သုံးနိုင်ငံခေတ်(၁၁၉)


အခန်း(၁၁၉) ဟန်ဆောင်လက်နက်ချခြင်း - ပရိယာယ်သည် အချည်းနှီးဖြစ်ခဲ့ရခြင်း။
ထီးနန်းစွန့်ခြင်း - နောင်လာနောက်သားတို့သည် သမိုင်းမှသင်ခန်းစာယူခြင်း။

"တန့်အိုက်"(Deng Ai) ကို ဖမ်းဆီးရန် အကောင်းဆုံးနည်းလမ်းကိုမေးရာ "ကျန်းဝေ"(Jiang Wei) မှ
"ဝေကွမ်း"(Wei Guan) ကိုလွှတ်လိုက်ပါ။ တန့်အိုက်(Deng Ai) က ဝေကွမ်း(Wei Guan) ကို သတ်ဖို့ကြိုးစားရင် သူ့အတွင်းစိတ်ကိုဖော်ထုတ်လိုက်တာပဲ။ ဒါကို သူ့ကိုသစ္စာဖောက်အနေနဲ့ ချေမှုန်းလို့ရတယ်"
ထို့ကြောင့် "ဝေကွမ်း"(Wei Guan) ကို ဖမ်းဆီးရန် တာဝန်ပေးပြီး လူအယောက်သုံးဆယ်ဖြင့် စေလွှတ်လိုက်သည်။ "ဝေကွမ်း"(Wei Guan) ၏လူတို့မှ အန္တရာယ်ကိုကိုမြင်သောကြောင့် မသွားရန်တားကြသည်။
"ကျုံးဟွေ့(Zhong Hui) က တန့်အိုက်(Deng Ai) လက်ကိုငှားပြီး သခင်ကြီးကိုသတ်ဖို့လုပ်နေတာ မသွားသင့်ပါဘူး"
"စိတ်မပူပါနဲ့။ ကျုပ်မှာ အကြံရှိပါတယ်"

"ဝေကွမ်း"(Wei Guan) သည် အောက်ပါအကြောင်းအရာအတိုင်း တူညီသည့်စာအချို့ကို ရေးခဲ့သည်။
'ဝေကွမ်း(Wei Guan) မှာ တန့်အိုက်(Deng Ai) ကိုဖမ်းဆီးဖို့အမိန့်ရှိပေမယ့်လည်း အလျင်အမြန်လက်နက်ချတဲ့လူတွေကို အပြစ်ဒဏ်မှကင်းလွတ်စေမယ်။ နန်းတွင်းအမိန့်တော်ကို နာခံတဲ့လူတွေကို ဆုလာဘ်တွေပေးအပ်မှာဖြစ်ပြီး ငြင်းဆန်တဲ့လူတွေရဲ့တစ်မိသားစုလုံးကို သေဒဏ်ပေးမှာဖြစ်တယ်'
"ဝေကွမ်း"(Wei Guan) သည် ထိုစာတို့ကို "တန့်အိုက်"(Deng Ai) လက်အောက်ရှိအမှုထမ်းများထံ ပေးအပ်ခဲ့သည်။ သူက လှည်းယာဉ်နှစ်စီးလည်း ပြင်ထားခဲ့လေသည်။

"ဝေကွမ်း"(Wei Guan) နှင့် သူ၏တပ်စုလေးသည် ကြက်တွန်ချိန်တွင် ချန်တူးတို့ရောက်လာခဲ့ပြီး သူစာပေးပို့ခဲ့သည့် အမှုထမ်းအများစုနှင့် တွေ့ခဲ့သည်။ အမှုထမ်းများကလည်း ချက်ချင်းပင် လက်နက်ချကြလေသည်။ "တန့်အိုက်"(Deng Ai) အိပ်နေသည့်အချိန်ဝယ် "ဝေကွမ်း"(Wei Guan) သည် သူ့နန်းတော်သို့ရောက်လာပြီး "တန့်အိုက်"(Deng Ai) ၏အခန်းထဲအတင်းဝင်ခဲ့သည်။ ထို့အပြင် သူက အော်ဟစ်ခဲ့သည်။
"ကျုပ်မှာ တန့်အိုက်(Deng Ai) နဲ့သူ့သားကိုဖမ်းဖို့ ဧကရာဇ်ရဲ့အမိန့်စာပါလာတယ်"
ထိုအသံကြောင့် အိပ်နေသူနိုးလာပြီး ကုတင်ပေါ်မှလန့်ကာ ထလာသည်။ သို့သော် "တန့်အိုက်"(Deng Ai) မှာ မည်သို့မျှပင် မခုခံနိုင်လိုက်ပဲ အဖမ်းခံခဲ့ရပြီး ကြိုးဖြစ်ချည်နှောင်ခံရကာ အကျဉ်းလှည်းထဲထည့်ခံခဲ့ရသည်။ "တန့်အိုက်"(Deng Ai) ၏သား "တန့်ကျုံး"(Deng Zhong) သည် အသံကြားသောကြောင့် ထွက်လာခဲ့သော်လည်း သူသည်လည်း အဖမ်းခံရပြီး လှည်းပေါ်အတင်ခံလိုက်ရသည်။ နန်းတော်တွင်ရှိသော စစ်သူကြီးများနှင့်အစေခံတော်က ကယ်တင်ရန်ကြိုးစားခဲ့သော်လည်း သူတို့အဆင်သင့်မဖြစ်သေးမီ ဖုန်ထသည်ကိုမြင်လိုက်ရကာ "ကျုံးဟွေ့"(Zhong Hui) ၏တပ်က အနီးသို့ရောက်လာသောကြောင့် လူစုကွဲကုန်သည်။

"ကျုံးဟွေ့"(Zhong Hui) နှင့် "ကျန်းဝေ"(Jiang Wei) တို့သည် နန်းတော်တံခါးရှေ့တွင် မြင်းပေါ်မှဆင်းကာ ဝင်လာကြသည်။ "ကျုံးဟွေ့"(Zhong Hui) သည် တန့်မျိုးနွယ်သားအဖတို့ကိုမြင်သောအခါ တန့်ဖခင်၏ခေါင်းကိုပုတ်ပြီး မျက်နှာကိုကြာပွတ်နှင့်ရိုက်ကာ စော်ကားမော်ကားပြုခဲ့သည်။
"ဆိုးညစ်တဲ့နွားကျောင်းသားကများ၊ လျှို့ဝှက်ကြံစည်ရဲသေးတယ်ပေါ့"
"ကျန်းဝေ"(Jiang Wei) သည်လည်း အနောက်ဘက်တွင် ကျန်မနေခဲ့ပေ။
"အရူးကောင်! မင်းရဲ့ကံကောင်းမှုကြောင့် အခုဘာဖြစ်သွားခဲ့ပြီတုန်း"
"တန့်အိုက်"(Deng Ai) မှလည်း ပြန်ပြီး ဆဲရေးခဲ့သည်။ "ကျုံးဟွေ့"(Zhong Hui) မှ အကျဉ်းသားနှစ်ဦးလုံးကို လော့ရန်သို့ပို့စေကာ ချန်တူးသို့ဝင်လာခဲ့သည်။ သူ၏တပ်များပိုအင်အားကြီးလာရန် "တန့်အိုက်"(Deng Ai) ၏တပ်များကို သူ့လက်အောက်သို့ထည့်ခဲ့သည်။
"ဒီနေ့တော့ ကျုပ်ဘဝရဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့ပြီ"

"ကျန်းဝေ"(Jiang Wei) မှ
"ဟန်ခေတ်အစတုန်းက ဟန်ရှင့်(Han Xin) ဟာ သူ့တိုင်းပြည်တည်ဆောက်ဖို့အတွက် သူ့တပ်တွေကို ခွိုင်ထုံကိုမချီတက်ခဲ့ဘူး။ ဒါကြောင့်လည်း ဝေရန်နန်းတော်မှာ ဒုက္ခရောက်ခဲ့ပြီး အသက်ဆုံးခဲ့ရတယ်။ ယွဲ့ပြည် အထက်တန်းဝန်ကြီး ဝန်ကျုံး(Wen Zhong) ဟာ ဖန်လီ(Fan Li) နဲ့အတူလိုက်ပြီး ရေကန်တွေနားမှာ အငြိမ်းစားမယူခဲ့ဘူး။ ဒါကြောင့် ဓားချက်အောက်မှာ အသက်ဆုံးခဲ့ရတယ်။ ဟန်ရှင့်(Han Xin) နဲ့ ဝန်ကျုံး(Wen Zhong) တို့ထူးချွန်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။ ဒါပေမယ့် သူတို့တွေဟာ အန္တရာယ်ကိုကြိုပြီး မမြင်နိုင်ခဲ့ဘူး။ အခုတော့ စစ်သူကြီးရဲ့စွမ်းဆောင်မှုတွေဟာ မင်းသားထက်တောင် သာလွန်နေပြီ၊ ဒီတော့ အနာဂတ်ရဲ့အန္တရာယ်တွေကြားမှာ စွန့်စားနေစရာလိုသေးလား? ခြေရာမခံနိုင်အောင် သင်္ဘောတစ်စီးနဲ့အတူ ရွက်လွှင့်သွားသင့်တယ်။ အဲမေတောင်ကိုသွားပြီး ရသေ့ကြီး ထင်းရှူးနီနဲ့အတူ လောကတခွင်ကိုလှည့်လည်ပါလား"
"ကျုံးဟွေ့"(Zhong Hui) မှ ပြုံးခဲ့သည်။
"ခင်ဗျားအကြံက သင့်တော်တယ်လို့မထင်ဘူး။ ကျုပ်က ငယ်သေးတယ်၊ အသက်လေးဆယ်တောင်မရှိသေးဘူး။ အနားယူဖို့ထက် ရှေ့ဆက်သွားဖို့စဉ်းစားသင့်တယ်မဟုတ်လား။ ပြင်ပလောကနဲ့အဆက်အဆံမရှိတဲ့ရသေ့ဘဝမနေနိုင်သေးဘူး"
"အဲ့လိုမလုပ်ဘူးဆိုရင်တော့ အန္တရာယ်တွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ စစ်သူကြီးလျှောက်နိုင်မယ့်လမ်းကို သေချာရွေးပါ။ အသက်ကြီးတဲ့အရူးဆီမှာ အကြံဉာဏ်မတောင်းသင့်ဘူး"

