သုံးနိုင်ငံခေတ်(၁၀၉)


အခန်း(၁၀၉) ဟန်ပြည်စစ်သူကြီး၏ပရိယာယ် - "စီးမာကျောင်း"(Sima Zhao) ဝန်းရံခံရခြင်း။
ဝေပြည် ဝဋ်လည်ခြင်း - "ချောင်ဖန်း"(Cao Fang) နန်းကျခြင်း။

ရန်ရှီးနှစ်တစ်ဆယ့်ခြောက်နှစ် (အေဒီ ၂၅၃) တွင်  "ကျန်းဝေ"(Jiang Wei) ၏တပ်သားတစ်သိန်းတို့သည် မြောက်ပိုင်းသို့ချီတက်ရန်အသင့်ဖြစ်နေခဲ့သည်။ "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့က ရှေ့ပြေးတပ်ခေါင်းဆောင်များဖြစ်ပြီး "ရှဟိုပါ့"(Xiahou Ba) သည် အကြံပေးဖြစ်ကာ "ကျန်းနီ"(Zhang Ni) သည် ထောက်ပို့တပ်ကို တာဝန်ယူရသည်။ တပ်ကြီးသည် ရန်ဖင်ခံတပ်မှချီတက်လာသည်။
စစ်ပွဲအကြောင်းကို "ရှဟိုပါ့'(Xiahou Ba) နှင့်ဆွေးနွေးနေရင်း "ကျန်းဝေ"(Jiang Wei) မှ
"ကျုပ်တို့တွေ အရင်တစ်ခေါက်က ယုံကျိုးကိုတိုက်တာ မအောင်မြင်ခဲ့ဘူး။ ဒီတစ်ခါတော့ သူတို့တွေက ပိုပြီးပြင်ဆင်မှုတွေလုပ်ထားမှာဆိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ"
"နန်အန်းက လုံရှန်းဒေသမှာ အကောင်းဆုံးနေရာပဲဖြစ်ပြီး စစ်စခန်းအနေနဲ့အသုံးပြုဖို့သင့်တော်တယ်။ ကျွန်တော်တို့တွေရှေ့တုန်းကရှုံးနိမ့်ခဲ့တာဟာ ချန်းတွေရောက်မလာလို့ဖြစ်မယ်။ ဒီတော့ သူတို့တွေကို လုံယိုမှာ စောစောလာခိုင်းပြီးတော့ ကျွန်တော်တို့က ရှီယင်းကနေစထွက်ခွာပြီး တုံးထင်လမ်းကနေ နန်အန်းကိုသွားရမယ်"
"ခင်ဗျားပြောတာမှန်တယ်"

ထို့နောက် ရွှေ၊ ပိုးထည်၊ ပုလဲစသောလက်ဆောင်တို့နှင့်အတူ "ရှီးကျန်း"(Xi Zheng) ကိုလွှတ်ကာ ချန်းဘုရင်နှင့်တွေ့စေသည်။ ချန်းဘုရင်၏နာမည်မှာ "မီတန်း"(Mi Dang) ဖြစ်သည်။ ထိုညှိနှိုင်းမှုအဆင်ပြေခဲ့ပြီး ဘုရင် "မီတန်း"(Mi Dang) သည် လက်ဆောင်တို့ကိုလက်ခံပြီး ချန်းစစ်သူကြီး "အယ်ရှောက်ကဲ"(Ehe Shaoge) ကိုတပ်သားငါးသောင်းနှင့်အတူ နန်အန်းသို့စေလွှတ်ခဲ့သည်။
ထိုအကြောင်းကို "ကောဟွိုင်"(Guo Huai) သိလေရာ လော့ရန်သို့အကြောင်းကြားခဲ့သည်။ "စီးမာရှီ"(Sima Shi) မှ
"ဘယ်သူ အနောက်ပိုင်းကတပ်တွေနဲ့ရင်ဆိုင်မလဲ"
"ရွှီကျီ"(Xu Zhi) မှသွားလိုကြောင်းပြောခဲ့သည်။ "စီးမာရှီ"(Sima Shi) သည် ထိုသူ၏အရည်အချင်းကိုယုံကြည်သောကြောင့် ရှေ့ပြေးတပ်စစ်သူကြီးအဖြစ်ခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ်၏ညီဖြစ်သူ "စီးမာကျောင်း"(Sima Zhao) မှာ စစ်သေနာပတိဖြစ်လေ၏။

ဝေတပ်ကြီးသည် ရှီးကျိုးသို့ချီတက်လာခဲ့ပြီး တုန်းထင်လို့ရောက်လာကာ "ကျန်းဝေ"(Jiang Wei) နှင့်တွေ့လေသည်။ နှစ်ဖက်စလုံးက တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြသည်။ "ရွှီကျီ"(Xu Zhi) သည် တောင်ဖြိုခွင်းပုဆိန်ကိုကိုင်ကာ ထွက်လာပြီး စိန်ခေါ်လေ၏။ "လျောင်ဟွာ"(Liao Hua) က ထွက်လာခဲ့ပြီးနောက် တခဏခန့်တိုက်ခိုက်ပြီးနောက်ဝယ် ချမည့်ပုံဟန်ဆောင်ပြီး ပြန်ဆုတ်သွားသည်။
ထိုအခါ "ကျန်းယီ"(Zhang Yi) က လှံကိုင်ကာထွက်လာပြီး တိုက်ခဲ့သည်။ သူသည်လည်း မကြာခင်မှာပင် တပ်အတွင်းသို့ပြန်ဝင်သွားလေ၏။ ထိုအခါ "ရွှီကျီ"(Xu Zhi) မှအချက်ပြလိုက်ရာ အင်အားအလုံးအရင်းဖြစ်တိုက်သောကြောင့် ထိုရက်တွင် ရှူတပ်များစစ်ရှုံးခဲ့လေသည်။ "စီးမာကျောင်း"(Sima Zhao) သည်လည်း ပြန်ဆုတ်ခွာကာ တပ်စွဲထားခဲ့သည်။
"ကျန်းဝေ"(Jiang Wei) : "ရွှီကျီ(Xu Zhi) က စွမ်းလွန်းတယ်။ သူ့ကိုဘယ်လိုအနိုင်ယူမလဲ"
"ရှဟိုပါ့"(Xiahou Ba) : "မနက်ဖြန်ကျရင် ရှုံးသွားသယောင်နဲ့ ကင်းပုန်းတွေနားရောက်လာအောင်မြားခေါ်သင့်တယ်"
"ကျန်းဝေ"(Jiang Wei) : "ဒါပေမယ့် စီးမာကျောင်း(Sima Zhao) က ဘယ်သူ့သားဆိုတာမမေ့ပါနဲ့။ သူက စစ်ပွဲအတွေ့အကြုံမရှိသူ မဟုတ်ဘူး။ ကင်းပုန်းရှိနိုင်တယ်ထင်တာနဲ့ သူ့တပ်တွေကိုရပ်ခိုင်းမှာပဲ။ ဝေတပ်တွေက ကျုပ်တို့ရိက္ခာလမ်းကြောင်းကို အကြိမ်ကြိမ်ဖြတ်တောက်ဖူးတယ်ဆိုတော့ ကျုပ်တို့လည်း အဲ့နည်းကိုပြန်သုံးရအောင်။ ဒါဆို ဒီရွှီကျီ(Xu Zhi) ကိုသတ်နိုင်လောက်တယ်"

