ်ဆောင်ပြီးနောက်
လေငြိမ်သွားခဲ့ပြီး မှောင်မည်းနေသည့်တိမ်တိုက်တို့လည်း ကင်းစင်သွားခဲ့သည်။ ပြီးနောက်
အေးမြသောလေနှင့်အတူ မိုးတဖွဲဖွဲရွာသွန်းခဲ့ပြီး နေသာလာခဲ့သည်။ သူတို့ပူဇော်ပသမှုကို
လက်ခံသည်ကိုမြင်သဖြင့် ဝမ်းမြောက်ပြီး စခန်းသို့ပြန်လာခဲ့လေသည်။
ထိုညဝယ်
"ကျုံးဟွေ့"(Zhong Hui) သည် သူ့ရွက်ဖျင်တဲရှိစားပွဲပေါ်တွင်မှောက်ပြီး အိပ်ပျော်သွားခဲ့သည်။
ရုတ်တရတ် လေအေးတစ်ချက်တိုက်ကာ အဖြူရောင်တာအိုဝတ်စုံ၊ ခေါင်းဆောင်းဝတ်ဆင်ထားကာ အနက်ရောင်ခါးပန်းကြိုးနှင့်ငှက်မွေးယပ်တောင်ကိုင်ထားသူကို
မြင်လိုက်ရသည်။ ထိုသူ၏ပုံပန်းသဏ္ဍာန်မှာ ကျောက်စိမ်းကဲ့သို့တင့်တယ်ပြီး နီရဲသောနှုတ်ခမ်း၊
ကြည်လင်သောမျက်လုံးတို့ရှိလေသည်။ ထိုသူသည် နတ်ဘုရားကဲ့သို့တည်ငြိမ်စွာ လှုပ်ရှားခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ ထကာ
"လူကြီးမင်းက
ဘယ်သူပါလဲ"
"ဒီမနက်တုန်းက
ခင်ဗျားရဲ့ကြင်နာမှုကိုပြခဲ့တာကြောင့် ကျုပ်က စကားပြောဖို့ရောက်လာတာဖြစ်တယ်။ ဟန်တွေဆုတ်ယုတ်လာတာဟာ
ကောင်းကင်ရဲ့ဆန္ဒဖြစ်ပြီး ဒါကိုရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် စစ်ပွဲဒဏ်ကိုခံရမယ့် အနောက်ဘက်နယ်ကလူတွေကိုတော့
သနားသင့်ပါတယ်။ ခင်ဗျားက ရှေ့တန်းကိုဖြတ်ကျော်သွားရင် လူတွေကိုရက်စက်စွာ မသတ်ပါနဲ့"
ထိုသူသည် မေးခွန်းကိုမဖြေတော့ပဲ
လက်ကိုဝှေ့ရမ်းပြီး ပျောက်ကွယ်သွားခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) သည် ထလာပြီး သူအိပ်မက်မက်နေမှန်းသိသွားခဲ့သည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge
Liang) ၏ဝိညာဉ်က သူ့ထံလာခဲ့သည်ဟုခံစားမိပြီး အံ့ဩသွားခဲ့သည်။ ထို့နောက် ရှေ့ပြေးတပ်ကို
အဖြူရောင်အလံလွှင့်ထူစေခဲ့ပြီး ထိုအလံပေါ်တွင် "တိုင်းပြည်ကို လုံခြုံစေ၊ ပြည်သူများ
ကျေနပ်စေ" ဟူသောစာကိုရေးထားခဲ့သည်။ ၎င်းမှာ ပြည်သူတို့အပေါ် ဖိနှိပ်မည်မဟုတ်ကြောင်း
ကြေညာချက်ပင်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ကို မည်သည့်အကြောင်းမှမရှိပဲ သတ်ခဲ့လျှင် ထိုအပြစ်ကျူးလွန်သူကို
သေဒဏ်ပေးမည်ဖြစ်၏။ ထိုသို့သောစောင့်ရှောက်မှုအပေါ် ဝမ်းမြောက်ကျေနပ်ခဲ့ကြပြီး ကျူးကျော်လာသူတို့အား
နေရာတိုင်းဝယ် ကြိုဆိုခဲ့ကြသည်။ "ကျုံးဟွေ့"(Zhong Hui) ကလည်း သာမန်ပြည်သူတို့ကို