"ကျုံးဟွေ့"(Zhong Hui) သည် ကျယ်လောင်စွာရယ်ကာ လက်နှစ်ဖက်ကိုပျော်ရွှင်စွာပွတ်ခဲ့သည်။
"မိတ်ဆွေကြီးက ကျုပ်အတွေးကိုသိနေတာပဲ"
ထို့နောက် နှစ်ယောက်သား အကြံအစည်ကြီးကိုရေးဆွဲနေခဲ့သည်။ သို့သော် "ကျန်းဝေ"(Jiang Wei) မှ ဒုတိယဧကရာဇ်ထံ လျှို့ဝှက်စာပို့ခဲ့သည်။
'အရှင်မင်းကြီး၊ အရှက်ရတာတွေကို ဥတုရာသီတစ်ခုလောက် သည်းခံဖို့ တောင်းပန်ပါတယ်။ အရှင့်ကျွန် ကျန်းဝေ(Jiang Wei) ဟာ တိုင်းပြည်ကို ပြန်ထူထောင်နိုင်အောင် လုပ်ဆောင်ပါ့မယ်။ မည်းမှောင်တဲ့တိမ်တိုက်တွေကိုထိုးဖောက်ပြီးတဲ့အချိန်မှာ လနဲ့နေတို့ရဲ့အသာဆုံးအချိန်ဖြစ်ပါတယ်။ ဟန်ခေတ်ကြီးက မချုပ်ငြိမ်းသေးပါဘူး"
"ကျုံးဟွေ့"(Zhong Hui) နှင့် "ကျန်းဝေ"(Jiang Wei) တို့၏တူညီသောရန်သူမှာ ဝေပြည်ဖြစ်သလို သူတို့နှစ်ဦးကလည်း အချင်းချင်းအားပြိုင်လျက်ရှိသည်။

ထိုစဉ် မမျှော်လင့်ပဲ "စီးမာကျောင်း "(Sima Zhao) ထံမှ စာရောက်လာသည်။
"ခင်ဗျား တန့်အိုက်(Deng Ai) ကိုမဖြုတ်ချနိုင်မှာစိုးလို့ ကျုပ်စစ်တပ်တွေနဲ့ ချန်အန်းကိုရောက်လာပြီ။ တိုင်းပြည်အရေးဆွေးနွေးဖို့အတွက် လာခဲ့ပါ"
"ကျုံးဟွေ့"(Zhong Hui) မှ ထိုစာ၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်ခဲ့သည်။
"ကျုပ်တပ်တွေက တန့်အိုက်(Deng Ai) ထက် အင်အားများတာသိသလို တန့်အိုက်(Deng Ai) ကိုအလွယ်တကူဖမ်းနိုင်မှန်းလည်း သိတယ်။ သူရောက်လာတာဟာ ဒီအကြောင်းကြောင့်တော့မဟုတ်ဘူး"
ထို့နောက် "ကျန်းဝေ"(Jiang Wei) ကိုခေါ်ပြီး တိုင်ပင်ရာ "ကျန်းဝေ"(Jiang Wei) မှ
"အရှင်သခင်က ဝန်ကြီးကိုသံသယရှိရင် ဝန်ကြီးပဲသေဆုံးရတယ်။ ကျွန်တော်တို့ကို တန့်အိုက်(Deng Ai)က သာဓကပြသွားခဲ့ပြီမဟုတ်လား"

"ကျုံးဟွေ့"(Zhong Hui) မှ
"ကျုပ်ဆုံးဖြတ်ပြီးပြီ။ အောင်မြင်ရင် တိုင်းပြည်ကြီးက ကျုပ်ပိုင်ဆိုင်မှုဖြစ်လာမှာပဲ။ ရှုံးနိမ့်သွားရင်တော့ အနောက်ဘက်ကရှူကိုသွားပြီး နောက်ထပ် လျူပေ့(Liu Bei) ဖြစ်လာရုံပဲ။ ဒါပေမယ့် လျူပေ့(Liu Bei) ရဲ့အမှားမျိုးကျူးလွန်မှာမဟုတ်ဘူး"
"ကျန်းဝေ"(Jiang Wei) မှ
"ဝေပြည် ကောမိဖုရားကြီးက မကြာသေးခင်ကမှ ကွယ်လွန်သွားတယ်။ ခင်ဗျားက ဧကရာဇ်ကိုသတ်ခဲ့တဲ့တရားခံ စီးမာကျောင်း(Sima Zhao) ကိုနှိမ်နင်းဖို့ မိဖုရားကြီးဆီက အမိန့်ရသလိုယောင်ဆောင်လိုက်ပါ။ ခင်ဗျားရဲ့အရည်အချင်းနဲ့ဆို တိုင်းပြည်ကို အောင်မြင်နိုင်တယ်"
"ခင်ဗျား ရှေ့ပြေးတပ်ကိုဦးဆောင်နိုင်မလား? အောင်မြင်ရင် စည်းစိမ် အတူတူခွဲဝေကြမယ်"
"ကျွန်တော်လုပ်နိုင်သမျှကို လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် လက်အောက်ငယ်သားတွေအားလုံးရဲ့ထောက်ခံဖို့ရပါ့မလား မသိဘူး"
"မနက်ဖြန်ဟာ မီးအိမ်ပွဲတော်ဖြစ်လို့ နန်းတွင်းမှာစုပြီး ဂုဏ်ပြုချီးမြင့်မှုတွေလုပ်လိမ့်မယ်။ အဲ့မှာ မီးအိမ်တွေကြီးကြီးကျယ်ကျယ် အလှဆင်ထားမှာဖြစ်တယ်။ ကျုပ်တို့က အမှုထမ်းတွေအတွက် စားသောက်ပွဲလုပ်ပြီး မနာခံတဲ့လူတွေကို ရှင်းပစ်လို့ရတယ်"
ထိုစကားကိုကြားသော် "ကျန်းဝေ"(Jiang Wei) ဝမ်းမြောက်သွားခဲ့သည်။

သူတို့နှစ်ဦး၏နာမည်ဖြင့် ဖိတ်စာများပို့စေခဲ့ပြီး စားသောက်ပွဲ စတင်ခဲ့လေသည်။ ဟင်းပွဲအနည်းငယ်ထွက်ပြီးနောက်ဝယ် "ကျုံးဟွေ့"(Zhong Hui) သည် အရက်ခွက်ကိုကိုင်လျက် ငိုလေသည်။ အားလုံးကလည်း အဘယ်ကြောင့် ငိုရသည်ကိုမေးရာ "ကျုံးဟွေ့"(Zhong Hui) မှ
ပြန်ဖြေသည်။
"မိဖုရားကြီးက ကွယ်လွန်သွားခဲ့ပြီ။ ဒါပေမယ့် သူမကွယ်လွန်ခင်မှာ ကျုပ်ကို လျှို့ဝှက်အမိန့်ပေးထားခဲ့တယ်။ အဲ့အမိန့်က အခုကျုပ်လက်ထဲမှာရှိပြီး အဲ့စာသဲမှာ စီးမာကျောင်း(Sima Zhao) ရဲ့ပြစ်ချက်တွေကိုရေးထားပြီးတော့ ရာဇပလ္လင်ကိုမျက်စောင်းထိုးနေတာမို့ သူ့ကိုရှင်းလင်းဖို့ ကျုပ်ကိုတာဝန်ပေးခဲ့တယ်။ ခင်ဗျားတို့အားလုံးက ဒီတာဝန်ပြီးမြောက်အောင် ဝိုင်းကူပေးကြပါ"
ဧည့်သည်တို့သည် တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး မည်သည့်စကားမှမပြောပေ။ ထိုအခါ အိမ်ရှင်မှ ရုတ်တရတ်ဓားကိုဆွဲထုတ်လိုက်ပြီး
"ဆန့်ကျင်တဲ့လူတွေကို သေဒဏ်ပေးမယ်"
မည်သူမျှမဆန့်ကျင်ရဲကြပဲ တစ်ယောက်ပြီးတစ်ယောက် ကူညီမည်ဟုဝန်ခံလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။ ပိုပြီးလုံခြုံစေရန် သူတို့အားလုံးကို နန်းတွင်းအစောင့်တပ်အောက်တွင် ထိန်းသိမ်းထားခဲ့သည်။