ထို့နောက် ကာလကြာရှည်ခုခံမည့်ပုံစံဖြင့် ဘေးပတ်လည်တွင် သံဆူးများဖြင့် ကာရံထားကာ ချန်းတပ်များကိုစောင့်နေကြောင်း သတင်းလွှင့်ခဲ့သည်။
"စီးမာကျောင်း"(Sima Zhao) မှ "ရွှီကျီ "(Xu Zhi) အား
"ကျုပ်တို့တွေ အရင်တခေါက်က ရှူတပ်တွေကို အနိုင်ယူနိုင်တာဟာ သူတို့ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်နိုင်ခဲ့လို့ပဲ။ အခုလည်း ဒီအတိုင်းပဲလုပ်ရအောင်။ ဒီညမှာ တပ်သားငါးထောင်နဲ့အတူ ထွက်ပြီး လမ်းကိုပိတ်ထားပါ"
ညတစ်ချက်တီးခွဲအချိန်တွင် "ရွှီကျီ"(Xu Zhi) သည်လည်း တောင်ကုန်းများပေါ်မှချီတက်ကာ တစ်ဖက်သို့ရောက်လာခဲ့သည်။ ရန်သူ့တပ်သားနှစ်ရာခန့်သည် လူစာ၊ မြင်းစာများတင်ထားသည့်တိရစ္ဆာန်ရုပ်များကိုတွန်းနေသည်ကို မြင်ခဲ့သည်။ ထို့ကြောင့် ညာသံပေးပြီး ရန်သူတို့ကိုတိုက်ရန်ပြုသည်။ ရှူတပ်သားတို့သည် လမ်းကိုမတိုးဖောက်နိုင်သောကြောင့် ရိက္ခာတို့ကိုထားရစ်ခဲ့ပြီး ထွက်ပြေးသွားသည်။ "ရွှီကျီ"(Xu Zhi) သည် ရိက္ခာတို့ကိုသိမ်းကာ တပ်သားထက်ဝက်ခန့်နှင့်အတူ တပ်စခန်းသို့ပြန်ပို့စေ၏။ ကျန်တဝက်ကိုမူ ရန်သူများနောက် လိုက်စေသည်။

သုံးမိုင်အကွာရှိလမ်းသည် လှည်းများဖြင့်ပိတ်ထားလေသည်။ ထို့ကြောင့် တပ်သားတို့သည် မြင်းပေါ်မှဆင်းကာ လမ်းရှင်းနေခဲ့သည်။ ထိုအချိန်ဝယ် ဘေးဘီဝဲယာမှခြုံပုတ်တို့သည် မီးတောက်လောင်လေ၏။ "ရွှီကျီ"(Xu Zhi) ကလည်း ချက်ချင်းတပ်ပြန်ဆုတ်ရန်ပြုသည်။ သို့သော် အနောက်ဘက်တွင်လည်း လှည်းတို့ဖြင့်ပိတ်ထားကာ မီးများတောက်လောင်နေခဲ့သည်။
သူသည်ထွက်ပြေးရန်ပြုသော်လည်း ပေါက်ကွဲသံကိုကြားလိုက်ပြီး နေရာနှစ်ဖက်မှ ရှူတပ်များရောက်လာခဲ့သည်။ "လျောင်ဟွာ"(Liao Hua) နှင့် "ကျန်းယီ"(Zhang Yi) တို့သည် ဘယ်ညာနှစ်ဖက်စီမှ "ရွှီကျီ"(Xu Zhi) ကိုတိုက်သောကြောင့် ဝေတပ်သားများစစ်ရှုံးသွားခဲ့သည်။ "ရွှီကျီ"(Xu Zhi) သည် အားလုံးကိုစွန့်လွှတ်ပြီး ထွက်ပြေးလွတ်မြောက်သွားလေသည်။
သူ့မြင်းသည်လည်း ပင်ပန်းနေခဲ့လေပြီ။ ထိုအချိန်ဝယ် "ကျန်းဝေ"(Jiang Wei) ဦးဆောင်သည့်ရန်သူ့တပ်ကြီးကိုတွေ့လိုက်သည်။ သူဘာမှမလုပ်နိုင်ခင်မှာပင် "ကျန်းဝေ"(Jiang Wei) မှ လှံဖြင့်ထိုးလိုက်သောကြောင့် မြေကြီးပေါ်သို့ကျသွားခဲ့သည်။ ထို့နောက် အပိုင်းပိုင်းခုတ်ထစ်ခြင်းခံခဲ့ရ၏။

ထိုစဉ် "ရှဟိုပါ့'(Xiahou Ba) မှ ရိက္ခာများကိုသယ်သွားသော ဝေတပ်ကြီးကို ဖမ်းဆီးလိုက်လေသည်။ ရန်သူတို့လက်နက်ချသောအခါ "ရှဟိုပါ့"(Xiahou Ba) မှ ဝေတပ်၏အင်္ကျီနှင့်လက်နက်များကိုယူကာ သူ့တပ်သားတို့အား ဝတ်ဆင်စေ၏။ ဝေတပ်အလံကိုလွှင့်ထူပြီးနောက် ဝေတပ်စခန်းသို့ချီတက်ခဲ့လေသည်။ သူတို့ရောက်သွားသောအခါ စခန်းတွင်းမှလူတို့က မိမိတပ်သားများပြန်လာသည်ဟုမှတ်ယူပြီး တံခါးဖွင့်စေခဲ့သည်။ ရှူတပ်ကြီးသည် အတွင်းသို့ဝင်ကာ သတ်ဖြတ်ခဲ့သည်။ လျက်တပြက်အတိုက်ခံရသောကြောင့် "စီးမာကျောင်း"(Sima Zhao) သည် မြင်းပေါ်တက်ပြီး ထွက်ပြေးခဲ့ရသည်။ သို့သော် "လျောင်ဟွာ"(Liao Hua) မှ သူ့ကိုပိတ်ထားလိုက်၏။ တဖက်တွင်လည်း "ကျန်းဝေ"(Jiang Wei) က ပိတ်ထားရာ မည်သည့်နေရာမှမသွားနိုင်ပေ။ ထို့ကြောင့် "စီးမာကျောင်း"(Sima Zhao) သည် တောင်ကုန်းပေါ်မှခုခံရန်  သံလှောင်ချိုင့်တောင်သို့တက်သွားခဲ့သည်။

တောင်ကုန်းပေါ်တက်သည့်လမ်းမှာ တစ်လမ်းသာရှိပြီး မတ်စောက်နေသေးသည်။ ထို့ပြင် တောင်ကုန်းပေါ်တွင်ရှိသည့်ရေမှာ လူတစ်ရာခန့်အတွက်သာ လုံလောက်သည်။ "စီးမာကျောင်း"(Sima Zhao) ၏တပ်တွင် တပ်သားခြောက်ထောင်ရှိခဲ့သည်။ ရန်သူတို့က ထွက်ပြေးမည့်လမ်းကိုပိတ်ထားခဲ့သည်။ ရေအိုင်လေးက တပ်တစ်ခုလုံးစာအတွက် မလုံလောက်သောကြောင့် ရေငတ်နေခဲ့ကြသည်။ "စီးမာကျောင်း"(Sima Zhao) သည် မည်သို့လုပ်ရမည်မသိပဲ ကောင်းကင်ကြီးကိုကြည့်ကာ သက်ပြင်းချခဲ့သည်။
"ကျုပ်တော့ ဒီမှာသေရမယ်နဲ့တူတယ်"
ထိုအချိန်တွင် အရပ်သားအမှုထမ်း "ဝမ်ထောင်"(Wang Tao) မှ ခေါင်းဆောင်ဖြစ်သူကိုပြောသည်။
"ရှေးတုန်းက ကန်းကုန်း(Geng Gong) ဟာလည်း ရေပြတ်လပ်နေတဲ့အချိန်မှာ ရေတွင်းရှေ့မှာ ဒူးထောက်ပြီးတော့ ဆုတောင်းခဲ့တယ်။ အဲ့နောက်မှာတော့ သူက ရေချိုတွေရရှိခဲ့သတဲ့။ စစ်သူကြီးလည်း အဲ့လိုလုပ်ကြည့်ပါလား"

