သုံးနိုင်ငံခေတ်(၁၁၀)


အခန်း(၁၁၀) "ဝန်ရန်"(Wen Yang) တစ်ဦးတည်း ရန်သူ့တပ်ကိုတွန်းလှန်ခဲ့ခြင်း၊
"ကျန်းဝေ"(Jiang Wei) သည် မြစ်ကြောင်းအတိုင်းသွားကာ ရန်သူ့ကိုအနိုင်ယူခဲ့ခြင်း။

ကျန့်ယွမ်ဒုတိယနှစ် (အေဒီ ၂၅၆) "စီးမာရှီ"(Sima Shi) သည် "ချောင်ဖန်း"(Cao Fang) ကိုနန်းချခဲ့သည်ဟုကြားသိသည့်အချိန်ဝယ်  စစ်သူကြီး "ကွမ်းချိုကျန့်"(Guanqiu Jian) သည် ဟွမ်မြစ်တောင်ပိုင်းရှိတပ်များကို တာဝန်ယူနေခဲ့ရသည်။ သူသည် ထိုသတင်းကြောင့် အမျက်ထွက်သွားခဲ့ပြီး သားဖြစ်သူ "ကွမ်းချိုတျန်"(Guanqiu Dian) ၏စကားက သူ့စိတ်ကိုဆွပေးခဲ့၏။
"စီးမာရှီ(Sima Shi) က ဒီအဆင့်ထိရောက်လာပြီး တိုင်းပြည်ကအန္တရာယ်ကျရောက်တော့မှာဖြစ်တယ်။ အဖေက ဒီဒေသရဲ့ခေါင်းဆောင်ဖြစ်နေတော့ ဒါကိုလက်ပိုက်ကြည့်မနေသင့်ဘူး"
"ငါ့သား ပြောတာမှန်တယ်"
ထို့နောက် ရန်ကျိုးနယ်စား "ဝန်ချင်"(Wen Qin) ကိုဖိတ်ခေါ်ကာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ "ဝန်ချင်"(Wen Qin) သည် "ချောင်ရွှမ်"(Cao Shuang) နှင့်ရင်းနှီးသူဖြစ်ပြီး ချက်ချင်းရောက်လာခဲ့သည်။ သူရောက်လာသောအခါ အတွင်းဆောင်ထဲသို့ခေါ်ကာ နှစ်ဦးသား အခြေအနေအကြောင်းပြောခဲ့ကြသည်။ အိမ်ရှင်ဖြစ်သူမှ ငိုသောအခါ ဧည့်သည်မှအကြောင်းရင်းကို မေးလေ၏။

"စီးမာရှီ(Sima Shi) ရဲ့လုပ်ပုံတွေက ကျုပ်နှလုံးကိုဆွဲဖြဲလိုက်သလိုပဲ။ အခု ဧကရာဇ်ကိုတောင် နန်းချလိုက်ပြီဆိုတော့ တိုင်းပြည်ရဲ့အာဏာက သူ့လက်ထဲမှာရှိနေပြီ။ အားလုံး ကမောက်ကမတွေဖြစ်ကုန်ပြီ"
"ခင်ဗျားက ဒီနယ်ရဲ့ခေါင်းဆောင်ပဲမဟုတ်လား။ ခင်ဗျားသာဆန္ဒရှိမယ်ဆိုရင် လက်နက်ကိုင်ပြီး ဒီသူပုန်ကိုနှိမ်နင်းလို့ရမယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ကူညီပါ့မယ်။ ကျုပ်ရဲ့ဒုတိယသား ဝန်ရန်(Wen Yang) က ရဲရင့်ပြီးသတ္တိဗျတ္တိရှိတဲ့သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် သူက စီးမာရှီ(Sima Shi) ကိုမုန်းတီးပြီး ချောင်ရွှမ်(Cao Shuang) အတွက် လက်စားချေလိုခဲ့တယ်။ သူသာဆိုရင် ရှေ့ပြေးတပ်ခေါင်းဆောင်ကောင်းဖြစ်မှာပါ"
ထိုစကားကြောင့် "ကွမ်းချိုကျန့်"(Guanqiu Jian) သည် ဝမ်းမြောက်သွားပြီး အတူတူပူးပေါင်းမည်ဟု အရက်ခွက်ဖြင့် တိုင်တည်ခဲ့ကြသည်။ ထို့နောက် ဧကရာဇ်မယ်တော်ထံမှ အမိန့်ကိုလက်ခံရရှိသည်ဟုလိမ်လည်ကာ အမှုထမ်းများအားလုံးကို ရှိုချွန်းသို့ခေါ်ခဲ့သည်။ ထိုမြို့အနောက်ဘက်တွင် စင်တစ်ခုဆောက်စေပြီး မြင်းဖြူတစ်ကောင်ကိုစတေးကာ သွေးကိုပါးစပ်တွင်သုတ်ပြီး သစ္စာဆိုခဲ့ကြသည်။

ထို့နောက် အောက်ပါအတိုင်းကြေညာခဲ့လေသည်။
"စီးမာရှီ(Sima Shi) က ကောက်ကျစ်တဲ့သူပုန်ဖြစ်တယ်။ ကျုပ်တို့မှာ လျှို့ဝှက်အမိန့်တော်ရှိပြီး ဟွိုင်မြစ်ရဲ့တောင်ဘက်ကတပ်တွေကိုဦးဆောင်ခွင့်ရထားတယ်။ ဒီတပ်တွေနဲ့အတူ သူပုန်တွေကိုနှိမ်နင်းရမှာဖြစ်တယ်"
အားလုံးက ထောက်ခံကြပြီး "ကွမ်းချိုကျန့်"(Guanqiu Jian) သည် တပ်သားခြောက်သောင်းနှင့်အတူ ရှန်းချန်သို့သွားကာ စခန်းချထားလေသည်။ ပူးပေါင်းကြံစည်သူ "ဝန်ချင်"(Wen Qin) သည်လည်း တပ်သားနှစ်သောင်းနှင့်အတူ ရှေ့တန်းသို့သွားကာ လိုအပ်သည်များကိုကူညီခဲ့သည်။ ထို့နောက် မြို့နယ်၊ ပြည်နယ်အသီးသီးသို့ စာများပို့စေပြီး အကူအညီတောင်းခဲ့သည်။

"စီးမာရှီ"(Sima Shi) ၏ဘယ်မျက်လုံးအောက်ဘက်မှမှဲ့သည် နာကျင်သောကြောင့် ခွဲထုတ်စေခဲ့သည်။ သမားတော်သည် ထိုမှဲ့ကိုခွဲထုတ်ပြီး ဒဏ်ရာကိုပြန်ဖာပြီးနောက် လူနာအား အနားယူစေခဲ့သည်။ ထိုအချိန်ဝယ် ပုန်ကန်မှုသတင်းကိုကြားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် စစ်သူကြီး "ဝမ်စူး"(Wang Su) ကိုခေါ်ကာ တိုင်ပင်ခဲ့သည်။ "ဝမ်စူး"(Wang Su) မှ "ကွမ်းယွီ"(Guan Yu) ကိုဥပမာပေးခဲ့သည်။
"ကွမ်းယွီ(Guan Yu) နာမည်အကြီးဆုံးအချိန်မှာ စွန်းချွမ်(Sun Quan) က ကျင်ကျိုးကိုသိမ်းဖို့ လွီမန်(Lu Meng) ကိုစေလွှတ်ခဲ့တယ်။ လွီမန်(Lu Meng) က ဘာလုပ်လည်းဆိုတော့ ကွမ်းယွီ(Guan Yu) လက်အောက်ကအမှုထမ်းတွေရဲ့မိသားစုတွေကိုစောင့်ရှောက်ပြီး အဲ့အမှုထမ်းတွေအပေါ် ဩဇာသက်ရောက်စေခဲ့တယ်။ ပြီးတော့ အုတ်ကြွတ်ကိုရိုက်ချိုးသလို ကွမ်းယွီ(Guan Yu) ရဲ့အစွမ်းသတ္တိကိုရိုက်ချိုးနိုင်ခဲ့တယ်။ အခု ဟွိုင်မြစ်တောင်ပိုင်းက တပ်တွေရဲ့မိသားစုတွေဟာ ဒီအလယ်ပိုင်းဒေသမှာရှိနေတာမဟုတ်လား။ သူတို့တွေထွက်မသွားအောင် ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ဝန်ကြီးချုပ်ကိုဆန့်ကျင်မှာမဟုတ်တော့ဘူး"
"ခင်ဗျားပြောတာကောင်းတယ်။ ဒါပေမယ့် ကျုပ်ကမသက်သာသေးတော့ စစ်ထွက်လို့မရဘူး။ ဒါပေမယ့် တခြားလူကိုလွှတ်ရအောင်လည်း စိတ်မချဘူး"