"ကျန်းဝေ"(Jiang Wei) : "သူတို့တွေက ကျုပ်တို့ဘက်ပါမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ကိုမြေမြှုပ်သင့်တယ်"
"ကျုံးဟွေ့"(Zhong Hui) : "ကျင်းကြီးတစ်ခုတူးထားပြီးပြီ။ ဒါ့အပြင် တုတ်တွေအများကြီးလည်း ပြင်ထားတယ်။ လက်မခံတဲ့လူတွေကို တုတ်နဲ့ရိုက်ချပြီး မြေမြှုပ်ရုံပဲ"
"ကျန်းဝေ"(Jiang Wei) နှင့် "ကျုံးဟွေ့"(Zhong Hui) တို့တိုင်ပင်နေကြစဉ် စစ်သူကြီး "ချိုကျန့်"(Qiu Jian) လည်း ရှိနေသည်။ သူသည် စစ်သူကြီး "ဟူလျဲ့"(Hu Lie) လက်အောက်တွင် အမှုထမ်းခဲ့ဖူးပြီး အဖမ်းခံရသူများတွင် "ဟူလျဲ့"(Hu Lie) လည်း ပါဝင်သောကြောင့် "ဟူလျဲ့"(Hu Lie) အား သတိပေးခဲ့သည်။ "ဟူလျဲ့"(Hu Lie) မှ ငိုယိုခဲ့လေသည်။
"ကျုပ်သား ဟူယွမ်(Hu Yuan) က မြို့ပြင်တပ်တစ်တပ်ကို တာဝန်ယူနေတယ်။ ကျုံးဟွေ့(Zhong Hui) က ဒီပြစ်မှုမျိုးကျူးလွန်မယ်လို့ သူထင်ထားမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျုပ်သားကို အကြောင်းကြားပေးပါ။ ကျုပ်သေသွားခဲ့ရင်တောင် ကျုပ်သားကိုအကြောင်းကြားနိုင်ခဲ့တယ်ဆိုတော့ သိပ်နောင်တရစရာမရှိတော့ဘူးပေါ့"
"သခင်ကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော့တာဝန်ထားပါ"

"ချိုကျန့်"(Qiu Jian) သည် "ကျုံးဟွေ့"(Zhong Hui) ထံသွားပြီး
"စစ်သူကြီးက အမှုထမ်းတွေအများကြီးကိုဖမ်းဆီးထားတော့ အစာရေစာတွေ မလောက်ငှဘူး။ ဒါကြောင့် စားစရာတွေယူဆောင်ဖို့ အမှုထမ်းတစ်ယောက်ကို တာဝန်ပေးလိုက်ပါလား"
"ချိုကျန့်"(Qiu Jian) ၏အကြံများကိုလက်ခံလေ့ရှိသော "ကျုံးဟွေ့"(Zhong Hui) သည် သူ့သဘောထားအတိုင်း လုပ်စေကာ သင့်တော်သလိုစီမံစေသည်။
"ကျုပ်က ခင်ဗျားအပေါ်ယုံကြည်မှုရှိတယ်။ ခင်ဗျားကလည်း သစ္စာရှိရှိနဲ့ လျှို့ဝှက်ချက်ကို မပေါက်ကြားစေနဲ့"
"ချိုကျန့်"(Qiu Jian) ၏ခွင့်ပြုမိန့်ဖြင့် "ဟူလျဲ့"(Hu Lie) ၏လူယုံတစ်ဦးသည် "ဟူလျဲ့"(Hu Lie) ထံမှစာကို သားဖြစ်သူ "ဟူယွမ်"(Hu Yuan) အား ပေးအပ်ခဲ့သည်။

အကြောင်းစုံကိုသိသွားခဲ့သော "ဟူယွမ်"(Hu Yuan) သည် အံ့ဩသွားပြီး သူ့လက်အောက်ငယ်သားတို့ကိုပြောရာ အားလုံးက ဒေါသထွက်ကုန်သည်။ သူတို့သည် ခေါင်းဆောင်ဖြစ်သူ၏ရွက်ဖျင်တဲသို့လာကြပြီး
"ကျွန်တော်တို့တွေ သူပုန်နောက်လိုက်တာထက် သေတာက ပိုကောင်းမယ်" ဟုပြောကြသည်။
"ဟူယွမ်"(Hu Yuan) သည် ထိုလဆယ့်ရှစ်ရက်နေ့တွင် ကယ်ဆယ်ရန်သွားမည်ဟုဆုံးဖြတ်လိုက်သည်။ သူ့ကို "ဝေကွမ်း"(Wei Guan) က သနားသွားသောကြောင့် စစ်တပ်များပြင်ဆင်ခွင့်ရခဲ့လေသည်။ ထို့နောက် "ချိုကျန့်"(Qiu Jian) မှတဆင့် ဖခင်ကိုပြန်ပြောစေခဲ့သည်။ "ဟူလျဲ့"(Hu Lie) မှလည်း ထိုအကြောင်းအရာတို့ကို ကျန်အကျဉ်းသားတို့အား ပြောပြခဲ့သည်။
တစ်ရက်တွင် "ကျုံးဟွေ့"(Zhong Hui) မှ "ကျန်းဝေ"(Jiang Wei) ကို ပြောခဲ့သည်။
"မနေ့ညက ကျုပ်အိပ်မက်ထဲမှာ မြွေအများကြီးကျုပ်ကိုဝိုင်းကိုက်သတဲ့။ အဲ့ဒါက ဘာကိုဆိုလိုတာတုန်း"
"မြွေ၊ နဂါးစတဲ့အိပ်မက်တွေဟာ ကောင်းတဲ့နိမိတ်ပဲ ဖြစ်ပါတယ်"
"ကျုံးဟွေ့"(Zhong Hui) မှ ထိုနိမိတ်ဖတ်မှုကို လက်ခံလိုက်သည်။ ထို့နောက် အကုန်လုံးအဆင်သင့်ဖြစ်ပြီဟု "ကျန်းဝေ"(Jiang Wei) ကို ပြောခဲ့ပြီး အကျဉ်းသားတစ်ယောက်ချင်းစီကို အရေးကြီးသည့် မေးခွန်းမေးတော့မည်ဖြစ်သည်။

"ကျန်းဝေ"(Jiang Wei) မှ
"သူတို့တွေက ကျွန်တော်တို့ကိုဆန့်ကျင်နေတာ။ အားလုံးကိုသတ်လိုက်ရင် အမြန်ဆုံးနဲ့အကောင်းဆုံးနည်းပဲ"
"ကောင်းပြီ"
"ကျန်းဝေ"(Jiang Wei) နှင့် လက်မရွံ့လူအချို့ကိုစေလွှတ်ကာ အကျဉ်းသားထဲမှ ခေါင်းဆောင်အချို့ကိုသတ်စေသည်။ "ကျန်းဝေ"(Jiang Wei) သည် ထိုအမိန့်ကိုလုပ်ဆောင်ရန်ပြုနေစဉ်မှာပင် ရုတ်တရတ် ရင်ခေါင်းတွင်အောင့်ကာ ဝေဒနာက ပြင်းထန်လွန်းသောကြောင့် မေ့လဲသွားသည်။ မကြာမီတွင်ပင် မြေပေါ်လဲနေရာမှ ပြန်ထလာသည်။ ထိုအချိန်ဝယ် နန်းတော်အပြင်ဘက်မှ လူသံ၊ ဆူညံသံတို့ကိုကြားလိုက်ရသည်။ "ကျုံးဟွေ့"(Zhong Hui) သည်လည်း ချက်ချင်းရောက်လာပြီး အခြေအနေကိုမေးမြန်းခဲ့သည်။ သို့သော် လူတို့ပြေးလွှားလာသကဲ့သို့ အသံတို့မှာ ပိုကြံလာသည်။
"ကျုံးဟွေ့"(Zhong Hui) မှ
"အမှုထမ်းတွေက ဒေါသထွက်နေကြပုံပဲ။ အားလုံးကိုရှင်းပစ်သင့်ပြီ"
သို့သော် ထိုအချိန်တွင် အပြင်ဘက်မှတပ်သားတို့သည် နန်းတော်အတွင်းသို့ဝင်လာကြောင်း သိခဲ့ရသည်။

"ကျုံးဟွေ့"(Zhong Hui) မှ ညီလာခံခန်းမဆောင်၏တံခါးတို့ကိုပိတ်ထားစေပြီး သူ့တပ်သားတို့အား ခေါင်မိုးပေါ်သို့သွားစေကာ ဝင်လာသောတပ်သားတို့ကို အုတ်ချပ်တို့ဖြင့် ပစ်စေသည်။ တိုက်ခိုက်မှုတွင် လူများစွာသေဆုံးခဲ့သည်။ ထိုစဉ် မီးလည်း လောင်ကျွမ်းခဲ့လေသည်။ တိုက်ခိုက်သူတို့သည် တံခါးကိုဖျက်စီးလိုက်ကြသောအခါ "ကျုံးဟွေ့"(Zhong Hui) မှ ရန်သူတို့နှင့်ရင်ဆိုင်ပြီး လူအချို့ကိုသတ်နိုင်ခဲ့သည်။ သို့သော် တဖက်မှ မြားတို့ဖြင့်ပစ်သောကြောင့် မြားထိမှန်ပြီး လဲကျသေဆုံးသွားသည်။ တပ်သားတို့မှ သူ့ခေါင်းကိုဖြတ်လိုက်သည်။
"ကျန်းဝေ"(Jiang Wei) သည် ဟိုဟိုသည်သည်ပြေးလွှားလျက် တွေ့သမျှလူတို့ကိုသတ်ဖြတ်နေခဲ့ချိန် သူ့နှလုံးက ထပ်အောင့်ပြန်သည်။ သူသည်
"ရှုံးနိမ့်သွားပြီ။ ဒါ ကောင်းကင်ရဲ့ဆန္ဒပဲ" ဟုအော်ဟစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်။ ထိုအချိန်ဝယ် သူ့အသက်မှာ ငါးဆယ့်ကိုးနှစ်ဖြစ်သည်။