ထို့ကြောင့် ခေါင်းဆောင်မှ တောင်ထွတ်သို့သွားပြီး ရေအိုင်ရှေ့တွင်ဒူးထောက်ကာ ဆုတောင်းလေသည်။
"ကျွန်တော် စီးမာကျောင်း(Sima Zhao) က ရှူတွေကိုခုခံဖို့အမိန့်ရခဲ့ပါတယ်။ ကျွန်တော် ဒီနေရာမှာသေမယ့်ကံပါခဲ့ရင် ဒီရေအိုင်ကရေတွေခန်းခြောက်သွားပါစေ၊ ကျွန်တော့တပ်သားတွေကိုလည်း လက်နက်ချခိုင်းပြီး ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပါ့မယ်။ အကယ်၍ ကျွန်တော်သေနေ့မစေ့သေးဘူးဆိုရင်တော့ တပ်သားတွေအတွက်လုံလောက်တဲ့ရေ ထွက်လာပါစေ"
ထိုသို့ဆုတောင်းခဲ့ပြီးနောက် ရေများထွက်လာခဲ့သောအခါ တပ်သားတို့သည် ရေကိုတဝကြီးသုံးနိုင်ခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့လေ၏။

"ကျန်းဝေ"(Jiang Wei) သည် တပ်ကို ကိုယ်တိုင်ဦးဆောင်လျက် တောင်ကုန်းကိုဝန်းရံထားခဲ့သည်။ သူမှအမှုထမ်းတို့အား
"ကျုပ်တို့ရဲ့ကြီးမြတ်တဲ့ဝန်ကြီးချုပ်ဟာ ဘူးသီးတောင်ကြားမှာတုန်းက စီးမာယီ(Sima Yi) ကိုမဖမ်းနိုင်ခဲ့တာ ကျုပ်နောင်တရမိတယ်။ အခုတော့ သူ့သားက ကျုပ်တို့လက်ထဲမှာ သေရတော့မယ်"
သို့သော် "စီးမာကျောင်း"(Sima Zhao) ၏အခြေအနေဆိုးကို "ကောဟွိုင်"(Guo Huai) မှ ကြားသိခဲ့သောကြောင့် စစ်ကူလွှတ်ရန်ပြင်ခဲ့သည်။ "ချန်ထိုက်"(Chen Tai) မှ
"ကျန်းဝေ(Jiang Wei) က ချန်းမျိုးနွယ်တွေနဲ့ပူးပေါင်းထားတာဆိုတော့ သူတို့တွေလာပြီး ကူညီမှာပဲ။ စစ်သူကြီးက စီးမာကျောင်း(Sima Zhao) ကိုကူရင် သူတို့က အနောက်က တိုက်လိမ့်မယ်။ ဒါကြောင့် အဲ့မျိုးနွယ်စုတွေဆီ လူတစ်ယောက်လွှတ်ပြီး တပ်ဆုတ်ဖို့သိမ်းသွင်းသင့်တယ်။ သူတို့တွေဆုတ်ခွာသွားမှသာ စစ်ကူပို့သင့်ပါတယ်"

"ကောဟွိုင်"(Guo Huai) မှလက်ခံခဲ့ပြီး "ချန်ထိုက်"(Chen Tai) ကိုတပ်ငါးထောင်နှင့်အတူ ချန်းဘုရင်ထံစေလွှတ်ခဲ့သည်။ "ချန်ထိုက်"(Chen Tai) သည် စခန်းသို့ရောက်သောအခါ သံချပ်ကာတို့ကိုချွတ်ပြီး အသက်ဘေးအတွက်စိုးရိမ်နေဟန်ဖြင့် ငိုယိုလေ၏။
"ကောဟွိုင်(Guo Huai) က သူ့ကိုယ်သူအာဏာအရှိဆုံးလို့မှတ်ယူပြီး ကျွန်တော့ကိုသတ်ဖို့လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ကထွက်ပြေးပြီး ဒီမှာလာခိုလှုံရတာပါ။ ကျွန်တော် ဝေတပ်ရဲ့လျှို့ဝှက်ချက်တွေအားလုံးသိပါတယ်။ ဘုရင်ကြီးသာဆန္ဒရှိမယ်ဆိုရင် ကျွန်တော်ဦးဆောင်ပြီး သူတို့စခန်းကိုခေါ်သွားပါမယ်။ စခန်းထဲကနေ ကျွန်တော့မိတ်ဆွေတွေလည်း ကူညီမှာဖြစ်ပြီး ဘုရင်ကြီး စစ်အောင်နိုင်မှာပဲဖြစ်တယ်"
ဘုရင် "မီတန်း"(Mi Dang) မှ သဘောတူခဲ့ပြီး စစ်သူကြီး "အယ်ရှောက်ကဲ"(Ehe Shaoge) ကို "ချန်ထိုက်"(Chen Tai) နှင့်အတူသွားစေခဲ့သည်။ ဝေတပ်ဖွဲ့ဟောင်းတို့သည် တပ်နောက်မှချီတက်ပြီး "ချန်ထိုက်"(Chen Tai) မှာမူ ချန်းမျိုးနွယ်တပ်တို့၏အရှေ့ဆုံးတွင် ရှိနေခဲ့သည်။
နှစ်ချက်တီးအချိန်တွင် ထွက်ခွာခဲ့ပြီးနောက် မကြာမီတွင် ရောက်သွားခဲ့သည်။ ဂိတ်တံခါးတို့ပွင့်နေသည်ကိုမြင်သောအခါ "ချန်ထိုက်"(Chen Tai) သည် ရဲရင့်စွာဝင်သွားခဲ့သည်။ သို့သော် "အယ်ရှောက်ကဲ"(Ehe Shaoge) နှင့်တပ်သားတို့ဝင်သည့်အခါတွင် ကျယ်လောင်သောအသံကိုကြားခဲ့ရပြီး တပ်သားတို့သည် ကျင်းထဲကျသွားလေသည်။ "ချန်ထိုက်"(Chen Tai) သည် အနောက်မှပြန်ပတ်လာပြီး တိုက်ခိုက်ခဲ့သည်။ ထို့အပြင် "ကောဟွိုင်"(Guo Huai) သည်လည်း ဘေးမှတိုက်သည်။ ချန်းတပ်တို့သည် တစ်ဦးကိုတစ်ဦးတိုက်မိ၊ နင်းမိပြီး သေဆုံးကုန်သည်။ အသက်ရှင်ကျန်ရစ်ခဲ့သူတို့ လက်နက်ချခဲ့လေသည်။ ခေါင်းဆောင် "အယ်ရှောက်ကဲ"(Eh Shaoge) သည် ကျင်းထဲကျသွားခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။
"ကောဟွိုင်"(Guo Huai) နှင့် "ချန်ထိုက်"(Chen Tai) တို့သည် ချန်းတပ်စခန်းသို့အလျင်အမြန်သွားခဲ့သည်။ "မီတန်း"(Mi Dang) သည် ထိတ်လန့်သွားပြီး ရွက်ဖျင်တဲအပြင်သို့ထွက်ကာ မြင်းယူရန်ပြုသော်လည်း အဖမ်းခံခဲ့ရသည်။ သူ့ကို "ကောဟွိုင်"(Guo Huai) ရှေ့သို့ခေါ်သွားခဲ့သည်။ "ကောဟွိုင်"(Guo Huai) သည် မြင်းပေါ်မှ အလျင်အမြန်ဆင်းကာ သုံ့ပန်း၏ကြိုးတို့ကိုဖြည်ပေးပြီး ကောင်းကောင်းမွန်မွန်ပြောဆိုခဲ့သည်။