ဒဏ်ရာတရမဖြစ်စေအောင် ဂရုစိုက်ပြီး ပြည်သူတို့အား ငြိမ်းချမ်းစေခဲ့သည်။
ထာကျုံးတွင်ရှိသော
"ကျန်းဝေ"(Jiang Wei) သည် ရန်သူတို့ကျူးကျော်လာသည်ကို ကြားသိရသောကြောင့်
သူ၏စစ်သူကြီးသုံးဦးတို့အား ရန်သူတို့ကိုတိုက်ရန် စာပို့ခဲ့သည်။ ထိုစစ်သူကြီးတို့မှာ
"ကျန်းယီ"(Zhang Yi) ၊ "လျောင်ဟွာ"(Liao Hua) နှင့် "တုန်းကျွယ်"(Dong
Jue) တို့ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ရောက်လာနိုင်မည့်ရန်သူတို့အား ခုခံရန်ပြင်နေခဲ့သည်။
မကြာမီတွင်ပင်
ရန်သူတို့ရောက်လာခဲ့သည်။ ခေါင်းဆောင်မှာ ထျန်းစွေမြို့စား "ဝမ်ချီ"(Wang
Qi) ဖြစ်သည်။ အနီးသို့ရောက်သောအခါ "ဝမ်ချီ"(Wang Qi) မှ
"ကျုပ်တို့တပ်တွေက
အင်အားသန်းနဲ့ချီတယ်၊ စစ်သူကြီးတွေက ထောင်နဲ့ချီရှိတယ်။ ခင်ဗျားကိုတိုက်တဲ့တပ်က အင်အားနှစ်သိန်းရှိပြီးတော့
ချန်တူးမြို့ကျသွားခဲ့ပြီ။ ဒါတောင်မှ ခင်ဗျားက လက်နက်မချသေးဘူးဆိုတော့ ကောင်းကင်အမိန့်ကိုမသိနားမလည်ဘူးနဲ့တူတယ်"
"ကျန်းဝေ"(Jiang
Wei) မှ ထိုစကားကြောကိုဖြတ်လိုက်ပြီး လှံကိုကိုင်လျက် ချီတက်လာခဲ့သည်။ "ဝမ်ချီ"(Wang
Qi) သည် သုံးကွက်ခန့်ခုခံပြီးနောက် ထွက်ပြေးလေသည်။ "ကျန်းဝေ"(Jiang Wei)
က အနောက်မှလိုက်ရာ ခုနစ်မိုင်ခန့်အကွာတွင် လမ်းကိုပိတ်ထားသည့်တပ်ဖွဲ့ကို မြင်လိုက်သည်။
ထိုတပ်အလံကိုကြည့်လိုက်သောအခါ လုံရှီးမြို့စား "ချန်ဟုန်"(Qian Hong) ၏တပ်ဖြစ်မှန်းသိလိုက်သည်။
"ကျန်းဝေ"(Jiang Wei) မှပြုံးပြီး
"ကြွက်သေက
ကျုပ်ကိုယှဉ်နိုင်မှာမဟုတ်ဘူး"
သူ၏တပ်ကိုဦးဆောင်ပြီး
ရန်သူတို့ကိုတိုက်ရာ ရန်သူတို့ဆုတ်ခဲ့ရသည်။ သုံးမိုင်အကွာထိလိုက်ပြီးနောက်ဝယ်
"တန့်အိုက်"(Deng Ai) ၏တပ်ပေါ်လာသောကြောင့် တိုက်ပွဲဖြစ်ခဲ့ပြန်သည်။ တိုက်ခိုက်စိတ်ပြင်းပြနေခဲ့သော
"ကျန်းဝေ"(Jiang Wei) သည် "တန့်အိုက်"(Deng Ai) နှင့်ရင်ဆိုင်ခဲ့သော်လည်း
အနိုင်အရှုံးမကွဲခဲ့ပေ။ ထိုအချိန်ဝယ် ရှူတပ်၏အနောက်ဘက်မှမောင်းသံတို့ကြားလိုက်ရပြီး
နောက်ထပ်ရန်သူတို့၏အရိပ်အယောင်များကို တွေ့ခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် သူလာသည့်လမ်းအတိုင်းပြန်ဆုတ်ခဲ့ရာ သတင်းတစ်ခုကို ကြားခဲ့သည်။
"ကျင်းချန်မြို့စား
ရန်ရှင်း(Yang Xin) က ကန်းစုံ့က စခန်းတွေကိုဖျက်စီးလိုက်ပြီ"