ထိုစဉ် အတွင်းရေးမှူး "ကျုံးဟွေ့"(Zhong Hui) မှ ဝင်ပြောသည်။
"ဟွိုင်မြစ်တောင်ပိုင်းနဲ့ချူနယ်ကတပ်တွေက အင်အားကြီးကြတယ်။ တခြားလူတွေကိုလွှတ်လိုက်ရင် အဲ့လူကအမှားလုပ်ပြီး ကိစ္စကြီးပျက်ပြားနိုင်ခြေရှိတယ်"
"စီးမာရှီ"(Sima Shi) သည် ကုတင်မှထကာ
"ကျုပ်ကလွဲပြီးဘယ်သူမှ အောင်မြင်မှာမဟုတ်ဘူး။ ကျုပ်ကိုယ်တိုင်သွားရမယ်"
ထို့ကြောင့် နေမကောင်းခဲ့သော်လည်း ကိုယ်တိုင်ဦးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ လော့ရန်ရှိအရေးကိစ္စတို့ကို ညီဖြစ်သူအားတာဝန်ပေးကာ လှည်းယာဉ်စီးပြီး ထွက်ခွာခဲ့လေ၏။
အရှေ့ဘက်ကိုကာကွယ်သောစစ်သူကြီး "ကျူးကဲတန့်"(Zhuge Dan) အား ယိုကျိုးတပ်များကိုဦးစောင်းစေကာ အန်းဖုန်းမှထွက်ကာ ရှိုချွန်းကိုသိမ်းစေသည်။ အရှေ့ဘက်ကိုအောင်နိုင်သောစစ်သူကြီး "ဟူကျွန်း"(Hu Zun) သည် ချင်ကျိုးတပ်များနှင့်အတူ ချောင်စုန့်တွင်တပ်စွဲထားစေကာ ရန်သူ့ပြေးပေါက်ကိုပိတ်ထားစေသည်။ စစ်တပ်ကြီးကြပ်ရေးမှူး၊ ယွီကျိုးနယ်စား "ဝမ်ကျိ"(Wang Ji) ကိုမူ ချန်နန်ကိုသိမ်းရန်စေလွှတ်ခဲ့သည်။
ရှန်းရန်တပ်စခန်းတွင် "စီးမာရှီ"(Sima Shi) မှ အမှုထမ်းများအားလုံးကိုစုဝေးခဲ့သည်။ "ကျန်းမောင်"(Zhang Mao) မှစကားစခဲ့သည်။
"ကွမ်းချိုကျန့်(Guanqiu Jian) က အစီအစဉ်ဆွဲတာကြိုက်ပေမယ့် ဆုံးဖြတ်မှုနှေးတယ်။ သူ့ကြံဖော်ကြံဖက် ဝန်ချင်(Wen Qin) က ရဲရင့်ပေမယ့် ရှေ့နောက်မဆင်ခြင်တတ်ဘူး။ သူတို့အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ မလွယ်ဘူး။ ဒါပေမယ့် သူတို့တပ်တွေက စိတ်ဓာတ်တက်ကြွနေတော့ အလွယ်တကူရင်ဆိုင်လို့မရဘူး။ ဒါကြောင့် သူတို့တွေစိတ်ဓာတ်အင်အားလျော့နည်းတဲ့အချိန်ထိ ခံစစ်အနေနဲ့ပဲနေသင့်တယ်။ ဒါဟာ ရှေးတုန်းက ကျိုးယာဖု(Zhou Yafu) လုပ်ခဲ့တဲ့အစီအစဉ်ပဲ"
သို့သော် "ဝမ်ကျိ"(Wang Ji) မှ ကန့်ကွက်ခဲ့သည်။
"ဒါက ပြည်သူတွေပုန်ကန်တာမဟုတ်သလို တပ်တွေထကြွတာလည်း မဟုတ်ဘူး၊ ကွမ်းချိုကျန့်(Guanqiu Jian) တစ်ယောက်တည်းရဲ့စနက်ကြောင့်ဖြစ်တယ်။ လူတွေက သူ့ရဲ့အသုံးချခံပစ္စည်းတွေသာဖြစ်ပြီး သူတို့တွေမတတ်သာလို့လုပ်ရတာဖြစ်တယ်။ သူပုန်တွေက မြို့နယ်နားရောက်လာတာနဲ့ ပြိုကွဲသွားလိမ့်မယ်"
"စီးမာရှီ"(Sima Shi) : "ခင်ဗျားပြောတာမှန်တယ်"

ထို့နောက် ယင်းမြစ်သို့ချီတက်ကာ တံတားနားတွင်စခန်းချထားသည်။
"ဝမ်ကျိ"(Wang Ji) မှ
"နန်တွန်းမြို့က စခန်းချဖို့သင့်တော်တယ်။ ဒါကြောင့် အဲ့မှာ စခန်းချထားသင့်တယ်။ အဲ့လိုမှမဟုတ်ရင် ရန်သူတွေကသိမ်းသွားလိမ့်မယ်"
ထို့ကြောင့် "စီးမာရှီ"(Shima Shi) မှ ၎င်းကိုအကောင်အထည်ဖော်ရန် "ဝမ်ကျိ"(Wang Ji) ကို စေလွှတ်ခဲ့သည်။ ထိုလှုပ်ရှားမှုတို့ကို ရှန်းချန်တွင်ရှိနေသော "ကွမ်းချိုကျန့်"(Guanqiu Jian) ကြားသိသောအခါ အမှုထမ်းတို့ကိုခေါ်ခဲ့သည်။ ရှေ့ပြေးတပ်ခေါင်းဆောင် "ကဲယုံ"(Ge Yong) မှ
"နန်တွန်းက ဘေးမှာမြစ်ရှိပြီး အနောက်ဘက်မှာတောင်တွေရှိတာကြောင့် တပ်စွဲဖို့သင့်တော်တယ်။ ဝေတပ်တွေ အဲ့မှာစခန်းချထားရင် ကျွန်တော်တို့အလွယ်တကူအနိုင်ရမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အရင်ဦးအောင်သိမ်းသင့်တယ်"
ထို့ကြောင့် စစ်တပ်ကြီးကိုစေလွှတ်လိုက်၏။ သို့သော် သူတို့အနီးသို့မရောက်မီမှာပင် တပ်စခန်းတစ်ခုရှိနေပြီဖြစ်ကြောင်း ကြားသိရသည်။ ထို့ကြောင့် "ကွမ်းချိုကျန့်"(Guanqiu Jian) မှ အရှေ့သို့ထွက်ကာ စူးစမ်းခဲ့သည်။