"ကျွန်တော်တို့အစိုးရက ခင်ဗျားက သစ္စာရှိတဲ့မိတ်ဆွေတစ်ယောက်လိုသဘောထားခဲ့တယ်။ ခင်ဗျားက ဘာကြောင့် ရန်သူတွေကို ကူညီရတာလဲ"
"မီတန်း"(Mi Dang) သည် စိတ်ရှုပ်ထွေးပြီး ခေါင်းငုံ့နေခဲ့သည်။ "ကောဟွိုင်"(Guo Huai) မှ ဆက်ပြောသည်။
"ရှူတပ်တွေသံလှောင်ချိုင့်တောင်ကို ဝန်းရံထားတာ ပြန်ဆုတ်သွားအောင် လုပ်နိုင်မယ်ဆိုရင် ကျွန်တော်က နန်းတွင်းကိုတင်ပြပြီး ခင်ဗျားအတွက် ဆုလာဘ်တွေတောင်းဆိုပေးပါ့မယ်"
"မီတန်း"(Mi Dang) မှ သဘောတူပြီး ဝေတပ်ကြီးကို သူ့တပ်၏အနောက်တွင်ထားကာ ထွက်ခွာခဲ့သည်။ သုံးချက်တီးအချိန်ခန့်တွင် ဆက်သားတစ်ဦးကို "ကျန်းဝေ"(Jiang Wei) ဆီလွှတ်ကာ ရောက်ရှိကြောင်းသတင်းပို့စေ၏။ "ကျန်းဝေ"(Jiang Wei) သည် ဝမ်းမြောက်သွားပြီး "မီတန်း"(Mi Dang) ကို အတွင်းသို့ဝင်လာရန် ဖိတ်ခေါ်ခဲ့သည်။

ချန်းတပ်နှင့်အတူလိုက်ပါခဲ့သော ဝေတပ်သားတို့သည် တပ်၏အရှေ့ဆုံးတွင် နေရာယူထားခဲ့သည်။ "မီတန်း"(Mi Dang) သည် လူအနည်းငယ်နှင့်အတူ တံခါးနားသို့သွားလေသည်။ "ကျန်းဝေ"(Jiang Wei) နှင့် "ရှဟိုပါ့"(Xiahou Ba) တို့မှရောက်လာပြီး ကြိုဆိုခဲ့သည်။ ထိုသို့တွေ့ဆုံသည်နှင့် "မီတန်း"(Mi Dang) စကားမပြောခင်မှာပင် ဝေစစ်သူကြီးတို့ထွက်လာပြီး တိုက်ခိုက်လေသည်။ "ကျန်းဝေ"(Jiang Wei) သည်လည်း ထိတ်လန့်သွားခဲ့ပြီး မြင်းပေါ်တက်ကာ ထွက်ပြေးခဲ့သည်။ ဝေတပ်နှင့်ချန်းတပ်တို့ပူးပေါင်းကာ ရန်သူတို့ကို တိုက်ထုတ်ခဲ့ကြသည်။
"ကျန်းဝေ"(Jiang Wei) သည် မြင်းပေါ်တက်ပြီးပြေးခဲ့သည့်အခါဝယ် သူ့ကျောတွင်လွယ်ထားသော မြားကျည်တောက်နှင့်လေးတို့ကလွဲပြီး မည်သည့်လက်နက်မျှမပါခဲ့ချေ။ မြင်းကို ကဆုန်စိုင်းစီးခဲ့သောကြောင့် မြားတို့ထွက်ကျသွားပြီး မြားကျည်တောက်မှာ ဗလာဖြစ်နေခဲ့သည်။ ထို့ကြောင့် "ကောဟွိုင်"(Guo Huai) နှင့်သူ့တပ်သားတို့၏လှံကိုခုခံရန် လက်နက်တစုံတရာမရှိခဲ့ပေ။ အနီးသို့ကပ်လာသောအခါ မြားနှင့်ပစ်မည့်ပုံ ဟန်ဆောင်ခဲ့သည်။ လေးကြိုးအသံမြည်သွားသောအခါ "ကောဟွိုင်"(Guo Huai) မှ တွန့်သွားခဲ့သည်။ သို့သော် မြားကိုမမြင်သောကြောင့် "ကျန်းဝေ"(Jiang Wei) တွင် မြားတံမရှိတော့သည်ကိုသိလိုက်၏။

"ကောဟွိုင်"(Guo Huai) သည် လှံကိုချပြီး လေးကိုကိုင်ကာ လှမ်းပစ်လိုက်၏။ "ကျန်းဝေ"(Jiang Wei) က ထိုမြားကို လက်ဖြင့်လှမ်းဖမ်းလိုက်ပြီး ပြန်ပစ်ရန် အဆင်သင့်ချိန်ထားသည်။ "ကောဟွိုင်"(Guo Huai) အနီးသို့ကပ်လာသည်နှင့် အားကုန်သုံးပြီး ပစ်လိုက်ရာ "ကောဟွိုင်"(Guo Huai) ၏မျက်နှာကိုထိမှန်ပြီး လဲကျသွားခဲ့သည်။
"ကျန်းဝေ"(Jiang Wei) မှ လဲကျသွားသောရန်သူကိုရှင်းရန် ပြန်လှည့်လာခဲ့သော်လည်း ဝေတပ်သားတို့ချဉ်းကပ်လာသောကြောင့် "ကောဟွိုင်"(Guo Huai) ၏လှံကိုသာယူခဲ့ပြီး ပြေးခဲ့ရသည်။ "ကျန်းဝေ"(Jiang Wei) တွင် လက်နက်ရှိနေပြီး ခေါင်းဆောင်ဖြစ်သူမှာလည်း ဒဏ်ရာရသွားသောကြောင့် ဝေတပ်သားများသည် တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ စစ်သူကြီးကိုပြန်သယ်ကာ စခန်းသို့ပြန်ခဲ့ကြသည်။ မြားကိုနှုတ်လိုက်သော်လည်း သွေးထွက်လွန်ကာ "ကောဟွိုင်"(Guo Huai) သေဆုံးသွားခဲ့သည်။
"ကျန်းဝေ"(Jiang Wei) ထွက်သွားသည်နှင့် "စီးမာကျောင်း"(Sima Zhao) သည်လည်း တောင်ပေါ်မှဆင်းလာပြီး ရန်သူတို့နောက်ကို ခဏလိုက်ပြီးနောက် ပြန်လှည့်သွားခဲ့သည်။
"ရှဟိုပါ့"(Xiahou Ba) သည် ရန်သူ့တပ်ကိုထိုးဖောက်ထွက်လာခဲ့ပြီး "ကျန်းဝေ"(Jiang Wei) နှင့်ပြန်ဆုံကာ ဆုတ်ခွာသွားကြသည်။ ရှူတပ်၏ဆုံးရှုံးမှုမှာ များပြားလှ၏။ လမ်းတစ်လျှောက်တွင် တပ်တို့ကိုစုစည်းမှုပင်မလုပ်နိုင်ပဲ ဟန်ကျုံးသို့ဝင်ခဲ့လေသည်။ ထိုတိုက်ပွဲတွင် ရှူပြည် အရေးနိမ့်ခဲ့သော်လည်း "ရွှီကျီ"(X Zhi) နှင့် "ကောဟွိုင်"(Guo Huai) တို့ကိုသတ်နိုင်သောကြောင့် ဝေ၏ဂုဏ်သတင်းကို ယုတ်လျော့စေခဲ့သည်။ "ကျန်းဝေ"(Jiang Wei) ၏စွမ်းဆောင်မှုက ရှုံးနိမ့်မှုကိုကာနိုင်ခဲ့သည်။