နန်းတွင်းပရဝဏ်ထဲတွင် လူရာပေါင်းများစွာ အသတ်ခံခဲ့ရသည်။ "ဝေကွမ်း"(Wei Guan) မှ ကျန်ခဲ့သောတပ်သားတို့ကို စခန်းအသီးသီးဆီပြန်ပို့ကာ ကျင့်ဘုရင်ငယ်၏အမိန့်ကို စောင့်ဆိုင်းစေခဲ့သည်။ ဝေပြည်ကိုအကြိမ်ကြိမ်ကျူးကျော်ခဲ့သည်ကိုမုန်းတီးနေခဲ့ကြသောတပ်သားတို့သည် "ကျန်းဝေ"(Jiang Wei) ၏အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ခဲ့ကြသည်။ သူ၏သည်းခြေအိတ်မှာ ကြက်ဥတစ်လုံးနီးပါးကြီးကြောင်း တွေ့ရှိခဲ့လေသည်။ သေဆုံးသွားသောခေါင်းဆောင်၏မိသားစုဝင်များကိုလည်း ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြသည်။
"တန့်အိုက်"(Deng Ai) ၏ရန်သူတော်နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားပြီဖြစ်သောကြောင့် ရဲဘော်ဟောင်းတို့မှ "တန့်အိုက်"(Deng Ai) ကိုပြန်ပြီး ကယ်တင်လိုကြသည်။ ထိုအကြောင်းကို "ဝေကွမ်း"(Wei Guan) က သိသောအခါ သူ့အသက်အန္တရာယ်ကိုစိုးရိမ်ခဲ့လေသည်။
"တန့်အိုက်(Deng Ai) သာ အသက်ရှင်ခဲ့ရင် ကျုပ်သေရလိမ့်မယ်"
ထိုအခါ စစ်သူကြီး "ထျန်းရွှီ"(Tian Xu) မှ
"တန့်အိုက်(Deng Ai) က ကျန်းယိုကိုသိမ်းတဲ့အချိန်တုန်းက ကျွန်တော့ကိုသေဒဏ်ပေးလိုခဲ့တယ်။ ကျွန်တော့မိတ်ဆွေတွေက အသနားခံလို့သာ ကျွန်တော်မသေခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော့ကိုလက်စားချေခွင့်ပေးပါ"
ထို့ကြောင့် "ဝေကွမ်း"(Wei Guan) မှ အမိန့်ပေးခဲ့သည်။

"ထျန်းရွှီ"(Tian Xu) သည် မြင်းသည်တော်ငါးရာနှင့်အတူ လှည်းယာဉ်တို့နောက် လိုက်ခဲ့လေသည်။ မြန်ကျူသို့ရောက်သောအခါ လော့ရန်ကိုသွားမည့်လှည်းတို့ထဲမှ အကျဉ်းသားနှစ်ဦးကို အပြင်ထုတ်လိုက်သည်ကို မြင်ခဲ့သည်။ "တန့်အိုက်"(Deng Ai) သည် ရောက်လာသောတပ်သားတို့ကိုမြင်ခဲ့သော်လည်း သူဦးဆောင်ခဲ့သည့်တပ်ဟောင်းမှဖြစ်သောကြောင့် ကာကွယ်ရန်စိတ်ကူးမရှိခဲ့ပေ။ "ထျန်းရွှီ"(Tian Xu) သည် စကားပြောဆိုပြီး အချိန်ကြန့်ကြာနေခြင်းမရှိစေပဲ "တန့်အိုက်"(Deng Ai) ရပ်နေသည့်နေရာသို့သွားကာ ခုတ်လိုက်လေသည်။ သူ၏တပ်သားတို့ကလည်း သား "တန့်ကျုံး"(Deng Zhong) ကိုသတ်လိုက်သည်။ ထို့ကြောင့် သားအဖနှစ်ဦးတို့သည် တစ်နေရာတည်းတွင် သေဆုံးခဲ့သည်။ သို့ဖြင့် ခေါင်းဆောင်သုံးဦးလုံး သေဆုံးခဲ့လေသည်။

ထိုတိုက်ခိုက်မှုတွင် စစ်သူကြီးများစွာသေဆုံးခဲ့ပြီး "ကျန်းယီ"(Zhang Yi) နှင့်အခြားအမှုထမ်းများလည်း ပါဝင်ခဲ့သည်။
အိမ်ရှေ့စံ "လျူရေ့"(Liu Rui) ၊ ဟန်ရှိုသခင် "ကွမ်းယီ"(Guan Yi) တို့သည်လည်း ဝေတပ်သားတို့လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။ ကသောင်းကနင်းဖြစ်ခဲ့ပြီး သွေးမြေခပြီးနောက်ဝယ် "ကျာချုံး"(Jia Chong) ရောက်လာကာ ငြိမ်းချမ်းသွားစေခဲ့သည်။ "ကျာချုံး"(Jia Chong) မှ ချန်တူးမြို့ကိုထိန်းသိမ်းရန် "ဝေကွမ်း"(Wei Guan) ကိုတာဝန်ပေးခဲ့ပြီး ဒုတိယဧကရာဇ်ကို လော့ရန်သို့ပို့ခဲ့သည်။ မင်းမှုထမ်းအချို့ဖြစ်သော "ဖန်ကျန်း"(Fan Jian) ၊ "ကျန်းရှောင်"(Zhang Shao) ၊ "ချောင်ကျိုး"(Qiao Zhou) နှင့် "ရှီးကျန့်"(Xi Zheng) တို့သည် နန်းကျဧကရာဇ်နှင့်အတူ လိုက်ပါခဲ့ကြသည်။ "လျောင်ဟွာ"(Liao Hua) နှင့် "တုန်းကျွယ်"(Dong Jue) သည် နေမကောင်းဟုအကြောင်းပြကာ မလိုက်ခဲ့ပေ။ သူတို့သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် မကြာခင်တွင် ကွယ်လွန်သွားခဲ့သည်။

ဝေသက္ကရာဇ် ကျင့်ယွမ်ပဉ္စမနှစ် (အေဒီ ၂၆၄) မှ ရှန်ရှီး(အလုံးစုံကြွယ်ဝချမ်းသာမှု) ပထမနှစ်ဟု ပြောင်းလဲခေါ်တွင်စေသည်။ ထိုနှစ်၏တတိယလတွင် ရှူပြည်ကိုကူညီရန်မဖြစ်နိုင်ပြီမို့ "တင်းဖုန်း"(Ding Feng) လက်အောက်မှာ ဝူတပ်သားတို့သည် ပြန်ဆုတ်ကာ ဌာနေသို့ပြန်ခဲ့လေသည်။
အတွင်းရေးအရာရှိ "ဟွာကျောင်း"(Hua Jiao) မှ ဝူဧကရာဇ် "စွန်းရှို့"(Sun Xiu) ထံလျှောက်တင်ခဲ့သည်။
"ဝူနဲ့ရှူတို့ဟာ လူတစ်ယောက်ရဲ့သွားနဲ့နှုတ်ခမ်းတို့လို နီးစပ်ကြတယ်။ အခု နှုတ်ခမ်းက မရှိတော့ပြီမို့ သွားတွေက အေးနေပါပြီ။ စီးမာကျောင်း(Sima Zhao) ဟာ သေချာပေါက် ကျွန်တော်မျိုးတို့ကိုတိုက်ဖို့တွေးပါလိမ့်မယ်။ ဒီတော့ အရှင်မင်းကြီးက အန္တရာယ်ကိုကြိုမြင်ပြီး ပြင်ဆင်မှုတွေလုပ်ထားသင့်ပါတယ်"
ထိုစကားတို့မှာမှန်ကန်ကြောင်း နားလည်သောအခါ "စွန်းရှို့"(Sun Xiu) မှ ခေါင်းဆောင်ဟောင်း "လုရွှင့်"(Lu Xun) ၏သား "လုခန်း"(Lu Kang) အား ကျင်ကျိုးနယ်နှင့်မြစ်ဆိပ်ကမ်းတပ်တို့ကိုဦးဆောင်စေကာ အရှေ့ဘက်ကိုကာကွယ်သောစစ်သူကြီးဘွဲ့ပေးခဲ့သည်။ "စွန်းယီ"(Sun Yi) ကို နန်ရွှီသို့စေလွှတ်ခဲ့ပြီး "တင်းဖုန်း"(Ding Feng) အား မြစ်ကမ်းတလျှောက်တွင် စစ်စခန်းရာပေါင်းများစွာ ဆောက်ထားစေသည်။