မြေပြင်တစ်ခုလုံးတွင် အလံများဖြင့်ပြည့်နေပြီး ရွက်ဖျင်တဲများကိုလှမ်းတွေ့ရသောကြောင့် မည်သို့လုပ်ရမည်မသိပဲ ပြန်လာခဲ့သည်။ ထိုစဉ် ကင်းထောက်တစ်ဦးရောက်လာ၏။
"ဝူပြည်က စွန်းကျွင်း(Sun Jun) က မြို့ကိုဖြတ်ပြီး ရှိုချွန်းကိုတိုက်ဖို့ရောက်လာပါတယ်"
"ကွမ်းချိုကျန့်"(Guanqiu Jian) : "အဲ့မြို့ကျသွားရင် ကျုပ်တို့တွေတပ်စခန်းရှိတော့မှာမဟုတ်ဘူး"
ထိုညတွင်ပင် ရှန်းချန်သို့ပြန်ဆုတ်သွားခဲ့သည်။

ရန်သူတို့ဆုတ်သွားသည်ကိုမြင်သောအခါ  "စီးမာရှီ"(Sima Shi) မှအမှုထမ်းတို့ကိုခေါ်ကာတိုင်ပင်သည်။ စစ်ဆင်ရေးတွင်ပါဝင်သော အထက်တန်းဝန်ကြီး "ဖူကု"(Fu Gu) မှ
"ရှန်းချန်ကိုတပ်ဆုတ်သွားတာဟာ ဝူပြည်က ရှိုချွန်းကိုတိုက်ဖို့လာတာကြောင့်ဖြစ်ရမယ်။ စစ်သူကြီးက တပ်ဖွဲ့သုံးဖွဲ့စေလွှတ်ပြီး ရှန်းချန်၊ လိုကျားနဲ့ရှိုချွန်းတို့ကိုတိုက်ပါ။ ရန့်ကျိုးနယ်စား တန့်အိုက်(Deng Ai) က ဗျူဟာကျွမ်းကျင်သူဖြစ်တယ်။ ဒါကြောင့် သူ့ကို လိုကျားကိုတိုက်ဖို့စေလွှတ်သင့်တယ်။ ကျွန်တော်တို့ပင်မတပ်ကတော့ သူတို့တွေကိုကူညီပေးရမယ်"
ထိုအကြံကိုလက်ခံခဲ့ပြီး ရန့်ကျိုးသို့စာပို့ကာ "တန့်အိုက်"(Deng Ai) ကို လိုကျားသို့တပ်များစေလွှတ်စေသည်။ ထိုနေရာသို့ "စီးမာရှီ"(Sima Shi) ကိုယ်တိုင်ချီတက်ကာ တွေ့ဆုံမည်ဖြစ်သည်။

ရှန်းချန်တွင်စခန်းချထားသော "ကွမ်းချိုကျန့်"(Guanqiu Jian) သည် ရန်သူတို့ဝင်စီးမည်စိုးရိမ်သောကြောင့် လိုကျားသို့သူလျှိုများစေလွှတ်ခဲ့သည်။ ထိုအကြောင်းကို "ဝန်ချင်"(Wen Qin) အားပြောရာ "ဝန်ချင်"(Wen Qin) မှ
"စစ်သူကြီး စိတ်မပူပါနဲ့။ ကျွန်တော်နဲ့ကျွန်တော့သား ဝန်ရန်(Wen Yang) က အဲ့မြို့ကိုကာကွယ်ပါ့မယ်။ ကျွန်တော်တို့ကို တပ်သားငါးထောင်ပဲပေးပါ"
ထို့နောက် သားအဖနှစ်ဦးသည် တပ်သားငါးထောင်နှင့်အတူ လိုကျားသို့သွားခဲ့သည်။ ဝေတပ်တို့သည် မြို့၏အနောက်ဘက်မှ စတင်ဝင်ရောက်နေပြီကို တွေ့ခဲ့လေသည်။ ထိုတပ်တို့ကိုဦးဆောင်သူမှာ "စီးမာရှီ"(Sima Shi) ဖြစ်ပြီး အင်အားတစ်သောင်းရှိလေသည်။ ဝေတပ်သည် တပ်စခန်းကိုတည်ဆောက်နေဆဲဖြစ်သည်။
ထိုအကြောင်းကို "ဝန်ချင်"(Wen Qin) ထံသတင်းပို့ခဲ့သည်။ ဖခင်၏နံဘေးတွင်ရှိနေသော "ဝန်ရန်"(Wen Yang) က သူ၏နာမည်ကြီး သံမဏိကြာပွတ်ကိုကိုင်ထားသည်။
"အဖေ၊ သူတို့တွေစခန်းမချသေးခင် ကျွန်တော်တို့ နှစ်ဖက်ကနေဝိုင်းပြီးတိုက်သင့်တယ်"
"ဘယ်တော့တိုက်မလဲ"
"ဒီညပဲ တိုက်သင့်တယ်။ အဖေက တပ်သားတဝက်နဲ့အတူ တောင်ဘက်ကတိုက်ပါ။ ကျွန်တော်က နောက်တဝက်နဲ့မြောက်ဘက်ကတိုက်မယ်။ ကျွန်တော်တို့တွေ သုံးချက်တီးအချိန် ဝေတပ်စခန်းမှာတွေ့ကြမယ်"

ထိုအကြံကိုတင်ပြသည့်လူငယ်မှာ အသက်တစ်ဆယ့်ရှစ်နှစ်သာရှိသေးပြီး အရပ်ရှည်ကာသန်မာသူဖြစ်သည်။ သူသည် သံချပ်ကာအပြည့်ဝတ်ဆင်ထားပြီး ခါးတွင် သံမဏိကြာပွတ်ကိုချိတ်ထားသည်။ ညရောက်သောအခါ လှံကိုကိုင်ကာ စတင်ထွက်ခွာခဲ့လေသည်။
ထိုညတွင် "စီးမာရှီ"(Sima Shi) သည် စခန်းအတွင်းသို့ရောက်လာခဲ့သော်လည်း ရောဂါဝေဒနာကိုခံစားနေခဲ့သောကြောင့် ရွက်ဖျင်တဲထဲတွင် လှဲနေခဲ့သည်။ ထိုရွက်ဖျင်တဲကို သံချပ်ကာစစ်သည် လေးငါးရာခန့်ဝန်းရံထားသည်။ "တန့်အိုက်"(Deng Ai) မှာ ရောက်မလာသေးပေ။
သုံးချက်တီးအချိန်ခန့်တွင် အော်သံတစ်ခုကြားသောကြောင့် "စီးမာရှီ"(Sima Shi) က အကြောင်းရင်းကိုမေးခဲ့သည်။
"မြောက်ဘက်ကတပ်တစ်တပ်ဝင်လာပြီး တိုက်ခိုက်နေတာပါ။ ခေါင်းဆောင်ဖြစ်သူက ရဲရင့်လွန်းတော့ ဘယ်သူမှမယှဉ်နိုင်ဘူး"
"စီးမာရှီ"(Sima Shi) သည် စိတ်လှုပ်ရှားသွားပြီး နှလုံးခုန်မြန်သွားသောကြောင့် သူ့ဒဏ်ရာပြန်ပွင့်သွားကာ မျက်လုံးမှသွေးများယိုကျလာသည်။ သည်းမခံနိုင်လောက်အောင် နာကျင်ခဲ့လေသည်။ သို့သော် သူ၏တပ်သားတို့ထိတ်လန့်သွားမည်စိုးသောကြောင့် အသံမထွက်ပဲ အိပ်ရာခင်းတို့ကိုကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့သည်။