ချန်းတို့ကို ဆုလာဘ်များပေးပြီးသောအခါ "စီးမာကျောင်း "(Sima Zhao) သည် မြို့တော်တွင်အုပ်ချုပ်နေသော အစ်ကိုဖြစ်သူ "စီးမာရှီ"(Sima Shi) ထံသို့ပြန်သွားခဲ့သည်။ သူတို့နှစ်ဦးမှာ အင်အားကြီးလွန်းသောကြောင့် မည်သည့်အမှုထမ်းမှ အာမခံရဲကြပေ။ ဝေဧကရာဇ် "ချောင်ဖန်း"(Cao Fang) မှာ ကြောက်ရွံ့နေခဲ့ရပြီး နန်းတွင်းထဲတွင် "စီးမာရှီ"(Sima Shi) ကိုမြင်တိုင်း ကျောတွင်အပ်ပေါင်းများစွာစိုက်ထားသကဲ့သို့ ခံစားရလေသည်။
တစ်နေ့သော် ဝေဧကရာဇ်သည် ညီလာခံပြုလုပ်နေစဉ် "စီးမာရှီ"(Sima Shi) သည် ဓားကိုင်ကာ ဝင်လာလေသည်။ "ချောင်ဖန်း"(Cao Fang) သည် နဂါးပလ္လင်မှ အလျင်အမြန်ဆင်းပြီး အမတ်ကြီးကိုကြိုဆိုရသည်။
"စီးမာရှီ"(Sima Shi) မှပြုံးပြီး
"ဘာကြောင့် ဒီလိုလုပ်တာလဲ? ဝန်ကြီးရောက်လာရင် ဘုရင်တစ်ယောက်က ဒီလိုပြုမူရမှာပါလား? အရှင်မင်းကြီးက ဂုဏ်သိက္ခာကိုငဲ့ပြီး ပလ္လင်မှာပဲထိုင်နေပြီးတော့ အမှုထမ်းတွေလျှောက်တင်တာကို နားဆင်သင့်ပါတယ်"

ညီလာခံကို ဆက်လက်ကျင်းပစေခဲ့သည်။ အမှုထမ်းတို့မေးလျှောက်သမျှအားလုံးတို့ကို ဝေဧကရာဇ်၏သဘောတူညီချက်မပါပဲ "စီးမာရှီ"(Sima Shi) မှ အဆုံးအဖြတ်ပေးခဲ့လေ၏။ ထို့နောက် "စီးမာရှီ"(Sima Shi) သည် ဝံ့ကြွားစွာဖြင့် ထောင်ချီသော အခြံအရံတို့နှင့်အတူ ပြန်သွားခဲ့သည်။
ဝေဧကရာဇ်သည် ညီလာခံမှပြန်ထွက်လာသည့်အခါ ဝန်ကြီးသုံးဦးသည် အတွင်းဆောင်ထဲသို့လိုက်ပါလာခဲ့ကြသည်။ ထိုသူတို့မှာ ဝန်ကြီး "ရှဟိုရွှမ်"(Xiahou Xuan) ၊ အတွင်းရေးမှူး "လီဖုန်း"(Li Feng) နှင့် အထက်တန်းဝန် "ကျန်းချီ"(Zhang Qi) တို့ဖြစ်သည်။ "ကျန်းချီ"(Zhang Qi) သည် မိဖုရားကျန်း၏ဖခင်ဖြစ်သည်။ အစေအပါးတို့အား အပြင်သို့ထွက်စေပြီးနောက် "ချောင်ဖန်း"(Cao Fang) နှင့် ထိုသုံးဦးတို့သည် အတွင်းဆောင်ထဲသို့ဝင်ခဲ့ကြသည်။ ယောက္ခမတော်၏လက်ကိုကိုင်ကာ "ချောင်ဖန်း"(Cao Fang) က သည်းထန်စွာငိုခဲ့၏။
"အဲ့ စီးမာရှီ(Sima Shi) က ကျွန်တော့ကို ကလေးတစ်ယောက်လိုဆက်ဆံပြီး တိုင်းပြည်ရဲ့အမှုထမ်းတွေကို ကောက်ရိုးတွေလို ဆက်ဆံနေတယ်။ ရာဇပလ္လင်က တစ်နေ့မှာ သူ့ပိုင်ဆိုင်မှုဖြစ်လာလိမ့်မယ်"
"လီဖုန်း"(Li Feng) မှ
"အရှင်မင်းကြီး၊ သောကမရောက်ပါနဲ့။ ကျွန်တော်မျိုးက အရည်အချင်းမရှိပေမယ့် အမိန့်သာပေးမယ်ဆိုရင် ရဲရင့်သူတွေကိုစုပြီး ဒီလူ့ကိုသုတ်သင်ပါ့မယ်"
"ရှဟိုရွှမ်"(Xiahou Xuan) မှလည်း
"ဒီလူဒုက္ခပေးမှာကြောက်လို့ ကျွန်တော့အစ်ကို ရှဟိုပါ့(Xiahou Ba) က ရှူပြည်ဘက်ကိုသွားခဲ့ရတာ။ စီးမာရှီ(Sima Shi) ကို ချေမှုန်းနိုင်ရင် အစ်ကိုလည်း ပြန်လာနိုင်လိမ့်မယ်။ ကျွန်တော်မျိုးဟာ ဒီတိုင်းပြည်အုပ်ချုပ်သူနဲ့ဆက်နွယ်တဲ့မျိုးရိုးက ဆင်းသက်လာတာကြောင့် ဒီယုတ်မာတဲ့လူက အစိုးရကိုဖျက်စီးနေတာ ထိုင်မကြည့်နိုင်ဘူး။ အမိန့်တော်ထဲမှာ ကျွန်တော့နာမည်ပါထည့်လိုက်ပါ။ ကျွန်တော်တို့တွေပူးပေါင်းပြီး သူ့ကိုလုပ်ကြံမယ်"

"ချောင်ဖန်း"(Cao Fang) : "ဒါပေမယ့် ခင်ဗျားတို့ သူ့ကိုမနိုင်မှာစိုးရတယ်"
ထိုသူသုံးဦးတို့မှ ငိုယိုပြီး ပြောကြလေသည်။
"ကျွန်တော်တို့တွေကြိုးစားပြီးတော့ ဒီအာဏာရှင်ကိုချေမှုန်းပါ့မယ်။ ဒါဟာ အရှင်မင်းကြီးအပေါ်ထားတဲ့သစ္စာကိုပြသဖို့ဖြစ်တယ်"
"ချောင်ဖန်း"(Cao Fang) သည် သူ့အပြင်အဝတ်ကိုချွတ်ပြီး လက်ချောင်းကိုကိုက်ကာ ထွက်လာသောသွေးတို့ဖြင့် အင်္ကျီပေါ်တွင် စာရေးခဲ့သည်။ ထိုစာကို ယောက္ခမဖြစ်သူ "ကျန်းချီ"(Zhang Qi) အားပေးပြီး
"ကျုပ်ရဲ့ဘိုးဘေး ချောင်ဧကရာဇ်ဟာ ဒီကိစ္စမျိုးနဲ့ပတ်သတ်ပြီး တုန်းချန်(Dong Cheng) ကိုသေဒဏ်ပေးခဲ့ဖူးတယ်။ ဒါကြောင့် ဘယ်သူ့ဆီမှ မပေါက်ကြားစေဖို့ သတိပြုပါ"
"လီဖုန်း"(Li Feng) : "အရှင်မင်းကြီးက ဘာကြောင့် နိမိတ်မရှိတဲ့စကားတွေပြောရတာလဲ? ကျွန်တော်တို့က တုန်းချန်(Dong Cheng) လိုမဟုတ်သလို စီးမာရှီ(Sima Shi) ကလည်း တိုင်းပြည်ဖခင်လောက်အရည်အချင်းရှိသူမဟုတ်ဘူး။ ဒါကြောင့် စိတ်မပူပါနဲ့"