ကျန်းနင်မြို့စား "ဟော်ယီ"(Huo Yi) သည် ချန်တူးမြို့ကျသွားပြီဟုကြားသိသောအခါ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကာ နန်းမြို့တော်ရှိရာအရှေ့အရပ်သို့ဦးတည်ပြီး သုံးရက်တိုင်တိုင် ငိုကြွေးခဲ့သည်။
"အခု မြို့တော်ကကျသွားပြီး ရှူဧကရာဇ်ကလည်း ဖမ်းဆီးခံလိုက်ရပြီဆိုတော့ လက်နက်ချတာကောင်းမယ်" ဟု အမှုထမ်းတို့က တိုက်တွန်းကြသည်။
"အဲ့အတွက် အဟန့်အတားရှိတယ်။ ကျုပ်တို့သခင်က သက်သက်သာသာနေရလား၊ ဒုက္ခရောက်နေလားဆိုတာ မသိနိုင်ဘူး။ အကယ်၍ သူ့ကိုဖမ်းဆီးသွားခဲ့သူတွေက ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ကျုပ်လက်နက်ချမယ်။ အဲ့လိုမဟုတ်ပဲ အရှက်ရစေမယ်ဆိုရင်တော့ သခင်အရှက်ရရင် ဝန်ကြီးက သေဆုံးရမှာဖြစ်တယ်"
ထို့ကြောင့် လော့ရန်သို့ လူလွှတ်ကာ ဒုတိယဧကရာဇ်၏အခြေအနေကိုစုံစမ်းစေသည်။

ဒုတိယဧကရာဇ်သည် ဝေမြို့တော်သို့ရောက်ပြီး မကြာမီဝယ် "စီးမာကျောင်း"(Sima Zhao) လည်း ပြန်လာသည်။ ညီလာခံဝယ် ဒုတိယဧကရာဇ်ကိုတွေ့သောအခါ "စီးမာကျောင်း"(Sima Zhao) မှ ကြိမ်းမောင်းခဲ့သည်။
"ခင်ဗျားရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ခင်ဗျားကို သေဒဏ်ပေးသင့်တယ်။ အကျင့်ပျက်ခြစားမှု၊ အပျော်အပါးလိုက်စားမှု၊ လူတော်တွေကိုနေရာမပေးမှုနဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်မှုတွေကြောင့် ကိုယ့်ကြမ္မာဆိုးကို ကိုယ်ဖန်တီးခဲ့တာပဲ"
ထိုစကားကိုကြားသော ဒုတိယဧကရာဇ်သည် ကြောက်ရွံ့ပြီး မျက်နှာမှာ ရွှံ့စေးရောင်ပြောင်းသွားပြီး စကားပြန်မပြောနိုင်ခဲ့ပေ။ သို့သော် အမှုထမ်းတို့မှ
"သူက တိုင်းပြည်ကိုလည်း ဆုံးရှုံးလိုက်ရပြီ။ နောက်ပြီး မခုခံပဲ လက်နက်ချလာတာကြောင့် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်"
ထို့ကြောင့် ဒုတိယဧကရာဇ်သည် အနာတရမဖြစ်ခဲ့ပဲ အန်းလဲ့နယ်စားရာထူးရယူခဲ့သည်။ ထို့အပြင် အိမ်တော်နှင့်လစဉ်ကြေးကိုလည်း ရရှိခဲ့ပြီး ပိုးထည်များ၊ အမျိုးသား၊ အမျိုးသမီးအစေခံ တစ်ရာလည်း ချီးမြင့်ခြင်းခံခဲ့ရသည်။ သူ့သား "လျူယောင်"(Liu Yao) နှင့်ရှူအမှုထမ်းများဖြစ်သော "ဖန်ကျန်း"(Fan Jian) ၊ "ချောင်ကျိုး"(Qiao Zhou) ၊ "ရှီးကျန့်"(Xi Zheng) နှင့် အခြားသူတို့သည် သူကောင်းပြုခံခဲ့ရသည်။ ဒုတိယဧကရာဇ်မှ ကျေးဇူးတင်စကားဆိုကာ ပြန်ထွက်လာခဲ့သည်။

ဧကရာဇ်အပေါ်မကောင်းသောသက်ရောက်မှုဖြစ်စေကာ ပြည်သူတို့ကိုနှိပ်ကွပ်ပြီး တိုင်းပြည်ကိုဒုက္ခပေးခဲ့သည့် "ဟွမ်ဟောက်"(Huang Hao) အား လူပုံအလယ်တွင် ကွပ်မျက်စေခဲ့သည်။ ထိုသတင်းတို့ကို "ဟော်ယီ"(Huo Yi) ကြားသောအခါ အမှုထမ်းများနှင့်အတူ လက်နက်ချခဲ့လေသည်။
နောက်ရက်ဝယ် ဒုတိယဧကရာဇ်သည် "စီးမာကျောင်း"(Sima Zhao) ၏အိမ်တော်သို့သွားကာ ကျေးဇူးတင်စကားဆိုခဲ့ပြီးနောက် အိမ်ရှင်မှ စားသောက်ပွဲပြင်ပေးခဲ့သည်။ ထိုစားသောက်ပွဲတွင် ဝေပြည်၏သီချင်းများဖြင့်ဖျော်ဖြေလေရာ ရှူအမှုထမ်းတို့မှာ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဒုတိယဧကရာဇ်တစ်ဦးတည်းသာ ပျော်ရွှင်နေပုံရသည်။ စားသောက်ပွဲအလယ်တွင် "စီးမာကျောင်း"(Sima Zhao) မှ "ကျာချုံး"(Jia Chong) ကိုပြောသည်။
"ဒီလူက ခံစားချက်မရှိဘူး။ ဒါကြောင့် ရှူပြည်က ဒီလိုအဆုံးသတ်ခဲ့ရတာ။ ကျူးကဲလျန့်(Zhuge Liang) သက်ရှိထင်ရှားရှိခဲ့ရင်တောင် သူ့ကိုထိန်းနိုင်မှာမဟုတ်ဘူး။ ကျန်းဝေ(Jiang Wei) ကျရှုံးရတာက အံ့ဩစရာမရှိဘူး"

"စီးမာကျောင်း"(Sima Zhao) သည် ဧည့်သည်ဘက်လှည့်ပြီး
"ခင်ဗျားက ရှူပြည်အကြောင်း မတွေးတော့ဘူးလား"
ဒုတိယဧကရာဇ်မှ
"ဒီသီချင်းကိုနားထောင်ပြီးတော့ ရှူပြည်ကိုမေ့သွားခဲ့ပြီ"
"ရှီးကျန့်"(Xi Zheng) မှ ဧကရာဇ်ဟောင်းနားကပ်လာကာ ပြောသည်။
"အရှင်မင်းကြီးက ဘာကြောင့် ရှူကိုမလွမ်းဘူးလို့ပြောရတာလဲ? အရှင်မင်းကြီးကိုထပ်မေးခဲ့ရင် ရှူပြည်မှာ ဘိုးဘေးတွေရဲ့အုတ်ဂူရှိပြီး နေ့စဉ်နေ့တိုင်း အဝေးရောက်နေမှုကြောင့် လွမ်းဆွတ်နေတယ်လို့ ငိုယိုပြီးပြန်ဖြေပါ။ ဒါဆိုရင် ကျင့်ဘုရင်ငယ်က အရှင်မင်းကြီးကို ပြန်ခွင့်ပေးနိုင်တယ်"
ဒုတိယဧကရာဇ်မှ ထိုကဲ့သို့လုပ်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

အရက်ကိုသုံးလေးကြိမ်ခန့်သောက်ပြီးနောက်ဝယ် "စီးမာကျောင်း"(Sima Zhao) မှ ထိုမေးခွန်းကိုပင် ထပ်မေးလေသည်။
"ခင်ဗျားက ရှူပြည်အကြောင်း မတွေးတော့ဘူးလား"
ဒုတိယဧကရာဇ်သည် သူ့ကိုပြောသည့်အတိုင်း လုပ်ဆောင်သည်။ သူသည် ငိုယိုရန် ကြိုးပမ်းခဲ့သော်လည်း မျက်ရည်တို့ထွက်လာခြင်းမရှိပေ။ ထို့ကြောင့် မျက်လုံးကို ပိတ်ထားခဲ့သည်။
"ဒီလိုပြောတာက ရှီးကျန့်(Xi Zheng) ပြောခိုင်းလို့မဟုတ်လား"
"ခင်ဗျား ခန့်မှန်းတဲ့အတိုင်းပါပဲ"
အားလုံးက ရယ်မောကြသည်။ သို့သော် "စီးမာကျောင်း"(Sima Zhao) မှ ထိုသို့ပွင့်လင်းသည့်အဖြေကိုသဘောကျခဲ့ပြီး ဒုတိယဧကရာဇ်အပေါ် ကြောက်ရွံ့စရာမလိုတော့ပြီဟု တွေးခဲ့သည်။

မင်းမှုထမ်းတို့မှ အနောက်ဘက်ကိုအောင်နိုင်မှုသည် ကြီးမြတ်လှသောစွမ်းဆောင်မှုဖြစ်လေရကား ဝေဧကရာဇ် "ချောင်ဟွမ်"(Cao Huang) ထံသွားပြီး "စီးမာကျောင်း"(Sima Zhao) ကို ကျင့်ဘုရင်ရာထူးခန့်အပ်ရန် တောင်းပန်ကြသည်။ ထိုအချိန်ဝယ် "ချောင်ဟွမ်"(Cao Huang) သည် တိုင်းပြည်ကို နာမည်ခံသာအုပ်ချုပ်နေခဲ့ပြီး အာဏာမရှိခဲ့ပေ။ တိုင်းပြည်တစ်ခုလုံးမှာ "စီးမာကျောင်း"(Sima Zhao) ၏လက်အောက်တွင်သာရှိပြီး ဧကရာဇ်ကပင် "စီးမာကျောင်း"(Sima Zhao) ကို မဆန့်ကျင်ဝံ့ပေ။ ထို့ကြောင့် မကြာခင်တွင် ကျင့်ဘုရင်ငယ်အဆင့်မှ ကျင့်ဘုရင်ဖြစ်လာသည်။
ကျင့်ဘုရင်ဖြစ်လာပြီးနောက် "စီးမာကျောင်း"(Sima Zhao) မှ ဖခင် "စီးမာယီ"(Sima Yi) ကို မူလဘုရင်ဟု ခေါ်တွင်စေပြီး ကွယ်လွန်သွားခဲ့သောအစ်ကို "စီးမာရှီ"(Sima Shi) ကို အံ့ဖွယ်ဘုရင်ဟု ခေါ်တွင်စေသည်။