"ဝန်ရန်"(Wen Yang) ၏တပ်သည် အချိန်မလင့်စေပဲ ချက်ချင်းတိုက်ခဲ့သည်။ သူသည် စခန်းအတွင်းသို့ဝင်ရောက်လာကာ တွေ့သမျှလူတို့ကိုခုတ်ခဲ့သောကြောင့် အားလုံးက ရှောင်နေကြရသည်။ သူ့ကိုရင်ဆိုင်သမျှလူအားလုံးတို့သည် ထက်မြက်သောလှံစာသော်လည်းကောင်း၊ ကြာပွတ်ဒဏ်သော်လည်းကောင်း မိသွားကြကာ လဲကျသွားကုန်သည်။ အချိန်အတန်ကြာသော်လည်း သူ့ဖခင်ပေါ်မလာသောကြောင့် စိုးရိမ်နေခဲ့သည်။ ပင်မတပ်စခန်းနားချဉ်းကပ်သည့်အခါ မြား၊ ဒူးလေးတို့ဖြင့်လှမ်းပစ်သောကြောင့် သုံးလေးကြိမ်ခန့်ဆုတ်ခွာခဲ့ရသည်။
မိုးသောက်ယံတွင် အော်သံတို့ကိုကြားသောကြောင့် သူ့ဖခင်ရောက်လာပြီဟု ထင်ခဲ့သည်။ သို့သော် သူ့ဖခင်မှာ တောင်ဘက်မှလာရမည်ဖြစ်ပြီး ထိုအော်သံတို့မှာ မြောက်ဘက်မှဖြစ်သည်။ သူသည် မြင်းကိုကဆုန်စိုင်းစီးပြီး သွားကြည့်သောအခါ လေ၏အဟုန်ကဲ့သို့ချီတက်လာသောတပ်ကိုတွေ့လိုက်သည်။

၎င်းမှာ သူ့အဖေမဟုတ်၊ ရန်သူခေါင်းဆောင် "တန့်အိုက်"(Deng Ai) ဖြစ်သည်။ "တန့်အိုက်"(Deng Ai) မှ ရှေ့သို့ထွက်လာပြီး
"သူပုန်၊ ဘယ်ပြေးမလဲ" ဟုအော်ခဲ့သည်။
"ဝန်ရန်"(Wen Yang) သည်လည်း ထွက်ပြေးရန် အစီအစဉ်မရှိပေ။ သူ၏ရန်သူထံသွားပြီး အကွက်ငါးဆယ်ခန့်တိုက်ခိုက်ခဲ့သည်၊ သို့သော်လည်း အရှုံးအနိုင်မပေါ်ခဲ့ပေ။ ထိုသို့တိုက်ခိုက်နေစဉ် "ဝန်ရန်"(Wen Yang) ၏တပ်သားတို့သည် ထွက်ပြေးသွားကြပြီး သူတစ်ဦးတည်းသာ ကျန်တော့သည်။ သို့သော် "ဝန်ရန်"(Wen Yang) သည် တိုက်ခိုက်ရာမှရပ်ကာ တောင်ဘက်သို့သွားခဲ့သည်။ ဝေတပ်စစ်သူကြီးတစ်ရာကျော်ခန့် အနောက်မှလိုက်လေသည်။ လိုကျားတံတားနားသို့ရောက်သောအခါ သူ့ကိုမီခါနီးဖြစ်သွားသည်။ ထိုအခါ သူမှ ရုတ်တရတ်ပြန်လှည့်ပြီး ရန်သူတို့ကို ကြာပွတ်ဖြင့်ရိုက်လေရာ ရန်သူတို့ပြုတ်ကျသွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုအခါမှ "ဝန်ရန်"(Wen Yang) က သူသွားသည့်လမ်းအတိုင်းဆက်သွားခဲ့သည်။

ဝေစစ်သူကြီးတို့မှ
"သူက တစ်ယောက်တည်း၊ ကျုပ်တို့တွေကအများကြီးရှိတာ ရှုံးမှာမဟုတ်ပေါ်ဘူး" ဟုပြောပြီး ဆက်လိုက်ကြပြန်သည်။
ထိုသူတို့ပြန်လိုက်လာသည်ကို မြင်သောအခါ
"ဒီအရူးတွေ၊ ခင်ဗျားတို့ ကိုယ့်အသက်ကိုယ် မနှမြောဘူးလား" ဟုပြောကာ တိုက်ခိုက်ခဲ့သောကြောင့် ရန်သူပေါင်းများစွာကိုသတ်နိုင်ခဲ့သည်။ အသက်ရှင်ကျန်ရစ်ခဲ့သူတို့သည် ပြန်ဆုတ်သွားကြလေ၏။ သို့သော် တခဏအကြာဝယ် သတ္တိပြန်မွေးကာ ပြန်လိုက်ပြန်သည်။ "ဝန်ရန်"(Wen Yang) ၏ သံမဏိကြာပွတ်ကြောင့် ပြန်ဆုတ်ခွာရပြန်သည်။
"ဝန်ချင်"(Wen Qin) သည် ချိန်းဆိုထားရာနေရာသို့ရောက်မလာခဲ့ပေ။ ညအမှောင် တောင်တောင်လျှိုမြောင်များကြားဝယ် လမ်းပျောက်သွားခဲ့သောကြောင့် မိုးလင်းသည့်အခါမှ ပြန်ထွက်လာနိုင်ခဲ့သည်။ သူစစ်မြေပြင်သို့ရောက်လာသည့်အခါ ဝေတပ်ကြီးအနိုင်ရသွားသည့်သဲလွန်စတို့ကိုတွေ့ခဲ့သည်။ ထို့အပြင် သူ့သားဖြစ်သူဘယ်ရောက်သွားသည်ကို ရှာမတွေ့သောကြောင့် မတိုက်ခိုက်ပဲ ပြန်လှည့်လာခဲ့သည်။ ရန်သူတို့မှ လိုက်တိုက်သော်လည်း ရှိုချွန်းသို့ပြန်ဆုတ်ခွာနိုင်ခဲ့၏။

ထိုတိုက်ပွဲတွင် ဝန်ကြီး "ယင်းတမူ"(Yin Damu) လည်း ပါဝင်ခဲ့ပြီး ထိုသူမှာ "စီးမာရှီ"(Sima Shi) ၏မိတ်ဆွေမဟုတ်ချေ။ စင်စစ် သူသည် "ချောင်ရွှမ်"(Cao Shuang) ၏အပေါင်းအပါဖြစ်ပြီး သူ့မိတ်ဆွေသေဆုံးခဲ့သောကြောင့် "စီးမာရှီ"(Sima Shi) ကိုမုန်းတီးနေခဲ့ကာ လက်စားချေရန် အခွင့်ကောင်းကိုစောင့်နေခဲ့သည်။ "စီးမာရှီ"(Sima Shi) နေမကောင်းဖြစ်သည်ကိုမြင်သောအခါ သူ့ကိုသတ်ရန် "ဝန်ချင်"(Wen Qin) နှင့်မိတ်ဆွေဖွဲ့ခဲ့သည်။
ပြီးနောက် လူမမာ "စီးမာရှီ"(Sima Shi) ထံသွားကာ
"တကယ်တော့ ဝန်ချင်(Wen Qin) ဟာ ပုန်ကန်ဖို့ဆန္ဒမရှိပါဘူး။ ကွမ်းချိုကျန့်(Guanqiu Jian) ရဲ့သွေးထိုးမှုကြောင့် ဖြစ်ရတာပါ။ ဝန်ကြီးချုပ်သာ ကျွန်တော့ကိုလွှတ်ပြီး သူ့ကိုသိမ်းသွင်းစေမယ်ဆိုရင် သူကကျွန်တော်တို့ဘက်တော်သားဖြစ်လာနိုင်တယ်"
"စီးမာရှီ"(Sima Shi) မှ ခွင့်ပြုလိုက်သောအခါ "ရင်းတမူ"(Yin Damu) သည် သံချပ်ကာကိုဝတ်ကာ "ဝန်ချင်"(Wen Qin) နောက်သို့လိုက်သွားခဲ့သည်။ အနီးသို့ရောက်သောအခါ လှမ်းအော်ခဲ့သည်။
"ခင်ဗျား ကျုပ်ကိုမမှတ်မိတော့ဘူးလား? ကျုပ်က ရင်းတမူ(Yin Damu) လေ"
"ဝန်ချင်"(Wen Qin) မှလည်း ရပ်ကာပြန်လှည့်ကြည့်ခဲ့သည်။ "ရင်းတမူ"(Yin Damu) မှ သူ့မျက်နှာကိုကောင်းကောင်းမြင်နိုင်ရန် ခမောက်ကိုချွတ်လိုက်၏။
"နယ်စား၊ ရက်နည်းနည်းလောက်စောင့်ပါဦး"
"ရင်းတမူ"(Yin Damu) ဆိုလိုသည်မှာ "စီးမာရှီ"(Sima Shi) သည် သေလုမြောပါးဖြစ်နေသောကြောင့် တိုက်ခိုက်မှုကိုခဏစောင့်ဆိုင်းစေခြင်းဖြစ်သည်။ သို့သော် "ဝန်ချင်"(Wen Qin) မှ နားမလည်ခဲ့ပေ။ "ရင်းတမူ"(Yin Damu) ကိုဆဲရေးခဲ့ပြီး မြားသမားတို့နှင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ "ရင်းတမူ"(Yin Damu) သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားသည်။