ထိုသူသုံးဦးတို့သည် အမိန့်တော်ကိုယူဆောင်ကာ ထွက်ခွာသွားကြသည်။ နန်းတော်၏တုန်းဟွာတံခါးနားရောက်သောအခါ ဓားကိုင်ထားသော "စီးမာရှီ"(Sima Shi) ကို တွေ့လိုက်သည်။ ထို့အပြင် သူ့နောက်တွင် လက်နက်ကိုင်ကိုယ်ရံတော်တပ်များလည်း ပါရှိသည်။ ဝန်ကြီးသုံးဦးတို့သည် ထိုသူတို့အရင်ဖြတ်သွားရန် လမ်းဘေးသို့ဆင်းလျှောက်ခဲ့သည်။
"ဒီအချိန်ကြီးမှာ ဘာကြောင့်နန်းတော်ကထွက်လာရတာလဲ"
"လီဖုန်း"(Li Feng) မှ
"အရှင်မင်းကြီးက စာဖတ်နေတော့ ကျွန်တော်တို့က သူ့ကိုအဖော်ပြုနေတာပါ"
"ဘာဖတ်နေခဲ့တာတုန်း"
"ရှ၊ ရှန်နဲ့ကျိုးမင်းဆက်သမိုင်းတွေပါ"
"အဲ့စာအုပ်တွေဖတ်ပြီးတော့ အရှင်မင်းကြီးက ဘာတွေမေးခွန်းထုတ်ခဲ့လဲ"
"ယီယင်း(Yi Yin) က ရှန်မင်းဆက်ကိုတည်တံ့အောင် ဘယ်လိုလုပ်ခဲ့လဲ၊ ကျိုးနယ်စားက ရင်ခွင်ပိုက်အစိုးရလုပ်တဲ့အချိန်မှာ ဘာတွေလုပ်ဆောင်ခဲ့လည်းဆိုတာ မေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဝန်ကြီးချုပ်ဟာ ယီယင်း(Yi Yin)၊ ကျိုးနယ်စားတို့လိုလူမျိုးဖြစ်တယ်လို့ပြန်လျှောက်တင်ခဲ့ကြတယ်"
"စီးမာရှီ"(Sima Shi) က မဲ့ပြုံးပြုံးလိုက်ပြီး
"ခင်ဗျားတို့က ကျုပ်ကို အဲ့လူနှစ်ယောက်နဲ့ခိုင်းနှိုင်းနေပေမယ့် စိတ်ထဲမှာတော့ ဝမ်မန်(Wang Mang) ၊တုန်ကျိုး(Dong Zhuo) တို့လိုသူပုန်မျိုးလို့မှတ်ယူနေတာမဟုတ်လား"
"ကျွန်တော်တို့က ဝန်ကြီးချုပ်လက်အောက်က လူတွေပဲ၊ အဲ့လိုဘယ်လုပ်ရဲပါ့မလဲ"
"ခင်ဗျားတို့က တော်တော်ဖားတတ်တဲ့လူတွေပဲ။ ဧကရာဇ်ရဲ့နန်းဆောင်ထဲမှာ ဘာတွေငိုယိုခဲ့ကြတာလဲ"
"ကျွန်တော်တို့အဲ့လိုမလုပ်ခဲ့ပါဘူး"
"ခင်ဗျားတို့မျက်လုံးတွေက နီနေသေးတယ်။ ဒါကိုငြင်းလို့မရဘူး"

လျှို့ဝှက်ချက်ကိုသိသွားပြီဖြစ်သောကြောင့် "ရှဟိုရွှမ်"(Xiahou Xuan) သည် အော်ဟစ်ခဲ့လေသည်။
"ကျုပ်တို့ငိုခဲ့တာက ခင်ဗျားရဲ့အပြုအမူတွေကြောင့်ပဲ။ ခင်ဗျားရဲ့လုပ်ရပ်တွေက ဧကရာဇ်ကိုထိတ်လန့်စေပြီး ပလ္လင်ကိုပါ လုယူဖို့ကြံနေတယ်မဟုတ်လား"
"သူ့ကိုဖမ်းလိုက်စမ်း"
"ရှဟိုရွှမ်"(Xiahou Xuan) သည် လက်ကိုခါလိုက်ပြီး "စီးမာရှီ"(Sima Shi) ကို လက်သီးနှင့်ထိုးမည်ပြု၏။ သို့သော် အာဏာပါးကွက်သားတို့မှ သူ့ကိုဖမ်းချုပ်လိုက်သည်။ ထိုသုံးဦး၏ကိုယ်ကိုစစ်ဆေးစေရာ "ကျန်းချီ"(Zhang Qi) ၏ကိုယ်ပေါ်တွင် ဧကရာဇ်၏သွေးဖြင့်ရေးထားသောအဝတ်ကို ရှာတွေ့လေ၏။ ထိုအဝတ်စကို ခေါင်းဆောင်ဖြစ်သူအားပြခဲ့ရာ "စီးမာရှီ"(Sima Shi) မှ ၎င်းမှာလျှို့ဝှက်အမိန့်ဖြစ်မှန်းသိခဲ့လေ၏။

ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။
'စီးမာညီနောင်နှစ်ဦးဟာ ငါကိုယ်တော်ရဲ့အာဏာတွေကိုလုယူခဲ့ပြီး ထီးနန်းကိုသိမ်းပိုက်လိုကြတယ်။ ကျုပ်ချမှတ်ခဲ့တဲ့အမိန့်တွေဟာ အတင်းအကြပ်စေခိုင်းလို့လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ကျုပ်ရဲ့ဆန္ဒမပါဝင်ခဲ့ဘူး။ ဒါကြောင့် အရပ်သားနဲ့စစ်ဘက်ဆိုင်ရာအမှုထမ်းတွေအားလုံး ညီညွတ်ကြပြီး ဒီသူပုန်နှစ်ဦးကိုချေမှုန်းပြီးတော့ အာဏာစက်ကိုပြန်သိမ်းယူနိုင်အောင်လုပ်ပါ။ အောင်မြင်ခဲ့ရင် ကြိုးပမ်းခဲ့သူအားလုံးကို ဆုလာဘ်များပေးမယ်'
"စီးမာရှီ"(Sima Shi) က ပိုမိုဒေါသထွက်သွားပြီး
"ခင်ဗျားတို့က ကျုပ်နဲ့ကျုပ်ညီကိုသတ်ချင်တာပေါ့"
ထို့နောက် ထိုသူသုံးဦးတို့ကို ခါးမှပိုင်းဖြတ်ကာသေဒဏ်ပေးစေပြီး မိသားစုဝင်အားလုံးတို့ကိုလည်း သတ်စေသည်။ ထိုသုံးယောက်တို့သည် မရပ်မနားဆဲရေးနေခဲ့သည်။ သေဒဏ်ချမှတ်ရာနေရာသို့သွားသည့်လမ်းတလျှောက်တွင်လည်း အံခဲကာ ကြိုးသွားသည့်သွားတို့ကို ထွေးထုတ်ခဲ့သည်။ သူတို့သည် ဆဲရေးလျက်သေဆုံးကလှလေ၏။ "စီးမာရှီ"(Sima Shi) သည် နန်းတော်အတွင်းဆောင်ထဲသို့ဝင်သွားသောအခါ မိဖုရားနှင့်စကားပြောနေသောဧကရာဇ်ကို တွေ့လိုက်သည်။ ထိုအချိန်ဝယ် မိဖုရားမှ
"ဒီနန်းတော်ထဲမှာ သူလျှိုတွေပြည့်နေတယ်။ ဒီဟာသာပေါက်ကြားသွားရင် ကျွန်မ ဒုက္ခရောက်လိမ့်မယ်"