"စီးမာကျောင်း"(Sima Zhao) ၏ဇနီးမှာ "ဝမ်စူး"(Wang Su) ၏သမီးဖြစ်ပြီး သူတို့နှစ်ဦးမှ သားနှစ်ဦးထွန်းကားခဲ့သည်။ အကြီးဖြစ်သူမှာ "စီးမာရန်"(Sima Yan) ဟုခေါ်သည်။ "စီးမာရန်"(Sima Yan) သည် လူကောင်ကြီးမားပြီး သူထသည့်အခါဝယ် ဆံပင်တို့က မြေထိရောက်ကာ သူ၏လက်နှစ်ဖက်လုံးသည် ဒူးခေါင်းနားထိရောက်သည်ဟု ဆိုကြသည်။ သူသည် ဉာဏ်ရည်ထက်ပြီး ရဲရင့်ကာ လက်နက်တို့ကိုကျွမ်းကျင်စွာကိုင်ဆောင်နိုင်သည်။
ဒုတိယသား "စီးမာယို"(Sima You) သည် နူးညံ့ကြင်နာသူဖြစ်ပြီး သားကောင်းတစ်ဦး၊ ညီကောင်းတစ်ယောက်ဖြစ်သည်။ ဖခင်ဖြစ်သူက သူ့အပေါ်အင်မတန်မှ ချစ်မြတ်နိုးသည်။ "စီးမာရှီ"(Sima Shi) တွင် သားမထွန်းကားခဲ့သောကြောင့် ထိုလူငယ် "စီးမာယို"(Sima You) ကို သူ့သားအမှတ်ဖြင့် မွေးစားကာ သူ့မျိုးဆက်ကို ဆက်ခံစေသည်။ "စီးမာကျောင်း"(Sima Zhao) မှ မကြာခဏပြောခဲ့သောစကားရှိသည်။
"တိုင်းပြည်ကြီးက ကျုပ်အစ်ကို လက်ထဲမှာပဲ"

ဘုရင်ဖြစ်လာသောအခါ အိမ်ရှေ့စံကိုရွေးချယ်ရန် လိုအပ်လာခဲ့ပြီး "စီးမာကျောင်း"(Sima Zhao) မှ ဒုတိယသား "စီးမာယို"(Sima You) ကို ရွေးလိုခဲ့သည်။ သို့သော် "ရှန်ထောင်"(Shan Tao) မှ ကန့်ကွက်ခဲ့သည်။
"အငယ်ဖြစ်သူကိုရွေးချယ်တာဟာ သင့်တော်လျော်ကန်မှုမရှိပါဘူး"
ထို့အပြင် "ကျာချုံး"(Jia Chong) ၊ "ဟဲကျန့်"(He Zeng) နှင့် "ဖေရှို့"(Pei Xiu) တို့ကလည်း ကန့်ကွက်ကြသည်။
"အကြီးဖြစ်သူက ထူးချွန်ပြီး စစ်ပွဲမှာလည်း ကျွမ်းကျင်သူဖြစ်တယ်။ တိုင်းပြည်ရဲ့အထူးချွန်ဆုံးလူတွေထဲမှာပါသလို နာမည်ဂုဏ်လည်း ကြီးတယ်။ ဒီလိုအားသာမှုတွေကြောင့် သူ့မှာ ကြီးမြတ်တဲ့ဘုန်းကံရှိသူဖြစ်ပြီး အမှုထမ်းဖြစ်ရမယ့်သူမျိုးမဟုတ်ဘူး"
"စီးမာကျောင်း"(Sima Zhao) သည် သူ၏အတွေးကိုမပယ်နိုင်ခဲ့ပဲ တွေဝေနေခဲ့သည်။ စစ်သူကြီးချုပ် "ဝမ်ရှန်"(Wang Xiang) နှင့် ဝန်ကြီး "ရွှင်ခိုင်"(Xun Kai) တို့ကလည်း ကန့်ကွက်လေသည်။
"ရှေးမင်းဆက်အချို့မှာ အငယ်ကိုဦးစားပေးခဲ့တာကြောင့် ပုန်ကန်မှုတွေဖြစ်လာခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်"

နောက်ဆုံးတွင် "စီးမာကျောင်း"(Sima Zhao) မှ လက်ခံလိုက်ပြီး "စီးမာရန်"(Sima Yan) ကို အရိုက်အရာဆက်ခံသူအဖြစ် လျာထားလိုက်သည်။ နောက်ဆုံးတွင် "စီးမာကျောင်း"(Sima Zhao) မှ လက်ခံခဲ့ပြီး သားအကြီး "စီးမာရန်"(Sima Yan) ကို အရိုက်အရာဆက်ခံရန် လျာထားခဲ့သည်။ အမှုထမ်းအချို့မှ လျှောက်တင်ကြသည်။
"ဒီနှစ် ရှန်းဝူမှာ ကောင်းကင်က ကြီးမားတဲ့လူသားကြီးဆင်းလာတာမြင်ရတယ်။ အဲ့လူရဲ့အရပ်က ပေနှစ်ဆယ်ရှိပြီး ခြေရာက သုံးပေရှိတယ်။ သူ့ဆံပင်က ဖြူနေပြီး ဖြူဆွတ်တဲ့မုတ်ဆိတ်လည်းရှိတယ်။ သူက အနက်ရောင်လက်ကိုင်ရှိတဲ့တုတ်ကို အမှီပြုပြီးတော့ ကျုပ်ဟာ လူတွေရဲ့ဘုရင်ပဲ။ အခုလာတာဟာ အုပ်ချုပ်သူပြောင်းလဲမယ့်အကြောင်းနဲ့ငြိမ်းချမ်းမှုအကြောင်းပြောဖို့ဖြစ်တယ်ဆိုပြီး ဆိုခဲ့တယ်။ သူက သုံးရက်လောက်လျှောက်သွားနေပြီး မကြာခင်မှာပျောက်သွားတယ်။ ဒီနိမိတ်ဟာ သခင်ကြီးကို ဆိုလိုတာဖြစ်တယ်။ အခု သခင်က ပုလဲကြိုးဆယ့်နှစ်သွယ်ရှိတဲ့ နန်းတော်ဥသျှောင်ကိုလက်ခံပြီး နန်းတွင်းအဆင့်အတန်းကိုသတ်မှတ်ပြီးတော့ ရာထူးကိုမြင့်တင်ပြီး လမ်းတွေကိုရှင်းသင့်ပါပြီ။ ဒါ့အပြင် မြင်းခြောက်ကောင်ဆွဲတဲ့ ရွှေလှည်းယာဉ်ကို အသုံးပြုသင့်ပါပြီ။ ကြင်ရာတော်ကို ဧကရီအဖြစ်သတ်မှတ်ပြီး သားတော်ကို နန်းမွေဆက်ခံသူအဖြစ် လျာထားဖို့အချိန်တန်ပါပြီ"
"စီးမာကျောင်း"(Sima Zhao) သည် အလွန်တရာမှ နှစ်ခြိုက်နေခဲ့သည်။

သူသည် သူ့နန်းဆောင်အတွင်းပြန်လာခဲ့ပြီး ထိုင်လိုက်သောအခါ ရုတ်တရတ်လေဖြတ်သွားပြီး စကားမပြောနိုင်ခဲ့ပေ။ အခြေအနေမှာ အလျင်အမြန်ဆိုးရွားလာသည်။ သူ့လူယုံတော်သုံးဦးဖြစ်သည့် "ဝမ်ရှန်"(Wang Xiang) ၊ "ဟဲကျန့်"(He Zeng) နှင့် "ရွှင်ခိုင်"(Xun Kai) တို့က အမှုထမ်းတို့နှင့်အတူရောက်လာကာ သတင်းမေးခဲ့သည်။ သို့သော် သူသည် စကားမပြောနိုင်ခဲ့ပေ။ အိမ်ရှေ့စံ "စီးမာရန်"(Sima Yan) ကို လက်ညှိုးထိုးလျက် ကွယ်လွန်သွားလေသည်။ ထိုအချိန်မှာ ၎င်းနှစ်၏ ရှစ်လပိုင်းဖြစ်သည်။
"ဟဲကျန့်"(He Zeng) မှ
"တိုင်းပြည်အုပ်ချုပ်မှုဟာ ကျင့်ဘုရင်ရဲ့တာဝန်ဖြစ်တယ်။ ဒါကြောင့် အရိုက်အရာဆက်ခံစေပြီး ကွယ်လွန်သွားခဲ့တဲ့ဘုရင်ကို ပူဇော်ရမယ်"
သို့နှင့် "စီးမာရန်"(Sima Yan) သည် ဖခင်ရာထူးကိုယူခဲ့သည်။ "ဟဲကျန့်"(He Zeng) ကို ဝန်ကြီးချုပ်ရာထူးပေးခဲ့ပြီး "စီးမာဝမ်"(Sima Wang) အား အတွင်းဝန်၊ "ရှီပေါက်"(Shi Bao) ကို မြင်းပျံတပ်စစ်သူကြီးရာထူးတို့ပေးအပ်ကာ အခြားအမှုထမ်းတို့ကိုလည်း ရာထူးအသီးသီးပေးခဲ့သည်။ ကွယ်လွန်သွားသောဖခင်ကို ပညာရှင်ဘုရင်ဟု ခေါ်တွင်စေသည်။