"ဝန်ချင်"(Wen Qin) သည် ရှိုချွန်းသို့ရောက်သောအခါ ထိုမြို့ကို "ကျူးကဲတန့်"(Zhuge Dan) မှသိမ်းလိုက်ပြီဖြစ်သောကြောင့် ရှန်းချန်သို့သွားခဲ့သည်။ သို့သော် "ဟူကျွန်း"(Hu Zun) ၊ "ဝမ်ကျိ"(Wang Ji) နှင့် "တန့်အိုက်"(Deng Ai) တို့တပ်သုံးတပ်မှပေါ်လာပြီးတိုက်သောကြောင့် သူ့တပ်မှာ ရေရှည်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ဝူပြည်သို့သွားကာ "စွန်းကျွင်း"(Sun Jun) ထံတွင်ခိုလှုံရန်ဆုံးဖြတ်ခဲ့သည်။
ရှန်းချန်မြို့ထဲတွင်ရှိနေသော "ကွမ်းချိုကျန့်"(Guanqiu Jian) သည် ရှိုချွန်းမြို့ကျသွားကြောင်း၊ "ဝန်ချင်"(Wen Qin) စစ်ရှုံးမှုသတင်းနှင့် ရန်သူ့တပ်သုံးတပ်တို့ချီတက်လာကြောင်းတို့ကိုကြားသိခဲ့ရသည်။ သူ့အခြေအနေမဟန်တော့သည်ကိုသိသောကြောင့် မြို့တွင်းမှတပ်များအားလုံးကိုစုစည်းကာ နိုင်လိုနိုင်ငြားတိုက်ခိုက်ရန်ထွက်လာခဲ့သည်။

သူထွက်လာသောအခါ "တန့်အိုက်"(Deng Ai) နှင့်တွေ့ပြီး "ကဲယုံ"(Ge Yong) ကိုလွှတ်ကာတိုက်စေ၏။ "ကဲယုံ"(Ge Yong) သည် ပထမအချီမှာပင် "တန့်အိုက်"(Deng Ai) လက်ချက်ဖြင့်ကျသွားခဲ့သည်။ ရန်သူတို့သည် အင်အားအလုံးအရင်းဖြင့်တိုက်သောကြောင့် "ကွမ်းချိုကျန့်"(Guanqiu Jian) သည်လည်း ရွပ်ချွံစွာပြန်တိုက်ခဲ့သည်။ သို့သော် မကြာမီဝယ် သူ့တပ်မှာ ကစဥ့်ကလျားဖြစ်သွားခဲ့လေသည်။ "ဝမ်ကျိ"(Wang Ji) နှင့် "ဟူကျွန်း"(Hu Zun) ဦးဆောင်သောတပ်များရောက်လာလေရာ သူသည် လုန်းဝပိတ်မိသွားခဲ့သည်။ မည်သို့မျှမတတ်နိုင်သောကြောင့် မြင်းသည်တော်တစ်ဒါဇင်ခန့်နှင့်အတူ တိုက်ပွဲမှထွက်ပြေးကာ ရှန်သို့သွားလေသည်။
ရှန်အရပ်ရှိမြို့စား "စုန့်ပိုင်"(Song Bai) မှ ကောင်းစွာဧည့်ခံပြီး စားသောက်ပွဲဖြင့်ကျွေးမွေးခဲ့သည်။ ထိုစားသောက်ပွဲဝယ် "ကွမ်းချိုကျန့်"(Guanqiu Jian) သည် အရက်မူးပြီးမေ့လဲသွားရာ အိမ်ရှင်ဖြစ်သူမှ သူ့ကိုသတ်လိုက်လေသည်။ သူ၏ခေါင်းကို သေဆုံးကြောင်းသက်သေအနေဖြင့် ဝေတပ်သို့ပို့စေခဲ့သည်။ ဤသို့ဖြင့် ပုန်ကန်မှုကြီးပြီးဆုံးသွားခဲ့ကာ ဟွိုင်မြစ်တောင်ပိုင်း ငြိမ်းချမ်းသွားခဲ့လေသည်။

"စီးမာရှီ"(Sima Shi) ၏အခြေအနေဆိုးလာကာ ပြန်ကောင်းရန်အခြေအနေမရှိသောကြောင့် "ကျူးကဲတန့်"(Zhuge Dan) ကိုခေါ်ကာ တံဆိပ်တုံးပေးပြီး အရှေ့ဘက်ကိုအောင်မြင်သောစစ်သူကြီးဘွဲ့ပေးခဲ့သည်။ ထို့အပြင် ရန်ကျိုးနယ်မှတပ်များအားလုံးကိုထိန်းချုပ်ပိုင်ခွင့်ပေးခဲ့ပြီး တပ်ကြီးသည် ရွှီချန်သို့ချီတက်လေသည်။
လူမမာသည် ထူးခြားသောအရာများကိုမြင်ခဲ့လေ၏။ ညတိုင်းညတိုင်း သူသတ်ခဲ့သော "ကျန်းချီ"(Zhang Qi) ၊ "လီဖုန်း"(Li Feng) နှင့် "ရှဟိုရွှမ်"(Xiahou Xuan) တို့၏ပုံရိပ်များကိုမြင်ခဲ့ရာ သူသည် ဤတောင်ကိုမကျော်နိုင်တော့ပြီဟု သိခဲ့သည်။ ထို့ကြောင့် ညီဖြစ်သူ "စီးမာကျောင်း"(Sima Zhao) ကို ခေါ်စေ၏။ "စီးမာကျောင်း"(Sima Zhao) ရောက်လာပြီး ကုတင်ခြေရင်းတွင်ငိုယိုကာ အစ်ကိုဖြစ်သူ၏နောက်ဆုံးအမိန့်တို့ကိုနာခံခဲ့သည်။
"တန်ခိုးဩဇာနဲ့တွဲပြီးပါလာတဲ့တာဝန်က ကြီးလေးလွန်းတယ်။ ဒါပေမယ့် ငါတို့က ဒါကိုထမ်းထားနိုင်ရမယ်၊ ဒါကိုလွှတ်ချလို့မရဘူး။ မင်းက ငါ့ရဲ့အစီအစဉ်တွေ၊ မူဝါဒတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။ ယုံကြည်ရတဲ့လူရွေးချယ်တဲ့အခါ အထူးသတိထားပါ၊ မဟုတ်ရင် ငါတို့တစ်မိသားစုလုံးဖျက်စီးခံရနိုင်တယ်"

