သုံးနိုင်ငံခေတ်(၁၁၈)
အခန်း(၁၁၈) ဘိုးဘွားဘုံကျောင်းတွင် ငိုယိုလျက်
မိဘအပေါ်သိတတ်သောမင်းသား သေဆုံးခဲ့ခြင်း။
ခေါင်းဆောင်နှစ်ဦးပြိုင်ဆိုင်လျက် အနောက်ဘက်မြစ်ပြည်နယ်သို့
ချီတက်ခြင်း။
မြန်ကျူကျဆုံးသွားကြောင်းနှင့်
"ကျူးကဲကျန်း"(Zhuge Zhan) နှင့် "ကျူးကဲရှန်"(Zhuge Shang) တို့သားအဖသေဆုံးသွားသည်ကိုသိသောအခါ
ဒုတိယဧကရာဇ်သည် ညီလာခံကျင်းပခဲ့သည်။ အမှုထမ်းတို့မှ
"လူတွေဟာ
တုန်လှုပ်ကြကုန်ပြီး အုပ်စုလိုက် မြို့ပြင်ကို ထွက်ကုန်ပါပြီ။ သူတို့ရဲ့ငိုသံတွေဟာ ကောင်းကင်ကြီးကို
တုန်ခါစေတယ်"
ဧကရာဇ်သည် ဘာမှမလုပ်နိုင်ခဲ့ပေ။
ရန်သူတို့က မြို့နားသို့ကပ်လာသည်ကိုသိသောအခါ အမှုထမ်းတို့မှ ထွက်ပြေးရန်အကြံပေးခဲ့သည်။
"ကျွန်တော်တို့မှာ
မြို့တော်ကိုကာကွယ်ဖို့ စစ်တပ်အလုံအလောက်မရှိပါဘူး။ ဒီမြို့ကနေထွက်ပြီး တောင်ပိုင်းနယ်ကိုသွားသင့်တယ်။
အဲ့နယ်က လမ်းခရီးခက်ခဲပြီး ကာကွယ်ရလွယ်ကူတယ်။ မန်မျိုးနွယ်စုတွေရဲ့အကူအညီကိုလည်း ရနိုင်မယ်"
သို့သော် အထက်တန်းဝန်ကြီး
"ချောင်ကျိုး"(Qiao Zhou) မှ ကန့်ကွက်ခဲ့သည်။
"မဖြစ်ဘူး၊
အဲ့လိုလုပ်လို့မဖြစ်ပါဘူး။ မန်မျိုးနွယ်တွေဟာ သူပုန်ဟောင်းတွေဖြစ်ပြီး သနားကြင်နာမှုမရှိသူတွေဖြစ်တယ်။
သူတို့ဆီသွားရင် ဒုက္ခဧကန်ရောက်ပါလိမ့်မယ်"
ထိုအခါ အချို့က
ဝူပြည်၌ ခိုလှုံရန် အကြံပေးကြသည်။
"ဝူနယ်သားတွေဟာ
ကျွန်တော်မျိုးတို့ရဲ့မဟာမိတ်တွေဖြစ်ပါတယ်။ ဒီလိုအခြေအနေဆိုးမှာ သူတို့ထံသွားပြီး ခိုလှုံသင့်တယ်"
သို့သော်
"ချောင်ကျိုး"(Qiao Zhou) မှ ကန့်ကွက်ပြန်သည်။
"ဟိုးအရင်ခေတ်တုန်းက
ဧကရာဇ်ဆိုတာ ဘယ်ပြည်ကိုမှ မသွားခဲ့ဖူးဘူး။ ကျွန်တော်မျိုးအမြင်အရကတော့ ဝေပြည်ဟာ ဝူကိုဝါးမြိုသွားလိမ့်မယ်။
ဝူက လုံးဝ ဝေကိုခုခံနိုင်မှာမဟုတ်ဘူး။ ဝူပြည်ရဲ့ဝန်ကြီးတွေဖြစ်ခဲ့ပြီးမှ ဝေပြည်ရဲ့အမှုထမ်းထပ်ဖြစ်ရမယ်ဆိုရင်
အရှက်ပေါ်အရှက်ဆင့်သွားတာပဲ မဟုတ်လား။ ဘာမှမလုပ်ပါနဲ့။ ဝေပြည်ထံမှာ လက်နက်ချမယ်ဆိုရင်
ဝေက အရှင်မင်းကြီးကို ဘိုးဘွားဘုံကျောင်းပါရှိတဲ့နယ်မြေကိုတော့ ပေးအပ်မှာဖြစ်တယ်။ ပြည်သူတွေလည်း
ဒုက္ခရောက်မှာမဟုတ်ဘူး။ အရှင်မင်းကြီး သေချာစဉ်းစားစေလိုပါတယ်"
အာရုံထွေပြားနေသော
ဒုတိယဧကရာဇ်သည် မည်သို့မျှမဆုံးဖြတ်နိုင်ပဲ ညီလာခံမှထွက်လာခဲ့သည်။ နောက်တစ်ရက်တွင်
ပိုမိုရှုပ်ထွေးလာလေ၏။ "ချောင်ကျိုး"(Qiao Zhou) မှ အရေးပေါ်အခြေအနေဖြစ်မှန်း
သိလေရကား စာရေးပြီး သဝဏ်လွှာတင်ခဲ့သည်။ ထိုသဝဏ်လွှာကို ဧကရာဇ်မှလက်ခံပြီး လက်နက်ချရန်ဆုံးဖြတ်လိုက်သည်။
သို့သော် အနောက်ဘက်မှ
ဧကရာဇ်၏သားတော်တစ်ဦးဖြစ်သည့် ပေတိမင်းသား "လျူချန်"(Liu Chen) ထွက်လာကာ
"ချောင်ကျိုး"(Qiao Zhou) ကို ကြိမ်းမောင်းခဲ့သည်။
"အကျင့်ပျက်ခြစားတဲ့လူက
ပြည်သူတွေကြားမှာ နေဖို့မသင့်တော်ဘူး။ တိုင်းပြည်ရဲ့တည်ရှိမှုအတွက်အရေးကြီးတဲ့အချိန်မျိုးမှာ
ဒီလိုရူးသွပ်တဲ့အကြံမျိုးပေးရဲတယ်! ဘယ်ဧကရာဇ်က လက်နက်ချဖူးလို့လဲ"
ဒုတိယဧကရာဇ်တွင်
သားခုနစ်ဦးရှိသော်လည်း အရည်အချင်းအရှိဆုံး၊ လူအများထက်သာလွန်သောသူမှာ "လျူချန်"(Liu
Chen) တစ်ဦးတည်းသာရှိခဲ့သည်။
ဧကရာဇ်မှ သားတော်ဖြစ်သူဘက်ချည့်နဲ့စွာလှည့်ပြီး
"ဝန်ကြီးတွေက
လက်နက်ချဖို့အကြံပေးကြတယ်။ မင်းတစ်ယောက်တည်းပဲ ရဲရင့်ရင်အောင်နိုင်မယ်လို့မြင်နေတယ်။
မြို့တစ်ခုလုံးကို သွေးချောင်းစီးစေချင်လို့လား"
"ပထမဧကရာဇ်ရှိခဲ့စဉ်က
ဒီချောင်ကျိုး(Qiao Zhou) ဆိုတဲ့လူက တိုင်းရေးပြည်ရာမှာ နေရာမရခဲ့ဘူး။ အခု ဒီလိုဆိုးရွားတဲ့အကြံကိုပေးပြီး
ကြမ်းတမ်းတဲ့စကားကိုပြောဆိုဝံ့တယ်။ သူပြောသလို လုပ်စရာမလိုသေးပါဘူး။ သားတော်တို့မှာ
စစ်တပ်တွေအများကြီးရှိသေးသလို ကျန်းဝေ(Jiang Wei) ဟာလည်း ကျန့်မန်ခံတပ်မှာ စစ်မရှုံးသေးဘူးမဟုတ်လား?