ထိုလုပ်ဆောင်မှုများပြီးဆုံးသွားသော် "စီးမာရန်"(Sima Yan) သည် "ကျာချုံး"(Jia Chong) နှင့် "ဖေရှို့"(Pei Xiu) တို့ကို နန်းတွင်းသို့ခေါ်ကာ မေးမြန်းခဲ့သည်။
"ချောင်ချောင်း(Cao Cao) က ကောင်းကင်အမိန့်တော်ကျလာခဲ့ရင်တောင်မှ သူက ကျိုးမင်းဆက် ဝင်ဘုရင်လိုမျိုး ကိုယ်စားအုပ်ချုပ်သူပဲဖြစ်လာမယ်လို့ ပြောခဲ့ဖူးတယ်ဆိုတာ ဟုတ်သလား"
"ကျာချုံး"(Jia Chong) မှ
"ချောင်ချောင်း(Cao Cao) က ဟန်တိုင်းပြည်ရဲ့အမှုထမ်းဖြစ်ခဲ့တော့ ထီးနန်းကိုအဓမ္မသိမ်းပိုက်တယ်ဆိုပြီး အစွပ်စွဲခံရမှာစိုးလို့ ပြောခဲ့တာပါ။ ဒါပေမယ့်လည်း သူ့သား ချောင်ဖီ(Cao Pi) က ဧကရာဇ်ဖြစ်လာတာပါပဲ"
"ကျုပ်ဖခင်က ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ရင် ဘယ်သူပိုသာမလဲ"
"ချောင်ချောင်း(Cao Cao) ဟာ တိုင်းပြည်တခွင်အောင်မြင်ခဲ့ပေမယ့် လူတွေက သူ့အပေါ်ကြောက်ကြပြီး အကျင့်သီလမကောင်းသူအဖြစ် သတ်မှတ်ကြတယ်။ ချောင်ဖီ(Cao Pi) ရဲ့အုပ်ချုပ်မှုဟာလည်း ပဋိပက္ခတွေများခဲ့ပြီး ငြိမ်းချမ်းမှုမရှိခဲ့ဘူး။ တစ်နှစ်မှ ငြိမ်းချမ်းတယ်ဆိုတာ မရှိဖူးဘူး။ နောက်ပိုင်းမှာတော့ သခင်ရဲ့ရှေ့မျိုးဆက်ဖြစ်ခဲ့တဲ့ မူရင်းဘုရင်နဲ့အံ့ဖွယ်ဘုရင်တို့ဟာ ကြီးမြတ်တဲ့ဂုဏ်ထူးတွေဆောင်ခဲ့ပြီး ကရုဏာတွေ၊ အကြင်နာမေတ္တာတွေဖြန့်ဝေခဲ့တယ်။ ဒါကြောင့် သူတို့ကို လူချစ်လူခင်များခဲ့တယ်။ သခင်ရဲ့ဖခင်ကတော့ အနောက်ဘက်က ရှူပြည်ကိုအောင်နိုင်ခဲ့ပြီး တစ်လောကလုံးက သူ့ဂုဏ်သတင်းကိုသိကြတယ်။ ချောင်ချောင်း(Cao Cao) နဲ့နှိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါပေမယ့်လည်း ချောင်ဖီ(Cao Pi) က ဟန်အုပ်ချုပ်မှုကို ဆက်လက်ထားရှိခဲ့သေးတယ်မဟုတ်လား။ ကျုပ်လည်း ဝေကို အဲ့လိုလုပ်သင့်သလား"
"ကျာချုံး"(Jia Chong) နှင့် "ဖေရှို့"(Pei Xiu) တို့က အရိုအသေပြုကာ ပြောခဲ့သည်။
"ချောင်ဖီ(Cao Pi) ရဲ့လုပ်ဆောင်မှုဟာ အရင်မင်းဆက်ကို ဆက်ခံဖို့ပြင်ဆင်နေခဲ့တာဖြစ်ပြီး နန်းစွန့်ဖို့စင်ဆောက်ပြီး ကြေညာချက်ထုတ်ပြန်စေခဲ့တာဖြစ်တယ်"
"စီးမာရန်"(Sima Yan) မှ ချက်ချင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ရက်တွင် လက်ထဲ၌ ဓားကိုင်ကာ နန်းတွင်းထဲဝင်သွားလေသည်။ နန်းတွင်းညီလာခံမကျင်းပသည်ဟာ ကြာပြီဖြစ်သောကြောင့် "ချောင်ဟွမ်"(Cao Huang) စိတ်ထဲတွင် စနိုးစနှောင့်ဖြစ်ကာ ကြောက်ရွံ့နေသည်။ "စီးမာရန်"(Sima Yan) ရောက်လာသောအခါ ဝေဧကရာဇ်မှထွက်လာပြီး ကြိုဆိုသည်။ "စီးမာရန်"(Sima Yan) က ထိုင်လိုက်ပြီး ရုတ်တရတ်
"ဝေမင်းဆက်က တိုင်းပြည်ကိုအုပ်ချုပ်နေတာ ဘယ်သူ့ကြောင့်လဲ" ဟုမေးခဲ့သည်။
"ချောင်ဟွမ်"(Cao Huang) : "ဒါက ခင်ဗျားဘိုးဘေးတွေရဲ့အောင်မြင်မှုကြောင့်ဖြစ်တယ်"

"စီးမာရန်"(Sima Yan) မှပြုံးကာ ပြောလေသည်။
"အရှင်မင်းကြီးက စကားနိုင်လုတာမှာ မထူးချွန်သလို စစ်ဗျူဟာမှာလည်း မကျွမ်းကျင်တာကြောင့် အုပ်ချုပ်ဖို့မသင့်တော်ဘူး။ ဒါကြောင့် ဒီထက်ထူးချွန်ပြီး အရည်အချင်းရှိသူကို ထီးနန်းမလွှဲအပ်သင့်ပေဘူးလား"
"ချောင်ဟွမ်"(Cao Huang) သည် နှုတ်ခမ်းကိုစေ့ထားခဲ့သည်။ ဝန်ကြီးတစ်ဦးဖြစ်သော "ကျန်းကျဲ"(Zhang Jie) မှ
"အို၊ ဘုရင်က အဲ့လိုပြောတာ မှားပါတယ်။ အရှင်မင်းကြီးရဲ့ဘိုးဘေးတွေဟာ တိုင်းပြည်ရဲ့အရှေ့အနောက်တောင်မြောက်တွေကို အောင်နိုင်ခဲ့ပြီး များစွာသောကြိုးပမ်းမှုတွေကြောင့်သာ ဒီလိုအုပ်စိုးနိုင်ခဲ့တာဖြစ်တယ်။ လက်ရှိဧကရာဇ်ဟာ အမှားအယွင်းမရှိပဲ မင်းကျင့်တရားနဲ့ညီပါတယ်။ ဘာကြောင့်များ တခြားလူကို ထီးနန်းပေးရမှာလဲ"
"စီးမာရန်"(Sima Yan) မှ ဒေါသဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
"တိုင်းပြည်ရဲ့အုပ်ချုပ်သူတွေက ဟန်ပြည်နဲ့ပဲသတ်ဆိုင်ခဲ့တာမဟုတ်လား? ချောင်ချောင်း(Cao Cao) က မင်းမှုထမ်းတွေကိုချုပ်ကိုင်ခဲ့သလို ဧကရာဇ်ကိုလည်း ထိန်းချုပ်ခဲ့တယ်။ သူ့ကိုယ်သူ ဝေမင်းသားအဖြစ်သတ်မှတ်ပြီး ဟန်ပြည်ရဲ့ပလ္လင်ကိုသိမ်းယူခဲ့တယ်။ ဝေပြည်ထံမှာ ကျုပ်ဘိုးဘေးတွေဟာ မျိုးဆက်သုံးဆက်တိုင် အမှုထမ်းခဲ့ပြီးပြီ။ သူတို့ရဲ့အာဏာတွေဟာ သူတို့အရည်အချင်းကြောင့် ရခဲ့တာမဟုတ်ပဲ ကျုပ်တို့မိသားစုရဲ့အစွမ်းအစကြောင့် ရလာတာ မဟုတ်လား? ဒါကို တစ်လောကလုံးက သိကြတယ်။ ကျုပ်က ဝေပြည်ရဲ့အုပ်ချုပ်မှုကို လက်ဆင့်ကမ်းတာဝန်ယူဖို့ မသင့်တော်ဘူးလား"
"ဘုရင်သာ အဲ့လိုလုပ်မယ်ဆိုရင် သူပုန်၊ ထီးနန်းကိုလုယူသူဖြစ်လာပါလိမ့်မယ်"
"ကျုပ်က ဟန်ပြည်အတွက် လက်စားချေချင်တာဆိုရင်ကော"