ထို့နောက် သူ့တံဆိပ်တုံးကို "စီးမာကျောင်း"(Sima Zhao) အားပေးခဲ့လေသည်။ "စီးမာကျောင်း"(Sima Zhao) သည် မေးခွန်းများမေးလိုခဲ့သော်လည်း "စီးမာရှီ"(Sima Shi) သည် ညည်းခဲ့ပြီး မျက်ဖြူစိုက်ကာ ကွယ်လွန်သွားလေသည်။ ထိုနှစ်မှာ ကျန့်ယွမ်ဒုတိယနှစ် (အေဒီ ၂၅၆) ဖြစ်သည်။
"စီးမာကျောင်း"(Sima Zhao) သည် အစ်ကိုဖြစ်သူအတွက် ဈာပနဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး အစ်ကိုဖြစ်သူကွယ်လွန်သွားကြောင်းကို ဝေဧကရာဇ် "ချောင်မောင်"(Cao Mao) အား အကြောင်းကြားခဲ့သည်။ ဝူတပ်များကိုခုခံရန်အတွက် "စီးမာကျောင်း"(Sima Zhao) အား ရွှီချန်တွင်ပင် ဆက်လက်နေစေ၏။ ထိုအမိန့်ကို "စီးမာကျောင်း"(Sima Zhao) က မနှစ်သက်သော်လည်း မည်သို့လုပ်ရမည်မသိပေ။ ထို့ကြောင့် "ကျုံးဟွေ့"(Zhong Hui) နှင့်တိုင်ပင်ခဲ့သည်။
"စစ်သူကြီးရဲ့အစ်ကိုဖြစ်သူကွယ်လွန်သွားတာကြောင့် တိုင်းပြည်ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီ။ စစ်သူကြီးသာ ဒီမှာဆက်နေမယ်ဆိုရင် မြို့တော်က အာဏာတွေဟာ တခြားလူတွေလက်ထဲရောက်သွားပြီး စစ်သူကြီးအတွက် အကျိုးယုတ်လိမ့်မယ်။ အဲ့အချိန်မှ နောင်တရရင် မမီတော့ဘူး"

ထို့ကြောင့် "စီးမာကျောင်း"(Sima Zhao) သည် ရွှီချန်မှထွက်ကာ လော့မြစ်တွင်စခန်းချထားသည်။ ထိုအခြင်းအရာကြောင့် "ချောင်မောင်"(Cao Mao) မှ တုန်လှုပ်သွားခဲ့သည်။ "ဝမ်စူး"(Wang Su) မှ အကြံပေးလေ၏။
"စီးမာကျောင်း(Sima Zhao) က သူ့အစ်ကိုရာထူးကိုဆက်ခံတာဆိုတော့ အရှင်မင်းကြီးက သူ့ကိုရာထူးအသစ်ပေးရင် သူကျေနပ်ပါလိမ့်မယ်"
ထို့ကြောင့် "ဝမ်စူး"(Wang Su) ကို စေလွှတ်ပြီး "စီးမာကျောင်း"(Sima Zhao) ကို ကိုယ်စားအုပ်ချုပ်သူစစ်သူကြီးရာထူးနှင့်အတွင်းဝန်ရာထူးတို့ပေးခဲ့သည်။ "စီးမာကျောင်း"(Sima Zhao) သည် လော့ရန်သို့လာပြီး ဧကရာဇ်အား ကျေးဇူးတင်ခဲ့လေသည်။ ထိုအချိန်မှစ၍ အုပ်ချုပ်မှုတို့မှာ "စီးမာကျောင်း"(Sima Zhao) လက်ထဲတွင်ရှိခဲ့သည်။

ထိုအကြောင်းတို့သည် ချန်တူးသို့ရောက်သောအခါ "ကျန်းဝေ"(Jiang Wei) မှ ရန်သူတို့ကိုနောက်တစ်ခါတိုက်ရန်အချိန်တန်ပြီဟု ယူဆသောကြောင့် ဧကရာဇ်ထံသဝဏ်လွှာဆက်သခဲ့သည်။
"စီးမာရှီ(Sima Shi) က လတ်တလောမှာမှ သေဆုံးသွားတာကြောင့် သူ့အာဏာတည်မြဲအောင်လုပ်ပြီးတဲ့အချိန်ထိ စီးမာကျောင်း(Sima Zhao) က လော့ရန်ကထွက်ခွာလို့မရနိုင်သေးဘူး။ ဒါကြောင့် ဝေပြည်ကိုတိုက်ဖို့ခွင့်ပြုတော်မူပါ"
ဒုတိယဧကရာဇ်မှလည်း သဘောတူကာ စစ်တပ်ကြီးပြင်ဆင်စေသည်။ ထို့ကြောင့် စစ်ဆင်ရေးပြုလုပ်ရန် ဟန်ကျုံးသို့သွားခဲ့သည်။ သို့သော် အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီး "ကျန်းယီ"(Zhang Yi) မှ ကန့်ကွက်ခဲ့သည်။
ရှူတိုင်းပြည်ဟာ တိုင်းပြည်ကြီးမဟုတ်တဲ့အတွက် ရိက္ခာ၊သယံဇာတတွေပေါကြွယ်ဝခြင်းမရှိဘူး။ ဒါကြောင့် အဝေးကြီးကိုချီတက်ရမယ့် စစ်ဆင်ရေးတွေကိုရှောင်ရမယ်။ တိုင်းပြည်ရဲ့မူဝါဒက မိမိအရပ်ကအခြေအနေကိုတိုးမြင့်ဖို့ပဲ ဦးစားပေးသင့်တယ်။ တိုင်းပြည်ကြီးရေရှည်တည်တံ့ဖို့ဆိုတာ တပ်သားတွေနဲ့ပြည်သူတွေအပေါ်ရှေးရှုမှုက အရေးအကြီးဆုံးပဲ"
"ကျန်းဝေ"(Jiang Wei) မှ
"ခင်ဗျားပြောတာ မဟုတ်ဘူး။ အရင်တုန်းက ကျုပ်တို့ရဲ့ကြီးမြတ်တဲ့ဝန်ကြီး ကျူးကဲလျန့်(ZhugeLiang) ဟာ သူ့တဲစုတ်လေးထဲကထွက်လာပြီး တိုင်းပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့တာ သုံးပြည်ထောင်ဆိုပြီးဖြစ်တည်လာခဲ့တယ်။ သူဟာ ခြောက်ကြိမ်တိုင်တိုင် မြောက်ပိုင်းကိုစစ်ချီခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူး။ သူ့ရည်မှန်းချက်တွေအထမမြောက်ခဲ့လို့ ဝမ်းနည်းပြီး ကွယ်လွန်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်တွေကို ကျုပ်က ဆက်ခံခဲ့တာဖြစ်တာကြောင့် ဒါကို သစ္စာရှိစွာနဲ့ အကောင်အထည်ဖော်ဖို့လိုအပ်တယ်။ အဲ့လိုလုပ်ရင်းနဲ့ သေဆုံးသွားမယ်ဆိုလည်း နောင်တရမှာမဟုတ်ဘူး။ ဒီအချိန်ထက် ပိုကောင်းမယ့်အချိန်မျိုးရှိပါဦးမလား"
"ရှဟိုပါ့"(Xiahou Ba) : "ခင်ဗျားပြောတာမှန်ပါတယ်။ ကျွန်တော်တို့တွေ ပေါင်ဟန်က မြင်းအလျင်တပ်တွေကိုစေလွှတ်ပြီး နန်အန်းကိုသိမ်းစေမယ်။ ပြီးမှ အဲ့မြို့နယ်ကိုသိမ်းရမယ်"
"ကျန်းယီ"(Zhang Yi) မှ လက်ခံသွားခဲ့သည်။
"အချိန်ကြန့်ကြာမှု၊ နှောင့်နှေးမှုတွေကြောင့် ကျုပ်တို့တွေရှုံးနိမ့်ခဲ့ရပြီးပြီ။ ဒီတော့ စစ်ဗျူဟာရဲ့ဥပဒေသအတိုင်း ရန်သူတွေအဆင်သင့်မဖြစ်သေးတဲ့နေရာကိုတိုက်ပြီး ရန်သူတွေမမျှော်လင့်ထားတဲ့အရပ်က ပေါ်ထွက်လာရမယ်။ အလျင်အမြန်တိုက်ခိုက်မယ်ဆိုရင် ဝေတပ်တွေပြင်ဆင်ချိန်ရှိမှာမဟုတ်လို့ အောင်မြင်နိုင်တယ်"