၎င်းမှာ သတင်းဆိုးဖြစ်သည်။
သူ၏စစ်သူကြီးတို့အား "တန့်အိုက်"(Deng Ai) ကို ခုခံထားရန် အမိန့်ပေးခဲ့ပြီး
သူကိုယ်တိုင်မှာမူ စခန်းတို့ကိုပြန်သိမ်းရန်သွားခဲ့သည်။ လမ်းတွင် "ရန်ရှင်း"(Yang
Xin) နှင့်တွေ့ခဲ့ပြီး ၎င်းမှာ "ကျန်းဝေ"(Jiang Wei) နှင့်မယှဉ်နိုင်သောကြောင့်
တောင်ကုန်းပေါ်သို့သွားခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် အနောက်မှလိုက်ခဲ့သော်လည်း
မတ်စောက်သောနေရာနားဝယ် ရန်သူတို့က ကျောက်တုံး၊ သစ်တုံးများဖြင့်ပစ်ချလာသောကြောင့် ဆက်မလိုက်နိုင်တော့ပေ။
"ကျန်းဝေ"(Jiang
Wei) သည် သူထွက်လာသည့်တိုက်ပွဲအတွင်းသို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လမ်းတွင်
ဝေတပ်ကြီးနှင့်တွေ့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏စစ်သူကြီးတို့သည် "တန့်အိုက်"(Deng
Ai) လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ "ကျန်းဝေ"(Jiang
Wei) သည် အဝိုင်းခံခဲ့ရသော်လည်း ရုတ်တရတ်ထိုးဖောက်ကာ တပ်စခန်းကြီးသို့ဦးတည်ခဲ့သည်။
ထိုစဉ် နောက်ထပ်သတင်းရောက်လာသည်။
"ကျုံးဟွေ့(Zhong
Hui) က ရန်ဖင်ခံတပ်ကိုသိမ်းလိုက်ပြီး ကျန်းရှူ(Jiang Shu) က လက်နက်ချသွားတယ်။ ဖူချန်(Fu
Qian) ကတော့ တိုက်ပွဲမှာကျသွားပါပြီ။ ဟန်ကျုံးက ဝေတွေလက်ထဲကျသွားခဲ့ပြီ။ ဟန်ကျုံးမြို့ကျသွားတာနဲ့
ယွဲချန်က ဝမ်ဟန်(Wang Han) နဲ့ ဟန်ချန်က ကျန်းပင်(Jiang Bin) တို့ဟာလည်း သူတို့မြို့တံခါးတွေကိုဖွင့်ပြီး
လက်နက်ချခဲ့တယ်။ ဟူကျိ(Hu Ji) က စစ်ကူတောင်းဖို့ ချန်တူးကိုသွားနေပါပြီ"
ထိုသတင်းကြောင့်
"ကျန်းဝေ"(Jiang Wei) မှာ စိတ်ညစ်သွားခဲ့ပြီး စခန်းတို့ကိုဖျက်ကာ ဟန်ကျုံးသို့ချီတက်လေသည်။
ထိုညဝယ် ရှူတပ်တို့သည် ရှေ့တန်းမြစ်ခံတပ်သို့ရောက်လာသည်။ "ရန်ရှင်း"(Yang
Xin) ဦးဆောင်သည့်တပ်က လမ်းကိုပိတ်ထားခဲ့သောကြောင့် "ကျန်းဝေ"(Jiang
Wei) က ရန်သူနှင့်တိုက်ခဲ့ရပြန်သည်။ "ကျန်းဝေ"(Jiang Wei) သည် ဒေါသဖြင့်ထွက်လာခဲ့သည်။
"ရန်ရှင်း"(Yang Xin) က ထွက်ပြေးသွားရာ မြားသုံးစင်းဖြင့်ပစ်သော်လည်း တစ်ခါမျှမထိမှန်ခဲ့ပေ။
"ကျန်းဝေ"(Jiang
Wei) သည် မြားကိုဘေးတွင်ချကာ လှံကိုကိုင်ပြီး မြင်းစီးကာလိုက်ခဲ့သည်။ သို့သော်လည်း