"စီးမာရှီ"(Sima Shi) သည် ဓားကိုင်ကာ ချဉ်းကပ်လာခဲ့သည်။
"ကျွန်တော့ဖခင်က အရှင်မင်းကြီးကို နန်းတင်ပေးခဲ့ပြီး ကျိုးနယ်စားထက်မနိမ့်တဲ့လုပ်ဆောင်မှုတွေ ရှိခဲ့တယ်။ ကျွန်တော်ကလည်း ယီယင်း(Yi Yin) လိုမျိုး သခင်လက်အောက်မှာ အမှုထမ်းခဲ့တယ်။ အခုတော့ ကြင်နာမှုကို ရန်ငြိုးနဲ့တုန့်ပြန်ပြီး တာဝန်ထမ်းဆောင်တာကို အပြစ်တစ်ခုလိုသဘောထားခဲ့တယ်။ အရှင်မင်းကြီးက ဘာမဟုတ်တဲ့အမှုထမ်းသုံးဦးနဲ့ပေါင်းပြီး ကျွန်တော်နဲ့ကျွန်တော့ညီကိုသတ်ဖို့လုပ်တယ်။ ဒါ ဘာကြောင့်လဲ"
"ကျုပ်မှာ အဲ့လိုဆန္ဒမရှိပါဘူး"

"စီးမာရှီ"(Sima Shi) မှ သူ့လက်အတွင်းဝယ်ထည့်ထားသောအဝတ်စကို ယူကာ
"ဒါက ဘယ်သူရေးတာလဲ" ဟုပြောပြီး မြေကြီးပေါ်ပစ်လိုက်သည်။ "ချောင်ဖန်း"(Cao Fang) သည် ထိတ်လန့်သွားပြီး သူ့ဝိညာဉ်သည် ကောင်းကင်ဘုံကိုးထပ်အထိ တက်သွားလေ၏။ ကြောက်လန့်တုန်လှုပ်စွာဖြင့်
"ကျုပ်ကို အတင်းအကြပ်စေခိုင်းလို့လုပ်ရတာပါ။ ကျုပ်က ဒီလိုတွေးပါ့မလား" ဟုပြောသည်။
"ဝန်ကြီးတွေကို ပုန်ကန်မှုနဲ့မတရားစွပ်စွဲတာလည်း ရာဇဝတ်မှုပဲဖြစ်ပါတယ်"
"ချောင်ဖန်း"(Cao Fang) သည် ဒူးထောက်ပြီး
"ဟုတ်ပါတယ်။ ကျုပ်မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ" ဟုပြောခဲ့ရသည်။
"အရှင်မင်းကြီး၊ ပြန်ထပါ။ စည်းကမ်းဥပဒေတွေကို လိုက်နာရမယ်"

"စီးမာရှီ"(Sima Shi) မှ မိဖုရားကျန်းဘက်ကိုညွှန်ပြကာ
"သူကတော့ ကျန်းမိသားစုကဆိုတော့ သေရလိမ့်မယ်"
"ချောင်ဖန်း"(Cao Fang) သည် ငိုကြွေးကာ "သူ့ကိုတော့ အသက်ချမ်းသာပေးလိုက်ပါ" ဟုပြောခဲ့သည်။
သို့သော် "စီးမာရှီ"(Sima Shi) သည် လက်မခံခဲ့ပဲ အာဏာပါးကွက်သားတို့ကိုခေါ်ကာ မိဖုရားကိုဆွဲခေါ်သွားစေ၏။ ထို့နောက် နန်းတွင်းတံခါးဝတွင် ပိုးထည်ကြိုးဖြင့် ကြိုးဆွဲချကာသတ်စေသည်။ ထိုအဖြစ်အပျက်များပြီးဆုံးခဲ့ပြီး တစ်ရက်အကြာ "စီးမာရှီ"(Sima Shi) သည် အမှုထမ်းအားလုံးကို စည်းရုံးကာပြောခဲ့သည်။
"အခုလက်ရှိသခင်ဟာ အသုံးအဖြုန်းကြီးပြီး စည်းကမ်းတွေအတိုင်းမကျင့်ကြံဘူး။ ဒါ့အပြင် မသူတော်တွေနဲ့လည်း မိတ်ဆွေဖွဲ့ခဲ့တယ်။ မကောင်းတဲ့စကားကိုနားထောင်ပြီး အကြံကောင်းကိုတော့ ပစ်ပယ်ခဲ့တယ်။ သူ့အပြစ်တွေဟာ ရှေးက ချန်ယီမင်းသားထက်တောင်များသေးတယ်၊ ဒါကြောင့် သူက အုပ်ချုပ်မင်းလုပ်ဖို့သင့်တော်သူမဟုတ်ဘူး။ ဒါကြောင့် ယီယင်း(Yi Yin) နဲ့ ဟော်ကွမ်း(Huo Guang) တို့ကိုအတုယူပြီး သူ့ကိုနန်းဆင်းစေပြီးတော့ အခြားဧကရာဇ်တစ်ပါးတင်မြောက်လိုတယ်။ ဒါမှသာ မြင့်မြတ်တဲ့အုပ်ချုပ်သူဆိုတာ ဆက်လက်ရှိနေမှာဖြစ်ပြီး ငြိမ်းချမ်းမှုလည်း ရမှာဖြစ်တယ်။ ခင်ဗျားတို့ရော ဘယ်လိုသဘောရလဲ"
အားလုံးက သဘောတူခဲ့ကြသည်။
"စစ်သူကြီးက ယီယင်း(Yi Yin)၊ ဟော်ကွမ်း(Huo Guang) တို့လိုလုပ်ဆောင်တာ မှန်ကန်ပါတယ်။ ဒါက ကောင်းကင်ဆန္ဒအတိုင်း လူတွေမျှော်လင့်ချက်ကိုဖြည့်ဆည်းပေးတာပါပဲ။ ဘယ်သူက ဒါကိုငြင်းပယ်ဝံ့မလဲ"

ထို့ကြောင့် "စီးမာရှီ"(Sima Shi) သည် အမှုထမ်းများနှင့်အတူ ထာဝရငြိမ်းချမ်းမှုနန်းတော်သို့သွားကာ ဧကရာဇ်မယ်တော်ထံလျှောက်တင်ခဲ့သည်၊
"စစ်သူကြီးက ဘယ်သူ့ကိုနန်းတင်ချင်တာလဲ"
"ကျွန်တော်မျိုးအမြင်အရ ဖုန်ချန်မင်းသား ချောင်ကျွီ(Cao Ju) ဟာ ဉာဏ်ရည်ထက်ပြီး ပြည်သူအပေါ်ကရုဏာထားသလို ဘိုးဘေးတွေကိုလည်း ရိုသေသူဖြစ်တယ်၊ ဒါကြောင့် သူက နန်းတက်ဖို့သင့်တော်ပါတယ်"
"သူက ငါ့ရဲ့ဦးလေးတော်တယ်၊ ဒါပေမယ့် သူက ထီးနန်းစံဖို့မသင့်ဘူး။ ဒါပေမယ့် ကောင်းကွေ့နယ်စား ချောင်မောင်(Cao Mao) ကတော့ ဖီဧကရာဇ်ရဲ့မြေးဖြစ်ပြီး ကောင်းမွန်တဲ့စိတ်နှလုံး၊ တပါးသူအပေါ်ရိုသေလေးစားတတ်သူ ဖြစ်တယ်။ ဒါကြောင့် သူ့ကိုနန်းတင်ဖို့သင့်တော်တယ်။ စစ်သူကြီးနဲ့အခြားဝန်ကြီးတွေ တိုင်ပင်ကြည့်ကြပါ"
ထိုအခါ အမှုထမ်းတစ်ဦးမှပြောခဲ့သည်။
"မယ်တော်ကြီးပြောတာမှန်ပါတယ်။ ချောင်မောင်(Cao Mao) ကို နန်းတင်သင့်ပါတယ်"