ကျွန်တော်တို့သေချာပေါက် အောင်မြင်မှာပါ။ ဒီလိုထုံထိုင်းတဲ့လူရဲ့အကြံကို နားထောင်စရာမလိုပါဘူး။
ကျွန်တော်တို့ဘိုးဘေးတွေကြိုးစားခဲ့သမျှကို အလွယ်တကူလက်လွှတ်လိုက်တော့မလို့လား"
ဒုတိယဧကရာဇ်သည်
ဒေါသထွက်ကာ သူ့သားတော်ကို
"ပါးစပ်ပိတ်ထားစမ်း!
မင်းဒါကိုနားလည်ဖို့ ငယ်သေးတယ်"
"လျူချန်"(Liu
Chen) သည် ခေါင်းကိုမြေဖြင့်ဆောင့်ကာ ဖခမည်းတော်၏စိတ်ကိုပြောင်းရန် ကြိုးစားခဲ့သည်။
"ကျွန်တော်တို့တွေအကောင်းဆုံးလုပ်ဆောင်ပြီး
ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင်မှ ဖခမည်းတော်နဲ့သားတော်၊ မင်းကြီးနဲ့မှူးမတ်အနေနဲ့
မြို့ရိုးကိုမှီပြီး တိုင်းပြည်ကိုကာကွယ်ဖို့ကြိုးစားရင်း သေဆုံးခဲ့မယ်ဆိုရင်တောင်မှ
ရွှေစမ်းချောင်းကိုးသွယ်ကိုရောက်တဲ့အခါ ပထမဧကရာဇ်ရဲ့မျက်နှာကို ရှက်ရွံ့မှုမရှိပဲ ကြည့်နိုင်မယ်မဟုတ်လား?
ကျွန်တော်တို့တွေ လက်နက်ချလိုက်ရင်ကော?"
ထိုသို့အသနားခံမှုအပေါ်
ဒုတိယဧကရာဇ်မှ ဂရုမစိုက်ခဲ့ပေ။ မင်းသားက ငိုယိုခဲ့သည်။
"ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ
သွေးချွေးနဲ့ရင်းပြီးတည်ဆောက်ထားတဲ့အရာကို တစ်ရက်တည်းနဲ့ စွန့်ပစ်လိုက်တာဟာ ရှက်ဖို့မကောင်းပါဘူးလား။
ကျွန်တော့အနေနဲ့တော့ သေရတာက ပိုမွန်မြတ်ပါတယ်"
ဧကရာဇ်သည် ဒေါသထွက်ကာ
အမှုထမ်းတို့ကိုခေါ်ပြီး ထိုလူငယ်ကို နန်းတော်အတွင်းမှ မောင်းထုတ်စေခဲ့သည်။ ထို့နောက်
"ချောင်ကျိုး"(Qiao Zhou) အား တရားဝင်လက်နက်ချစာရေးရန် တာဝန်ပေးလိုက်သည်။
ထိုစာနှင့်အတူ ဧကရာဇ်၏တံဆိပ်တော်ကိုပေးအပ်ခဲ့ပြီး အကြံပေး "ကျန်းရှောင်"(Zhang
Shao) ၊ သမက်တော် "တန့်လျန်"(Deng Liang) နှင့် အထက်တန်းဝန်ကြီး "ချောင်ကျိုး"(Qiao
Zhou) တို့အား "တန့်အိုက်"(Deng Ai) ထံသွားကာ လက်နက်ချစေသည်။
နေ့စဉ်နေ့တိုင်း
"တန့်အိုက်"(Deng Ai) ၏မြင်းသည်တော်တို့သည် မြို့နားသို့လာပြီး ထောက်လှမ်းမှုများလုပ်ခဲ့သည်။
ဝမ်းမြောက်ဖွယ်ကောင်းသောတစ်ရက်တွင် လက်နက်ချသည့်အလံကိုတွေ့သောကြောင့် ပြန်ကလာကာ သတင်းပို့ကြသည်။
စစ်သူကြီးသည် ကြာကြာပင်မစောင့်လိုက်ရ၊ သံတမန်သုံးဦးတို့ရောက်လာပြီး လက်နက်ချကြောင်းကြေညာစာနှင့်တံဆိပ်တော်ကို
ပေးအပ်ခဲ့သည်။ "တန့်အိုက်"(Deng Ai) သည် ဝမ်းမြောက်စွာဖြင့် စာကိုဖတ်ပြီး
တံဆိပ်တော်ကိုလက်ခံခဲ့သည်။ သူသည် တမန်တို့အားကောင်းစွာဆက်ဆံပြီး ထိုသူတို့မှတဆင့် စာတစ်စောင်ပြန်ပေးကာ
လူတို့အား စိတ်အေးချမ်းစေခဲ့သည်။ သူတို့သည် မြို့တွင်းသို့ပြန်ဝင်ပြီး ထိုစာအား ဧကရာဇ်ကိုပေးလိုက်ရာ
ဧကရာဇ်မှ ကျေနပ်စွာဖတ်ခဲ့သည်။ ပြီးနောက် ဝန်ကြီး "ကျန်းရှန်"(Jiang
Xian) ကိုလွှတ်ပြီး "ကျန်းဝေ"(Jiang Wei) အား လက်နက်ချစေသည်။
အတွင်းရေးမှူးချုပ်
"လီဟူ"(Li Hu) သည် တိုင်းပြည်သယံဇာတများ မှတ်တမ်းတင်လွှာကို "တန့်အိုက်"(Deng
Ai) ထံ ပေးခဲ့သည်။ အိမ်ခြေပေါင်း ၂,၈၀၀,၀၀၀၊ လူဦးရေပေါင်း ၉,၁၄၀,၀၀၀၊ လက်နက်ကိုင်တပ်သားပေါင်း
၁၀၂,၀၀၀နှင့် ပြည်ထဲရေးအမှုထမ်းစုစုပေါင်း ၄၀,၀၀၀ ရှိခဲ့သည်။ ထို့အပြင် လှည်း ၄,၀၀၀,၀၀၀
စာ ရိက္ခာအပြည့်ဖြင့် ဂိုထောင်များ၊ ရွှေငွေ ပေါင် ၃၀၀၀၊ အရည်အသွေးအစားစားဖြင့် ပိုးထည်လောက်လိပ်ပေါင်း
၂၀၀,၀၀၀ နှင့်အခြားမရေမတွက်နိုင်သော တန်ဖိုးရှိပစ္စည်းမျိုးစုံရှိခဲ့သည်။ "လီဟူ"(Li