မြင်းကချော်သွားပြီး လူက မြေပေါ်ကျသွားခဲ့သည်။ မြင်းပေါ်တွင်မရှိတော့သော "ကျန်းဝေ"(Jiang
Wei) ကိုသတ်ရန် "ရန်ရှင်း"(Yang Xin) က ပြန်လှည့်လာခဲ့သည်။ သို့သော်လည်း
"ကျန်းဝေ"(Jiang Wei) က "ရန်ရှင်း"(Yang Xin) မြင်း၏ဦးခေါင်းကိုလှံဖြင့်
ထိုးလိုက်သည်။ ကျန်သည့်ဝေတပ်သားတို့က "ရန်ရှင်း"(Yang Xin) ကိုကူရန် ရောက်လာသည်။
"ကျန်းဝေ"(Jiang Wei) သည် သူ့နောက်လိုက်၏မြင်းကိုသုံးကာ ရန်သူ့နောက်လိုက်သည့်အချိန်ဝယ် "တန့်အိုက်"(Deng Ai) သည် အနောက်ဘက်မှရောက်လာကြောင်း သိခဲ့သည်။ နောက်ရောက်လာသည့်ရန်သူတို့နှင့်မတိုက်နိုင်မှန်းသိသောအခါ "ကျန်းဝေ"(Jiang Wei) မှ တပ်တို့ကိုစုစည်းကာ ဟန်ကျုံးသို့ပြန်ဆုတ်ခဲ့သည်။
"ကျန်းဝေ"(Jiang Wei) သည် သူ့နောက်လိုက်၏မြင်းကိုသုံးကာ ရန်သူ့နောက်လိုက်သည့်အချိန်ဝယ် "တန့်အိုက်"(Deng Ai) သည် အနောက်ဘက်မှရောက်လာကြောင်း သိခဲ့သည်။ နောက်ရောက်လာသည့်ရန်သူတို့နှင့်မတိုက်နိုင်မှန်းသိသောအခါ "ကျန်းဝေ"(Jiang Wei) မှ တပ်တို့ကိုစုစည်းကာ ဟန်ကျုံးသို့ပြန်ဆုတ်ခဲ့သည်။
သို့သော် ကင်းထောက်တို့မှ
သတင်းပို့ခဲ့သည်။
"ကျွန်တော်တို့တပ်ဆုတ်လမ်းဖြစ်တဲ့
ယင်းဖင် တံတားကို ယုံကျိုးနယ်စား "ကျူးကဲရွှီ"(Zhuge Xu) က ပိတ်ထားပါတယ်"
ထို့ကြောင့်
"ကျန်းဝေ"(Jiang Wei) သည် ရပ်နားခဲ့ပြီး တောင်ပေါ်တွင် စခန်းချထားခဲ့သည်။
ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်သည့်အချိန်ဝယ် ဝမ်းနည်းစွာဖြင့် ရေရွတ်ခဲ့လေသည်။
"ကောင်းကင်ကြီးက
ကျုပ်ကိုဖျက်စီးချင်ပုံပဲ"
စစ်သူကြီးတစ်ဦးဖြစ်သော
"နင်စွေ"(Ning Sui) မှ
"ရန်သူတွေက
ယင်းဖင် တံတားကိုပိတ်ထားတယ်ဆိုရင် ယုံကျိုးမှာ လူအင်အားနည်းနည်းပဲရှိလိမ့်မယ်။ ကျွန်တော်တို့တွေက
ခုံဟန်တောင်ကြားကတဆင့်သွားမယ်ဆိုရင် သူတို့တွေက တံတားကိုစွန့်ပြီး မြို့ကိုကာကွယ်ဖို့ပြန်သွားရမှာပဲ။
တံတားမှာ ရန်သူတွေမရှိတော့တာနဲ့ စစ်သူကြီးက ကျန့်မန်ခံတပ်ကိုသွားပြီး ဟန်ကျုံးကိုပြန်သိမ်းဖို့လုပ်ရမယ်"
ထိုအစီအစဉ်သည်
ဖြစ်နိုင်သောကြောင့် "ကျန်းဝေ"(Jiang Wei) မှ စစ်တပ်အား ယုံကျိုးသို့သွားမည့်ပုံဖြင့်
ခုံဟန်တောင်ကြားသို့ ချီတက်စေသည်။ ထိုသတင်းကို ယင်းဖင် တံတားတွင်ရှိသော "ကျူးကဲရွှီ"(Zhuge
Xu) ကြားသိသောအခါ အံ့ဩသွားခဲ့သည်။
"ယုံကျိုးက