အားလုံးမှ ထိုပြောသူကိုလှည့်ကြည့်ခဲ့ကြသည်။ ထိုသူမှာ "စီးမာရှီ"(Sima Shi) ၏ဦးလေး "စီးမာဖူ"(Sima Fu) ဖြစ်၏။ ကောင်းကွေ့နယ်စားကို မြို့တော်သို့ဆင့်ခေါ်ခဲ့သည်။ ဧကရာဇ်မယ်တော်သည် ပြစ်ဒဏ်ပေးခန်းမသို့ "ချောင်ဖန်း"(Cao Fang) ကိုခေါ်ကာ ကြိမ်းမောင်းခဲ့လေသည်။
"မင်းက ရက်စက်ကြမ်းကြုတ်ပြီး မကောင်းတဲ့လူတွေနဲ့ပူးပေါင်းပြီးတော့ မိန်းမယုတ်တွေနဲ့ပေါင်းသင်းခဲ့တယ်။ ဒီတော့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့မသင့်တော်ဘူး။ ဒါကြောင့် နန်းတွင်းတံဆိပ်တော်ကိုပြန်အပ်ပြီး ချီပြည်မင်းသားရာထူးကို ပြန်ယူစေ။ ဒါ့အပြင် ခွင့်ပြုချက်မရှိပဲ နန်းတွင်းထဲကိုမလာပါနဲ့"
"ချောင်ဖန်း"(Cao Fang) သည် မယ်တော်၏ခြေရင်းအောက်ဝယ် ငိုယိုခဲ့ပြီး တံဆိပ်တော်ကိုအပ်ခဲ့သည်။ ထို့နောက် လှည်းယာဉ်ကိုစီးပြီး ထွက်သွားခဲ့လေသည်။ လက်တစ်ဆုပ်စာဝန်ကြီးအချို့ကသာ မျက်ရည်ကိုထိန်းပြီး လိုက်လံပို့ဆောင်ခဲ့ကြသည်။

ဧကရာဇ်အဖြစ်ရွေးချယ်ခံခဲ့ရသော "ချောင်မောင်"(Cao Mao) သည် ဖီဧကရာဇ်၏မြေးဖြစ်ကာ တုန်းဟိုင်မင်းသား "ချောင်လင်"(Cao Lin) ၏ သားဖြစ်သည်။ "ချောင်မောင်"(Cao Mao) သည် မြို့တော်နားရောက်သောအခါ အမှုထမ်းများအားလုံးက နန်ရဲ့တံခါးတွင် စောင့်မျှော်နေခဲ့ကြပြီး တော်ဝင်လှည်းဖြင့် အသင့်စောင့်နေသည်။ "ချောင်မောင်"(Cao Mao) မှ ပြန်ပြီး အရိုအသေပြုခဲ့သည်။ အမှုထမ်းတစ်ဦးဖြစ်သော "ဝမ်စူး"(Wang Su) မှ
"အုပ်ချုပ်သူက ပြန်ပြီး အရိုအသေပြုဖို့မလိုပါဘူး"
"ကျုပ်လည်း ဝန်ကြီးပဲဆိုတော့ အရိုအသေပြုရမှာပေါ့"
ထို့နောက် လှည်းယာဉ်ဖြင့် နန်းတော်အတွင်းသို့ဝင်စေခဲ့သော်လည်း "ချောင်မောင်"(Cao Mao) မှငြင်းပယ်ခဲ့သည်။
"ဧကရာဇ်မယ်တော်ကြီးက ကျုပ်ကိုဆင့်ခေါ်တာ ဘာအတွက်လည်း မသိဘူး။ ကျုပ်က ဘာကြောင့် ဒီလှည်းယာဉ်ကိုစီးရမှာလဲ"

သူ ခန်းမဆောင်နားရောက်သောအခါ အသင့်စောင့်နေသော "စီးမာရှီ"(Sima Shi) နှင့်တွေ့ရာ ဒူးထောက်ပြီးအရိုအသေပေးခဲ့သည်။ "စီးမာရှီ"(Sima Shi) မှ အလျင်အမြန်တားလိုက်ပြီး မယ်တော်ကြီးထံခေါ်သွားခဲ့သည်။ ဧကရာဇ်မယ်တော်မှ
"မင်းငယ်ငယ်တည်းက ထည်ဝါမှုတွေရှိတယ်ဆိုတာ သတိထားမိတယ်။ အခုတိုင်းပြည်ကြီးရဲ့ဧကရာဇ်အဖြစ် နန်းတက်ရမယ်။ တပါးသူအပေါ်ရိုသေပြီး အသင့်အတင့်ဖြစ်တဲ့လမ်းစဉ်ကိုလိုက်ပြီးတော့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရား၊ အကြင်နာတရားတွေ ရှိရမှာဖြစ်တယ်။ ပြီးတော့ ရှေးဧကရာဇ်တွေရဲ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရမယ်"
"ချောင်မောင်"(Cao Mao) က ငြင်းဆန်ခဲ့သော်လည်း အတင်းအကြပ်တိုက်တွန်းကြသောကြောင့် သဘောတူခဲ့ရသည်။ သူ့ကို ဧကရာဇ်မယ်တော်ထံမှပြန်ထွက်လာစေပြီးနောက် ဥပဒေသခန်းမဆောင်သို့ခေါ်လာပြီး ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်စေခဲ့သည်။ ကျာဖင်ဆဌမနှစ်(အေဒီ ၂၅၄) ကို မူလဖြောင့်မတ်ခြင်း(ကျန့်ယွမ်) ပထမနှစ်ဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်များလည်း ပေးခဲ့လေသည်။

"စီးမာရှီ"(Sima Shi) သည်လည်း ဂုဏ်သိန်များစွာရရှိခဲ့ပြီး ရွှေပုဆိန်တို့လည်း ရရှိခဲ့သည်။ ထို့အပြင် နန်းတော်အတွင်းသို့ဝင်နိုင်ခွင့်၊ မိမိနာမည်ကြေညာရန်မလိုပဲ ဧကရာဇ်အား လျှောက်တင်နိုင်ခွင့်နှင့် နန်းတွင်းညီလာခံသို့ လက်နက်ယူဆောင်နိုင်ခွင့်များရခဲ့လေ၏။ အခြားအမှုထမ်းတို့လည်း ရာထူးတိုးခဲ့ကြသည်။
သို့သော် ကျန့်ယွမ်ဒုတိယနှစ်တွင် အရှေ့ပိုင်းကိုကာကွယ်သောစစ်သူကြီး "ကွမ်းချိုကျန့်"(Guanqiu Jian) နှင့် ရန်ကျိုးနယ်စား "ဝန်ချင်"(Wen Qin) တို့သည် နန်းကျဧကရာဇ်ကို နန်းပြန်တင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် စစ်တပ်များစုဆောင်းနေကြောင်း ကြားသိခဲ့ရသည်။
"စီးမာရှီ"(Sima Shi) သည် နေမထိထိုင်မသာဖြစ်ခဲ့သည်။

Comments

Popular posts from this blog

Lookism