Hu) မှ အာဏာလက်လွှဲခြင်းအခမ်းအနားကို ဆယ့်နှစ်လပိုင်း၊ တစ်ရက်နေ့တွင် ကျင်းပရန် စီစဉ်ခဲ့သည်။
ဖခမည်းတော်သည်
နန်းဆင်းရန်အခမ်းအနားကို ရက်သတ်မှတ်ခဲ့ကြောင်းသိသောအခါ မင်းသား "လျူချန်"(Liu
Chen) ၏သောကတို့သည် ကောင်းကင်ထိတက်ခဲ့သည်။ သူသည် ဓားကိုကိုင်ပြီး နန်းတွင်းသို့သွားရန်ပြုသောအခါ
သူ၏ကြင်ရာတော် ချွေးအမျိုးသမီးမှ ဟန့်တားခဲ့သည်။
"အရှင့်သားက
ဘာကြောင့် ဒီလောက်ဒေါသထွက်ပုံပေါ်နေတာလဲ"
"ဝေစစ်တပ်က
တံခါးဝရောက်နေပြီး ကျုပ်ဖခမည်းတော်က လက်နက်ချဖို့လုပ်နေခဲ့တယ်။ မနက်ဖြန်မှာ သူနဲ့အမှုထမ်းတွေအားလုံးက
မြို့ပြင်ထွက်ပြီး တရားဝင်လက်နက်ချတော့မှာဖြစ်တယ်။ ဒီတိုင်းပြည်က ပျက်သုဉ်းတော့မယ်။
ဒါပေမယ့် သူများထံမှာဒူးထောက်မယ့်အစား သေဆုံးပြီးတော့ ပထမဧကရာဇ်ရဲ့ရှေ့တော်မှောက်ကိုသွားတာမှ
ကောင်းဦးမယ်"
"လုပ်သင့်လုပ်ထိုက်ပါတယ်။
ဒါပေမယ့် အရှင့်သားက သေမှဖြစ်မယ်ဆို ကျွန်တော်မျိုးမကို အရင်ဆုံးသေစေပြီးနောက် ထွက်သွားသင့်ပါတယ်"
"မင်းက
ဘာကြောင့် သေသင့်တာလဲ"
"မင်းသားက
ခမည်းတော်အတွက် သေဆုံးပြီး ကြင်ရာတော်က မင်းသားအတွက်သေဆုံးတာဟာ အမြဲတစေရှိတဲ့သဘောတရားသာဖြစ်တယ်"
ထို့နောက်
"လျူချန်"(Liu Chen) သည် သူကိုယ်တိုင် အသက်ရှင်ချင်မည်စိုးသောကြောင့် သားသုံးဦးကိုသတ်ပြီး
ဘဝနှောင်ကြိုးများကိုဖြတ်ရန် ကြင်ရာတော်၏ခေါင်းကိုဖြတ်ခဲ့သည်။ ထို့နောက် မင်းသမီး၏ခေါင်းကိုလက်တွင်ကိုင်လျက်
ပထမဧကရာဇ်၏ဘုံကျောင်းအတွင်းသို့ဝင်ကာ အရိုအသေပြုခဲ့သည်။
"ကျွန်တော်တို့တိုင်းပြည်ကြီးကို
တခြားလူလက်ထဲလွှဲအပ်ခံရမှာ ကြည့်ဖို့ ရှက်လွန်းလှတယ်။ ဒါကြောင့် ကျွန်တော်မျိုးက လူ့လောကမှာ
တွယ်တာစိတ်မရှိရလေအောင် သားတွေနဲ့ဇနီးဖြစ်သူကို အရင်သတ်ခဲ့ရခြင်းဖြစ်တယ်"
ထိုသို့ပြောဆိုပြီးနောက်
ဘိုးဘေးတို့အား ဆက်လက်တိုင်တည်ခဲ့သည်။
"ဘိုးဘေးတို့ရဲ့ဝိညာဉ်တွေဟာ
သိနားလည်မှုရှိနေသေးတယ်ဆိုရင် ကျွန်တော့ရဲ့ခံစားချက်တွေကို နားလည်မှာပါ"
ထို့နောက် မျက်လုံးမှသွေးယိုစီးလာသည်အထိ
ငိုကြွေးခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်သည်။ ထိုအကြောင်းကိုသိသော ရှူပြည်သူတို့သည်
လွန်စွာမှ ကြေကွဲဝမ်းနည်းခဲ့ရလေသည်။
သားတော်ကွယ်လွန်သွားကြောင်း
ဒုတိယဧကရာဇ်သိသောအခါ လူလွှတ်ပြီး မြှုပ်နှံစေ၏။ မကြာမီတွင်ပင် ဝေစစ်တပ်ကြီးရောက်လာသည်။
ဧကရာဇ်နှင့်အမှုထမ်းခြောက်ဆယ်တို့သည် မြောက်တံခါးမှ သုံးမိုင်အကွာထိထွက်ကာ ခေါင်းကိုငုံ့ပြီး
လက်နက်ချခဲ့လေသည်။ ဒုတိယဧကရာဇ်သည် သူ့ကိုယ်သူကြိုးတုတ်နှောင်စေပြီး အခေါင်းတစ်ခုလည်း
သယ်လာသည်။ သို့သော် "တန့်အိုက်"(Deng Ai) မှ သူကိုယ်တိုင်ကြိုးတို့ကိုပြန်ဖြည်ခဲ့ပြီး
ဧကရာဇ်ကို မြေပေါ်မှထူပေးခဲ့သည်။ အခေါင်းကိုလည်း မီးရှို့ဖျက်စီးစေသည်။ ပြီးနောက် အောင်နိုင်သူနှင့်ဧကရာဇ်ဟောင်းတို့သည်
အတူတူ မြို့တွင်းသို့ဝင်လာခဲ့သည်။
"တန့်အိုက်"(Deng
Ai) ၏သဘာထားကြီးမြတ်မှုအပေါ် ပြည်သူတို့က ဝမ်းမြောက်ကြပြီး ထိုတပ်များချီတက်လာသောအခါ
အမွှေးတိုင်ထွန်းညှိခြင်း၊ ပန်းကြဲခြင်းဖြင့် ကြိုဆိုခဲ့ကြသည်။ ဧကရာဇ်ဟောင်းကို မြင်းပျံတပ်စစ်သူကြီးရာထူးပေးခဲ့ပြီး
လက်နက်ချသူဝန်ကြီးတို့အားလည်း ရာထူးအသီးသီး ပေးအပ်ခဲ့သည်။ ပြီးနောက် "တန့်အိုက်"(Deng
Ai) မှ ပြည်သူတို့စိုးရိမ်ကြောင့်ကြခြင်းမရှိစေရန် ဧကရာဇ်ဟောင်းအား ကြေညာချက်တစ်ခု