ကျုပ်မြို့ဖြစ်သလို ဗဟိုစခန်းလည်း ဖြစ်တယ်။ အဲ့မြို့ကျသွားရင် ကျုပ်အပြစ်ပေးခံရလိမ့်မယ်"
ထို့ကြောင့်
"ကျူးကဲရွှီ"(Zhuge Xu) သည် မြို့ကိုစစ်ကူပေးရန် တောင်ဘက်လမ်းမှာသွားခဲ့ပြီး
တံတားဝယ် အစောင့်အနည်းငယ်သာ ထားခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် မြောက်ဘက်လမ်းမှချီတက်ပြီး ဆယ်မိုင်ခန့်ရောက်သောအခါ "ကျူးကဲရွှီ"(Zhuge
Xu) သည် တံတားတွင်မရှိတော့ပြီဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် ပြန်လှည့်လာခဲ့ပြီး တပ်နောက်ကျောသည်
ရှေ့ပြေးတပ်ဖြစ်လာသည်။ သူသည် တံတားတွင်ရှိသောတပ်အနည်းငယ်ကိုတိုက်ထုတ်ခဲ့ပြီး ရန်သူ့စခန်းကို
မီးရှို့ခဲ့လေသည်။ စစ်ချီတက်နေသော "ကျူးကဲရွှီ"(Zhuge Xu) သည် မီးခိုးတို့ကိုမျှင်သောအခါ
အမြန်ပြန်လှည့်လာခဲ့သည်။ သို့သော် အခါနှောင်းသွားခဲ့ချေပြီ။ ရှူတပ်ကြီးသည် တံတားကိုဖြတ်သွားပြီဖြစ်သောကြောင့်
သူမလိုက်ရဲတော့ပေ။
"ကျန်းဝေ"(Jiang
Wei) သည် တံတားကိုဖြတ်ကျော်ပြီး မကြာမီဝယ် တပ်တစ်တပ်ကိုတွေ့ခဲ့သည်။ ထိုတပ်ကိုဦးဆောင်သူတို့မှာ
သူ့စစ်သူကြီးများဖြစ်သည့် "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang
Yi) တို့ဖြစ်သည်။
တပ်နှစ်ခုတို့သည်
ပေါင်းစည်းကာ အတူချီတက်ကြသည်။ "လျောင်ဟွာ"(Liao Hua) မှ
"ကျွန်တော်တို့တွေကို
အဘက်ဘက်ကဝိုင်းတိုက်နေခဲ့တယ်။ ရိက္ခာလမ်းကြောလည်း ပိတ်ထားတယ်။ ကျွန်တော့အပြင်ကတော့ ကျန့်မန်ခံတပ်ကိုအရင်ဆုတ်ပြီး
အစီအစဉ်ဆွဲရမယ်"
သို့သော်
"ကျန်းဝေ"(Jiang Wei) မှ လက်မခံချင်ပေ။
ထို့နောက်
"တန့်အိုက်"(Deng Ai) နှင့် "ကျုံးဟွေ့"(Zhong Hui) တို့သည် စစ်ကြောင်းဆယ်ကြောင်းဖြင့်
ချီတက်လာကြောင်း သိခဲ့သည်။ "ကျန်းဝေ"(Jiang Wei) မှ ရန်သူတို့ကိုရင်ဆိုင်လိုသော်လည်း
"လျောင်ဟွာ"(Liao Hua) မှ
"ဒီရေဖြူနယ်က
ကျဉ်းမြောင်းပြီး ရန်သူတွေကိုတိုက်ခိုက်အောင်နိုင်ဖို့ ခက်ခဲတယ်။ ဒီတော့ ကျန့်မန်ခံတပ်ကိုပဲ
သွားသင့်တယ်။ ကျွန်တော်တို့တွေ အဲ့ခံတပ်ကိုသာ ဆုံးရှုံးသွားရင် လွတ်လမ်းမရှိတော့ဘူး"
နောက်ဆုံးတွင်
"ကျန်းဝေ"(Jiang Wei) က သဘောတူခဲ့ပြီး ချီတက်ခဲ့လေသည်။ ခံတပ်နားသို့ရောက်သောအခါ
ဗုံသံတို့ကိုကြားလိုက်ရသလို အလံတို့လည်း မြင်လိုက်သဖြင့် ခံတပ်ထဲတွင် တပ်တစ်တပ်ရှိနေကြောင်း
သိခဲ့သည်။
Comments