ထို့နောက် "ကျန်းကျဲ"(Zhang Jie) ကို အပြင်သို့ဆွဲထုတ်သွားစေပြီး ကြိမ်ဒဏ်ပေးကာ သတ်စေခဲ့သည်။ ဝေဧကရာဇ်မှ ငိုယိုကာ သစ္စာရှိအတိုင်ပင်ခံအတွက် အသနားခံခဲ့သည်။ "စီးမာရန်"(Sima Yan) သည် ထကာ ထွက်သွားခဲ့သည်။ "ချောင်ဟွမ်"(Cao Huang) မှ "ကျာချုံး"(Jia Chong) နှင့် "ဖေရှို့"(Pei Xiu) တို့ဘက်လှည့်ကာ
"ဘယ်လိုလုပ်သင့်သလဲ? တစ်ခုခုတော့ လုပ်ရမယ်"
"အမှန်အတိုင်းပြောရမယ်ဆိုရင် အရှင်မင်းကြီးရဲ့နန်းသက်ဟာ ပြီးမြောက်သွားပြီဖြစ်ပြီး ကောင်းကင်ရဲ့ဆန္ဒကို လွန်ဆန်လို့မဖြစ်နိုင်ပါဘူး။ ဟန်ခေတ်ရှန်ဧကရာဇ်နန်းစွန့်ခဲ့သလိုမျိုး ပြင်ဆင်ထားရပါမယ်။ ထီးနန်းကို ကျင့်ဘုရင်ထဲလွှဲပြောင်းမှသာ ကောင်းကင်ရဲ့ဆန္ဒနဲ့ပြည်သူတွေရဲ့မျှော်လင့်မှုကိုဖြည့်ဆည်းနိုင်မှာဖြစ်တယ်။ အရှင်မင်းကြီးရဲ့လုံခြုံမှုအတွက်တော့ မစိုးရိမ်ပါနဲ့"
"ချောင်ဟွမ်"(Cao Huang) သည် ထိုအကြံကိုလက်ခံခဲ့ရပြီး စင်ကြီးဆောက်လုပ်စေသည်။ အခမ်းအနားကျင်းပရန် ဆယ့်နှစ်လပိုင်း ကြွက်ရက်ကို ရွေးချယ်ခဲ့သည်။ ထိုရက်တွင် ဝေဧကရာဇ်သည် အခမ်းအနားဝတ်စုံအပြည့်ဝတ်ကာ တံဆိပ်တော်ကိုကိုင်ပြီး အမှုထမ်းအစုံအလင်ဖြင့် စင်ပေါ်တက်ခဲ့လေသည်။

ဧကရာဇ်ဖြစ်လာမည့်သူအား စင်ပေါ်သို့တက်လာစေပြီး အရိုအသေပြုခြင်းကို လက်ခံစေသည်။ ထို့နောက် "ချောင်ဟွမ်"(Cao Huang) သည် ပြန်ဆင်းလာခဲ့ပြီး ဝန်ကြီးအဝတ်ကို ဝတ်ဆင်ကာ အမှုထမ်းများနှင့်အတူ နေရာယူခဲ့သည်။ စင်ပေါ်၌ "စီးမာရန်"(Sima Yan) ကို "ကျာချုံး"(Jia Chong) နှင့် "ဖေရှို့"(Pei Xiu) တို့က ခြံရံခဲ့သည်။ "ချောင်ဟွမ်"(Cao Huang) ကို ဒူးထောက်အရိုအသေပြုစေပြီးတော့ အမိန့်တော်ကို "ကျာချုံး"(Jia Chong) မှဖတ်ခဲ့သည်။
"ကျန်းအန်းနှစ်ဆယ့်ငါးနှစ်မှာ ဟန်ပြည်က ဝေပြည်အတွက် နေရာဖယ်ပေးခဲ့ရပြီး ဒီနေ့ဒီအချိန်မှာဆို လေးဆယ့်ငါးနှစ်ရှိသွားခဲ့ပြီ။ လေးဆယ့်ငါးနှစ်ကြာမြင့်ခဲ့ပြီးနောက်မှာ ကောင်းကင်ကြီးဟာ ဝေကိုစွန့်ပြီး ကျင့်ကိုပစားပေးခဲ့တယ်။ စီးမာမျိုးရိုးတွေရဲ့လုပ်ဆောင်မှုတွေဟာ ကောင်းကင်တိုင်အောင် ရောက်ပြီး မြေကြီးအတွင်းထိ တိုးဝင်နိုင်တယ်။ ကျင့်ဘုရင်ဟာ ကြီးမြတ်တဲ့အရိုက်အရာကိုဆက်ခံဖို့သင့်တော်ပြီး အုပ်ချုပ်သင့်ပါတယ်။ အခု ဧကရာဇ်ဟာ ခင်ဗျားကို ချန်လျူမင်းသားအဖြစ် ခန့်အပ်ပြီး ကျင်းယုံမြို့မှာ နေဖို့ အမိန့်ချမှတ်လိုက်တယ်။ မင်းသားဟာ အဲ့မှာပဲ နေထိုင်ရမှာဖြစ်ပြီး အမိန့်မရှိပဲနဲ့ နန်းတွင်းထဲကို ဝင်ခွင့်မပြုပါ"
"ချောင်ဟွမ်"(Cao Huang) သည် ဝမ်းနည်းစွာ ထွက်သွားခဲ့သည်။ နန်းတော်စောင့် "စီးမာဖူ"(Sima Fu) သည် နန်းကျဧကရာဇ်ရှေ့တွင် ငိုယိုကာ ထာဝရသစ္စာစောင့်သိသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။
"ကျွန်တော်မျိုးဟာ ဝေပြည်ရဲ့အမှုထမ်းဖြစ်ခဲ့ပြီး ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး"

"စီးမာရန်"(Sima Yan) မှ ထိုအခြင်းအရာကို မသင့်တော်သောအပြုအမူဟုမမြင်ခဲ့ပဲ "စီးမာဖူ"(Sima Fu) ကို လေးစားသောအားဖြင့် အန်းဖင်မင်းသားအရာပေးအပ်ခဲ့သည်။ သို့သော် "စီးမာဖူ"(Sima Fu) က ငြင်းဆန်လိုက်သည်။
ထီးနန်းဆက်ခံခဲ့သည့်ဧကရာဇ်သည် သူ့နေရာတွင် ယူလိုက်သောအခါ အမှုထမ်းများအားလုံးက အရိုအသေပြုပြီး ဂုဏ်ပြုခဲ့ကြသည်။ တောင်ကုန်းများဝယ် "ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ" ဟူသောအသံတို့မြည်ဟီးနေခဲ့သည်။ ဤသို့ဖြင့် "စီးမာရန်"(Sima Yan) ဧကရာဇ်ဖြစ်လာလေသည်။ တိုင်းပြည်ကို ကြီးမြတ်သောကျင့်ဟုခေါ်တွင်စေပြီး သက္ကရာဇ်ကို ရှန်ရှီးဒုတိယနှစ်(အေဒီ ၂၆၅) မှ ထိုက်ရှီ(ကြီးမြတ်သောကနဦး) ပထမနှစ် အဖြစ်သတ်မှတ်စေသည်။ လွတ်ငြိမ်းချမ်းသာခွင့်များပေးအပ်ခဲ့လေသည်။ ဤသို့ဖြင့် ဝေမင်းဆက် ပျက်သုဉ်းသွားခဲ့သည်။
ဧကရာဇ်မှ သူ့အဘိုး၊ ဘကြီးနှင့်ဖခင်တို့ကို ရာထူးများပေးအပ်စေခဲ့သည်။ "စီးမာယီ"(Sima Yi) ကို မူရင်းဧကရာဇ်၊ "စီးမာရှီ"(Sima Shi) ကို အံ့ဖွယ်ဧကရာဇ်နှင့် "စီးမာကျောင်း"(Sima Zhao) ကို ပညာရှင်ဧကရာဇ်ဟု ခေါ်တွင်စေသည်။ "စီးမာရန်"(Sima Yan) မှ သူ၏ဘိုးဘေးများအတွက် ဘုံကျောင်းခုနစ်ဆောင်ကို ဆောက်လုပ်စေသည်။ ထိုဘိုးဘေးတို့မှာ ဟန်ပြည်အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီး "စီးမာကျွင်း"(Sima Jun) ၊ "စီးမာကျွင်း"(Sima Jun) ၏သား ယွီကျန်းမြို့စား "စီးမာလျန့်"(Sima Liang) ၊ "စီးမာလျန့်"(Sima Liang) ၏သား ယင်းချွမ်မြို့စား "စီးမာကျွမ်း"(Sima Juan) ၊ "စီးမာကျွမ်း"(Sima Juan) ၏သား ကျင်းကျောက်မြို့စား "စီးမာဖန်"(Sima Fang) ၊ "စီးမာဖန်"(Sima Fang) ၏သား မူရင်းဧကရာဇ် "စီးမာယီ"(Sima Yi) ၊ "စီးမာယီ "(Sima Yi) ၏သားနှစ်ဦးဖြစ်သည့် အံ့ဖွယ်ဧကရာဇ် "စီးမာရှီ"(Sima Shi) နှင့် ပညာရှင်ဧကရာဇ် "စီးမာကျောင်း"(Sima Zhao) တို့ဖြစ်လေသည်။
ထိုသို့ရွက်ဆောင်ပြီးနောက် နေ့တိုင်းညီလာခံကျင်းပခဲ့ပြီး အမှုထမ်းတစ်ဦးမှ ဝူပြည်ကိုသိမ်းယူရန် လျှောက်တင်ခဲ့သည်။




Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!