ထုတ်ပြန်စေသည်။ အောင်နိုင်သူတို့သည် တိုင်းပြည်နှင့်ဂိုထောင်၊ ဘဏ္ဍာတိုက်တို့ကို တရားဝင်သိမ်းယူခဲ့လေသည်။
ယီကျိုးမြို့စား
"ကျန်းရှောင်"(Zhang Shao) နှင့် ဝန်ကြီး "ကျန်းကျွင်း"(Zhang
Jun) တို့ကို နယ်ပယ်အသီးသီးသို့စေလွှတ်ပြီး မကျေနပ်မှုများမရှိစေရန် လုပ်ဆောင်ခဲ့သည်။
"ကျန်းဝေ"(Jiang Wei) အား အသာတကြည်လက်နက်ချရန် နောက်ထပ်ဆက်သားလွှတ်ကာ ပြောစေ၏။
စစ်အောင်နိုင်မှုသတင်းကို လော့ရန်သို့လျှောက်စေခဲ့သည်။
သခင်ဖြစ်သူကိုဒုက္ခပေးခဲ့သော
"ဟွမ်ဟောက်"(Huang Hao) ကို အန္တရာယ်ရှိသူအဖြစ်သတ်မှတ်ခဲ့ပြီး "တန့်အိုက်"(Deng
Ai) မှ သေဒဏ်ပေးလိုခဲ့သည်။ သို့သော် ချမ်းသာကြွယ်ဝသော "ဟွမ်ဟောက်"(Huang
Hao) သည် လာဘ်ထိုးကာ သေဒဏ်ကိုရှောင်လွှဲနိုင်ခဲ့လေ၏။ သို့နှင့် ဟန်ပြည်ကြီးကျဆုံးခဲ့လေသည်။
အချိန်တန်သောအခါ
"ကျန်းရှန်"(Jiang Xian) သည် ကျန့်မန်ခံတပ်သို့ရောက်လာပြီး ဧကရာဇ်၏လက်နက်ချရန်အမိန့်ကို
"ကျန်းဝေ"(Jiang Wei) အား ပေးခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည်
ထိုအမိန့်ကြောင့် ကြက်သေသေသွားခဲ့ပြီး အမှုထမ်းတို့သည် ဒေါသ၊ အရှက်တို့ကြောင့် အံကိုကြိတ်ခဲ့သည်။
ဒေါသကြောင့် ဆံပင်တို့ပင်ထောင်တက်သွားခဲ့ပြီး ဓားတို့ဖြင့် ကျောက်တုံးများကိုခုတ်ခဲ့သည်။
"ကျုပ်တို့က
အသက်နဲ့ရင်းပြီးတိုက်နေတဲ့အချိန်မှာ ဒုတိယဧကရာဇ်က လက်နက်ချသွားပါရောလား"
ဒေါသဖြင့်ရွတ်ဆိုသံတို့သည်
မိုင်များစွာမှပင် ကြားနိုင်၏။ သို့သော်လည်း "ကျန်းဝေ"(Jiang Wei) မှ ထိုသူတို့ကို
ဖြေသိမ့်ခဲ့သည်။
"စစ်သူကြီးတို့
စိတ်မကောင်းမဖြစ်ပါနဲ့။ အဲ့လိုဆိုရင်တောင်မှ ကျွန်တော်က ဟန်ပြည်ကိုပြန်ထူထောင်နိုင်ပါသေးတယ်"
"ဘယ်လိုလုပ်မလို့တုန်း"
ထို့နောက် စစ်သူကြီးနားကပ်ကာ
တီးတိုးပြောခဲ့သည်။
ကျန့်မန်ခံတပ်၏တံတိုင်းများပေါ်မှ
လက်နက်ချသောအလံကိုလွှင့်ထူစေခဲ့ပြီး "ကျုံးဟွေ့"(Zhong Hui) ထံသို့ ဆက်သားလွှတ်ခဲ့သည်။
"ကျန်းဝေ"(Jiang Wei) နှင့်စစ်သူကြီးတို့ရောက်လာသောအခါ "ကျုံးဟွေ့"(Zhong
Hui) မှ ထွက်ပြီး တွေ့ခဲ့လေသည်။
"ခင်ဗျားတို့တွေထွက်လာဖို့
ဘာကြောင့် ဒီလောက်ကြာရတာလဲ"
"ကျန်းဝေ"(Jiang
Wei) သည် မျက်ရည်ကျကာ ကြောက်လန့်ခြင်းမရှိပဲ တဖက်လူ၏မျက်နှာကိုစေ့စေ့ကြည့်ပြီး
"တိုင်းပြည်တစ်ခုလုံးရဲ့တပ်တွေက
ကျုပ်လက်အောက်မှာရှိခဲ့တာ။ ကျုပ်လာတာတောင် မြန်နေသေးတယ်"
ထိုစကားအပေါ်
"ကျုံးဟွေ့"(Zhong Hui) က တွေးတောနေပြီးနောက် ဘာမှဆက်မပြောတော့ပေ။ နှစ်ယောက်သား
တစ်ဦးကိုတစ်ဦးအရိုအသေပြုကာ "ကျန်းဝေ"(Jiang Wei) အား ဂုဏ်သရေရှိနေရာတွင်
ထိုင်စေခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) : "စစ်သူကြီး ဟွိုင်မြစ်တောင်ပိုင်းကထွက်လာပြီး အခုအချိန်ထိ လုပ်ဆောင်မှုတွေကို
ကျွန်တော်ကြားသိခဲ့ပါတယ်။ စီးမာမိသားစုတွေရဲ့ကံကောင်းခြင်းဟာ စစ်သူကြီးကြောင့်ပဲဖြစ်လို့
စစ်သူကြီးထံမှာ လက်နက်ချရတာ ကျေနပ်ပါတယ်။ တန့်အိုက်(Deng Ai) ဆိုရင် ကျွန်တော်လက်နက်ချမှာမဟုတ်ပဲ
သူသေကိုယ်သေတိုက်မှာဖြစ်တယ်"
ထို့နောက်
"ကျုံးဟွေ့"(Zhong Hui) မှ မြားကိုချိုးလိုက်ပြီး တစ်ဦးကိုတစ်ဦး ညီနောင်ကဲ့သို့သတ်မှတ်ရန်
သစ္စာဆိုခဲ့ကြသည်။ သူတို့သည် ပိုမိုရင်းနှီးလာခဲ့လေ၏။ "ကျန်းဝေ"(Jiang
Wei) သည် သူ၏မူလတပ်ကိုဆက်လက်အုပ်ချုပ်ခွင့်ရသောကြောင့် ကြိတ်ပြီး ဝမ်းသာသွားခဲ့သည်။"ကျန်းရှန်"(Jiang