ထို့ကြောင့် "ကျန်းဝေ"(Jiang Wei) သည် ပေါင်ဟန်မှ တပ်သားငါးသောင်းကိုဦးဆောင်ခဲ့သည်။ ယောင်းမြစ်သို့ရောက်သောအခါ သူလျှိုများထံမှတဆင့် ရန်သူတို့ချီတက်လာကြောင်းကို ယုံကျိုးနယ်စား "ဝမ်ကျင်း"(Wang Jing) က ကြားသိခဲ့လေရာ တပ်သားခုနစ်သောင်းနှင့်ရင်ဆိုင်ရန် ထွက်လာသည်။ "ကျန်းဝေ"(Jiang Wei) သည် "ကျန်းယီ"(Zhang Yi) နှင့် "ရှဟိုပါ့"(Xiahou Ba) တို့ကိုအမိန့်များပေးပြီးနောက် သူတို့နှစ်ဦးထွက်ခွာသွားသောအခါ သူသည် ပင်မတပ်နှင့်အတူ ယောင်းမြစ်တွင် စခန်းချထားသည်။
"ဝမ်ကျင်း"(Wang Jing) မှထွက်လာပြီး စကားပြောလေသည်။
"ဝူ၊ ရှူနဲ့ဝေပြည်တို့ဟာ ဖိုခုံလောက်လိုမြဲမြံနေပြီဖြစ်တယ်။ ကျုပ်တို့နယ်စပ်ကို ဘာကြောင့် အကြိမ်ကြိမ်ကျူးကျော်လာရတာလဲ"
"ကျန်းဝေ"(Jiang Wei) မှ
"ဘာလို့လည်းဆိုတော့ စီးမာရှီ(Sima Shi) က မင်းသားကို နန်းချလိုက်တာကြောင့် ဒီလိုအပြစ်ဒဏ်မျိုးကို အိမ်နီးချင်းနိုင်ငံအနေနဲ့ဝင်ပြီး ဒဏ်ပေးဖို့လိုအပ်တယ်။ ဒါ့အပြင် ခင်ဗျားတို့က ကျုပ်တို့တိုင်းပြည်ရဲ့ပြိုင်ဘက်နိုင်ငံမဟုတ်လား"

"ဝမ်ကျင်း"(Wang Jing) သည် သူ၏စစ်သူကြီးလေးဦးတို့ဘက်လှည့်ကာ ပြောခဲ့သည်။
"ရန်သူတွေရဲ့နောက်ကျောမှာ ရေပဲရှိတာကြောင့် အောင်မြင်ရင်အောင်မြင်၊ မအောင်မြင်ရင် ရေနစ်ပြီး သေဆုံးကြလိမ့်မယ်။ ကျန်းဝေ(Jiang Wei) ရ ရဲရင့်ပေမယ့် ခင်ဗျားတို့လေးယောက်ပေါင်းတိုက်ရင် ရနိုင်တယ်။ သူတပ်ဆုတ်သွားရင် လိုက်တိုက်ပါ"
ထိုစစ်သူကြီးလေးဦးတို့မှာ "ကျန်းမင်"(Zhang Ming) ၊ "ဟွာယုံ"(Hua Yong) ၊ "လျူတာ"(Liu Da) နှင့် "ကျူဖန်း"(Zhu Fang) တို့ဖြစ်သည်။ ထိုလေးဦးတို့သည် နှစ်ယောက်ချင်းစီ ထွက်လာခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် တခဏတာခန့် ရင်ဆိုင်ပြီး သူ့တပ်စခန်းအတွင်းသို့ ပြန်ဝင်သွားလေသည်။ ထို့ကြောင့် "ဝမ်ကျင်း"(Wang Jing) မှ သူ့တပ်ကိုဦးဆောင်ကာ လိုက်ခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် မြစ်ဘက်သို့ထွက်ပြေးလေ၏။ ရန်သူတို့နီးကပ်လာသည့်အချိန်ဝယ်
"စစ်သူကြီးတို့၊ အခုပဲ အကောင်းဆုံးတိုက်ကြတော့" ဟုပြောလိုက်သည်။

သူ၏စစ်သူကြီးတို့သည် ပြန်လှည့်ပြီး ရွပ်ရွပ်ချွံချွံတိုက်သောကြောင့် ဝေတပ်ကြီးရှုံးနိမ့်ခဲ့ရသည်။ သူတို့ပြန်လှည့်သည့်အခါ အနောက်ဘက်မှ "ကျန်းယီ"(Zhang Yi) နှင့် "ရှဟိုပါ့"(Xiahou Ba) တို့တပ်ကိုရင်ဆိုင်ရသည်။ ဝေတပ်ကြီးသည် ကြားညှပ်သွားခဲ့ပြီး "ကျန်းဝေ"(Jiang Wei) ကလည်း ဝင်တိုက်လေရာ ဝေတပ်သည် ကစဥ့်ကလျားဖြစ်သွားခဲ့သည်။ သူတို့သည် အချင်းချင်းတွန်းမိ၊ ဖိမိကြပြီး လူအများအပြား မြစ်ထဲသို့ကျကုန်သည်။ ထိုတိုက်ပွဲမှလေးငါးမိုင် ပတ်ဝန်းကျင်တွင် အလောင်းတို့ပုံနေသည်ဆို၏။
"ဝမ်ကျင်း"(Wang Jing) သည် မြင်းသည်တော်တစ်ရာခန့်နှင့်အတူ တိတောက်သို့ထွက်ပြေးသွားကာ ဂိတ်တံခါးကိုပိတ်ထားခဲ့လေသည်။

"ကျန်းဝေ"(Jiang Wei) သည် အောင်ပွဲခံစစ်သည်တို့ကို ဆုလာဘ်များပေးခဲ့ပြီး စားသောက်ပွဲများပြုလုပ်စေသည်။ ထို့နောက် တိတောက်ကိုတိုက်မည်ပြုရာ "ကျန်းယီ"(Zhang Yi) မှ ကန့်ကွက်ခဲ့သည်။
"စစ်သူကြီးဟာ ကြီးမားတဲ့အောင်နိုင်မှုကိုရခဲ့ပြီးတာကြောင့် ဂုဏ်သတင်းပြန့်သွားကလှပါပြီ။ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ကြိုးစားမယ်ဆိုရင် မြွေကိုခြေထောက်တပ်ပေးသလို အချည်းနှီးပဲဖြစ်ပါလိမ့်မယ်"
"ကျုပ်တို့တပ်တွေက မကြာသေးခင်ကမှ စစ်ရှုံးခဲ့တော့ မြောက်ပိုင်းတစ်ခုလုံးကိုအောင်နိုင်လိုတယ်။ အခုရန်သူတွေကိုအနိုင်ရသွားတော့ စိတ်ဓာတ်တွေတက်ကြွနေကြပြီး မြို့ကိုအလွယ်တကူသိမ်းနိုင်မယ်။ ကျုပ်တပ်သားတွေ အားလျော့စေမယ့်စကားမပြောပါနဲ့"
ထို့ကြောင့် တိတောက်ကိုတိုက်ရန် ဆုံးဖြတ်လိုက်သည်။

အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီး၊ ယုံကျိုးစစ်သူကြီး "ချန်ထိုက်"(Chen Tai) သည် "ဝမ်ကျင်း"(Wang Jing) ၏စစ်ရှုံးမှုအတွက် လက်စားချေရန်ပြင်နေခဲ့သည်။ ထိုအချိန်တွင် ယန့်ကျိုးနယ်စား "တန့်အိုက်"(Deng Ai) သည် သူ၏တပ်နှင့်အတူ ရောက်လာသဖြင့်
 "ချန်ထိုက်"(Chen Tai) မှကြိုဆိုခဲ့လေသည်။ "တန့်အိုက်"(Deng Ai) သည် ရှူတပ်ကိုချေမှုန်းရန် နန်းတွင်းအမိန့်တော်ဖြင့်ရောက်လာခြင်းဖြစ်ရာ "ချန်ထိုက်"(Chen Tai) မှ သူ့အစီအစဉ်ကိုမေးခဲ့သည်။
"တန့်အိုက်"(Deng Ai) မှ
"သူတို့တွေက ယောင်းမြစ်ကမ်းမှာ အောင်ပွဲခံခဲ့ပြီးပြီ။ အကယ်၍သာ ချန်းတွေရဲ့အကူအညီနဲ့ လုံယိုနဲ့ကွမ်ကျုံးမပူးပေါင်းအောင်လုပ်နိုင်ပြီး မြို့နယ်လေးနယ်ရဲ့ထောက်ပံ့မှုလည်း ရမယ်ဆိုရင် ကျုပ်တို့တွေအတွက် မကောင်းဘူး။ သူတို့တွေ အဲ့ဒါကို မတွေးမိပဲ တိတောက်ကိုရွေးချယ်မယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ခွန်အားကိုအလဟဿဖြုန်းတီးတာပဲ။ ကျုပ်တို့တပ်တွေကို ရှန်းလင်တောင်မှာ ချထားပြီးတော့ သူတို့တွေကိုတိုက်မယ်ဆိုရင် အနိုင်ရလိမ့်မယ်"
"ဒီအကြံကောင်းတယ်"
တပ်သားငါးဆယ်စီပါသော တပ်စုနှစ်ဆယ်တို့သည် တိတောက်၏အရှေ့တောင်ဘက်သို့ လျှို့ဝှက်စွာသွားခဲ့ပြီး လျှိုမြောင်များတွင် ပုန်းနေခဲ့သည်။ ထို့နောက် အင်အားကြီးတပ်ဖွဲ့ကြီးချီတက်လာသကဲ့သို့ အလံများကိုလွှင့်ထူစေကာ နှဲတို့ကိုမှုတ်ခဲ့သည်။ ညဘက်တွင်လည်း ကြီးမားသောမီးတို့မွှေးစေသည်။ ထိုသို့လုပ်ခြင်းဖြင့် ရန်သူတို့စိုးရိမ်ကြောင့်ကြစေရန်ဖြစ်သည်။ "ချန်ထိုက်"(Chen Tai) နှင့် "တန့်အိုက်"(Deng Ai) တို့သည် တပ်သားလေးသောင်းနှင့်အတူ ရှူတပ်ကိုရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်။

ရှူတပ်သည် တိတောက်သို့ချီတက်လာပြီး မြို့ရိုးကိုဝန်းရံထားသည်။ ရက်ပေါင်းများစွာကြာသော်လည်း မြို့ကိုမအောင်နိုင်သောကြောင့် "ကျန်းဝေ"(Jiang Wei) သည် သောကများခဲ့၏။ အောင်မြင်နိုင်မည့်အကြံကောင်းလည်း မရှိပေ။ ထိုအချိန်တွင် မြင်းသည်တော်တစ်ဦးရောက်လာပြီး "ချန်ထိုက်"(Chen Tai) နှင့် "တန့်အိုက်"(Deng Ai) တို့တပ် ချီတက်လာကြောင်းပြောခဲ့သည်။
"ကျန်းဝေ"(Jiang Wei) မှ သူ့လုပ်ဖော်ကိုင်ဖက်ကိုခေါ်ကာ တိုင်ပင်သည်။ "ရှဟိုပါ့"(Xiahou Ba) မှ
"ကျွန်တော် တန့်အိုက်(Deng Ai) နဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ သူက ထိုးထွင်းနိုင်စွမ်း၊ အမြော်အမြင်နဲ့သတ္တိရှိသူဖြစ်ပြီး စစ်ဗျူဟာတွေလေ့လာတာ ဝါသနာပါသူဖြစ်တယ်။ သူရောက်လာပြီဆိုတော့ ကျွန်တော်တို့အစွမ်းကုန်တိုက်ရလိမ့်မယ်"
"သူ့တပ်သားတွေက ပင်ပန်းနေပြီး အနားမယူနိုင်သေးခင်မှာတိုက်ရမယ်"

မြို့ကိုဝန်းရံထားရန် "ကျန်းယီ"(Zhang Yi) ကိုတာဝန်ပေးခဲ့ပြီး ခေါင်းဆောင်နှစ်ဦးတို့သည် ရန်သူတို့ကိုရင်ဆိုင်ရန်ထွက်သွားခဲ့သည်။ "ကျန်းဝေ"(Jiang Wei) မှ "တန့်အိုက်"(Deng Ai) ကိုရင်ဆိုင်ရန် ထွက်သွားပြီး "ရှဟိုပါ့"(Xiahou Ba) မှ "ချန်ထိုက်"(Chen Tai) ကိုရင်ဆိုင်ရန်သွားသည်။
"ကျန်းဝေ"(Jiang Wei) အဝေးသို့မချီတက်သေးမီ ပေါက်ကွဲသံကိုကြားလိုက်ရပြီး ပတ်ပတ်လည်တွင် ဗုံသံ၊ နှဲသံတို့နှင့်အတူ ကောင်းကင်ယံတိုင်ရောက်သောမီးတို့ဖြင့်ပြည့်လျံနေခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် အရှေ့သို့ထွက်ကြည့်ရာ ဝေတပ်တို့ဝိုင်းထားသည်ကို မြင်လေ၏။
"ကျုပ်တို့ တန့်အိုက်(Deng Ai) ရဲ့ထောင်ချောက်ထဲကျသွားပြီ"
ထို့နောက် "ရှဟိုပါ့"(Xiahou Ba) နှင့် "ကျန်းယီ"(Zhang Yi) တို့ထံ လူလွှတ်ကာ အလျင်အမြန်ဆုတ်ခွာစေပြီး သူမှ နောက်တန်းကိုကာကွယ်မည်ဖြစ်သည်။ ထိုတပ်နှစ်တပ်သည် ဟန်ကျုံးသို့ဆုတ်ခွာသည်အထိ လိုက်လံကာကွယ်ပေးခဲ့သော်လည်း လမ်းတစ်လျှောက်တွင် ရန်သူတို့အလံကိုမြင်ရသလို ရန်သူတို့၏ချီတက်သံများလည်း ကြားခဲ့သည်။ သို့သော် ရန်သူတို့မှတိုက်ခိုက်ခြင်းမပြုပေ။ ကျန့်မန်ခံတပ်သို့ဆုတ်ခွာပြီးသည့်အချိန်တွင်မှ ရန်သူတို့လှည့်စားသွားမှန်း "ကျန်းဝေ"(Jiang Wei) သိလိုက်သည်။
ထို့နောက် သူသည် ကျုံးထီတွင် စခန်းချထားခဲ့သည်။ ယောင်းမြစ်ကမ်းအောင်ပွဲကြောင့် "ကျန်းဝေ"(Jiang Wei) သည် စစ်သေနာပတိဖြစ်လာခဲ့သည်။ သူ၏ရာထူးကိုချီးမြင့်သည့်အခမ်းအနားပြီးသောအခါ ဝေပြည်ကိုနောက်တစ်ကြိမ်တိုက်ခိုက်ရန် လျှောက်တင်ပြန်၏။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!