Xian) သည် ချန်တူးသို့ပြန်သွားသည်။
အောင်နိုင်သူ
"တန့်အိုက်"(Deng Ai) သည် အသစ်သိမ်းပိုက်ရရှိသောနယ်ပယ်ကို အုပ်ချုပ်ရန် စီစဉ်မှုများလုပ်ခဲ့သည်။
"ရှီကျွမ်း"(Shi Zuan) ကို ယီကျိုးနယ်စားအဖြစ်ခန့်အပ်ခဲ့ပြီး "ချန်ဟုန်"(Qian
Hong) ၊ "ရန်ရှင်း"(Yang Xin) နှင့်အခြားသူတို့ကိုလည်း ရာထူးအသီးသီးပေးအပ်ခဲ့သည်။
သူ၏အောင်နိုင်မှုကိုအမှတ်ရစေရန် မြန်ကျူတွင် မျှော်စင်ဆောက်ထားစေသည်။ စားသောက်ပွဲတွင်ရှိနေသည့်လူအများစုမှာ
အောင်မြင်ပြီးသည့်နယ်ပယ်သစ်မှလူများဖြစ်သော်လည်း "တန့်အိုက်"(Deng Ai) သည်
အရက်အလွန်အကျွံသောက်မိကာ စကားစရှည်နေခဲ့သည်။ သူ၏လက်ကိုဝှေ့ရမ်းပြီး ဧည့်သည်တို့အား
ပြောခဲ့သည်။
"အခု ကျုပ်မို့လို့
ခင်ဗျားတို့ကံကောင်းသွားတာ။ ကျုပ်နေရာမှာ တခြားလူတွေဆို လက်နက်ချရင်တောင်မှ ခင်ဗျားတို့သေဒဏ်ပေးခံရလိမ့်မယ်"
ဧည့်သည်တို့ကလည်း
ထလာပြီး ကျေးဇူးတင်စကားပြောခဲ့လေသည်။
ထိုအချိန်တွင်
"ကျန်းရှန်"(Jiang Xian) ရောက်လာပြီး "ကျန်းဝေ"(Jiang Wei) နှင့်သူ၏တပ်ကြီးသည်
"ကျုံးဟွေ့"(Zhong Hui) ထံတွင် လက်နက်ချသွားပြီဖြစ်ကြောင်းပြောခဲ့သည်။ ထိုအခြင်းအရာကြောင့်
"ကျုံးဟွေ့"(Zhong Hui) အပေါ်မုန်းတီးခဲ့ပြီး "တန့်အိုက်"(Deng
Ai) မှ စာတစ်စောင်ရေးကာ လော့ရန်သို့ပို့စေသည်။
"တကယ့်စစ်ပွဲမတိုင်ခင်မှာ
ကောလာဟလတွေရှိသင့်တယ်လို့မြင်ပါတယ်။ အခုအချိန်မှာ ရှူကိုသိမ်းနိုင်ပြီဖြစ်ပြီး နောက်တစ်ဆင့်ကတော့
ဝူကိုတိုက်ဖို့ပါပဲ။ ဒီအချိန်မှာ တိုက်ခိုက်မယ်ဆိုရင် အလယ်တကူအနိုင်ရမှာပါ။ ဒါကြောင့်
ဝေတပ်ရဲ့တပ်သားနှစ်သောင်းဟာ လုံယိုအနောက်ဘက်ကနေ ထွက်ခွာသင့်ပြီး ရှူတပ်သားနှစ်သောင်းကိုတော့
ဆားချက်တဲ့နေရာမှာတာဝန်ပေးပြီး တိုင်းပြည်ဘဏ္ဍာတိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင်
မြစ်ကိုဖြတ်ပြီးတိုက်ခိုက်ဖို့အတွက် သင်္ဘောတွေကိုတည်ဆောက်ထားရမှာဖြစ်တယ်။ ပြင်ဆင်မှုတွေပြီးသွားရင်တော့
ဝူပြည်ကိုသံတမန်လွှတ်ပြီး အကြောင်းအရင်းမှန်ကိုပြောပြသင့်တယ်။ အဲ့လိုဆိုရင် လုံးဝမတိုက်ခိုက်ပဲ
အနိုင်ရသွားနိုင်တယ်။
ဒါတင်မက လျူရှန်(Liu
Shan) ကို ကောင်းစွာဆက်ဆံမယ်ဆိုရင် စွန်းရှို့(Sun Xiu) ရဲ့အင်အားကိုနည်းသွားစေမယ်။
အဲ့လိုမှမဟုတ်ပဲ လျူရှန်(Liu Shan) ကို လော့ရန်ပို့စေမယ်ဆိုရင်တော့ ဝူနယ်သားတွေဟာ သံသယများပြီး
သူတို့ရောဘာဖြစ်မလည်းဆိုပြီး သို့လောသို့သောမေးခွန်းတွေပေါ်လာလိမ့်မယ်။ အဲ့လိုသာဆို
သူတို့တွေ လက်နက်ချတော့မှာမဟုတ်ဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ရှူပြည်အုပ်ချုပ်သူကို
ဒီမှာဆက်လက်ထားရှိဖို့ပဲဖြစ်မယ်။ နောက်နှစ်ဆောင်းရာသီမှာမှ သူ့ကိုမြို့တော်ကိုခေါ်သွားသင့်တယ်။
အခုလက်ရှိအချိန်မှာတော့ သူ့ကို ဖုဖုံးမင်းသားဘွဲ့ပေးအပ်ပြီး လုံလောက်တဲ့ငွေကြေးနဲ့သင့်တော်တဲ့အလုပ်အကျွေးတွေ
ထားရှိသင့်ပါတယ်။ သူ့သားတွေကိုလည်း သူကောင်းဘွဲ့ပေးသင့်တယ်။ ဒီလိုမှသာ လက်နက်ချတဲ့လူတွေကိုကောင်းစွာဆက်ဆံတယ်ဆိုတဲ့ပြယုဂ်ကိုရရှိနိုင်မှာဖြစ်တယ်။
ဒီလိုသာဆိုရင် ဝေရဲ့အင်အားကိုကြောက်ကြမှာဖြစ်ပြီး သဘောထားကြီးမှုကိုလေးစားကြမှာဖြစ်တယ်။
ပြီးရင်တော့ လုပ်ဆောင်လိုတဲ့အရာတွေကိုလည်း ပြီးမြောက်နိုင်မှာပါ"
ထိုစာကိုဖတ်ပြီးနောက်
"တန့်အိုက်"(Deng Ai) သည် သူ့အရေးပါမှုကို တမင်ဂုဏ်ဖော်ရေးနေသည်ဟု "စီးမာကျောင်း"(Sima
Zhao) ၏အတွေးထဲဝင်လာခဲ့သည်။ ထို့ကြောင့် သီးသန့်စာတစ်စောင်ကိုရေးကာ "ဝေကွမ်း"(Wei
Guan) မှတဆင့် "တန့်အိုက်"(Deng Ai) ထံပို့စေသည်။ "တန့်အိုက်"(Deng
Ai) အား ရာထူးတိုးပေးရန် ဝေဧကရာဇ်အား တိုက်တွန်းခဲ့သည်။ မကြာခင်ဝယ် ဧကရာဇ်၏အမိန့်စာထွက်လာသည်။
"စစ်သူကြီး
တန့်အိုက်(Deng Ai) သည် ကြီးကျယ်သောစစ်အောင်နိုင်မှုကိုရရှိခဲ့ပြီး ရန်သူ့တိုက်ပြီးကို
ထိုးဖောက်ဝင်ကာ ရန်သူတို့ကိုလက်နက်ချစေခဲ့သည်။ ထိုတာဝန်ကိုအလျင်အမြန်ရွက်ဆောင်နိုင်သောကြောင့်
စစ်ပွဲ၏တိမ်လွှာတို့မှာ လွင့်စင်သွားခဲ့ပြီး ပါးနှင့်ရှူနယ်တို့ ငြိမ်းအေးသွားခဲ့သည်။
တန့်အိုက်(Deng
Ai) ၏စွမ်းဆောင်မှုတို့သည် ချူပြည်ကိုသိမ်းနိုင်သော ပိုင်ချိ(Bai Qi) ၊ ကျောက်ပြည်ကိုအောင်နိုင်သော
ဟန်ရှင့်(Han Xin) တို့ထက်ပင် သာလွန်လှသည်။ တန့်အိုက်(Deng Ai) ကို စစ်သူကြီးချုပ်ဟုသတ်မှတ်ကာ
အိုးအိမ်နှစ်သောင်းကို အပိုင်စားပေးစေ။ သားနှစ်ဦးတို့ကိုလည်း အိုးအိမ်တစ်ထောင်စီ ဆုချစေ"
အခမ်းအနားဖြင့်
အမိန့်တော်ကိုလက်ခံပြီးနောက် "ဝေကွမ်း"(Wei Guan) မှ သီးသန့်စာကိုထုတ်ကာ
"တန့်အိုက်"(Deng Ai) ၏အကြံပေးချက်တို့အား လတ်တလောအချိန်တွင် စဉ်းစားရဦးမည်ဟုပြောခဲ့သည်။
"တန့်အိုက်"(Deng
Ai) မှ
"စစ်မြေပြင်ကစစ်သူကြီးဟာ
မင်းသားရဲ့အမိန့်ကိုတောင် ငြင်းဆန်နိုင်တယ်။ ကျွန်တော့ရဲ့တာဝန်က အနောက်ဘက်ကိုအောင်နိုင်ဖို့ပဲ။
အခုတော့ ကျွန်တော့အစီအစဉ်တွေကို ဘာကြောင့်ဆိုင်းငံ့စေရတာလဲ" ဟုပြောကာ မြို့တော်သို့စာတစ်စောင်ပြန်ပို့ခဲ့သည်။
ထိုအချိန်တွင် နန်းတွင်း၌ "တန့်အိုက်"(Deng Ai) သည် ပုန်ကန်ရန်ဆန္ဒရှိသည်ဟူသောကောလာဟလများပြန့်နေခဲ့သည်။
"စီးမာကျောင်း"(Sima Zhao) သည် ထိုစာကိုဖတ်ပြီးနောက် သူ့သံသယတို့သည် အစစ်အမှန်ဖြစ်နိုင်သည်ဟုတွေးထင်ကာ
စိုးရိမ်ခဲ့သည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။
"ကျွန်တော်မျိုး၊
အနောက်ဘက်ကိုကာကွယ်သောစစ်သူကြီး တန့်အိုက်(Deng Ai) ဟာ ပုန်ကန်မှုရဲ့ခေါင်းဆောင်ကိုလက်နက်ချအောင်လုပ်စေခဲ့ပြီ။
ဒါကြောင့် အသစ်ရရှိတဲ့နယ်မြေကိုသင့်တော်သလိုအုပ်ချုပ်ဖို့အတွက် ခွင့်ပြုချက်လိုအပ်ပါတယ်။
အဆင့်တိုင်းအဆင့်တိုင်းမှာ အစိုးရရဲ့အကြောင်းပြန်ချက်ကိုစောင့်နေမယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာပါလိမ့်မယ်။
နွေဦးဆောင်းဦးခေတ်မှာဆိုရင် အမှုထမ်းဟာ အပြင်နယ်ပယ်ကိုရောက်တဲ့အခါမှာ ဘုရင့်လုံခြုံမှုရဲ့တိုင်းပြည်တိုးတက်မှုအတွက်
သူ့ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။
အခုအချိန်မှာ
ဝူကိုလည်း မသိမ်းနိုင်သေးတော့ တိုင်းပြည်ကိုသာရှေးရှုသင့်ပြီး ဥပဒေတွေ၊ လုပ်ရိုးလုပ်စဉ်တွေက
အခြေချတဲ့လုပ်ငန်းတွေအပေါ်ထိန်းချုပ်ထားတာမဖြစ်သင့်ပါဘူး။ စစ်ပွဲမှာ ချီတက်မှုဟာ နာမည်ဂုဏ်ကိုမတွေးပဲလုပ်ဆောင်ရတာဖြစ်ပြီး
ဆုတ်ခွာမှုဟာလည်း အပြစ်ဒဏ်ကိုကြောက်လန့်ခြင်းမရှိပဲ ဆုံးဖြတ်ရတာဖြစ်တယ်။ ကျွန်တော်က
ရှေးခေတ်ကလူတွေလိုအရည်အချင်းမရှိသော်လည်း ကျွန်တော့ရဲ့နာမည်ဂုဏ်ကျဆင်းမှာကို မငဲ့ကွက်ပဲ
တိုင်းပြည်ရဲ့တိုးတက်မှုအတွက် ဆောင်ရွက်လိုပါတယ်"
"စီးမာကျောင်း"(Sima
Zhao) သည် မည်သို့လုပ်ရမည်မသိသောအခါ "ကျာချုံး"(Jia Chong) ဘက်လှည့်ပြီး
အကြံတောင်းသည်။
"တန့်အိုက်(Deng
Ai) က သူ့စွမ်းဆောင်မှုတွေကို တအားမြင့်မားတယ်ထင်ပြီး မောက်မာနေပြီ။ သူက အာဏာကိုဖီဆန်ဖို့သေချာပြီ။
ဘယ်လိုလုပ်မတုန်း"
"ကျုံးဟွေ့(Zhong
Hui) ကိုအသုံးချပြီး တန့်အိုက်(Deng Ai) ကိုထိန်းသိမ်းထားပါ"
"စီးမာကျောင်း"(Sima
Zhao) မှ ထိုအကြံကိုလက်ခံပြီး အတွင်းဝန် "ကျုံးဟွေ့"(Zhong Hui) ထံ အမိန့်စာပို့စေသည်။
ပြီးနောက် တပ်ကြီးကြပ်ရေးအရာရှိ "ဝေကွမ်း"(Wei Guan) ကို တပ်နှစ်ခုလုံးစီစေလွှတ်ပြီး
"တန့်အိုက်"(Deng Ai) ကိုစောင့်ကြည့်ထားရန်နှင့် ပုန်ကန်မှုအပေါ်သတိထားရန်
မှာကြားခဲ့သည်။ "ကျုံးဟွေ့"(Zhong Hui) ထံပို့ခဲ့သောအမိန့်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
'မည်သူမှမယှဉ်နိုင်သောခွန်အားနှင့်မြို့တိုင်းကိုအောင်မြင်နိုင်သောဂုဏ်ပုဒ်ကို
ပိုင်ဆိုင်သူ၊ ရဲရင့်သောရှူတပ်ကပင် လက်နက်ချခဲ့ရသူ၊ အစီအစဉ်တိုင်းကို အကောင်အထည်ဖော်နိုင်ပြီး
မည်သည့်အခါမျှရှုံးနိမ့်ခြင်းမရှိသူ ကျုံးဟွေ့(Zhong Hui) ကို အတွင်းဝန်အဖြစ်ခန့်အပ်ပြီး
အိုးအိမ်စုတစ်သောင်း၏အရှင်သခင်အဖြစ် သတ်မှတ်စေ။ သားနှစ်ဦးကိုလည်း သခင်ဘွဲ့ပေးကာ အိုးအိမ်တစ်ထောင်စီ
အပိုင်စားပေးစေ'
ထိုအမိန့်စာသည်
"ကျုံးဟွေ့"(Zhong Hui) ထံရောက်သောအခါ "ကျန်းဝေ"(Jiang Wei) ကိုခေါ်ပြီး
တိုင်ပင်ခဲ့သည်။
"တန့်အိုက်(Deng
Ai) ကိုပေးတဲ့ဆုလာဘ်က ကျုပ်ထက်တောင်များခဲ့ပြီး သူက စစ်သူကြီးချုပ်ဖြစ်သွားတယ်။ ဒါပေမယ့်
စီးမာကျောင်း(Sima Zhao) က သူပုန်ကန်လိမ့်မယ်လို့သံသယဝင်နေခဲ့ပြီး ကျုပ်နဲ့ ဝေကွမ်း(Wei
Guan) တို့ကိုစောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်။ ဒါကို မိတ်ဆွေကြီး ကျန်းဝေ(Jiang
Wei) ဘယ်လိုမြင်လဲ"
"တန့်အိုက်(Deng
Ai) က သာမန်မျိုးရိုးက ဆင်းသက်လာပြီး သူငယ်စဉ်တုန်းက လယ်သမား၊ နွားကျောင်းသားဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် သူက ကံကောင်းပြီး ဒီစစ်ပွဲမှာ အနိုင်ရခဲ့တယ်။ တကယ်တော့ ဒါဟာ သူ့ရဲ့စီမံခန့်ခွဲနိုင်စွမ်းကြောင့်
မဟုတ်ပဲ တိုင်းပြည်ရဲ့ကံကောင်းခြင်းကြောင့် အောင်နိုင်ခဲ့တာဖြစ်တယ်။ စစ်သူကြီးသာ ကျွန်တော်နဲ့
ကျန့်မန်ခံတပ်မှာ ရင်ဆိုင်မနေခဲ့ဘူးဆိုရင် သူအောင်မြင်မှာမဟုတ်ဘူး။ အခုတော့ သူက အရင်ရှူဧကရာဇ်ကို
ဖုဖုံးမင်းသားဘွဲ့ပေးစေချင်ပြီး ရှူပြည်သူတွေရဲ့ထောက်ခံမှုကိုရယူလိုတယ်။ ဒါကိုကြည့်ခြင်းဖြင့်
သူ့ကိုယုံလို့မရဘူးဆိုတာ မြင်နိုင်တယ်။ ကျင့်ဘုရင်ငယ်ကလည်း သူ့အပေါ်သံသယရှိတာ ပေါ်လွင်ပါတယ်"
"ကျုံးဟွေ့"(Zhong
Hui) မှ "ကျန်းဝေ"(Jiang Wei) ကို ချီးမွမ်းခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) မှ ဆက်ပြောသည်။
"စစ်သူကြီး
လူတွေကိုအပြင်ထွက်စေလိုက်ပါ။ ကျွန်တော် သီးသန့်စကားပြောစရာရှိတယ်"
နှစ်ဦးတည်းသာကျန်သည့်အချိန်ဝယ်
"ကျန်းဝေ"(Jiang Wei) မှ သူ့အင်္ကျီလက်အတွင်းမှ မြေပုံကိုထုတ်ယူကာ "ကျုံးဟွေ့"(Zhong
Hui) ရှေ့တွင် ဖြန့်ချခဲ့သည်။
"ရှေးတုန်းက
ကျူးကဲလျန့်(Zhuge Liang) ဟာ သာမန်အိမ်လေးကို မစွန့်ခွာခင် ဒီမြေပုံကို ပထမဧကရာဇ်ကိုပေးပြီးတော့
ယီကျိုးနယ်ရဲ့ကြွယ်ဝချမ်းသာပုံနဲ့အဲ့နယ်ဟာ သီးခြားအုပ်ချုပ်တဲ့ဒေသအနေနဲ့သင့်တော်ကြောင်းပြောခဲ့တယ်။
အဲ့နယ်ကိုသိမ်းဖို့အတွက် ပထမဆုံးချန်တူးကိုသိမ်းယူခဲ့တယ်။ အခုတော့ တန့်အိုက်(Deng
Ai) ဟာ ဒီအချက်ကိုလုပ်ဆောင်နိုင်ခဲ့ပြီ။ သူဟန်ချက်ပျက်သွားမလားဆိုတာကို ကြည့်ရမယ်"
"ကျုံးဟွေ့"(Zhong
Hui) မှ မြေပုံနှင့်ပတ်သတ်ပြီး အသေးစိတ်မေးခဲ့ရာ "ကျန်းဝေ"(Jiang Wei) ကလည်း
ပြန်လည်ဖြေကြားခဲ့သည်။ အဆုံးတွင် "တန့်အိုက်"(Deng Ai) ကို မည်သို့ရှင်းရမည်ကိုမေးလေသည်။
"ကျင့်ဘုရင်ငယ်ရဲ့သံသယကိုအသုံးချပြီးလုပ်ရမယ်။
နန်းတွင်းကိုစာပို့ပြီး တန့်အိုက်(Deng Ai) ဟာ ပုန်ကန်ဖို့ကြံစည်နေတယ်လို့အကြောင်းကြားလိုက်ပါ။
ဒါဆိုရင် အဲ့ပုန်ကန်မှုကိုနှိမ်နင်းဖို့တာဝန်ကျလာလိမ့်မယ်"
ထို့ကြောင့်
လော့ရန်သို့စာပို့စေခဲ့သည်။ ထိုစာ၌ "တန့်အိုက်"(Deng Ai) သည် လွတ်လပ်ရေးရရန်ကြိုးပမ်းနေကြောင်း၊
ခံတပ်တို့ကိုပြင်ဆင်နေကြောင်းနှင့်လက်နက်ချသွားသောအမှုထမ်းတို့နှင့် မိတ်ဆွေဖွဲ့နေကြောင်းဖော်ပြထားကာ
မကြာမီတွင် ပုန်ကန်မည်ဖြစ်ကြောင်းဆိုထားခဲ့သည်။
ထိုသတင်းကြောင့်
ညီလာခံတစ်ခုလုံးပြာယာခတ်ကုန်သည်။ "ကျုံးဟွေ့"(Zhong Hui) သည် သူ၏တိုင်တန်းချက်တို့ကိုယုံကြည်လာစေရန်
"တန့်အိုက်"(Deng Ai) ၏စာများကိုကြားမှဖြတ်ယူစေကာ မောက်မာပြီးပုန်ကန်လိုသည့်ဟန်ဖြင့်
ရေးထားသည့်စာတို့ကို အစားထိုးခဲ့သည်။ "စီးမာကျောင်း"(Sima Zhao) မှ အမျက်ထွက်ပြီး
"ကျာချုံး"(Jia Chong) ကို တပ်များပေးအပ်ပြီး ရှဲ့တောင်ကြားသို့စေလွှတ်ခဲ့သည်။
"တန့်အိုက်"(Deng Ai) ကိုဖမ်းဆီးရန် "ကျုံးဟွေ့"(Zhong Hui) အား
အမိန့်ပေးခဲ့ပြီး "စီးမာကျောင်း"(Sima Zhao) ကိုယ်တိုင်မှာမူ ဝေဧကရာဇ်
"ချောင်ဟွမ်"(Cao Huang) နှင့်အတူ စစ်ချီလေသည်။
ထိုအခါ
"ရှောင်းထီ"(Shao Ti) မှပြောသည်။
"ကျုံးဟွေ့(Zhong
Hui) ရဲ့တပ်တွေက တန့်အိုက်(Deng Ai) ထက် ခြောက်ဆပိုများတယ်။ သခင်ကြီးသွားစရာမလိုပါဘူး။
ကျုံးဟွေ့(Zhong Hui) ကိုအမိန့်ပေးပြီး တန့်အိုက်(Deng Ai) ကိုစောင့်ကြည့်ထားရင်ရပြီ"
"စီးမာကျောင်း"(Sima
Zhao) မှပြုံးပြီး
"ခင်ဗျားမေ့သွားပြီလား?
ခင်ဗျားကိုယ်တိုင် ကျုံးဟွေ့(Zhong Hui) ကိုသတိထားရမယ်လို့ပြောခဲ့တာလေ။ ကျုပ်က တန့်အိုက်(Deng
Ai) ကိုတိုက်ဖို့သွားတာမဟုတ်ပဲ နောက်တစ်ယောက်အတွက် သွားတာဖြစ်တယ်"
"ကျွန်တော်က
သခင်ကြီးမေ့သွားမှာစိုးရိမ်လို့။ ဒီကိစ္စကိုလုံးဝလျှို့ဝှက်ထားဖို့ ထပ်သတိပေးပါရစေ"
သို့နှင့် စစ်ချီတက်ခဲ့သည်။
ထိုအချိန်ဝယ်
"ကျုံးဟွေ့"(Zhong Hui) ၏လုပ်ဆောင်ပုံတို့ကိုကြည့်ပြီး "ကျာချုံး"(Jia
Chong) မှ သံသယဝင်လာသည်။ ထိုအကြောင်းကို "စီးမာကျောင်း"(Sima Zhao) အားပြောရာ
"စီးမာကျောင်း"(Sima Zhao) မှ
"ကျုပ်က
ခင်ဗျားကိုစေလွှတ်လိုက်တာပဲ။ ဒါဆိုရင် ခင်ဗျားအပေါ်ရောသံသယရှိရမှာလား? ချန်အန်းကိုလာခဲ့ပါ။
ခင်ဗျားနားလည်သွားလိမ့်မယ်" ဟုပြန်ပြောခဲ့သည်။
"စီးမာကျောင်း"(Sima
Zhao) ၏စစ်ချီတက်မှုကို "ကျုံးဟွေ့"(Zhong Hui) သိသောအခါ မည်သည့်အကြောင်းကြောင့်
ချီတက်လာရသနည်းဟု တွေးနေသည်။ ပြီးနောက် ချက်ချင်းပင် "ကျန်းဝေ"(Jiang
Wei) ကိုခေါ်ပြီး "တန့်အိုက်"(Deng Ai) ကိုဖမ်းဆီးရန် တိုင်ပင်ခဲ့သည်။
Comments
The game consists of three main parts: Each hand worrione is dealt 1xbet korean a hand containing 7 메리트 카지노 cards. The players sit, and the house and each is dealt a